မြန်မာအသင်းချုပ်ကြီး (General Council of Burmese Associations)
မြန်မာ = Burmese ဂျီစီဘီအေ (၁၉၂၀)
ဂျီစီဘီအေ ဆိုသည်မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာအသင်းချုပ်ကြီးကို ခေါ်ခြင်း ဖြစ်သည်။ ယင်း အသင်းချုပ်ကြီးကို အင်္ဂလိပ်လို General Council of Burmese Associations ဟု ခေါ်သောကြောင့် အင်္ဂလိပ်စကားလုံး လေးလုံးမှ ထိပ်ဆုံး အက္ခရာ များကို ယူ၍ ဂျီစီဘီအေဟု အတိုကောက် ခေါ်နေကြခြင်း ဖြစ်သည်။
၁၉၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြည်မြို့၌ ကျင်းပသော ဝိုင်အမ်ဘီအေ နှစ်ပတ်လည် ညီလာခံ၌ ဝိုင်အမ်ဘီအေကို ဂျီစီဘီအေဟု ပြောင်းလဲ လိုက်သဖြင့် ဂျီစီဘီအေ အသင်းကြီး ပေါ်လာ ခဲ့သည်။ ဂျီစီဘီအေ၏ ပထမဆုံး ဥက္ကဋ္ဌဌမှာ ဦးချစ်လှိုင် ဖြစ်သည်။ ပထမတွင် ဂျီစီဘီအေ ဥက္ကဌကို သမ္မတဟု အသုံး များသည်။ နောက်မှ ဥက္ကဌဟု ခေါ်ကြသည်။
ဂျီစီဘီအေကို ခေါင်းဆောင် သူများမှာ ခေတ်ပညာတတ် လူငယ်များ ဖြစ်ကြသည်။ ဂျီစီဘီအေကို ဝံသာနု အဖွဲ့ချုပ်ကြီး ဟုလည်း ခေါ်သေးသည်။ ထို့ကြောင့် ဂျီစီဘီအေနှင့် ဆက်သွယ်သော အသင်းသား များကို ဝံသာနုများဟု ခေါ်ကြသည်။ ဂျီစီဘီအေသည် တနိုင်ငံလုံးမှ အမည်အမျိုးမျိုးရှိ အသင်းအဖွဲ့ များနှင့် ဆက်သွယ်၍ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး အတွက် ဆက်လက် ဦးဆောင် ခဲ့သည်။
ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေဟု ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီးသော အခါ ဂျီစီဘီအေ၏ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ငန်း များမှာ ပို၍တက်ကြွလာပြီး ပြင်းထန် လာသည်။ လုပ်သားပြည်သူတို့၏ ပါဝင် အားပေးမှု စည်းလုံးမှုလည်း ပို၍ ကြီးထွားလာခဲ့သည်။ ထို့ကြောင့် ဂျီစီဘီအေသည် အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီးသဖွယ် ဖြစ်လာသည်။ ဂျီစီဘီအေ၏ သြဇာအာဏာ သည်လည်း တနိုင်ငံလုံးအနှံ့ ပျံ့ခဲ့သည်။
ဂျီစီဘီအေ၏ ရည်ရွယ်ချက် များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ခေါ် တာဝန်ခံအုပ်ချုပ်ရေး ရရှိရေး၊ အစိုးရ ရာထူးကြီး များတွင် တိုင်းရင်းသားများ ခန့်ထားရေးနှင့် စီးပွားရေး လုပ်ငန်း များကို တိုင်းရင်းသားများ လုပ်ခွင့်ရရေးတို့ ဖြစ်သည်။
ဂျီစီဘီအေ၏ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး နည်းဗျူဟာမှာ အကြမ်းမဖက် အနုနည်းဖြင့် အာဏာဖီဆန်ရေး နည်းဗျူဟာပင် ဖြစ်သည်။ ဂျီစီဘီအေသည် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်သပိတ်ကို အားပေးပြီး အမျိုးသား ကျောင်းများ ပေါ်ထွန်း လာရေး အတွက်လည်း ကူညီသည့်နည်းဖြင့် ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင် ခဲ့သည်။ဒိုင်အာခီ အုပ်ချုပ်ရေးတိုးပေးရေး အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ၁၉၂၁ ခုနှစ် နိုဝင်ဘာ အတွင်းကလာသော ဝှိုက်ကော်မတီကိုလည်း ဂျီစီဘီအေက သပိတ်မှောက်ခဲ့သည်။ ၁၉၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းက ဝေလမင်းသား လာသောအခါ တွင်လည်း ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင် ပြသည့် အနေဖြင့် ဝေလမင်းသားကို ကြိုဆို ဧည့်ခံခြင်း မလုပ်ဘဲ သပိတ်မှောက်ခဲ့သည်။ အင်္ဂလိပ်က ပေးသာ ဒိုင်အာခီအုပ်ချုပ်ရေးကိုလည်း ဂျီစီဘီအေ အများစုက လက်မခံဘဲ သပိတ်မှောက်ခဲ့သည်။ အိန္ဒိယမှ ခွဲထုတ်ပြီး ၉၁ ဌာန အုပ်ချုပ်ရေး ပေးရန် အတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ၁၉၂၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက လာသော ဆိုင်မွန် ကော်မရှင် ကိုလည်း ဂျီစီဘီအေက သပိတ်မှောက်ခဲ့သည်။
ဂျီစီဘီအေ ကြီးမှူး၍ လူခွန်နှင့် မြေခွန် မပေးရေး တိုက်ပွဲ ကိုလည်း ဆင်နွှဲ ခဲ့သည်။ ဗြိတိသျှအာဏာပိုင် များနှင့် မဆက်ဆံရေး လမ်းစဉ် ကိုလည်း ကျင့်သုံး ခဲ့သည်။ တိုင်းရင်းသားတို့ကို ဖိနှိပ် ချုပ်ချယ် ထားသော ဥပဒေများဖျက်သိမ်းရေး ကိုလည်း အခါအခွင့်သင့်တိုင်း အစိုးရသို့ တင်ပြ တောင်းဆို ခဲ့သည်။ ပြည်သူတို့၏ အကျိုးကို ဆန့်ကျင်သည့် ဗြိတိသျှနယ်ချဲ့အစိုးရ၏ လုပ်ငန်းမှန်သမျှကို ဝေဖန် ပြစ်တင်ခြင်းနှင့် သပိတ်မှောက်ခြင်း တို့ဖြင့် နယ်ချဲ့ကို ဆန့်ကျင်ခဲ့သည်။
ဂျီစီဘီအေ၏ ဦးဆောင်မှု ဖြင့်ပင် မြို့နယ်နှင့် ကျေးရွာဝံသာနုခုံသမာဓိ အဖွဲ့များ ဖွဲ့၍ တရားမမှုများ၊ ပုလိပ် အရေးမပိုင်သော အမှုအခင်းများ၊ အမွေမှုများ၊ အကြွေးမှုများ၊ ငြင်းခုံ ဆဲဆိုမှုများကို ဆုံးဖြတ် ဖြေရှင်း ပေးခဲ့သည်။ ဝံသာနုခုံသမာဓိရုံးများသည် အင်္ဂလိပ်အစိုးရနှင့် စင်ပြိုင်အစိုးရ သဘော ဖြစ်လာသည်။ ကျေးရွာဝံသာနုအသင်းများ ကလည်း ကျေးရွာသူကြီးများ၏ အာဏာကို ဖီဆန် ခဲ့ကြသည်။ ထို့ကြောင့်လည်း ၁၉၂၄ - ၂၅ အတွင်း ရောက်သော အခါ လုံခြုံရေးအတွက်ဟု အကြောင်း ပြကာ အင်္ဂလိပ်အစိုးရက ဂျီစီဘီအေအသင်းချုပ် ခေါင်းဆောင်များကို ဖမ်းဆီး ခဲ့သည့်အပြင် ဝံသာနုအသင်း များစွာကို မတရား အသင်းဟု ကြေညာ ခဲ့သည်။
စီးပွားရေး အနေဖြင့် ဗြိတိသျှ ကုမ္ပဏီ များက ရေနံတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း အပါအဝင် မြန်မာ နိုင်ငံမှ သံယဇာတပစ္စည်း များကို မိမိတို့စိတ်ကြိုက် ထုတ်ယူသုံးစွဲနေခြင်းကိုကို ကန့်ကွက် ခဲ့သည်။ ဂျီစီဘီအေမှ ကြီးမှူး၍ ရေနံစက်၊ အထည်စက်နှင့် အမျိုးသား ဝံသာနုဘဏ် တည်ထောင်ရန်လည်း ကြိုးစား ခဲ့သည်။ ဗြိတိသျှ နယ်ချဲ့အရင်းရှင်များ၏ အမြတ်ထုတ်မှုကို ဆန့်ကျင် ပြသည့် အနေဖြင့် နိုင်ငံခြား ကုန်ပစ္စည်း များကို အသုံးမပြုဘဲ ပြည်တွင်းဖြစ် အားပေးရေးကို နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု တခု အနေဖြင့် ဆောင်ရွက် ခဲ့သည်။
အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီး သဖွယ် ဖြစ်ခဲ့သော ဂျီစီဘီအေသည် အင်္ဂလိပ်ကပေးသော ဒိုင်အာခီ အုပ်ချုပ်ရေး ကို လက်ခံ သင့် မသင့် သဘောထား ကွဲရာမှ ၁၉၂၂ ခုနှစ်တွင် ပထမဆုံး အကြိမ် နှစ်ဖွဲ့ ကွဲသွား ရသည်။
ဦးချစ်လှိုင် ဂျီစီဘီအေ ခေါ် သပိတ်မှောက်ဂျီစီဘီအေနှင့် ဦးဘဘေ ဦးစီးသော ၂၁ ဦးဂျီစီဘီအေဟု ပထမဆုံး နှစ်ဖွဲ့ ကွဲသွားသည်။
ထို့နောက် ၁၉၂၅ ရောက်သော အခါ ဦးချစ်လှိုင်ဂျီစီဘီအေမှ ဦးစိုးသိမ်း ဂျီစီဘီအေ ထပ်၍ ကွဲသွား ပြန်သည်။
၁၉၂၉ ရောက်သော အခါ ဦးစိုးသိမ်း ဂျီစီဘီအေ မှပင် ဦးစု ဂျီစီဘီအေဟု ကွဲထွက် ပြန်သောကြောင့် အစုစု ဂျီစီဘီအေ လေးစု ကွဲသွားသည်။
နောက်ဆုံး ဂျီစီဘီအေ အသင်း ကွဲပေါင်း ခြောက်သင်း အထိ အစိတ်စိတ် အမွှာအမွှာ ကွဲသွားသည်။
ထိုသို့ ဂျီစီဘီအေကြီး အစိတ်စိတ် အမွှာအမွှာ ကွဲရသည့် အကြောင်းရင်း များမှာ ဒိုင်အာခီကို လက်ခံရေး မခံရေး တည်းဟူသော နိုင်ငံရေးအယူအဆကွဲရာမှ စ၍ ခေါင်းဆောင် အချင်းချင်း အဆင်မပြေမှုနှင့် အသင်း၏ ရန်ပုံ ငွေများ သုံးစွဲသည့် ကိစ္စနှင့် ပတ်သက်၍ မကျေနပ်မှုများ ရောပြွမ်း နေကြောင်း တွေ့ရသည်။
စည်းလုံးမှု ပြိုကွဲ သွားသည်နှင့်အမျှ ဂျီစီဘီအေသည် ၁၉၃၀ လောက်မှ စ၍ နိုင်ငံ့ အကျိုး အတွက် ထိထိရောက်ရောက် မဆောင်ရွက် နိုင်တော့ပေ။ ၁၉၃၆ ရောက်သောအခါ ဂျီစီဘီအေ၏ အမည် လုံးဝ ပျောက်ကွယ် သွားခဲ့ ရသည်။
ဂျီစီဘီအေသည် အသင်း၏ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို အရယူ မပေး နိုင်ဘဲ ပျောက်ကွယ်ခဲ့ရ သော်လည်း အမျိုးသား စိတ်ဓာတ် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် လွတ်လပ်ရေး တိုက်ပွဲဝင် စိတ်ဓာတ်များ တိုးပွား လာစေရန် အများဆုံး လှုံ့ဆော် ပေးခဲ့သည့် အဖွဲ့ကြီး တခု အဖြစ် သမိုင်းတွင် အရေး ပါနေ ပေသည်။
မှီငြမ်း
ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်၊ ဦးမြဟန်၊ ၂၀ဝ၀ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း
No comments:
Post a Comment