သခင်တွေရဲ့နိုင်ငံ
မြန်မာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲလို့မေးရင် ရဲဘော်လေးကအစ ဗိုလ်ချုပ်ကြီးများအဆုံး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရေးပါပဲလို့ ခြေကြမယ်ထင်ပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းပိုက်အုပ်ချုပ်ခဲ့တယ်။ ပြီးတော့ ဂျပန်ဝင်အုပ်ချုပ်တယ်။ နောက် အင်္ဂလိပ်ပြန်ဝင်ပြီး အုပ်ချုပ်တယ်။ ဒီသမိုင်းဖြစ်စဉ်လေးလောက်တော့ မူလတန်းအောင်ပြီးသူတိုင်း သိကြမှာပါ။ ဒါဖြင့် လွတ်လပ်ရေးဆိုတာ ဘာလဲလို့မေးသူကို မေးဖို့မလိုလောက်အောင် ရှင်းလှတဲ့ကိစ္စ မေးရကောင်းလားဆိုပြီး မျက်မှောင်ချုံ့ကြည့်လိမ့်မယ် ထင်ပါရဲ့။ လွတ်လပ်ရေးဆိုတာ တိုင်းတပါးလူမျိုးခြားလက်အောက်ပြန်မရောက်ရေးလို့ သူတိုင်းသိပြီးသားကိုး။ တပ်ထဲက ရဲဘော်ကအစ၊ ဗိုလ်မှူးကြီးတွေအလယ်၊ ဗိုလ်ချုပ်ကြီးတွေအဆုံး မြန်မာပြည်သူပြည်သားတွေ အပါအ၀င် နိုင်ငံရေးသမားတွေအထိ လွတ်လပ်ရေးရဲ့ အဓိပ္ပါယ်နဲ့ သမိုင်းကြောင်းကို ဒါ့ထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း သဘောမပေါက်ကြတာကတော့ မြန်မာပြည်ရဲ့ ကံကြမ္မာဆိုးပါပဲ။
မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ တို့ဗမာအစည်းအရုံးရဲ့ သခင်တွေဟာ အင်မတန်အရေးပါပါတယ်။ ဒီလှုပ်ရှားမှုဟာ အင်္ဂလိပ်အောက်က လွတ်မြောက်ရုံလောက်ပဲလို့ တပ်မတော်ခေါင်းဆောင်အများစုက တိမ်တိမ်လေး မြင်နေပုံရပါတယ်။ မြန်မာတွေဟာ အဲဒီလောက် အတွေးမတိမ်ခဲ့ပါဘူးလို့ တပ်မတော်ခေါင်းဆောင်တွေကို ကျနော်ပြောပြချင်ပါတယ်။
သခင်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်ပါ။ "သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးရရှိ ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက်လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်း၏ လူတန်းစေ့နေရေးထိုင်ရေးတို့ကို ကြံစည်လုပ်ကိုင်သူများကို ဆိုလိုပါသည်။ သို့အတွက် လူတိုင်းလူတိုင်း လူ့အလျောက် လူလိုနေခြင်းနှင့် လူလိုနေထိုင်ရာ ကြံစည်အားထုတ်သူတိုင်း သခင်ဟုခေါ်သည်။ လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ရန်လိုသည်။"
အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ အယူအဆသုံးရပ်ပါနေတာ တွေ့ရပါလိမ့်မယ်။
တစ်- လူတိုင်းလူတိုင်း၏ အခွင့်အရေး ( Human Rights )
နှစ်- လူတန်းစေ့နေထိုင်ရေး ( Economic Rights )
သုံး- လူတိုင်းလူတိုင်း အခွင့်အရေးတူသည့်သခင် ( Equality ) - ဆိုတဲ့ အတွေးအယူ သုံးရပ်ပါပဲ။
၁၉၉၀ ခုနှစ်မတိုင်မီက ဖွံ့ဖြိုးတိုးတက်ရေးဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ( Economic Growth ) လို့ပဲ နားလည်ကြတာများပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးကို စီးပွားရေးဖွံ့ဖြိုးမှု ကိန်းဂဏန်းတခုထဲနဲ့ တိုင်းလို့မရဘူးဆိုတာ နောက်ပိုင်းမှာ လက်ခံလာကြပါတယ်။ ကျနော်တို့ရဲ့ သခင်ကြီးတွေက ဂျီဒီပီတက်ရုံတင်မက၊ လူတိုင်းလူတိုင်း လူတန်းစေ့နေရေးထိုင်ရေးကို မှန်းခဲ့ကြတာပါ။ ဒီသခင်အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အတွင်းအနှစ်သာရပါပဲ။
ှ
ဒါပေမယ့် 'လူတန်းစေ့နေထိုင်ရေး' ကြောင့်ပဲ ကျနော်တို့ရဲ့ နိုင်ငံရေးသမိုင်းဟာ ကွန်မြူနစ်နဲ့ဆိုရှယ်လစ် အယူအဆတွေဘက် ပိုညွတ်ခဲ့ရပါတယ်။ လူတန်းစေ့နေထိုင်ရေး ရည်မှန်းချက်က မမှားပါဘူး။ ဒါပေမယ့် အဲဒီကိုရောက်အောင်သွားဖို့ ရွေးချယ်ခဲ့တဲ့ 'တပါတီအာဏာရှင်စနစ်' နည်းလမ်းကသာ လွဲမှားခဲ့တာပါ။ ဒီစနစ်ကပဲ 'လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ရရှိပိုင်ဆိုင်ဖို့' နဲ့ 'လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ဖို့' ပိတ်ပင်ဟန့်တားခဲ့တာကိုး။
လက်ရှိ တပ်မတော်ခေါင်းဆောင်အများစုဟာ လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းရဲ့ လေးနက်တဲ့ ဒီသဘောတွေကို နားလည်ကြပုံ မရဘူး။ ကိုယ့်မင်းကိုယ့်ချင်းကိုလည်း မြန်မာလူမျိုးက အစိုးရဖြစ်ရင် လွတ်လပ်ရေးကိစ္စပြီးပြီလို့ လျှပ်လျှပ်လေး ထင်ကြပုံရပါတယ်။
"နိုင်ငံရေးအရ လွတ်လပ်ရေးရရုံနှင့် ကိုယ့်မင်းကိုယ့်ချင်း အဖြစ်သို့ မရောက်ရှိသေး။ ကိုယ့်မင်းကိုယ့်ချင်းတည်ထောင်ရေးဆိုသည်မှာ ရှေးကကဲ့သို့ တဦးတည်း တယောက်တည်း သက်ဦးဆံပိုင် အာဏာရှင်ဘုရင်တို့ အုပ်စိုနည်းမျိုးမဟုတ်။ အများဖြစ်သော ဆင်းရဲသားများကိုယ်တိုင် ကြီးမှူးအုပ်ချုပ်သော ဆင်းရဲသားမင်း ဆင်းရဲသားချင်းတို့သာ တို့ဗမာများ သဘောဆန္ဒအရ ကိုယ့်မင်းကိုယ့်ချင်း တည်ထောင်ရေးဖြစ်သည်။"
သိပ်ရှင်းပါတယ်။ တစ်- အာဏာရှင်အုပ်စိုးနည်းမဟုတ်ဘူး။ နှစ်- ဆင်းရဲသားတွေရဲ့အစိုးရ။ သုံး- အများသဘောဆန္ဒအရ အစိုးရတည်ထောင်ရေးပါပဲ။ နိုင်ငံရေးသဘောအရ ပြောရရင် ရွေးကောက်တင်မြှောက်တဲ့အစိုးရ (Elected Government) နဲ့ ဆင်းရဲခြင်းလျော့ပါးအောင် ဆောင်ရွက်ရေး (Poverty Alleviation) ဆိုတဲ့ သဘောတွေပါပဲ။
ကဲ- လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက ထားခဲ့တဲ့ အယူအဆ၊ ရည်မှန်းချက်တွေနဲ့ ဒီနေ့တပ်မတော်လုပ်နေတာတွေိဘာများဆက်စပ်နေပါသလဲ။ စပ်ဆိုင်ဖို့ဝေးရော။ ၁၉၆၂ ကတည်းက ဦးနေ၀င်းချမှတ်တဲ့ စနစ်ကြီးလွဲမှားနေမှန်းမသိ၊ ဆက်လက်အမွေဆက်ခံပြီး နိုင်ငံရေးလမ်းကြောင်း ပြောင်းပြန်ကြီးကို လျှောက်မိလျက်ဖြစ်နေပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးကို အသံပြာအော်ဟစ်နေပေမယ့် လက်တွေ့လုပ်ဆောင်နေတာတွေကတော့ အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ သွားတူနေတာ တွေ့ရပါတယ်။
အင်္ဂလိပ်ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးတော်နဲ့ မြင့်မြတ်သော စိတ်နှလုံးကို ဖော်ကျူးခဲ့သလိုပဲ၊ တပ်မတော်ဟာ သူ့ရဲ့ကျေးဇူးတော်ကို ဖော်လို့မဆုံးပါဘူး။ ဒါ့အပြင် တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုပြီး လူထုရဲ့ ကျေးဇူးရှင်နေရာကို ပြောင်းပြန်လုလိုက်ပြန်ပါသေးတယ်။ ဆရာစံကို ငစံ၊ သခင်အောင်ဆန်းကို ငါးကျပ်နဲ့ဖြတ်ခဲ့တဲ့ စော်ကားပုံထက် သာလွန်တဲ့ ရင့်သီးနှိမ့်ချ၊ အောက်တန်းအကျဆုံး အသုံးအနှုံးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို စော်ကားခဲ့ပါသေးတယ်။ လူတဖက်သားကို အောက်တန်းကျကျတိုက်ခိုက်ရာမှာ ဗြိတိသျှထက် တပ်မတော်က ကိုးဆယ်ဆသာပါတယ်။ ၁၉၂၀ ကျောင်းသားသပိတ်ပြီးတော့ မွန်တေဂူအစီရင်ခံစာက အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ပေးဖို့၊ မြန်မာနိုင်ငံဟာ နိုင်ငံရေးနိုးကြားမှုမရှိသေးပါဘူးတဲ့။ တပ်မတော်က ၁၉၈၈ လူထုအုံကြွမှုကြီး ပြီးကတည်းက ဘာပြောနေပါသလဲ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ နိုင်ငံရေးမပြည့်ဝသေးပါဘူးတဲ့။ ဒိုင်အာခီအုပ်ချုပ်ရေးကိုကြည့်ရင် ဘုရင်ခံခန့်ကိုယ်စားလှယ် ၂၃% ရှိသလိုပဲ တပ်မတော်က ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း ၂၅% ယူထားပြန်တယ်ခင်ဗျ။်ဒိုင်အာခီဘတ်ဂျက်နဲ့ စစ်အုပ်စုရဲ့ ဘတ်ဂျက်ကို ယှဉ်ကြည့်လိုက်ပါဦး။ အင်္ဂလိပ်မင်းများလာရင် လက်အုပ်ချီရသလို ဗိုလ်ချုပ်ကြီးများကိုလည်း ကျနော်တို့ ပြည်သူတွေခမျာ လက်အုပ်ချီကြိုဆိုနေကြရတာပဲ မဟုတ်ပါလား။
နယ်ချဲ့ဆန့်ကျင်ရေးတွေ မိုးမွှန်အောင် အော်ဟစ်နေပေမယ့် တပ်မတော်အစိုးရဟာ အင်္ဂလိပ်နယ်ချဲ့က မြန်မာပြည်သူတွေကို အုပ်ချုပ်နှိမ့်ချခဲ့သလိုပဲ ပြုမူမိလျက်ဖြစ်နေတာ ၀မ်းနည်းစွာ တွေ့လိုက်ရပါတယ်။ ဒါကြောင့်လည်း စာဖတ်သူတွေက သတိထားမိချင်မှ သတိထားမိမယ်။ အင်္ဂလိပ်၊ ဂျပန်၊ မာစတာ အုပ်ချုပ်ရေးလို့ ကျနော်ရဲ့ ' သခင်စိတ်ဓါတ်၊ သခင်အကျင့် ' ဆောင်းပါးမှာ ပုဒ်မ ( ၊ ) ခြားပြီး ကျနော်ရေးခဲ့တာပါ။
ယနေ့တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက မျှော်မှန်းခဲ့တဲ့ မြန်မာပြည်သူတိုင်းကို သခင်ဖြစ်အောင် လူဇာတ်ဝင်အောင် ဆောင်ရွတ်ရမယ့်အစား ကိုယ့်ကိုယ်ကို မာစတာဖြစ်အောင် နေထိုင်ဆောင်ရွတ်မိလျက် ဖြစ်နေပါပြီ။ သမိုင်းကိုလည်း ပြန်လှည့်ကြည့်ဖို့ သခင်စိတ်ဓါတ်၊ သခင်အကျင့် ဆောင်းပါးကို ဖတ်ကြည့်လိုက်ပါခင်ဗျား။
တင်မောင်သန်း
တင်မောင်သန်း၏သခင်နိုင်ငံတော်စာအုပ်မှ ကူးယူမျှဝေပေးပါသည်
Aung Zaw Bo
No comments:
Post a Comment