13 Aug 2012

သခင်စိတ်ဓါတ် သခင်အကျင့် (၂)


ဒိုင်အာခီအုပ်ချုပ်ရေး

ဒီအုပ်ချုပ်ရေးကို အင်္ဂလိပ်က ၁၉၂၃ မှာပေးပါတယ်။ အဲဒီအုပ်ချုပ်ရေးမှာ ၁၀၂ဋ္ဌာနခွဲထားပြီး ဗြိတိသျှအိန္ဒိယ ဗဟိုအစိုးရက ၄၇ဋ္ဌာန၊ မြန်မာနိုင်ငံဘုရင်ခံက ၃၃ဋ္ဌာန၊ ရွေးကောက်တင်မြှောက်တဲ့ ဥပဒေပြုကောင်စီအမတ်တွေက ၂၂ဋ္ဌာန တွဲဖက်အုပ်ချုပ်မယ့် အုပ်ချုပ်ရေးဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်တဲ့ ဥပဒေပြုကောင်စီအမတ်တွေ ပါတယ်ဆိုတော့ လူထုဆန္ဒသဘောထားကို အင်္ဂလိပ်တွေက လေးစားသယောင်ယောင်ပါပဲ။ ဒါပေမယ့် အမတ်အချိုးကျပုံကို ကြည့်လိုက်တော့ ဗမာတိုင်းရင်းသားတွေအတွက် ၅၈ နေရာ၊ ကရင်အမျိုးသားတွေအတွက် ၅ နေရာ၊ ဗမာကုန်သည်ကြီး အသင်းအတွက် ၁ နေရာ၊ ပေါင်း ၆၄ နေရာပဲရှိပါတယ်။ ရာနှုန်းအားဖြင့် ၆၂ ရာနှုန်းပါ။ ဘုရင်ခံက တိုက်ရိုက်ခန့်တာ ၂၁ ယောက်၊ အစိုးရအရာရှိက ၂ ယောက်၊ ပေါင်း ၂၃ ယောက်ရှိပါတယ်။ ရာနှုန်းအားဖြင့် ၂၃ ရာနှုန်းကို ဘုရင်ခံက တိုက်ရိုက်ချုပ်ထားလေရဲ့။ သွယ်ဝိုက်ပြီး အိန္ဒိယအမျိုးသားတွေအတွက် ၈ နေရာ၊ အင်္ဂလိပ်ကပြား ၁ နေရာ၊ ဥရောပတိုက်သား ၁ နေရာ၊ တက္ကသိုလ်ကျောင်းကိုယ်စားလှယ် ၁ နေရာ၊ ဥရောပကုန်သည် ၂ နေရာ၊ တရုတ်ကုန်သည် ၁ နေရာ၊ ဥရောပတိုက်သား ရောင်းဝယ်ရေးအဖွဲ့ ၁ နေရာ၊ အိန္ဒိယအမျိုးသားကုန်သည် ၁ နေရာ၊ ပေါင်း ၁၆ နေရာမို့ ၁၅ ရာနှုန်းရှိပါတယ်။

ဒါကြောင့် ဒိုင်အာခီဥပဒေပြုကောင်စီဆိုတာ ဘုရင်ခံမာစတာဆက်လုပ်နိုင်ဖို့ အချိုးကျဖွဲ့ထားတဲ့ ကောင်စီလို့ ပြောနိုင်ပါတယ်။ သူကလက်ဝါးကြီးအုပ်ချုပ်ထားတာကိုက ၂၃ ရာနှုန်း ရှိပေတာကိုး။ သွယ်ဝိုက်ပြီး အုပ်ချုပ်ထားတာကိုက ၁၅ ရာနှုန်းပါ။ ဒီတော့လူထုက မဲပေးနိုင်တာ ၆၂ ရာနှုန်းပဲ ရှိပါတော့တယ်။ ဒါအင်္ဂလိပ်လက်ထက်မှမဟုတ်ပါဘူ။ ဂျပန်လက်ထက် ဖွဲ့စည်းပုံကို ကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ ရာနှုန်းပြည့်ရွေးချယ်မှုပေးခြင်းဟာ လူထုကိုသခင်အဖြစ် သဘောထားတာဖြစ်လို့မို့ မြန်မာပြည်သူပြည်သားတွေကို ကျွန်လို့သဘောထားတဲ့ အင်္ဂလိပ်၊ ဂျပန်၊ မာစတာဘွဲ့ခံတွေက ဘယ်တော့မှ ဒီအခွင့်အရေးကို မပေးခဲ့ပါဘူး။

ပြီးတော့ ၆၂ ရာနှုန်းဆိုတဲ့ အမတ်တွေထဲမှာပဲ ကျွန်စိတ်ဝင်နေတဲ့သူတွေက ရှိပေသေးတာကိုး။ ဒီတော့ နေရာလေးတနေရာရဖို့ အချင်းချင်းပုတ်ခတ်ပြောဆိုကြနဲ့
“ဒေါင်းယောင်နေ၊ မှေးသကိုအခိုက်တွင်မှ၊
ခေါင်းဆောင်တွေ ရှေးနဂိုရ် မလိုက်ပြန်တော့၊
အရေးထိုထို၌ အခိုက်အခွင့်မဟန် အိုကွယ်
ခွေးလိုကိုက်ချင်တဲ့ စရိုက်အကျင့်တန်" - ကြသူတွေကလည်း မနည်းပေဘူး။

ဒိုင်အာခီဘတ်ဂျက်

ထုံးစံအတိုင်းပါပဲ။ မြန်မာတွေ သခင်စိတ်ဓါတ်ထွန်းကားပြန့်ပွားလာတာကို မာစတာတွေက ဘယ်ကြိုက်ပါ့မလဲ။ သခင်တွေက သခင်အကျင့်ကို ကျင့်ကြံလာကြသလိုပဲ မာစတာတွေကလည်း မာစတာအကျင့်အကြံတွေနဲ့ လုပ်ကြံလာကြတာပေါ့။ ထုံစံအတိုင်း ပုလိပ်အဖွဲ့ အသုံးဘတ်ဂျက်ပိုသုံးလာကြပြီး ဖိနှိပ်ဖို့ကြိုးစားလာကြပါတယ်။ ၁၉၂၇-၂၈ ဘတ်ဂျက်မှာ ပုလိပ်အဖွဲ့အသုံးစရိတ်က ၁၄၈ သိန်းပါ။ ၁၉၃၇-၃၈ ခုနှစ်အတွက် ဘဏ္ဍာရေးဝန်ကြီးချုပ် (အဲဒီတုန်းက ၀န်ကြီးကို ၀န်ကြီးချုပ်လို့ သုံးနှုံးကြပါတယ် ) လျာထားတာက ၁၅၂သိန်းခွဲ၊ ဒေါက်တာဘမော်ကြီးမှူးတဲ့ အစိုးရလက်ထက်ရောက်တော့ ၁၅၄သိန်းခွဲသုံးစွဲလာပြီး ၂သိန်းခွဲပိုလာပါတယ်။ ဒါကိုဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူ့ရဲ့သခင်ဋီကာမှာ "ပုလိပ်အဖွဲ့ကြီးတခုလုံး အားထားမှီခိုရာဖြစ်သော ပြည်ထဲရေးဝန်ကြီးချုပ် ဦးပေါ်ထွန်းသည် လွန်ခဲ့သော တပေါင်းလ လွှတ်တော်အစည်းအဝေးတွင် ကျွန်ုပ်တို့သခင်လေးများကို တိုင်းပြည်၌လှည့်လည်၍ ခဏခဏတရားဟောပြော မျက်စိဖွင့်ပေးသဖြင့် သခင်တိုင်းကို မိမိက အကြောင်းသိအောင်လုပ်မည်ဟု ၀န်ကြီးချုပ်ပီပီ ဆဲရေးတိုင်းထွာပြီးလျှင် ပုလိပ်အဖွဲ့၌ သခင်များတရားဟောသော အရပ်ဒေသတိုင်း စုံထောက်များကို ခြေချင်းရှုပ်အောင်လွှတ်ခြင်း၊ ဤကဲ့သို့ လွှတ်ခြင်းအားဖြင့် ပုလိပ်အဖွဲ့များမှာ ခရီးစရိတ်များ အလွန်အမင်းကုန်ကျမည်ကိုသိသည်နှင့် ပုလိပ်အဖွဲ့ရံပုံငွေ၌ ယခုနှစ်အတွက် ငွေ ၂သိန်းပိုမို၍ အမြော်အမြင်ကြီးကြီးနှင့် ထားဟန်တူလေသည်ဟဲ့" လို့ ရေးပါတယ်။

အဲဒီနှစ်ဘတ်ဂျတ်ကိုလေ့လာကြည့်ရင်

ဗမာပြည်၊ရှမ်းပြည်ကာကွယ်ရေးစစ်တပ်                         ၂၇၁
ပုလိပ်အဖွဲ့ ၁၅၄.၅
၄၀၀၀ိ/-စားရှေ့နေချုပ်ကြီးမှစ၍
အထွေထွေအစိုးရအမှုထမ်းများ ဆောင်ရွက်ရန် ကုန်ငွေ    ၁၂၁
အရပ်ရပ်ရုံးတို့က စီရင်ရ၍စားရိတ်                                     ၅၅
ထောင်အရာရှိအမှုထမ်းစားရိတ်                                         ၃၄
ပဋိညာဉ်ခံအရာရှိကြီးများစားရိတ်                                     ၁၃၂
စုစုပေါင်း                                                                       ၇၆၇.၅ သိန်း

ဒါသခင်တွေရဲ့ မာစတာအုပ်ချုပ်သူများကို ဆန့်ကျင်ကြတဲ့ ပုဂ္ဂိုလ်တွေကို ဖိနှိပ်တဲ့ယန္တယားအတွက် ကုန်ကျစားရိတ်ပါ။ ညွန့်ပေါင်းအစိုးရက အဲဒီနှစ် သုံးငွေစုစုပေါင်း ၁၅၃၂ သိန်းရှိတာမို့ ၅၀ရာခိုင်နှုန်းနီးနီး သုံးတယ်လို့ဆိုရမှာပေါ့။ ပညာရေးအသုံးစားရိတ်က ၆.၄၈ ရာနှုန်း၊ ကျန်းမာရေးအသုံးစားရိတ်က ၃.၈၉ရာနှုန်းပဲ ရှိတာကိုး။ အဲဒီနှိပ်ကွပ်အုပ်ချုပ်ရေး အသုံးစားရိတ်တွေကာမိအောင် အခွန်တွေကလည်း တမျိုးပြီးတမျိုး လူထုအပေါ်ကောက်ခံပါတယ်။ "သြော် အခါန်ပဏ္ဏာတွင်တွင်နဲ့ ၀န်ဘလာတင်တဲ့၊ မွန်မြန်မာတခွင်မှာ ကျွန်ရာဇ၀င်အရိုင်းငယ်နဲ့" ဆိုသလိုပါပဲ။ လူထုကို ၀န်ထုပ်ဝန်ပိုးအမျိုးမျိုးနဲ့ ဖိထားတာပါ။ ဒါမာစတာတွေရဲ့ ဘတ်ဂျက်ပါ။ တိုင်းပြည်အပေါ်မှာ ဘယ်လောက်စေတနာထားတယ်၊ ကိုယ့်မာစတာဘ၀ တည်မြဲရေးအတွက် ဘယ်လောက်သုံးတယ်ဆိုတာ ဒီဘတ်ဂျက်က အထင်အရှားပြနေတာမဟုတ်လား။

ကျွန်အမျိုးမျိုးနဲ့ ကျွန်အကျင့်

အင်္ဂလိပ်ပဲဖြစ်ဖြစ်၊ ဂျပန်ပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်ပါ။ သူတို့ မာစတာဘ၀ သက်ဆိုးရှည်ချင်ကြစမြဲပေကိုး။ ဒီတော့ သူတို့ခိုင်းသမျှ ဖြစ်စေလိုသမျှ လုပ်ပေးကိုင်ပေးမယ့် လူတွေကို ကျွန်လေးမျိုးစာရင်းမှာ သွတ်သွင်းပါတယ်။ အဲဒီကျွန်လေးမျိုးကတော့   (၁) အန္တောဇာတ -      ခြံပေါက်ကျွန် (၀ါ)ရုံးပေါက်ကျွန်
(၂) ဓနတ္တိက -           ငွေဝယ်ကျွန် (၀ါ) လခပေးလျှင်ခွေးလိုလုပ်ရသောကျွန်
(၃) သယံဒါယ –         ကျွန်စော်နံ၍ ကိုယ်တိုင်ကျွန်တော်မျိုးခံတော မေတ္တာရိကျွန်
(၄) ကရမရာနီက –     သုံ့ပန်းကျွန်တဲ့

အင်္ဂလိပ်လက်ထက် ဂျပန်လက်ထက် ဘယ်လက်ထက်ပဲကြည့်ကြည့် မာစတာတွေဟာ သူတို့အုပ်ချုပ်ရေးမှာ လက်ရင်းခြံပေါက်ကျွန်တွေကို အားကိုးအားထားပြုကြတာကလား။ ပြီးတော့လွတ်လပ်ရေးလှုပ်ရှားမှုတွေမှာ ပါနေတဲ့ အချို့သောခေါင်းဆောင်တွေကို ၀ယ်ယူဖို့ကြိုးစားကြတာလည်း သမိုင်းမှာတွေ့ရပါတယ်။ ဒိုင်ယာခီအုပ်ချုပ်ရေးမှာ ၂၅၀ိ/-စား၊ ၅၀၀ိ/-စား၊ ၄၀၀၀ိ/-စား ရာထူးတွေနဲ့ မျှားလိုက်တော့ ကျွန်သက်မစင်သေးတဲ့သူတွေပါသွားကြပြီး အချင်းချင်းလည်း ပဋိပက္ခတွေဖြစ်ကြပါကုန်ရော။

"နွံနစ်ရှာတောင် ကျွန်ခေတ်ငါတကောင်ဟဲ့လို့
စွာဟောင်ဟောင်သို့ကလောက် ဟိန်းကြလျှင်ဖြင့်
မှောက်ကိန်းအရှည်သွားမည်ကြောင့်
ငွေငါးထောင်အရာလုတွေကဖြင့်
သာဓုခေါ်စရာ အကြော်အညာ" - လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လေးချိုးကြီးဖွဲ့ပြီး သတိပေးခဲ့ဖူးပါတယ်။

စာဏကျနီတိကျမ်းစကားအရဆိုလည်း ကျွန်ကျင့်ဆိုတာ သခင်မွေးတဲ့ခွေးတွေကျင့်သလိုပဲတဲ့။ အဲဒီအကျင့်တွေက-
(၁) သခင့်အကြိုက် သခင့်အလိုလိုက်ပြီး အကိုက်ခိုင်းလျှင်ကိုက်ခြင်း၊ အဟောင်ခိုင်းလျှင် ဟောင်ခြင်း၊ အဟိန်းခိုင်းလျှင် ဟိန်းခြင်း၊
(၂) သခင်ပေးတာ ကျွေးသဟာ ခွေးစာပင်နည်းသော်လည်း ရောင့်ရဲတင်းတိမ်ခြင်း၊
(၃) ကိုယ့်အရှင်ကို ခင်မင်လွန်းခြင်း ချစ်ခင်ခြင်း၊
(၄) မကြောက်မရွံ့ နောက်မတွန့်မူ၍ စွန့်စွန့်စားစား သခင်အားရ ကျွန်ဒဏ်ဝ ဆိုသလို ဇွဲသန်ရခြင်းတဲ့။

ကျွန်ဆိုတာကတော့ မာစတာရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်နေတာ။ ကိုယ်မှန်တယ်ထင်တဲ့ အတိုင်းမပြောပဲ မာစတာကြားချင်တဲ့ စကားမျိုးပြောကြတာကိုး။ အဲဒီစိတ်ရှိသူတွေကို အသပြာရာထူးနဲ့မျှားလိုက်ရော အရာလုတွေ ဖြစ်ကုန်လေရော မဟုတ်လား။ ဒါကို-

“ငွေငါးထောင် အစာဒုလ္လဘရယ်ကြောင့်
ပြည်အားတောင် မဖြုန်သပရယ်လို့
မဟာသူပုန်ထခဲ့တဲ့ အရေးတတ်တွေ
အမွေးခပ်ရှည်ရှည်ရယ်နှင့် အမိုက်ဝါသနာကိုး
(အရီးစိမ်းကြီးရယ်) ခွေးအငတ် မပြေတပြေတွေမှာဖြင့် ကိုက်စရာအရိုး"- လို့ အဲဒီတုန်းက ဒိုင်အာခီနေရာလုေ်နကြတဲ့သူတွေကို ဆရာကြီးက ခွေးဋီကာဖွဲ့ပြီး သရော်ခဲ့ ကလော်ခဲ့ဖူးပါတယ်။

မြန်မာတွေ ဂိုဏ်းဂဏပြင်းကြပုံ


ဒိုင်အာခီအုပ်ချုပ်ရေးမှာ ရွေးကောက်ပွဲဝင်သင့် မ၀င်သင့်ဆိုပြီး ဂျီစီဘီအေအဖွဲ့ချုပ်ကြီးကွဲပါတယ်။ တဂိုဏ်းက ၀င်သင့်တယ်ဆိုတဲ့ ဦးဘဖေ၊ ဦးမောင်ကြီး၊ ၀တ်လုံဦးပုတို့ ဂိုဏ်းဖြစ်ပြီး၊ မ၀င်သင့်ဘူးဆိုတာကတော့ ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ဂိုဏ်းဖြစ်ပါတယ်။ အတိုကောက်အားဖြင့် လှိုင်၊ပု၊ကျော် ဂျီစီဘီအေဆိုပြီး နာမည်တွင်ပါတယ်။ အဲဒီ လှိုင်၊ပု၊ကျော်အုပ်စုက အစိုးရနဲ့မဆက်ဆံ၊ ဒိုင်အာခီအသိအမှတ်မပြု၊ အခွန်မပေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်လှုပ်ရှားတာ သမိုင်းမှာ ဘူး အသင်းရယ်လို့ ထင်ရှားခဲ့ပါတယ်။ အစိုးရကို မဆက်ဆံဘူး၊ ဒိုင်အာခီကို အသိအမှတ်မပြုဘူး၊ အခွန်မပေးဘူးလို့ ကြွေးကြော်တဲ့အတွက် ဘူးအသင်းရယ်လို့ တွင်သွားတာပါ။

ဒါပေမယ့် ဦးချစ်လှိုင်ဂျီစီဘီအေအသင်းကြီးမှာလည်း ခေါင်းဆောင်အချို့ ငွေရေးကြေးရေး သုံးစွဲမှုနဲ့ပက်သက်ပြီး မကျေနပ်ကြလို့ ၁၉၂၅ ရောက်တော့ ဦးစိုးသိန်းကို မနှစ်သက်ကြတဲ့သူတွေက ခွဲထွက်ပြန်ပြီး ဦးစုကို ခေါင်းဆောင်တင်လိုက်တာ ဂျီစီဘီအေအဖွဲ့ကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်ပါလေရော။ အဲဒီလိုကွဲတဲ့ အဖွဲ့အသီးသီးမှာ ဆက်ဆက်ကွဲလိုက်ကြတာ ဂျီစီဘီအေနာမည် ပျောက်သလောက် အခြေအနေကို ရောက်သွားပါတယ်။

အဲဒီလို မြန်မာတွေကွဲကြ၊ ဂိုဏ်းဂဏပြင်းထန်လိုက်ကြပုံများ ပြန်တွေးရင် ရှက်စရာကောင်းလွန်းလို့ ပြောဖို့ခက်တဲ့ အကြောင်းလေးတကြောင်းတောင် သမိုင်းထဲမှာ တွေ့ရပါတယ်။ အဲဒီအကြောင်းလေးက ဆရာတော်ဦးဥတ္တမနဲ့လည်း ပက်သက်နေပါတယ်။

၁၉၂၄ သြဂုတ်လမှာ မန္တလေး လှိုင်၊ပု၊ကျော် ဂျီစီဘီအေ ၀ံသာနုအဖွဲ့က ဆရာတော်ဦးဥတ္တမကို မန္တလေးကိုပင့်ပါတယ်။ ဆရာတော်ဦးဥတ္တမလည်း ထောင်ကလွတ်တော့ ၁၉၂၂မှာ ဒိုင်အာခီကို လက်မခံ။ ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်လို့ တရားဟောဘူးတာကိုး။ ဆရာတော်မန္တလေးကြွချိန်မှာ ဒိုင်အာခီလက်ခံတဲ့ ၂၁ ဦးအဖွဲ့နဲ့ လက်မခံတဲ့ ၀ံသာနုအဖွဲ့တွေကြား တင်းမာနေကြပါတယ်။ ဒီတော့ ရွေးကောက်လက်ခံတဲ့ ၂၁ဦးအဖွဲ့သားတွေက သူတို့နေထိုင်ရာ ရပ်ကွက်ကို ဖြတ်ပြီး ဆရာတော်ဦးဥတ္တမကိုယ်တော်ကို ပင့်ဆောင်ခွင့်မပြုဖို့ အရေးပိုင်ဆီ စာတင်ကန့်ကွက်ကြပါသတဲ့။ ရာဇ၀တ်ဝန်က အဲဒီရပ်ကွက်ကို ရှောင်ပင့်ဖို့တားပါတယ်။ ဒီလိုနဲ့ ကျောက်သွေးတန်းရောက်တော့ ၀ံသာနုတွေအပေါ် ခဲကျပါလေရော။ ဒါနဲ့ ခဲနဲ့ပေါက်တယ်လို့ မသင်္ကာတဲ့ ရွှေမောင်းတိုက်ကို ၀ံသာနုတွေက အတင်းဝင်ဖို့ကြိုးစားတော့ ပုလိပ်ကတားရာက ရုန်းရင်းဆန်ခတ်ဖြစ်။ နောက်ဆုံး ပုလိပ်က သေနတ်နဲ့ပစ် လူစုခွဲတော့တဲ့အထိ ဖြစ်ပါတယ်။ ဒီအဓိကရုဏ်းမှာ ဆရာတော်ဦးစန္ဒိမာ သေနတ်ဒဏ်ရာနဲ့ ပျံလွန်တော်မူရှာပါတယ်။

ဒီအဖြစ်အပျက်လေးဟာ မြန်မာ့သမိုင်းမှာ အမာရွတ်ထင်ကျန်ခဲ့တာပါ။ အင်္ဂလိပ်မာစတာတွေက ကွဲပြဲစေချင်သလို မြန်မာတွေကလည်း တဦးအပေါ်တဦး သဘောထားမကြီးကြပဲ မာစတာအလိုကျ ကွဲခဲ့ကြတာကလား။

ပြသနာတရပ်အပေါ်မှာ သဘောကွဲလွဲကြလို့ တဦးကိုတဦး မပုတ်ခတ်၊ ကိုယ်ထိလက်ရောက် ပြုမူခြင်းမရှိမှသာ ဒါအထက်တန်းကျတဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။

ခုတော့ရပ်ကွက်ထဲ အဖြတ်မခံတာတို့ ခဲပေါက်တာတို့ထိ မာစတာတွေက ကျွန်တွေမှာ အောက်တန်းကျတဲ့ စိတ်ပေါ်စေချင်တဲ့အတိုင်း စိတ်ဓါတ်ရေးရာ အောက်တန်းကျခဲ့တာဟာဖြင့် သခင်စိတ်ဓါတ်နဲ့ ကျွန်စိတ်ဆိုတဲ့ မြန်မာတွေရဲ့ စိတ်ဓါတ်ရေးရာသမိုင်းမှာ အမဲစက်ထင်ခဲ့တယ်လို့ ပြောရမှာပါပဲ။

ဒါကြောင့်လဲ တို့ဗမာသီချင်းထဲမှာ "သခင်ကျင့်ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ။ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေးတို့ဗမာ" ရယ်လို့ ရေးခဲ့တာပဲထင်ပါတယ်။ "မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်"ဆိုတဲ့ စာလုံးလေးကို မမေ့ကြဖို့ လိုကြမယ်လို့ ထင်ပါရဲ့။

သခင်အစ

အဲဒီလို ဂိုဏ်းဂဏတွေ ပြင်းထန်ကြ၊ မာစတာချိုးတဲ့ဖဲကိုလုရာက တဦးနဲ့တဦး ပုတ်ခတ်စော်ကားကြနဲ့ ဖြစ်ပျက်နေကြတာကို ကျောင်းသားလူငယ်တွေက ဘ၀င်မကျကြပါဘူး။ ဒီလိုသွားလို့တော့ဖြင့် မဖြစ်ပေဘူးရယ်လို့ နားလည်လာကြပါတယ်။

ဒါနဲ့ ၁၉၃၀ ပြည့်နှစ် နွေဦးကာလမှာ သခင်ဘသောင်းနဲ့ လူငယ်တစုဟာ အဖွဲ့အစည်းတရပ်ထူထောင်ဖို့ ဆွေးနွေးကြပါတယ်။ အဲဒီလူငယ်တွေကတော့ သခင်ဘသောင်း၊ ဓာတုဗေဒ ကိုလှဘော်၏(သခင်လှဘော)၊ မြန်မာပြည်စာအုပ်အသင်းက ကိုသိန်းမောင် (သခင်သိန်းမောင်)၊ အမြတ်တော်ကြေးရုံးက ကိုအုံးခင် (ခြေလျင်)တို့ပါပဲ။

နိုင်ငံရေးအဖွဲ့အစည်းရဲ့အမည်ကို တို့ဗမာအစည်းအရုံး လို့ခေါ်ပြီး အဖွဲ့ဝင်တိုင်းရဲ့ အမည်ရှေ့မှာ သခင် တပ်ခေါ်ဖို့ ဆိုးဖြတ်လိုက်ကြပါတယ်။

ကုလားဗမာအဓိကရုဏ်းပြီးစ ၁၉၃၀ မေလ ၃၀ရက်နေ့မှာ အဲဒီအဓိကရုဏ်းကို အကြောင်းပြုပြီး မြန်မာလူထုကို တပ်လှန့်လှို့ဆော်လိုက်တဲ့ ကြေညာချက်ကိုလည်း ထုတ်ဝေပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ တာဝန်ခံအဖြစ် သခင်ဘသောင်းဆိုပြီးတော့လည်း နာမည်ရှေ့မှာ သခင်တပ် ပုံနှိပ်လိုက်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးသဘောမပါပဲ နာမည်ရှေ့မှာ သခင်တပ်ခေါ်တာကတော့ ၀က္ကသေးဆိုတဲ့ ရွာလေးကစတာပါ။



သခင်အခေါ်အစ ၀က္ကသေးက

တောင်တွင်းကြီးမြို့နယ်မှာ ၀က္ကသေးဆိုတဲ့ ရွာကလေးတရွာရှိပါတယ်။ အဲဒီရွာနဲ့ မလှမ်းမကမ်းမှာ ဆတ်သွားဆိုတဲ့ မြို့လေးတမြို့ရှိပါတယ်။ တခါတော့ ဆတ်သွားသူတယောက် အင်္ဂလိပ်ဝန်ထောက်တယောက်နဲ့ အိမ်ထောင်ကျပါလေရော။ အဲဒီအမျိုးသမီးရဲ့ မိဘတွေက ဒီလင်မျိုးရတာကို ဧရာမဂုဏ်ရယ်လို့ ထင်ကြတာကိုး။ အဲဒီအချိန်က အင်္ဂလိပ်အုပ်ချုပ်သူတွေကို မြန်မာတွေက သခင်ကြီးလို့ခေါ်ရတဲ့ ခေတ်ဆိုတော့ ကိုယ့်သားမတ်ပေမယ့်လည်း သခင် သခင်လို့ခေါ်သတဲ့။ ၀က္ကသေးရွာသားတွေက ဆတ်သွားတက်ဈေးဝယ်၊ ဈေးရောင်းကြတဲ့အခါ ယောက္ခမကသားမက်ကို သခင်ချင်းထပ်အောင်ခေါ်သံကြားရတိုင်း ယိုသူမရှက် မြင်သူရှက်ဆိုသလို ကြားရုံနဲ့တင် နားရှက်ကြသတဲ့။

ဒါနဲ့ ၀က္ကသေးရွာသူရွာသားတွေက ဒီအဖြစ်ကို အရွဲ့တိုက်တဲ့ အနေနဲ့ ကိုယ့်အချင်းချင်းသခင်လို့ ငေါ့ခေါ်ကြသတဲ့။ တချို့ကတော့ ကိုယ့်နာမည်ရှေ့မှာ သခင်တပ်ပြီး အိမ်မှာဆိုင်းဘုတ် ချိတ်ထားကြသတဲ့။

ဒါကြောင့်သခင်ခေါ်ရာမှာတော့ ၀က္ကသေးကအစလို့ ပြောရတာပါ။ ဒါပေမယ့် အမြင်မတော် နားကလောရာက စာဖြစ်ပြီး စိတ်ဓါတ်ရေးရာအရ ကျွန်ဘ၀ကလွတ်မြောက်ရေးသဘောမပါတာကြောင့် သခင်အစရယ်လို့တော့ ပြောလို့မရနိုင်ပါဘူး။ ကျွန်စိတ်တွေက လွတ်မြောက်အောင် ကျွန်ဘ၀ကို စက်ဆုပ်အောင် ရည်မှန်းချက်ကြီးကြီး စိတ်နေမြင့်မြင့်စခဲ့တာကတော့ သခင်ဘသောင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် သခင်အစ ဘသောင်းက လို့လည်း သမိုင်းမှာ စာတင်ကျန်ရစ်ပါတော့တယ်။


တင်မောင်သန်း၏သခင်နိုင်ငံတော်စာအုပ်မှ ကူးယူမျှဝေပေးပါသည်
Aung Zaw Bo

No comments:

Post a Comment