ဗမာ့အောင်ဆန်း
မောင်ထင်၏ ဗမာ့အောင်ဆန်းကျွန်တော်သည် ဗိုလ်ချုပ် အောင်ဆန်း နှင့် ငယ်ပေါင်း မဟုတ်။ ကြီးဖော် ဖြစ်သည်။ သူနှင့် ကျွန်တော် နှစ်ဦးသား တစ်ဦးနှင့် တစ်ဦး အသီးအခြား ကြီးပြင်း လာခဲ့ကြသည်။ သူ၏ ရေမြေ နှင့် ကျွန်တော်၏ ရေမြေ တို့ကား တခြားစီ။ ဗိုလ်ချုပ်က သူ မွေးဖွားရာ ဒေသ တစ်ခွင်ကို မြေလတ်ဟု ဆို၏။ သို့သော် ကျွန်တော်တို့ အောက်သား များအဖို့ နတ်မောက် သည်လည်း အညာ ပင်ဖြစ်၏။ အညာ ဒေသ၏ ပထ၀ီ သွင်ပြင် အရ ဗိုလ်ချုပ် ၏ တော၊ တောင်၊စိမ့်၊ စမ်း၊ မြိုင်၊ လျှို စသည့် ပတ်ဝန်းကျင် သြကာသ လောကမှာ ထူးဆန်း ထွေလျာ ပျော်မွေ့ရာ ဖြစ်လိမ့်မည် ဟု ကျွန်တော် ခန့်မှန်းမိ၏။ အကြောင်းသော် မူကား ကျွန်တော် မွေးဖွားရာ အောက်အရပ် မြစ်ဝကျွန်းပေါ် ဒေသ ဟူသည်မှာ ပင်လယ်၊ မြစ်၊ ချောင်း၊ လမုပင်၊ လတာပြင် တို့နှင့်သာ ရှုမျှော်ခင်း ကို တန်ဆာ ဆင်ထား လေရာ မည်သည့် အရပ်ကို ကြည့်ကြည့် ပတ်ဝန်းကျင် သြကာသ လောကကြီးသည် စိမ်းလဲ့သော တောတန်းတည်း ဟူသော မျဉ်းဖြောင့် တစ်ခု ပေါ်၌ အုပ်၍ နေသော မိုးကုပ် စက်ဝိုင်း တစ်ခုမျှသာ ဖြစ်၍ ငြီးငွေ့ဖွယ်ရာ ဖြစ်သောကြောင့်တည်း။
သို့သော် ကောင်းကင်မှ မိုးကုပ် စက်ဝိုင်းနှင့် မြေကြီးမှ တောတန်း ကလေးတို့ နှစ်ဦးသား ဆုံမိကြသည့် ပုံပမာလို သူ၏ ဘ၀ သံသရာ နှင့် ကျွန်တော်၏ ဘ၀ သံသရာ တို့သည် (၁၉၃၂) ခုနှစ် တစ်ဝိုက် ဆီလောက်က တက္ကသိုလ် သမဂ္ဂ ဆံပင်ညှပ်ဆိုင် ၌ ဖူးစာ ဆုံစည်း မိကြလေသည်။ ယင်းသို့လျှင် သူနှင့် ကျွန်တော်မှ ကျောင်းသားကြီး အရွယ်သို့ ရောက်ကြမှပင် အဆွေ ခင်ပွန်း ဖြစ်လေသောကြောင့် ကျွန်တော်တို့ နှစ်ဦးသားကို ကြီးဖော် ဟူ၍ ခေါ်နိုင်ပေသည်။ သို့သော် နှစ်ဦးသားမှာ တစ်ဦး နှင့် တစ်ဦး ခင်မင် ရင်းနှီး လာလေလေ တစ်ဦးပေါ် တစ်ဦး မြုံစေ့စေ့ နိုင်လေလေ ဖြစ်၍ တစ်ခါတရံ ကျွန်တော် ကိုယ်တိုင်က ပင်လျှင် သူ၏ ရင်းနှီးသော မိတ်ဆွေ ဟုတ်ပါလေစ ဟု သံသယ ဖြစ်မိသည်။
သို့သော် လူရှင်းသော အချိန်တွင် နှစ်ယောက်ချင်း ဆုံကြသောအခါ ကျွန်တော် ၏ သံသယတို့မှာ ရှေးဟောင်း နှောင်းဖြစ် တို့ကို အမြစ် အပြတ် ပြောကာ ခင်မင် ရင်းနှီးမှုကို ပြသော ဗိုလ်ချုပ်၏ စကားများ ထဲတွင် အရည်ပျော်၍ ကျလာတော့သည်။ ထိုသို့သော အခါများတွင် ကျွန်တော့် စိတ်ထဲတွင် ကြီးမှ ပေါင်းကြရသည့် ကျောင်းနေဖက်ချင်း ဖြစ်စေကာမူ သင်း စိတ် မပြောင်း ပါကလား ဟု တွေးတောကာ တိတ်တိတ် ချီးကျူးမိသည်။ သူ ကျွန်တော်တို့ အပေါ် စိတ် မပြောင်းလေလေ ကျွန်တော်တို့က သူ့ကို အမျိုးသား ခေါင်းဆောင် အဖြစ်နှင့် ပို၍ သိဒ္ဓိ တင်ရလေ ဖြစ်သည်။
ကျွန်တော်သည် နေ့ရက် အတိအကျ တို့ကို ကောင်းစွာမမှတ်မိ။ ရှေးနှောင်း အစီအစဉ် တို့ကိုလည်း သတိမရ။ သို့သော် ဖြစ်ပျက်ခဲ့သော အကြောင်းချင်း တို့ကား မနေ့ကမှ ဖြစ်ခဲ့ သလိုလို။ အတိတ် ကာလသည် ကျွန်တော့် ရှေ့တွင် အထင်အရှား ဇာတ်စုံခင်းလျက် ပြနေသည်။ (၁၉၃၁-၃၂) တစ်ခု လောက်က အောင်ဆန်း ဆိုသူ ကျောင်းသား တစ်ဦးသည် ရန်ကုန် တက္ကသိုလ်၏ အရိပ် အာဝါသကို ခိုလှုံလာသည် ဟု ကျွန်တော် ကြားရသည်။ သို့သော် သူ့ကို ကျွန်တော် မတွေ့ဖူးသေး။
အောင်ဆန်း ဖိုသီ ဖတ်သီ နိုင်ပုံ သတင်းကား မွှေးစ ပြုလာပြီ။ သို့သော် ကျွန်တော့် အဖို့ ထိုကိစ္စ သည် မထူးဆန်း။ အောင်ဆန်းထက် ဖိုသီ ဖတ်သီ နိုင်သော တက်ထွဋ် နှင့် ကျွန်တော် ဖက်မိသည့်နောက် အောင်ဆန်း ဆိုသည်မှာ တက်ထွဋ် ထက် “ခွ”မကျ ဟု ကျွန်တော် တစ်ထစ်ချ ယုံကြည်သည်။ သို့သော် တစ်နေ့သောအခါ တက်ထွဋ် ထက်ပင် တစ်မျိုးတစ်ဖုံ ထူးဆန်းသော သတ္တ၀ါကလေး တစ်ခုသည် တက္ကသိုလ် ကျောင်းသို့ မလှုပ်မယှက် ရောက်လာသည်။ ထိုသတ္တ၀ါမှာ အခြားမဟုတ်၊ သိန်းတင် ခေါ် ညိုမြ ဖြစ်သည်။
ညိုမြ၏ ညီအစ်ကို တစ်စုမှာ ကျွန်တော် နှင့် အသိချည်း လိုလိုပင် ဖြစ်သည်။ သူ၏ အစ်ကို ကိုစိုးတင့် မှာ ဘိလပ် သွားခါနီး သထုံ ကျောင်းဆောင်ရှိ ကျွန်တော့် အခန်း ထဲတွင် ကျွန်တော့် ဘောင်းဘီနှင့် လည်စည်းကို ကျေမွအောင် ၀တ်ဆင်၍ မျောက်က ကခဲ့သူ ဖြစ်၏။ သူ၏ အစ်ကို တက်ထွဋ် ဆိုသည် မှာလည်း ကျွန်တော့် စားပွဲကို မစိန်ညွန့် ဆေးပေါ့လိပ် နှင့် ဆောင့်၍ ထိုးခဲ့သူ ဖြစ်၏။ သူတို့ ညီအစ်ကို တစ်စု ကျွန်တော့်ကို ဤမျှ ညှဉ်း ခဲ့ပြီးသည့်နောက် အားမရ သေးသောကြောင့် ပေလား မသိ။
မောင်ထင်
အစ်ကို လုပ်သူ တို့က ညီငယ် မောင်သိန်းတင် ကို ကျွန်တော့်ထံ ခေါ်လာပြန်သည်။ ထို့ကြောင့် ကျွန်တော့် အခန်းမှာ ဆေးပေါ့လိပ် ပြာပုံ အတိ ဖြစ်ခဲ့ရ လေသည်။ ထိုမျှနှင့် မပြီးသေး၊ ညိုမြသည် တစ်နေ့သော် သူ၏ သူငယ်ချင်း အောင်ဆန်းကို တွေ့ရအောင် ကျွန်တော့်အား တက္ကသိုလ် သမဂ္ဂ ဆံပင်ညှပ်ဆိုင် သို့ ခေါ်လေသည်။ ရှုလော့။ ဤသူကား အောင်ဆန်း ပင်တည်း။
ပါးရိုး ငေါငေါ၊ မေးရိုး ခိုင်ခိုင်၊ မျက်မှောင် ကုပ်ကုပ်၊ ဆံပင် စုတ်ဖွား၊ ရှုကား သိုးသိုး။ အောင်ဆန်း နေသော အခန်းသည် တက္ကသိုလ် ဆံပင်ညှပ်ဆိုင် နောက်ဆွယ် အခန်း ဖြစ်သည်။ ဆံပင်ညှပ်ဆိုင် နှင့် နီးလွန်း အားကြီး သောကြောင့် သူ၏ ဆံပင်ရှည်နေခြင်း ဖြစ်ဟန် တူသည်။ သူ့ ဆံပင်သည် ဆီနှင့် ဘီးကို တွေ့ဖူးဟန် မတူ။ မသကာ တွေ့ဖူးသည် ဟု ဆိုဦးတော့ နောက်ဆုံး တွေ့သော အကြိမ်မှာ လွန်ခဲ့သော အသင်္ချေက၊ နှစ်ကပ် သုံးကပ် လောက်က ဖြစ်တန် ရာ၏။ ယင်းသို့ ကျွန်တော် ဆိုလျှင် ကဲပြောသည် ဟု အပြစ်တင် ခံရဖို့ ရှိ၏။ သို့သော် သူ၏ ခေါင်းပေါ်ရှိ ငှက်သိုက်က ကျွန်တော် ကဲ၍ ပြောထိုက်ကြောင်း သက်သေ ခံလျက် နေဘိသို့။
အောင်ဆန်း သည် ရှပ်အင်္ကျီ ဆယ့်သုံးခွဲ ဆယ့်လေး လောက်ကို ၀တ်နိုင်သူ ဖြစ်သည်။ သို့သော် သူ့ကိုယ် ပေါ်က ရှပ်အင်္ကျီမှာ အနည်းဆုံး ဆယ့်ခြောက် လောက် ရှိလိမ့်မည်။ ရှိပေမှာပ။ သူ ဝတ်ထားသော အင်္ကျီက သူ့အင်္ကျီမှ မဟုတ်ဘဲ။ သူ ၀တ်ထားသော အင်္ကျီမှာ ပြာနှမ်းနှမ်း အရောင် “ယူတီစီ” ရှပ်အင်္ကျီ ဖြစ်၏။ လုံချည်မှာ ဘယ်လို လုံချည်ဟု မမှတ်မိ။ ကျွန်တော် မှတ်မိသရွေ့ မှာ သူ့ လုံချည်သည် ငှားဝတ် ထားသော လုံချည် ဖြစ်ရမည် ဟု တွေးတော မိသည် ကိုသာ မှတ်မိပါသည်။ လုံချည်သည် လည်းကောင်း၊ ယူတီစီ ရှပ်သည် လည်းကောင်း၊ ဆံပင် ငှက်သိုက်သည် လည်းကောင်း၊ ကျွန်တော့်စိတ်ကို ထူးခြားအောင် မဆွဲဆောင် နိုင်ခဲ့။ လူထူး ဟူ၍လည်း မထင်မြင်မိ။ “ခွ”စာ ဟူ၍လည်း မယူဆ။
သူ၏ မရယ် မပြုံး မြုံစိစိ အမူအရာနှင့် ရှုသိုးသိုး ချစ် ရတော့မည့် ပုံလိုလို၊ အမြင်ကပ် ရတော့မည့် ယောင်ယောင်။ သို့သော် သူ၏ ဖြူစင်သော မနောဓာတ် ကြောင့် အမြင်ကပ် စရာ ဟု ကျွန်တော် သဘော မထားနိုင်။ ညိုမြနှင့် တွေ့စက ညိုမြကို ခင်မင်မိ သလို အောင်ဆန်းအား ခင်မင်မိသည်။ ထို့နောက်ကား ကျွန်တော် သည် တက္ကသိုလ်မှ လွင့် ခဲ့ရပေသည်။ သို့ရာတွင် တက်ထွဋ် ၊ညိုမြ၊ ကိုဝန် စသည် တို့နှင့်ကား ကျောင်းနေစဉ်က ကဲ့သို့ပင် ဆက်သွယ်လျက် ရှိပေသည်။
ဤ အတော အတွင်း အောင်ဆန်းနှင့် မေးခေါ်၊ ပြောထူး၊ အမှတ်မထင် ခဲ့သည် က များပေသည်။ သို့သော် အိုးဝေမဂ္ဂဇင်း၊ တက္ကသိုလ် မဂ္ဂဇင်း ၊ဂန္ထလောက မဂ္ဂဇင်း တို့တွင် အရေးအသား ချင်း ဆုံမိကြသည်။ ထိုစဉ်က ညိုမြ သည် ပုဒ်မ ငါးရာ တစ်ဖက် တစ်ချက် ခြံရံသော ဆောင်းပါး များကို ရေးတတ်သည်။ ထို့ကြောင့် တစ်နေ့သော် အောင်ဆန်းသည် ညိုမြ၏ ဒဏ်ကို မငြိုမငြင် ခံယူရ ရှာလေသည်။
ကျွန်တော် သည် တက္ကသိုလ် မှ အနယ်နယ်သို့ ရွက်မပါသော လှေကဲ့သို့ လွင့်နေစဉ် တစ်နည်း အားဖြင့် အရာရှိ လောကတွင် အကန်ခံရသော ဘောလုံး ကဲ့သို့ လိမ့်နေစဉ် ညိုမြက သူ၏ ဆောင်းပါးကြောင့် အောင်ဆန်းသည် ခေါင်းဆောင် ပီပီ ဒဏ် ခံယူလိုက်ကြောင်း စာရေးသား အကြောင်းကြား လေသည်။ ခေါင်းဆောင် အစစ်ဟူသည် နောက်လိုက်၏ တာဝန်ကို ယူရဲရသည် ဖြစ်၏။ ဤအချက် တစ်ချက် နှင့်ပင် အောင်ဆန်းသည် ကျွန် တော် တို့၏ လူငယ် လှုပ်ရှားမှု ကို ခေါင်းဆောင် နိုင်ရမည်မှာ ထင်ရှား ပေသည်။ သို့သော် ထိုစဉ်က ကျွန်တော် တို့သည် အနာဂတ်ကို လှမ်း၍ မမြင် နိုင်ကြသေး။အောင်ဆန်းက လူငယ် များကို ခေါင်းဆောင် နိုင်ပြီ ဆိုပါတော့။ ခေါင်းဆောင်ပြီး ဘာလုပ်မလဲ။
အောင်ဆန်းနှင့် ကျွန်တော် တွေ့မိသည့် အခါတိုင်း“ဘာလုပ်ကြမလဲ”ဟု ကျွန်တော် မေးကြည့်မိသည်။ သူက ပြုံးပြသည်။ ထိုအပြုံးသည် သူ၏ အဖြေပင် ဖြစ်ဟန် တူသည်။ သို့သော် ကျွန်တော် အကင်းမပါး။ မရိပ်မိခဲ့။ ကျွန်တော်တို့ စာပေသမား တစ်စုမှာ အတွေးအခေါ် အားဖြင့် တော်လှန် နေကြသူများ ဖြစ်၏။ သို့သော် လက်တွေ့ သဘောကို ဘာမျှ နားမလည်။ နိုင်ငံရေး လှုပ်ရှားမှု တစ်ရပ် အနေဖြင့် လက်ခံ၏။ သို့သော် အဆောက်အအုံ ခိုင်မြဲနေသော ဗြိတိသျှ အုပ်ချုပ်ရေး “ကွန်ကရစ်” အုတ်ခုံ ကို အဘယ်ပုံ အမြစ်က လှန်ကြရ မည်နည်း။
တက္ကသိုလ် ကျောင်းတွင် နေစဉ်က ထို ပြဿနာကို မဖြေတတ်။ လောက လူ့ဘောင်တည်း ဟူသော တက္ကသိုလ် ၀ယ် ကျင်လည် ရသောအခါမှ အဖြေကို ရေးတေးတေး မြင်မိ၏။ ကျွန်တော့်အဖို့ အုပ်ချုပ်ရေး ဆိုင်ရာ အရာရှိ တစ်ဦး အနေဖြင့် မြန်မာနိုင်ငံရေး လှုပ်ရှားမှု တို့ကို ကိုယ်တွေ့ ဆည်းပူးခွင့် ရရှိခဲ့ပေသည်။ ဗဟုသုတ ကို လက်တွေ့ ရှာကြည့်သည် တွင်မှ ဗြိတိသျှ အုပ်ချုပ်ရေး အခြေခံ တို့ကို ပြည်သူ လူထု၏ ထင်မြင်ချက် နှင့် ဆန္ဒအရ တိုက်ဖျက် နိုင်ကြောင်း တွေ့ခဲ့ရပေသည်။
ထိုနည်း အရမှာ အောင်ဆန်း၊ မောင်နု၊ဗဟိန်း၊ သန်းထွန်း စသော လူငယ် ခေါင်းဆောင်တို့က နိုင်ငံရေး အရ ကြိုးပမ်းစဉ် ကျွန်တော်တို့ ကဲ့သို့သော ပြည့်အစေခံ များက စည်းလုံး ညီညွတ်စွာဖြင့် ဗျူရိုကရေစီ အခြေခံ တို့ကို ဒီမိုကရေစီ အခြေခံများဖြင့် နှဲ့ပေးရန် နည်းလမ်း ဖြစ်လေသည်။ အထူးသဖြင့် ထိုစဉ်က ဟင်္သာတ အရေးပိုင် ဦးကာစိ သည် သူကြီး လက်စွဲကျမ်း တစ်အုပ်ဖြင့် မြန်မာနိုင်ငံ အုပ်ချုပ်ရေး တိုးတက် ကောင်းမွန်လာအောင် လုပ်သော နည်းလမ်း များကို ကျွန်တော်တို့ ကဲ့သို့ လူငယ် အရာရှိများအား လမ်းညွှန် ခဲ့ပေသည်။ အနယ်နယ်သို့ ရောက်ခဲ့စေကာမူ ကျွန်တော်တို့ ခေတ်နှင့် တစ်ခေတ်တည်း ပေါ်ပေါက် လာသော လွတ်လပ်ရေး ဗိသုကာတို့၏ သတင်းကို တမျှော်မျှော် နေခဲ့၍ သခင် ဘသောင်း၊ သခင်နု၊ သခင် ဗစိန်၊ သခင် ထွန်းအုပ်၊ သခင် သန်းထွန်း၊ သခင် ဗဟိန်း၊ သခင် သိန်းဖေ၊ သခင် သိန်းမောင်၊ သခင် စိုး၊ သခင် ဗဆွေ စသော အမိ မြန်မာပြည် ၏ အဖူးအညှောင့် များသည် ရဲဘော် ပီပီ ညီညီ ညွတ်ညွတ် ချစ်ချစ် ခင်ခင် စခန်း သွားကြမည့် နေ့ကို ကျွန်တော် သည် လင်မရ ဘူးသေးသော အပျိုကြီး ၏ စိတ်ကူးဖြင့် စိတ်ကူး ခဲ့လေသည်။ သို့သော် စိတ်ကူးသည် စိတ်ကူးတည်း။ လက်တွေ့ လုပ်ငန်းသည် စိတ်ကူး နှင့် တခြားစီ ဖြစ်၏။
သို့ပါလျက်နှင့် စိတ်၏ ဆွဲဆောင်ရာ သို့ ပါပြီးလျှင် တစ်နေ့ သောအခါတွင် အုပ်စုသူကြီး စည်းဝေးပွဲ တစ်ခု၌ သူကြီးခေတ် ကုန်၍ တိုင်းသူ ပြည်သားတို့က ရွေးကောက် တင်မြှောက်သော ကျေးရွာ ခေါင်းဆောင် ခေတ်သို့ ရောက်ရမည်မှာ မလွဲတည်း ဟု နိုင်ငံရေး ဆန်ဆန် တရားကို ဟောမိပါသည်။ ကျွန်တော် ယခု ပြန်ပြောင်း၍ တွေးလိုက်သည့် အခါ ကညင်ငူ၊ အင်ပင်၊ ထူ (အင်း)၊ ကပ်ခို၊ သက်ကယ်တန်း၊ ညောင်ကျိုး၊ နောက်မီး၊ ရေလဲ၊ တပေကုလား၊ ကတုက္ကမ၊ မဲဇလီ၊ ဖက်ရဲ၊ တန်းလွဲရွာမ၊ ကင်းတောင့်ကြီး၊ ဖောင်းကား၊ ပဒင်းကျွန်း၊ ငမောက်ချောင်း စသော မြို့နယ် အသီးသီး တို့၏ ကျေးရွာ အုပ်စု အသီးသီး တို့တွင် ကျွန်တော်နှင့် ဖူးစာဆုံ ခဲ့ရသည့် သူကြီးမင်း တို့ကို လာမည့် ခေတ်ပြောင်း ခေတ်လွဲများ အတွက် အသင့်ပြင်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း၊ ရွာသူကြီး လက်စွဲ ကျမ်းက ညွှန်းဆို ထားသော ကျေးရွာ ပြုပြင်ရေး လုပ်ငန်းနှင့် တာဝန်များကို ကျေပြွန်အောင်ဆောင်ရွက်၍ တိုင်းသူပြည်သား တို့၏ ခေါင်းဆောင် ဖြစ်အောင် ကြိုးစား သင့်ကြောင်း ဟောကြား မိသည်ကို သတိရမိ ပါသေးသည်။
နိုင်ငံရေး လှုပ်ရှားမှုများ ပြင်းထန် လာလေလေ ကျွန်တော်လည်း အနာဂတ်ကို တသီကြီး မြှော်၍ ကြည့်မိ လေလေ။ သို့သော် ထိုစဉ်က ကျွန်တော့်ကို ကျွန်တော် သနားမိ ခဲ့သေး၏။ အကြောင်းသော် တစ်မူကား ကျွန်တော် ပြောသမျှကို သူကြီးမင်းများ သဘောမပေါက် ကြသောကြောင့် တည်း။ သို့သော် ယနေ့ အဖို့ကား ၎င်းတို့သည် သဘောပေါက် သည့် တမလွန် ဟိုဘ၀သို့ ရောက်ကုန်ကြပြီ ဖြစ်တန်ရာသည်။ ထိုခေတ်မူကား သူတို့ သဘော မပေါက်တိုင်း ကျွန်တော့်မှာ စိတ်ပင်ပန်း ရပေသည်။
တစ်နေ့သော် စိတ် ခပ်ပျက်ပျက် နှင့်မို့ ဌာနဆိုင်ရာ စာမေးပွဲ အောင်လိုလည်း အောင်စေ၊ မအောင် လိုလည်း ကျစေ၊ စာမေးပွဲ ဖြေရင်း ရန်ကုန်မြို့ ၌လည်း လည်ပတ်ရင်း ဆိုသလို ကျွန်တော်သည် ရန်ကုန်မြို့သို့ ထွက်လာ ခဲ့လေသည်။ ရန်ကုန်သို့ ရောက်လျှင် တက္ကသိုလ် ကျောင်းသား ဘ၀က သောက်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင် သို့ အရင် ၀င်မိသည်။ ထို လက်ဖက်ရည်ဆိုင် ကား စကော့ဈေးတွင် ရှိသည်။ ထိုဆိုင်တွင် ကျွန်တော် လက်ဖက်ရည် သောက်နေစဉ် အောင်ဆန်း သည် မလှမ်းမကမ်း မှ ၀င်လာသည်။ ဤအကြောင်းကို ကျွန်တော် တစ်ခါက ရေးသားခဲ့ဖူးပြီ။ ယခု ဒုတိယမ္မိ ထပ်မံ ရေးသားသောအခါ အောင်ဆန်းသည် ကတုံး ဆံတောက် မကျတကျ ဆံပင် တိုတို ညှပ်ထားသည် ကို တွေ့ရ၍ အတော်ပင် သပ်သပ်ရပ်ရပ် ရှိပေသည် ဟု ချီးမွမ်း မိတော့သည်။
ကျွန်တော်သည် သူ့အား ရွှန်းရွှန်းစားစား ကြည့်မိသည်။ သူက မတုန်မလှုပ်။ စကားကို လေးလုံး ပြည့်အောင် ပြောလိုသည့် လက္ခဏာ မရှိ။ ကျွန်တော့် ရင်တွင်း၌ကား ထိုခေတ် လူငယ်စု တို့၏ လှုပ်ရှားမှု တို့ကို ခရေစေ့ တွင်းကျ မေးကြည့် လို၏။ သို့သော် ထိုနေရာသည် မေးသင့်သော နေရာ မဟုတ်။ အောင်ဆန်းကား ကြီးကျယ် နက်နဲသော အကြံ တစ်ခုကို တွေးတော နေသည့် ပမာ ရှိ၏။ ထို့ကြောင့် မမေးထိုက်သည် ကိုပင် မေးမိပြန်၏။ အောင်ဆန်းကား ပြုံးဖြဲဖြဲနှင့်။ ခရုမှာ အဆံ၊ လူမှာ အကြံ ဟူသော ဆောင်ပုဒ်ကို ကျွန်တော့်အား ပေး၏။
ကျွန်တော်သည် နေ့ရက် များကို မမှတ်မိ၊ ရှေးနှောင်း အစီအစဉ် တို့ကိုလည်း မမှတ်မိ။ သို့သော် အကြောင်းချင်းတ အဖြစ်အပျက် တို့သည် အတိတ် ကာလတည်း ဟူသော တင်းတိမ် အကြား ထဲမှ ကျွန်တော့်အား ယနေ့တိုင် ကိုယ်ထင် ပြလျက် ရှိသည်။ ကျွန်တော်သည် ရန်ကုန်မှ အပြန် ဟင်္သာတကို ၀င်၏။ ထိုအချိန်တွင် ဟင်္သာတမြို့ ရပ်ကွက် တစ်ခု၌ မီးလောင်ပြီးစ ဖြစ်၏။ ကျွန်တော် ရောက်ချိန်တွင် အရေးပိုင် ဦးကာစိနှင့် ဟင်္သာတသို့ ပြောင်းလာ ကာစ ရာဇ၀တ်ဝန် မစ္စတာ ဇေဗီးယား တို့သည် မီးလောင်မြေကို သွားရောက် ကြည့်ရှုနေချိန် ဖြစ်၏။
ကျွန်တော်ကား ဦးကာစိကို ၀င်၍ နှုတ်ဆက်ရန် မီးလောင်မြေ သို့ သွားခဲ့၏။ ဦးကာစိနှင့် တွေ့ရ၏။ ဦးကာစိက ကျွန်တော့်အား မစ္စတာ ဇေဗီးယားနှင့် မိတ်ဆက် ပေး၏။ ထိုမှ တစ်ဖန် မိမိ ရုံးထိုင်ရာ ဒေသသို့ ထွက်ခဲ့ပြန်သည်။ များမကြာမီပင် ဟင်္သာတ ရာဇ၀တ်ဝန် မစ္စတာ ဇေဗီးယား ဆိုသူမှာ အောင်ဆန်းအား ဆုငွေ ငါးကျပ် ထုတ်ခဲ့ဖူးသူ ဖြစ်သည်ဟု ကြားရလေသည်။ ဆုငွေ ငါးကျပ် ဆိုသည်မှာ ရယ်စရာ။ သို့သော် ကျွန်တော် မရယ်နိုင်ပါ။ အဘယ့်ကြောင့် မသိ။ “နေသေးသပ ခြုံထဲက” ဟူသော စိတ်မျိုး ပေါ်လာပါသည်။ မစ္စတာ ဇေဗီးယား အပေါ် စိတ်ခုသော စိတ်မျိုး မဟုတ်ပါ။ သို့သော် အုပ်ချုပ်သူ လူမျိုးကြီး က အုပ်ချုပ်ခံရသူ လူမျိုးကလေး တစ်မျိုးကို စော်ကားခြင်း ဖြစ်သည် ဟူ၍ကား စိတ်ထဲတွင် “တေး” မိသည်ကို ၀န်ခံလိုပါသည်။
မခံချင်သော စိတ်၊ အရှုံး မပေးလိုသော စိတ်၊ မှန်သည် ဟု ယူဆ မိသည်နှင့် တစ်ပြိုင်နက် ဇွတ်ထိုး လုပ်လိုသော စိတ်၊ ငါ မှားလျှင် ငါ့ဆော်၊ သူ မှားလျှင် သူ့ ဆော်မည် ဟူသော စိတ်။ ထိုစိတ် တို့ကြောင့် ကျွန်တော်သည် ရခိုင်ပြည်သို့ လွင့် ခဲ့ပြန်ပါသည်။ ထို့ကြောင့် အောင်ဆန်း နှင့် ကျွန်တော်မှာ မယ်တစ်ရွာ မောင် တစ်မြို့ မျှမက သူက မြောက် ၀င်ရိုးစွန်း ရောက်နေချိန်ဝယ် ကျွန်တော်က တောင် ၀င်ရိုးစွန်းသို့ ရောက်နေဘိ သကဲ့သို့ ရှိပြန်ပါသည်။ သို့ပါသော် ငြားလည်း သူ့ သတင်းကို နားစွင့်မိသည်။
ထိုစဉ်က ပုလိပ်ဌာနမှ မြန်မာ တစ်ပြည်လုံး အတွက် နိုင်ငံရေး လှုပ်ရှားမှု အစီရင်ခံစာ များကို အမြို့မြို့သို့ လျှို့ဝှက်စာ အနေဖြင့် ပေးပို့ လေ့ရှိသည်။ ထို လျှို့ဝှက် အစီရင်ခံစာ များတွင် ရေနံမြေ သခင်တို့၏ လှုပ်ရှားမှုကို ဖတ်ရသည်။ သို့သော် ရန်ကုန်မြို့ရှိ ဒို့ဗမာ အစည်းအရုံး သတင်းများမှာ ငြိမ်သက်နေသည်။ ရန်ကုန်၌ ငြိမ်သက် သည်နှင့် အမျှ အရပ်ရပ် ၌ကား အထူး ထကြွ လှုပ်ရှားနေသည်။
သို့ပါ လျက်နှင့် အောင်ဆန်း၏ လှုပ်ရှားမှုကို အစီရင်ခံစာ ထဲ၌ မတွေ့ရချေ။ ယင်းသို့ မတွေ့ရခြင်း မှာ မဆန်းပါ။ အကြောင်း မူကား အောင်ဆန်း ဖောမိုဆာ သို့ ရောက်နေပြီ ဟူသော ပါးစပ် သတင်း သည် ရခိုင်ပြည် ၌ ချောင်ကျ လှသော တောင်ကုတ်မြို့ သို့ ရောက်လာ သောကြောင့် ဖြစ်သည်။ ထိုအချိန်၌ အနောက်နိုင်ငံ စစ်သတင်း တို့သည် ထိတ်လန့်ဖွယ် ပင် ဖြစ်တော့သည်။ ထို့ကြောင့် ရှေ့ရေး နောက်ရေး ကို ကြည့်၍ ကျွန်တော် ခွင့်ယူသည်။
(၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ ပါးလ်ဟာဘာ ကို ဗုံးကျ၍ (၁၂) နာရီ ခန့်မျှ အကြာ တွင် ကျွန်တော်လည်း ခွင့်ရ သောကြောင့် အလုပ်ကို အခြားသူ တစ်ဦးအား ၀မ်းမြောက် ၀မ်းသာစွာ နှင့် လွှဲပေး ခဲ့လေသည်။ (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်နေ့ မှ (၂၆) ရက်နေ့ အထိ ကျွန်တော် တို့ သားအမိ သားအဖ တစ်တွေ တောင်ကုတ် မှ ပန်းတောင်း သို့ ခြေလျင် လျှောက် ခဲ့ကြပါသည်။ တစ်ညတွင် ရေပေါ်ကြီး ၌ စခန်း ချသည်။ ထိုစခန်း ရောက်လျှင်ပင် အိပ်ရာ ပေါ်သို့ ပစ်လှဲ လိုက်ပါသည်။ ကျွန်တော် တစ်ငိုက်လောက် အိပ်မောကျ သွားစဉ် အိပ်မက် ထဲတွင် သခင် ထွန်းအုပ်၏ အသံကို ကြားရပါသည်။ သူ၏ အသံမှာ ရခိုင် ရိုးမ တောင်တန်း တစ်ခုလုံး ဟိန်းသွား ပါသည်။
အချိန်မှာ ည (၉) နာရီ ကျော်ကျော်ပင် ရှိဦးမည်။ တောကြီး မျက်မည်း ထဲတွင် ထုံးစံ အတိုင်း ဆိုလျှင် သမင်က ဟောက်၍ ချေ (ဂျီ) က တောက်သံ ကြားရဖို့ ရှိသည်။ သို့တည်း မဟုတ် ဆင်အုပ်များ ၀ါးပိုးဝါး ကို စားသည့် အသံ ကြားရဖို့ ရှိသည်။ သို့တည်း မဟုတ် ကျားဟိန်းသံ ကို ကြားရဖို့ ရှိသည်။ သို့သော် “ရဲဘော်တို့”ဟူသော အသံသည် ပဲ့တင်သံ ထပ်သွားသည်။ ကြက်သီး မွေးညင်းကို ထစေသည်။ ကျွန်တော် သည် အိပ်ရာမှ ငေါက်ကနဲ ထလိုက်သည်။ ဘာသံပါလိမ့်။ ချယ်ရီပန်း ပွင့်ရာ ဒေသမှ ဖြစ်သော တိုကျိုမြို့မှ အသံလွှင့် လိုက်သည့် သခင် ထွန်းအုပ်၏ အသံ ထကြလော့ ကြွကြ လော့ ချကြလော့။ တောကြီး မျက်မည်း ထဲ၌ ရေဒီယို ကို အစွမ်းကုန် အသံဖွင့် ထားသည်။ ရေဒီယို ဖွင့်သူ မှာ ပီဒဗလျူဒီ ဌာန ဟု ခေါ်သော ပြည်သူ့ လုပ်ငန်း ဌာနမှ အိုဗာဆီယာ တစ်ဦး ဖြစ်သည်။
တောကြီး တောင်ကြီး ထဲတွင် ဗြိတိသျှ ဥရောပ စက်ကွင်း မှာ တဒင်္ဂ မျှ လွတ်သော နေရာကို ကျကျနန ရွေးချယ် ၍ တော်လှန်ရေး တရား တို့ကို အားရ ပါးရ နာသူ မှာ ဗြိတိသျှ အုပ်ချုပ်ရေး စက် ယန္တရား ထဲမှ သေးငယ်သော ၀က်အူ တစ်ချောင်း ဖြစ်ပေသည်။ သေးငယ်သော ၀က်အူမို့ မလောက်လေး မလောက်စား ဟု မထင် ပါနှင့်။ သူ၏ စိတ်ဓာတ်ကို ကြည့်ပါ။
အမှန်မှာ ကျွန်တော် သည် ထို အိုဗာဆီယာ ကို ကောင်းစွာ မသိပါ။ သူ့ကို တောင်ကုတ်မြို့ ၌ တွေ့ရသည် ဆိုရုံမျှ တွေ့လိုက်ရသည် ထင်၏။ သို့သော် ပြန်၍ တွေ့ဆုံ ရသည် တိုင်အောင် သူကလည်း ကျွန်တော့်ကို မှတ်မိ ချင်မှ မှတ်မိမည်။ ကျွန်တော် ကလည်း သူ့ကို မှတ်မိချင် မှ မှတ်မိမည်။ ထိုညက ရေပေါ်ကြီး ၌ စခန်းချ ချိန်မှာ ညအချိန် ဖြစ်၍ မှောင်နှင့် မည်းမည်း တောစခန်း ထဲတွင် သူနှင့်လည်း လူချင်း မဆုံ နိုင်ပါ။ သို့ပါလျက် နှင့် သူ့ စိတ်ဓာတ်ကို မည်သို့ ကြည့်ရ မည်နည်း။
ဤသို့ စောဒက တက်လိုသူ ရှိလျှင် တက်ထိုက် ပေသည်။ ကျွန်တော်ကား ထို အိုဗာဆီယာ က တောကြီး မျက်မည်း ထဲ၌ ရေဒီယို အစွမ်းကုန် ဖွင့်၍ နားထောင်ခြင်း အဓိပ္ပာယ် ကို ကိုယ်ချင်းစာ ကြည့်မိ သောကြောင့် ယင်းသို့ ပြောမိခြင်း ဖြစ်ပါ၏။ ယခုအခါ အရာရှိကို နိုင်ငံရေး သမား အချို့ တို့က မျိုးချစ် ပုဂ္ဂိုလ် မဟုတ် သလိုလို ဆက်ဆံ လေ့ရှိသည်။ ကျွန်ုပ်တို့ ကလည်း နိုင်ငံရေး သမား တိုင်း အမျိုးကို ချစ်သည် ဟု မယူဆ။ သို့သော် ထို အိုဗာဆီယာ ၏ အဖြစ်၌ သူ၏ ရင်တွင်း သို့ ၀င်ကြည့် လျှင် မြန်မာ နိုင်ငံတော် လွတ်မြောက်ရေး အတွက် သခင် အောင်ဆန်း ကို မည်မျှ စိတ်စော နေကြောင်း အထင်အရှား တွေ့ရ ပေလိမ့်မည်။
ထိုစဉ်က မျိုးချစ် ပြည်ချစ် သားရတနာ တို့သည် သခင် အောင်ဆန်း ၏ ပယောဂ ကြောင့် ထိုမျှလောက် စိတ် မာန်ဖီလျက် ရှိကြပြီ။ ကျွန်တော်သည် သခင် ထွန်းအုပ် ၏ အသံလွှင့်ချက် ကို အစအဆုံး နားထောင် ကြည့်သည်။ လွတ်လပ်ရေး ဗမာ့ တပ်မတော် ထဲတွင် သခင် အောင်ဆန်း ပါဝင်လျက် ရှိသည် ကို သိရလေပြီ။ ကျွန်တော်၏ ငိုက်မြည်း သော ဦးနှောက် ထဲတွင် ဗြိတိသျှ စစ်သည်တော်တို့ အောင်မြင်စွာ ဆုတ်ခွာ သွားသော ခြေသံများ ရှုပ်ယှက်ခတ် လာပြီးလျှင် ကျွန်တော် လည်း နှစ်ခြိုက်စွာ အိပ်ပျော်သွား ပါသည်။
ကျွန်တော်၏ နေရင်း ဌာနကို ပြန်၍ ရောက်သွား အချိန် ၌ကား လွတ်လပ်ရေး ဗမာ့ တပ်မတော် သတင်း၊ အောင်ဆန်း သတင်း၊ သုံးရောင်ခြယ် အလံ သတင်း၊ ဗိုလ်လှဖေ (ဗိုလ်လက်ျာ) ကို ကြိုးမိန့် ပေးသော သတင်း စသည် တို့သည် ရေဒီယို မှ တစ်ဆင့် အရပ် ထဲတွင် ပျံ့နှံ့၍ နေခဲ့လေသည်။ ထို့နောက်၌ကား ကျွန်တော်၏ နေရပ်သည် ဘီအိုင်အေ ၏ ရှေ့ပြေး ဖြစ်သော ဘီအိုင်အေ ရောင်ခြည်တော် နှင့် ရော လွှတ်သော သုံးရောင်ခြယ် လက်ပတ်ဝတ် အရေးပေါ် သခင် အသစ် စက်စက် ဖြစ်သော ဘီအိုင်အေ အတု တို့က နေ့ခင်း ကြောင်တောင် အိမ်ရှေ့ပေါက် မှ တက်၍ မုဒိမ်း ကျင့်ခြင်း ကို ခံလိုက် ရပါသည်။
ကျွန်တော် သည် စိတ်တွင် ကျိတ်၍ ဗိုလ်ချုပ် ကိုအောင်ဆန်း တမ်းတ မိပါသည်။ သို့သော် ဗိုလ်ချုပ်သည် ဘိုးဘိုးအောင် ကဲ့သို့ ပေါ်မလာပါ။ ဘီအိုင်အေ တပ် အစစ် မှ ကိုယ်စားလှယ် ဖြစ်သော မြစ်ဝကျွန်းပေါ် တာဝန်ခံ တို့ လာရောက် သည့် အခါမှ ရပ်ရွာ အနည်းငယ် အေးသွား ခဲ့ပါသည်။ ကျွန်တော် နှင့် အောင်ဆန်း ပြန်၍ တွေ့ရန် လမ်းကား များစွာ မရှိချေ။ တွေ့ပြန် ပါလျှင်ကား ဗိုလ်ချုပ် အောင်ဆန်း ဖြစ်နေချေပြီ။ ထိုအခါ မျက်နှာထားမှာ ယခင် ကထက် ရှုသိုးသိုး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဗမာ့ တပ်မတော် စစ်သား စုဆောင်းရေး အတွက် ဗိုလ်သိမ်းဆွေ ယူလာသော စာရွက်စာတမ်း တို့၌ ဗိုလ်ချုပ် အောင်ဆန်း ၏ ရုပ်ပုံလွှာမှာ ရှုသိုးသိုး မဟုတ်ချေ။ အောင်ဆန်းသည် ဗိုလ်ချုပ် အဖြစ်နှင့် အတော်ပင် သပ်သပ်ရပ်ရပ် ရှိလာလေပြီ ဟု ထင်မိသည်။ သူ့ပုံကို ကြည့်ရ သောအခါ စစ်သားရုပ် ပေါက်နေပြီ ကို တွေ့ရသည်။
ငါ့လူက ဂျပန်တွေနဲ့ ယှဉ်ပြိုင် တော့လည်း အမြဲတမ်း တစ်မိုက် လောက်တော့ မြင့်နေမှာ ပါပဲ ဟု ကျွန်တော်က သဘောကျကျ နှင့် တွေးမိ၏။ သို့ရာတွင် သူ့ မျက်နှာပေး ကို သေသေချာချာ ကြည့်ပြန်သော် ထူးခြားချက် တစ်ခုကို တွေ့မိ သလိုလို ရှိ၏။ ထို အချက်ကား အခြားမဟုတ်၊ အောင်ဆန်းသည် ဗမာ့ လွတ်လပ်ရေး တိုက်ပွဲတွင် စစ်ဦးမှ ပါလာစေကာမူ သူသည် သူ၏ ပတ်ဝန်းကျင် အခြေအနေ ကို အကျေနပ်ကြီး ကျေနပ်နေသူ မဟုတ် ဟူသော အချက် ဖြစ်သည်။
ဂျပန်ခေတ် ဗိုလ်ချုပ် ဘ၀၌ ကျွန်တော် တွေ့ခဲ့သမျှ မှာ ဗိုလ်ချုပ်၏ မျက်နှာထား သည် အလို မပြည့်သည့် မျက်နှာထား သာလျှင်ဖြစ်ဘိသည်။ သူ၏ အကြည့်မှာ အဝေးသို့ ငံ့လင့်သော အကြည့် ဖြစ်သည်။ သူက မိတ်ဆွေ၏ မျက်နှာကို စူးစိုက်၍ ကြည့်သည် ဆိုပါတော့။ ထိုအခါ မိတ်ဆွေက သူသည် မိတ်ဆွေကို ကြည့်နေသည် ဟု ထင်နိုင်မည် မဟုတ်၊ မိတ်ဆွေ ၏ မျက်နှာကို ဖောက်ထွင်း၍ ဝေးလံသော အရပ်သို့ မျှော်မှန်း ယောင်ယမ်းကာ ကြည့်နေသည် ဟု ထင်မိ ပေလိမ့်မည်။ ဤအကြည့်မှာ စိတ် ထဲတွင် ဟာနေသော အကြည့် ဖြစ်သည်။
ဗိုလ်ချုပ် အောင်ဆန်းသည် အမှန်ပင် စိတ်ဟာ နေပေ လိမ့်မည်။ အဘယ်ကြောင့် နည်း။ သူသည် အခြေခံ သဘော အားဖြင့် စိတ်ကူးယဉ် သမား ဖြစ်၏။ အောင်ဆန်းကို နိုင်ငံရေး ကြိုးပမ်းသူ အဖြစ်ဖြင့် ပက်ပင်းပါ တွေ့လိုက် သူများ အဖို့ သူသည် အရိုင်း ပကတိနှင့် တူကောင်း တူပေလိမ့်မည်။ ဥပမာ ဒဂုန်တာရာ ၏ အောင်ဆန်း အရိုင်း ——-ကိုကြည့်။ ရိုင်းသည်မှာ မှန်ပေ လိမ့်မည်။ တိုက်ခြင်း ခိုက်ခြင်းသည် အရိုင်း ဘ၀၏ လုပ်ငန်းဖြစ်၏။ မလွတ်လပ်သော ဘ၀၌ ကျွန်ုပ်တို့ တိုက်ရ ခိုက်ရ ဦးမည်သာ ဖြစ်၏။ ထို တိုက်ခိုက် နေသော အခိုက်အတန့် ၌ ကျွန်တော့်အား လူယဉ်ကျေး ဟု ထောမနာ ပြုလျှင် ကျွန်တော် သည် ဆဲသည်ထက် နာမည် ဖြစ်၏။
ကျွန်တော် ထင်သည်။ အောင်ဆန်း တိုက်ပွဲ ဆင်နေစဉ် သူ့အား လူယဉ်ကျေး ဟု ကျွန်ုပ်တို့ ခေါ်ဝေါ်လျှင် သူလည်း အမှန်“ဒေါဖောင်း”မည် ဖြစ်၏။ သို့သော် သူ၏ ပင်ကိုယ် ပဋိသန္ဓေ စိတ် ကို အကဲခတ် ကြည့်လျှင် အနုပညာ၌ မွေ့လျော် လိုသော စိတ်ကူးယဉ် သမား တစ်ယောက် ဖြစ်ကြောင်း တွေ့ရှိကြ ရပေလိမ့်မည်။ သို့သော် ဗိုလ်ချုပ် အောင်ဆန်း အနေဖြင့် လက်တွေ့ လုပ်ငန်း၌ အဘယ်ကြောင့် လက်စွမ်း ထက်ပါ သနည်း။ ဤအချက်ကို ကျွန်တော် နောက်ပိုင်း ရောက်မှ ထင်ရှား ပေါ်လွင်အောင် ပြပါရစေ။ ယခု စကား အလျဉ်းသင့် သမျှ ပြောရသော် အောင်ဆန်းသည် စိတ်ကူးယဉ် သမား ပီပီ မြန်မာပြည်သို့ သူ၏ ဗမာ့ တပ်မတော်သား များနှင့် အတူ ချီတက်ရာ၌ သူ စိတ်ကူးယဉ် ထားသလို ဖြစ်ရမည် ဟု မှန်းဆ ထားဟန် တူ၏။ သို့သော် စိတ်ကူးသည် စိတ်ကူးသာ တည်း။ လက်တွေ့၌ အငတ် သခင်နှင့် တမတ် သခင် တို့သည် ဘီအိုင်အေ ဟူသော အရေခြုံ၍ စပါးပုံကို တက်၍ လုကြ ကုန်၏။ ကုလားကို ရိုက်ကြ ကုန်၏။ တရုတ်ကို နှိုက်ကြ ကုန်၏။ ကရင်ကို တိုက်ကြ ကုန်၏။ ရေချိန် တက်လာ သောအခါ ဗမာ ဗမာချင်း ကိုလည်း ရိုက်နှိုက် တိုက်ခိုက် ကြပြန်၏။ ထိုအခါ ဂျပန်တို့က ဗမာတို့၏ ပါးကို ရိုက်ကြ လေကုန်၏။ ဗိုလ်ချုပ်သည် ယင်းသို့ လက်တွေ့ အဖြစ်အပျက် မျိုးကို စိတ်ကူးထဲ၌ ထည့်၍ ကြည့်ခဲ့လိမ့်မည် မဟုတ်။ သို့သော် သူ၏ ရှေ့မှောက်၌ ပင်လျှင် တိုင်းရင်းသား အချင်းချင်း ဖနောင့်စာ ကျွေးနေ ကြသည်ကို ဂျပန်က အပေါ်မှာ ခွစီး၍ လက်သည်းခွံ ခွာနေလေပြီ။ ဗိုလ်ချုပ် ကိုယ်တိုင် ပင်လျှင် မီနာမီ (ဗိုလ်မိုးကြိုး) ၏ အကြိမ်း အမောင်း ကို ခံယူ ခဲ့ရသည် မဟုတ်လော။
မြန်မာပြည် တွင်းသို့ ဗိုလ်ချုပ် နှင့်တကွ ဂျပန် ဧကရာဇ် ဘုရင် မင်းမြတ် ၏ တပ်မတော် သည် ၀င်ရောက် လာလေပြီ။ ရဲဘော် သုံးကျိပ် ဟု ဂုဏ် ဟိတ် တေဇာ ထွန်းပြောင် စွာသော ဗမာ့ ရင်နှစ် သားရတနာ တို့ ၀င်ရောက် လာလေပြီ။ သို့ရာတွင် ဗိုလ်ဇေယျ တို့ ချကြကုန်၏။ ဂျပန် နှင့် ဗိုလ် လက်ျာ တို့ နှက်ကြ ကုန်၏။ ဂျပန် နှင့် ဗိုလ် ကျော်ဇော တို့ ဆော်ကြ ကုန်၏။ ဗမာ့ လွတ်လပ်ရေး တပ်မတော်သား တို့ကား ကြားထဲက အချောင် အတီး ခံရသည့် အကြိမ် ပေါင်းမှာ မရေ မတွက် နိုင်တော့ပြီ။
ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း က ဂျပန် စစ်ဦးစီး ဌာနချုပ် အား တောင်းဆို၏။ ထို တောင်းဆိုချက် မှာ ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဗိုလ်ချုပ် တို့က ဦးစီး ခေါင်းဆောင် ပြု ၍ ဗမာပြည် တွင် ကျေးရွာ နယ်ပယ် သို့ သိမ်းပိုက်ရေး ကို စီမံရန် ဖြစ်၏။ ယင်းသို့ တောင်းဆို လိုက်သည် နှင့် တစ်ပြိုင်နက် ဂျပန် အသိုက် အ၀န်း မှာ ရာဇမာန် ရှ လေတော့သည်။
တစ်နေ့သော် ဗိုလ်ချုပ်နှင့် ဗိုလ်လက်ျာ တို့ကို ဦးတည်၍ တာဝန်ခံ တို့အား ဗိုလ်မိုးကြိုး က ဆင့်ခေါ်၏။ ဗိုလ်ချုပ် နှင့် ဗိုလ်လက်ျာ တို့ လူသိုက် သည် ဗိုလ်မိုးကြိုး စံမြန်းရာ အိမ်တော်သို့ အဖူး အမျှော် ညီလာခံ ၀င် ကြလေ၏။ ထိုအိမ်မှာ ယခု ဗြိတိသျှ သံရုံး တည်ရာ နေအိမ် ဖြစ်သည် ထင်၏။ အိမ်ထဲရှိ ဧည့်ခန်းသို့ ဗိုလ်ချုပ်တို့ တစ်သိုက် ၀င်သွား ကြသော အခါ အစောင့် တို့က အခန်း တံခါးကို လုံအောင် ပိတ် လေသည်။“အဲဒီ အချိန်က ကျုပ် တို့တော့ ဒီတစ်ချီ မှားသွားပြီ လို့ တွက် မိတာပဲ”ဟု ဗိုလ်လက်ျာ သည် ကျွန်တော့် အား ပြန်ပြော ဖူး၏။ ဗိုလ်မိုးကြိုး သည် ကျယ်လောင်စွာ ကြိမ်းမောင်း၍ အပေါ်ထပ်မ ဗိုလ်ချုပ် တို့အား ငေါက်ငမ်းကာ ဂျပန် ဓားလွတ် နှင့် ဗိုလ်ချုပ်အား ထိုးမည့်ဟန် ပြု၏။ ဂျပန် ဟူသည်မှာ ကြောက်တတ်သူ ကို ဖြဲခြောက် သော လူမျိုး တစ်မျိုးတည်း။
ဤနေရာ မျိုး၌ ဗိုလ်မိုးကြိုး သာလျှင် မိုးကြိုး အစစ် ဖြစ်ခဲ့လျှင် ထိုစဉ်က ပင်လျှင် ဗိုလ်ချုပ်သည် ကျွန်ုပ်တို့ အား မျက်နှာလွှဲ ခဲ့မည် အမှန် ဖြစ်၏။ သို့သော် ဗိုလ်မိုးကြိုး၏ ဓားလွတ်ကြီး ဟိုရမ်း သည်ရမ်း ရမ်း နေခိုက်တွင် ဗိုလ်ချုပ် သည်လည်း သူ၏ ဓားလွတ် ကို ဆွဲကိုင် လိုက်လေသည်။ ယနေ့ ကျွန်ုပ်တို့ လွတ်လပ်ရေး ရခဲ့သည်မှာ ထိုစဉ်က ဗိုလ်ချုပ် ဓားလွတ်ကို ဆွဲကိုင် လိုက်ခြင်း ကြောင့်ပင် ဖြစ်သည် ဟု ဆိုနိုင်ပါ၏။
သို့သော် ဗိုလ်ချုပ်သည် ကြိမ်ဖန် များစွာ ဓားလွတ်ကို ဆွဲရဖို့ ကံကြမ္မာ ကြုံလာခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် ဘီအိုင်အေ ရောကျော် တို့၏ ဒုက္ခ၊ ဂျပန် ညှဉ်းပန်း နှိပ်စက်မှု ဒုက္ခတို့ကြောင့် လွတ်လပ်ရေး ကြိုးပမ်းမှု တည်း ဟူသော သဲသောင်ပြင် ၀ယ် သူ၏ စိတ်ကူးယဉ် သဲပုံစေတီ ကို လက်တွေ့ နိယာမ တရားတည်း ဟူသော လှိုင်းတို့သည် ပုတ်ခတ် ဖျက်ဆီး လိုက်သောကြောင့် ဖြစ်သတည်း။ ထို့ကြောင့် ဗိုလ်ချုပ်သည် ဘီအိုင်အေ ခေါ် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဘီဒီအေ ဟု ခေါ်သော ဗမာ့ ကာကွယ်ရေး တပ်မတော် အဖြစ်သို့ အသစ် ပြန်လည် ပုံသွင်းရပြန်လေသည်။
ကျွန်တော်သည် ဗိုလ်ချုပ် ကို ခင်၏။ ထို့ကြောင့် လည်း ဗိုလ်ချုပ်၏ သား ရဲဘော်များ ကို ခင်မိ၏။ ကျွန်တော်က ဗိုလ်ချုပ်ကို ခင်မင် သည်နှင့် သူ၏ သား ရဲဘော်များ ကလည်း သူ့ကို ခင်မင် လိမ့်မည်ဟု ယုံမှတ် မိ၏။ သို့သော် သား ဟူ၍ပင် ဆိုရငြားလည်း သားဆိုး သားမိုက် ဟူ၍ ရှိတတ် သေးသည်ကို မတွေးမိ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်လည်း တစ်ခါက စိတ်ကူးယဉ် သမား မဟုတ်ခဲ့ ပါလေသလော။ ထို့ကြောင့် ဘီအိုင်အေ ကို ဘီဒီအေ ဟု ပြောင်းလိုက် သောအခါ အရိပ်အခြည်ကို နားမလည် ရှာသော သားဆိုး သားမိုက် လက်တစ်ဆုပ် လောက်က ဗိုလ်ချုပ် အား ဓားကြိမ်း ကြိမ်းသည် ကို နားနှင့် ဆတ်ဆတ် ကြားခဲ့ရ၏။ ဘုရား ဘုရား ငါ နားကြား လွဲလေသလား။
မလွဲပါ။ “ငပန့်ကို မဆော်ရရင် ငမိုးကို ဆော် ရလိမ့်မယ်ဟေ့” ထိုစကားကို ပြောသော ထိုသူငယ် ကို ကျွန်တော် ပြန်မတွေ့ ရသည်မှာ ရှစ်နှစ်ကျော် ရှိပြီ။ သူ၏ သတင်း အစအန လည်း မကြားရ တော့ပါ။ စိတ်လိုက် မာန်ပါ ပြောဆို၍ စိတ်လိုက် မာန်ပါ တပ်ထဲမှ ထွက်သွား ပါသည်။ တကယ်တမ်း မှာမူ သူ ဘာမျှ လုပ်ကိုင် ကြံစည်သည် ဟု မတွေ့ရပါ။ တပ်ထဲက ထွက်သည့်နေ့ မှစ၍ မိဘ လက်ငုတ် ကုန်သည် လုပ်လျက် ရှိသည် ကိုသာ ကျွန်တော် တွေ့ခဲ့ရပါသည်။
သို့သော် ထိုစဉ်က ထွက်လာသော ထိုစကားကို ကျွန်တော် မေ့ပစ်၍ မရပါ။ ထိုသူငယ် နှင့် ကျွန်တော် လမ်းမခွဲ ကြမီ ကျွန်တော်က သူ့အား နှုတ်ဆက် စကား ပြောလိုက် ပါသေးသည်။ “ရဲဘော် မင်းက ဂျပန်ကို ဆော်ဖို့ တစ်ခုတည်း သာ စိတ်ထဲမှာ မွှန်နေတယ်။ ရှေ့နောက် ၀ဲယာ မကြည့် တတ်သေးဘူး။ ဘီဒီအေ ဖွဲ့တာ အကြောင်း တစ်ခု ရှိမယ်ကွ။ ဒီတော့ မင်း ဒီစကားမျိုးကို မသိ မလိမ္မာတဲ့ ကောင်လေးတွေ ရှေ့မှာ မပြောနဲ့”သူသည် ကျွန်တော့်အား ဘာမျှ ပြန် မပြောဘဲ မှိုင်တွေ၍ နေပါသည်။ ကျွန်တော်၏ သြ၀ါဒကို သဘောပေါက် လေသလော၊ မပေါက်လေ သလော ကျွန်တော် မဝေခွဲ နိုင်ပါ။ ဂျပန် တော်လှန်ရေး ၌မူ သူနှင့် သူ၏ ညီအစ်ကိုတော် များ အားလုံး ပါဝင်ကာ ဘီဒီအေ တည် ထောင်သည့် နေ့မှ စ၍ စီလား ရိုက်မှုကြောင့် အပေါင်း အဖော် တစ်ဦးကို ဂျပန် တို့က လက်ဖျံရိုး အဆစ် လွဲသည့် တိုင်အောင် ရိုက်နှက် စစ်သည် ကိုလည်း ကျွန်တော် သတိရ လျက်ပင် ရှိပါသည်။
ဂျပန်ကို တော်လှန်ရဖို့ ကိန်း ကလည်း ကြုံနေသည်။ ကျွန်တော်တို့ မြို့ပေါ်ရှိ ပုလိပ် အရာရှိ တစ်စု ကလည်း ဂျပန် စစ်ဘက် ဆိုင်ရာ တို့ကို ခေါ်၍ ဒို့ဗမာ အစည်းအရုံး နှင့် အာရှ လူငယ် ခေါင်းဆောင် သခင် တို့အား အိမ်ပေါက်စေ့ လိုက်ပြကာ လက်ညှိုး ထိုး၍ နေသော ကိစ္စလည်း ပေါ်လာပြီ။ မိမိ၏ မြို့ရေး ရွာရေး အတွက် စိတ်တထင့်ထင့် ဖြစ်နေသည့် အထဲမှာ ရန်ကုန်မြို့သို့ ခေါ်ယူသော သံကြိုးစာ အမိန့်စာ အတန်တန် တို့ကြောင့် ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင် ကျွန်တော်၏ ဦးလေး နှင့် အာရှလူငယ် ကျွန်တော်၏ ညီ (နှစ်ဦး စလုံး ဂျပန် အသတ်ခံ ရသူများ) အား သတိ ၀ီရိယ နှင့် နေထိုင်ရန် မှာကြားပြီး ရန်ကုန်သို့ ထွက်လာ ခဲ့ပါသည်။
ထိုအချိန်ကား ဗိုလ်ချုပ်သည် မြောင်းမြသူ ဒေါ်ခင်ကြည် နှင့် လက်ထပ်ပြီးစ အချိန်အခါ ဖြစ်သည်။ ဗိုလ်ချုပ်၏ ယောက်ဖ မောင်သိန်းလှ လည်း ခြောက်စ ထောင်နေသော အချိန်အခါ ဖြစ်သည်။ မောင်သိန်းလှနှင့် ကျွန်တော်မှာ ငယ်သူငယ်ချင်း ဖြစ်၍ သူ့ဓာတ်ကြော ကို ကျွန်တော် နားလည် သင့်သလောက် နားလည် ပါသည်။ သူ ပျော်တတ်သည်၊ ရွှင်တတ်သည်။ နောက်တတ်သည်။ ပြောင်တတ်သည်၊ ထို့ကြောင့် သူ အဘယ်မျှပင် ခြောက်စထောင် ထောင် ကျွန်တော် တို့ သူငယ်ချင်း တစ်တွေ ကတော့ ရယ်ကြပါသည်။ ကျွန်တော်ကား မောင်သိန်းလှကို ကြည့်၍ ရယ်မိရင်း က နောင်ရေးကို တမျှော် တခေါ်ကြီး တွေးကြည့် မိပါသည်။ နောင်ရေး ဆိုသည်မှာ ဗိုလ်ချုပ်၏ အရေးချည်း မဟုတ်ပါ။ ဗိုလ်ချုပ်နှင့် ဆက်စပ် ပူးကပ်နေသော လွတ်လပ်ရေး ကြိုးပမ်းမှု ဖြစ်ပါသည်။
ဗိုလ်ချုပ် အိမ်ထောင်ကျ သည်နှင့် တစ်မျိုးသားလုံး အရေးဟာ ၍ သွားလေမလား။ မောင်သိန်းလှ ခြောက်စ ထောင် သလို ဒေါ်ခင်ကြည် ခြောက်စ ထောင် လေမလား။ စိတ်ဆိုး လိုသူတို့ ဆိုးကြပါတော့။ ကျွန်တော့် မှာမူ သည်လိုသာ တွေးမိသည်။ ဘွင်းဘွင်း ပြောရလျှင် ကျွန်တော့် ရင်တွင်း ၀ယ် သည်လို သံသယ မျိုး ပေါ်ပေါက်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်၏ အဝေးသို့ ငံ့လင့်သော မျက်စိကိုကြည့်။ ဒေါ်ခင်ကြည်၏ သိမ်မွေ့သော မျက်စိကို ကြည့်၊ သည်နှစ်ခုကို ယှဉ်ကြည့် လိုက်ပြန်သော် ကျွန်တော်၏ မဖွယ်ရာ သော သံသယ တို့သည် အရည်ပျော်၍ ကျသွား ပြန်လေသည်။ အမှန်မှာ ဗိုလ်ချုပ်၏ ရင်တွင်း၌ စိတ်ဆာ၍ နေသည်။ သူ၏သား ရဲဘော်များ အတွက် စိတ်ဆာ နေသည့် အချက်တစ်ချက်၊ ဂျပန် ညှဉ်းပမ်းမှု ကြောင့် စိတ်ဆာ နေသည့် အချက်တစ်ချက်၊ သည်နှစ်ချက် အပေါ်တွင် စိတ်အာရုံ စူးစိုက် နေချိန်၌ အတွင်းမီး အပြင်မထုတ်၊ အပြင်မီး အတွင်း မသွင်းသူ ပါရမီ ဖြည့်ဖော် ဖြည့်ဖက် ဒေါ်ခင်ကြည် ဟူ၍မျှ မရှိလျှင် ဗိုလ်ချုပ်သည် နောက်ထပ် ဓားလွတ်ကို ဆွဲရဖို့ ရှိနေသည်။ သည်တစ်ခါ ဓားလွတ် ဆွဲလျှင် ဗိုလ်မိုးကြိုး ရှေ့၌ ဆွဲရတော့မည့် မဟုတ် ဂျင်နရယ်က ၀ါဘီ၏ ရှေ့တွင် ဆွဲရချိမ့်မည်။ ထိုအခါ မီးပွင့် လိမ့်မည်။ ထိုအခါ ကျွန်တော် ဆက်၍ မျှပင် မတွေးဝံ့တော့ပါ။
ဗိုလ်ချုပ်တို့ ဇနီး မောင်နှံ သည် အိမ်ထောင် ရေး သုခကို ချစ်ခင် ကြင်နာစွာ ရှိကြခြင်း သည်ပင်လျှင် လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် အထောက် အပံ့ ဖြစ်စေသည် ကို ဇနီး မောင်နှံနှစ် ဦးအား တွေ့လိုက် ရသည့် ခဏ၌ ပင်လျှင် ကျွန်တော် အကဲဖြတ် မိပါသည်။
ဒေါ်ခင်ကြည်သည် မီးဖိုချောင်ကို ပိုင်သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေး ကြိုးပမ်းမှု အလုပ်ခွင် ကို ပိုင်သည်။ သို့ သော် ဒေါ်ခင်ကြည် သည် ဗိုလ်ချုပ်၏ အလုပ်ခွင်နှင့် ဆိုင်သည်။ ဗိုလ်ချုပ်လည်း ဒေါ်ခင်ကြည်၏ မီးဖိုချောင်နှင့် ဆိုင်သည်။ သို့ရာတွင် သူတို့ ဇနီး မောင်နှံကား မိမိတို့ ဆိုင်သာ ဆိုင်သော်လည်း မပိုင်သော အရေးတွင် ၀င်၍ မစွက်ကြချေ။ ခေါင်းဆောင်ကောင်း ဖြစ်ထိုက်သော အင်္ဂါရပ်တွင် ဤအချက်သည် သာမည ဖြစ်လျက်နှင့် အရေး အကြီးဆုံးသော အချက် ဖြစ်သည်။ ဤအချက်ကို မပိုင်သော ခေါင်းဆောင် တို့သည် တစ်ဦးပြီး တစ်ဦး ကျဆုံးလျက် ရှိသည်ကို မျက်မှောက် ရာဇ၀င်က သက်သေ ခံနေသည်။
ရန်ကုန်သို့ ကျွန်တော် ရောက်စတွင် ဗိုလ်ချုပ် တို့ ဇနီးမောင်နှံ သတင်းကို ထောက်ကြည့်သည်။ သူတို့နှစ်ဦး အကဲကို ခတ်ကြည့်ပြီး ကျေနပ်သော အဖြေ ထွက်လာသည် တွင်မှ ကျွန်တော်လည်း နှစ်သက် လာသည်။ သို့နှင့် မောင်သိန်းလှကို ရန်ကုန်၌ တအောင့်လောက် တွေ့ရသောအခါ “ဟေ့ ဒေါ်ခင်ကြည် ကတော့ မင်းလို မဟုတ်ဘူး”ဟု ကျွန်တော်က ပြောမိသည်။“ဟေ့ သူကသူ ငါက ငါကွ”ဟု ဆိုကာ မောင်သိန်းလှ သည် သူတစ်ပါး ထံမှ အနိုင်ကျင့်၍ စီးလာသော မော်တော်ကားဖြင့် ဗိုလ်ချုပ်တို့ အိမ်ဘက်သို့ ထွက်သွား လေတော့သည်။
ကျွန်တော်သည် ရန်ကုန် ရောက်လာ သည်မှ သုံးလမျှ မကတော့ပြီ။ သို့ရာတွင် အလုပ်က ပူပြင်း လှသောကြောင့် ဗိုလ်ချုပ်နှင့် မဆုံစည်း နိုင်ပါ။ ဆုံစည်းရန် အကြောင်းလည်း ဘာမျှ မရှိသေးပါ။ ဆုံစည်းမည့် ဆုံစည်း ပြန်တော့ ဗိုလ်ချုပ်သည် ကျွန်တော့်အား နှုတ်ဆက် တော့မည့်ပုံ ကဲ့သို့ တအောင့်လောက် တွေ၍ ရပ်ကြည့်ပြီးနောက် ရှုသိုးသိုးနှင့် လှည့်ထွက် သွားပါသည်။
“လက်တိုဂျင် အမိနို့နှင့် မခြား” ဟူသော ကြော်ငြာ စကား ကဲ့သို့ သခင်နု၏ စွပ်ကျယ်သည် ဒေါ်မြရီ၏ ဇာဘော်ဒီနှင့် မခြားချေ။ ဒေါ်မြရီ၏ ဇာဘော်ဒီ နောက်ကျောဝယ် တက်တင်း ထိုးထာသော ဇာပေါက်များ ရှိသည်။ သခင်နု၏ စွပ်ကျယ်အင်္ကျီ နောက်ကျော ၌လည်း တက်တင်း မထိုးဘဲနှင့် သယံဇာတ ပေါက်နေသော ဇာပေါက်များ ရှိလေသည်။ စင်စစ် သခင်နု၏ ဇာပေါက်များ သည် ဒေါ်မြရီ၏ ဇာပေါက်များထက် မြိုင်ပါပေသည်။ ကျွန်တော်သည် ကုက္ကိုင်းလမ်းရှိ သခင်နု နေသော အိမ်နောက်ဖေးဝယ် ရခိုင်ပြည် တော်လှန်ရေး ခေါင်းဆောင် ဦးညိုထွန်း (ယခင်က ပြန်ကြားရေးဝန်ကြီး ယခု ရေဒီယိုပြင်ဆရာ) ၏ တဲကို အမွေခံယူကာ တစ်ဦးနှင့် တစ်ဦး သဘာဝချင်း မတူသော ဦးဉာဏ နှင့် ကိုမျိုးမင်းတို့ကို အဖော်ပြုကာ နေ့အချိန်တွင် နေ၍ ညအချိန်တွင် ဗုံးခိုကျင်း ထဲ၌ အိပ်ခဲ့ ရပါသည်။
ကျွန်တော်တို့ သုံးဦးသားမှာ ဒေါ်မြရီအား မှီခိုကာ ဧည့်သည်နေ ဧည့်သည်စား ဖြစ်၍ များစွာ သက်သောင့် သက်သာ ရှိလှပေသည်။ အချိန်တန်ပြီလား ဆိုလျှင် ဒေါ်မြရီ၏ တကျော်ကျော် ခေါ်သံကို နာခံကာ ထမင်းစားခန်း ထဲသို့ သုံးဦးသား စီတန်း လျှောက်ခဲ့ပါသည်။ သို့သော်ဒေါ်မြရီ၏ ထမင်းစားပွဲကို တစ်ခါဖူးမျှ သပိတ် မမှောက်ခဲ့။ ဤမျှလောက် ကျေးဇူးသစ္စာ စောင့်သိ ရိုသေ ခဲ့ကြပါသည်။ထိုစဉ်က သခင်ဗဟိန်း နှင့် သူ၏ ဇနီး မခင်ကြီး တို့သည် သခင်နု တို့နှင့် အတူနေပါသည်။
တစ်နေ့ သောအခါ ဦးညာဏ၊ ကိုမျိုးမင်းနှင့် ကျွန်တော်တို့ ထမင်းစားရန် ဟန်ပြင် နေစဉ် သခင်နုသည် သွားချောင် တိုက်ရင်း ကျွန်တော်တို့နှင့် စကားပြောပါသည်။ ထိုအခါ သခင်ဗဟိန်းသည် အထုပ်ငယ် တစ်ခုကို ချိုင်းကြားထဲ ညှပ်ကာ ထမင်းစားခန်း ထဲသို့ဝင်လာပါသည်။ သခင်ဗဟိန်း၌ ချိုပြုံးသော မျက်နှာအစဉ် ရှိသည်။ ထိုနေ့က သူ၏ မျက်နှာ ချိုပြုံးပုံမှာ မိန်းမကြောင့် မာန်ဖီနေသော တာနော ဘီလူးကိုပင် အရည်ပျော် စေနိုင်၏။ သို့သော်သခင်နု၏ မျက်နှာထား တင်းနေသည် ကို ကျွန်တော် သတိထားမိလိုက်ပါသည်။ “ကိုကြီးနု စွပ်ကျယ် အင်္ကျီကို ချွတ် ပါတော့ဗျာ”ဟု သခင် ဗဟိန်းက ခရီး ရောက်မဆိုက် ဆိုလိုက်သည်။ မီးဖိုချောင် ဘက်မှ ပဲပြုတ် ပန်းကန်ကို ကိုင်ရင်း ၀င်လာသူ ဒေါ်မြရီက “အမလေးတော် ရှိတာ ၀တ်တာ ဘာလုပ်ဖို့ ချွတ်ရမှာတုန်း” ဟု အော်ပြောပါသည်။ “စွပ်ကျယ် အင်္ကျီတွေ ပေါလွန်းလို့ဗျာ”ဟု သခင်ဗဟိန်းက ပြုံးချိုစွာ ပြန်၍ ပြောပါသည်။ “ရှင်တို့သာ ပေါတာ ပါတော်” ဟု ဒေါ်မြရီ က တော်သံ ကို တောသံ နှင့် ရော၍ ငေါ့ လိုက်လေသည်။
“သြော် မမရီ တို့က ဒါကြောင့်ခက်တာ။ ဘယ်နှထည် လိုချင်သလဲ”“အောင်မယ် ခုမှ လောကွတ် မချော်ပါနဲ့။ မောင်တို့ ရှိလျက်နဲ့ ကျုပ်လင်မှာ စွပ်ကျယ် ဇာပေါက်ပဲ ၀တ်နေရတယ်”၊ ““ကျွန်တော်တို့ ရှိလို့ ဟောဒီလို စွပ်ကျယ်တွေ ၀တ်ရတာ ပေါ့ဗျာ”ဟု ဆိုကာ သခင်ဗဟိန်းက တယော တံဆိပ် စွပ်ကျယ် သုံးလေးထည်ကို အထုပ်ထဲမှ ဖြေ၍ ဒေါ်မြရီ လက်ထဲသို့ ထည့်ပါသည်။ ဤအချိန် တွင် သခင်နုကား ရေချိုးခန်း ထဲသို့ ၀င်လေပြီ။ ဒေါ်မြရီသည် အံ့အား သင့်သော ကျေနပ်သော၊ ပီတိ ရောင် လွှမ်းသော၊ ကျေးဇူးတင်သော မျက်နှာထားဖြင့် သခင်ဗဟိန်း ပေးသော စွပ်ကျယ် အင်္ကျီ တို့ကို ဖြန့်ကာ စစ်ဆေး ကြည့်ရှုရင်း “ဘယ်ကရတာလဲ”ဟု သခင်ဗဟိန်းကို မေးလေသည်။
“ကိုကြီးနုက ဗိုလ်ချုပ်ကို စိတ်ကောက်ပြီး စကား မပြောလို့ ဗိုလ်ချုပ်က ချော့တဲ့။ စွပ်ကျယ် အင်္ကျီ မမရီ ယူထားပြီး ကိုကြီးနုကို ဆင်ပေးလိုက်ပါဗျာ”၊“အောင်မယ် ဆရာ ဒီလောက်နဲ့ ချော့လို့ မပျော့ဘူး။ မောင်ရေ၊ တစ်ဒါဇင်မှ တစ်ဒါဇင် မှ”
ဗိုလ်ချုပ်နှင့် သခင်နုတို့ ဘယ်အခါ၊ ဘယ်နေရာမှာ၊ ဘယ်လို စကားပြော အပေါက် မတည့်သည် ကို ကျွန်တော် မသိ၊ ဗိုလ်ချုပ်က သခင်နုကို ချော့သော ပဏာမ အခန်းမှာအထက်ပါ အတိုင်းပင်၊ အစ်ကိုကြီးကို ညီက ပြန်ချော့ သလို။
ထိုနေ့ မနက်စာ ထမင်းကို သခင် ဗဟိန်းနှင့် ကျွန်တော်တို့ သုံးဦးသား အတူစားကြရာတွင် ညနေဘက်၌ ဗိုလ်ချုပ်က သခင်နုထံ အလည် လာမည်ဟု ကျွန်တော် ကြားသိ ရလေသည်။ ထိုနေ့ ညနေက နေမင်းသည် ခပ်သုတ်သုတ် ၀င်သည့်ထင့်။
သခင်နု၏ အိမ်ခေါင်းရင်း ဘက်ရှိ မြက်ခင်းပေါ်တွင် နေရောင် ကောင်းစွာ မကျပါ။ ဆောင်းဦး ပေါက်မို့ ဓမ္မတာအတိုင်း နေ၀င်စောသည် ဖြစ်တန်ရာ၏။ သို့ရာတွင် မဟာမိတ် တို့၏ ဗုံးကျဲ လေယာဉ်ပျံ များမှာ ညနေ အချိန်တွင် မှန်မှန်ကြီး သောင်းကျန်းစ ပြုနေ ပြီဖြစ်၍ ကျွန်တော်၏စိတ်ထဲတွင် နေ ခပ်သုတ်သုတ် ၀င်သည်ဟု အစွဲအလမ်း ရှိမိပါသည်။
ကျွန်တော်သည် ကိုညိုထွန်း၏ တဲထဲ၌ တစ်ဦးတည်း ရှိနေပါသည်။ ဦးညာဏမှာ အနီးတွင် မရှိပါ။ ကိုမျိုးမင်းကား ဗဟန်းဘက်သို့ သွားနေပါသည်။ ထိုသို့ တစ်ဦးတည်း ရှိနေစဉ် အိမ်ရှေ့မှ မော်တော်ကားသံ ကြားရသည်။ ဦးစွာ ပထမ သခင်မြ ရောက်လာပါသည်။ နောက်မကြာမီပင် ဗိုလ်လက်ျာ လာပါသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ရောက်လာပါသည်။
မြက်ခင်းပေါ်တွင် ကုလားထိုင်များ စီထားပါသည်။ တစ်ဦးပြီး တစ်ဦး ကုလားထိုင်ရှိရာသို့ လာ၍ ထိုင်ကြသည်။
သူတို့တွေ့ကြ ဆုံကြ ဆွေးနွေးကြသည်မှာ ရိုးရိုးကိစ္စချည်းမဟုတ်ပါ။ တိုင်းပြည်တွင် ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပြင်းပြနေချိန်ဝယ် ခေါင်းဆောင်လုပ်သူတို့မှာ တိုးတိုးတိတ်တိတ်ကြိတ်၍ ဆွေးနွေးကြရခြင်းဖြစ်ပါ သည်။ ထိုဆွေးနွေးပွဲ၌ သခင်ဗဟိန်းသည်ပင်လျှင် ခပ်လှမ်းလှမ်းမှ နေပါသည်။ ထို့ကြောင့် သခင်ဗဟိန်းနှင့် အတူတူ တစိတစောင့်မျှသာ အကဲခတ်လိုက်ရပါသည်။
ထိုနေ့ညနေက ဗိုလ်ချုပ်တဦးတည်းလိုလိုပင် စကားဖောင်လောက်အောင် ပြောနေပါသည်။ သခင်နုကား ဗိုလ်ချုပ်ပြောသည်ကို ဂရုမထားသကဲ့သို့ ခပ်တည်တည် နေသည်။ သို့သော် ဗိုလ်ချုပ်က လက်ဟန်ခြေဟန်ဖြင့်လည်းကောင်း၊ ခေါင်းငဲ့၍လည်းကောင်း၊ ဟဲ-ဟဲ-ဟဲ-ဟဲ ဟု အသံထွက်အောင်ရယ်၍ လည်းကောင်း၊ စကားပြောလိုက်သည့်အခါ၊ သခင်နုသည်ဝင်၍ မပြောဘဲ မနေနိုင်ပါ။ ၎င်းတို့ နှစ်ဦးသား အချီအချပြောစဉ်၊ သခင်မြက ၀င်၍ ထောက်တတ်ပါသည်။ ဗိုလ်လက်ျာက တစုံတခုကို သွေးအေးအေးနှင့် စဉ်းစားသော အမူအရာဖြင့်၊ အင်းလိုက်နေပါသည်။ ကျွန်တော်တို့အဖို့ကား စာတမ်းလည်းမထိုး အသံလည်းမထွက်သော ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရဘိသကဲ့သို့။
ဗိုလ်ချုပ်က တဟဲဟဲနှင့်ရယ်သည်။ ဗိုလ်ချုပ်ရယ်တိုင်း သခင်နုက လေးနက်သော အသွင်ကိုဆောင်သည်။ လေးနက်သော အမူအရာပေါ်လာတိုင်း၊ ဗိုလ်လက်ျာက စဉ်းစဉ်းစားစားနှင့် “အင်း” လိုက်သည်။ ဗိုလ်လက်ျာ “အင်း” လိုက်တိုင်း သခင်မြက ပြုံးကာ အ,ထစ်၊ အ,ထစ် နှင့်ပြောသည်။
သခင်မြမှာ ကျွန်တော်၏ ငယ်ဆရာဖြစ်သည်။ သူစကားပြောလျှင် အစဉ်ပြုံး၍ လေသံကိုဖြတ်ကာ၊ ဖြတ်ကာ ပြောတတ်သည်။ သခင်မြသည် စကားထစ်သူမဟုတ်။ တခွန်းချင်း လေအေးအေးနှင့် ပြောတတ်သူဖြစ်ရကား အပေါ်ယံကြော၌ ထစ်သလိုရှိသော်လည်း၊ စကားပြောရာတွင်အလွန်ပြေပြစ်သူ ဖြစ်သည်။ စင်စစ်သူသည် လူငယ်တို့၏ စိတ်အားထက်မှုကို လူကြီးတို့၏ နှိုင်းနှိုင်းချိန်ချိန် သုခမိန်သဘောတရားတို့ဖြင့် သမအောင် နယ်ပေးတတ်သူဖြစ်သည်။ မည်သူက လက်သီးလက်မောင်း မည်သို့တန်းစေကာမူ၊ သခင်မြတချက်ပြုံးလိုက်လျှင်၊ တုံးဆိုတိုက် ကျားဆိုကိုက်ဟူ၍ ကြုံးဝါးနေသူသည် တုံးပင်မှန်စေ တိုက်သင့်ချိန်ရောက်မှ တိုက်မည်ဟူသော အသိတရားရကာ၊ ငြိမ်၍ကျသွားတတ်သည်။ ဗိုလ်လက်ျာ၏ “အင်း” လိုက်သံ။ ဗိုလ်ချုပ်၏ “ဟဲ” သံ၊ သခင်နု၏ “တိတိလင်းလင်းပြောမယ်” ဟူသော အသံတို့သည် ညဥ့်၏ လွှာရုံအောက်ဝယ် ငြိမ်သက်သွားပြီးနောက်၊ သခင်မြ၏ ချိုအေးသော အသံတို့သည် လွှမ်းမိုးလာပါသည်။ ထိုအခါမှ လူငယ်သုံးဦးတို့သည် တဦးနှင့် တဦးပိုမိုချစ်ခင်လေးစားအားထားသောအသွင်ကို ဆောင်ကာ၊ သခင်မြ၏ အနားသို့ ချဉ်းကပ်သည်ထက် ချဉ်းကပ်သွားကြပါသည်။
ကျွန်တော်ယနေ့အထိ သူတို့ဘာကို တိုင်ပင်ကြသည်ဟု မသိရပါ။ သခင်ဗဟိန်း၏ ပြုံးစနဲ့နဲ့ မျက်နှာထားမှာ အဓိပ္ပါယ်ထူးသော အသွင်ကိုဆောင်လျက် ရှိသည်ဟု ကျွန်တော်ရိပ်မိပါသည်။ သို့ရာတွင် မသိစေချင်သော ကိစ္စတခုကို စပ်စုလိုသော ၀သီ ကျွန်တော်၌ မရှိ။ အထူးသဖြင့် ဂျပန်ခေတ်၌ ထိုဝသီတို့ကို ချိုးနှိမ်ထားကာမှ အရေးတော်ပုံ လှချေမည်။
သို့သော် ဘာ့ကြောင့်မသိ။ သခင်ဗဟိန်းတယောက် သခင်နုအိမ်ပေါ်မှာနေရင်း၊ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားသော အချိန်၌ကား၊ ဗိုလ်ချုပ်၊ ဗိုလ်လက်ျာ၊ သခင်နု၊ သခင်မြတို့ စည်းဝေးတိုင်ပင်ကြသော ထိုညနေကို ကျွန်တော်ပြေး၍ သတိရမိသည်။
လူလုံးမပျောက်တပျောက်အချိန်တွင် သူတို့သုံးဦးသား သခင်နုအိမ်မှပြန်ကြသည်။ သခင်မြက ကျွန်တော့်အား သူနှင့် တွေ့ရန်မှာကြားသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်သည် ကျွန်တော့်အနားရောက်လာပြီးလျှင် မှုန်ကုတ်ကုတ်နှင့် ကြည့်သည်။
ဤကား ဗိုလ်ချုပ်သည် နှစ်ရှည်လများကွဲကွာနေသော မိတ်ဆွေတဦးအား နှုတ်ဆက်ခြင်းပင်ဖြစ်သည်။
“ခင်ဗျားကြီး ဒီရောက်နေတာကိုး” ဟု ဗိုလ်ချုပ်က မတုန်မလှုပ်လှသော မျက်နှာထားဖြင့် ပြောသည်။
“ဟုတ်ပဗျား” ဟု ကျွန်တော်ဖြေလိုက်သည်။ ဗိုလ်ချုပ်၏ မော်တော်ကားသည် ကြီးစွာသော မီးခိုးလုံးတို့ကိုလွှတ်၍ ကုက္ကိုင်းလမ်းမပေါ်သို့ တက်လေသည်။
ထိုမီးခိုးလုံးများအတူ၊ ကျွန်တော်၏ စိတ်တို့သည် လွင့်၍… လွင့်၍…
ထိုညတစ်ညလုံးအိပ်မပျော်။ ယနေ့တိုင် သခင်နုတို့သည် ဘာကို ရည်ရွယ်၍ စည်းဝေးကြောင်း ကျွန်တော်မသိ။ တခါမျှလည်း မေးမကြည့်မိ။ သို့ပါသော်လည်း ကျွန်တော်၏ ဦးနှောက်ထဲတွင် ထိုမြင်ကွင်းကလေးကို ဖျောက်၍မရ။ တိုင်းရေးပြည်ရေး ရှုပ်ထွေးစပြုလာပြီ။ ၁၉၄၃ ခုမှသည် ၁၉၄၄ သို့ကူးပြောင်းလာမည့်အချိန်သည် ကျွန်ုပ်တို့၏ တော်လှန်ရေးခေါင်းဆောင်များအဖို့၊ ထက်လှသော သင်ဓုန်းဓားပေါ်တွင် ဂျွမ်းပစ်၍ ကစားနေရသော အချိန်ဖြစ်သည်။ အင်္ဂလိပ်ဟူသည် အံခွအောင် စားဖူးသောဖိုးထူးဖြစ်သည်။ သို့သော်ဂျပန်ကား အံခွအောင်စားမည့်ဖိုးထူးဖြစ်သည်။ တဦးကား ၀၍ အီသွားပြီ။ အခြားတဦးကား ယခုမှ စားကာစဖြစ်၍၊ စားလို့သောက်လို့ ကောင်းတုန်းဖြစ်သည်။ ဂျပန်သည် အင်္ဂလိပ်ထက် ကြောက်စရာ ကောင်းသည်။ ခေါင်းဆောင်ပိုင်းများက ဤသဘောကို နားမလည်စေကာမူ၊ ကျွန်ုပ်တို့၏ သာပေါင်း ညာစားများကား ဂျပန်ကို မျက်နှာချိုသွေးဆဲဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးသမားများအား လက်ညှိုးထိုး၍ ပြမည့်သူများမှာ…
ကျွန်တော်ဆက်၍ မတွေးဝံ့ပါ။ ကိုယ့်အမျိုးသားထဲမှ လောက်ကောင်များကြောင့် တွေးတောရသည်မှာ မြိန်ရည်ရှက်ရည်မရှိပါ။ သို့သော် ကျွန်တော်ခွဲခွာလာခဲ့သော နယ်ကလေးအတွက် ပူပန်မိပါသည်။ ဂျပန်ကို ကဏ္ဍကောစပြုလာပြီဖြစ်သော ဒို့ဗမာအစည်းအရုံးခေါင်းဆောင်၊ အရှေ့အာရှလူငယ်များ အစည်းအရုံးခေါင်းဆောင် စသည်တို့အတွက် ပူပန်မိပါသည်။ ထို့ကြောင့်လည်း သခင်မြနှင့်တွေ့သည့်အခါ ကျွန်တော်နယ်အခြေအနေကို ခရေစေ့တွင်းကျပြောပြရပါသည်။ သို့ရာတွင် တော်လှန်ရေးကြီးထဲတွင် တော်လှန်ရေးကလေးများ ယဇ်ပူဇော်ခြင်းသာလျှင် ခံကြရဘို့ ရှိပေသည်။
တော်လှန်ရေး၏ ယဇ်ပလ္လင်၌ လူငယ်များနှင့်တကွ လူငယ်များ၏ လုပ်ငန်းကို ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြသူတို့သည် ၎င်းတို့၏ အသွေးအသားများကို မည်သို့ပင် တော်လှန်ရေး၏ ယဇ်ပလ္လင်၌ လူငယ်များနှင့်တကွ လူငယ်များ၏ လုပ်ငန်းကို ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြသူတို့သည် ၎င်းတို့၏ အသွေးအသားများကို မည်သို့ပင် ပူဇော်ကြရစေကာမူ၊ ပူဇော်ခြင်း၏ အကျိုးတရားကြောင့် လွတ်လပ်ရေးရသည်ကား လိုရင်းပင် ဖြစ်သည်။ သို့သော် ထိုစဉ်က ကျွန်ုပ်တို့၏ ရရှိသော လွတ်လပ်ရေးကား ပြာပူ လွတ်လပ်ရေးဖြစ်ရာ၊ တမျိုးသားလုံးမှာ ကဇွန်းဥ မီးအုံးသကဲ့သို့ ရှိလှသည်။
တနည်းအားဖြင့် ဤအဖြစ်မျိုးသည် ကျွန်ုပ်တို့ လူမျိုးအတွက်အလွန်ကောင်းသည်။
ပြာပူထဲတွင် ကဇွန်းဥအစိမ်းသည် တစိမ့်စိမ့်နှင့် ကျက်ရပေသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့လည်း နုနယ်သော ဘ၀မှ တစိမ့်စိမ့်နှင့် ရင့်ကျက်ခဲ့ရသည်။ တခါတရံ၌လည်း ဤသို့ တွေးမိသည်။ ယနေ့ကျွန်ုပ်တို့၏ အခြေအနေမှာ မကျက်တကျက် အခြေဖြစ်ရကား၊ ကယ်တင်ရှင်တဦးဦးသည် ကျွန်ုပ်တို့အား ပြာပူတွင်ထပ်၍ လှိမ့်နိုင်ခဲ့ပါလျှင်၊ ကျွန်ုပ်တို့သည် နောက်ထပ်ပို၍ ရင့်ကျက်ရဖို့ ရှိပေလိမ့်မည်။
သို့သော် ထိုစဉ်က လွတ်လပ်ရေးကို မည်သူတို့ ခံစားလျက်ရှိပါသနည်း။
ဤမေးခွန်းကို ယခုကျွန်တော် စစ်တမ်းထုတ်၍ ကြည့်သောအခါ၊ ထိုစဉ်က အဖြစ်အပျက်တရပ်သည် ကျွန်တော်၏ မှတ်ဥာဏ်ထဲ၌ ပေါ်လာပြန်ပါသည်ည။
ကျွန်တော်သည် နေ့ရက်အတိအကျတို့ကို ကောင်းစွာမမှတ်မိ။ ရှေးနှောင်း အစီအစဉ်တို့ကိုလည်း ကောင်းစွာသတိမရ။ သို့သော် ဖြစ်ပျက်ခဲ့သော အကြောင်းချင်းတို့ကား မနေ့ကမှ ဖြစ်ပျက်ခဲ့သလိုလို။ အတိတ်ကာလသည် ကျွန်တော်ရှေ့တွင် အထင်အရှားဇာတ်စုံခင်းလျက် ပြတုန်းပင်။
စိတ်အထင်ဂျပန်က မြန်မာကို လွတ်လပ်ရေးပေး၍ တနှစ်ပြည့်သော အထိမ်းအမှတ် ကျင်းပသည့်နေ့ဟု ထင်သည်။ ၁၉၄၄ ခု သြဂုတ်လဖြစ်တန်ရာ၏။
ထိုအခါက ကျွန်တော်သည် နိုင်ငံခြားရေးဌာနတွင် အလုပ်လုပ်နေရ၏။ အထူးသဖြင့် နိုင်ငံခြားရေးအတွက် ၀ါဒဖြန့်ချီရေးလုပ်ငန်းတို့တွင်၊ ကိုခင်မောင်လတ် (ယခုကိုယ်ပိုင် ကျောင်းဆရာကြီး)၊ ကိုတင်မောင် (ထင်ကြီး)၊ ကိုဘတုတ် (ယခု ရန်ကုန်တက္ကသိုလ် သင်္ချာပါမောက္ခ) စသော မိတ်ဆွေများနှင့် အတိုအထွာ ပတ်စာခွာဖျာသိမ်း ဟူသမျှ လုပ်ငန်းအစုံစုံတို့ကို ခြေဦးတည့်ရာလုပ်၍ နေရသည်။
ထိုအခမ်းအနားကို ကျင်းပရာ၌ လွတ်လပ်သော မြန်မာနိုင်ငံတော်အစိုးရ၏ ခေါင်သူကြီးများနှင့် ဂျပန်အစိုးရ၏ ထိပ်သီးများကို နေရာချထားရေးမှာ ကျွန်ုပ်တို့အဖို့ အလွန်ခေါင်းကိုက်စေသော အလုပ်များဖြစ်၏။
ထိုစဉ်က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမှာ ထီးပြိုင်နန်းပြိုင်အုပ်ချုပ်ရေးဖြစ်၏။ မြန်မာတနိုင်ငံထဲတွင် စင်ပြိုင်အစိုးရ သုံးခုရှိ၏။ ဂျပန်အစိုးရထိပ်သီး အစိုးရဖြစ်၏။ လွတ်လပ်သော မြန်မာနိုင်ငံတော်အစိုးရမှာ ဒုတိယတန်း အစားလိုက်သော အစိုးရဖြစ်၏။ နေတာဂျီဘို့စ် ခေါင်းဆောင်သော လွတ်လပ်သော အိန္ဒိယပြည်အစိုးရမှာ ကျွန်ုပ်တို့၏ ဧည့်သည်တော်အစိုးရဖြစ်၏။
ဂျပန်အစိုးရ၏ ကိုယ်စားလှယ်တော်များဖြစ်သော ဂျပန်သံအမတ်ကြီး ရင်ဒိုဆာဝါဒါ၊ ဂျပန်သေနာပတိချုပ် ဂျင်နရယ်က၀ါဘီ စသောပုဂ္ဂိုလ်တို့မှာ လွတ်လပ်သော မြန်မာနိုင်ငံတော်အစိုးရက ကျင်းပသည့် မည်သည့်အခမ်းအနား၌ မြင့်မြတ်သောနေရာဖြစ်သည့် အဓိပတိအရှင်မင်းကြီး ဒေါက်တာဘမော်၏ လက်ျာဘက်မှာသာနေလိုကြသည်။ ထိုနေရာ မရလျှင်၊ ရာဇအိနြေ္ဒကိုမျှမငဲ့ဘဲ၊ ထိပ်သီးဂျပန်တို့သည် ကြွက်စီ၊ ကြွက်စီ လုပ်လေ့ရှိ၏။
ယခုကျင်းပရမည့် အခမ်းအနားကို ဂျူဘီလီဟော၌ ကျင်းပရန် စီစဉ်ထားလေရကား၊ အခမ်းအနား မတိုင်မီပင် ကျွန်ုပ်တို့ နိုင်ငံခြားရေးရုံးမှ အရာရှိများအားလုံးသည် ဂျူဘီလီဟောတွင် စုရုံး၍ ကြိုတင်ပြင်ဆင်ကြကုန်သည်။
ထိုအခါ ပြဿနာတရပ်ပေါ်လာသည်။ ထိုအခမ်းအနားသို့ နေတာဂျီဘို့စ်ကိုလည်း ဖိတ်ထားသည်။ အဓိပတိကြီး၏ ဆန္ဒ၌ နေတာဂျီဘို့စ်ကို ဧည့်သည်တော်အဖြစ်ဖြင့် ဦးစားပေးလိုပေသည်။ ထို့ကြောင့် နေတာဂျီဘို့စ်အား သူ၏လက်ျာ၌ ထား၍၊ ဂျပန်သံအမတ် ရင်းဒိုဆာဝါဒါအား သူ၏ လက်ဝဲ၌ ထားရန်ကျွန်ုပ်တို့ လူသိုက်အား အမိန့်ပေးလိုက်၏။
ကျွန်တော်တို့အဖို့ အတော်အကြံအိုက်သွားပေသည်။ ကျွန်တော်တို့အား ဗိုလ်ချုပ်အောင်ဆန်းကို အဓိပတိ၏ လက်ျာဘက်၌ထားရန်စီစဉ်ထားသည်။ သို့သော် ယခုပုံလိုဆိုရင် အဓိပတိ၏ လက်ျာဘက်၌ ဗိုလ်ချုပ်အောင်ဆန်း၊ နေတာဂျီဘို့စ်၊ ရင်ဒိုဆာဝါဒါဂျင်နရယ်က၀ါဘီ၊ ၀န်ကြီးချုပ်သခင်မြစသော ပုဂ္ဂိုလ်အားလုံးတို့ကို နေရာချထားရန် ရှိနေပေသည်။
ထိုစဉ်က နိုင်ငံခြားရေးဌာနတွင် အလုပ်လုပ်နေသော ဦးမောင်မောင်ကြီးမှာ ထိုနေရာချထားရေး တာဝန်ခံဖြစ်၏။ သူသည် ပြာလောင်ခတ်လျက်နေသည်။ ထို့ကြောင့် ကျွန်တော်က ဘယ့်နှယ်လဲဗျို့ဟု မေးလိုက်မိ၏။
“ဘယ်နှယ်လဲဆိုရင်၊ က၀ါဘီကို အဓိပတိရဲ့ လက်ဝဲဘက် နေရာချထားတာ စစ်ဘက်က ကန့်ကွက်နေတယ်။ ခက်တာဘဲဗျာ။”
ဘယ်သူ ဘယ်ဘက်ကနေနေ၊ အရေးကြီးတာကတော့ ဗိုလ်ချုပ်နဲ့ နေတာဂျီ တို့ကို အဓိပတိရဲ့လက်ျာဘက်မှာ နေရာထားဖို့ဘဲ။ အဲဒါ ကိုယ့်လူကြည့်လုပ်ပေတော့။
ကျွန်တော်ကား စင်မြင့်ပေါ်ရှိ ကန့်လန့်ကာ နောက်မှနေ၍ အဓိပတိ၏ မိန့်ခွန်း၊ ဂျပန်သံအမတ်၏ မိန့်ခွန်း၊ ဂျပန်စစ်သေနာပတိ၏ မိန့်ခွန်း၊ ဗမာ့တပ်မတော် စစ်သေနာပတိ (ဗိုလ်ချုပ်အောင်ဆန်း)၏ မိန့်ခွန်း စသည်တို့ကို မိန့်ခွန်းမြွက်ကြားပြီးသည်နှင့် တပြိုက်နက် စုပေါင်း၍ သတင်းနှင့်ဝါဒဖြန့်ချီရေးဌာနမှတဆင့် သတင်းစာတိုက်များ အရောက်ပို့ပေးရန် ၀တ္တရားကျနေသည်။
ကျွန်တော်လက်ထဲတွင် မိန့်ခွန်းပေးမည့်သူ အသီးသီးတို့၏ ပေးမည့် မိန့်ခွန်းစာမူကို ကျွန်တော်မရသေး။ စောစောတင်ကြို၍ ရနိုင်ပါမှ၊ ထိုစာမူကို အင်္ဂလိပ်လို ဘာသာပြန်၍ သတင်းစာတိုက်နှင့် ဒိုမေသတင်းဖြန့်ချိရေးဌာနတို့ကို အချိန်မှီ ဝေနိုင်မည်ဖြစ်၏။
သို့သော် “ခရုမှာလည်း အဆံနှင့်၊ လူမှာလည်းအကြံနှင့်” ဟု ကျွန်တော်အား အရိပ်အမြွက်ပြောဘူးသော ဗိုလ်ချုပ်ကား၊ သူ၏ အကြံနှင့်သူ။
ထို့ကြောင့် စာမူကိုမျှော်သော်လည်း အကြောင်းမထူးချေ။ သို့ပါသော်လည်း ဂျပန်သံရုံးမှ သတင်းတွဲဘက် အရာရှိဖြစ်သူ ရှီမာနိုအုချိဆိုသော ချာတိတ်ကလေးမှာကား ကျွန်တော့်အား ဂျပန်သံအမတ်၏ ကြေညာချက်ကို ပေးရင်း၊ ဗိုလ်ချုပ်၏ မိန့်ခွန်းကို မရမက တောင်းဆိုနေသည်။
ကျွန်တော်က မရသေးဟု ပြော၏။ သူက မကျေနပ်။
“မင်းမကျေနပ်လဲ မတတ်နိုင်ဘူး။ သူတို့စစ်ဘက်က လူတွေကို ငါတို့ နိုင်ငံခြားရုံးက လွှမ်းမိုးနိုင်တာမဟုတ်ဘူး။ ဒီတော့ ဗိုလ်ချုပ်လာအောင် သည်းညည်းခံပြီး စောင့်ပါကွယ်။”
ကျွန်တော်က လေပျော့ဖြင့်၊ ခပ်တင်းတင်းပြောထား၏။ သို့သော် ရှီမာနိုအုချိ၌ သတင်းထောက် ဥာဉ်ရှိသည်။ သူ့စိတ်ထဲ၌ ဗိုလ်ချုပ်၏ မိန့်ခွန်းကို ကြိုတင်မရနိုင်ခြင်းသည် တနေရာရာ၌ တစုံတခုဖြစ်နေသောကြောင့် မရနိုင်ခြင်းဖြစ်ရမည်ဟု ထင့်နေဟန်တူ၏။ ထိုအတွင်း ကန့်လန့်ကာ၏ နောက်ကွယ်၌ ရှီမာနိုအုချိသည် သူ၏ဆရာဖြစ်သော ဂျပန်သံအမတ်နှင့် စကားပြောနေသည်။ ဂျပန်သံအမတ်၏ မျက်နှာထားသည် တောက်တဲ့၊ အိမ်မြှောင် စသည်တို့၏ မျက်နှာထားကဲ့သို့ အမြဲသေနေသော မျက်နှာထားမျိုးဖြစ်သည်။ ပြုံးစရာရှိ၍ မပြုံး။ မဲ့စရာရှို၍ မမဲ့။ ဒေါမနဿကြောင့် မျက်နှာထားမတင်း။ သောမနဿကြောင့် မျက်နှာထားမရွှင်။ သို့သော် အစဉ်သဖြင့်ကား “ငါသည် မြန်မာပြည်ကို အပေါ်စီးရနေသူ ဖြစ်သည်” ဟူသော မာန်တခွဲသားကို မနိုင့်တနိုင်နှင့် ချီပင့်ထားသော မျက်နှာမျိုးဖြစ်သည်။
သို့သော် ယခုသူတို့ ဆရာတပည့်နှစ်ဦးသား တီးတိုးပြောဆိုနေစဉ်၊ ကျွန်တော်တွေ့ရသော ရင်ဒိုဆာဝါဒါ၏ မျက်နှာထား၌ သင်္ကာယနံ့မကင်းသော အရိပ်အယောင်သန်း၍ လာလေပြီ။
ထို့နောက် အစီအစဉ်အရ ဂျပန်သံအမတ်ကို အဓိပတိ၏ လက်ဝဲဘက်၌ နေရာချထားကြောင်းကို သံအမတ်အား၊ ရှီမာနိုအုချိမှတဆင့် ကျွန်တော်တို့လူစုက အကြောင်းကြားလိုက်သောအခါ၊ သံအမတ်၏ မျက်နှာပေးမှာ အသက်ထွက်ခါနီး သင်းလိပ်ချောသည် ပိုးကောင်ကို မြင်၍ မာန်ဖီသကဲ့သို့ ရှိလှပေသည်။
သို့သော် ရင်ဒိုဆာဝါဒါမှာ သံအမတ်အဖွဲ့ပီပီ ၎င်း၏ဒေါသမူစိတ်တို့ကို မျက်နှာ၌ ပေါ်ထင်အောင်မပြ။ ဂျင်နရယ် က၀ါဘီကား ၎င်း၏ နှုတ်ခမ်းမွှေး ရှည်ရှည်ကုတ်ကုတ်ကို ပိန္နဲရွက်ဝါးသော ဆိတ်ကုလား၏ မုတ်ဆိတ်ကဲ့သို့ လှုပ်တုတ်လှုပ်တုတ်နှင့် လုပ်သည်။ တင်နိုဟေကာ၏ စစ်သားပီပီဒေါဖောင်းကာ နေရာလုနေသည်။
ကန့်လန့်ကာနောက်ပိုင်းတွင် ထိပ်သီးဂျပန်အရာရှိများ ပွက်လောရိုက်နေစဉ်၊ ကြမ်းပြင်ကို ဒုန်းဒုန်းနှင့် ဆောင့်၍ နင်းသောအသံကြားလိုက်ရပါသည်။ ဗမာ့တပ်မတော်မှ အစောင့်အရှောက်စစ်သားများသည် လှုပ်ရှားသွားလေသည်။ စစ်ဖိနပ်စီးထားသော ဘယ်ခြေဖနောင့်၊ ညာခြေဖနောင့်နှင့် ရိုက်လိုက်သော “ခွပ်” သံများသည် ပတ္တလားကို တချက်တည်းနှင့် လှိမ့်တီးလိုက်သော အသံကဲ့သို့ပေါ်လာပြီးနောက်၊ ကိုယ်ရံတော် ဗိုလ်မှူးတို့ခြံရံသော ဗိုလ်ချုပ်သည် ဂျူဘီလီဟော စင်မြင့်ပေါ်သို့ တောင်ဘက်လှေခါးဆင့်မှ တက်လာသည်ကို တွေ့ရပါသည်။
ကန့်လန့်ကာနောက်မှ ပွက်လောရိုက်သံတို့မှာ ငြိမ်၍၀ပ်သွားပါသည်။
ဂျပန်သံအမတ်က သူ၏ တပည့်ရှီမာနိုအုချိကို မျက်ရိပ်မျက်ကဲ ပြသည်။ ရှီမာနိုအုချိက ကျွန်တော်ရှိရာဘက်သို့ ခြေလှမ်းလှမ်းခဲ့သည်။ ကျွန်တော်ကား ရှီမာနိုအုချိ နားပူတော့မည်ကို သိနှင့်၍ ဗိုလ်ချုပ်ထံ ပြေး၍ကပ်ပါသည်။
“ဗိုလ်ချုပ်မိန့်ခွန်းကို အဆင်သင့်ရေးလာသလား” ဟု ကျွန်တောက တိုးတိုးမေးပါသည်။
ဗိုလ်ချုပ်က သူ့ကာကီ အင်္ကျီအိတ်ကို ပုတ်ပြပြီး၊ စာရွက်များကို ဆွဲထုတ်လိုက်သည်။
“ကျုပ်ကိုယ်တိုင် ရေးလာတယ်။ ဒါပေမယ့် ခင်ဗျားကို မပေးနိုင်ဘူး။”
သူက ဤသို့ပြောသော်လည်း ကျွန်တော်က အလိုက်မသိသေးချေ။
“ဒါဖြင့် ဒီမိန့်ခွန်းကို ပြောပြီးရင် ကျွန်တော်ကို ပေးပါ။ ကျွန်တော် ဗိုလ်ချုပ်နောက်နားမှာဘဲ နေပါမယ့်။”
“ဘာလုပ်ဖို့တုံး။”
ကျွန်တော်က ဂျပန်သံအမတ်ကို မေးငေါ့ပြ၍ “သူတို့က ကျွန်တော့်ကို လာပူနေတယ်။” “လက်တန်းပြောမယ်လို့ ပြန်ပြောလိုက်ဗျာ။”
ထို့နောက် အဓိပတိသည် ၀န်ကြီးများ အခြွေအရံနှင့် စင်မြင့်ပေါ်သို့ တက်ရောက်လာပြီးလျှင် နိုင်ငံခြားရေးရုံးမှ စင်မြင့်ပေါ်သို့တက်ရောက်လာပြီးလျှင်၊ နိုင်ငံခြားရေးရုံးမှ ပုံစံဖြင့်ပြ၍ နေရာချထားသော နေရာသို့ အသီးသီး အသက၊ အသက ၀င်ကြလေသည်။
ပုံစံတွင် မည်သို့နေရာချထားသည်ကို ကျွန်တော်မမှတ်မိ။ သို့သော်၊ ဂျင်နရယ်က၀ါဘီမှာ အဓိပတိ၏ လက်ျာဘက်တွင် ရောက်၍နေသည်ဟု ကျွန်တော်အမှတ်ထားမိသည်။ ဗိုလ်ချုပ်နှင့် မနီးမဝေး၌ရှိသည်။
အားလုံးသော ပုဂ္ဂိုလ်တို့က ဆိုင်ရာဆိုင်ရာ မိန့်ကြားချက်များကို မိန့်ဆိုကြသည်။ ဂျင်နရယ်က၀ါဘီအလှည့်သို့ ရောက်သောအခါသူသည် ဂျပန်ဓားလွတ်ကို ဓားအိမ်မှမချွတ်ဘဲ သူ၏ ရှေ့တည့်တည့်တွင်ထောက်ကာ၊ ဓားလွယ်လက်ကိုင်ပေါ်ကို လက်နှစ်ဖက်တင်၍ မိန့်ခွန်းစကားပြောဆိုပါသည်။ ကျွန်တော်တို့မှာ ဂျပန်စကားနားမလည်သည်နှင့် သူပြောသည့်စကားထဲမှ “အနတ၀ါ” ဟူသောစကားသံကိုသာ ကျက်မိသောကြောင့်၊ အယုတ္တအနတ္တစကားပြောသည်ဟု အချင်းချင်းလက်တို့ ရယ်မောမိကြသည်။
သို့သော် ဂျင်နရယ်က၀ါဘီပြောသွားသော စကားထဲ၌ ရယ်စရာတကွက်မျှမပါ။ အားလုံးသော စကားတို့သည် မြန်မာတမျိုးလုံးကို ကလေးသူငယ်ပမာထား၍ ကြိမ်းမောင်းဆုံးမသော စကားမျိုးဖြစ်သည်။
က၀ါဘီက ပြတ်တောင်းပြတ်တောင်းနှင့် ပြောသောစကားသံထဲတွင် ဒေါသသံပါကြောင်းကို ဂျပန်စကားနားမလည်သူတို့ပင်လျှင် ရိပ်မိကြပေသည်။
ကျွန်တော်က ဂျပန်သံရုံးသားများထံသွား၍၊ ဗိုလ်ချုပ်သည် အလုပ်များသောကြောင့် မိန့်ခွန်းကို အစီအစဉ်နှင့် ရေးမထားနိုင်သဖြင့်၊ လက်တန်းစကားပြောလိမ့်မည်ဟု သတင်းပို့ထားရ၏။ ဂျပန်တတွေမှုန်ကုတ်ကုတ်နှင့် နေကြသည်။ ရှီမာနိုအုချိက ဗိုလ်ချုပ်ပြောစကားအတိုချုပ်ကို အင်္ဂလိပ်လိုရေးပေးရန် ပူဆာပြန်သည်။ ကျွန်တော်က စစ်ဘက်ပြောသောစကားကို ကျွန်တော်တို့ဌာနတာဝန်ယူ၍ လုပ်ပေးရန်ခဲယဉ်းကြောင်း၊ စစ်မိန့်ရမှ လုပ်ပေးနိုင်ကြောင်း၊ စစ်ဘက်ဆိုင်ရာတို့နှင့် တိုက်ရိုက်ဆက်သွယ်သင့်ကြောင်း ရှီမာနိုအုချိအား စကားကုန်ပိတ်၍ ပြောလိုက်သောကြောင့် ကျွန်တော်ကို နောက်ထပ်သူတို့နားမပူတော့ပါ။
ဗိုလ်ချုပ်စ၍ စကားပြောရန် သူ့အိတ်တွင်းမှ စာရွက်တစ်ထပ်ကို ထုတ်ပါသည်။ စာရွက်တို့ကိုဖြန့်၍ ပြတ်သားစွာစကားစပါသည်။
ဂျူဘီလီဟောထဲ၌ အသံများဆိတ်နေသည်။ ဗိုလ်ချုပ်၏ အသံသည် ပြတ်သားစွာပေါ်ထွက်လာပါသည်။
ဗိုလ်ချုပ်၏ မိန့်ခွန်းမှာ က၀ါဘီ၏ ကြိမ်းမောင်းမှုတို့ကို ထီမထင်ရယ်ပြုသော မိန့်ခွန်းဖြစ်သည်။ မြန်မာတမျိုးသားလုံးက ဂျပန်တမျိုးသားလုံးကို “ကျားနှင့်ဆင် လယ်ပြင်ကျမှ တွေ့ရစေ့မဟေ့နော်” ဟုကြိမ်းဝါးလိုက်သော မိန့်ခွန်းဖြစ်သည်။
ဂျူဘီလီဟောတခုလုံးမှာ ဆိတ်၍နေသည်။
ထိုအချိန်၌ မတော်တဆ အတွင်းဝန်တဦးဦး၏ တောင်ရှည်ပုဆိုးမှ ခါးပုံစတခု ပြုတ်၍များကျခဲ့လျှင် ရှီကနဲမြည်ဟီးလောက်ပေသည်။
ဗိုလ်ချုပ်သည် သူ၏ ဘောင်းဘီထဲမှ စက္ကူလိပ်ကြီးကို ထုတ်ကာ တရွက်ပြီးတရွက်လှန်ရင်း သူစိတ်ကူးထည့်ရာ ရေးသားလာသော စကားတို့ကို ပြောကြားလေသည်။ မိန့်ခွန်းထဲတွင် စိတ်ပါဝင်စားလာသောအခါတိုင်း သူ၏ဦးခေါင်းကို ဘယ်ဘက်သို့ ဆတ်ကနဲခါလိုက် ညာဘက်သို့ ဆတ်ကနဲခါလိုက်၊ သုံးလေးငါးကြိမ်လောက် ဆတ်ကနဲခါပြီးသည့်နောက် ကျွန်ုပ်တို့ အားလုံး ကြက်သီးမွေးညှင်းထလောက်သည့် စကားပိုဒ်ကို ပြောလေသည်။
ဗိုလ်ချုပ်ပြောသလို ကျွန်တော် ပြန်မပြောတတ်တော့ပါ။ သို့သော် သူ၏အသံသည် ယနေ့တိုင် ကျွန်တော့်နားထဲမှ မထွက်သေး။ ယခု ကျွန်တော်ပြောပြနေသော ပြခန်းကလေးတကွက်ကို မှတ်မိသူများအဖို့လည်း ယနေ့တိုင်နားမှထွက်နိုင်ကြမည် မဟုတ်ဟု ကျွန်တော်ထင်ပါသည်။
ဤခေတ်နှင့် တပြေးတည်းဖြစ်ပေါ်နေသော အချင်းအရာတို့ကို မော်ကွန်းတင်ကြသူတို့တွင် ကျွန်ုပ်တို့ လွတ်လပ်ရေးကြိုးပမ်းမှုကို ပျက်ချော်ချော်ပြောကြသူ နိုင်ငံခြားသားအများပင် ရှိပါသည်။ ထိုသူတို့ပင် ဗိုလ်ချုပ်သည် ဂျပန်ကို ပင့်ဆောင်လာပြီးနောက် အင်္ဂလိပ်အရေးသာမည် ထင်သောအခါ အင်္ဂလိပ်ဘက်ဝင်သည်ဟု အမနာပစကားပြောကြပါသည်။
ကျွန်တော်သည် ထိုမျှစော်ကားသောစကားကို ပြန်ဖြေနိုင်လောက်သော ရာဇ၀င်ဆရာမဟုတ်ပါ။ ကျွန်တော်ထက်ပြောပိုင်ဆိုပိုင်ရှိသူ လော့ဒ်လူဝီမောင့်ဘက်တန်က သူ၏မှတ်တမ်းဖြစ်သော စာအုပ်တအုပ်တွင် ရှင်းပြပြီးဖြစ်သည်။ ရာဇ၀င်ကို ပုဂ္ဂိုလ်စွဲအားဖြင့် မသုံးသပ်၊ ဓမ္မဒိဋ္ဌာန်ဖြင့် သုံးသပ်သူတို့ပင်လျှင် လက်ခံပြီးဖြစ်၍ ဗိုလ်ချုပ်ဘက်မှ ကျွန်တော်ရှေ့နေလိုက်စရာမလိုပါ။ သို့သော် ကျွန်တော်တို့ အမျိုးသားအချင်းချင်းတို့သည် ဗိုလ်ချုပ်၏ စေတနာနှင့် စေတသိက်တို့ အဘယ်ပုံရှိခဲ့သည်ကို ပိုမိုသဘောပေါက်ရန် ဖော်ပြလိုပေသည်။
ကျွန်ုပ်တို့သည် နှစ်ပေါင်း ၁၂၀ မျှ နိုင်ငံခြားသားတို့၏ စိုးမိုးခြင်းကို ခံခဲ့ရသည်။ ထိုနှစ်များအတွင်းတွင် ခေါင်းဖော်နိုင်ရန် တရံတဆစ်မျှအကွက်ကောင်းမရခဲ့ကြ။ ဒုတိယ ကမ္ဘာစစ်ကြီးသည်သာလျှင် လွတ်မြောက်ရေးအတွက် အခွင့်ကောင်းဖြစ်ခဲ့သည်။
သို့ပါသော်လည်း ကျွန်ုပ်တို့ တမျိုးသားလုံးမှာ နှစ်လက်မထက်ပိုသော အသွားရှိသည့်မောင်းချဓားကို ကိုင်ဆောင်မိလျှင် တရားစွဲခံရတတ်ပါသည်။
ထိုသို့သော လူမျိုးတမျိုးအား နှစ်ရှည်လများလွှမ်းမိုးနေသော လူမျိုးတမျိုးအား တော်လှန်ရာတွင် ရနိုင်သမျှသော အခွင့်အရေးကို သုံးကြမည် ဖြစ်ပေသည်။
အသွားနှစ်လက်မရှိသော မောင်းချဓားက .၃၀၃ မတ်စကက်သေနတ်ကို တော်လှန်နိုင်ရန် ရနိုင်သမျှသော အခွင့်ကောင်းကို ယူမည်သာဖြစ်သည်။ သို့သော် ထိုအခွင့်ကောင်းကိုယူရာ၌ ဗိုလ်ချုပ်သည် ဂျပန်၏ သစ္စာခံမဟုတ်၊ အင်္ဂလိပ်၏ သစ္စာကိုမစောင့်၊ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများတို့၏ ကျေးဇူးသစ္စာကို သာလျှင် စောင့်သိရိုသေခဲ့သည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် ဂျပန်စစ်တပ်တို့ မြန်မာပြည်ကို ၀င်လာသည်ဆိုလျှင်ပင် ဂျပန်တော်လှန်ရေးကို သူ၏ ဦးနှောက်ထဲတွင် ကြံဆထားခြင်းဖြစ်သည်။
ဤအကြံ၏ အရိပ်နိမိတ်တို့သည် ဗိုလ်ချုပ်၏ ဂျူဘီလီဟောမိန့်ခွန်းတွင် ပေါ်ပေါက်လာခဲ့သည်။
“ကျုပ်တို့ ယခုလွတ်လပ်ရေးရပြီလို့ဆိုတယ်။ ဒါပေမယ့် လွတ်လပ်ရေးကို ဘယ်သူတွေခံစားနေသလဲ။ ကျုပ်ရှင်းရှင်းပြောမယ်၊ ကျုပ်တို့နဲ့တကွ ကျုပ်တို့ရဲ့ အပေါင်းအဖော် ၀န်ကြီးတွေ၊ သူတို့ရဲ့ သားမယားတွေ၊ အခြွေအရံတွေ၊ ကျုပ်တို့ကို ကပ်ယပ်စားလုပ်နေတဲ့သူတွေ၊ အဲသလောက်ပဲ လွတ်လပ်ရေးရဲ့ အရသာကို ခံစားနေကြတယ်”
ဗိုလ်ချုပ်၏ မိန့်ခွန်းမှာ အထက်ပါ အချက်ကို မဏ္ဍိုင်ပြု၍ မိန့်ကြားသော မိန့်ခွန်းဖြစ်သည်။ လွတ်လပ်ရေးဘယ်မှာတုံး။ အပေါ်ယံအလွှာတထပ်၌သာ လွတ်လပ်ရေးတည်သည်။ စင်စစ်မြန်မာ့လူထု၏ လွတ်လပ်ရေးကား အဘယ်မှာနည်း။ လူထုလက်ထဲသို့ လွတ်လပ်ရေးအပ်ရဦးမည်။ လွတ်လပ်ရေးကို လူထုထံသို့ အရောက်ပို့မပေးနိုင်သမျှ ကျွန်ုပ်တို့လုပ်ငန်းမပြီးသေး။
ဗိုလ်ချုပ်ပြောသွားသော စကားရပ်တို့၏ သဘောမှာ ထိုသို့ဖြစ်သည်။ ဗိုလ်ချုပ်ပြောနေစဉ် အဓိပတိ ဒေါက်တာဘမော်က ဗိုလ်ချုပ်ဘက်သို့ ခေါင်းမငဲ့ဘဲ မျက်စိသာလှည့်၍ လိုက်သောအကြည့်မျိုးကို ကျွန်တော်ဘေးက ချောင်းကြည့်ခဲ့သည်။
အခမ်းအနားပြီးဆုံးသောအခါ လူအများပင် ရုံးရုံး၊ ရုံးရုံး နှင့် လှုပ်ရှား၍၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြသည်။ စင်မြင့်ပေါ်တွင် ကျွန်တော်တို့ လူစုနှင့် ဂျပန်လူစု ရှုပ်ရှက်ခတ်သွားသည်။ ဗိုလ်ချုပ်တစုံတခု ပြောသည်။ ဗိုလ်ချုပ် ပြောစကားကို ပရိသတ်တို့ မလှုပ်မရှက် နားထောင်ကြသည်။ ဗိုလ်ချုပ်၏အမူအရာမှာ တစုံတခုကို ပြုလုပ်တော့မည်ကဲ့သို့ သန္နိဋ္ဌာန်ချထားဟန်ရှိသည်။ သူပြောကြားသော မိန့်ခွန်းမှာ လေးနက်သော အဓိပ္ပါယ်ရှိသည်။
ဂျပန်များ၏ ဦးနှောက်ထဲတွင် ထိုအတွေးများဝင်သည့် လက္ခဏာရှိသည်။ “သူဘာပြောသလဲ၊ သူဘာပြောသလဲ” ဟု ရှီမာနိုအုချိက ကျွန်တော်ကို ခဏခဏမေးသည်။ ကျွန်တော်က ၀ိနည်းရှောင်၍ ပြောပြသည်။ သို့သော် ရှီမာနိုအုချိနှင့် သူ့ဆရာ ရင်ဒိုဆာဝါဒါတို့သည် ယောင်တီးယောင်တဖြစ်နေကြသည်။ က၀ါဘီသည် ဓားလွတ်ကို ကြမ်းပြင်ထောက်ကာ တအောင့်လောက်ငိုင်နေသည်။ ထို့နောက် စင်မြင့်ပေါ်မှ လူအများသည် အစီအစဉ်အတိုင်း ဆင်းသွားကြသည်။
ကျွန်တော်မှတ်မိသမျှမှာ ထိုညနေပိုင်းလောက်တွင် ပရိသတ်တို့ကို မြန်မာတူရိယာဂီတ၊ ဂျပန်တူရိယာဂီတတို့ဖြင့် ဖြေဖျော်သည်။ ဂျပန်တူရိယာဝိုင်းက Song to Burma ခေါ် မြန်မာနိုင်ငံကို ရည်ညွှန်းစပ်ဆိုသော သီချင်းဖြင့်ဧည့်ခံသည်။
ရေးစပ်သူမှာ ဂျပန်ကဗျာဆရာ တဦးဖြစ်သည်။ သူ့ကဗျာကို သီချင်းရေးတတ်သူတဦးက ဂီတသွင်းထားသည်။ ထိုတေး၏ စာသားမှာ မြန်မာနိုင်ငံကို အခြောက်တိုက်မြှောက်ပင့်ထားသော စာသားများ ဖြစ်သည်။ စာသားနည်းတူ ဂီတသံမှာ အခြောက်တိုက်ပင့်သော အသံသာဖြစ်လေရာ၊ ထိုနေ့က ထိုဂီတသံသည် ကျွန်ုပ်တို့ တမျိုးသားလုံးအား သရော်နေသည်ဟု ကျွန်တော်မှတ်ထင်မိပါတော့သည်။
နောက်တနေ့ထုတ် ဒိုမေသတင်းတွင် “ဗိုလ်ချုပ်သည်လည်း မိန့်ခွန်းစကားမြွက်ကြားကြောင်း” ဟူသော အကျဉ်းချုပ်စကားတို့ကိုသာ တွေ့ရလေတော့သည်။
သို့သော် မြန်မာလူထုကား ယခုရသောလွတ်လပ်ရေးကို မိမိတို့လက်ထဲရောက်အောင် မည်သို့လုပ်ရမည်နည်းဟူသော ပြဿနာသည် လေးလေးနက်နက် စဉ်းစားရမည့်ပြဿနာဖြစ်ပြီဟု စွဲစွဲမြဲမြဲ တွေးတောကြံဆစ ပြုလာလေသည်။ “ဗိုလ်ချုပ်က သေဆိုယင်သေ၊ ရှင်ဆိုရင်ရှင်” ဟူသော စိတ်ဓာတ်သည် လူထု၌ တက်ကြွ၍လာလေပြီ။
မြန်မာတမျိုးသားလုံး စိတ်ငယ်စပြုလာချိန်ဝယ် ဗိုလ်ချုပ်သည် ထိုနည်းနှင်နှင် တမျိုးသားလုံး၏ စိတ်ဓာတ်ကို စကားတခွန်းဖြင့် နှိုးခဲ့လေသတည်း။
ဆက်လက်ဖတ်ရှုရန်
ဆက်ရန် http://www.mediafire.com/?xw12zmjjzlz
No comments:
Post a Comment