12 Aug 2012

သခင်ဘသောင်း (၄)

သမိုင်းတကွေ့မှ ဆရာကြီး သခင်ဘသောင်း


ဆရာကြီးသခင်ဘသောင်းသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မှန်ကန်စွာဦးဆောင်မှုပေးနိုင်ခဲ့သည့် ‘တို့ဗမာအစည်းအရုံး’ ၏ ဖခင်ကြီးဖြစ်သည်။ သခင်ဘွဲ့ကိုစတင်ခံယူခဲ့သောကြောင့် ‘သခင်အစ ဘသောင်းက’ ဟု ပြောစမှတ်ပြုခဲ့ကြသည်။

ဆရာကြီးသည် နိုင်ငံရေး၌ မီးရှုးတန်ဆောင်ဖြစ်သလို၊ စာပေရေးရာ၌လည်း စံပြုရမည့်စာပေပညာရှင်တဦးဖြစ်သည်။ ဆရာကြီးသည် ၁၉၂၅ ခုဖေဖော်ဝါရီလတွင် စတင်ထုတ်ဝေခဲ့သော ဂန္တလောကမဂ္ဂဇင်း (The- World of Books) ၏ ဘာသာပြန်ပြိုင်ပွဲအမှတ် (၁) မှစတင်၍ အမည်ရင်းဘီတီ(B.T) (ဘသောင်း) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၉၂၇ ခု၊ ဧပြီလထုတ် ဂန္တလောကမဂ္ဂဇင်း ဘာသာပြန်ပြိုင်ပွဲအမှတ် (၃-ခ)မှ ၁၉၂၇ ခုနှစ်ဇူလိုင်လထုတ် ဂန္တလောကမဂ္ဂဇင်း ဘာသာပြန်ပြိုင်ပွဲအမှတ် (၆-ခ) အထိငါးကြိမ်တိုင်တိုင် ပထမဆုရခဲ့သည်။ ထို့ကြောင့် သူ့အား မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးတော့ ချေ။ သို့သော် ဂန္တလောကမဂ္ဂဇင်း တည်းဖြတ်ထုတ်ဝေသူများက ဘာသာပြန်ထူးချွန်သူ ဆရာကြီးအား ဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာအဖြစ် ၁၉၂၈ ခုနှစ်သြဂုတ်လမှစတင်၍ ခန့်အပ်လိုက်သည်။ ဆရာကြီးကို ဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာအဖြင့် ခန့်အပ်ခဲ့ခြင်းနှင့်ပတ်သတ်၍ မဂ္ဂဇင်းတည်းဖြတ်ထုတ်ဝေသူ အိုင်စီအက်စ် (ခေါ်) အိန္ဒိယပဋိဥာဉ်ခံ အုပ်ချုပ်ရေးဝန်ထမ်း၊ ကြေးတိုင်းမင်းကြီး ဟောင်း ဂျေ၊ အက်စ်ဖာနီဗယ် (J.S Furnival) က …
“ထိုဘာသာပြန်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သူတယောက်သည် အခြားဝင်ရောက်ယှဉ်သူများ မပါသည့်အလားသူ့ချည်း လေးခါငါးခါ ဆက်ကာဆက်ကာ ဆုကိုယူတော့သည်။ ကျွန်ုပ်တို့သည် လူတယောက်တည်းကိုချည်း တလပြီးတလ ဆက်ကာဆုပေးနေမည်ဆိုလျှင် ကျွန်ုပ်တို့ပြိုင်ပွဲမှာ ရယ်စရာဖြစ်နေဖို့ရှိတော့သည်။ ထိုအခိုက်တွင် ကျွန်ုပ်တို့မှာဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်းအတွက် တည်းဖြတ်သူလို နေသဖြင့် ထိုသူကိုပင် တည်းဖြတ်သူ ခန့်ရမလိုဖြစ်နေသည်။ သူ့ကိုတွေ့ရဖို့ကလည်းမလွယ်လှ။ သူကရှက်တက်သည်။ သို့ရာတွင် တနေ့သောနံနက်ခင်းမှာ အသိဥာဏ်ထူးချွန်၍ စိတ်ဓါတ်ကြံ့ခိုင်သောလူငယ် တယောက်သည် ကျွန်ုပ်တို့၏ အလုပ်ခန်းသို့ပေါက်လာပြီးလျှင် ဘာသာပြန်ပြိုင်ပွဲ၌ ဆုရသောမောင်ဘသောင်းမှာ သူပဲဖြစ်ပါသည်ဟုပြောလာသည်။ ကျွန်ုပ်က အတော်လေးနားချသဖြင့် သူ၏လွတ်လပ်ခြင်းကိုစွန့်လွှတ်ပြီးလျှင် ဂန္တလောကမဂ္ဂဇင်း၌ဝင်၍ အလုပ်လုပ်ပါသည်။ ဂန္တလောကမဂ္ဂဇင်းမြန်မာပိုင်းလည်း မောင်ဘသောင်း၏ စိတ် အင်အားထက်သန်မှုကြောင့် အတော်ကလေးကျော်ကြားလာပြီးလျှင်၊ မြန်မာ လူငယ်စာရေးဆရာကလေးများအနက် နောင်အဖို့တွင် မြန်မာစာပေလောက၌ ကျော်ကြားလာသူမနည်း” ဟု မှတ်တမ်းတင်ခဲ့ပါသည်။

ဆရာကြီးသခင်ဘသောင်းသည် “ဂန္တလောကမဂ္ဂဇင်း” မြန်မာပိုင်းအယ်ဒီတာအဖြစ် ၁၉၂၈ သြဂုတ်လ မှ ၁၉၃၁ ခုဇူလိုင်လအထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ဆရာကြီးသည် ဂန္တလောကမြန်မာပိုင်းခေါင်းကြီးနှင့်တကွ၊ လစဉ် ဂရိပုံပြင်ဘာသာပြန်၊ ပုံပြောမယ်၊ ဝိဇ္ဖာလမ်းညွှန်နှင့် စာအုပ်ဝေဖန်ရေးကဏ္ဍများကို ကလောင်အမည်မခံပဲ ရေးသားခဲ့သည်။ သူသည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစွယ်စုံ ထူးချွန်သူဖြစ်၍ ဂန္တလောကမဂ္ဂဇင်း အင်္ဂလိပ်ပိုင်းခေါင်းကြီး တချို့ကိုပင်ရေးသားခဲ့သည်။

ဆရာကြီးသခင်ဘသောင်းသည် ဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာအဖြစ် ဆောင်ရွက်နေစဉ် ပြင်သစ်ပြဇတ် ဆရာမောလယဲ (Moliere) ၏ ဆရာဝန်ပါပဲ’ ပြဇတ်(le Medecin Matgre Lui)ကို မြန်မာ ပြန်ဆိုခဲ့သည်။ မြန်မာစာပေတွင် ပထမဆုံးသော ခေတ်သစ်ပြဇတ်ဖြစ် ၍ မြန်မာပြည်စာအုပ်ကလပ်မှ ၁၉၂၈ ခု နှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ‘ကမ္ဘာ့ရာဇဝင်ချုပ်’ (The Outline of General History) ကို မြန်မာပြန်သည့်အတွက် ၁၉၂၉ – ၃၀ တွင် ဝေလမင်းသားဘာသာပြန်ဆု ငွေတထောင်ကျပ် ချီးမြှင့်ခံရသည်။

ဆရာကြီး၏စာမှာ ရှင်းလင်းရုံမက ပြတ်သားလှသည်။ စကားလုံးများက တောက်ပြောင်ရုံမက လေးနက်လှသည်။ ဝါကျများမှာတိုရုံမက ထိမိသည်။ ဆရာကြီး၏စကားပြေအရေးအသားသည် ထိုခေတ် ထိုအခါက အများတကာရေးသားလေ့ရှိကြသည့်စကားပြေနှင့်မတူ။ သစ် လွင်သော စကားပြေဖြစ်၏။ ထို့ပြင် သူမတူအောင်ထက်မြတ်၏။ ဘာသာပြန်လက်ရာများမှာလည်း မြန်မာဆန်၍ ညက်ညက်ညောညောရှိ သည်။ ထို့နောက် ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဘာသာပြန်နည်းပြအဖြစ် ခန့်အပ်ခြင်းခံရသည်။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နည်းပြအဖြစ်ဆောင်ရွက်စဉ် တပည့်များကိုပညာသင်ပေးရင်း အမျိုးသားရေးကိုလည်းဝါဒဖြန့်သည်။

တက္ကသိုလ်တွင် အမျိုး သားရေးဝါဒဖြန့်သောအလုပ်ကိုမလုပ်ရဟု ပိတ်လိုက်သောအခါ ဆရာကြီးသည် အလုပ်မှထွက်လိုက်ရသည်။ ထိုစဉ်က တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာဒီဂျေစလော့ (Mr. D.J Sloss) က “ မိမိစိတ်က မှန်သည်ဟုယုံကြည်သောအယူဝါဒကိုမစွန့်ပဲ မိမိအသက်မွေးမှုအ လုပ်ကိုစွန့်သောသူမှာ မောင်ဘသောင်းတယောက်ပဲရှိသည်” ဟု ချီးကျူးခဲ့သည်။

ထိုနောက် ဆရာကြီးသည် တို့ဗမာအစည်းအရုံးကို ၁၉၃၀ ပြည့်နှစ်မေလတွင် ဆန္ဒတူလူငယ်တစုနှင့်ပူးပေါင်း၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အစည်းအရုံးတည်နေရာကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရေတာရှည်လမ်း၊ ခြံအမှတ် ၃၃ (ယခု ၁၃၃) ၌ ဖွင့်လှစ်ထားသည်။ အမှန်စင်စစ် ထိုနေရာသည် ဆရာကြီးသခင်ဘသောင်းနှင့် ဇနီးဒေါ်ကြည်တို့၏ နေထိုင်သောအိမ်ဖြစ်သည်။ တို့ဗမာအစည်းအရုံးအဖွဲ့ဝင်တိုင်းသည် မိမိတို့၏အမည်များရှေ့တွင် မောင်၊ ကို၊ ဦး အစား ‘သခင်’ တပ်၍ မှည့်ခေါ်ရသောကြောင့် သခင်ဘသောင်းဟူ၍ မြန်မာ့နိုင်ငံရေးသမိုင်းစဉ် တွင်ထင်ရှားလာခဲ့သည်။ ဆရာကြီးသည် သခင်အမည်ကို ပထမဦးဆုံးခံယူခဲ့သူ ဖြစ်သည်။

၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံလူထုသို့ မျိုးချစ်လှုံဆော်ရေးစာတစောင်ကို ဆရာကြီးသခင်ဘသောင်းက တာဝန်ခံ ထုတ်ဝေသည်။ စာတမ်းကိုရေးသားသူမှာလည်း ဆရာကြီးပင်ဖြစ်သည်။ ထိုစာတမ်းမှာ မြန်မာသာမက ကမ္ဘာကိုပါလွှမ်းခဲ့လေသည်။ ထိုစာတမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

တို့ဗမာစာတမ်း
=========
ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
ဗမာပြည်ကို ချစ်ပါ
ဗမာစာကို ချီးမြှင့်ပါ
ဗမာစကားကို လေးစားပါ။

ထိုစာတမ်းကို ဆရာဇော်ဂျီက ဤသို့ဝေဖန်အကဲဖြတ်သည်။
“သခင်ဘသောင်း၏ တို့ဗမားနိုးကြားရေးစာတမ်းရှစ်ခုထည့်ထားသည်။ ထိုစာတမ်းတွင် စာတမ်းရေးသူ၏ နိုင်ငံရေးစိတ်ဓာတ်နှင့် နိုင်ငံရေး ခံစားချက်တို့ပါသည်။ တွေးရိုးတွေးစဉ် မဟုတ်သော အတွေး တို့ပါသည်။ အရေးအသားရှင်းလင်း၍ ရေးဟန်တွင် တက်ကြွသောလေသံ၊ ဖျတ်လတ်သောလေသံတို့ပါသည်။ ထိုစကားပြေတို့သည် လွတ်လပ်ရေးအတွက် လှုံဆော်နိုင်စွမ်းရှိသည်ဟု ဆိုချင်ပါသည်”

ဆရာကြီးသခင်ဘသောင်းနှင့်အတူ တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့သောမျိုးချစ်လူငယ်တစုမှာ သခင်လှဘော်၊ သခင်သိန်းမောင်၊ သခင်တင် (ဝိုင်အမ်ဘီ)၊ သခင်အုန်းဖေ၊ သခင်သာဒိုး၊ သခင်တင်စိန်၊ သခင်မောင်မောင်တိုး၊ သခင်ဘရီ၊ သခင်ကျော်ထွန်းစိန်၊ သခင်ဘိုးနီ တို့ဖြစ်သည်။

ဆရာကြီးသခင်ဘသောင်းက ရန်ပုံငွေပြည့်စုံအောင် ရှာဖွေစုဆောင်းပြီးမှ စည်းရုံးရေးကိုလုပ်ကိုင်လိုသည်။သခင်သိန်းမောင်က ရန်ပုံငွေသည် စည်းရုံးရေးလုပ်ငန်းပေါ်တွင်တည်နေ၏။ မိမိတို့အဆင်းရဲပင်ပန်းခံကာ စွန့် စွန့်စားစားနှင့် မှန်ကန်သော ဝါဒ၊ ရည်ရွယ်ချက်အရ စည်းရုံးနိုင်လျှင် ငွေကြေးအကူအညီ အများအပြား ရလာမည်ဖြစ်ကြောင်း၊ လောလောဆယ် ဝါဒဖြန့်ရင်း စည်းရုံးရေး အပူတပြင်းလုပ်ရန်အရေးကြီးကြောင်း၊ ဤသို့ ဆက်လက်မစည်းရုံးနိုင်ပါက တို့ဗမာအစည်းအရုံး အရှိန်လျော့ကျ သွားနိုင်စရာရှိကြောင်း၊ ထို့ကြောင့် ရန်ပုံငွေ နောက်ထားပြီး စည်းရုံးရေးကို ဦးစားပေးလုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဤသို့ဖြင့် နိုင်ငံရေးအဖွဲ့အစည်းတရပ်တွင် အဓိကပြဿနာဖြစ်သည့် ဝါဒသဘောတရားအရမဟုတ်ဘဲ သာမညပြဿနာဖြစ်သည့် စည်းရုံး ရေး၊ ရန်ပုံငွေရှာဖွေရေးပြဿနာအပေါ် သဘောကွဲလွဲရာမှအစပြုပြီး ဆရာကြီးသခင်ဘသောင်းသည် တို့ဗမာအစည်းအရုံး၏ လုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ခြင်းမပြုတော့ဘဲ အေးအေးဆေးဆေးပင် ရပ်နားလိုက်တော့သည်။

ထိုအချိန်မှစ၍ တို့ဗမာအစည်းအရုံးကို အမှတ် ၃၃၊ ရေတာရှည်လမ်း ဗဟန်းရပ်မှ ရန်ကုန်မြို့ကြည့်မြင်တိုင်၊ လင်းလွန်းကွက်သစ် နိဗ္ဗာန်လမ်း ရှိ သခင်ဟန် – သခင်မ မစောစောတို့အိမ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ကာ စည်းရုံးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။

ဤသို့ တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့သောသခင်ဘသောင်းကို ၁၉၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် ကြာသပတေးနေ့တွင် နတ်မောက် မြို့၊ ဂွေးချိုဒိုင်ဖုန်းကုန်းရွာ၌ အဖ ဦးမြင့်၊ အမိဒေါ်လေးခင်တို့မှ ဖွားမြင်ခဲ့သည်။ ဖခင်မှာ သီပေါမင်းလက်ထက် နန်းတွင်းလက်ဖက်ရည်တော်၊ တောင်းတွင်းကြီးစစ်ကဲ၊ အင်္ဂလိပ်လက်ထက်တွင် မြို့သစ်၊ ပန်းထိန်း၊ ငဖဲ၊ တောင်တွင်း (သရက်) လယ်ဝေးတို့တွင် မြို့အုပ်အဖြစ် အမှုထမ်းခဲ့ သည်။ ဆရာကြီးသခင်ဘသောင်းသည် မွေးချင်းလေးယောက်အနက် ဒုတိယမြောက်ဖြစ်သည်။ငယ်စဉ်က တောင်တွင်းကြီးမြို့ ဗိမာန်ကျောင်း၊ မြို့သစ်မြို့ဆရာဦးစိုးမင်း၏ မူလတန်းကျောင်း၊ တောင်တွင်းကြီးမြို့ အစိုးရအလယ်တန်း ကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အထက်တန်း ကျောင်းများ၌ ပညာသင်ကြားခဲ့သည်။

အစိုးရစစ် လေးတန်းစာမေးပွဲကို မြို့သစ်မြို့တနယ်လုံး၌ ပထမရခဲ့ရာ မြို့အုပ် ဦးတုတ်ကြီး (နောင် သရဇပါတီ တည်ထောင်သူ)၏ ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ ၇ တန်းတွင် ပညာသင်ဆု (စကောလားရှစ်) ရ သည်။ ဖခင်ကွယ်လွန်၍ ကျောင်းအုပ်ဆရာကြီး ဦးထွန်းရှိန်(ဖေ၊ပု၊ရှိန်)၏ အထောက်အပံ့ဖြင့် ပညာဆက်သင်ခဲ့သည်။ ၁၉၂၀ ပထမအကြိမ် ကျောင်းသားသပိတ်တွင် မန္တလေးကျောင်းသားခေါင်းဆောင်အဖြစ် ဆောင်ရွက်သည်။ သပိတ်ကိုယ်စားလှယ်အဖြစ် ရန်ကုန်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၀ တန်းစာမေးပွဲကို ရာသက်ပန်သပိတ် မှောက်၍ ဝံသာနုနိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။

မန္တလေး၊ ရွှေဘို၊ ပုသိမ်မြို့များ၌ အမျိုးသားကျောင်းဆရာအဖြစ် ဆောင်ရွက်သည်။ ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဗြိတိသျှအိမ်ရှေ့စံဝေ လမင်းသား မန္တလေးသို့အလာ ဦးဆောင်ဆန္ဒပြ၍ ထောင်ဒဏ်ချမှတ်ခံရသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံတွင်လည်း အစအဆုံးပါဝင်ခဲ့ သည်။ ဆရာကြီးသည် ရန်ကုန်နယူးဘားမား အင်္ဂလိပ်သတင်းစာ လက်ထောက်အယ်ဒီတာ၊ ကင်းဝန်မင်းကြီးပိဋကတ်တိုက် လက်ထောက် ပိဋကတ်တိုက်မှူး၊ ၁၉၂၈ – ၃၁ ကန္တလောကမဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာ၊ ၁၉၃၀ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံး အမှုဆောင်၊ ၁၉၃၀-၃၁ ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းဌာန ဘာသာပြန်နည်းပြဆရာ အဖြစ်ဆောင်ရွက်ခဲ့ သည်။

တို့ဗမာအစည်းအရုံး တည်ထောင်ပြီးနောက် ရွှေဘို ဒိုင်အာခီကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်အရွေးခံရာ ရှုံးနှိပ့်ခဲ့သည်။ ရွေးကောက်ပွဲ အပြီးတွင် ရွှေဘိုအရေးပိုင်၏ ပုဒ်မ ၁၄၄ ကိုဖီဆန်၍ ထောင်ဒဏ် ၃ လ ကျခဲ့သည်။ ၁၉၃၆ တွင် ငွေတုလုပ်မှုဖြင့် ထောင်ကျခဲ့သည်။ ထောင်မှလွတ်လာပြီးနောက် စာရေးဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ဂျပန်ခေတ်တွင် သခင်ထွန်းအုပ်ဦးဆောင်သော ဘာသာပြန်ဌာနတွင် ခေတ္တတာဝန် ထမ်းရွက်ခဲ့ဖူးသည်။ ထို့နောက် ဂျာမန်ဟိုမိုပက်သီ(German Homoeopathy) ဆေးဆရာ၊ ရောင်ဒဘူး စားသောက်ဆိုင်ဖွင့်၍ အသက်မွေးသည်။

စစ်ပြီးနောက် တို့ဗမာအစည်းအရုံး ရန်ကုန်စီရင်စု ဒုဥက္ကဌအဖြစ်ဆောင်ရွက်သည်။ ၁၉၅၃ တွင် ကွန်မင်တေတာ အင်္ဂလိပ်သတင်းစာအယ်ဒီတာ၊ ၁၉၅၉ – ၆၀ တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးတပ်မှ ထုတ်ဝေသော “မြန်မာနှင့်ကမ္ဘာ” စာစောင်အယ်ဒီတာအဖြစ် တာဝန်ယူ၍ စာရေးဆရာအဖြစ် အသက်မွေးသည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နတ် မောက် အရှေ့ပိုင်း မဲဆန္ဒနယ်မှ တသီပုဂ္ဂလအမတ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးခံရာ ရှုံးနှိမ့်ခဲ့သည်။ ၁၉၆၂ တွင် ပြန်ကြားရေးဌာန အသံ လွှင့်ရုံ၌လည်း အမှုထမ်းခဲ့သည်။ ပြန်ကြားရေးဌာနတွင် စာပေစီစစ်ရေးမှူးအဖြစ်ဆောင်ရွက်သည်။ ၁၉၆၄ – ၇၂ တွင် ပါတီစာပြုများကို ဘာသာပြန်နည်း ပို့ချသည့် နည်းပြဆရာအဖြစ် ဆောင်ရွက်သည်။

၁၉၅၉ – ၆၀ တွင် ကမ္ဘာပတ်လည်ရက် ရှစ်ဆယ် (Roung The World in Eighty by Jules Verne) ဖြင့် ယူနက်စကို ဘာသာပြန်ဆုကို ၁၉၆၀ ပြည့်နှစ်တွင်ရခဲ့သည်။ ဆရာကြီးသည် သခင်ဘသောင်း၊ မိုးကြိုး၊ ဒေါက်တာရုံမင်း စသည့်ကလောင်ကွဲများဖြင့် အင်္ဂလိပ် – မြန်မာ နှစ်ဘာသာဖြင့် စာပေများရေးသားခဲ့သည်။ ရေးသားခဲ့သော လုံးချင်းစာအုပ် (၄၉) အနက် ထင်ရှားသည့်စာအုပ်များမှာ- ဆရာဝန်ပါပဲ ပြဇတ် (၁၉၂၈)၊ နိုးကြားရေးစာတမ်း ရှစ်စောင် (၁၉၃၀)၊ ပန်းသာမစာဥ (၁၉၃၈)၊ အမေလေး၊ ပြည်သူ့အာဏာ (ပတွဲ/ဒုတွဲ) (၁၉၃၈)၊ ရေနံ (၁၉၄၀)၊ တိုင်းပြည်ရန်သူ (၁၉၄၁)၊ ဒေးဗစ်ကိုပါဖီး (၁၉၅၀)၊ ခြေလေးချောင်းတော်လှန်ရေး (၁၉၅၁)၊ ဒီမိုကရေစီဆိုတာ (၁၉၅၄)၊ မျက်မမြင်တိုင်းပြည် (၁၉၅၅)၊ တထောင့်တညပုံပြင်များ (၁၉၅၁)၊ ဗုဒ္ဓ၏စကြဝဋာတရားများ (၁၉၅၇)၊ ဗိုလ်တင်းပုတ်ပြည်ဝင်တို့ဖြစ်သည်။ ဖီလဒင်ဟော (H. Fielding) ၏ The Soul of a People စာအုပ်ကို ‘မြန်မာ့စိတ်သဏ္ဍာန်’ အမည်ဖြင့် ဘာသာပြန်ခဲ့သော်လည်း စာအုပ် အဖြစ်မပေါ်ထွက်လာခဲ့ချေ။

၁၉၆၉ ခုနှစ်တွင် စာပေဗိမာန်က ကျင်းပသော ဘာသာပြန်စာပေနှီးနှောဖလှယ်ပွဲ၌ ‘ဘာသာပြန်သူတ ဦးအတွေ့အကြုံနှင့် ထင်မြင်ချက်များ’ စာတမ်းကို တင်သွင်းခဲ့သည်။
ဆရာကြီးသည်သခင်ဘသောင်းသည် ၁၉၃၀ ပြည့်နှစ်တွင် ဒေါ်ကြည်နှင့်အိမ်ထောင်ကျသည်။ ပထမ အိမ်ထောင်ပျက်ပြီးနောက် ဒေါ်သန်း ကြည်နှင့် ထပ်မံအိမ်ထောင်ကျ၍ သားတယောက်၊ သမီးတယောက် ထွန်းကားခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံဂုဏ်ရည် (ပထမ) အဆင့် ချီးမြှင့်ခံရသည်။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဆူးလေ ဘုရားလမ်း အမှတ်(၂၂၂/၂၂၆)၊ အပေါ်ဆုံးထပ် (ရှေ့ဆောင်ရုံဘေး) နေအိမ်၌ ဆင်းဆင်းရဲရဲဖြင့် ၁၉၈၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ် သန်းကြည်နှင့်သားသမီးများကျန်ရစ်ခဲ့သည်။ တို့ဗမာအစည်းအရုံး သုံးရောင်ခြယ်အလံ လွှမ်းခြုံထားသော ဆရာကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဧပြီ ၂၃ ရက်နေ့တွင် တပည့်တပန်းများက ကြံတောသုဿန်၌ ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြသည်။
http://arrmhanthit8888.blogspot.sg/2011/11/blog-post_937.html

No comments:

Post a Comment