ဝုိင္အမ္ဘီ သခင်တင်
(နိုင်ငံတော်သီချင်း ရေးသူ)မြန်မာနိုင်ငံတော် သီချင်း၏ မူလအစမှာ "တို့ဗမာ" သီချင်းဖြစ်သည့်အတွက် ထိုသီချင်းရေးသူ ၀ိုင်အမ်ဘီ ဆရာတင်ကို နိုင်ငံတော် သီချင်းရေးသူဟု ခေါ်ဆိုထိုက်သည်။
ဝိုင်အမ်ဘီ ဆရာတင်ကို ခရစ်နှစ် ၁၈၉၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်နေ သီပေါမင်း၏ အမှုထမ်း သွေးသောက်ကြီးဟောင်း ဦးရန်အောင်နှင့်ဇနီး ဒေါ်သိန်းတို့ ဖြစ်သည်။ ငယ်နာမည်မှာ မောင်တင်ဖြစ်ပြီး မွေးချင်း ၃ ဦးအနက် အလတ်ဖြစ်သည်။ အစ်မမှာ မမိ ဖြစ်ပြီး ညီမမှာ မငါ့မ ဖြစ်သည်။
မောင်တင် အသက် ၇ နှစ် အရွယ်တွင် မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာ့နုဂ္ဂဟ (B.T.N.) ကျောင်းတွင် "၇" တန်းအထိ ပညာသင်ယူခဲ့ပြီး "၇" တန်း အောင်မြင်ပြီးနောက် ကယ်လီကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။ ကယ်လီကျောင်းမှ ၁၉၀၉ ခုနှစ် အသက် “၁၇” နှစ်အရွယ်တွင် ဒသမတန်း အောင်မြင်ခဲ့သည်။
ဒဿမတန်း အောင်မြင်ပြီးနောက် ပထမဦးစွာ အလွတ်ပညာသင်ကျောင်းတွင် ကျောင်းဆရာ လုပ်ခဲ့သည်။ ၁၉၁၈ ခုနှစ်ခန့်တွင် မန္တလေးမြို့ ၈၄ လမ်း နှင့် ၃၆ လမ်းထောင့်တွင် ဗုဒ္ဓဘာသာ လူငယ်များကျောင်း (Young Men Buddhist) ကို ကိုယ်တိုင်ဖွင့်ခဲ့သည်။ ထို့ကြောင့် ၀ိုင်အမ်ဘီ ဆရာတင် အမည် ဖြစ်လာခဲ့သည်။ မိမိကိုယ်တိုင်လည်း ဂီတပညာကို လေးလေးနက်နက် လိုက်စားဆည်းပူး သင်ယူခဲ့သည့်အပြင် မိမိ၏ တပည့်များကိုလည်း ဂီတပညာ သင်ကြားပေးရင်း ၀ိုင်အမ်ဘီ တူရိယာဝိုင်း တည်ထောင်ခဲ့သည်။
ထို့နောက်တွင် ကျောင်းဆရာ မလုပ်တော့ဘဲ ဂီတနယ်သို့ ခြေစုံပစ်ဝင်ခဲ့ပြီး သီချင်းရေးဆရာ လုပ်ခဲ့သည်။ ကလေးတစ်ယောက်မိခင် တစ်ခုလပ် မသီတာနှင့် အိမ်ထောင်ကျသည်။ မသီတာမှပါလာသော ၅ နှစ် အရွယ်သား မောင်စောနောင်မှာ အသက် ၁၄ နှစ် အရွယ်တွင် သေဆုံးသွားခဲ့သည်။ ဆရာတင်မှာ မသီတာနှင့် သားသမီး မထွန်းကားခဲ့ပါ။
သီချင်းရေးရာတွင် မန္တလေးမြို့၌သာမက ရန်ကုန်မြို့တွင်ပါ ဆင်း၍ ရေးခဲ့ရသည်။ အသံတိတ် ရုပ်ရှင်ဇာတ်ကားများအတွက် သီချင်းများ၊ ရန်ကုန်ဓာတ်ပြား ကုမ္ပဏီများအတွက် သီချင်းများ ရေးပေးခဲ့ရသည်။ ဆရာတင် ရေးခဲ့သော ကာလပေါ် သီချင်းပေါင်း လေးထောင်ကျော် ငါးထောင်နီးပါး ရှိသည်ဟု သူ၏တပည့်များက ပြောကြသည်။
ရန်ကုန်ဆင်း၍ သီချင်းရေးရင်း B.T.N ကျောင်းတွင် ကျောင်းနေဖက်ဖြစ်ခဲ့ဖူးသော သခင်ဘသောင်းနှင့် ပေါင်းမိသည်။ တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်ပြီးနောက် ၀ိုင်အမ်ဘီ သခင်တင် ဖြစ်လာသည်။ သခင်ဘသောင်း၏ တိုက်တွန်းချက်အရ “တို့ဗမာ” သီချင်းကို ရေးခဲ့သည်။
သခင်ဘသောင်း၏ ပြောပြချက်အရ “တို့ဗမာ” သီချင်း၏ တီးလုံး တီးကွက်ကို သခင်တင်က ဘာဂျာဖြင့် အသံရှာ၍ တီထွင်ပေးခဲ့သည်။ သီချင်းထဲတွင် ပါသော အမျိုးသား ချစ်ခင်ရေးသဘော၊ နိုင်ငံရေးသဘော၊ တစ်မျိုးသားလုံး ကျင့်ကြံရေးသဘော စသော အယူအဆများကို သခင်ဘသောင်းက ကြံစည် စိတ်ကူးပေးခဲ့သည်။ သီချင်းရေးစပ်ပြီးသော် သခင်လှဘော်နှင့် သခင်သိန်းမောင်တို့ပါ စုပေါင်းဝေဖန်၍ ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးခဲ့ကြသည်။ သီချင်းကို သခင်တင်၏ သီချင်းရေးနေကျမူအတိုင်း ရေးသူ၏ အမည်ကို မထည့်ပဲထားခဲ့ရာ “တို့ဗမာ” သီချင်းကို ပုံနှိပ်ထုတ်ဝေသောအခါတွင်မှ “တို့ဗမာ အစည်းအရုံး၏ အစီအရင်ကိုခံ၍ ၀ိုင်အမ်ဘီ သခင်တင် စပ်ဆိုသည်” ဟု ခေါင်းစဉ် တပ်ပေးခဲ့ရသည်။
“တို့ဗမာ” သီချင်းကို ၁၉၃၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ ရာဟုထောင့် တန်ဆောင်း၌ ဆရာတင်ကိုယ်တိုင် သီဆိုခဲ့သည်။ “တို့ဗမာ” သီချင်း၏ အစချီ စကားမှာ “တကောင်းအဘိရာဇာ သာကီမျိုးဟာမို့” ဟူ၍ ဖြစ်သည်။
သီချင်းတွင် အပိုဒ် ၄ ပိုဒ် ပါရှိသည်။ တတိယ အပိုဒ်တွင် သံပြိုင်သီဆိုရန်မှာ ဤသို့ဖြစ်၏။
“(သံပြိုင်) ကမ္ဘာမကြေ၊ ဗမာတွေ (ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ ပြည်) ၃
(တို့ဗမာ)၂ ပြည် ကို တိုင်းသားအကုန်အစင် .. တို့ပြည်လို့ မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာသခင်”
ဝိုင်အမ်ဘီ သခင်တင်နှင့် သခင်ဘသောင်းတို့သည် မိမိတို့၏ တီးဝိုင်းသားများနှင့် “တို့ဗမာ” သီချင်းကို အလှူမင်္ဂလာမှအစ အသုဘအဆုံး အခွင့်အရေးရတိုင်း သီဆိုခဲ့ကြ၏။ ၁၉၃၆ ခုနှစ် ဇူလိုင်လတွင် မြင်းခြံမြို့၌ ကျင်းပခဲ့သော “တို့ဗမာ” အစည်းအရုံး၏ ဒုတိယအကြိမ်မြောက် ညီလာခံတွင် “တို့ဗမာ” သီချင်းကို အမျိုးသားသီချင်းအဖြစ် ထပ်မံ၍ ဆုံးဖြတ်ချက် ချမှတ်အတည်ပြုခဲ့သည်။
သခင်တင်သည် သီချင်းအများအပြားရေးရင်း ရုပ်ရှင်နယ်သို့ ရောက်သွားသည်။ “ဗိုလ်ဆင်တောင်” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာလုပ်၍ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် လွိုင်ကော်ဘက်သို့သွား၍ ရိုက်ကူးနေစဉ် ဇနီးဖြစ်သူက ခွင့်မလွှတ်နိုင်သော အိမ်ထောင်ရေးပြစ်မှု ကျူးလွန်မိသဖြင့် ကွာရှင်းခဲ့ရသည်။ သခင်တင်မှာ အလွန်စိတ်ဆင်းရဲ၍ ရန်ကုန်မြို့သို့ ဆင်းလာကာ အရက်သေစာ သောက်စားပြီး စိတ်သက်သာသလိုနေခဲ့သည်။ ၀င်ငွေများစွာ ရရှိသော်လည်း သုံးဖြုန်း၍သာ ကုန်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရက သခင်တင်၏ “တို့ဗမာ” သီချင်းမူကို ယူ၍ အမျိုးသားသီချင်း စပ်ဆိုသောအခါ ဆုတော်ငွေ တစ်ထောင်ကျပ် ပေးခဲ့သည်။ သခင်တင်မှာ ပုသိမ်ဖက်သို့ ခရီးလွန်နေစဉ် အခြားသူတစ်ဦးက အမည်လိမ်ဖြင့်ငွေကို ထုတ်ယူသွားခဲ့သည်။ “တို့ဗမာ” သီချင်းကို အမျိုးသားသီချင်းအဖြစ် ပြင်ဆင်ရေးသားရာတွင် သခင်တင်ကို ဖိတ်ခေါ်ခဲ့သော်လည်း မကျန်းမာသောကြောင့် မတက်ရောက်နိုင်ခဲ့ပါ။ အခြား သီချင်းရေးဆရာများက စုပေါင်း၍ စပ်ဆိုခဲ့ကြသည်။
၁၉၄၈ ခုနှစ်အတွင်း သခင်တင်မှာ တီဘီရောဂါနှင့်င့် ကိုယ်ရောင်ရောဂါကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆင်းရဲစွာ တက်ရောက်ဆေးကုမှုခံယူခဲ့ရာ ဆေးရုံရောက်ပြီး နောက်တစ်နေ့ (နေ့ရက်အတိအကျမသိ) အသက် ၅၅ နှစ်အရွယ်ခန့်တွင် ကွယ်လွန်သွားခဲ့သည်။
ဆေးရုံတွင် အသုဘရှင် မရှိသောကြောင့် သခင်ထွန်းဖေက အသုဘရှင်အဖြစ် ကြံတောသုသာန်တွင် မြေမြုပ် သဂြိုဟ်ပေးခဲ့ရသည်။ အသုဘပို့သူ အနည်းငယ်တွင် အေ၀မ်းဦးတင်နွယ်၊ ဦးညီပု၊ ဦးတင်ယု၊ ဦးချင်းစိန်(ရွှေညာမောင်)တို့ ပါဝင်ခဲ့သည်။
သခင်တင် ကွယ်လွန်ပြီးနောက် ၂ နှစ်မြောက် ဒုတိယအကြိမ် မြန်မာပြည် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတကြီးက သခင်တင်ကို ၀ဏ္ဏကျော်ထင်ဘွဲ့နှင့် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ရာ တူမအရင်း ဒေါ်သက်ရှည်က မျက်ရည်ရွှဲလဲဖြင့် ကိုယ်စား လက်ခံရယူခဲ့သည်။
ချီးမြှင့်သော ရွှေတံဆိပ်မှာ သုံးကျပ်မူးတင်းသား ရှိသည်။ ၎င်းတံဆိပ်ကို နောင်လာနောက်သားတို့အတွက် အမှတ်တရ သိမ်းဆည်းထားသင့်သော်လည်း ဆင်းရဲနွမ်းပါးသော ဆရာတင်၏ အစ်မအရင်း ဒေါ်မိမှ မွေးဖွားသော တူ၊ တူမအရင်း ဒေါ်သက်ရှည်၊ ဒေါ်အေးသာနှင့် ဦးဘရီတို့က ထုခွဲရောင်းချကာ အချိုးကျ ခွဲဝေသုံးစွဲခဲ့ကြသည်။
ဦးနေဝင်းအာဏာသိမ်းပြီးနောက် ၁၉၇၄ ခုနှစ်၌ အခြေခံဥပဒေသစ် ရေးဆွဲသည့်အခါတွင်လည်း အမျိုးသားသီချင်းကို အသစ်မရေးတော့ဘဲ သီချင်းဟောင်းတွင် “ဗမာ” ဟူသော စကားရပ်အစား “မြန်မာ”ဟူသော စကားလုံးကို အစားထိုး ပြင်ဆင်သုံးစွဲခဲ့သည်။
No comments:
Post a Comment