11 Aug 2012
ဒို့ဗမာသီချင်းမှ နိုင်ငံတော်သီချင်းသို့
ဒို့ဗမာသီချင်းမှ နိုင်ငံတော်သီချင်းသို့
နိုင်ငံ တော် သီချင်းရှိရမည်ဆိုသည်ကို ပထမ ကမ္ဘာစစ် (၁၉၁၄-၁၈)အတွင်းက သိရ သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှ အစိုးရ ၏ လက်အောက်ခံ နိုင်ငံဖြစ်သဖြင့် ပထမ ကမ္ဘာစစ်ကြီးတွင် ကူညီရန် တာဝန်ရှိသဖြင့် တပ်စိတ်တစ်ခုစာ လူစုပြီးလျှင် အိန်္ဒိယနိုင်ငံ သို့ သွားကြသည်။ ယင်းတပ်စိတ်ထဲတွင် ဆရာတင် (နန်းတော်ရှေ့)သည် ဆရာဝန် ၏ လက်ထောက်ဆေးမှူး (ကွန်ပေါင်ဒါ) အဖြစ် လိုက်သွားသည်။
  အိန်္ဒိယမှ တပ်များနှင့်အတူ ဆော်ဒီ အာရေဗျနိုင်ငံသို့ ကူးသည်။ ထိုမှ အဘိ စီနီယာနိုင်ငံသို့သွား၍ ရပ်နားနေရသည်။ သူများနိုင်ငံတွေကတော့ နိုင်ငံတော် သီချင်းတီးမှုတ်သီဆို၍ ချီတက်ကြသည်။ မြန်မာအဖွဲ့မှာတော့ သီချင်းမရှိ။ ထိုအခါ ဆရာတင်က ““ရွှေကျီးညိုလာလျှင်၊ ဒေါသနဲ့အပြစ်တင်၊ မင့်သခင်ဘယ်မှာ ဘယ်မှာမြင် … ဆိုသည့် ရွှေကျီးညို သီချင်းကိုဆို၍ ချီတက်ခဲ့ရကြောင်း ဆရာ တင်က ပြောပါသည်။
လွတ်လပ်သောနိုင်ငံများတွင် ဒုတိယကမ္ဘာစစ်ကြီးပြီး၍ မြန်မာ နိုင်ငံတွင် တရားမျှတသော ရွေးကောက် ပွဲကို ၁၉၄၇ ခု ဧပြီလအတွင်း ကျင်းပပြီး စီးခဲ့သည်။ ဇွန်လ (၆)ရက်နေ့တွင် တိုင်း ပြုပြည်ပြု လွှတ်တော် ကိုခေါ်ယူ၍ ၀န်ကြီး ချုပ် ဦးအောင်ဆန်းက အချက် (၇)ချက် ပါသော အဆိုကို တင်သွင်းသည်။ အုပ် ချုပ်ရေး အခြေခံဥပဒေရေးဆွဲရန် ကိစ္စ အတွက် လူ ၇၅ ဦးပါဝင်သော အဖွဲ့ကို ဖွဲ့စည်းပေးလိုက်သည်။ အခြေခံဥပဒေကို (၂)ပတ်အတွင်း ပြီးအောင်ရေးရန် တရား ၀န်ကြီးချုပ်နှင့် ရှေ့နေချုပ်တို့ကို တာဝန် ပေးသည်။
  ထိုအခါ ၀န်ကြီး ဗိုလ်ခင်မောင် ကလေးနှင့် မြန်အောင် ဦးတင်တို့ ပါဝင် လာကြသည်။ နိုင်ငံတော်တံဆိပ်နှင့် အလံကို အတည်ပြုပြီးစီးသော်လည်း နိုင်ငံတော် သီချင်းမှာမူ မပြီးပြတ်ဘဲ ရှိနေ သည်။
  တူရိယာဂီတအဖွဲ့ချုပ်က တာဝန် ယူထားသဖြင့် ဂီတစာဆိုများက သီချင်း သစ်များကို ရေးသားတင်ပြ သော်လည်း သဘောတူချက်မရဘဲ ဖြစ်နေသည်။
အစည်းအဝေးတစ်ခုတွင် နှစ်ယောက် တစ်တွဲစီ လူခွဲ၍ ရေးကြရန် အကြံပြုသူက ပြောသဖြင့် လူစုခွဲ သောအခါ စောင်း ဦးဘသန်းနှင့် ဦးဘိုးဝေ (စိန်ဝေလျှံ)တို့ကို တွဲပေးရာ ဦးဘိုးဝေက သဘောမတူ ငြင်း ဆန်သဖြင့် ဦးဘသန်းက ဒေါသဖြစ်ကာ ““မင်းကို ငါ့ညီလေးလို သဘောထားပြီး ပြောနေတာ။ မင်းက ဘာကြီးကျယ်တာ လဲ””ဟုဆို၍ စားပွဲပေါ်က မင်အိုးနှင့် ပေါက်လိုက်ရာ ဦးဘိုးဝေ၏ နဖူးတွင် သွေးထွက် ဒဏ်ရာရသွားသည်။  အားလုံးစိတ်မကောင်းကြ။ လူမိုက် ဦးမောင်ကလေးကမူ ဒေါသဖြစ်၍ ရှူးရှူး ရှဲရှဲနှင့် ဦးဘသန်းအနားတွင် လက်သီး တ၀ဲဝဲဖြစ်နေသည်။ ဦးဘသန်းကလည်း ““ငါမှားသွားတယ်ကွာ။ ငါတောင်းပန်ပါတယ်”” ဟု ပြောသည်။ ထိုအခါ ရန်နိုင်စိန်က သည်ကိစ္စအတွက် တူရိယာဂီတအဖွဲ့ချုပ် မှာ တာဝန်ရှိသည်။
အဖွဲ့ချုပ်က အရေးယူ ရမည်ဟုဆိုသဖြင့် အားလုံးပြေလည်သွား ကာ အားလုံးပြန်ကြသည်။ ထိုအခါမှစ၍ အစည်းအဝေးကို မည်သူမျှ မလာကြ တော့ချေ။ ဒဂုန်ဆရာတင်နှင့် ရန်နိုင်စိန် တို့ နှစ်ဦးသာလာကြသည်။
အုပ်ချုပ်ပုံအခြေခံဥပဒေကို ၁၃၀၉ ခု၊ သီတင်းကျွတ်လဆန်း (၁၀)ရက်နေ့ တွင် တိုင်းပြုပြည်ပြု လွှတ်တော် က အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးထားသည်။
ဒဂုန်ဆရာတင်နှင့် ရန်နိုင်စိန်တို့က ပွင့်ပွင့်လင်းလင်းပြောရတော့မည်။
““ဆရာတို့က ဒို့ဗမာသီချင်းကို နားစွဲ နေတယ်မဟုတ်လား””
““ဟုတ်ပါတယ်””
““ဒါဖြင့် ဆရာတို့လိုချင်တဲ့စာသား ကို ပေးပါ။ ဒို့ဗမာသီချင်း တေးသွားကို ယူပြီး ရေးပေးမယ်””
ထိုအခါ အခြေခံဥပဒေ၏ နိဒါန်း စာပိုဒ်ကို မြန်မာလိုပြန်၍ ပေးသည်။
နယ်စပ်ဒေသများနှင့် ကရင်နီ ပြည်နယ်များပါဝင်သော ကျွန်ုပ်တို့ ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော် သည် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း တည်းဟူသော လောကပါလ တရားများ နှင့်အညီ ထိုနိဒါန်းစာကို အကြိမ်ကြိမ်ဖတ်၍ နိုင်ငံတော်သီချင်းကိုရေးရန် စိတ်ကူးကြ သည်။ ဤတွင် ဒို့ဗမာသီချင်းကို ကြိုတင် ဖော်ပြဖို့လိုပါသည်။
ဝိုင်အမ်ဘီ သခင်တင်သည် မဟာ ဂီတ၀င်မြိုင်ဂန္ဓမာအစချီ ယိုးဒယားသီချင်း ၏ အစပိုဒ်ဖြစ်သော ““ဇင်မင်း၊ ဆင်းရွှေ ၀ါ၊ ဇီဇ၀ါငယ်လေခတ်္တာရော၊ မြိုင်ခြေမှာ၊ သာမောစုံလင်စွာ””အပိုဒ်၏ တေးသွားကို ယူ၍ ဒို့ဗမာသီချင်း စာသားကို ဖွဲ့ဆိုပါ သည်။ သူ့သီချင်းတွင် အသံပြောင်းမှု (Key Change)  တွေ ရှိသဖြင့် မူတည်သံ များပါ ဖော်ပြပါမည်။
၁။ (၆ ပေါက်မူတည်သံ)
နောင် ဥဒါန်းဘယ်မကျေစရာ၊ ရာဇ၀င်တင်ထား၊ မျိုးရိုးနွယ်လာ၊ ကမ္ဘာ တစ်ခွင်မှာဖြင့်၊ ဗမာအထင်အရှား၊ ဒို့ ခေတ်တွင်မှ၊ ညံ့ကြတော့မှာလား၊ ဒို့ဗမာ၊ ဒို့ဗမာမဟုတ်လေရော့သလား၊ ဒို့ဗမာ၊ ငါတို့ဗမာ၊ ဒါငါတို့ဗမာ၊ ဒါငါတို့ဗမာ
(၁ပေါက်မူတည်သံ)
အားလုံးညီညီ၊ ယောက်ျားဘသား ဒို့ဗမာ၊ နောင်လာနောက်သားကောင်းစားဖို့ ရာ၊ ဒို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ၊ ဗမာပြည်ဒို့ဗမာဖို့ပါ။ သခင်ကျင့်ကို ကျင့် ကြပါ။ သခင်မျိုးဟေ့ ဒို့ဗမာ၊ မိုးအောက် မြေပြင်မှာ၊ အထက်တန်းစိတ်နဲ့ စာမရီ သွေး ဒို့ဗမာ။
(၁ ပေါက်မူတည်သံ)
(ကမ္ဘာမကျေ၊ ဗမာတွေ၊ ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့ပြည်၊) ၂ (ဒါတို့ပြည် ဒါဒို့မြေ၊ ဒါငါတို့ပြည်)၂ ဒို့ဗမာပြည်ကို တိုင်းရင်းသားကုန်စင်၊ ဒို့ပြည်လို့ မှတ်ထင်၊ ဒို့ဝတ္တရားပင်၊ ဒို့ဗမာသခင်။
၂။ (၆ ပေါက်မူတည်သံ)
အမျိုးသားရေးမို့ ကြိုးပမ်းကြပါ။ ဒို့ဗမာ၊ ဟေ့ဒို့ဗမာ၊ အရှေ့က နေ၀န်းထွန်း သည့်ပမာပါ့၊ ဒို့ခေတ်ကိုသာ ရောက်ရ မည်မှာ မလွဲပါ။ ဒို့ဗမာဟေ့ ဒို့ဗမာ၊ ကမ္ဘာမြေတစ်ဝှမ်းကုန် ဒို့အိမ်မှတ်ပါ။ ဒို့ ယာမှတ်ပါ။ အဲဒါ ဒို့ဗမာ။
(အဲဒါ ဒို့ဗမာတွင် သံမှန်တစ်ပေါက် နှင့် ချသည်။ ပြီးလျှင် ““ကမ္ဘာမကျေ”” – အပိုဒ်ကို ဆက်ဆို၍ အဆုံးသတ်သည်။)
သခင်ဘသောင်း၏ မူရင်းစာသား အတိုင်းရေးရခြင်းဖြစ်၍ ယခုခေတ်အသုံး အနှုန်းနှင့် ကွဲလွဲနေလျှင် ခွင့်လွှတ်ပါ။
ဒို့ဗမာသီချင်း ဒုတိယပိုဒ်နှင့် သံပြိုင် အပိုဒ်၏ တေးသွားကိုယူ၍ ဒဂုန်ဆရာတင် နှင့် ရန်နိုင်စိန်တို့က နိုင်ငံတော်သီချင်းကို ရေးဖွဲ့လိုက်သည်။ ၆ ပေါက်မူတည်သံနှင့် စ၍ တစ်ပေါက်မူတည်သံနှင့် ဆုံးသည်။
  တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ၊ ဒို့ပြည်ဒို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေ ဖို့ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ ဒို့ပြည် ဒို့မြေ၊ ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့ စေ၊ အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ၊ ကမ္ဘာမကျေ၊ ဗမာတွေ၊ ဒို့ဘိုးဘွားအမွေ အနှစ်မို့ ချစ်မြတ်နိုးပေ၊ ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ၊ ဒါဒို့ ပြည် ဒါဒို့မြေ၊ ဒို့ပိုင်နက်မြေ၊ ဒို့ပြည် ဒို့မြေ၊ အကျိုးကို၊ ညီညာစွာ ဒို့တစ်တွေ၊ ထမ်းဆောင်ပါစို့လေ၊ ဒို့တာဝန်ပေ၊ အဖိုး တန်မြေ။
နိုင်ငံတော်သီချင်းဖြစ်ပေါ်လာပုံနှင့် သီချင်းစာသားကို မြန်မာ့စွယ်စုံကျမ်း(န) အက္ခရာမှာရှူပါ။
ဝိုင်အမ်ဘီသခင်တင်သည် သခင် သီချင်း၊ သခင်မသီချင်း၊ မိုးကိုဒူးနဲ့တိုက် သီချင်း၊ မီးတုတ်သီချင်း၊ တောင်သူလယ် သမားသီချင်း၊ မော်တော်ကားသီချင်းများ ကိုရေး၍ ကျော်စောခဲ့ပါသည်။ ဒို့ဗမာ အစည်းအရုံးတွေ စေတနာ့ဝန်ထမ်းရုံးတက် ဆောင်ရွက်၍ ပိုက်ဆံမရှိလျှင် မြန်မာ အဆွေအေ၀မ်း ရုပ်ရှင်ခြံသို့သွားကာ ရုပ်ရှင်သီချင်းများကို ရေးပေးသည်။
အချစ်ဋီကာသီချင်းနှင့် အုံ့ပုန်းချစ် သီချင်းကို လူကြိုက်များသည်။ ဒို့ဗမာ အစည်းအရုံး ၃၅ နှစ်ပြည့် အခမ်းအနား ကို ဂန်္ဓီခန်းမဆောင်၌ ၁၉၆၅ ခုနှစ်က ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် ဒါရိုက်တာ ရွှေညာမောင်က ဒို့ဗမာသီချင်း ကို သီဆိုရာ သခင်သခင်မကြီးများက သံပြိုင်အပိုဒ်ကို ၀ိုင်းကူဆိုပေးကြသည်။
အငြိမ့်မင်းသမီးကြီး ဒေါ်မြကျင်(မွန်) က မော်တော်ကား သီချင်းအကြောင်း ပြော၍ ကပြသည်။ အဆိုတော် သန်းသန်းဆင့်က ဒေါ်မြကျင် ငယ်စဉ်က ပုံအတိုင်းကပြသည်။
ဒဂုန်ဆရာတင်က ““မိုးကိုဒူးနဲ့တိုက်”” သီချင်းကို သီဆိုသည်။ အဆိုတော်ကို အံ့ကြီးက ““အချစ်ဋီကာ”” သီချင်းကို သီဆို သည်။ ရုပ်ရှင်မင်းသားဝင်းဦးက ““အုံ့ပုန်း ချစ်”” သီချင်းကိုသီဆိုသည်။ သီချင်းတေး သွားများကို ဒေါ်မြကျင်နှင့် အမေ ဒေါ်အောင်ကြည်တို့က သင်ပြပေးသည်။
ထိုအခမ်းအနားတွင် အသက် (၇၀) နှစ်သာရှိသောရွာစားစိန်စတင်း၏ဆိုင်းဝိုင်း ကြီးနှင့် စတင်ဖွင့်လှစ်ခဲ့ ပါသည်။
  သုခမိန်
http://www.eainmatnanntaw.com/2012/06/blog-post_5302.html
No comments:
Post a Comment