Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

27 Jan 2013

အစွယ်လိုသူများ (ပထမပိုင်း)

(၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး
ကြာသပတေးနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၀၈ ခုနှစ် ၀၇ နာရီ ၁၂ မိနစ်
Credited to Mizzima

“အမျိုးသားသူရဲကောင်း တယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ --- နောက် (၁၈) လထက် မပိုဘူးလို့ ယူဆတယ်”

ဗိုလ်ချုပ်အောင်ဆန်း
(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊ ၂၇၀) မှ

(၁)

၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင် ---။

“ဂျိုင်း” ----။

ကျယ်လောင်သည့် ဒေါက်ဖြုတ်သံကြောင့် အုတ်ရိုးနီနီပေါ်မှ ကျီးများလန့်၍ ထပျံကုန်ကြသည်။ ရောင်နီက မပေါ်သေး။ အင်းစိန်ထောင်ဝင်းအတွင်း အမှောင်ထုက ကြီးစိုးနေဆဲ။ အင်းစိန်ထောင်၏ ကြိုးစင်ရှိရာတွင်မူ လျပ်စစ်မီးရောင်များကြောင့် လင်းလင်းပပ ရှိ၍နေသည်။ ဒေါက်ဖြုတ်သံနှင့်အတူ ကြိုးစင်ပေါ်မှ ဖြူဖြူအရိပ် လေးခုသည် ကြိုးစင်တွင်း အတွင်းသို့ ရိပ်ခနဲ ထိုးဆင်းသွားသည်။ လျပ်တပြတ် ----။ ကြိုးတိုင်မှ တွဲလောင်းကျနေသည့် ကြိုးလေးချောင်းက လေးလံသည့် အရာဝတ္တုများအား ဆွဲထားရသည့်အတွက် “ တန်း” ၍ နေသည်။ မလှုပ်ရှား ----။ ငြိမ်သက်လျက်။

အင်းစိန်ထောင်ကြီးနှင့် (၁၂) မိုင်ခန့် ဝေးကွာသည့် ရန်ကုန်ထောင် ကြိုးစင်အတွင်း၌လည်း ကျယ်လောင်သည့် ဒေါက်ဖြုတ်သံ --- ။ ပြီးလျင် ---- ကြိုးစင်တိုင်မှ ကြိုးစင်တွင်း၊ အတွင်းသို့ တွဲလောင်းကျနေသည့် ကြိုးနှစ်ချောင်းသည်လည်း ---။ မလှုပ်ရှား ---၊ ငြိမ်သက်လျက် ---။

(၂)

၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်။
နေသူရိန် ကဇာတ်ရုံ ၊ ရန်ကုန်မြို့။

Credited to Hittai

စစ်ပြီးစ --- ရန်ကုန်မြို့သည် နာတာရှည် သူနာတယောက်၏ နာလန်ထ လူနာကဲ့သို့ ဖြစ်၍နေသည်။ အားအင်ကမရှိ ။ ဟိုနားထိလည်းနာ၊ ဒီနားထိလည်းနာနှင့် အရာရာသည် ယိုယွင်း၍ နေ၏။ ယမ်းငွေ့များက အုပ်ဆိုင်းဆဲ။ လမ်းမထက် သွေးကွက်များက မုတ်သုန်မိုးအား အာခံ၍ နေဆဲ။ မုတ်သုန်မိုးသည် စစ်၏ ဒဏ်ရာဒဏ်ချက်တို့အား မဆေးကြော မသုတ်သင်နိုင်သေး။ အုပ်မှိုင်းသော မိုးသားတိမ်ထုတို့၏ အောက်၌ နေသူရိန်ကဇာတ်ရုံကြီးသည် ယခင်က အထီးတည်း ။ ယခုမူ ----။

“(ဖ ဆ ပ လ) အဖွဲ့ချုပ်ရဲ့ ကိုယ်စား ကျနော် ဒီလူထု အစည်းအဝေးကြီးမှာ အဆိုသုံးရပ်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ဗမာ့ တပ်မတော်သစ်ကို မျိုးချစ် ဗမာ့တပ်မတော်သားများနှင့်သာ ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။ ဒုတိယ အဆိုအနေနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ရေးဆွဲနိုင်ရေးအတွက် တိုင်းပြုပြည်ပြု လွှတ်တော်တရပ် ခေါ်ယူသွားရေး ဖြစ်ပါတယ်။ တတိယ အနေနဲ့ မြန်မာတနိုင်ငံလုံး၊ လုံးဝလွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်ကြတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညှီညွှတ်ကြဖို့ လိုပါတယ်။ ---- ဒီအတွက် အားလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကိုင်သွားကြရန် ဖြစ်ပါတယ်။”

နေသူရိန် လူထု အစည်းအဝေးပွဲကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းမှ တင်သွင်းသော အဆိုပြုသံနှင့် ထောက်ခံသည့် သြဘာသံများသည် ကဇာတ်ရုံကြီးအတွင်းမှ လျံထွက်၍လာသည်။ `ဤမှ ---- ကန်တော်ကြီးရေပြင်ကို ဖြတ်တိုက်၍ မြန်မာနိုင်ငံ တနံတလျားသို့ ----။

နေသူရိန် လူထု အစည်းအဝေးပွဲကြီးက ဗမာ့လွတ်လပ်ရေး တိုက်ပွဲအား လက်နက်ကိုင် တိုက်ပွဲမှ လူထုတိုက်ပွဲ သဏ္ဌာန်ဆီသို့ ချိုးကွေ့လိုက်သည်။

(၃)

၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ( ၂)ရက်။
ကာလကတ္တားမြို့ ၊ အိန္ဒိယနိုင်ငံ။

ဗိုလ်ချုပ်ကြီး လော့လူဝီ မောင့်ဘတ်တန်က ဗမာ့တပ်မတော်သစ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ခေါ်သည်။ သူက ဗြိတိသျှ အစိုးရ၏ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်။ ပြီးနောက် မြန်မာ့အရေးအား မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သည့် စစ်ဘက် အရာရှိတဦး ဖြစ်သည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ဘီဒီအေမှ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇော်မင်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်တို့ ပါပြီး နိုင်ငံရေး ခေါင်းဆောင်များမှ ဦးဘဘေ၊ ဦးညိုထွန်း၊ သခင်သန်းထွန်းနှင့် စောဘဦးကြီးတို့ ပါသည်။ အဖွဲ့၏ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ကာလကတ္တား ----။ ကာလကတ္တားမှတဆင့် သိရီိလင်္ကာနိုင်ငံ ကန္နီသို့ သွားကြမည်။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကာလကတ္တားတွင် ခတ္တနားသည်။ ထိုစဉ်က သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) သည် ကာလကတ္တားတွင် ရှိနေသည်။ သခင်သန်းထွန်း၊ သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အနာဂတ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား မည်သည့် အခန်းကဏ္ဍမှ ပါဝင်စေမည်နည်း။ စစ်ခေါင်းဆောင်လား။ နိုင်ငံရေး ခေါင်းဆောင်လား။ အမြင်နှစ်မျိုး ကွဲ၍နေသည်။ သခင်စိုး၊ သခင်သန်းထွန်း စသည့် ကွန်မြုနစ်များက အောင်ဆန်းသည် နိုင်ငံရေး ခေါင်းဆောင် တဦးရှိသင့်သည့် အရည်အချင်း ပေါင်းစုံမရှိ။ နိုင်ငံရေး ပရိယာယ် မကျွမ်းကျင်။ လူမှုဆက်ဆံရေး ညံ့ဖျင်းသည်။ ထိုကြောင့် တပ်မတော်ထဲတွင်သာ နေသင့်သည်။ ဤအမြင်ကို ဗိုလ်လကျာ်နှင့် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့က လက်မခံ။ အောင်ဆန်းသည်သာ အမျိုးသားရေး အင်အားစု အပေါင်းကို ညီညွှတ်သော တပ်ဦးတရပ် ဖြစ်လာစေရန် စွမ်းဆောင်ပြီး ခေါင်းဆောင်မှု ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကြောင့် စစ်တပ်မှ ထွက်ပြီး နိုင်ငံရေးတွင်သာ တာဝန်ယူရမည်။

အဆုံးအဖြတ်က ဗိုလ်ချုပ်အပေါ်တွင်သာ တည်တော့၏။ ဗမာ့မျိုးချစ် တပ်မတော်သစ်တွင် ဗိုလ်မှူးချုပ်အဆင့်နှင့် ( ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်) ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးလက်ခံရန် မောင့်ဘတ်တန်က လမ်းကြောင်းပြန်၏။ မည်သို့နည်း ----။

(၄)

၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။
အလုံလမ်း ၊ ရန်ကုန်မြို့။

ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသည်။ အိန္ဒိယနိုင်ငံ ဆင်းမလားမှ ပြန်လာခြင်း ဖြစ်ပြီး ဘုရင်ခံသည် ရန်ကုန် ပြန်ရောက်ပြီး နောက်တနေ့မှာပင် ၎င်း၏အုပ်ချုပ်ရေး ပုံစံသစ်အား ထုတ်ပြန် ကြေငြာတော့သည်။ အုပ်ချုပ်ရေးက မသစ်ဆန်း။ မဲပြာပုဆိုးပင်။ ဘုရင်ခံ အမှုဆောင် ကောင်စီကို အဖွဲ့ဝင် (၁၅) ဦးနှင့် ဖွဲ့စည်းမည်။ ဘုရင်ခံအလိုကျ ခန့်နိုင်၏။ ထုတ်ပယ်နိုင်၏။ စက္ကူဖြူစာတမ်း၏ အစွမ်းသတ္တိဖြင့် ကိုလိုနီိစနစ်အား ထိန်းသိမ်းရန်သာ ဖြစ်သည်။ မိုးနှောင်ရက်ကျန် ရန်ကုန်မြို့က ငြိမ်သက်လျက်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ( ဖ ဆ ပ လ) အဖွဲ့ချုပ် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲက အချိန်မကြာ ---။ ဘုရင်ခံက (ဖ ဆ ပ လ) အား ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းသည်။ (ဖ ဆ ပ လ) မှ ဘုရင်ခံအမှုဆောင် ကောင်စီအား ကြားဖြတ်ယာယီ အမျိုးသား အစိုးရအနေဖြင့် ဖွဲ့စည်းရန် ရည်ရွယ်၏။ အမှုဆောင်ကောင်စီ (၁၅)နေရာတွင် (၁၁) နေရာအား (ဖ ဆ ပ လ) သို့ ပေးရန် တောင်းဆိုသည်။ ပြည်ထဲရေး ဌာနကိုလည်း (ဖ ဆ ပ လ) ကောင်စီဝင် တဦးမှ တာဝန်ယူမည်။ ဘုရင်ခံမှ ချက်ချင်း အဖြေမပေးနိုင်။ မကြာမှီ အကြောင်းပြန်ပေးပါမည်ဟု ယဉ်ကျေးစွာဖြင့် ဆိုသည်။ ပြီးပြီ။ ဆွေးနွေးပွဲက ဤမျှသာ ---။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ နှင့် ဦးဘဘေတို့ ဘုရင်ခံအား နှုတ်ဆက်ပြီး ဘုရင်ခံ၏ အိမ်တော်မှ ထွက်ခဲ့ကြသည်။ အလုံလမ်းမကြီးက စန့်စန့်ကြီး ၀ပ်ဆင်း၍ နေသည်။ မိုးစက်များက သူ့အပေါ်၌ ခုန်ပေါက်၍ နေကြသည်။ တပါတ်ခန့် ကြာသည့်အခါ၌ ဘုရင်ခံမှ အကြောင်းပြန်သည်။ ( ဖ ဆ ပ လ)၏ တောင်းဆိုချက်များအား ငြင်းပယ်သည့်အကြောင်း ----။ ပြီးလျှင် --- ဘုရင်ခံသည် အလိုတော်ရိများနှင့် စက္ကူဖြူစာတမ်းအား ထုဆစ်တော့၏။ ဆာပေါ်ထွန်း နန်းရင်းဝန် ဖြစ်လာသည်။

(၅)

၁၉၄၆ခုနှစ်၊ ဇန်န၀ါရီလ (၁၇-၂၃)ရက်။
ရွှေတိဂုံ အလယ်ပစ္စယံ၊ ရန်ကုန်မြို့။

ရာသီဥတုသည် ရှင်း၍နေသည်။ ကောင်းကင်သည် လင်း၍၊ လင်း၍ ----။ တိမ်ဆိုင် တိမ်အုပ်များ မရှိ။ နေခြည်သည် အတားအဆီးမရှိ မြေကမ္ဘာပေါ်သို့ ဖြန့်ကျက်၍ ဆင်းလာ၏။ ရွှေတိဂုံ စေတီတော်ကြီးသည် နေခြည်နှင့် လိမ်းကျံထားသဖြင့် ရွှေအိုရောင် ၀င်းပ၍ နေသည်။ ထိုးကျနေသည့် ရွှေတိဂုံ စေတီတော်၏ အရိပ်သည် အဆိုတင်သွင်းနေသူ အပေါ်သို့ အုပ်မိုးထားသည်။ ဘီဒီအေ ယူနီဖောင်းနှင့် (ဖ ဆ ပ လ) ဥက္ကဌ ဦးအောင်ဆန်းသည် ပထမအကြိမ် (ဖ ဆ ပ လ) ပြည်လုံးကျွတ် ညီလာခံကြီးသို့ အဆို တင်သွင်း၍ နေသည်။

“ ---- ဟုတ်လား ။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ကုန်သည်ပွဲစားများနှင့် တိုင်းရင်းသား အရင်းရှင် လူတန်းစားတွေဟာ ---- ။ ဟုတ်လား----။ နယ်ချဲ့ အရင်းရှင်ကို အပြုတ်တိုက်နိုင်ဖို့ ကိုယ့်ဆိုင်ရာ လူတန်းစား အဖွဲ့အစည်းတွေ တည်ထောင်ပြီး လူတန်းစား ညီညွှတ်ရေးတွေ တည်ဆောက်ကြရမယ်။ အဲဒီ လူတန်းစား အဖွဲ့အစည်း အသီးသီးက ကိုယ်စားးလှယ်တွေနဲ့ ---- ဟုတ်လား ----။ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေဟာ ဒီ (ဖ ဆ ပ လ) တပ်ပေါင်းစုကြီး အတွင်းမှာ ညီညွှတ်စွာနဲ့ လုပ်ကိုင် သွားကြပါရန် ဒီညီညွှတ်ရေးအဆိုကို တင်သွင်းပါတယ် ----”

လက်ခုပ်သံများက ရွှေတိဂုံ အလယ်ပစ္စယံ အတွင်း၌ ဆူညံ၍ နေတော့သည်။ အဆိုအား ကန့်ကွက်သူမရှိ အားလုံး ထောက်ခံကြသည်။ လူတန်းစား ညီညွှတ်ရေး ၊ ပြီးလျှင် တပ်ပေါင်းစုကြီးအတွင်း ညီညွှတ်ရေး၊ ထိုမှ အမျိုးသား လွတ်မြောက်ရေးဆီသို့ ----။

ရဟန်း၊ သံဃာ၊ လူထုလူတန်းစား ၊ စုစုပေါင်း လေးသိန်းကျော် တက်ရောက်ကြသည့် အကြီးမားဆုံး နိုင်ငံရေး အစည်းအဝေးပွဲကြီး ဖြစ်သည်။

“ဒိုမီနီယံ အလိုမရှိ”
“လုံးဝလွတ်လပ်ရေး ချက်ချင်းပေး”
“တိုင်းပြုပြည်ပြု လွှတ်တော် အမြန်ခေါ်”

(၆)
၁၉၄၆ ခုနှစ် မတ် (၂၇)ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်၊ ရန်ကုန်မြို့။

(ဂျပန်ကင်ဒို ဓါးရှည်သည် အပေါ်သို့ မြှောက်၍ တက်သွားသည်။ ပြောင်လက်သော ကင်ဒိုဓါးရှည်သည် နေရောင်အောက်၌ လင်းလက်သွား၏။ ခဏတာအတွင်း ဓါးရှည်သည် အောက်သို့ စိုက်ဆင်းလာပြီး ခုတ်ပိုင်းလိုက်သည်။ တိခနဲ ပြတ်မသွား---။ သထုံခရိုင်၊ ပေါင်မြို့နယ်မှ အင်္ဂလိပ်သူလျှို သဲဖြူကုန်းရွာ၏ ကုလားသူကြီးသည် အရှေ့သို့ ငိုက်၍ လဲကျသွားသည်။ သို့သော် ချက်ချင်း မသေ။ အင်္ဂလိပ်သူလျှိ၏ အသက်က ပြင်းလှသည်။

သွေးစွန်းနေသော ကင်ဒိုဓါးရှည်အား ဓါးအိမ်အတွင်းသို့ ထိုးသွင်းလိုက်ရင်း ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပြင်းလွန်းလှသည့် အင်္ဂလိပ်သူလျှို ကုလားသူကြီးအား သေနတ်နှင့် ပစ်သတ်ရန် သူ့ရဲဘော်များအား အမိန့်ပေးလိုက်သည်။ အနိဌာရုံမြင်းကွင်းအား ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးသည် အင်္ဂလိပ်သူလျှိုတဦး သေဒဏ် စီရင်ခြင်းအပေါ်၌ ကျေနပ်၍ နေကြသည်။)

ဘုရင်ခံ အမှုဆောင်ကောင်စီ ဒု-ဥက္ကဌ ဆာရိုက်ဝိုက်စ်သည် ဘီအိုင်အေ စစ်ကြောင်းများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့စဉ် အပေါင်မြို့နယ် မုတ္တမ ဘောလုံးကွင်းအတွင်း သဲဖြူချောင်း ရွာသူကြီးအား သတ်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းအား တရားစွဲဆိုနိုင်ရန် အချက်အလက်ဖိုင်တွဲကို အစည်းအဝေးတွင် ဖတ်ပြ၍ နေသည်။

အလုံလမ်း ဘုရင်ခံ၏ အိမ်တော်၌ ပြုလုပ်သော အစည်းအဝေး ဖြစ်သော်လည်း ဘုရင်ခံကိုယ်တိုင်က မတက်ရောက်။ မေမြို့သို့ အနားယူ သွားနေ၏။ ဗြိတိသျှ စစ်ဘက်မှ ဗိုလ်ချုပ်ဘရစ်နှင့် သူ၏ စစ်ဦးစီး အရာရှိကြီးများ၊ ပုလိပ်မင်းကြီးနှင့် အရပ်ဖက် အင်္ဂလိပ် အရာရှိကြီးများ တက်ရောက်ကြသည်။

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ၏ တပ်ဦးတွင် ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားနိုင်ရန် လူသတ်မှုဖြင့် ထောင်သွင်း ဖမ်းဆီးနိုင်ရန် ကြံစည်ကြခြင်း ဖြစ်သည်။

မြန်မာပြည်ပုလိပ်မင်းကြီး မစ္စတာ ချက်တယ်လ်က -----

“ဗိုလ်ချုပ်အောင်ဆန်းကို စီအိုင်ဒီိက ဖမ်းတာနဲ့ မြန်မာပြည် သူပုန်ထကြမှာပဲ။ နောက်ပြီး စစ်အတွင်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အထွေထွေ လွတ်ငြိမ်ချမ်းသာခွင့်ပေးဖို့ လန်ဒန်မှာ အခု စဉ်းစားနေကြပြီး မကြာခင် ဥပဒေ ထွက်လာမယ်။ ဒီတော့ မပြီးစီးသေးဘဲ ဆိုင်းငံ့ထားသင့်တယ်”

ပုလိပ်မင်းကြီး၏ ဆွေးနွေးချက်အပေါ် တပ်မတော် သေနာပတိချုပ် ဗိုလ်ချုပ်ဘရစ်ကလည်း ထောက်ခံ၏။

“ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းတာနဲ့ လူထုကြီးက သူပုန်ထကြမှာပဲ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆိုးဆိုးဝါးဝါး တုံ့ပြန်ကြလိမ့်မယ်။ နောက်ပြီး --- ဗမာ့ တပ်မတော်အတွင်းမှာ ရှိနေတဲ့ တပ်မတော်သား လေးထောင်၊ ငါးထောင်က ကျုပ်တို့ကို စတိုက်မှာပဲ။ သူတို့မှာ လက်နက် အပြည့်အစုံ ရှိတယ်။ စစ်ပညာ ရှိတယ်။ စစ်ပွဲ အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်တယ်။ ဆရာစံ ဂဠုန်တပ်လိုမျိုး မဟုတ်ဘူး -----“

အစည်းအဝေး ခန်းမအတွင်း တိတ်ဆိတ်၍ သွားသည်။ အားလုံးက တွေးဆ၍ နေကြသည်။ နေမ၀င် အင်ပါယာကြီးအတွက် -----။

(၇)

၁၉၄၆ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်။
အမှတ် (၂၅) တာဝါလိန်လမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၏ အပေါ်ထပ်တွင် (ဖ ဆ ပ လ) အမှုဆောင် အဖွဲ့အစည်းအဝေး ထိုင်နေကြသည်။ နေ့စဉ်နှင့်အမျှ မြန်မာ့နိုင်ငံရေးသည် ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိ၏။ ရန်ကုန်မြို့သည် မငြိမ်သက်။ ၁၉၄၆ ခုနှစ် မေလ (၁၄) ရက်နေ့တွင် အင်းစိန်ခရိုင်၊ ထန်းတပင် မြို့၌ ပြည်သူ့ရဲဘော်များအား တားမြစ်မိန့်ကို ဖီဆန်၍ စစ်ရေး လေ့ကျင့်သည် ဟူ၍ အစိုးရက ဖမ်းသည်။ မကျေနပ်ကြ။ မတရားသော အမိန့်အာဏာနှင့် ဖိနှိပ်ခြင်းဟု မြင်ကြသည်။ မေလ (၁၈) ရက်နေ့တွင် ပြည်သူ့ရဲဘော်များက မတရားဖမ်းဆီးမှုအား ကန့်ကွက်သည့် စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးအား ကျင်းပကြသည်။ လယ်သမားများ ပါသည်။ ကျောင်းသားများလည်း ပါသည်။ ရဟန်း၊ သံဃာများလည်း ပါကြသည်။ မတရား အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်၍ ပြခြင်းဖြစ်၏။ ပုလိပ်အဖွဲ့က ပစ်ခတ်တော့သည်။ ဆန္ဒပြသူ လယ်သမားကြီးသုံးဦး သေဆုံးပြီး (၁၅)ဦးခန့် ဒဏ်ရာရကြသည်။ ဤမှစ၍ တိုင်းပြည်သည် မငြိမ်သက်တော့ ----။ အာဏာ ဖီဆန်မှုများ ဖြစ်ပေါ်၍ လာတော့သည်။ လူထု သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင် ဆန္ဒပြကြသည်။ (ဖ ဆ ပ လ)၏ ဦးဆောင်မှု အောက်၌ စနစ်တကျ လူထုတိုက်ပွဲ ဆင်နွှဲလျက် ရှိသည်။

လူထု၏ အကျပ်အတည်းက ကြီးမားလှသည်။ မတရားသည့် အမိန့်အာဏာအောက် မလူးသာ မလှုပ်သာ ရှိနေသည့်အပြင် အခြေခံ စားသုံးကုန် ဈေးနှုန်းက အဆမတန် တက်၍လာသည်။ ဂျပန် ငွေစက္ကူများအား တရားမ၀င် ကြေငြာလိုက်သဖြင့် ငွေကြေး အကျပ်အတည်း ဖြစ်ရသည်။ လက်နက်ပုန်းများက နေရာအနှံ ----။ လုယက်မှု၊ ဓါးပြတိုက်မှုတို့က တိုး၍လာသည်။ လမ်းပန်း ဆက်သွယ်ရေးက လုံခြုံ ချောမွေ့မှုမရှိ။ ပြည်သူလူထုသည် ကျီးလန့်စာ၊ စားဘ၀ရောက်၍ နေသည်။

အခြေအနေ အရပ်ရပ်အား ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဆာပေါ်ထွန်း အစိုးရသည် မည်သို့မျှ မဖြေရှင်းနိုင်။ အကျပ်တွေ့၍ နေသည်။

(ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို ရှုမြင်ရာ၌ မကွဲလွဲ။ အမြင်တူညီကြ၏။ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းသည် သူရေးဆွဲထားသည့် စီမံချက်အကြမ်းအား ဗဟို အလုပ်မှုဆောင်များသို့ ဖတ်ကြားပြနေသည်။

“ပြည်သူ့လွတ်လပ်ရေး ချုပ်ချယ်မှု ကန့်ကွက်ပွဲအတွက် “

၁။ သြဂုတ်လ (၂၅) ရက် မတိုင်မှီ စီတန်း လမ်းလျှောက်ပွဲ လုပ်နိုင်က လုပ်စေလိုသည်။ မဖြစ်နိုင်က အစည်းဝေးပွဲ လုပ်စေလိုသည်။
၂။ အထက်ပါ ကန့်ကွက်ပွဲမှာ အာဏာဖီဆန်ရေး မဟုတ်သေးသဖြင့် လက်ရှိ ဥပဒေများကို ဖောက်ဖျက်ခြင်း စသော ကိစ္စမျိုး မလိုသေးပါ။
၃။ ကြွေးကြော်သံများမှာ အောက်ပါအတိုင်း ဖြစ်သင့်ပါသည်။
- ချုပ်ချယ်တဲ့ ဥပဒေတွေ ပယ်ဖျက်
- ချုပ်ချယ်တဲ့ အမိန့်တွေ ပယ်ဖျက်
- ကာကွယ်ရေးဥပဒေ အလိုမရှိ
- လက်တလော ဥပဒေ တွေ အလိုမရှိ
- သတင်းစာတွေ မချုပ်ချယ်နှင့်
- ပြည်သူ့ရဲဘော်တွေကို လွှတ်ပေး

(၈)
၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်။

စက်တင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန် ပုလိပ်အစည်းအရုံးမှ ဦးဆောင်၍ ပုလိပ်သပိတ်ကြီးအား စတင်သည်။ စက်တင်ဘာ (၁၅) ရက်နေ့တွင် စာတိုက်အမှုထမ်းများ သပိတ်မှောက်ကြပြန်သည်။ ပြီးလျှင် ---- ကြေးနန်း၊ မီးရထား၊ စည်ပင်သာယာ စသော အစိုးရဌာနများ လိုက်၍ သပိတ်မှောက်ကြတော့သည်။ ၀န်ထမ်းပေါင်းစုံ သပိတ်ကြီး -----။ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရ ယန္တရားကြီး ပျက်မည်ကဲ့သို့ ဖြစ်၍လာသည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်သည် မဖြေရှင်းတတ်။ အကျပ်တွေ့၍ နေသည်။ မည်သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း။ ဘုရင်ခံသစ်သည် စက်တင်ဘာ (၁၇) ရက်နေ့တွင် ဆာပေါ်ထွန်း အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအတွက် ဆားဟူးဘတ်ရန့်စ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့သည်။ ဘုရင်ခံ၏ အမှုဆောင် ကောင်စီသစ်တွင် (ဖ ဆ ပ လ) ကိုယ်စားလှယ် အရေအတွက် တိုးပေးမည့်အကြောင်း ကမ်းလှမ်း၍လာသည်။

ထိုအချိန်၌ ဂဠုန်ဦးစောသည်လည်း ယူဂန္ဒာထောင်မှ ပြန်ရောက်၍ နေပြီ။ အလိုတော်ရိဟောင်းကြီး ဦးစောအားလည်း ဘုရင်ခံသစ်က ခေါ်၍တွေ့သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအား ဆွေးနွေးသည်။ အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ဘုရင်ခံက ဦးစောအား ကမ်းးလှမ်းသည်။ ဦးစောက မငြင်း။ သဘောတူမှု ရသွားတော့သည်။

ဘုရင်ခံအိမ်ဝင်း အတွင်းမှ ပြန်ထွက်လာသော ဦးစော၏ကားသည် အလုံလမ်းအတိုင်း မောင်းနှင်၍ လာခဲ့သည်။ သူရိယ သတင်းစာတိုက်သို့ ရောက်သည့်အခါ ကားရပ်ပြီး သတင်းတိုက်အတွင်းသို့ ဦးစော ၀င်၍သွားသည်။ သူရိယ သတင်းစာတိုက်မှ ပြန်ထွက်လာသော ဦးစော၏ကားနောက်၌ အစိမ်းရောင် ဂျစ်ကားတစင်း လိုက်ပါ၍လာပြီ။ ဦးစောက သတိမထားမိ။ ပြည်လမ်းအတိုင်း မောင်းနှင်လာကြသော ကားနှစ်စင်းသည် နီးသွားလိုက်၊ ဝေးသွားလိုက်နှင့် မြေနီကုန်း အ၀ိုင်းကြီးအနီးသို့ ရောက်၍လာသည်။ အစိမ်းရောင်ဂျစ်ကားသည် အရှိန်မြှင့်ပြီး ဦးစော၏ကားအား ကျော်တတ်သည်။ ကားနှစ်စီး ဘေးချင်းယှဉ်မိသည်နှင့် အစိမ်းရောင်ဂျစ်ကားပေါ်မှ ဦးစောအား သေနတ်နှင့် ပစ်တော့သည်။ တချက် -------။ ဦးစောကား၏ မှန်ကို ထိသည်။ မှန်များ ကြေမွ လွှင့်စင်ကုန်၏။ နောက်တချက် ထပ်ပစ်သည်။ ဦးစောအား မထိ။ ဦးစောက ကားအတွင်းဝပ်၍ နေလိုက်ပြီ ဖြစ်သည်။ တတိယ တချက် ထပ်ပစ်ပြန်သည်။ ပြီးလျှင် အရှိန်နှင့်မောင်း၍ ထွက်သွားတော့သည်။ ဦးစောတို့၏ကားက အဝေးတွင် ကျန်ခဲ့ပြီ။

(၉)

၁၉၄၆ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်။
အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ရန်ကုန်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မငြိမ်သက်မှုများအား လန်ဒန်ရှိ လေဘာအစိုးရသည် သူ၏ တပ်အင်အားနှင့် ချေမှုန်းလို၏။ (ဖ ဆ ပ လ) နှင့် စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိ။ လွတ်လပ်ရေးပေးရန် မစဉ်းစား။ ကိုလိုနီစနစ်ကိုသာ အခိုင်အမာနှင့် တည်ဆောက် ချင်နေကြသည်။ လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေမှုအား စစ်အင်အား နှင့် နှိမ်နင်းလိုလေသည်။ သို့သော် ဖြစ်နိုင် ၊ မဖြစ်နိုင် ချိန်ဆ၍ နေကြသည်။ ဒေါင်းနင်းလမ်းမှ ဗြိတိသျှ စစ်ဦးစီး ဗိုလ်ချုပ်ကြီးများထံသို့ ထင်မြင်ချက် တောင်း၏။ ဗိုလ်ချုပ်ကြီးများမှ ဒေါင်းနင်းလမ်း အမှတ် (၁၀)သို့ ၎င်းတို့၏ ထင်မြင်ချက်များအား အစီရင်ခံ တင်ပြကြ၏။

“ဒုတိယ ကမ္ဘာစစ်ကြီးတွင် ကမ္ဘာ့ အရှေ့တလွှားသို့ သွားရောက်ကာ လေးနှစ်နီးပါး ကြာအောင် ရန်သူ ဂျပန်များအား တိုက်ခိုက်ရပြီးမှ စစ်နိုင်သော ဗြိတိသျှစစ်တပ်များနှင့် ဗြိတိသျှ လက်အောက်ခံ အာဖရိကတိုက်သား တပ်များသည် အိမ်ပြန်ချင်နေကြသည်။ မြန်မာ အမျိုးသား စစ်တပ်နှင့် တသားတည်း စည်းလုံးညီညွှတ်လျက်ရှိသော ပြည်သူလူထု အင်အားကြီးကို ဖြိုခွင်း အနိုင်ယူရန်မှာ နှစ်ပေါင်းများစွာ ကြာဖွယ်ရှိသည်။ မြန်မာနိုင်ငံ၏ မိုးရာသီ ရွှံနွံများအတွင်း၌ ဗြိတိသျှ စစ်သားများက လေးငါးနှစ် ဆက်၍ စစ်တိုက်နေလိုသော စိတ်ဓါတ် မရှိတော့ပြီ။ ထို့အပြင် အိန္ဒိယပြည်ကြီးသည် မကြာမီသော ကာလအတွင်း၌ လွတ်လပ်ရေး ရသွားတော့မည်။ ဤအခြေအနေ၌ အိန္ဒိယပြည်၏ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော ဂန္ဒီ၊ နေရူး အစရှိသော ပုဂ္ဂိုလ်များသည် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲကို နှိမ်နင်းရန်အတွက် အိန္ဒိယ စစ်တပ်များအား အသုံးချခြင်းကို ခွင့်ပြုကြလိမ့်မည် မဟုတ်ချေ။ ထိုကြောင့် မြန်မာနိုင်ငံအား အသားတကြည်နှင့် လွတ်လပ်ရေး ပေးလိုက်ခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်”

(၁၀)
၁၉၄၆ ခုနှစ် ၊ စက်တင်ဘာလ (၂၆)ရက်။

စက်တင်ဘာ (၅) ရက်နေ့မှ စတင်ခဲ့သော “စက်တင်ဘာ အရေးတော်ပုံကြီး” သည် အားကောင်း၍ သာလာ၏။ ဘုရင်ခံသည် (ဖ ဆ ပ လ) အား အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ကမ်းလှမ်းနေသော်လည်း (ဖ ဆ ပ လ) ၏ တောင်းဆိုချက်များအား ဈေးဆစ်၍သာ နေလေသည်။ မလိုက်လျော။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံအား ---

“ကျုပ်တောင်းတာ အေးအေးဆေးဆေး မပေးရင် လူထုကို ကျုပ်ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ ထ ချကုန်လိမ့်မယ်”

ဟူ၍ တဖက်မှ အားကိုပြ၍ ခြိမ်းခြောက်၏။ တဖက်မှ တောင်းဆိုချက်များကို အေးဆေးစွာနှင့် ရရှိနိုင်ရန် စေ့စပ် ညှိနှိုင်း၏။ အလျော့အတင်း လုပ်ကြ၏။ စက်တင်ဘာလ (၂၉) ရက်နေ့တွင် လူထုသိန်းနှင့်ချီ၍ စက္ကူဖြူစာတမ်း ကန့်ကွက်ပွဲ ပြုလုပ်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ကြေငြာလိုက်၏။ ဘုရင်ခံ တင်းမထားနိုင်တော့။ လျော့ပေးရတော့သည်။

ဘုရင်ခံ၏ အမှုဆောင် ကောင်စီအား (၁၁) ဦးနှင့် ဖွဲ့စည်းမည်။ (ဖ ဆ ပ လ) မှ (၇)ဦး ပါဝင်မည်။ ကောင်စီကို အစိုးရအဖွဲ့ ပုံသဏ္ဍာန်နှင့် လုပ်ကိုင် ဆောင်ရွက်မည်။ ဘုရင်ခံက အမှုဆောင်ကောင်စီ၏ သဘာပတိ၊ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ သဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူပြီး တောင်တန်းဒေသများကို ဘုရင်ခံမှ တိုက်ရိုက် တာဝန်ခံမည်။

ဘုရင်ခံနှင် (ဖ ဆ ပ လ) တို့ ညှိနှိုင်း၍ ရသွားကြပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ခေါင်းဆောင် တာဝန်ကို အလုံလမ်း၊ ဘုရင်ခံနေအိမ်၌ လက်မှတ်ရေးထိုး ရယူခဲ့ပြီးနောက် တာဝါလိန်းလမ်း နေအိမ်သို့ ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်သော အစိုးရ၊ ညီညွှတ်သော (ဖ ဆ ပ လ)နှင့် လူထုသည် ယာယီ အမျိုးသားအစိုးရအဖြစ် အချုပ်အချာ အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်သို့ အရောက် ချီတက်တော့မည်။

(၁၁)

၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်။
အမှတ် (၂၅) ၊ တာဝါလိန်းလမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ် အပေါ်ထပ်၌ (ဖ ဆ ပ လ) အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ပြုလုပ်နေသည်မှာ နှစ်ရက်ရှိပြီ။ ဆုံးဖြတ်ချက် မချနိုင်သေး။ မနေ့ညကလည်း သန်းခေါင်ကျော်မှ အစည်းအဝေး ရပ်နားလိုက်ရသည်။ လူတွေက ပန်း၍နေ၏။ (ဖ ဆ ပ လ) အဖွဲ့မှ ဘုရင်ခံ အမှုဆောင် ကောင်စီအစိုးရ အဖွဲ့တွင်ဝင်ပြီး တလကျော်ကျော် ကာလအတွင်း (ဖ ဆ ပ လ) အနေဖြင့် နောက်တဆင့် လွတ်လပ်ရေးအတွက် လန်ဒန် အစိုးရကို တောင်းဆိုမည့်အကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။ မနေ့ညက သခင်နုသည် (ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သို့ အဆိုတရပ် တင်၍ ဆွေးနွေးသည်။

ဗြိတိသျှ အစိုးရ အနေနှင့် မြန်မာပြည်၏ လွတ်လပ်ရေးကို တနှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ မတိုင်မှီ လန်ဒန်ရှိ လေဘာအစိုးရက ကြေငြာပေးရန်။

ဗြိတိသျှအစိုးရက မကြေငြာပေးပါက ဘုရင်ခံ အမှုဆောင် ကောင်စီ အစိုးရအဖွဲ့မှ (ဖ ဆ ပ လ) ကိုယ်စားလှယ်များ နှုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲများ ဆင်နွှဲသွားမည်။

သခင်နု၏ ဆွေးနွေးချက်များအား ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းက ထောက်ခံသည်။ ဦးဘဘေတို့က ကန့်ကွက်၏။ ကျန်လူများမှာတော့ မည်သည့် သဘောထားမှ မပြောကြ။ ဗိုလ်ချုပ်၏ သဘောထားအား သိချင်ကြပုံရ၏။ သူ့သဘောထားအား ဆွေးနွေးလိုက်ပါက ကျန်လူများက ဗိုလ်ချုပ်၏ သဘောထားအတိုင်း ရပ်တည်ကြမည်။ ဗိုလ်ချုပ်က ထောက်ခံပါက သဘောမတူသော်လည်း ထောက်ခံကြမည်။ ဗိုလ်ချုပ်က ကန့်ကွက်ပါက ထောက်ခံချင်သော်လည်း သူတို့ ကန့်ကွက်ကြမည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းက သူ့၏ သဘောထားအား အရင် မတင်ပြခြင်း ဖြစ်သည်။ ဤသို့နှင့် မနေ့က အစည်းဝေးသည် ညနက် သန်းခေါင်ကျော်ခဲ့၏။ ဆုံးဖြတ်ချက်ဟူ၍ မချမှတ်နိုင်ခဲ့။ ဒုတိယည ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး စသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှစ၍ ဆွေးနွေးတော့သည်။

“လွတ်လပ်ရေးဟာ အရေးအကြီးဆုံး ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ဒီပြဿနာကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ ဒီလို ဦးစားပေးပြီး မဆောင်ရွက်ရင် လွတ်လပ်ရေးကို ကျနော်တို့ မျက်ခြေပျက်သွားမယ်။ ဒီလွတ်လပ်ရေး ပေးပါမယ်လို့ ဗြိတိသျှအစိုးရကို ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့မတိုင်မီ ကြေငြာခိုင်းရုံနဲ့ မလုံလောက်ဘူး။ မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ ပါရမယ်။ အဲဒါမပါရင် ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုးရက ဖိုင်တွဲချင်လည်း တွဲထားလိုက်မယ်။ စက္ကူစုတ်ထဲ့တဲ့ ခြင်းထဲကို စုတ်ပစ်ပြီး ထည့်ချင် ထည့်ထား လိုက်လိမ့်မယ်။ အဲဒါကြောင့် ဗြိတိသျှ အစိုးရက မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ် ဆိုတာကို ထည့်ရမယ်။ မထည့်လို့ မဖြစ်ဘူး။ အာဏာ ဖီဆန်တယ်ဆိုတာ မလုပ်ရင် မဖြစ်လို့ လုပ်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အိန္ဒိယမှာ မဟတ္တမဂန္ဒီဟာ အနုနည်း အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ လူတချို့သာ နားထောင်တယ်။ တချို့က နားမထောင်ဘူး။ ကျနော်တို့ ဗမာတွေက သိပ်စိတ်ဆပ်တယ်။ အနုနည်းနဲ့ ဘယ်လောက်ထိ အာဏာ ဖီဆန်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပဲ။ အိန္ဒိယမှာ တချို့လူတွေဟာ အကြမ်းဖက်လာတဲ့အခါ ဂန္ဒီဟာ အာဏာဖီဆန်ရေးကို ရုပ်သိမ်းပစ်လိုက်ရတယ်။ ကျနော်တို့ လူတွေက ကျနော်တို့စကားကို နားမထောင်ဘဲ အကြမ်းဖက်လာရင် အာဏာဖီဆန်ရေးကို ချက်ချင်း ရပ်ပစ်ရမှာပဲ ----“

ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးပြီးသည့်နောက် (ဖ ဆ ပ လ) အလုပ်မှုဆောင်အဖွဲ့မှ သခင်နု၏ အဆိုကို မကန့်ကွက်ကြတော့။ အားလုံးမှ ထောက်ခံလိုက်ကြသည်။ (ဖ ဆ ပ လ) အလုပ် အမှုဆောင် အဖွဲ့အစည်းအဝေးကား ပြီးလေပြီ။ ရန်ကုန်မြို့က ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။ တခါတခါ တာဝါလိန်းလမ်းမပေါ်မှ မောင်းနှင်သွားသော မော်တော်ကားသံများအား ကြားရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အိပ်ခန်းအတွင်းသို့ ၀င်လာသည်။ သမီးငယ် မစုက မိခင်၏ဘေး၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ နေလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် သမီးငယ် မစု၏ နဖူးပြင်သို့ ညင်သာစွာ နမ်းလိုက်၏။

အစွယ်လိုသူများ (ဒုတိယပိုင်း)ကို ဆက်လက်ဖတ်ရှူပါရန်

“ဗိုလ်” ၏ အဓိပ္ပာယ်အစစ်အမှန်

 [Freedom from Fear - 13] by Zaw Min Oo on Tuesday, December 13, 2011 at 8:29pm

အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၆ - ၁၉၁ ကို မြန်မာပြန်သည်။ ဗိုလ်ဟူသော ဝေါဟာရမှာ အစိုးရရုံးအသုံးအနှုန်းတွင် ကြည်းတပ်မှ ဗိုလ် သို့မဟုတ် “လက်ဖ်တင့်နင့်” ကို ဆိုလိုခြင်း ဖြစ်ပါသည်။ သို့သော်လည်း အများသုံးစကားတွင် စစ်အရာရှိများ၊ အမိန့်ပေးသူ များ၊ ခေါင်းဆောင်များကို “ဗိုလ်” ဟု ခေါ်လေ့ရှိပါသည်။

တိုင်းပြည် လွတ်လပ်ရေးရတော့မည် ဟူသော မျှော်လင့်ချက်ဖြင့် တက်ကြွနေသော ထွန်းသစ်စ ဗမာ့လွတ်လပ်ရေးတပ်မတော် ၁၉၄၂ ခုနှစ်တွင် မြန်မာ့မြေပေါ်ခြေချလာသည်နှင့် ၎င်းတပ်မှ အရာရှိများကို ရာထူးမရွေး “ဗိုလ်” ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ လူအများစိတ်ဓာတ်အရှိန်မြင့်မား၍ ဘေးအန္တရာယ် ထူပြောသော စစ်တွင်းကာလတွင် လူစွမ်းကောင်းများ ဈေးကောင်းလေရာ “ဗိုလ်” တိုင်းကို စွဲမက်ဖွယ်ရာ စိတ်ကူးယဉ်ပုံပြင်ဆန်ဆန် မသဲကွဲသော အတွေးဖြင့် ရှုမြင်ကြပါသည်။

၎င်းတို့အနက် ရှေ့ဆုံးမှ ထင်ပေါ်နေသူမှာ အောင်ဆန်းဖြစ်ပါသည်။ အသက် (၂၇) နှစ်ပင် မပြည့်သေးဘဲ စိတ်ဓာတ်အလွန်ပြင်းထန်ပြီး ဖြောင့်မတ်တည်ကြည်သဖြင့် မျိုးချစ်လူငယ် စစ်သေနာပတိအသွင်ဆောင်နေရာ ၎င်းနှင့်ပတ်သက်၍ သီချင်း၊ ကဗျာများ ရေးစပ်ရာ၌ စိတ်ကူးကွန့်မြူးလာကြပါသည်။

ငါတို့မြန်မာပြည်မယ် မိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို အာဇာနည်အစစ်တွေ မွေးကြရမယ်
- ရာဇဝင်အတ္ထုပတ္တိလည်း ရှိရမယ်
မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဤကဲ့သို့ ချီးမြှောက်ခြင်းကြောင့် ပို၍ အသက်အားဖြင့်၎င်း၊ အတွေ့အကြုံအားဖြင့်၎င်း ပိုမိုသူများပင်လျှင် ယစ်မူးသွားနိုင်သော်လည်း အောင်ဆန်းမှာမူ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကြောင့် တည်ကြည်ခိုင်မြဲ ရှင်းလင်းပြတ်သားစွာဖြင့် လုံးဝစိတ်ထားမှန်အောင် ထိန်းသိမ်းခဲ့ပါသည်။ ထိုစဉ်က ကျင်းပလေ့ရှိသော အခမ်းအနားတခုတွင် အောင်ဆန်းအား ကမ္ဘာ့သမိုင်းတွင် ထင်ရှားမည်ဟု ချီးမွှမ်းသောဩဘာစာကို ဖတ်ကြားသောအခါ ကမ္ဘာ့သမိုင်းတွင်မဆိုနှင့်၊ ဗမာ့သမိုင်း၌ပင် နေရာမရသေးပါ ဟု အောင်ဆန်းက ကြွတ်ဆပ်ဆပ် မှတ်ချက်ချသွားခဲ့ပါသည်။

 တော်လှန်ရေးလှုပ်ရှားမှု တလျှောက်တွင် စစ်တပ်ကို ဦးဆောင်ခဲ့သည့် နောက်ပိုင်းတွင် ပြန်လည် တည်ထောင် လိုက်သော ဗြိတိသျှအုပ်ချုပ်ရေးနှင့် စေ့စပ်ဆွေးနွေးခဲ့ပြီး ဘုရင်ခံ၏ အုပ်ချုပ်ရေးကောင်စီတွင် ဒုဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရသောအခါ၌ပင် အောင်ဆန်းက “ကျုပ်တို့ အခု မစရသေး၊ မလုပ်ရသေဘူး။ ဒါကြောင့် ချီးမွမ်းစရာရှိလည်း အခုချီးမွမ်းမခံချင်သေးဘူ။” ဟု ပြောနေတုန်းပင် ဖြစ်ပါသည်။

ထိုစဉ်အချိန်က ၎င်းသည် အမျိုးသားလူစွမ်းကောင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတဝှမ်းတွင် “ဗိုလ်ချုပ်” ဟု သိရှိကြကာ မြန်မာပြည်သူပြည်သားတို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံနေရသူပင် ဖြစ်ပါသည်။ “ဗိုလ်ချုပ်” ဟူသည်မှာ ဒုတိယဗိုလ်ချုပ်ကြီးအောက်တွင်ရှိသော အဆင့်ပင်ဖြစ်သော်လည်း အောင်ဆန်းက ရယူလိုက်သောအခါ ယင်းရာထူးအဆင့်သည်လည်း မြန်မာပြည်တွင် အတုမရှိ၊ ထူးခြားအရေးပါသော အဓိပ္ပာယ် သက်ရောက်မှုရှိလာပါသည်။ ဗိုလ်ချုပ်ဟူသည်မှာ တပ်မတော်၏ ဖခင်၊ အင်အားကြီးသော ကိုယ်ကျိုးမကြည့်သော ခေါင်းဆောင်မှု၊ ဝေါဟာရအဓိပ္ပာယ်အရ “ဗိုလ်ချုပ်များ ကို အုပ်ချုပ်သူ” ဟု သဘောရပါသည်။

“ဗိုလ်” ပါဠိစာလုံး “ဗလ” (ခွန်အား) မှ လာခြင်းဖြစ်ပါသည်။ သို့သော်လည်း ချီးကျူးထိုက်သော ခွန်အားနှင့် မလိုလားအပ်သော အင်အားကို ခွဲခြားရသည်မှာ မလွယ်ကူလှပါ။ “ကာယ” ပြုလုပ်ခြင်းနှင့် “ဗလ” တို့ ပေါင်းစပ်လိုက်ပါက ဗလသက္ကာယ အကြမ်းဖက်ခြင်းဖြစ်လာပါသည်။ တနည်းဆိုရသော် လက်ခံနိုင်လောက်သော အကန့်အသတ် အတိုင်းအတာထက်ကျော်လွန်၍ ခွန်အားကို အသုံးပြုသောအခါ ဖျက်ဆီးခြင်းအဖြစ်သို့ ရောက်ရှိလာပါသည်။

ဤအန္တရာယ်ကို ကိုယ်ကျင့်တရားဖြင့် ထိန်းချုပ်ခြင်း မပြုပါက နိုင်ငံရေး သို့မဟုတ် လူမှုရေးအပြောင်းအလဲများကြောင့် ဝရုန်းသုန်းကား ဖြစ်နေသော အချိန်ကာလတွင် အောင်ဆန်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲကို ဦးစီးဦးကိုင်လုပ်ခဲ့ရသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းထွက် ဖြစ်သဖြင့် ၎င်းသည် စိတ်နှင့် စိတ်ဓာတ်တို့၏ စွမ်းအားနှင့်ဆိုင်သော သဘောတရားကို ငယ်စဉ်ကပင် သိရှိမည် ဖြစ်၍ ဗလငါးပါး (ဣနြေ္ဒငါးပါး သို့မဟုတ် စိတ်ကို ထိန်းသိမ်းနိုင်သောတရားများ) ကိုလည်း လေ့လာဆည်းပူးခဲ့မည် ဖြစ်ပါသည်။ ၎င်းတို့မှာ သဒ္ဓါ၊ ဝိရိယ၊ သတိ၊ သမာဓိနှင့် ပညာတို့ဖြစ်ပါသည်။ လောကီအလိုအရ ဗလငါးတန်ဖြစ်သော ကာယ၊ ဥာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တဗလတို့သည် လောကုတ္တရာအကျိုးဆောင် ဗလများထက် နိမ့်ကျပြီး ဂုဏ်သိက္ခာရှိစွာ အကျိုးပေးမည့်အင်အားများဖြစ်လာနိုင်ရန် ၎င်းတို့ကို စိတ်နှင့် စိတ်ဓာတ် ပြုစုပျိုးထောင်ခြင်းဖြင့် ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။

တာဝန်ရှိသော စစ်အဖွဲ့အစည်တခုနှင့် ပေါင်းစပ်ရမည့် ပေါ်ထွန်းစ စစ်တပ်၏ စစ်သေနာပတိအဖြစ်၎င်း၊ မတည်ငြိမ်သော ပုဂ္ဂိုလ်ပေါင်းများစွာ ပါဝငိနေသည့် အမျိုးသားလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ်၎င်း စည်းကမ်းဖြင့် မထိန်းထားသော အင်အား၏ လက်တွေ့အန္တရာယ်များကို ၎င်းက ကောင်းစွာသိရှိထားသူပင်ဖြစ်ပါသည်။ အောင်ဆန်းသည် ၎င်းတည်ထောင်ထားသော တပ်မတော်ကို စည်းကမ်းကြီး၍ ဂုဏ်ကျက်သရေရှိသော အဖွဲ့အစည်းအဖြစ် ရည်မှန်းထားပါသည်။

အနစ်နာခံခြင်း၊ ကိုယ့်စည်ကိုယ်ထိန်းခြင်း၊ ဖောက်ပြန်မှုကင်းခြင်း စသော ကျောက်သားပကတိခိုင်မာသည့် မြင့်မြတ်သောဂုဏ်အင်္ဂါများဖြင့် တည်ဆောက်ထားသောတပ်မတော်၊ ကိုယ်ပိုင်အကျိုးအမြတ်မမျှော်ကိုးဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်ရန် မိမိ၏ခွန်အားကို လုံးဝပေးလှူထားသော တပ်မတော်သာဖြစ်ရမည်ဟု အောင်ဆန်းက ယူဆပါသည်။

လက်နက်အင်အားကို ဖိနှိပ်ချုပ်ချယ်ရာ ပစ္စည်းကိရိယာ အဖြစ် ထင်မှတ်စေမည့် သဘောထားများ၊ ရပ်တည်ချက်များကို ရှောင်ကျဉ်ပါရန် စစ်သည်တော်များအား အောင်ဆန်းက တိုက်တွန်းဆုံးမခဲ့ပါသည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်လိုသော လူ့သဘာဝကို ထောက်ပြ၍ မတရားပြုကျင့်သော အားကြီးသူတို့အား မကြောက်မရွံ့ဆန့်ကျင်ရန်နှင့် အားနည်းသူတို့အပေါ်တွင် ဖြောင့်မှန်တရားမျှတစွာ ပြုကျင့်ရန် အောင်ဆန်းက တိုက်တွန်းခဲ့ပါသည်။

“ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်” ဟုလည်း သတိပေးခဲ့၏။ (၃၀-၁-၄၄)။

တိုင်းပြည်က ကိုးကွယ်ဆည်းကပ်ထိုက်သော ထူးချွန်သည့်တပ်မတော်ဖြစ်လာစေရန် အဆက်မပြတ် ကြိုးပမ်အားထုတ်နေရမည် ဖြစ်ပါသည်။ သို့သော် ထူးချွန်သဖြင့် ခေါင်းဆောင်မှုပေးရန် အထူးအခွင့်အရေးရှိသော လက်ရွေးစင်လူတစု ဖြစ်လာရမည် မဟုတ်ပါ။ တပ်မတော်သည် လူတဦးတယောက်အတွက်၊ တဖွဲ့၊ လူတစု၊ အပါတီအတွက် တည်ထောင်းထားခြင်းမဟုတ်ဘဲ တပြည်လုံးအတွက် တည်ထောင်ထားခြင်းဖြစ်သည်ဟု အောင်ဆန်းက ရှင်းလင်းပြတ်သားစွာ ပြောဆိုထားပါသည်။ ၎င်းတို့၌သာလျှင် ပြည်ချစ်စိတ်ရှိနိုင်သည်ဟူသော အယူအဆကို ခံယူထားကြသည့် စစ်မှုထမ်းများ၏ သေးသိမ်မှေးမှိန်သော အမြင်ကိုလည်း အောင်ဆန်းက ပယ်ချပါသည်။

“တခြား စစ်သားမဟုတ်ပေမဲ့ နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်တဲ့ လူတွေလည်း ရှိတာပဲ။ အဲ့ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်” (၁၃-၃-၄၄)။

အောင်ဆန်းက စစ်သားများကို တင်းမာပြင်းထန်စွာ သတိပေးဆုံးမနေရသည့်အချက်မှာ တပ်မတော်ကို နှိမ်လိုသောကြောင့်မဟုတ်ဘဲ “ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ” ဟု ကိုယ်တိုင်မိန့်ကြားခဲ့ပါသည်။ (၁၃-၃-၄၄)။

တိုင်းပြည်၏ ဂုဏ်သိက္ခာဟူသည်မှာ ပြည်သူတို့၏ ဂုဏ်သိက္ခာဖြစ်သည်၊ ပြည်သူတို့၏ ဂုဏ်သိက္ခာသည် ၎င်းနှင့် ၎င်းစစ်သားများ၏ ဂုဏ်သိက္ခာနှင့် ခွဲခြား၍မရဟု အောင်ဆန်းက ယုံကြည်ထားပါသည်။ သူလိုလားသော စံပြလက်နက်ကိုင်တပ်ဖွဲ့ဆိုသည်မှာ စစ်မှုထမ်းတိုင်း၏ အပြုအကျင့်တို့သည် ၁၈ ရာစု နန်းတွင်းစာဆိုတော် လက်ဝဲသုန္ဒရ (၁၇၂၃-၁၇၉၉) ရေးသားဖွဲ့ဆိုထားသော နန္ဒိသေနပျို့ပါ သဘောတရားဖြင့် ပြည့်ဝနေမည်ဖြစ်သော တပ်ဖွဲ့ပင်ဖြစ်ရပေမည်။

စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား၊ မကိုးစားလျှင်
ဓါးသွားလည်ကြွေ၊ လှံလည်းခွေအံ့။
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)

လွတ်လပ်ရေးလှုပ်ရှာမှု အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့စိတ်နှလုံးကို သိမ်းကြုံး၍၊ ပြည်သူ့အင်အားကို ကိုးစားကြောင်း ပို၍ သိသာထင်ရှားလာပါသည်။

လူတဦးတယောက်သည် မည်မျှလောက် စွမ်းပကားရှိစေကာမူ လူထု၏ အားပေးရိုင်းပင်းမှုမရှိဘဲလျက် ရာဇဝင်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်” ဟု ယုံကြည်သည့်အလျောက် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်သူတို့ကို ၎င်းနောက်မှ မြဲမြံစွာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြပါရန် ပန်ကြားခဲ့ပါသည်။ မဟုတ်မမှန်သော ကတိများပေး၍၎င်း၊ မြှောက်ပင့်ပြောဆို၍၎င်း၊ ထောက်ခံမှုရယူသောနည်းကို ၎င်းက မသုံးပါ။

စစ်ကြောင့် အကြီးအကျယ်ပျက်စီးနေရသည့် မြေပေါ်တွင် လွတ်လပ်သော ကိုယ်ထူကိုယ်ထ တိုင်းနိုင်ငံကို တညီတညွှတ်တည်း ဝိုင်းဝန်းတည်ထောင်ရန် ၎င်းနှင့် ပြည်သူလူထုအကြား အပြန်အလှန်ယုံကြည်မှုနှင့် ရိုသေလေးစားမှုတို့၏ တခုတည်းသောအခြေခံမှာ ရိုးသားဖြောင့်မတ်ပွင့်လင်းမှုပင် ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ယူဆပါသည်။ နိုင်ငံရေးတွင် လိမ်လည်လှည့်ဖြားမှု၊ ကောက်ကျစ်စဉ်းလဲမှုတို့ကို ဦးစားပေး ကျင့်သုံးနေခြင်းသည် ပြည်သူလူထုကို စော်ကားရာရောက်သည့်အပြင် မိမိ၏ သိက္ခာသမာဓိကိုလည်း ဖောက်ဖျက်ရာရောက်ပါသည်။ ပြည်သူပြည်သားအများစုသည် အသိတရားဖြင့် အမှားထက်အမှန်ကိုသာ တန်ဖိုးထားပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်ရှိသည်ဟု ယူဆ၍ အောင်ဆန်းက လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

ယင်းယူဆချက်သည် မှားယွင်းခြင်းမရှိပါ။ ၎င်း၏ ကြိုးပမ်းမှုများကို ပြည်သူလူထုက အပြည့်အဝ နားလည်သဘောပေါက်ကြပြီး စည်းလုံးညီညာစွာ ထောက်ခံအားပေး၍ တုံ့ပြန်သဖြင့် ၁၉၄၇ ခုနှစ် ဧပြီလ၌ ကျင်းပသော ရွေးကောက်ပွဲတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့မှ ဝင်ရောက် ယှဉ်ပြိုင်သူအများစု အနိုင်ရခဲ့ပါသည်။ အောင်ဆန်းသည် အစိုးရအာဏာ၏ အဆင်အယင်၊ အဆောင်အယောင်များကို ဂရုစိုက်လှသူမဟုတ်သော်လည်း ပြည်သူတို့က ရွေးချယ်ထားသော ခေါင်းဆောင်ဆိုသည့်ဂုဏ်ကိုမူ ရိုးသားစွာမြတ်နိုးသူပင်ဖြစ်ပါသည်။ ခေါင်းဆောင်မှုတာဝန်များကို အောင်ဆန်း လေးလေးနက်နက် ခံယူထားပါသည်။ ခေါင်းဆောင်ဟူသည်မှာ သေရမည် သို့မဟုတ် ကဲ့ရဲ့ရှုတ်ချမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ မိမိမှန်သည်ဟု ယူဆသောကိစ္စကို သတ္တိရှိရှိဖြင့် လုပ်ကိုင်ရဲသဖြင့် လူထုက ယုံကြည်စွာ ပေးအပ်ထားသော အရာဖြစ်သည်ဟု အောင်ဆန်းက မြင်ပါသည်။

တိုင်းပြည်အပေါ်တွင်ထားရှိရမည့် ၎င်း၏ တာဝန်ဝတ္တရားများ ပျက်ကွက်ပါက ပေးထားသော ခေါင်းဆောင်မှုကို ပြည်သူက ပြန်လည်သိမ်းယူရမည်ဟုလည်း လက်ခံပါသည်။ ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့ကို တိုင်းပြည်က ရိုသေလေးစားခြင်းမရှိတော့သောအခါတွင် ၎င်းတို့ ရာထူးမှ နှုတ်ထွက်မည်ဟု အောင်ဆန်းက ပြောသောအခါ အပြောသက်သက်မဟုတ်ဘဲ ဖျက်မည်မဟုတ်သော ကတိကို ပေးလိုက်ခြင်းဖြစ်သည်ဟု ပြည်သူတို့က သိရှိကြပါသည်။

အင်အားဆိုသည်မှာ တရားမျှတမှန်ကန်သော ဦးတည်ချက်အတွက် အသုံးပြုမှသာလျှင် တန်ဖိုးရှိသည်ဟု ယုံကြည်သော နိုင်ငံ့ခေါင်းဆောင် စစ်သည်တဦးအဖို့ ဂုဏ်သိက္ခာမရှိဘဲ အုပ်ချုပ်ခြင်းသည် နှစ်လိုဖွယ်ရာမဟုတ်ပါ။ ပြည်သူ့လူစွမ်းကောင်းဟူသည် ပြည်သူ၏ မျှော်မှန်းတောင့်တချက်ကို ကိုယ်စားပြုပါသည်။

လက်တွေ့ဘဝရှိ ခေါင်းဆောင်များမှာမူ ပြည်သူတို့၏ မျှော်မှန်းချက်များအား အကောင်အထည်ဖော်ပေးနိုင်မည့် အတိုင်းအတာကိုသာ ရောင်ပြန်ဟပ်နေကြပါသည်။ ကြုံခဲလှသော သမိုင်းအချိန်အခါများတွင် မျှော်မှန်းတောင့်တချက်နှင့် တကယ့်လက်တွေ့ဘဝတို့ တထပ်တည်း တိုက်ဆိုင်သွားသောအခါ၌ ပြည်သူလူထုသည် ကိုယ်ရောစိတ်ပါ အင်တိုက်အားတိုက် အစွမ်းကုန်လုပ်ဆောင်ကြပြီး အချင်းချင်း ညီညွှတ်ကြပါသည်။ ယင်းအချိန်အခါကို သတိရနေခြင်းဖြင့် သိက္ခာမဲ့၍ အောင်မြင်မှုခြောက်ခမ်းသော ကာလများတွင် အားမွေး၊ ဂုဏ်ယူနိုင်ပါသည်။ အောင်ဆန်းခေါင်းဆောင်သော တိုတောင်းလှသည့် ကာလအတွင်း၌ မြန်မာပြည်သူပြည်သားတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ထိုက်ထိုက်တန်တန် ယုံကြည်အားကိုးခွင့်ရကြသူများတွင်ရှိသော မျှော်လင့်ချက်များ၊ လုပ်ချင်ကိုင်ချင်သော အင်အားများဖြင့် ပြည့်ဖြိုးနေကြပါသည်။ ၎င်းတို့၏ ဗိုလ်ချုပ်က ၎င်းတို့ကို စည်းကမ်းနှင့် လုံ့လဝိရိယမရှိဟူ၍ သူ့ဝသီအတိုင်း တုံးတုံးတိတိ ပြစ်တင်ကြိမ်းမောင်း ဆူပူသည့်အခါ၌ပင် ၎င်းတို့သည် စိတ်ပျက်ခြင်းမရှိကြဘဲ ဗိုလ်ချုပ်သည် မိမိ၏ ချို့ယွင်းချက်များကို မိမိကိုယ်တိုင် ပြင်ဆင်ရန် ဆန္ဒရှိသကဲ့သို့ ၎င်းတို့ကိုလည်း ၎င်းတို့၏ ချို့ယွင်းချက်များကို ပြင်စေလိုသည်ဟု အသေအချာသိရှိထားကြသဖြင့် ပို၍ပင် ကြိုးစားချင်စိတ် ပေါက်လာကြပါသည်။

“ဘဝဟူသည်မှာ အမှန်တရားနှင့် အပြစ်ကင်းစင်မှုကို ရှာဖွေသော မွန်မြတ်သည့် ခရီးစဉ်” ဟု အောင်ဆန်းက ယူဆထားပါသည်။ ဤသို့ ရှာပုံတော်ဖွင့်ရာတွင် သူနှင့်အတူ တိုင်ပြည်ကိုပါ သယ်ဆောင်သွားရန် ကြိုးစားခဲ့ပါသည်။ လက်တွေ့မကျလောက်အောင် မြင့်မားသည်ဟု ဆိုရလောက်သော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ အံ့ဩဖွယ်ရာအောင်မြင်မှုများသည် မြန်မာပြည်သူပြည်သားများ၏ အရည်အချင်းကို၎င်း၊ ပြောသည့်အတိုင်းလုပ်၍ သိက္ခာသမာဓိနှင့် ရိုးသားဖြောင့်မတ်မှုသည် လက်တွေ့နိုင်ငံရေး၏ ထိရောက်သော အခြေခံဖြစ်နိုင်ကြောင်းပြသခဲ့သော အောင်ဆန်း၏ စွမ်းရည်ကို၎င်း ဂုဏ်ပြုရာရောက်ပါသည်။

အောင်ဆန်းသည် စစ်သည်တော်တဦးဖြစ်သည့်အလျောက် တိုက်ခိုက်ရမည်ဆိုလျှင် အသေအချာတိုက်သူဖြစ်ပါသည်။ သို့သော် တိုက်ပွဲပြီးသောအခါတွင် ကြောက်ရွံ့ခြင်းမရှိဘဲ လက်နက်ကို ဘေးဖယ်ကာ ငြိမ်းချမ်းရေးလမ်းကို လိုက်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ လက်ထဲသို့ နိုင်ငံရေးအာဏာ ရောက်ရှိလာသောအခါတွင်လည်း “ကျုပ်က မေတ္တာနှင့် သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်” ဟု ဟန်မလုပ်ဘဲ ရိုးသားစွာပြောနိုင်သူပင်ဖြစ်ပါသည်။ ၎င်းအား ထောက်ခံသူများက ၎င်းသည် မိမိတို့၏ အသက်၊ မိမိတို့၏ ချမ်းသာမှုနှင့် မိမိတို့၏ ယုံကြည်မှုတို့ကို မဆင်မခြင် အကျိုးမဲ့အောင် လုပ်မည်မဟုတ်ဟု စိတ်ချနိုင်ကြပါသည်။

သူ၏ စကားအတိုင်း ဆိုရလျှင် အောင်ဆန်းသည် တိုင်းပြည်ကို “အရမ်းမဲ့ ဗြောင်းဆန်အောင်” လုပ်မည့် “နိုင်ငံရေး စတန့်မင်းသား” မဟုတ်ပါ။ ပြည်သူလူထုက ၎င်း၏ ခေါင်းဆောင်မှုကို ယုံကြည်မည်ဆိုပါက တနှစ်အတွင်း လွတ်လပ်ရေးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာရယူမည်ဟု ရဲရဲကြီး အာမခံခဲ့ပါသည်။ “ကျုပ်ဟာ ကျုပ်ကတိကို မဖျက်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ သိတယ်မဟုတ်လား”။ ဤစကားကို ၁၉၄၈ ခုနှစ် ဇန္နဝါရီ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံအား လွတ်လပ်သော သမတနိုင်ငံဟု မကြေညာမီ (၁၁) လတိတိအလိုက ပြောခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်လွတ်လပ်ရေးရသောအခါတွင် အောင်ဆန်း ကွယ်လွန်သွားပြီဖြစ်ပါသည်။ သူတပါးအား ဆင်ခြင်တုံတရားကို လက်ခံ၍ စိတ်ကောင်းစေတနာကောင်း အစစ်အမှန်ကို တုံ့ပြန်တတ်သော အသိဥာဏ်ရှိသည်ဟု ယူဆသည့် အခြေခံသဘောထားရှိသူ အောင်ဆန်းသည် အာဏာရရှိရေးကို ကိုယ်ကျင့်တရားထက်ပို၍ ဂရုပြုကြသော နိုင်ငံရေးပြိုင်ဖက်တို့၏ သစ္စာတရားကင်းမဲ့ခြင်း၏ ဒဏ်ကို ခံသွားရပါသည်။ မြန်မာပြည်အတွက် ၎င်းထားရှိသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ဂရုတစိုက်စဉ်းစားတွေးခေါ် အကြံဥာဏ်များထုတ်သကဲ့သို့ ၎င်း၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ဂရုတစိုက်ရှိခဲ့ပါက အောင်ဆန်းသည် လုပ်ကြံသတ်ဖြတ်ခံရမည်မဟုတ်ဟု ပြောသူများရှိကြပါသည်။

သို့သော် သူသာ ထိုကဲ့သို့ ကိုယ်ကျိုးငဲ့သူဖြစ်ခဲ့ပါက “ခေါင်းဆောင်သည် နိုင်ငံ၏အင်အားဖြစ်သည်” ဟူသောထုံးကို အသက်သွင်းပေးလိုက်သော ဗိုလ်တကာ့ဗိုလ် မြန်မာပြည်သူပြည်သားများက ‘ငါတို့ ဗိုလ်ချုပ်’ ဟု သတ်မှတ်ထားသော ဗိုလ်အောင်ဆန်း ဖြစ်တော့မည် မဟုတ်ပါ။ ။

Source: http://www.ex-absdf.net/2011/12/freedom-from-fear-13.html

ကချင်-"မြန်မာ" ချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်တိုင်

ဗိုလ်ချုပ် အောင်ဆန်းမှ ကချင်-"မြန်မာ" ချစ်ကြည်ရေး နှင့် လွတ်လပ်ရေးတိုက်ပွဲ မိန့်ခွန်းဟောပြောရာ အထိမ်းအမှတ်ကျောက်တိုင်။ 

သခင်အောင်ဆန်း တရား

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့် သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ
ဟောစရာကား၊ အလွန်များ၏

မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ် အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျ လောင်မြိုက်၊ သူ မီးတိုက်၏

ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မျှတလုံလောက်၊ ခံမြို့ဆောက်၏

ထိုနောက် တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။      ။

ဇော်ဂျီ
လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄ (၁၅၊ ၇၊ ၁၉၆၆)

သရုပ်ဖော်ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

source:http://oothandar.blogspot.com/2009/07/blog-post_17.html

ကုလား ဟူသည် ဤသို့တည်း - အပိုင်း( ၂ )

ဦးခင်မောင်စော၏ မူရင်းစာတမ်း

အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ

(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင် ဆန်း နောက် ဆုံးပြောကြားခဲ့သော မိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ဖြုန်းတီးမှုများ ကို ထောက်ပြ သွားပြီး  အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပ တင်သွင်းကုန်အရေအ တွက် ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။
“ဆီကို ကုလားပြည်က ၀ယ်ရတယ်”
အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသော အဓိပ္ပါယ် သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားလိမ့်မည် မဟုတ်ချေ။

(2) မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု

Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုထုတ်ဝေခဲ့သည့် ၀န်ကြီးချုပ် ဦးနု မြန်မာဘာသာဖြင့် မူရင်းရေးသားသော ငါးနှစ်ရာသီ ဗမာပြည်  စာအုပ် စာမျက်နှာ ၁၇ တွင်-

ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေ သည်။”

စာမျက်နှာ ၂၀၅ တွင်-

“အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee) ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့ သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း ၌ ဒေါက်တာ ဘမော် သည် ခေါ်၍ (သူသည် ချောင်း၍ အသတ်ခံရမည်လောဟူ၍) တိုင်ပင်ဘူး၏။”

(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊စာရေးဆရာ ဦးသိန်းဖေမြင့်

သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ၁၇၀ တွင်-

“ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တခါတခါ ဗမာများနှင့် ဆိုးတူကောင်းဘက် ဆောင်ရွက် ကြလေ သည်။ ရေနံချောင်း ၊တညင် စသော ရေနံမြေသပိတ်တို့၌၎င်း၊ အခြားသပိတ်တို့၌၎င်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ် သမား သည် တပူးတပေါင်းတည်းရှိသည်မှာ ထင်ရှား၏။”

အခန်း(၅) အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ

(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊သြဂုတ်လ ၇ ရက်။(3)
“ကရင်၊ရှမ်း၊ပလောင်၊တောင်သူ၊ကချင်၊ချင်း၊ မွန်၊တရုပ်၊ ကုလား စသောလူနည်းစုများ ၏ နိုင်ငံရေး ၊စီးပွားရေး၊ လူမှုဆက်ဆံရေးအခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။”

(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ ၂၇ရက်။ အခဏ်း (၆)၊ အပိုဒ် (၄)။(4)

“ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်း ဆုတ်သွား မည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန် တိုက် ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။”

အခန်း(၆) မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း (က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု

ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အ လွန် အမင်းများပြားလာသည့်ကြောင့် အဆိုပါ အစွန်းရောက်အမျိုးသားရေးဝါဒီတို့က ကုလားဟူသောဝေါ ဟာရ အား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့ထဲမှအချို့က ကုလား ဟူသော ဝေါဟာရသည် “ကူး”(ဖြတ်သန်းခြင်း)ဟူသော မြန်မာဘာသာစကားနှင့် “လာ”(၀င်ရောက်ခြင်း) ဟူသောမြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများ ဟုအဓိပ္ပါယ်ရသည်။ အဆိုပါအဓိပ္ပါယ် ဖွင့်ဆို ချက် တွင် အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစ်စုံတစ်ရာ မပါရှိပဲ မြန်မာမှုပြုခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောပုဂ္ဂိုလ်များမှ အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ဓလေ့သုံးစကားအဖြစ် စွဲမြဲစွာ သုံးစွဲလျှက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ပညာရှင်ရပ်ဝန်းအတွင်း လုံးဝအခြေခံ သုံး စွဲခြင်း မရှိသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုဖြစ်သည်။

အကယ်၍ အထက်ပါအချက်အလက်သည် မှန်ကန်မည်ဆိုပါလျှင် မူလဘူတ အာရပ်ဘာသာစကား Kafir (Non Believer of Islam)မှ ဆင်းသက်လာသော အာဖရိကလူမည်းများကို မြန်မာဘာသာဖြင့်ခေါ်ဆိုသည့် ကပ္ပလီ ဟူသော အသုံးအနှုန်းအား အထက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာကြည့်စေလိုပါသည်။ရလာဒ်အနေဖြင့် “ကပ်”(အနားသို့တိုးသည်၊အနီးတွင်နေသည်) နှင့် “ပလီ”(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်း သည်) ဟူ၍ ဆက်စပ်မှုမရှိသော အဓိပ္ပါယ်များ ထွက်ပေါ်လာပေလိမ့်မည်။ ထိုနှစ်ခုအား ဆက်စပ်အဓိ ပ္ပါယ်ဖွင့်ဆိုမည် ဆိုပါက “ကပ္ပလီ” ဟူသော အခေါ်အဝေါ်သည် အနီးတွင်နေ၍ ချွဲသည်ဟု အဓိပ္ပါယ် ထွက်နေပေလိမ့်မည်။ ထို့ကြောင့် အထက်ဖော်ပြပါ ကုလားဟူသော ဝေါဟာရသည် “ကူးလာ” မှဆင်း သက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း သိရှိနိုင် သည်။

ဤနေရာ၌ Col. Henry Yule နှင့် A. C. Burnel တို့ရေးသားသော Hobson-Jobson စာအုပ်, စာမျက်နှာ 495 တွင်ဖော်ပြထားသည်ကို တင်ပြလိုပါသည်။

Kula, Kla, n.p Burmese name of a native of Continental India; and hence misapplied also to the English and other Westerns who have come from India to Burma; in fact used generally for a Western foreigner. ကုလား(ကုလ) 

နာမ်/နာမ်စား- အိန္ဒိယတိုက်သားများအား ခေါ်ဝေါ်သည့် မြန်မာအမည်။ ထို့အပြင် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော အင်္ဂလိပ်လူမျိုးနှင့် အခြားအနောက်တိုင်းသားများကို ခေါ်ဆိုသည်။ အတိအကျအနေဖြင့် အနောက်ဖက်မှ နိုင်ငံခြားသားများအား ယေဘုယျခေါ်ဝေါ်သည်။

ဤအခေါ်အဝေါ်၏ မူလဇစ်မြစ်နှင့် စပ်လျဉ်း၍ ငြင်းခုန်မှုများစွာရှိခဲ့သည်။ ပုဂ္ဂိုလ်အချို့က ၎င်းအခေါ်အဝေါ်သည် အိန္ဒိယနိုင်ငံရှိ မျိုးနွယ်စုအမည်တစ်ခုဖြစ်သော “Kols” နှင့်ဆက်နွယ်မှုရှိသည်ဟု ဆိုကြသည်။ တချို့ကမူ “ကလင်္ဂ” နှင့်ဆက်နွယ်မှုရှိသည်ဟုဆိုကြပြီး တချို့က အိန္ဒိယ၏ လူမျိုးဇာတ်ခွဲခြားမှုနှင့် ဆက်နွယ်သည်ဟု ဆိုကြသည်။ မြန်မာဘာသာစကားနယ်ပယ်တွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်ထားသည်မှာ ပင်လယ်ရပ်ခြား တိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့် “ကူးလာ” မှ ဆင်းသက်လာသည်ဟူသော အချက်ဖြစ်နေသည်။

ကုလားဟူသောစကားလုံး၏ မူလပုံသဏ္ဍာန်နှင့် စပ်လျဉ်း၍ တိကျသည့် သမိုင်းကြောင်းအထောက်အထားများကို ပထမဆုံးခြေရာခံရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသုတေသနပါမောက္ခ Dr.Forschammer ၏အဆိုအရ သက္ကတဘာသာဖြင့် ရေးထိုးထားသည့် ရှေးဟောင်းပဲခူးကျောက်စာများတွင် ကုလားဟူသော ယနေ့ခေတ်အခေါ်အဝေါ်သည် သက္ကတဘာသာစကား “ဂိုလ” မှဆင်းသက်လာပြီး အဆိုပါစကားလုံးသည် သက္ကတဘာသာစကားအရ Gauda ဒေသ၊ ယနေ့ခေတ်တွင် လူသိများသည့် ဘင်္ဂလားမြောက်ပိုင်း Gaur နယ်မှ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသော  အိန္ဒိယလူမျိုး ဗုဒ္ဓဘာသာဝင်များကို ရည်ညွှန်းကြောင်း သိရှိရသည်။

14th cent, - "The heroes Sona and Uttara were sent to Ramaña, which forms a part of Suvannabhumi, to propagate the holy faith ........ This town is called to this day Gola mattikanagara, because of the many houses it contained made of earth in the fashion of houses of the Gola people." – Inscr. at Kalayani near Pegu, in Forschammer, ii.(5).  

(ခ) မြန်မာနိုင်ငံအတွင်းရှိ  အိန္ဒိယနွယ်ဖွားများမှ အဓိပ္ပါယ်ဖွင့်ဆိုဖန်တီးခြင်း

ကုလားဟူသော အခေါ်အဝေါ်သည် တစ်ဖက်သားအား ထိခိုက်စော်ကားသည့် အဓိပ္ပါယ်မျိုးမသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊အူရဒူ၊ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင် (သို့) အသားမဲ ဟုအဓိပ္ပါယ်ရသောကြောင့်ဖြစ်သည်။ သီးခြားအနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် ကုလားဟူသော အခေါ်အဝေါ်နှင့် စပ်လျဉ်း၍ နိုင်ငံခြားသားများနှင့် တွေ့ဆုံရာတွင် အဆိုပါအသုံးအနှုန်းသည် ဗမာ၊ရခိုင်၊မွန်စသည့် ဌာနေလူမျိုးများက ၎င်းတို့အား အသားမဲများဟု(၎င်းတို့ကိုယ်ပိုင်ဘာသာစကားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုခြင်း)နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းအဖြစ် ခံစားရကြောင်း ညည်းငြူပြောဆိုလေ့ရှိသည်။ အထူးသဖြင့် ထိုအချက်ကို နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ပြောလေ့ရှိသည်။ သို့သော် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် ဗမာ၊ရခိုင်၊မွန်၊ရှမ်း၊ကရင်စသည့် တိုင်းရင်းသား လူမျိုးများအနေဖြင့် အထက်ပါအဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြောဆိုခြင်း မရှိခဲ့ချေ။

တိတိကျကျထောက်ပြရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော တချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ဗမာ၊ရခိုင်စသည့် ဌာနေတိုင်းရင်းသားတချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်သည်။ အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်းနေထိုင်ကြသည့် အိန္ဒိယနွယ်ဖွားလူမျိုးများထဲမှ စိတ်သဘောထားမပြည့်ဝဘဲ ၎င်းတို့၏မူရင်းဒေသမှ စရိုက်လက္ခဏာများကို တင်းကြပ်စွာထိန်းသိမ်းထားပြီး ဒေသခံလူနေမှုစနစ်တွင် ပျော်ဝင်ရောနှောမှုမရှိသော လွန်ကဲစွာအဖြစ်သည်းသူတစ်စု၏ တုန့်ပြန်မှု သက်သက်သာဖြစ်သည်ဟု သုံးသပ်မိသည်။ အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုသာ မှန်ကန်ခဲ့မည်ဆိုပါလျှင် ဘာသာစကားနယ်ပယ်တွင် အောက်ဖော်ပြပါ အသုံးအနှုန်းများသည်လည်း အငြင်းပွားစရာဖြစ်လာနိုင်သည်။

(1) မြန်မာဝေါဟာရတွင် Chinese များကို တရုတ်(ယပက်လက်သံ)ဟု ခေါ်ကြသည်။အဆိုပါဝေါဟာရအား အထက်ပါနည်းအတိုင်း ခွဲခြမ်းစိတ်ဖြာ အဓိပ္ပါယ်ဖွင့်ဆိုကြည့်လျှင် “တ”  ဟူသော အသုံးအနှုန်းသည် မြန်မာဘာသာစကားတွင် တစ်ဟူသော ဂဏန်းကို “စ်” ဖျောက်၍ ခေါ်ဆိုခြင်းဖြစ်သည်။ ရုတ်(သို့)အသံထွက်-“ယုတ်” သည် မြန်မာဘာသာစကားတွင် ကောက်ကျစ်သော၊ စိတ်ထားသိမ်ဖျင်းသော စသည့် ဆိုးရွားသောအဓိပ္ပါယ်များစွာ ရှိနေသည်။ အထက်ပါနည်းအတိုင်း ဆက်စပ်အဓိပ္ပါယ်ဖွင့်ဆိုကြည့်လျှင် Chinese များသည် မြန်မာဘာသာစကားတွင် ကောက်ကျစ်သိမ်ဖျင်းသော လူတစ်မျိုးဟု အဓိပ္ပါယ်သက်ရောက်နေပေလိမ့်မည်။ သို့သော် မြန်မာနိုင်ငံတွင်းရှိ Chinese နွယ်ဖွားများသည် အဆိုပါဝေါဟာရသုံးစွဲမှုနှင့် ပတ်သက်၍ မည်သည့်အခါမျှ စောဒကမတက်ကြသည့်အပြင် “တရုတ်” ဟူသောလူမျိုးအမည်ကို ဂုဏ်ယူဝင့်ကြွားစွာ ခံယူကြသည်ကို တွေ့ရှိရသည်။

(2) မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါစကားလုံး၏ အသံထွက်သည် မြန်မာဝေါဟာရထဲတွင် “ဖာမ” (Whore) သို့မဟုတ် “ဖားမ”(Female Frog) ဟု လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ သို့သော် မည်သည့်မြန်မာလူမျိုးမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်းမရှိခဲ့ချေ။ [ထိုင်းလူမျိုးများအနေဖြင့် ဘုရင့်နောင်မင်းတရား ထိုင်းကိုသိမ်းပိုက်ခဲ့သည်အချိန်တွင် မြန်မာတို့အား Phama ဟုခေါ်ဆိုခဲ့သကဲ့သို့ ယခုမြန်မာလူမျိုးအများအပြား ထိုင်းနိုင်ငံအတွင်း အောက်ခြေသိမ်း အလုပ်လုပ်ကိုင်နေရသည့် အချိန်တွင်လည်း Phama ဟုသာ ဆက်လက် ခေါ်ဝေါ်နေမည်သာဖြစ်သည်။ ] အခန်း(၇) ပညာရှင်တချို့၏ ဒေသခံများထံမှ ပါးစပ်ရာဇ၀င်များကို ကိုးကား၍ (သတိမမူပဲ) ရေးသားတင်ပြမှုများ (1) Desai, W. S, India and Burma, Calcutta, 1954, p. 37-38.

 "Burmans call Indians Kalas. This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean "the caste people". Most probably the first interpretation is the correct one. Kala simply means a foreigner. Europeans are often called by Burmans Kala phyu, i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos ."

 “မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို ကုလားဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ “Ku” သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ “La” သည် ဆိုက်ရောက်သည် ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသော စကားသည် တိုင်းပြည်တွင်းသို့ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရသည်။ အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတစ်ခုမှာ သက္ကတဘာသာစကားအရ ကုလား၏ အဓိပ္ပါယ်သည် လူမျိုးစု(သို့) ဇာတ်ခွဲထားသော၊သီးသန့်ခွဲခြားထားသော လူတစ်စုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်းသည် အိန္ဒိယလူမျိုးများအား ၎င်းတို့ကို ဇာတ်မတူသော သီးသန့်လူမျိုးစုအဖြစ် ရှုမြင်ချိန်မှစတင်၍ သက်ရောက်ခဲ့သည်ဟု ထင်မှတ်ရသည်။ ထိုအချက်ကိုထောက်ရှု၍ ကုလားဟူသော အသုံးအနှုန်းသည် ဇာတ်မတူသောလူမျိုးဟု အဓိပ္ပါယ်ရပေလိမ့်မည်။ အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတစ်ခုမှာ တိကျမှုအရှိဆုံးဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသားကို ရည်စူးခေါ်ဆိုသည့် ရိုးရိုးအသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားအချို့ကိုလည်း မြန်မာများက ကုလားဖြူဟု မကြာခဏခေါ်ဝေါ်လေ့ရှိသည်။(ဥပမာ-အသားဖြူနိုင်ငံခြားသား) ကုလားဟူသောအသုံးအနှုန်းသည် မြန်မာပြည်တွင် တဖက်သားအား ရှုံ့ချစော်ကားစရာစကားတစ်ခု မလွဲမသွေဖြစ်လာပြီး လုံးဝကန့်သတ်ပိတ်ပင်သင့်သော အသုံးအနှုန်းတစ်ခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များသိမ်းပိုက်ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် ၎င်းတို့က အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒို ဟူသောစကားဖြင့် အစားထိုးခေါ်ဝေါ်စေခဲ့သည်။” 

 အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်း တင်ပြထားသော ပါမောက္ခ Desai ၏ တင်ပြချက်တွင် မျဉ်းသားထားသော စာကြောင်းသည် တိကျမှန်ကန်မှုမရှိချေ။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ်(၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။ အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်” ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊၄၆၊၉၂၊၁၈၆၊ ၂၉၂၊၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။

(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ ၅ ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့ “နိုဝင်ဘာလ၂ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊တရုတ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။”

(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ ၈ ရက်၊၁၉၄၂၊ တနင်္ဂနွေနေ့ “တရုတ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆန့်နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။”

(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။( ၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း) “ဗမာပိုင်၊ကုလားပိုင် အစရှိတဲ့ သင်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်”

(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။ “ကုလား ဒုက္ခသည်များ………” 

အကယ်၍ ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအား ပိတ်ပင်၍ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင်(ပါမောက္ခ Desai ၏အဆိုအရ) အဆိုပါသတင်းစာများ၌ သတင်းရေးသားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာတွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တခြားနည်းလမ်းမရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ဂျပန်စစ်ထောက်လှမ်းရေး ကင်ပေတိုင်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

(2) Esche, A., Wörterbuch Burmesisch-Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40: ကုလား P> vulg Inder m; Mann m aus dem Westen Dr.Asche ၏အဆိုအရ ကုလားဟူသော အသုံးအနှုန်းသည် ပါဠိစကားမှဆင်းသက်လာပြီး အနောက်အရပ်မှလူ(သို့) အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်းနှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။ အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံနှင့် စပ်လျဉ်း၍ Dr.Asche ၏ အဘိဓာန်ပါ ကောက်ချက်ဆွဲမှုအရ အဆိုပါအဘိဓာန်ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီးသုံးဦးသည် လူမျိုးရေးခွဲခြားသူများဖြစ်နေသည့်အပြင် အိန္ဒိယလူမျိုးများကို အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွားပေတော့မည်။

(6) ပကတိအမှန်တရားတွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုသည် မဟတ္တမ ဂန္ဒီ၊နေရူး၊ မိုဟာမက်အလီဂျင်းနားကဲ့သို့သော အိန္ဒိယခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူများဖြစ်ပြီး အဆိုပါ အိန္ဒိယခေါင်းဆောင်များအပေါ် လေးစားသူများဖြစ်ကြသည်။ ထို့အပြင် ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတစ်ဦးဖြစ်ပြီး ထိုပါတီမှရဲဘော်ရဲဘက်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောသူဖြစ်သည်။

အခန်း(၈) နိဂုံး ခိုင်မာသော စာပေအထောက်အထားများအရ “ကုလား” ဟူသောအသုံးအနှုန်းသည် အိန္ဒိယတိုက်ငယ်မှ လူမျိုးများကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။ အဆိုပါ စကားလုံးအား လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်မှာ ကိုလိုနီခေတ်ကာလအတွင်း၌သာဖြစ်ပြီး အယူသည်းသော အိန္ဒိယလူမျိုးများက ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့် လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသကဲ့သို့ ဌာနေလူမျိုးများထဲမှ အမျိုးသားရေးအစွန်းရောက်သူတချို့မှ အနုတ်လက္ခဏာဆောင်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုအသစ် တီထွင်ဖန်တီးခဲ့ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာကိုးကားရန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံခြားသား ပညာရှင်များ၊ လေ့လာသူများမှတဆင့် ချဲ့ကားပျံ့နှံ့သွားခဲ့သည်။

စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂန္တ၀င်စာပေအများစုကို လေ့လာရန် လက်လှမ်းမမှီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ ကျောင်းသူကျောင်းသားများအတွက် အထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ မြန်မာ့စာပေလေ့လာမှုနယ်ပယ်အတွင်း အလွန်တရာသေးငယ်သော အစိတ်အပိုင်းတစ်ရပ်အဖြစ် စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။

Notes: 1 U Tin Htway, "Trash from Treasure, In the Case of Judson's Burmese English Dictionary", in "Tradition and Modernity in Myanmar", The International Conference on Myanmar, Berlin, 1993. 2 See and compare: U Tin Htway, A Glimpse of General Observations on Burmese pum, South Asian Digest of Regional Writing, Heidelberg, Vol. 9, pp. 16, 25-27. 3 See also Thakhin Tin Mya, Anti-Fascists Revolution, Head Quarter and Ten Divisions, (in Burmese), Rangoon, 1968, p. 21. 4 Ibid, p. 51. 5 Japanese trained Indian National Army (INA) headed by Subas Chandra Bose.

6 Dr.Annemarie Esche သည် Mr.Jens Lorenz ၏ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာတမ်းပြုစုသည့်နေရာတွင် Chief supervisor နှင့်အတိုင်ပင်ခံပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ Dr.Asche နှင့် Jens Lorenz တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို မြန်မာဘာသာမှ ဂျာမန်ဘာသာသို့ပြန်ဆိုခဲ့ကြသည်။ ကွန်မြူနစ်တစ်ဦးဖြစ်သော ဦးသိန်းဖေမြင့်သည် ၁၉၆၂-၆၆/၁၉၇၅-၇၉ ခုနှစ်များတွင် မြန်မာနိုင်ငံ ဂျာမနီသံရုံး၏ ပထမဆုံးအတွင်းရေးမှူးဖြစ်သော Dr.Otto Esche နှင့် ဇနီးဖြစ်သူ Dr.A.Esche တို့၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာခဲ့သည်။ Dr.A.Esche ၏ အထက်ဖော်ပြပါ အဘိဓာန်တွင် ဦးသိန်းဖေမြင့်၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကြည်အား အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရသည်။ အံ့သြသင့်စရာတစ်ခုမှာ Dr.A.Esche သည် ဒေါ်ခင်ကြည်ကြည်ထံမှ မည်သို့သော အချက်အလက်၊အထောက်အထားများ ရရှိခဲ့ပါသနည်း ဟူသောအချက်ဖြစ်သည်။ သူမ၏စာအုပ်ရှိ အမှာစာထဲတွင် အထက်တွင်ဖော်ပြခဲ့သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် စပ်လျဉ်း၍ ပညာရှင်များ(သို့) စာပေအထောက်အထားများ မပါရှိချေ။ ဖြစ်နိုင်ခြေရှိသည့် အချက်တစ်ခုမှာ သူမအနေဖြင့် ဤအဘိဓာန်ကိုပြုစုရန်အတွက် ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အား ရန်ကုန်မြို့ရှိ အိန္ဒိယလူမျိုးများထံမှ လွယ်လင့်တကူရရှိခြင်း (သို့) ကြားဖူးနားဝပညာရှင်အချို့ထံမှ ရရှိခြင်းသာ ဖြစ်ပေလိမ့်မည်။

U Khin Maung Saw(Berlin)၏ (Mis)Interpretations of Burmese Words:Part I.In the case of the term Kala (Kula) သုတေသနစာတမ်းအား တိုက်ရိုက်ဘာသာပြန်ဆိုသည်။

လိုအပ်ချက်များ၊မှားယွင်းမှုများရှိမည်ဆိုပါက ဘာသာပြန်ဆိုသူတွင်သာ တာဝန်ရှိကြောင်း သိစေအပ်ပါသည်။

မြတ်သိန်းထွန်း
9.11.2012

ဦးခင်မောင်စော၏ မူရင်းစာတမ်းကို ဖတ်ရှူရန် ဒီမှာ click ပါ။

ကုလား ဟူသည် ဤသို့တည်း - အပိုင်း( ၁ )

 ဦးခင်မောင်စော၏ မူရင်းစာတမ်း

အခန်း(၁) နှုတ်ခွန်းဆက်စကား

မြန်မာနိုင်ငံအကြောင်း လေ့လာခြင်းသည် အရှေ့တောင်အာရှဒေသနိုင်ငံများအကြောင်းကျယ် ကျယ်ပြန့် ပြန့် လေ့လာခြင်းအတွင်းမှ ဆက်စပ်မှုရှိသော အစိတ်အပိုင်းငယ် တစ်ခုဖြစ် သည်။ မြန်မာပညာရှင် တစ် ဦး အနေဖြင့် မိမိ၏အတွေ့အကြုံအရ နိုင်ငံတကာ သုတေသနစာပေများတွင် အဆိုပါအရှေ့တောင် အာ ရှနိုင် ငံများအကြောင်း ရေးသားတင်ပြမှုများ၌ အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံတို့အကြောင်းကိုသာ အများ အပြားတွေ့ရပြီး အထူးသဖြင့် ၎င်းတို့၏ စာပေယဉ်ကျေးမှုနှင့် ဘာသာစကားများကို အလေးပေးရေး သား ကြသည်ကို တွေ့ရှိရသည်။ သို့သော် မြန်မာနိုင်ငံ၏ စာပေ၊ဘာသာစကားတို့နှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကို များများစားစား မတွေ့ရချေ။ ထို့အပြင် နိုင်ငံတကာ ပညာရပ်စာပေနယ်ပယ်၌ မြန်မာနိုင် ငံ အကြောင်း ရေးသားထားသည့် အနည်းငယ်မျှသော စာအုပ်စာတမ်းများတွင် အချို့သော အချက်အလက်များသည် မှားယွင်းနေသည့်အပြင် တိကျမှုမရှိပဲ အဓိပ္ပါယ်လွဲမှားစွာ ရေးသားတင်ပြထားသည် ကို လည်း တွေ့ ရှိခဲ့ရသည်။ အဆိုပါစာအုပ်စာတမ်းများထဲမှ မှားယွင်းသော(သို့) လိုရာဆွဲတင်ပြထားသော အ ချက်အလက်များကို ထပ်ဆင့်လေ့လာရေးသားသူများမှ မှီငြမ်းကိုးကား ရေးသားတင်ပြမှုများ ရှိလာသည့် အခါ မှန်ကန်တိကျသော အချက်အလက်များဖြင့် ချေပရေးသားရမည့် အခြေအနေသို့ ဆိုက်ရောက် လာခဲ့သည်။

မြန်မာစာပေ၊ဘာသာစကားနှင့်ပတ်သက်၍ တိကျသော စာအုပ်စာတမ်းများစွာရှိသော်လည်း ၎င်းတို့ မှာ မြန်မာဘာသာဖြင့်သာ ရေးသားထားသော စာအုပ်စာတမ်းများ ဖြစ်သဖြင့် မြန်မာလူမျိုး မဟုတ်သော မြန်မာနိုင်ငံအကြောင်း လေ့လာနေကြသည့် နိုင်ငံခြားပညာရှင်များအတွက် အခက်အခဲများစွာ ရှိနေသည်။ မြန်မာဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆို၊ရေးသား၊ဖတ်ရှုနိုင်ခြင်း မရှိ သည့် အ တွက် ၎င်းတို့မှာ ဥရောပစာပေဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကိုသာ အားကိုးလေ့လာနေ ရ သည့် အနေအထားတွင် ရှိနေသည်။

အထက်ပါအချက်နှင့်စပ်လျဉ်း၍ မိမိအနေဖြင့် နိုင်ငံတကာစာပေသင်ကြားရေးတွင် အတွေ့အကြုံအရှိ ဆုံး မြန်မာပညာရှင်တစ်ဦးဖြစ်သည့် ဆရာဦးတင်ထွေး၏ မှတ်ချက်အား ထုတ်နုတ်တင်ပြလိုပါသည်။ မြန် မာ စာပေနှင့် ဘာသာစကားအား လေ့လာဆည်းပူးနေကြသည့် နိုင်ငံခြားသား ပညာရှင်များ ၊ကျောင်း သူကျောင်း သားများအတွက် အဆိုပါပညာရပ်နယ်ပယ်သည် သာမန်ထက် ကျယ်ပြန့်ပြီး လေ့ လာရန် အ ချက် အလက် အရင်းအမြစ်မြောက်မြားစွာ ရှိနေသည်။ သို့သော် ယနေ့အချိန် အထိ နိုင်ငံခြား သား ပညာ ရှင်များအတွက် မြန်မာစာအုပ်စာတမ်းများ၊ ဂန္တ၀င်စာပေလက်ရာများမှာ ၎င်းတို့လေ့လာနိုင်စွမ်းထက် ပိုမို ကျယ်ပြန့်လျက်ရှိကြောင်း တွေ့ရှိရသည်။ ၎င်းတို့ထဲမှ အများစုမှာ ဒေသခံများထံမှ အရပ်စကားများ၊ ပါးစပ် ရာဇ၀င်များကိုသာ ကိုးကား၍ စာတမ်းများပြုစုခဲ့ကြပြီး ၎င်းတို့၏ စာတမ်းများကို ရာစုနှစ်ပေါင်းများစွာ တည် ရှိနေခဲ့သော ခိုင်မာသည့် မြန်မာစာပေရင်းမြစ်များနှင့် ကိုက်ညီမှုရှိမရှိ သေချာ စစ်ဆေးနိုင်စွမ်း မရှိသည် ကို တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါနိုင်ငံခြားပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများသည် အငြင်းပွားဖွယ်ရှိနေစေကာမူ မိမိတို့အနေဖြင့် လျှစ်လျှူမရှုသင့်ပဲ အသိအမှတ်ပြုသင့်ပါသည်။(1)

မြန်မာဘာသာစကားနှင့် စာပေကိုလေ့လာဆည်းပူးသည့်နေရာတွင် အချို့သောအထောက်အကူပြု စာအုပ်စာတမ်းများကို မြန်မာလူမျိုးပညာတတ်အချို့မှ အင်္ဂလိပ်ဘာသာဖြင့် ရေး သားပြုစု ထားသည် မှန်သော် လည်း တခြားတစ်ဖက်တွင် အဆိုပါပုဂ္ဂိုလ်များသည် အထူးသဖြင့် အင်္ဂလိပ်စာပေနှင့်ဘာသာ စ ကား ဆိုင်ရာ ပညာရပ်နယ်ပယ်မှ ပညာရှင်များဖြစ်သော်လည်း မြန်မာစာပေနှင့်ဘာသာစကားဆိုင်ရာ ပ ညာ ရပ်နယ်ပယ်မှ ပညာရှင်များမဟုတ်ချေ။ ထို့ကြောင့် အဆိုပါပုဂ္ဂိုလ်များသည် စာတမ်းရေးသားပြုစု သည့်နေ ရာတွင် မိမိ၏ကိုယ်ပိုင်စာပေထက် အင်္ဂလိပ်စာပေအား ပိုမိုရင်းနှီးကျွမ်းဝင်ကြသည်။ ၎င်းတို့ ရေး သားပြုစုသော စာတမ်းများတွင် နိုင်ငံခြားသားပညာရှင်များ၏ အယူအဆများကို ရည်ညွှန်းကိုးကား ထည့် သွင်းရေးသားခြင်းများ မကြာခဏပါရှိတတ်ပြီး ရလာဒ်အနေဖြင့် အဓိပ္ပါယ်ကောက်ယူမှု လွဲမှားခြင်း၊ ခန့်မှန်း မှုအလွဲများ၊ လွဲမှားသည့် ခြုံငုံသုံးသပ်ချက်များ ဖြစ်ပေါ်လာရပေသည်။

အထက်ပါအချက်နှင့် စပ်လျဉ်း၍ မြန်မာစာပေနှင့်ဘာသာစကားထဲတွင် အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူ ဘာသာပြန် နားလည်လျှက်ရှိသည့် Kula (ကုလား)ဟူသော စကားလုံးကို ဥပမာတစ်ခုအနေဖြင့် ထုတ်နုတ် တင်ပြလိုပါသည်။ အဆိုပါအခေါ်အဝေါ်တွင် တစ်ဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်တစ်စုံ တစ်ရာ မပါဝင်သော်လည်း နိုင်ငံခြားသားပညာရှင်တချို့မှ ထိုစကားလုံးအား အဓိပ္ပါယ်လွဲမှားစွာကောက်ယူ ဘာသာပြန်ဆိုကြပြီး အပျက်သဘောဆန်သော အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ရေးသားတင်ပြလျှက်ရှိကြသည်။ မိမိအနေဖြင့် ဤစာတမ်းတွင် အဆိုပါစကားလုံးအား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့် စပ်လျဉ်း၍ ခိုင်မာသည့် မြန် မာ စာပေအရင်းအမြစ်များ၊ ထင်ရှားသည့် မြန်မာစာပေပညာရှင်များ၏ သုံးစွဲပုံများနှင့် ပညာရှင်မဟုတ်သော သာမန်ပုဂ္ဂိုလ်များထံမှ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားခြင်း ရလာဒ်အဖြစ် ပညာရှင်အချို့၏ သတိမမူပဲ လွဲမှားစွာဘာသာပြန်ဆို ရေးသားတင်ပြမှုများကို ထုတ်နုတ်တင်ပြလိုပါသည်။

အခန်း(၂) စာပေအထောက်အထားများအရ အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ကုလားဟူသည့် အခေါ်အဝေါ်နှင့် စပ်လျဉ်း၍ အထောက်အထားမရှိသည့် အယူအဆတစ်ရပ်အနေဖြင့် ကုလားဟူသောစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း သိရပြီး မြင့်မြတ်သော အမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ (ကုလပုတ္တ-မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသော သား) အဆိုပါအခေါ်အဝေါ်အား မြန်မာနိုင်ငံမှ ရှေးဦး ဗုဒ္ဓဘာသာဝင် မွန်၊ဗမာ၊ရခိုင်၊ရှမ်း၊ကရင် စသည့် မျိုးနွယ် စုများမှ အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော် တိုင် အိန္ဒိယတိုင်းသားတစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။

အဆိုပါယူဆချက်အား အောက်တွင်ဖော်ပြထားသည့် စာပေများမှ အထောက်အထားများအရ သိရှိရသည်။
(1) The Myanmar Language Commission, Myanmar-English Dictionary, Yangon, 1993, p. 10.
ကုလား/ kala/ n 1. native of the Indian subcontinent. 2. court-card; picture card. adj of foreign origin. See also သင်္ဘော [Pali ကုလ]
(2) The Myanmar Language Commission, မြန်မာအဘိဓာန် \ (Myanmar-Myanmar Dictionary), Yangon, 1991, p. 9
ကုလား /kla;/ n 1’ အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများ။ 2 သာမန်အားဖြင့် မြန်မာနိုင်ငံအနောက်ဖက်ရှိ တိုင်းနိုင်ငံများမှ လာသောသူများ 3 စက္ကူဖဲတွင် ဂျက်၊ကွင်း၊ကင်း ဖဲချပ်ကိုခေါ်သောစကား န၀ိ- နိုင်ငံခြားမှလာသော။ နိုင်ငံခြားမှဖြစ်သော။ [ပါ၊ကုလ]
(3)ဦးဝန်-တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁) (The University Burmese-Burmese Dictionary), Rangoon, 1952, vol.1, p. 22.
ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူများ----နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ဂလာ။ ပါ၊ကုလ]
(4) U Hoke Sein, ပါဠိမြန်မာအဘိဓာန် ဒုတိယပိုင်း(The Pali-Burmese Dictionary), Rangoon, 1956, vol. 2, p. 329.
ကုလ [ကုလ] (န) အမျိုး။ မြတ်သောအမျိုး။ အိမ်။ မိဘအိမ်။ အလုပ်အကျွေး ဒါယကာ။
(5) Judson, A., Burmese-English Dictionary, Baptist Press, Rangoon, edited 1953. p. 173 (First Edition: 1836).
ကုလား (Pali) n, a race အမျိုး one whose race is distinctly marked, a caste person; a native of any country west of Burma; a foreigner ...etc.

အချက်အလက် အတိအကျအနေဖြင့် မြန်မာလူမျိုးများသည် ပါဠိစကား ကုလ(မြင့်မြတ်သော- meaning holy, great, noble, distinguished etc.) ပုံစံအမျိုးမျိုး သုံးစွဲကြသည်။ အောက်ဖော်ပြပါ အချက်အလက်များအား ဥပမာအဖြစ်ထုတ်နုတ်တင်ပြလိုပါသည်။

(a) ကုလသမဂ္ဂ (Kula Thamagga)
great/noble organization
United Nations
(b) ကုလားအုတ်(ကုလသြဋ္ဌ)(Kula Oatta)
distinguished camel
camel, the distinguished animal
(c) ကုလကုမ္မာရီ(Kula Kumari)
noble young lady
young lady of the noble race
(d) ကုလပဗ္ဗတ(Kula Pabbata)
great/distinguished mountain
mountain range

ဒုတိယအယူအဆအနေဖြင့်ကုလားဟူသောဝေါဟာရသည်မူလမွန်စကားဂလ(ကောင်းမွန်သော၊မြင့်မြတ်သောလူ များ) မှဆင်းသက်လာကြောင်း သိရှိရသည်။ အဆိုပါအယူအဆအား အထောက်အကူဖြစ်စေ သည့် အထောက်အထားများအား တင်ပြလိုပါသည်။

(1) Yule, Henry, Col. and Burnell, A. C., Hobson-Jobson, Calcutta, 1990 (First Edition 1886), p. 495.
"The true history of the word has for the first time been traced by Prof. Forchhammer to Gola, the name applied in old Pegu inscriptions to the Indian Buddhist immigrants, a name which he identifies with Sanskrit Gauda, the ancient name of northern Bengal, hence the famous city of Gaur".
(2) The Kalyani Inscription, Pegu, 14. Century, written in Mon language.
(Translation): "The heroes Sona and Uttara were sent to Ramaña, which forms a part of Suvannabhumi, to propagate the holy faith ........ This town is called to this day Gola mattikanagara, because of the many houses it contained made of earth in the fashion of houses of the Gola people."
(3)ဦးဝန်-တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁) (The University Burmese-Burmese Dictionary), Rangoon, 1952, vol.1, p. 22.
ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူများ----နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ဂလာ။ ပါ၊ကုလ]

(4) ခေတ်သစ်မွန်ဘာသာစကားတွင် အိန္ဒိယတိုက်ငယ်မှလူမျိုးများအား ခေါ်ဝေါ်သည့်အမည်မှာ ဂိုလ ဖြစ်သည်။ ပိုးကရင်များက အိန္ဒိယလူမျိုးများအား ကုလ ဟုခေါ်ဆိုပြီး စကောကရင်များက ကိုလ ဟုခေါ်ဆိုကြသည်။ ထိုင်းလူမျိုးများကမူ အိန္ဒိယတိုင်းသားများအား ကားလ် ဟုခေါ်ဝေါ်ကြသည်။

တတိယအယူအဆအနေဖြင့် ကုလား(ကုလ)ဟူသော ဝေါဟာရသည် Cola/Chola ဟူသော ဝေါ ဟာရများ မှ ပြောင်းလဲဖြစ်ပေါ်လာသည်ဟု သိရှိရသည်။ အဆိုပါအယူအဆအတွက် အရင်းအမြစ်များမှာ အောက် ပါ အတိုင်းဖြစ်သည်။

(1) Yule, Henry, Col. and Burnell, A. C., Hobson-Jobson, Calcutta, 1990 (First Edition 1886), p. 257.
"Chola, as the name of Tamil(တမီလ်လူမျိုး) people and their royal dynasty appears as Choda in one of Asoka's inscriptions(အာသောကကျောက်စာ), and in the Telugu inscriptions of the Chalukya dynasty."
(2) Myanmar-English Dictionary, Department of the Myanmar Language Commision, Ministry of Education, Union of Myanmar, "A History of the Myanmar Alphabet, p.iv.

“အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် Maurya မင်းဆက်ပျက်သုန်းပြီးနောက် Andhra မင်းဆက်ပေါ် ထွန်းလာ ခဲ့ သည်။ ထို့နောက် Pallava, Kadamba, Calukya, Rashtrakuta နှင့် Cola ကဲ့သို့သော မင်းဆက်များ ဆက် လက်ပေါ်ထွန်းခဲ့သည်။ အဆိုပါမင်းဆက်များ ထီးနန်းစိုးစံစဉ်ကာလအတွင်း Brahmi (ဗြဟ္မီအက္ခ ရာ စာပေ) တိုးတက်လာခဲ့ပြီး အနောက်ပိုင်းတွင် Pacchimi အရေးအသား၊ အလယ်ပိုင်းတွင် Madhya Pradesh အရေးအသား၊ တောင်ပိုင်းတွင် Telugu, Kanati, academic Grantha နှင့် Kadamba, Calukya , Rashtrakuta တို့ပါဝင်သော Tamil စသည့်စာပေအရေးအသားတို့ ထွန်းကားလာ ခဲ့သည် ။ ဗြဟ္မီ စာပေ မှဆင်းသက်လာသော အဆိုပါစာပေအရေးအသားတို့သည် အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုများ ၊ယဉ်ကျေး မှုများနှင့်အတူ အေဒီတစ်ရာစုမှ ရှစ်ရာစုအတွင်း တိဗက်၊သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယားနှင့် အင်ဒို နီးရှားနိုင်ငံများသို့ ပျံ့နှံ့သွားပြီး အဆိုပါဒေသများမှ တိုင်းရင်းသားဘာသာ စာပေအရေးအသားတို့ကို ဖွံ့ဖြိုး တိုးတက်စေရန် ကူညီပေးခဲ့သည်။

အရှေ့တောင်အာရှဒေသသို့ အိန္ဒိယတောင်ပိုင်းသားများ ရေကြောင်းခရီးဖြင့် အိန္ဒိယစာပေ၊ ယဉ်ကျေးမှု တို့ ကို တပါတည်းယူဆောင်ကာ ရောက်ရှိလာချိန်မှစတင်၍ ဒေသခံများမှ ၎င်းတို့အား Cola (သို့) Chola လူ မျိုး များဟု ခေါ်ဆိုကြမည်မှာ အလွန်ဖြစ်နိုင်ဖွယ်ရှိသည်။ ထို့ကြောင့် အဆိုပါအခေါ်အဝေါ်သည် မွန်တို့ ၏ မူလအသုံးအနှုန်းဖြစ်သော ဂိုလ/ဂလာ၊ ကရင်လူမျိုးတို့၏ ကိုလ/ကုလ နှင့် မြန်မာလူမျိုးတို့ခေါ်ဝေါ်ကြသည့် ကုလား/ကုလ စသည့် အသုံးအနှုန်းများနှင့် လွတ်ကင်းနိုင်ဖွယ်မရှိချေ။

မိမိထုတ်နုတ်တင်ပြခဲ့သည့် စာပေများအရ ကုလားဟူသော ဝေါဟာရသည် ပါဠိစာပေရှိ ကုလ ဟူသော စ ကားနှင့် ဆက်စပ်မှုရှိခြင်း(သို့) အိန္ဒိယတောင်ပိုင်းရှိ Cola/Chola မင်းဆက်မှဆင်းသက်လာခြင်း (သို့) နှစ် မျိုး စလုံးနှင့် ဆက်စပ်မှုရှိပြီး မွန်တို့က ဂိုလာ/ဂလာ ဟုမွေးစားယူကာ မြန်မာများထံတွင် ကုလားဟု အသံ ထွက်ပြောင်းသွားကြောင်း တွေ့ရှိနိုင်သည်။ အထက်ဖော်ပြပါ ယူဆချက်အားလုံးတွင် ကုလားဟူသောဝေါ ဟာရသည် အဖျက်သဘောဆောင်သည့် အဓိပ္ပါယ်သက်ရောက်မှုမျိုး လုံးဝမ ရှိကြောင်း ဖော်ပြလျှက် ရှိ သည်။ ထို့ပြင် အဆိုပါအသုံးအနှုန်းအား တဖက်သားအား ထိခိုက်မှုတစ်စုံတစ်ရာမ ရှိပဲ ပြောဆိုသုံးနှုန်းနိုင် သည်သာမက အပြုသဘောဆောင်သည့် အဓိပ္ပါယ်မျိုးပါ သက်ရောက်စေကြောင်း တွေ့ရှိနိုင်သည်။

ကုလားဟူသော ဝေါဟာရသည် ရှေးဟောင်းစကားအခေါ်အဝေါ်တစ်ခုဖြစ်သည်။ ပုဂံခေတ်ကျောက်စာများ (အေဒီ၁၂ရာစု-အေဒီ ၁၄ရာစု)တွင် ကုလားဟူသော စကားလုံးနှင့် စပ်လျဉ်း၍ ကုလားကခြေသည်၊ ကုလား ပသာသည်(ဗုံတီးသမား) စသည့် အသုံးအနှုန်းများကို တွေ့ရှိနိုင်သည်။ အိန္ဒိယဗိသုကာပုံစံဖြင့် တည်ဆောက် ထားသော စေတီပုထိုးများကိုပင်လျှင် ကုလားကျောင်းဟုခေါ်ဝေါ်ကြသည်။(ဥပမာ-အာနန္ဒာ ၊သဗ္ဗေညု[ဘာသာပြန်သူ] )။ အကယ်၍ ကုလားဟူသော ဝေါဟာရသည် ခေါ်တွင်ခံရသည့် ပုဂ္ဂိုလ် (သို့)အရာဝထ္ထုအား ဂုဏ်သရေညှိုးနွမ်းစေခဲ့လျှင် မြန်မာတို့အနေဖြင့် ၎င်းတို့ အမြတ်တနိုး ကိုးကွယ် ရာ စေ တီ ပုထိုးများကို ကုလားအမည်ရှေ့မှထည့်၍ ခေါ်ဆိုလိမ့်မည် မဟုတ်ချေ။

ပုဂံမင်းဆက်မှ အလောင်းစည်သူမင်းကြီး၏သားတော် နရသူမင်းအား ရာဇ၀င်ဆရာတို့က ကုလားကျမင်း ဟုခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါမင်းအား အိန္ဒိယလူမျိုးတို့က လုပ်ကြံသတ်ဖြတ် ခဲ့ခြင်းကြောင့်ဖြစ်သည်။

ရခိုင်ပြည် လောင်းကြက်မင်းဆက်၏ နောက်ဆုံးဘုရင်၊ အေဒီ၁၄၃၀တွင် မြောက်ဦးမြို့ကိုစတင်တည်ထောင် သူ၊ မြောက်ဦးမင်းဆက်၏ ပထမဆုံးဘုရင်ဖြစ်သူ နရမိတ်လှ(မင်းစောမွန်)အား ရာဇ၀င်ဆရာတို့က ကု လားပြည်ပါမင်းဟု နာမည်ပြောင်ပေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မင်းစောမွန်သည် အင်းဝ ကျူးကျော်စစ်ကြောင့် ဘင်ဂေါပြည်သို့ ခိုလှုံခဲ့ရသောကြောင့်ဟု ရာဇ၀င်ကြောင်းများအရ သိရှိရသည်။ အ ကယ် ၍ ကုလားဟူသောဝေါဟာရသည် သိမ်ဖျင်းနိမ့်ကျသော အသုံးအနှုန်းတစ်ခုဖြစ်ခဲ့လျှင် ထိုခေတ် အခါက သက်ဦးဆံပိုင်ဘုရင်တည်းဟူသော ပုဂ္ဂိုလ်အား မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုကဲ့သို့သော အ တိုကောက်အမည်ဖြင့် အမှတ်သညာပြုရဲလိမ့်မည် မဟုတ်ချေ။(နှိုင်းယှဉ်ရန်-ပုဂံခေတ် နရသီဟပတေ့မင်း အား ရာဇ၀င်တွင် တရုတ်ပြေးမင်းဟုဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် အေဒီ၁၂၈၇ခုနှစ်တွင် ကူဗလိုင်ခန်၏ တရုတ်တပ်များ ၀င်ရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသောကြောင့် ဖြစ် သည်။)

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ရာဇ၀င်ဆရာများထဲမှာ တစ်ဦးဖြစ်သူ၊ မြန်မာ့သမိုင်းတွင် အရေးပါဆုံး ရာဇ၀င် သုံးပိုင်းအား ညောင်ရမ်းခေတ်(ဒုတိယအင်းဝမင်းဆက်) အတွင်း ရေးသားပြုစုခဲ့သူ ရာဇ၀င်ဆရာ၏ အမည် မှာ ဦးကုလား ဖြစ်သည်။ အကယ်၍ ကုလားဟူသော အမည်သည် အောက်တန်းကျသည့် အမည်နာမ တစ် ခုဖြစ်နေခဲ့ပါလျှင် အလွန်ထင်ရှားကျော်ကြားသည့် အဆိုပါရာဇ၀င်ဆရာသည် ၎င်း၏အမည်အားပြောင်း လဲ ပစ် မည်မှာ သေချာသလောက်ရှိသည်။

ရှေးခေတ်အခါက ရခိုင်၊မြန်မာ၊မွန် ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဗုဒ္ဓ၏မျိုးနွယ်ဖြစ်သည့် သကျသာကီဝင်မျိုးရိုးမှ ဆင်းသက်လာသည်ဟု ထုံးတမ်းစဉ်လာအရ ယုံကြည်ခဲ့ကြသည်။အထက်ပါအချက်အရ ထို ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ အိန္ဒိယတိုင်းသားမျိုးဆက်များအဖြစ် ယုံကြည်ခဲ့ကြောင်း သိရှိနိုင်သည်။ အဆိုပါအချင်းအရာများကို ကြည့်ခြင်းဖြင့် အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများနှင့် ပတ်သက် ၍ နှိမ့်ချ ဆက် ဆံခြင်း(သို့) လူမျိုးရေးခွဲခြားခြင်းစသည့် အချက်များနှင့်ပတ်သက်သော ဖြစ်နိုင်ခြေရှိသည့် အကြောင်းပြ ချက် တစ်စုံတစ်ရာရှိပါသလား။

မြန်မာဘာသာစကားတွင် တစ်စုံတစ်ခုကို ကုလားဟူသော အသုံးအနှုန်းဖြင့် ရှေ့မှဖြစ်ေ စ၊နောက် မှဖြစ်စေ ပေါင်း စပ်၍ အမည်သစ်ဖန်တီးကာ အဆိုပါအရာသည် မူလဘူတနိုင်ငံခြားမှဖြစ်ကြောင်း (သို့) နိုင် ငံခြားမှဝင်ရောက်လာကြောင်း(သို့) မြန်မာပြည်၏ အနောက်ဖက်ရှိတိုင်းပြည်များမှဖြစ်ကြောင်းကို အလွယ် တကူသိရှိနိုင်ရန် ခေါ်ဆိုလေ့ရှိခဲ့သည်။

ရှေ့တွင်ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ

(1) ကုလားစပါး
Indian rice/paddy
rice/paddy of Indian origin
wheat

(2) ကုလားတည်
Indian preserve/pickle
pickle or preserve of fruits/vegetables in Indian style
Chutney or Indian style pickle
(3) ကုလားထိုင်
Indian/foreigner sit
the thing which foreigners use for sitting
chair

(4) ကုလားပဲ
Indian bean
beans eaten by Indians passionately
gram, chick pea

(5) ကုလားဖြူ
Indian white
the foreigners who are white
Europeans, Caucasian

နောက်တွင် ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ

(1) ဆိတ်ကုလား
goat Indian
goat of Indian/foreign origin
sheep

(2) ဒုံးကုလား
lever Indian/foreign
lever of foreign origin
mechanical jack, motor car jack

(3) ငှက်ကုလား
bird Indian/foreign
bird of Indian/foreign origin
black-necked stork (Xenorhynchus asiaticus)

(4) ဗွတ်ကုလား
bulbul (a kind of small bird) Indian/foreign
bulbul of foreign origin
Eurasian jay (Garrulus leucotis)

(5) ကျေးကုလား
parrot/parakeet Indian/foreign
parrot/parakeet of Indian/foreign origin
slaty-headed parakeet (Psittacula himalayana)

အခန်း(၃)ခိုင်မာသည့်စာပေများတွင် ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ

(1) ယောအတွင်းဝန်ဦးဖိုးလှိုင်-ဥတုဘောဇနသင်္ဂဟကျမ်း၊၁၈၈၀ခုနှစ်၊စာမျက်နှာ-၈၉ [အနောက်ပြည်သားများကို မြန်မာတို့က ကုလားခေါ်သည်]
(2) ပုဂံဝန်ထောက်မင်းဦးတင်-မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၊ ရန်ကုန်၊ ၁၉၃၁ခုနှစ်၊ စာမျက်နှာ ၃၃-၃၅ [ကုလားမျိုး ၆၀ ရှိကြောင်းကို…….]
(3) အရေးတော်ပုံငါးစောင်တွဲ-သုဓမ္မ၀တီပရက်စ်၊ ရန်ကုန်၊ ၁၉၂၀ခုနှစ်၊ စာမျက်နှာ ၃၅၆ [ကုလားပန်းသေးမြို့သားများ……]
(4) မန်လည်ဆရာတော်-မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်၊ ရန်ကုန်၊ ၁၉၀၄ခုနှစ် (ပြန်လည်ပုံနှိပ်ခြင်း ၁၉၃၈ခုနှစ်)၊ စာမျက်နှာ ၃၇ [ကုလားပသီ ဘရင်ဂျီက………..]
(5) တော်စိန်ခို- လွှတ်တော်မှတ်တမ်း၊ ရန်ကုန်၊ ၁၉၁၅ခုနှစ်၊ စာမျက်နှာ ၂၉ [သူပုန်ကုလား အင်္ဂလိပ်လူမျိုးတို့ကို…]
(6) ကျည်းကန်ရှင်ကြီး- အမရပူရသို့ပေး မေတ္တာစာ၊ ၁၈ရာစုအတွင်း ရန်ကုန်သို့အလည်အပတ် လာရောက်စဉ် ရေးစပ်ခဲ့သည်။ [အာရမဏီ ဘရင်ဂျီ၊ ကပ္ပလီခလာသီ၊ ဇော်ဂျီကလယ်၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိနှင့်………]

U Khin Maung Saw(Berlin)၏ (Mis)Interpretations of Burmese Words:Part I.In the case of the term Kala (Kula) သုတေသနစာတမ်းအား တိုက်ရိုက်ဘာသာပြန်ဆိုသည်။  အပိုင်း( ၂ )ဆက် လက် ဖတ်ရှုပါရန်

မြတ်သိန်းထွန်း

8.11.2012

ဦးခင်မောင်စော၏ မူရင်းစာတမ်းကို ဖတ်ရှူရန် ဒီမှာ click ပါ။

26 Jan 2013

မြန်မာလူမျိုး ( ဒေါက်တာသန်းထွန်း - အမိန့်တော်ပြန်တမ်းများ၊ ဒုတိယတွဲ )

by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, January 19, 2013 at 4:19pm ·
 
မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ရေးသားပြုစုခဲ့တဲ့ The Royal Orders of Burma (အမိန့်တော်ပြန်တမ်းများ၊ ဒုတိယတွဲ) A.D. 1598-1885 Part Two (A.D. 1649-1750)

- - - - - - - - - - - - - - - - - - - - - - - - - - - -

- - - - - - - - - - - - - - - - - - - - - - - - - - - -

- - - - - - - - - - - - - - - - - - - - - - - - - - - -

“မြန်မာ” ဝေါဟာရ သမိုင်းကြောင်း
ရှေးရာဇဝင်သမိုင်း၊စာပေမှ မြန်မာလူမျိုး၊ မြန်မာပြည် အသုံးအနှုန်းများကို အကျယ်ဖတ်ရှုနိုင်ရန် ဤမှာ တတ်နိုင်သမျှ  စုစည်းပေးထားပါသည်။
မြစေတီ ကျောက်စာ
လူမျိုးတစ်ရာ့တပါးစာရင်း
ဦးကုလား မဟာရာဇ၀င်
မက္ခရာမင်းသားကြီး၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်
ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း
ခေတ်မှီ မြန်မာရာဇ၀င်အကျဉ်း -အမျိုးသားပညာဝန် ဦးဖိုးကျား
ရခိုင်ရာဇဝင်သစ်ကျမ်း
လွတ်လပ်ရေး ကြေညာစာတမ်း
မြန်မာ့စွယ်စုံကျမ်း
ဒေါက်တာနိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
တွင်းသင်းမြန်မာရာဇဝင်သစ်
ဒေါက်တာသန်းထွန်း-အမိန့်တော်ပြန်တမ်းများ၊ဒုတိယတွဲ
အလောင်းမင်းတရားကြီး၏ အမိန့်တော်များ - ဒေါက်တာသန်းထွန်း
 မြန်မာအစ (ဦးဖိုးလတ်)     ( ဆက်လက်ဖော်ပြမည်)

27 Dec 2012

“ဗိုလ်” ၏ အဓိပ္ပာယ်အစစ်အမှန်

“ဗိုလ်” ၏ အဓိပ္ပာယ်အစစ်အမှန်
 [Freedom from Fear - 13] by Zaw Min Oo on Tuesday, December 13, 2011 at 8:29pm

အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၆ - ၁၉၁ ကို မြန်မာပြန်သည်။ ဗိုလ်ဟူသော ဝေါဟာရမှာ အစိုးရရုံးအသုံးအနှုန်းတွင် ကြည်းတပ်မှ ဗိုလ် သို့မဟုတ် “လက်ဖ်တင့်နင့်” ကို ဆိုလိုခြင်း ဖြစ်ပါသည်။ သို့သော်လည်း အများသုံးစကားတွင် စစ်အရာရှိများ၊ အမိန့်ပေးသူ များ၊ ခေါင်းဆောင်များကို “ဗိုလ်” ဟု ခေါ်လေ့ရှိပါသည်။

တိုင်းပြည် လွတ်လပ်ရေးရတော့မည် ဟူသော မျှော်လင့်ချက်ဖြင့် တက်ကြွနေသော ထွန်းသစ်စ ဗမာ့လွတ်လပ်ရေးတပ်မတော် ၁၉၄၂ ခုနှစ်တွင် မြန်မာ့မြေပေါ်ခြေချလာသည်နှင့် ၎င်းတပ်မှ အရာရှိများကို ရာထူးမရွေး “ဗိုလ်” ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ လူအများစိတ်ဓာတ်အရှိန်မြင့်မား၍ ဘေးအန္တရာယ် ထူပြောသော စစ်တွင်းကာလတွင် လူစွမ်းကောင်းများ ဈေးကောင်းလေရာ “ဗိုလ်” တိုင်းကို စွဲမက်ဖွယ်ရာ စိတ်ကူးယဉ်ပုံပြင်ဆန်ဆန် မသဲကွဲသော အတွေးဖြင့် ရှုမြင်ကြပါသည်။

၎င်းတို့အနက် ရှေ့ဆုံးမှ ထင်ပေါ်နေသူမှာ အောင်ဆန်းဖြစ်ပါသည်။ အသက် (၂၇) နှစ်ပင် မပြည့်သေးဘဲ စိတ်ဓာတ်အလွန်ပြင်းထန်ပြီး ဖြောင့်မတ်တည်ကြည်သဖြင့် မျိုးချစ်လူငယ် စစ်သေနာပတိအသွင်ဆောင်နေရာ ၎င်းနှင့်ပတ်သက်၍ သီချင်း၊ ကဗျာများ ရေးစပ်ရာ၌ စိတ်ကူးကွန့်မြူးလာကြပါသည်။

ငါတို့မြန်မာပြည်မယ် မိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို အာဇာနည်အစစ်တွေ မွေးကြရမယ်
- ရာဇဝင်အတ္ထုပတ္တိလည်း ရှိရမယ်
မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဤကဲ့သို့ ချီးမြှောက်ခြင်းကြောင့် ပို၍ အသက်အားဖြင့်၎င်း၊ အတွေ့အကြုံအားဖြင့်၎င်း ပိုမိုသူများပင်လျှင် ယစ်မူးသွားနိုင်သော်လည်း အောင်ဆန်းမှာမူ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကြောင့် တည်ကြည်ခိုင်မြဲ ရှင်းလင်းပြတ်သားစွာဖြင့် လုံးဝစိတ်ထားမှန်အောင် ထိန်းသိမ်းခဲ့ပါသည်။ ထိုစဉ်က ကျင်းပလေ့ရှိသော အခမ်းအနားတခုတွင် အောင်ဆန်းအား ကမ္ဘာ့သမိုင်းတွင် ထင်ရှားမည်ဟု ချီးမွှမ်းသောဩဘာစာကို ဖတ်ကြားသောအခါ ကမ္ဘာ့သမိုင်းတွင်မဆိုနှင့်၊ ဗမာ့သမိုင်း၌ပင် နေရာမရသေးပါ ဟု အောင်ဆန်းက ကြွတ်ဆပ်ဆပ် မှတ်ချက်ချသွားခဲ့ပါသည်။

 တော်လှန်ရေးလှုပ်ရှားမှုတလျှောက်တွင် စစ်တပ်ကို ဦးဆောင်ခဲ့သည့် နောက်ပိုင်းတွင် ပြန်လည်တည်ထောင်လိုက်သော ဗြိတိသျှအုပ်ချုပ်ရေးနှင့် စေ့စပ်ဆွေးနွေးခဲ့ပြီး ဘုရင်ခံ၏ အုပ်ချုပ်ရေးကောင်စီတွင် ဒုဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရသောအခါ၌ပင် အောင်ဆန်းက “ကျုပ်တို့ အခု မစရသေး၊ မလုပ်ရသေဘူး။ ဒါကြောင့် ချီးမွမ်းစရာရှိလည်း အခုချီးမွမ်းမခံချင်သေးဘူ။” ဟု ပြောနေတုန်းပင် ဖြစ်ပါသည်။

ထိုစဉ်အချိန်က ၎င်းသည် အမျိုးသားလူစွမ်းကောင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတဝှမ်းတွင် “ဗိုလ်ချုပ်” ဟု သိရှိကြကာ မြန်မာပြည်သူပြည်သားတို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံနေရသူပင် ဖြစ်ပါသည်။ “ဗိုလ်ချုပ်” ဟူသည်မှာ ဒုတိယဗိုလ်ချုပ်ကြီးအောက်တွင်ရှိသော အဆင့်ပင်ဖြစ်သော်လည်း အောင်ဆန်းက ရယူလိုက်သောအခါ ယင်းရာထူးအဆင့်သည်လည်း မြန်မာပြည်တွင် အတုမရှိ၊ ထူးခြားအရေးပါသော အဓိပ္ပာယ် သက်ရောက်မှုရှိလာပါသည်။ ဗိုလ်ချုပ်ဟူသည်မှာ တပ်မတော်၏ ဖခင်၊ အင်အားကြီးသော ကိုယ်ကျိုးမကြည့်သော ခေါင်းဆောင်မှု၊ ဝေါဟာရအဓိပ္ပာယ်အရ “ဗိုလ်ချုပ်များ ကို အုပ်ချုပ်သူ” ဟု သဘောရပါသည်။

“ဗိုလ်” ပါဠိစာလုံး “ဗလ” (ခွန်အား) မှ လာခြင်းဖြစ်ပါသည်။ သို့သော်လည်း ချီးကျူးထိုက်သော ခွန်အားနှင့် မလိုလားအပ်သော အင်အားကို ခွဲခြားရသည်မှာ မလွယ်ကူလှပါ။ “ကာယ” ပြုလုပ်ခြင်းနှင့် “ဗလ” တို့ ပေါင်းစပ်လိုက်ပါက ဗလသက္ကာယ အကြမ်းဖက်ခြင်းဖြစ်လာပါသည်။ တနည်းဆိုရသော် လက်ခံနိုင်လောက်သော အကန့်အသတ် အတိုင်းအတာထက်ကျော်လွန်၍ ခွန်အားကို အသုံးပြုသောအခါ ဖျက်ဆီးခြင်းအဖြစ်သို့ ရောက်ရှိလာပါသည်။

ဤအန္တရာယ်ကို ကိုယ်ကျင့်တရားဖြင့် ထိန်းချုပ်ခြင်း မပြုပါက နိုင်ငံရေး သို့မဟုတ် လူမှုရေးအပြောင်းအလဲများကြောင့် ဝရုန်းသုန်းကား ဖြစ်နေသော အချိန်ကာလတွင် အောင်ဆန်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲကို ဦးစီးဦးကိုင်လုပ်ခဲ့ရသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းထွက် ဖြစ်သဖြင့် ၎င်းသည် စိတ်နှင့် စိတ်ဓာတ်တို့၏ စွမ်းအားနှင့်ဆိုင်သော သဘောတရားကို ငယ်စဉ်ကပင် သိရှိမည် ဖြစ်၍ ဗလငါးပါး (ဣနြေ္ဒငါးပါး သို့မဟုတ် စိတ်ကို ထိန်းသိမ်းနိုင်သောတရားများ) ကိုလည်း လေ့လာဆည်းပူးခဲ့မည် ဖြစ်ပါသည်။ ၎င်းတို့မှာ သဒ္ဓါ၊ ဝိရိယ၊ သတိ၊ သမာဓိနှင့် ပညာတို့ဖြစ်ပါသည်။ လောကီအလိုအရ ဗလငါးတန်ဖြစ်သော ကာယ၊ ဥာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တဗလတို့သည် လောကုတ္တရာအကျိုးဆောင် ဗလများထက် နိမ့်ကျပြီး ဂုဏ်သိက္ခာရှိစွာ အကျိုးပေးမည့်အင်အားများဖြစ်လာနိုင်ရန် ၎င်းတို့ကို စိတ်နှင့် စိတ်ဓာတ် ပြုစုပျိုးထောင်ခြင်းဖြင့် ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။

တာဝန်ရှိသော စစ်အဖွဲ့အစည်တခုနှင့် ပေါင်းစပ်ရမည့် ပေါ်ထွန်းစ စစ်တပ်၏ စစ်သေနာပတိအဖြစ်၎င်း၊ မတည်ငြိမ်သော ပုဂ္ဂိုလ်ပေါင်းများစွာ ပါဝငိနေသည့် အမျိုးသားလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ်၎င်း စည်းကမ်းဖြင့် မထိန်းထားသော အင်အား၏ လက်တွေ့အန္တရာယ်များကို ၎င်းက ကောင်းစွာသိရှိထားသူပင်ဖြစ်ပါသည်။ အောင်ဆန်းသည် ၎င်းတည်ထောင်ထားသော တပ်မတော်ကို စည်းကမ်းကြီး၍ ဂုဏ်ကျက်သရေရှိသော အဖွဲ့အစည်းအဖြစ် ရည်မှန်းထားပါသည်။

အနစ်နာခံခြင်း၊ ကိုယ့်စည်ကိုယ်ထိန်းခြင်း၊ ဖောက်ပြန်မှုကင်းခြင်း စသော ကျောက်သားပကတိခိုင်မာသည့် မြင့်မြတ်သောဂုဏ်အင်္ဂါများဖြင့် တည်ဆောက်ထားသောတပ်မတော်၊ ကိုယ်ပိုင်အကျိုးအမြတ်မမျှော်ကိုးဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်ရန် မိမိ၏ခွန်အားကို လုံးဝပေးလှူထားသော တပ်မတော်သာဖြစ်ရမည်ဟု အောင်ဆန်းက ယူဆပါသည်။

လက်နက်အင်အားကို ဖိနှိပ်ချုပ်ချယ်ရာ ပစ္စည်းကိရိယာ အဖြစ် ထင်မှတ်စေမည့် သဘောထားများ၊ ရပ်တည်ချက်များကို ရှောင်ကျဉ်ပါရန် စစ်သည်တော်များအား အောင်ဆန်းက တိုက်တွန်းဆုံးမခဲ့ပါသည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်လိုသော လူ့သဘာဝကို ထောက်ပြ၍ မတရားပြုကျင့်သော အားကြီးသူတို့အား မကြောက်မရွံ့ဆန့်ကျင်ရန်နှင့် အားနည်းသူတို့အပေါ်တွင် ဖြောင့်မှန်တရားမျှတစွာ ပြုကျင့်ရန် အောင်ဆန်းက တိုက်တွန်းခဲ့ပါသည်။

“ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်” ဟုလည်း သတိပေးခဲ့၏။ (၃၀-၁-၄၄)။

တိုင်းပြည်က ကိုးကွယ်ဆည်းကပ်ထိုက်သော ထူးချွန်သည့်တပ်မတော်ဖြစ်လာစေရန် အဆက်မပြတ် ကြိုးပမ်အားထုတ်နေရမည် ဖြစ်ပါသည်။ သို့သော် ထူးချွန်သဖြင့် ခေါင်းဆောင်မှုပေးရန် အထူးအခွင့်အရေးရှိသော လက်ရွေးစင်လူတစု ဖြစ်လာရမည် မဟုတ်ပါ။ တပ်မတော်သည် လူတဦးတယောက်အတွက်၊ တဖွဲ့၊ လူတစု၊ အပါတီအတွက် တည်ထောင်းထားခြင်းမဟုတ်ဘဲ တပြည်လုံးအတွက် တည်ထောင်ထားခြင်းဖြစ်သည်ဟု အောင်ဆန်းက ရှင်းလင်းပြတ်သားစွာ ပြောဆိုထားပါသည်။ ၎င်းတို့၌သာလျှင် ပြည်ချစ်စိတ်ရှိနိုင်သည်ဟူသော အယူအဆကို ခံယူထားကြသည့် စစ်မှုထမ်းများ၏ သေးသိမ်မှေးမှိန်သော အမြင်ကိုလည်း အောင်ဆန်းက ပယ်ချပါသည်။

“တခြား စစ်သားမဟုတ်ပေမဲ့ နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်တဲ့ လူတွေလည်း ရှိတာပဲ။ အဲ့ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်” (၁၃-၃-၄၄)။

အောင်ဆန်းက စစ်သားများကို တင်းမာပြင်းထန်စွာ သတိပေးဆုံးမနေရသည့်အချက်မှာ တပ်မတော်ကို နှိမ်လိုသောကြောင့်မဟုတ်ဘဲ “ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ” ဟု ကိုယ်တိုင်မိန့်ကြားခဲ့ပါသည်။ (၁၃-၃-၄၄)။

တိုင်းပြည်၏ ဂုဏ်သိက္ခာဟူသည်မှာ ပြည်သူတို့၏ ဂုဏ်သိက္ခာဖြစ်သည်၊ ပြည်သူတို့၏ ဂုဏ်သိက္ခာသည် ၎င်းနှင့် ၎င်းစစ်သားများ၏ ဂုဏ်သိက္ခာနှင့် ခွဲခြား၍မရဟု အောင်ဆန်းက ယုံကြည်ထားပါသည်။ သူလိုလားသော စံပြလက်နက်ကိုင်တပ်ဖွဲ့ဆိုသည်မှာ စစ်မှုထမ်းတိုင်း၏ အပြုအကျင့်တို့သည် ၁၈ ရာစု နန်းတွင်းစာဆိုတော် လက်ဝဲသုန္ဒရ (၁၇၂၃-၁၇၉၉) ရေးသားဖွဲ့ဆိုထားသော နန္ဒိသေနပျို့ပါ သဘောတရားဖြင့် ပြည့်ဝနေမည်ဖြစ်သော တပ်ဖွဲ့ပင်ဖြစ်ရပေမည်။

စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား၊ မကိုးစားလျှင်
ဓါးသွားလည်ကြွေ၊ လှံလည်းခွေအံ့။
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)

လွတ်လပ်ရေးလှုပ်ရှာမှု အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့စိတ်နှလုံးကို သိမ်းကြုံး၍၊ ပြည်သူ့အင်အားကို ကိုးစားကြောင်း ပို၍ သိသာထင်ရှားလာပါသည်။

“လူတဦးတယောက်သည် မည်မျှလောက် စွမ်းပကားရှိစေကာမူ လူထု၏ အားပေးရိုင်းပင်းမှုမရှိဘဲလျက် ရာဇဝင်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်” ဟု ယုံကြည်သည့်အလျောက် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်သူတို့ကို ၎င်းနောက်မှ မြဲမြံစွာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြပါရန် ပန်ကြားခဲ့ပါသည်။ မဟုတ်မမှန်သော ကတိများပေး၍၎င်း၊ မြှောက်ပင့်ပြောဆို၍၎င်း၊ ထောက်ခံမှုရယူသောနည်းကို ၎င်းက မသုံးပါ။