13 Aug 2012

သခင်စိတ်ဓါတ် သခင်အကျင့် (၃)


ဘာကြောင့်သခင်လဲ

အင်္ဂလိပ်တွေကပဲခေါ်ခိုင်းတာလား မြန်မာတွေကပဲ စခေါ်တာလား အစရှာမရနိုင်ပေမယ့် အင်္ဂလိပ်တွေကို သခင်ကြီးလို့ ခေါ်ခဲ့ရတာတော့အမှန်ပါပဲ။ အင်္ဂလိပ်ရယ်မှ မဟုတ်ပါဘူး။ အဲဒီအင်္ဂလိပ် အရေးပိုင်အောက်က မြို့အုပ်မင်း မြန်မာအချင်းချင်းတောင် ဘုရားထူးကြရတာပါ။ ထောင်ထဲမှာဆို ဒူးတုပ်ပြီး လက်ယှက်ရှိခိုးသလို ခေါင်းပေါ်တင်ထားရပါတယ်။

ထိုင်ကြပြီဆိုရင်လည်း အင်္ဂလိပ်အုပ်ချုပ်သူတွေကအပေါ်မှာ လူထုကအောက်မှာထိုင်ရတာပါ။ ကုလားထိုင် ဆိုတဲ့အသုံးအနှုံးလေးကြည့်ရင် သမိုင်းသဘောလေးပါနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီခေတ်က အင်္ဂလိပ်တွေကို ကုလားဖြူတွေလို့ မြန်မာကခေါ်ကြတာကိုး။ သူတို့ကခုံပေါ်ထိုင်ပြီး မြန်မာလူထုက ကြမ်းပေါ်၊ မြေကြီးပေါ်ထိုင်ရတာပါ။ မြို့အရပ်မှာတော့ အုပ်ချုပ်သူတွေကို လက်အုပ်ချီလေ့နည်းပေမယ့် တောအရပ်တွေမှာတော့ အုပ်ချုပ်သူဝန်မင်းများကြွလာရင် လက်အုပ်ချီကြရပါသတဲ့။ မြန်မာ့ဓလေ့မှာ ပဒေသရာဇ်ခေတ် ဘုရင်ဆိုရင် လက်အုပ်ချီပါတယ်။ ဒါပေမယ့် ပဒေသရာဇ်ခေတ်ကုန်သွားပေမယ့်လည်း ကိုလိုနီမာစတာတွေက လူထုကို လက်အုပ်ချီအောင် လုပ်ထားကြရစမြဲပါ။ ဒီတော့ သခင်ဖြစ်ချင်တဲ့ လူငယ်တွေရဲ့ မျက်စေ့ထဲမှာတော့ မျက်စေ့စပါးမွှေးစူးကြပေတာပေါ့။ မြတ်စွာဘုရားနဲ့ ရဟန်းတော်တွေပဲ လက်အုပ်ချီရမယ့်အစား ဒီမာစတာလုပ်ချင်တဲ့ မြို့အုပ်ဝန်မင်းမာစတာတွေကိုပါ လက်အုပ်ချီနေကြရတော့ လူငယ်တွေ ဘယ်ကျေနပ်နိုင်ပါ့မလဲ။

ပြီးတော့ တိုင်းမင်းကြီးများလာလို့ရှိရင် တခမ်းတနားလုပ်ကြတာကိုး။ တိုင်းမင်းကြီးမှာ ကိုယ်ပိုင်သင်္ဘောရှိပါတယ်။ အရပ်ကတော့ အဲဒီသင်္ဘောကို မင်းကြီးသင်္ဘောလို့ ခေါ်ကြပါသတဲ့။ မီးရထားလမ်းတလျှောက်မှာလည်း သီးသန့်တွဲနဲ့ပေါ့လေ။ တိုင်းမင်းကြီးတွေစီးတဲ့တွဲက တွဲဖြူကြီးပါတဲ့။

အဲဒီတိုင်းမင်းကြီးများရောက်လာရင် ကျောင်းသားကျောင်းသူတွေက လမ်းဘေးတဘက်တချက်မှာ ယူနီယံဂျက်အလံငယ်လေးတွေ ကိုင်ဝှေ့ယမ်းလို့ ကကြရတာတဲ့။ မင်းကြီးလျှောက်မယ့်လမ်းမှာလည်း သဲဖြူခင်း၊ ရာဇမတ်ကာပေါ်ရတာတဲ့လေ။ ရေလမ်းနဲ့လာတဲ့အခါ ကမ်းနဖူးမှာ မဏ္ဍပ်ကြီးထိုးပြီး ကကြရတာပါတဲ့။

ဘုရင်ခံဆိုရင်တော့ ဒီထက်ပိုပြီး ခမ်းခမ်းနားနားလုပ်ရပါတယ်။ သရက်မြို့ ဘုရင်ခံလာတော့ အရေးပိုင်မင်း အိမ်ရှေ့ကွက်လပ်အကျယ်ကြီးမှာ မဏ္ဍပ်တွေထိုးကြရပါတယ်။ ကံမ၊ အာလံ(အဲဒီတုန်းကအခေါ်ပါ)၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ သရက်မြို့တွေက အတီးအမှုတ်အဖွဲ့တွေ လာကြရပါတယ်။ တဖွဲ့မှာ လူ၂၅ယောက်လောက် ပါကြပါတယ်။ ကိုယ့်မဏ္ဍပ်အသီးသီးမှာ တီးကြမှုတ်ကြပေါ့။ ဘုရင်ခံကို ဖျော်ဖြေရတဲ့သဘော။
“ရှင်ဘုရင်ဗဟိုပျော်ကို အကြင်အကြင်အကြိုတော် အဆိုတော်တွေနှင့် ယခင်အပျိုတော်ဝိုင်းသလိုပေါ့
တခွင်လျှိုပေါ်မှာ ထင်သလိုနော် စိုင်းနေကြ
အရှင်အလိုတော်အတိုင်းပေပ တဂိုဏ်းထူကြသလေ(အိုကွယ်)
သခင်ကိုယ်တော်မှိုင်းရယ်နှင့် စစ်ကိုင်းသူမတွေ"- လို့ဆရာကြီးတောင် ဖွဲ့ခဲ့ပါသေးတယ်။

အဲဒီ ဘုရင်ခံရဲ့သြ၀ါဒကို နာကြားရတဲ့သူတွေကတော့ သူကြီးတွေ၊ ရှေ့နေရှေ့ရပ် တရားသူကြီးတွေ၊ အစိုးရ၀န်ထမ်းတွေပါပဲ။ အခမ်းအနားကို ဖွင့်တဲ့အခါမှာရော ပိတ်တဲ့အခါမှာရော God Save The King သီချင်းဆိုကြရပါတယ်။

သူတို့အရေးကိစ္စကျ အဲဒီလိုကိန်းကြီးခန်းကြီးတွေလုပ်ကြပေမယ့် ပြည်သူလူထုကိုတော့ အမျိုးမျိုးချုပ်ခြယ်ကြတာပါ။ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးညီလာခံမှာ သဘာပတိအဖြစ်ဆောင်ရွက်ရတဲ့ ဥက္ကဋ္ဌသခင်လှဘော်ရဲ့မိန့်ခွန်းမှာ-
“ဤကဲ့သို့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားများ နိုးနိုးကြားကြားဖြစ်လာရာတွင် နယ်ချဲ့သမားတို့သည် အေးချမ်းသာယာစွာဖြစ်စေရန် တရားသဘောသက်ဝင်သော နည်းစနစ်တို့ကို အသုံးမပြုပဲ ပြည်သူတို့၏ လွတ်လပ်မှုကို လက်နက်နှင့်တမျိုး၊ ဥပဒေများနှင့်တဖုံ ချုပ်ချယ်ညှင်းဆဲခဲ့လေသည်။
ငါတို့က တရားသဖြင့် စည်းဝေးစုရုံးကြခြင်းတို့ကို အမျိုးမျိုး ပိတ်ပင်တားဆီးခဲ့၏။ နိုင်ငံရေးလုပ်နေသူတို့ကိုလည်း နိုင်ထက်စီးနင်းချုပ်ချယ်ရုံမျှမက နိုင်ငံရေးအဖြစ်အပျက်တို့ကို မျက်ဝါးထင်ထင်မမြင်စေရန် ရုပ်ရှင်သတင်းများကိုလည်း အတင်းအဓမ္မ ပိတ်ပင်ကြပြန်လေသည်။

ဤကဲ့သို့ ပြည်သူလူထုတို့၏ ပြသနာကို ခြေရှင်းခြင်းငှာ မတတ်စွမ်းနိုင်သဖြင့် ပြည်သူ့လွတ်လပ်မှုကို လက်နက်ပုဒ်မတို့ဖြင့် နှိမ်နှင်းကာ ဓနရှင်နိုင်ငံများတွင် လွှမ်းမိုးနေသော ဖက်ဆစ်စိတ်ဓါတ်များ၊ နယ်ချဲ့သမားများ၏ ဦးနှောက်တွင် အဘယ်မျှဝင်နေပြီမှာ ထင်ရှားနေလေပြီ" - လို့ထည့်သွင်းပြောခဲ့ပါတယ်။

ဒီတော့ တက်လူကျောင်းသားလူငယ်တွေက ဒီအခြေအနေကို မကျေနပ်ကြဘူး။ မြန်မာလူမျိုးဆိုတာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ လွတ်လွတ်လပ်လပ်နေထိုင်ခဲ့ကြသူတွေမဟုတ်လား။ ဒါကြောင့် ကျွန်လူမျိုးမဟုတ်ဘူး၊ သခင်လူမျိုးဖြစ်တယ်။

ဒုတိယ- မြန်မာလူမျိုး၊ မြန်မာလူထုဟာ မြန်မာနိုင်ငံရဲ့ပိုင်ရှင်ဖြစ်တယ်။ မူလပိုင်ရှင်သခင်တွေဖြစ်တယ်။ ကျွန်ဖြစ်ကာစတုန်းကတော့ ဘုရင်ကို ထီးနန်းပြန်တင်ချင်တဲ့သူတွေရှိပေမယ့် တို့ဗမာအစည်းအရုံးခေတ် ရောက်တဲ့အခါမှာတော့ ပဒေသရာဇ်အာဏာရှင်စနစ်ကို ပြန်သွားဖို့ မရည်ရွယ်တော့ပါဘူး။ ဒါကြောင့် လူထုသာအရှင်သခင်ဖြစ်တယ်လို့ ပြောတာပါ။

တတိယ- ဘုရင်ခံ၊ မင်းကြီး၊ အရေးပိုင်၊ မြို့ပိုင်မာစတာတွေက လခစားတွေပါ။ အခွန်ပေးဆောင်နေကြတဲ့ လူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို စောင့်ရှောက်ပေးရမယ့် ပြည့်စေခံ ( government Servant ) တွေပဲဖြစ်ပါတယ်။ ဒါကြောင့် အခွန်ပေးဆောင်သူ တို့မြန်မာလူထုသာ အရှင်သခင်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ဒီလိုယုံကြည်ကြတဲ့လူငယ်တွေစုပြီး ထူထောင်လိုက်ကြတာမို့ တို့ဗမာအစည်းအရုံးကြီး ပေါ်လာရတာပါ။ စတင်တည်ထောင်သူလူငယ်တွေကတော့ -
၁။ သခင်ဘသောင်း
၂။ သခင်လှဘော်
၃။ သခင်သိန်းမောင်
၎။ သခင်တင်(၀ိုင်အမ်ဘီ)
၅။ သခင်အုန်းဖေ(၀ါးခယ်မ)
၆။ သခင်သာဒိုး
၇။ သခင်တင်စိန်
၈။ သခင်မောင်မောင်တိုး
၉။ သခင်ဘရီ
၁၀။ သခင်ကျော်ထွန်းစိန်နဲ့
၁၁။ သခင်ဘိုးနီ- တို့ပါပဲ။

ဒီလူငယ်တွေရဲ့စိတ်ဓါတ်ဟာ ဘယ်လောက်ပြင်းထန်ကြသလဲဆိုရင် ကုလားဗမာအဓိကရုဏ်းပြီးခါစမှာ ထုတ်ဝေတဲ့ "တို့ဗမာအစည်းအရုံး၏တိုက်တွန်းချက်" မှာဟောဒီလိုတောင်ရေးထားပါတယ်။

လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိနည်းခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ အမေနှင့်ငါမာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းရုံး၍ခုခံရမှန်းမသိခြင်းဖြစ်ပါမူ အို- အချင်းတို့၊ ငါတို့သည် မလိမ္မာလိုပါ။ မိုက်သာမိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကိုပေးကြပါကုန်။ ငါတို့မိုက်ပါရစေ။

တို့ဗမာသတင်းစဉ်ကိုနှိပ်ကွပ်

တို့ဗမာအစည်းအရုံးကိုထူထောင်ပြီး ၁၉၃၂ရောက်တော့ သခင်ဘသောင်း ဦးဆောင်ပြီး တို့ဗမာသတင်းစဉ်မှတ်တမ်း အတွဲ၁၊ အမှတ်၁ ကိုစထုတ်ပါတယ်။ မျက်နှာဖုံးမှာ ခါးတောင်းမြှောင်အောက်ကျိုက်ထားတဲ့ ထိုးကွင်းမင်ကြောင် ရောင်နောက်တွဲနဲ့ ဗမာယောက်ျားကြီးတယောက် မီးတုတ်ကိုင်၊ ရှေ့သို့ချီတက်နေတဲ့ပုံ ရေးဆွဲထားပါတယ်။

တို့ဗမာသတင်းစဉ်ပါစာတွေက သခင်စိတ်ဓါတ်ထွန်းကားရေးဆိုတော့ မာစတာလုပ်ချင်နေတဲ့ အုပ်ချုပ်သူတွေ ဘယ်ကြိုက်ပါ့မလဲ။ ဒါကြောင့် အင်္ဂလိပ်အစိုးရက "တို့ဗမာသတင်းစဉ်ရဲ့ အရေးအသားတွေဟာ တိုင်းပြည်အေးချမ်းငြိမ်သက်ရေးဘက်ကကြည့်ရင် များစွာကန့်ကွက်ဖွယ်ကောင်းကြောင်း၊ နောင်ကို ထိုကဲ့သို့သော အသုံးအနှုန်းများသုံးလျှင် တချက်လွှတ်ပုံနှိပ်တိုက်ဥပဒေအရ အရေးယူရလိမ့်မည်ဖြစ်ကြောင်း" သခင်ဘသောင်းဆီ သတိပေးစာတစောင်ပို့ပါတယ်။

ဒါကြောင့် အတွဲ၂ကို ထုတ်ဖို့ပြင်တဲ့အခါ သခင်ဘသောင်းက ပုံနှိပ်တိုက်နှိပ်ကွပ်ရေး တချက်လွှတ်ဥပဒေဖျက်သင့်ပြီ ခေါင်းစဉ်နဲ့ ခေါင်းကြီးပြန်ရေးပါသေးတယ်။ ဒါပေမယ့် ငွေရေးကြေးရေးအခက်အခဲကြောင့် မဂ္ဂဇင်းမထွက်နိုင်တာမို့ ပုံနှိပ်စာလုံးဘ၀တော့ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

သခင်တပ်ခေါ်ပါ

ဒီလိုနဲ့ ကိုဘသောင်းခေါင်းဆောင်တဲ့ မြန်မာခေတ်ပညာတတ်လူငယ်တခုဟာ ကိုယ့်အမည်ရှေ့မှာ သခင်ဘွဲ့တပ်ခေါ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး လိုက်စည်းရုံးကြပါတယ်။ တရက်မှာ ကိုဘသောင်းရယ်၊ ကိုသိန်းမောင်(မီးတုတ်သခင်သိန်းမောင်)ရယ်၊ ကိုလှဘော်ရယ် သုံးယောက်သား ၂၁ဦးပါတီက ဒေါက်တာသိန်းမောင်ဆီ သွားကြပါတယ်။

သခင်ဘသောင်းက သခင်စိတ်မွေးပြီး သခင်အကျင့် သခင်အကြံအစည် ကြံစည်ရမယ်။ မောင်၊ကို၊ဦးအစား နာမည်ရှေ့မှာ သခင်တပ်ခေါ်ဝေါ်ကြရမယ်လို့ ပြောတာကိုး။ ဒီတော့ဒေါက်တာသိန်းမောင်က – 'ဒါတွေက ပညတ်တွေပါ။ ပရမတ်မဟုတ်ပါဘူး။ နာမည်ရှေ့သခင်တပ်ခေါ်ဖို့ မလိုပါဘူး' လို့ပြန်ပြောပါသတဲ့။ ဒါနဲ့ သခင်ဘသောင်းက

'ခင်ဗျာကို ဒေါက်တာသိန်းမောင်လို့မခေါ်ပဲ ဦးသိန်မောင်လို့ခေါ်ရင်ရော သဘောကျမလား' ' သဘောကျတယ်။ ခေါ်ဗျာ' 'ဦးသိန်းမောင်မခေါ်ပဲ ကိုသိန်းမောင်ခေါ်ရင်ရောဗျာ' 'ကြိုက်ပါတယ်။ ခေါ်ပါဗျာ။' 'ခင်ဗျာကို ဦးထည့်မခေါ်၊ ကိုလည်းထည့်မခေါ်ပဲ သိန်းမောင်လို့ခေါ်မယ်။ ဘယ်နှယ့်လဲ။' 'ခေါ်ပါ၊ ကိစ္စမရှိပါဘူး။ ဒါတွေက ပညတ်ချက်တွေပဲ' 'ကိုင်း ခင်ဗျာကို ဦးသိန်းမောင်လို့လည်းမခေါ်၊ ကိုသိန်းမောင်လို့လည်းမခေါ်၊ မောင်သိန်းမောင်လို့လည်းမခေါ်ပဲ ခွေးသိန်းမောင်လို့ခေါ်မယ်။ ကြိုက်ပါ့မလား' - ဆိုတော့ ဒေါက်တာသိန်းမောင်ငြိမ်ကျသွားပါလေရောတဲ့။ ဒီလိုနဲ့ ကိုဘသောင်းဟာ အိမ်ရောက်ရောက်ချင်းပဲ သူ့ရဲ့အဘိဓါန်စာအုပ် Pocket Oxford Dictionary စာအုပ်မှာ "သခင်ဘသောင်း" လို့ကမ္ဗည်းတင်လိုက်ပါသတဲ့။

တနေ့တော့(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ ကွယ်လွန်) ပန်းတနော်ဦးသန့်က ကိုဘသောင်းအိမ်လာလည်တော့ အဲဒီအဘိဓါန်စာအုပ်တွေ့ပါလေရော။ 'သခင်ဘသောင်း' လို့တွေ့ရတော့ ဦးသန့်က ရယ်ပါသတဲ့။

ဦးသန့်မှမဟုတ်ပါဘူး။ ဂန္တာလောကမဂ္ဂဇင်းထုတ်ဝေခဲ့ပြီး ၁၉၄၈ ကနေ ၁၉၅၈ထိ မြန်မာနိုင်ငံရဲ့ အကြံပေးပါရဂူအဖြစ် ဆောင်ရွက်ခဲ့တဲ့ မစ္စတာဖာနီဗယ်ရေးခဲ့ပုံလေး သတိရစရာပါ။

“ကိုဘသောင်းသည် ကျွန်ုပ်တို့၏ရုံးခန်းသို့ တမနက်ပေါက်လာပြီးလျှင် နောင်ကိုသူ့အား ကျွန်ုပ်ကခေါ်သည့်အခါ သခင်ဘသောင်းဟုခေါ်ပါရန် အကြောင်းကြားလာသည်။ ကျွန်ုပ်သိသလောက်မှာ မောင်ဘသောင်းသည် သခင်ကို ပထမစသူဖြစ်သည်။ မောင်ဘသောင်းက သူ့ကို သခင်ဟုခေါ်ရန်ပြောသောအခါ ကျွန်ုပ်က ဘာမျှပြန်မပြောဘဲ ရယ်နေလိုက်ပါသည်" တဲ့။

တချို့ ကျွန်စိတ်လုံးလုံးဝင်နေတဲ့သူတွေကတော့ သခင်တပ်ခေါ်တာကို နားကြားပြင်းကို ပပ်နေကြတော့တာပေါ့။ "တို့ဗမာတို့သည် ကျွန်စိတ်ဝင်၍ မိမိကိုယ်မိမိ အထင်သေးပြီး နိုင်ငံခြားသားမြင်လျှင် ထန်းလျက်လုံးကို မြင်သောအောင်နက်ကဲ့သို့ နှုတ်တသွက်သွက်၊ သွားရည်တမြားမြားနှင့် 'သခင်၊ သခင်' ဟုခေါ်လေ့ရှိ၏။ တို့ဗမာတို့ သခင်တပ်ခေါ်ခြင်းကိုမူကား 'မကြားနိုင်၊ မရှုနိုင်' လို့ သခင်ဘသောင်းက ရှုတ်ချထားတဲ့အကြောင်း ဆရာတင်ထွန်းအောင် ရေးထားတဲ့စာအုပ်မှာ တွေ့ရပါတယ်။

အဲဒီတုန်းက နာမည်ရှေ့မှာ သခင်တပ်ခေါ်တော့ နားစိမ်းနေကြတာကိုး။ ခေတ်စကားကို သုံးရင်တော့ ခပ်ကြောင်ကြောင်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ကြားခါစမှာ လူတွေ ရယ်သူကရယ်ကြ၊ မဲ့သူကမဲ့ကြပေါ့လေ။ ဒါပေမယ့် မာစတာစိတ်ဓါတ်ဆန့်ကျင်ရေး စိတ်ပြင်နေကြတဲ့ လူငယ်တွေကတော့ သိပ်ကြိုက်သွားပါတယ်။ ဟုတ်တယ် " ငါတို့သာ ငါတို့ဘ၀ရဲ့ အရှင်သခင် " လို့ရင့်ကျူးပြီး ကိုယ့်နာမည်ရှေ့မှာ သခင်တပ်ခေါ်ကြတာပါပဲ။ အဲဒီလိုရင့်ကျူး၊ အဲဒီလိုတပ်ခေါ်ရုံမက တကယ်လည်း ကိုယ့်ဘ၀ကို သူများကပြဋ္ဌာန်းနေတဲ့ ကျွန်ဘ၀ကလွတ်မြောက်အောင် လူထုအားယူကြပါတယ်။ လူထုအားကောင်းမှ ကိုယ့်ဘ၀ကိုယ် ရွေးချယ်ပြဋ္ဌာန်းနိုင်တဲ့ ကိုယ့်မင့်ကိုယ့်ချင်းဖြစ်မှာမဟုတ်လား။

တို့ဗမာသီချင်း

တို့ဗမာအစည်းအရုံးထည်ထောင်ပြီး မိုးရာသီရောက်တဲ့အခါ မန္တလေးက ရန်ကုန်ဆင်းလာတဲ့ ၀ိုင်အမ်ဘီဆရာတင်နဲ့ သခင်တစု ဆက်သွယ်မိကြပါတယ်။ ဒီလိုနဲ့ ဇာတိသွေး ဇာတိမာန်တက်ကြွစေတဲ့ နိုင်ငံကျော် တို့ဗမာသီချင်းကြီးကို စုပေါင်းရေးဖို့ ဖြစ်လာပါတော့တယ်။

တို့ဗမာသီချင်းကို ပထမသမိုင်းနောက်ခံနဲ့ စဖွင့်ပါတယ်။ ဒုတိယ လက်ရှိဗမာ့အခြေအနေကို ၀မ်းနည်းဖွယ် သင်ခန်းစာယူဖွယ် ပြီးတော့ အားတက်ဖွယ်စကားလုံးပြောင်ပြောင်တွေနဲ့ ဖော်ထုတ်ပါတယ်။ တတိယ ခေတ်သစ်ထူထောင်ဖို့ တို့ဗမာကျင့်စဉ်တွေကို နှိုးဆွဖော်ထုတ်ပါတယ်။ စတုတ္ထ ဇာတိသွေးကို မြှင့်တင်ပါတယ်။

ဒီအချက်တွေပါတဲ့ စကားလုံးတွေကို ပြည့်သုံအောင် သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်သာဒိုး၊ သခင်အုန်းဖေ၊ သခင်ကျော်ထွန်းစိန်၊ သခင်ဖိုးနီစတဲ့ သခင်တွေက စုပေါင်းရှာဖွေကြပါတယ်။ ဆရာတင်နဲ့ သခင်တစု အပြန်အလှန် တည်းဖြတ်စစ်ဆေးပြီး တို့ဗမာသီချင်း ဖြစ်လာတာပါ။

ကျောင်းသားနဲ့သခင်

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀မှာ စဖွဲ့စည်းထူထောင်ပြီး ၁၉၂၉ လောက်ရောက်တော့ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂအသင်းတိုက်တခု ထူထောင်ပေးဖို့ အာဏာပိုင်တွေဆီ တင်ပြတောင်းခံကြပါတယ်။ အာဏာပိုင်တွေက လိုက်လျောလို့ အောက်စဖို့တက္ကသိုလ်ကျောင်းသားများအသင်းသမဂ္ဂလို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ထူထောင်ကြပါတယ်။ အသင်းတိုက်ကို ကျောင်းသားများလက် လွှဲပြောင်းပေးခဲ့သူကတော့ ဆရာကြီးဦးဖေမောင်တင်ပါပဲ။

အဲဒီလို သမဂ္ဂအသင်းတိုက်တည်ထောင်ပြီးလို့ တနှစ်လောက်ရှိတော့ ကိုဘသောင်းခေါင်းဆောင်တဲ့ လူငယ်တစုက သူတို့ကိုသူတို့ နာမည်ရှေ့မှာ သခင်ခေါ်တပ်ပြီး သခင်လှုပ်ရှားမှုစခဲ့တာကိုး။ အဲဒီအခါက သခင်ဘသောင်းက ရန်ကုန်တက္ကသိုလ်ဘာသာပြန်ဋ္ဌာနမှာ နည်းပြဆရာအဖြစ် အလုပ်လုပ်ပါတယ်။ မစ္စတာဖာနီဗယ်ကို သူ့နာမည်ရှေ့မှာ သခင်တပ်ခေါ်ဖို့ သွားပြောခဲ့တာ အဲဒီကာလပါ။ သခင်ဘသောင်းရဲ့တရားကိုနာပြီး သူနဲ့အတူ ပူးပေါင်းသခင်ဘွဲ့ခံယူတဲ့ ကျောင်းသားကြီးတွေလည်း ပေါ်လာပါတော့တယ်။ သူတို့ကတော့ သခင်ဗစိန်၊ သခင်လေးမောင် တို့ပါပဲ။ နောက်ပိုင်းကျောင်းသားတွေဖြစ်တဲ့ ကိုနုတို့ ကိုဗဟိန်းတို့ ကိုအောင်ဆန်းတို့ဆိုရင်လည်း ကျောင်းသားဘ၀ကနေ သခင်ဘွဲ့ခံယူပြီး နိုင်ငံရေးထဲ ခြေစုံပစ်ဝင်သွားကြတာပါ။

သခင်ဘသောင်းတို့အဖွဲ့ဟာ အဲဒီလိုစုစည်းမိသွားတဲ့အခါ တက္ကသိုလ်ကျောင်းအဆောင် သဟာယနဲ့စာဖတ်အသင်းတွေမှာ သွားဟောပြောကြပါတယ်။ ပထမဆုံးဟောပြောခဲ့တဲ့ အဆောင်ကတော့ သထုံဆောင်သဟာယနဲ့စာဖတ်ခန်းဖြစ်ပြီး ဟောပြောခဲ့တဲ့နေ့ကတော့ ၁၉၃၀ ဇူလိုင်လ ၁၉ပါပဲ။ အဲဒီမှာပဲ တို့ဗမာသီချင်းကို တက္ကသိုလ်ပရ၀ုဏ်ထဲ စဆိုခဲ့ကြတာပေါ့။

သခင်စိတ်ဓါတ်ကို လူထုဆီသို့ဖြန့်ခြင်း

ရန်ကုန်တက္ကသိုလ်မှာသီဆိုပြီး နောက်နေ့ ၁၉၃၀ ဇူလိုင် ၂၀ တနင်္ဂနွေနေ့ ညနေ ၅နာရီမှာ ရွှေတိဂုံစေတီ အနောက်မြောက် ရာဟုထောင့်မှာရှိတဲ့ ဦးစံထွန်းတန်ဆောင်းသစ်ကြီးမှာ 'တို့ဗမာသီချင်း' ကိုအခမ်းအနားနဲ့ သီဆိုတင်ပြပါတယ်။ ၅နာရီတိတိမှာ အခမ်းအနားစပါတယ်။ 'ဗမာစောနေထွက်' ဆိုတဲ့စကားကို တော်လှန်လိုတာကြောင့် သခင်ဘသောင်းက အချိန်တိတိကျကျနဲ့ အခမ်းအနာကို ဖွင့်လှစ်တာပါ။ မြန်မာတွေ အချိန်မလေးစားတာကို ပထမဆုံးစတိုက်တာလို့ ဆိုရပါလိမ့်မယ်။

ပထမဆုံး ကုလားဗမာအဓိကရုဏ်းမှာ ကွယ်လွန်ခဲ့တဲ့ ဗမာအမျိုးသားတွေအတွက် တမိနစ်မတ်တပ်ရပ် ဂါရ၀ပြုပါတယ်။ ပြီးတော့ သခင်ဘသောင်းက နာမည်ရှေ့မှာ မောင်၊ဦး၊ကို အစား ဘာဖြစ်လို့ သခင်ဘွဲ့တပ်ရသလဲဆိုတာ အကျယ်တ၀င့် ရှင်းပြပါတယ်။ ပြီးတော့ တို့ဗမာသီချင်းကို သီဆိုမှာဖြစ်လို့ သီချင်းအဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ကို လေးစားတဲ့အနေနဲ့ မတ်တပ်ရပ်နားထောင်ဖို့ မေတ္တာရပ်ခံတော့ အားလုံးက မတ်တပ်ရပ်နားထောင်ကြပါတယ်။ အဲဒီပွဲမှာ ၀ိုင်အမ်ဘီဆရာတင်ကဆိုပြီး ကျန်သခင်တွေက သံပြိုင်လိုက်ကြပါတယ်။

ဒီလိုသီချင်းမျိုး အရင်က ကြားဖူးကြတာ မဟုတ်ပါဘူး။ ဆိုတဲ့ ဟန်ပန်၊ အသံ၊ ဋ္ဌာန်ကလည်း အားနဲ့မာန်နဲ့ဆိုတော့ ပရိသတ်တွေ ကြက်သီးဖြန်းဖြန်းထကြပါသတဲ့။ သိပ်ကြိုက်လွန်းလို့ ဒုတိယအကြိမ်ထပ်ဆိုဖို့ တောင်းကြပြန်ပါတယ်။ ပြီးတော့ တို့ဗမာသီချင်းစာရွက်ကို တရွက်တပဲနဲ့ရောင်းတာ ခဏလေးကုန်သွားပါသတဲ့။

နောက်နေ့ သူရိယသတင်းစာမှာ တို့ဗမာသီချင်းကို မကြရသေးသူတွေအတွက် ထပ်ဆိုပြဖို့ တောင်းဆိုလာပါတယ်။ တဆက်တည်း တို့ဗမာအစည်းအရုံးကို စာတွေရောက်လာလိုက်တာ မနည်းပါဘူး။ စာတွေက အစည်းအရုံးအကြောင်း စုံစမ်းတဲ့စာတွေ၊ လာရောက်ဟောပြောသီဆိုဖို့ ဖိတ်ခေါ်တဲ့စာတွေချည်းပါပဲ။

ဒီလိုနဲ့ သခင်တွေဟာ သူတို့နဲ့ ပက်သက်တဲ့ တရားပွဲ၊ အစည်းအဝေးပွဲနဲ့ အခမ်းအနားတွေမှာ တို့ဗမာသီချင်းဆိုပြီးဖွင့်လှစ်ကြပါတယ်။ နိဂုံးအဆုံးသတ်ကြပါတယ်။ ဒါသခင်တွေရဲ့ အစဉ်အလာဖြစ်လာပါတယ်။

မိုးကိုဒူးနဲ့တိုက်ကြတာ

တကယ်တော့ မိဘတွေက သူတို့သားတွေ သခင်ဖြစ်တာ သိပ်မကြိုက်ကြပါဘူး။ တို့ဗမာအစည်းအရုံးရဲ့ အလုပ်အမှုဆောင်အဖွဲ့မှာပါပြီး သက်ရှိထင်ရှားသခင်တွေထဲက ခေါင်းဆောင်မှုအရာမှာ ၀ါအကြီးဆုံး သခင်နှစ်ဦးအနက် တဦးဖြစ်တဲ့ သခင်ခင်အောင်ဆိုရင် သူ့အဖေက စက်ရှင်တရားသူကြီးမို့ သားသခင်ဖြစ်တာ ဘယ်သဘောတူပါ့မလဲ။ မောင်ခင်အောင် ဆယ်တန်းအောင်တော့ သူ့အဖေက တက္ကသိုလ်ပို့ချင်တာပါ။ ဒါပေမယ့် မောင်ခင်အောင်ကငြင်းပါတယ်။ 'ဟေ့ ဘာလို့လဲကွ' ဆိုတော့ 'ကျနော်သခင်ဖြစ်နေပြီ' လို့ဖွင့်ပြောလိုက်ပါတယ်။ သူက ကျွန်ပညာရေးကို ဆန့်ကျင်တော့ အဲဒီပညာသင်ပေးတဲ့ တက္ကသိုလ်လည်းမတက်ချင်တော့ဘူးတဲ့။ ဒီတော့ သူ့အဖေက 'ဟေ့ကောင်၊ မင်းပြောတဲ့ အဲဒီကျွန်ပညာနဲ့ ငါ မင်းတို့ကို တသက်လုံးလုပ်ကျွေးလာခဲ့တာ' လို့ပြောသတဲ့။ ဒါပေမယ့် ကျွန်ဘ၀ ကျွန်လိုနေရတာကို စက်ဆုပ်နေပြီဖြစ်တဲ့ သခင်ခင်အောင်ဟာ အိမ်ကထွက် တက္ကသိုလ်မတက်ဘဲ အင်္ဂလိပ်၊ ဂျပန်၊ မာစတာဆန့်ကျင်ရေး နိုင်ငံရေးနယ်ပယ်ထဲ စ၀င်လိုက်ပါတော့တယ်။

သခင်ခင်အောင်သာ မကပါဘူး သခင်လှဖေ(ဗိုလ်လက်ျာ) ဆိုရင်လည်း သခင်ဖြစ်တာ သဘောမတူလို့ အိမ်ကဆင်းခဲ့ပြီး၊ တို့ဗမာအစည်းအရုံးမှာ ဖြစ်သလိုနေ၊ ဖြစ်သလိုစား ကျွန်ဘ၀လွတ်မြောက်ရေးအတွက် အလုပ်လုပ်ခဲ့တာပါ။ အဲဒီလို တနိုင်ငံလုံး လူသိများထင်ရှားခဲ့တဲ့ သခင်တွေမှ မဟုတ်ပါဘူး၊ မြို့ရွာအသီးသီးက သခင်တွေကလည်း ဒီလိုအတွေ့အကြုံမျိုး ရှိကြတာပါပဲ။

မော်လမြိုင်က သခင်သန်းဆိုရင် သူ့အဖေက သစ်ကုန်သည်၊ သစ်စက်ပိုင်ရှင်မို့ ချမ်းသာပါတယ်။ သူ့အဖေနာမည်က ဦးဘချစ်တဲ့။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ကြည်ညိုသူပါ။ ၁၉၃၆ ဧပြီလမှာ သခင်ဗစိန်၊ သခင်ထွန်းမြင့်တို့နဲ့ ဆရာကြီး မော်လမြိုင်သွားတော့ ဦးဘချစ်တို့အိမ်မှာပဲ တည်းကြပါတယ်။ အဲဒီအကြောင်းဆရာကြီးပြောပြတာကို လူထုဒေါ်အမာက ဒီလိုပြန်ရေးပါတယ်။ 'သူ့သားက သခင်ထဲဝင်တဲ့ သခင်ပူပူနွေးနွေး၊ ဦးဘချစ်က ဆရာကြီးကို ကြည်ညိုရင်းစွဲမို့သာ အိမ်မှာဧည့်ဝတ်ပြုတာပါ။ သားသခင်ဖြစ်လာတာကိုတော့ စိတ်ထဲက နည်းနည်းမှ မကြိုက်ပါဘူး။ သားနဲ့အဖေနဲ့လည်း စိတ်ချင်းလုံးလုံးမတိုက်မိကြဘူး။ ဒါကြောင့် တမနက်တော့ ဦးဘချစ်က ဆရာကြီးအနားသွားပြီး 'ဆရာကြီးရဲ့တပည့် သခင်ဘစိန်တို့က ပညာတတ်ပါ။ ကျနော့်သားကတော့ နဂိုကတည်းကပျက်နေတာ။ ကျနော့်သားနဲ့ပေါင်းရင် ဆရာကြီးတပည့်တွေပါ ပျက်ကုန်ပါလိမ့်မယ်' လို့ပြောသတဲ့။ အဲဒီတော့ ဆရာကြီးက ရယ်မောပြီး ကွမ်းမြှုံ့ရင်းက - ' ကိစ္စမရှိပါဘူး ဦးဘချစ်ရဲ့။ ကျုပ်အကောင်တွေကလည်း ပျက်ပြီးသား အကောင်တွေချည်းပါပဲ။ သူတို့လည်း မိမနိုင် ဖမနိုင်တွေပါပဲ' လို့ ပြန်ပြောလိုက်ပါသတဲ့'

ဆရာကြီးပြောသလို သခင်တွေက 'မိမနိုင်၊ ဖမနိုင်' တွေပါ။ ဘယ်မှာ မနိုင်တာလဲဆိုတော့ အကျင့်စာရိတ္တအရာမှာ မဟုတ်ပါဘူး။ ကျွန်ဘ၀က လွတ်မြောက်လိုတဲ့စိတ်ဓါတ်မှာ မိမနိုင်၊ ဖမနိုင်ဖြစ်ကြတာပါ။ "ဟေ့ကောင်တွေ၊ အင်္ဂလိပ်တွေမှာက ဒီဝီဇံစစ်တပ်ကြီးနဲ့ လက်နက်ကြီးငယ်တွေနဲ့ မင်းတို့က အပ်နဖားတောင် မဖောက်တတ်၊ မဖောက်နိုင်ပဲ အပ်တိုတချောင်းလောက်ရှိတာ" ဆိုပြီး ပြောကြဆိုကြတဲ့သူတွေလည်း ရှိပေတာပေါ့။ ဒါပေမယ့် သခင်တွေက ဘယ်လိုပြောပြော တွန့်သွားတာ မဟုတ်ပါဘူး။ သခင်စိတ်ဓါတ်ဆိုတာ မိုးကို ဒူးနဲ့တိုက်ရဲတဲ့ စိတ်ဓါတ်ပေပဲကိုး။

တင်မောင်သန်း၏သခင်နိုင်ငံတော်စာအုပ်မှ ကူးယူမျှဝေပေးပါသည်
Aung Zaw Bo 

No comments:

Post a Comment