13 Aug 2012

သခင်ကိုယ်တော်မှိုင်း (၄)

  ဆရာကြီး ဆန္ဒကား မပြည့်သေး…

  (ဆူးငှက်)


‘ကွမ်းအစ်တစ်လုံး…၊ သျှောင်တစ်ထုံးနှင့်
ရင်ဖုံးအင်္ကျီ၊ ဖျင်ပင်နီနှင့်
ယောထည်ပုဆိုး၊ မင်ကြောင်ထိုးနှင့်
အဘိုးက၀ိ ပညာရှိ…’
ကျွန်တော်တို့ကျောင်းသားဘ၀၊ အထက်တန်းကဗျာလက်ရွေးစင်စာအုပ်မှာ ပြဋ္ဌာန်းသင်ကြားခဲ့ရတဲ့ ကဗျာစာဆိုကြီးတင်မိုးရဲ့ ‘အဘိုးသခင်ကိုယ်တော်မှိုင်း သို့’ကဗျာထဲက ပထမဆုံးအပိုဒ်ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ‘သခင်ကိုယ်တော်မှိုင်း’ဆိုတဲ့နာမည်ကို ကျွန်တော်စတင်မွေးဖွားပြီး လူမှန်းသိတတ်ခင်ကတည်းက ကြားဖူးခဲ့တယ်ဆိုရင် လွန်အံ့မထင်ပါ။ ဘုန်းကြီးကျောင်းစာမျှသာတတ်သော မိဘနဲ့ လက်လုပ်လက်စားအသိုင်းအ၀ိုင်းမှာ မွေးဖွားခဲ့သူတစ်ယောက်အနေနဲ့ စာတတ်ပေတတ် ကျမ်းပြုက၀ိဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သိတတ်ကတည်းက ကြားဖူးတယ်ဆိုတာဖြင့် ‘လွန်လွန်းသနော်… မန်းရွှေစက်တော်’လို့ အပြစ်တင်ကောင်း တင်ကြပါလိမ့်မယ်။ အပြစ်တင်ရင်လည်း ခေါင်းငုံ့ခံရုံပါပဲ။ ကျွန်တော်သိတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆိုတာက…

‘မန်း အပျက်မှာ
စန်လဂ် မသာမယာမို့
ဗမာ ဗမာချင်းတောင်မှ
အတင်းရန်မူလို့
ရန်သူကို ရန် ဟူ၍ မမှတ်တဲ့ပြင်
ကိုယ်တပ်ကိုယ် ပြန်ကာနင်းကြတဲ့
ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်ချုပ်တချို့ရယ်က…’လို့ ‘ဗိုလ်လရောင်’ ကို တခမ်းတနားဖွဲ့ဆိုခဲ့တဲ့ ဆရာကြီးအနေနဲ့ သိတာမဟုတ်ပါဘူး။

အလားတူ…၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးတော့၊ ယူကျုံးမရဖြစ်ပြီး…
‘မြန်မာ့ပြည်ပေါ်ကို
ဓမ္မစည်တော်ရွန်းချိန်မို့
အစွမ်းကုန် သည်တစ်ခါဖြင့်
ပြည်ရွာညီညာဖို့ အလုပ်ပေပေါ့…
သုဿန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့…’လို့ …၊ အံကြိတ်၊ တတ်ခေါက်ပြီး…၊ နောင်လာ နောက်သားတွေ အတုယူဂုဏ်ပြုကြစေဖို့၊ သူကိုယ်တိုင်… အာဇာနည် သူ့တပည့်တွေကို ကန်တော့လိုက်ချင်ရဲ့လို့ လှိုက်လှိုက်လှဲလှဲ ဆိုလိုက်တဲ့ အာဂ‘ဆရာ’ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအဖြစ်သိခဲ့တာလည်း မဟုတ်ပါဘူး။

ဒါမျှမက…၊
၁၉၁၉ ခုနှစ်မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘိလပ်(အင်္ဂလန်)သို့ သွားရောက်တဲ့အခါ…
‘ဘဂ၀ါဘုရာ့ စက်ပျံ နိဗ္ဗာန်ကောင်းကင်စခန်းပေမို့
ပါဒနက်သန် ဗိမာန်ကျောင်းသင်္ခန်းတွင်မှ
ခအောင်းကညင် သဖန်းငဲ့ပြင်
ထနောင်းပင် တနန်းရယ်နှင့် ၀နာကဘယံအငူ
အပေါင်း ဘ၀င်ချမ်းစေဖို့
အကောင်းတမင်မှန်းမှန်းပြီး
ဒေါင်းအဆင်ဆန်းတွေနဲ့ ပ၀ါအလံထူ…’လို့ မန်ကျည်းရွက်သပ် ကာရံနှင့်လည်းညီ အဓိပ္ပာယ်လည်းလေးနက်တဲ့ မဟာကဗျာလေးချိုးကြီးဖွဲ့ပြီး ဂုဏ်ပြုခဲ့လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သိခဲ့တာလည်းမဟုတ်ရပါဘူး။

ဒီနောက်…
‘ဝေး ခရီးပေမဲ့
အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့
ဆရာလဲကွာ…၊ ပဋ္ဌမအရင် ကနဦးဆီက
ထဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
ထီမထင်ကျောင်းတော်သားတွေတို့
အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားတွင်မှ
မင်းရို့ ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့…’ ရယ်လို့ ရေးစပ်အသိပေးပြီး ၁၉၂၀ ပြည့်နှစ် ယူနီဗာစီတီသပိတ်ကြီးမှာလည်း ငယ်မူ ငယ်သွေးပြန်ကာ တပည့်ကျောင်းသားတွေနဲ့ လက်ချင်းချိတ်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအနေနဲ့ သိခဲ့တာလည်းမဟုတ်ပါဘူး။

ထို့ပြင်တ၀…
မြန်မာပြည်ရဲ့ အများစုနင်းပြားတွေဖြစ်ခဲ့ရတဲ့ လယ်သမားတွေကို ဆရာစံ ဦးဆောင်ပြီး အုပ်စိုးသူကို တော်လှန်ပုန်ကန်တဲ့ အရေးတော်ပုံကြီးကိုလည်း
‘သာမျှို့အရကို အစုံဖန်ပေါ့
ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်
ဥုံအရဟံ သစ္စာဂတိတွေနှင့်
ဂဠုန် သရဏံ ဂစ္ဆာမိကြပေတော့…’လို့ ဂုဏ်ပြု ထောပနာပြုလို့လည်း ‘သခင်ကိုယ်တော်မှိုင်း’ရယ်လို့ သိတာမျိုးလည်း မဟုတ်ခဲ့ပါဘူး…။

ကဲ… နောက်ဆုံး…၊
‘တို့ဗမာတစ်ခွင် သခင် ထိုအကျော်အမော်ဂိုဏ်းတွင်ဖြင့်
မျှို့ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဗဟိုသော် တနှိုင်းပေပ၊
ဇမ္ဗူသမိုင်းပျော်စရာ့အခြေ…၊
(အိုကွယ်) သခင်ကိုယ်တော်မှိုင်းရယ်လို့
လူတိုင်းခေါ်ကြစေ…’ ဆိုပြီး ၁၉၃၄ ခုနှစ် ရေနံချောင်းမှာ ကျင်းပတဲ့ ပထမအကြိမ် တို့ဗမာအစည်းအရုံးကွန်ဖရင့် ဘွဲ့မဟာကဗျာလေးချိုးကြီး ကြောင့်လည်း ဆရာကြီးကို ကြားဖူးခဲ့၊ သိဖူးခဲ့တာမဟုတ်ပါဘူး။

တကယ်တော့ ၁၉၅၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကျွန်တော့်ရဲ့ ဇာတိချက်မြှုပ်အရပ်က မန္တလေးအိမ်တော်ရာဘုရားတောင်ဘက်၊ စိုင်ပြွန်မင်းသားကြီးဝင်းအတွင်းမှာပါ။ အိမ်တော်ရာဘုရားနဲ့က ဒက္ခိဏ၀န်ဘုန်းကြီးကျောင်းပဲ ခြားတဲ့နေရာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ အိမ်တော်ရာဘုရားဝင်းထဲက စောင်းတန်းနဲ့ ဇရပ်တွေက ကျွန်တော်တို့ ကစားကွင်းတွေပါပဲ။ တောင်စောင်းတန်း၊ ခုနစ်နေ့ ခုနစ်နံဇရပ်၊ ကျိုက်ထီးရိုးဘုရား၊ သံတန်စောင်း၊ မြင့်မိုရ်တောင်၊ ဘုတလင်ဇရပ်… စတာတွေဟာ ကျွန်တော်တို့ ကလေးတွေ လွတ်လွတ်လပ်လပ် ကစားကြတဲ့နေရာတွေပါပဲ။ ဒီနေရာတွေဟာ အိမ်တော်ရာ ဘုရားတောင်ဘက်ခြမ်းမှာပဲရှိပြီး ဘုရားလူကြီးများ ရုံးထိုင်တဲ့နေရာနဲ့ ဝေးလို့ပါပဲ။ ဘုရားလူကြီးတွေက အိမ်တော်ရာအရှေ့စောင်းတန်း အရုဏ်ခံဇရပ်ရဲ့ မြောက်ဘက်မှာပဲ ရုံးထိုင်တော့ ကျွန်တော်တို့ ကစားတဲ့နေရာတွေက မမြင်ကွယ်ရာတွေဖြစ်နေပါတယ်။ ဒါပေမယ့်… ကျွန်တော့်အနေနဲ့က အဖော်တွေနဲ့ တူတူပုန်းတမ်း၊ စိမ်ပြေးတမ်းကစားဖို့ထက်… အိမ်တော်ရာ ဘုရား ရာဟုထောင့်မှာရှိတဲ့ ၁၄ ခန်း ဇရပ်ကြီးထဲက ပန်းချီ ဦးချစ်မြဲရဲ့ နိပါတ်တော်ပန်းချီကားတွေကို ကြည့်ရတာ ပိုအရသာရှိပါတယ်။ ဒါကြောင့် အိမ်တော်ရာဘုရားဝင်းထဲက ၁၄ ခန်းဇရပ်ကြီးမှာ ကျွန်တော် တစ်နေ့တစ်ခေါက် မရောက်ရမနေနိုင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်သိတာက ၁၄ ခန်း ဇရပ်ကြီးဆိုရင် ‘၁၃၁၀ ခု၊ ၀ါဆိုလပြည့်နေ့တွင် ရွှေကုန်သည် ကျောင်းအမကြီး ဒေါ်စိုး၊ သမီး ကြည်ကြည်၊ မြေး တင်တင်ဦးတို့က ပြန်လည်ဆောက်လုပ်လှူဒါန်းသည်’ဆိုတဲ့ စာသားကအစ ဗုဒ္ဓ၀င်ပန်းချီကားချပ်များပါပဲ။

အိမ်ရောက်လို့ မိသားစုနဲ့ ထမင်းဝိုင်းမှာ ၁၄ ခန်းဇရပ်ထဲက ဗုဒ္ဓ၀င်ပန်းချီကားချပ်တွေအကြောင်းပြောတော့ အဖေက… ‘အဲဒီ ၁၄ ခန်းဇရပ်ထဲမှာ သခင်ကိုယ်တော်မှိုင်းကြီး တရားလာဟောတုန်းကကွာ… ’လို့ အစချီပြီး အိမ်တော်ရာဘုရား ၁၄ ခန်း ဇရပ်ထဲက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးတရားပွဲတွေအကြောင်း တရစပ်ပြောပြပါတော့တယ်။ အဲဒီအချိန် ‘သခင်ကိုယ်တော်မှိုင်း’လို့ အစချီပြီး ကြားဖူးတော့ ကျွန်တော့အသက် ဘာရှိဦးမလဲ ၃ နှစ်ပေါ့။

ဘာလို့လဲဆိုတော့ ‘သခင်ကိုယ်တော်မှိုင်း’ဆိုတဲ့ စကားလုံးနဲ့အတူ ‘ပြည်သူပိုင်သိမ်း’တယ် ဆိုတဲ့ စကားလုံးတွေ ထပ်ချပ်မကွာကြားဖူးလို့ပါပဲ။ သခင်ကိုယ်တော်မှိုင်းဆိုတဲ့ စကားလုံးဟာ ၃ နှစ်အရွယ်ကလေးတစ်ယောက်အဖို့ အလွန်ထူးဆန်းအံ့သြဖွယ်ရာပါပဲ။ အစက တရားဟောတယ်ဆိုတာကြောင့် ဘုန်းကြီးလို့ပဲ ထင်တာပေါ့၊ ဒါပေမယ့် ဓာတ်ပုံကိုမြင်ဖူးတော့ သျှောင်ထုံးနဲ့၊ ခေါင်းပေါင်းနဲ့၊ နှုတ်ခမ်းမွှေးနဲ့၊ တိုက်ပုံနဲ့၊ တောင်ရှည်ပုဆိုးနဲ့မို့ ဇာတ်မင်းသားကြီးလား၊ ဒါဆိုရင် တရားဟောတာနဲ့မဆိုင်လို့ မဟုတ်နိုင်ဘူး… ဆွေတော်မျိုးတော်ထဲက မင်းသားကြီးလား… စသည်ဖြင့်ပေါ့လေ…၊ သိချင်စရာတွေ…။ စိတ်ဝင်စားစရာတွေ…။ (မန္တလေးမှာ အဲဒီခေတ် အဲဒီအခါက မွေးကြသူတိုင်း ဆွေတော်မျိုးတော်ဆိုတဲ့ ဝေါဟာရနဲ့ မစိမ်းတဲ့အပြင် ကျွမ်းဝင်ရင်းနှီးကြပါတယ်။ ကျွန်တော်ချက်မြှုပ်ခဲ့တဲ့ ၀င်းကြီးရဲ့ ပိုင်ရှင်ကိုကပဲ… စိုင်ပြွန်မင်းသားကြီးရဲ့ မြစ်တော်ပါပဲ။)

ဒီတော့ ၃ နှစ်သားလောက်က ကြားဖူးတဲ့ ‘သခင်ကိုယ်တော်မှိုင်း’ဆိုတဲ့ ဝေါဟာရနောက်ကွယ်က အံ့သြထူးဆန်း၊ သိချင်ဖွယ်ရာတွေ အများအပြားရှိနေခဲ့ ပါပြီ။ ဒီလိုနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သိခဲ့ရတာပါ။ နောက်ပိုင်း ၁၄ ခန်းဇရပ်ထဲ သွားသွားပြီး ဦးချစ်မြဲ ပန်းချီကားတွေ မော့မိတိုင်း ဇရပ်ထဲက ၀ါးကြမ်းခင်း သစ်သားကွပ်ပျစ်ကြီးပေါ်ထိုင်မိတိုင်း ‘သခင်ကိုယ်တော်မှိုင်း’ကို သတိမရဘဲမရှိပါဘူး…။ ကျွန်တော်ဆရာကြီးကိုသိခဲ့တာ ဒီလောက်ပါပဲ။ (ကျွန်တော့်အဖေလည်း ဆရာကြီးကို လူသူတော်ကောင်းကြီး နိုင်ငံရေးသမားကြီးလောက်ပဲ သိခဲ့တာပါ။ ဒီထက်မပိုပါ။)

 နောက်မှ စာလေးပေလေး ဖတ်ရာကနေ… ၁၉၅၆ ခုနှစ် ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲ၊ ၁၉၅၆ ခု မတ်လ ၃၁ ရက်နေ့မှာ မြို့ပေါ်လေးပြင်လေးရပ်က ဆရာကြီးများပင့်ဖိတ်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲတွေကို အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာ ကျင်းပခဲ့တာကို သိရတာပါ။ ၁၉၆၄ ခု ဇူလိုင်လ ၂၃ ရက်နေ့မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တော့ ရန်ကုန်မှာ ၁၉၆၄ ခု သြဂုတ်လ ၈ ရက်နေ့မှာ ဂူသွင်း သင်္ဂြိုဟ်သလို မန္တလေး အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာလည်း ဆရာကြီးအတွက် အမှတ်တရ ဂါရ၀ပြု အခမ်းအနား ကျင်းပခဲ့တာကိုတော့ ခပ်ရေးရေးမှတ်မိလိုက်ပါတယ်။

ဟော… ဒီနှစ် (၂၀၁၂ ခုနှစ်) ဇူလိုင်လ ၂၃ ရက်နေ့ဆိုရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တာ ၄၈ နှစ် တင်းတင်းပြည့်ပါပြီ။ နောက် ၂ နှစ် ဆိုရင် နှစ် ၅၀ ပြည့်ပြီပေါ့…။ အလားတူ ဒီနှစ် (၂၀၁၂ ခုနှစ်) မတ်လ ၂၃ ရက်နေ့ကပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၆ နှစ်မြောက် မွေးနေ့လည်းဖြစ်တယ်။ ဒါ့အပြင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့်(မှိုင်းရာပြည့်)အပြီး ၃၆ နှစ်မြောက်လည်း ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရာပြည့်ကာလ (၁၉၇၆)က ဆရာတင်မိုးရဲ့…
‘သမိုင်းမဟာတကွေ့
မှိုင်းရာပြည့်ကိုလ
ကိုင်းလာဟေ့… သွားရအောင်’ ဆိုတဲ့ ကဗျာဟာ တက္ကသိုလ် ပထမနှစ်ကျောင်းသား ကျွန်တော်တို့ရင်ထဲမှာ မြည်ဟည်း လှုပ်ခတ်နေခဲ့တယ်။

ဒါကြောင့်လည်း ၁၉၇၆ခု မတ်လ ၂၃ ရက်နေ့မှာပဲ ကုက္ကိုရော်ရွက်ဝါတွေကြွေနေတဲ့ မန္တလေး ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပင်မဆောင်လှေကားထစ်တွေပေါ်မှာ ရှားရှားပါးပါး ရဲရဲတောက် ခွပ်ဒေါင်းအလံတလူလူလွှင့်ထူနိုင်ခဲ့တယ်။ တက္ကသိုလ် ပင်မဆောင်ရှေ့ လှေကားထစ်တွေမှသည် စာသင်ခန်းတွေရှိရာ သစ္စာ၊ ရွှေမန်း၊ မြတမာ၊ ရွှေပြည်အေး၊ အောင်မင်္ဂလာ… စတဲ့ ကျောင်းဆောင်များရှိရာ တက္ကသိုလ်အောင်မြေမှသည် မင်္ဂလာလမ်း၊ အေလမ်း၊ လမ်း ၈၀၊ အာဇာနည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း… စတဲ့ မန္တလေးရဲ့ အသက်သွေးကြောလမ်းမကြီးတွေပေါ် ခွပ်ဒေါင်းအလံတွေ ရဲပတောင်းခပ်သွားခဲ့လေရဲ့။

ပြီးခဲ့တဲ့မေလကပဲ… ဇာတိမြေနဲ့ ဝေးလွင့်အနေကြာခဲ့တဲ့ စာရေးဆရာငြိမ်းသစ်နဲ့ လမ်း ၃၀ ပေါ်က လက်ဖက်ရည်စားပွဲမှာ အမှတ်မထင်ဆုံကြတော့ လွန်ခဲ့သော ၃၆ နှစ်က… ၁၉၇၆ မတ်လ ၂၃ ရက်ရဲ့ ပုံရိပ်တွေကို ၂ ဦးသား ပြန်ဖေါ်မိကြလေရဲ့…၊ အဲဒီကာလ… သူက ဖားသားလဖုန်း(အထက ၁၄)က အထက်တန်းကျောင်းသား၊ သူက အလံကို မတ်မတ်ကိုင်လို့…။ ကျွန်တော်က တက္ကသိုလ် ပထမနှစ်ကျောင်းသား…။ သူနဲ့ဘေးချင်းယှဉ်လို့…။

ဘာပဲပြောပြော…
ကျွန်တော်သိသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဤမျှသာ…။ ဒါပေမယ့်… ဆရာကြီး မဆုံးခင် ၂၂ ရက်၊ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ သာသာမှာ အတူလက်တွဲဖက် တပည့် ဦးထွန်းတင်(ကွယ်လွန်သူ ရှေ့နေကြီး ဦးထွန်းတင်)ကို သူ့အနားခေါ်ပြီး…
အင်း… ဆရာတော့ မသေခင်
ဆရာတို့ တိုင်းပြည်မှာ
တကယ့် လွတ်လပ်ရေးနဲ့
ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်
ဖြစ်တာပဲမြင်သွားချင်တာပါပဲ’ဆိုတဲ့ လေးနက် တည်ကြည်တဲ့ အသံကဖြင့် ဒီကနေ့ ကျွန်တော်တို့ သားမြေးများရင်ထဲအထိ လှုပ်ခတ်ရှင်သန် မြည်ဟည်းနေဆဲပါပဲလေ…။ ဆရာကြီး ဆန္ဒကား မပြည့်သေး…။

No comments:

Post a Comment