13 Aug 2012

သခင်ကိုယ်တော်မှိုင်း (၁)

သခင်ကိုယ်တော်မှိုင်း (သို့မဟုတ်) ငြိမ်းချမ်းရေးပိသုကာ (ဒဂုန်တာရာ)

ဒဂုန်တာရာ၏ အမှာ

စာရေးသူသည် ၁၉၄၆ က "လူကို လေ့လာခြင်း" ဟု ခေါင်းစဉ်တပ်၍ `အောင်ဆန်း သို့မဟုတ် အရိုင်း´ ဟူသော စာတပုဒ်ရေးလိုက်၏။ ထိုအခါက ဖဆပလမှာ အင်အားကောင်းချိန်၊ ဗိုလ်ချုပ်အောင်ဆန်းမှာ တပြည်လုံးက တသက်သက်ကြည်ညိုခြင်းခံနေရသောအချိန်ဖြစ်ရာ၊ အချို့က `အရိုင်း´ဟု ဆိုရပါမည်လောဟူ၍ မကျေနပ်ကြ။

ဗိုလ်ချုပ်အောင်ဆန်းကမူ `ဌေးမြိုင်ကတော့ ကိုယ့်ကိုအရိုင်းလို့ရေးတယ်။ ကိုယ်ဒီလောက် မရိုင်းသေးပါဘူးကွာ´ဟုပြောသည်ဟု ကြားရ၏။ ဘဟိန်းသို့မဟုတ် ကဗျာ `လူကိုလေ့လာခြင်း´ ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက `ဘဟိန်းကတော့ ဘဟိန်းသို့မဟုတ် Romance လို့ ဆိုရင်ပိုမှန်မယ်´ ဟုပြုံးရယ်ကာ ပြောလေသည်။

စာရေးသူကား ဗိုလ်ချုပ်အောင်ဆန်းကိုအရိုင်းဟူ၍ ပုတ်ခတ်မည်၊ ဘာမည်၊ ညာမည်စသည့်စေတနာထား၍ ရေးခြင်းမဟုတ်။သူ၏စိတ်၌ ရေးချင်စိတ်ပေါ်လာ၍ ရေးလိုက်ခြင်းသာဖြစ်သည်။ ကိုဘဟိန်းကွယ်လွန်သောအခါ စိတ်၌ထိခိုက်၍ရေးလိုက်မိသည်။ ကွန်မြူနစ်များတောခိုစက သခင်သန်းထွန်းကိုရေးသည်။

ကိုဗဆွေနှင့် ပြည်သူ့စာပေတိုက်၌တွေ့ပြီး ပြန်လာသောအခါလျှို့ဝှက်သောအပြုံးရှင်အကြောင်း ရေးလေသည်။

စာရေးသူသည် စီကာစဉ်ကာဇာတ်အိမ်ဖွဲ့ဆင်ကြံစည်၍ ရေးသည်မဟုတ်။ သူ၏စိတ်၌ သတိရပေါ်ပေါက် လာသည်ကို စာလုံးများဖြင့်ကုံးသီလိုက်သည်သာဖြစ်၏။ ကိုဗဆွေကိုရေးမည်ဟု

စားပွဲ၌ထိုင်လိုက်သောအခါ အတိတ်မှ အခင်းအကွက်လေးများသည် မှတ်ဉာဏ်မှ ဖြတ်ကနဲဖြတ်ကနဲထွက်ကာ စာပေစိတ်ကူးတံခါးဝသို့ ၀င်လာကြလေ၏။ သူသည် ထိုဝင်လာသမျှကို ဆေးစက်တို့၍ ပုံကားကိုခြယ်သည်။ ထိုသို့ ခြယ်ရေးရာ၌ အဝေးကား၊ အနီးကားဟူ၍ကားရှိပေမည်။ နီး၍ မမြင်တာလည်းရှိမည်။ ဝေး၍ပိုမြင်တာလည်း ရှိချင်ရှိမည်။ သူသည် သူ့စိတ်စေတနာ၌ လာ၍တိုးမိတိုက်မိသောအခါမှသာ ရေးလိုက်သည်ကား ဖြစ်သည်။

ထို့ကြောင့် ခေတ်အခါနှင့်စိတ်အခြေအနေ၏ အချင်းအရာများလည်းပါမည်။

သူသည် အထ္တုပ္ပတ္တိကိုရေးနေခြင်းမဟုတ်။ သူသတိရသော အခင်း၊ သူသိသောအကွက်၊ သူမြင်တွေ့ရသော ပုံပန်းတို့ကိုဖွဲ့စည်း၍သာ ခြယ်ရေးခြင်းဖြစ်သည်။ အတိတ်ရာဇ၀င်ကို သူ၏တွေ့ကြုံရချက်များမှ ကောက်နှုတ် ၍ နောက်ကားခံထားသည်။

သူသည် သူ၏ `လူကိုလေ့လာခြင်း´များကိုပေါင်းချုပ်၍ စာတအုပ် ထုတ်ဝေရကောင်းမှန်းမသိ။ ဇော်ဂျီက စာအုပ်တအုပ်အဖြစ် ပေါင်းချုပ်၍ထုတ်ဝေအပ်သည်ဟုအကြံပေး၍သာ ယခုကဲ့သို့ ရုပ်ပုံလွှာစာအုပ် ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူက ဇော်ဂျီအား ကျေးဇူးတင်သည်။

`လူကိုလေ့လာခြင်း´ စာအချို့မှာ တာရာ၊ ရှုမ၀၊ ဂန္ထ၀င်ဂျာနယ်တို့၌ပါပြီးသားများဖြစ်၍ အချို့မှာ အသစ်ရေးထားထားသောစာများဖြစ်သည်။ ပုံနှိပ်သောအခါ ပုံနှိပ်ပြီးသားစာများတွင် ရေးသည့်ရက်စွဲပါသည်။ ရက်စွဲကိုကြည့်၍ ခေတ်ကာလကိုသိရာသည်။

သခင်ကိုယ်တော်မှိုင်းဆိုလျှင် စတာလင်ဆုမရမီက ရေးခြင်းဖြစ်သည်။ ထို့ကြောင့် စာဖတ်သူများသည် ရေးသောခေတ်ကိုမမေ့ရန် မှာကြားလိုသည်။

သူ့၌ ရည်ရွယ်ချက်ရှိသေးသည်။ ယနေ့ခေတ်၌ အမျိုးသားညီညွတ်ရေးသည် ကွဲပြိုနေသည်။ အမျိုးသားညီညွတ်ရေးမရှိသဖြင့် ငြိမ်းချမ်းရေးမရှိ။ တခါက အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ၌ ညီညွတ်စုပေါင်းသောတပ်ပေါင်းစုအင်အားဖြင့် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တို့အား လက်တွဲ၍တိုက်ခဲ့ကြသူများဖြစ်ကြသည်။ ဤကား ဖျက်၍မရသောရာဇ၀င် ကမ္ပည်းကျောက်စာဖြစ်သည်။ ဤရာဇ၀င်ကို သူသည် ပြန်၍ဖေါ်လိုသည်။

အကယ်၍ ဤစာအုပ်သည် အမျိုးသားညီညွတ်ရေးကိုအားဖြည့်ပေးသောအမျှင်တမျှင်မျှ လူတို့၏စေတနာကို သစ်လန်းလာအောင်လှုံ့ဆော်ပေးမည်ဆိုပါက သူ၏ နိုင်ငံရေးရည်ရွယ်ချက်သည် တစိပ်တဒေသ ပြည့်မည်ဟုကျေနပ်ရပေမည်။ ။

ဒဂုန်တာရာ
၁- ၆- ၅၅

———————————————————————————————————

ဒဂုန်တာရာ

သခင်ကိုယ်တော်မှိုင်း (သို့မဟုတ်)ငြိမ်းချမ်းရေးပိသုကာ

( ၁ )

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အမျိုးသားကဗျာဆရာကြီးအဖြစ် စာပေမှစတင်သိသော်လည်း ငြိမ်းချမ်းရေးပိသုကာဆရာကြီးအဖြစ်နှင့် ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။

ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ စသော စာအုပ်များကို ကျောင်းနေစဉ်ကဖတ်ခဲ့ရ၍ သွက်လက်သောကာရန်ဖြင့် စကားရွှန်းရွှန်း၊ ဇ၀နဥာဏ်ရွှင်ရွှင်ရေးသားသည့် ဆရာကြီး၏ဟန်တို့၌ စွဲငြိခဲ့၏။

မစ္စတာမောင်မှိုင်း၊ မှာတော်ပုံဝတ္ထု၌ ကိုပေါ ညည်းပုံကို…

`တမယားသေလျှင် တမယားနေစမြဲပေမဲ့၊ စံလျားအခြေ နှစ်ပါးဂဟေမြဲမယ့်သူရဲ့၊ (အမယ်မင်း) မယားအ နေရဲရမလားတဲ့လို့၊ အလကား အမေကမဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ၊´ စသော လူ့သဘာဝသရုပ်ကို လေးချိုးကြီးဖြင့် ခပ်ရွှင်ရွှင်ရေးသားခဲ့၏။

လူချင်း စတင်ဆုံတွေ့ဖူးသည်ကား စစ်မဖြစ်မှီခေတ် တက္ကသိုလ်သမဂ္ဂ၌ ၀ါဒဖြန့်ချိရေးမှူးအဖြစ်ဆောင်ရွက် ခဲ့စဉ်ကဖြစ်ပေ၏။ အမျိုးသားနေ့၌ ညဘက်တွင် တရားပွဲများချပေးရာ တက္ကသိုလ်သမဂ္ဂတွင် ဆရာကြီးဟောပြောပြီးနောက် မြေနီကုန်းတွင်ဆက်စရာရှိသဖြင့် ကျွန်တော်ပင် လိုက်ပို့ပေးရ၏။

ဆရာကြီးမှာ ထုံးခြောက်ရောင် ခပ်ဖျော့ဖျော့ပုဝါကို လျော့တိလျော့ရဲရစ်ပတ်ထားသည်။ ဆရာကြီးသည် ဘယ်တော့မှ မပေါင်း၊ လက်နှင့် ကဗျာကရာရစ်ပတ်လိုက်သည်သာ ဖြစ်၏။

ငွေရောင်ကဲ့သို့ဖြူဖွေးသောဆံစများမှာ ထုံးခြောက်ရောင်ထက်မှ သွယ်ရရယ်ကျနေ၏။ နှုတ်ခမ်းမွေးဖြူဖြူမှာ ဇရာ၏အမှတ်အသားဖြစ်သော်လည်း ပြုံးကြည်ရွှင်ပြသောမျက်လုံးအကြည့်မှာ ခိုင်မာလေးနက်ခြင်းအရောင်ဖြင့် တောက်ပနေသည်။ စကားပြောလိုက်သောအခါ ခေတ်မှီသောသဘောများကို ကြားရလိမ့်မည်။ လူငယ်ကဲ့သို့ တက်ကြွပျိုလွင်ခြင်းကို တွေ့ရှိရလိမ့်မည်။

ကားပေါ်တွင် ဗဟန်းကောလိပ်ခေတ်ကို တတွတ်တွတ်ပြောပြရာ နားထောင်၍ကောင်းလှ၏။ ထိုအခါက ကျွန်တော်တို့မှာ မွေးစသာရှိသေး၏။ ဆရာကြီး၏ ရှေးဖြစ်ဟောင်းကို ပြန်ပြောနေသည်မှာ အားရစရာကောင်းလှသည်။တချက်တချက် ကွမ်းသွေးထွေးလိုက်ပြီးနောက် စကားကိုဆက်ပြန်၏။

`ဒီတုန်းကဆိုတာ ဆရာ့စိတ်ထဲမှာ တခါထဲ လူမျိုးခြားအနှောင်အဖွဲ့ကလွတ်ပြီး ကိုယ့်မင်းကိုယ်ချင်းဘ၀ကိုသာရောက်တော့မလို စိတ်မာန်ကတက်နေတုန်းပေါ့…´

ကျွန်တော်က ၁၉၂၀ သပိတ်အရေးတော်ပုံမှ ပေါက်ဖွားလူးလွန့်လာသော အမျိုးသားကောလိပ်ကြီးကို စိတ်ကူးနှင့်မှန်းကြည့်နေခဲ့ရ၏။ အမ်-အေ မောင်ကြီးတို့အကြောင်းရောက်ကာ အမျိုးသားကောလိပ်ကြီး ပျက်ရပုံကို ပြောပြနေပြန်၏။`ဒို့လွတ်လပ်ရေးဟာ မင်းတို့လူငယ်ကျောင်းသားတွေ လက်ထဲမှာရှိတယ်။ မောင်အောင်ဆန်းဟာလဲ လူတော်ကလေးကွဲ့´ ဟုကျွန်တော်တို့ဘက်သို့ လှည့်ကာ ပြောနေသည်။ မော်တော်ကားသည် မြေနီကုန်းအ၀ိုင်းကြီးကို ပတ်လိုက်လေပြီ။

ဓာတ်မီးတိုင်မှအလင်းရောင်များကြောင့် ဆရာကြီး၏မျက်နှာမှာ လင်းနေသည်။ ဆရာကြီး၏မျက်လုံးတို့မှာ အသက်အရွယ်ကြောင့် မီးခိုးရောင်ရှိသော်လည်း အကြည့်၌ကား ထက်မြက်လျက်ပင်ရှိသေး၏။ ပင်နီအပေါ်ဖုံးအဖြူထက်မှ ကွမ်းရိုးစင်းပန်းရောင်နုလုံချည် စသော ဗမာဆန်သောအသွေးမှာ ဆရာကြီး၏ဟန်ပန်နှင့် ပဏ္ဏာရနေ၏။ ယခုခေတ်တွင် နိုင်ငံခြားအငွေ့အသက်မပါ၊ ဗမာဆန်ဆန်အမျိုးသားကြီးတဦးကိုပြပါဆိုလျှင် ဆရာကြီးကို ပြရပေမည်။

စကားပြောရာ၌ လက်ညှိုးကိုထောင်ကာ ခေါင်းကိုငဲ့လျက် ဖြေးညင်းညင်သာစွာ ပြောသည်။ အသံမှာ သိမ်မွေ့သည်။ လူငယ်များကို ရင်းနှီးချစ်ခင်စွာဆက်ဆံသည်။ ဟာသရွှင်ရွှင်နှင့် ဝေဖန်ပြောလေ့ရှိသည်။ ဆရာကြီးပြောလျှင် ကျွန်တော်တို့မှာ အမြဲ ရယ်မောကာ နေကြရသည်။သူ၏ လေးချိုးကဗျာကဲ့သို့ အမြီးအမောက်မတည့်သောလူနေမှုစနစ်၊ မမှန်ကန်သောလူ့သဘာဝတို့ကို ဟာသဖြင့် ပြက်ရယ်ပြုတတ်သည်။

မြေနီကုန်းတရားပွဲလုပ်နေရာ၌ ကားသည်ရပ်လိုက်သည်။ လက်ဦးပြောသူများကား ပြောလျက်ပင်ရှိသည်။ ထိုညတွင် ဆရာကြီးသည် တရား(၃) ပွဲ (၃) နေရာ၌ ဟောရမည်ဖြစ်သည်။ ဆရာကြီးသည် ကားပေါ်မှဆင်းပြီး `အေး အေး ကြိုးစားကြကွယ်။ မကြာခင် လွတ်လပ်ရမှာပေါ့´ ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် နှုတ်ဆက်ကာထွက်သွားသည်။ဓာတ်ခွက်မှ ဒေါမာန်ပါပါနှင့်ပြောနေသော အမျိုးသားနေ့လူထုတရားပွဲ ပရိသတ်ကြီးထဲသို့ တိုးဝင်သွားသော ဆရာကြီးကို လှမ်းမြင်လိုက်ရသည်။

ထုံးခြောက်ရောင် လျော့ရဲရဲ ပ၀ါ၊ ပင်နီ၊ ပန်းနုနှင့် အ.. ကွမ်းရိုးစင်း၊ နှုတ်ခမ်းမွေးဖြူဖြူ၊ ကိုယ်နေမတ်မတ် ဖိုင့်ဖိုင့်၊ ဤသဏ္ဌာန်မှာ ပဌမဦးဆုံးတွေ့ဖူးသော ဆရာကြီး၏ရုပ်သွင်ဖြစ်ပေသည်။

ကျွန်တော့မှာ လူထုကြီးထဲသို့တိုးဝင်သွားသောဆရာကြီးအား အမျိုးသားလွတ်လပ်ရေး၏ အမှတ်တံဆိပ်အဖြစ် ရင်တွင်း၌ စွဲလမ်းမှတ်သားထားခဲ့ပေသည်။

( ၂ )

ဂျပန်ခေတ်၌ ရွှေတောင်ကြားတွင် ဆရာကြီးနှင့် နီးကပ်စွာတွေ့ဆုံရပြန်သည်။ ထိုအခါက ဆရာကြီးမှာ ရွှေတောင်ကြားလမ်းနှင့်ချင်းချောင်းရိပ်သာလမ်းဒေါင့်ရှိ ကုန်းမြင့်ပေါ်ထက် ထင်းရူးပင်များနှင့်တိုက်ဝယ် နေထိုင်လျက်ရှိသည်။ ကျွန်တော်မှာ တအိမ်ကြားရှိ ဗိုလ်ဇေယျနှင့်အတူ နေခိုက်ဖြစ်သည်။ ဆရာကြီးထံသို့ ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်တင်မောင် (ယခု ကွယ်လွန်ပြီ) နှင့် သွားတတ်ကြသည်။ သခင်တင်မောင်မှာ ကျွန်တော့်ကို မကြာခဏ လာခေါ်လေ့ရှိသည်။

ဆရာကြီးမှာ အမျိုးသားနေ့တရားပွဲတုန်းကရုပ်သွင်ကဲ့သို့ပင် ခပ်ရွှင်ရွှင်အမူအယာနှင့်။ ပင်နီရှပ်အင်္ကျီအဖြူခံ ပေါ်မှအနက်ကွက်ပလေကပ်လုံချည်နှင့် တွေ့ရတတ်သည်။ ပင်နီရှပ်မှာ ရင်ခွဲဖြစ်၍ လုံချည်အပြင်ထုတ်ဝတ် ထားသည်။ လမ်းလျှောက်သည့်အခါ လက်တဘက်က လုံချည်ကိုခပ်ဆတ်ဆတ် ကြွ၍ကြွ၍ သွားလေ့ ရှိသည်။ လဘက်ကို တွင်တွင်စားသည်။ နှမ်းဆီဖြင့်ရွှဲနေသောလဘက်ခွက်ကို တိုးပေးကာ`စားကွ´ဟု ကျွန်တော်တို့ ဘက်သို့ လှည့်ပြောလေ့ရှိသည်။ လဘက်ခွက်ထဲရှိ ဆီထဲ၌ကား ပုဇွန်ခြောက်နှင့် ကြက်သွန်ကြော်တို့မှာ နိုင်းချင်းဖြစ်ပေ၏။ ဧည့်သည်များကား ဥဒဟို ၀င်ထွက်သွားလာလျက် ရှိကြသည်။ အများအားဖြင့် တပည့်တပန်းများဖြစ်ကုန်သော သခင်များ ဖြစ်ပေကြသည်။

ဆရာကြီးသည် နိုင်ငံရေးနှင့်ပတ်သက်၍ပြောဆိုသည့်အခါ ဘယ်သူ့ကိုမှမညှာ။ ရှင်းရှင်းဘွင်းဘွင်းပင် ပြောသည်။ စောစောပိုင်းကပင် ဂျပန်ဆန့်ကျင်ရေးသမားဖြစ်ကာ သခင်အောင်ဆန်းတို့အား`မင်းတို့ပင့်လာ တဲ့ဘုရား နှင်ချလို့မရဘူးလား´ဟု ပြောင်ပြောလေသည်။

တနေ့လုံး နိုင်ငံရေးစကား ပြောလေသည်။ နိုင်ငံရေးစကားပြောလျှင် မောပန်းသည်မရှိ။ ထမင်းစားလာခေါ်မှ ထစားသည်။ တခါတရံ ဂျပန်သတင်းစာဆရာများ ပေါက်လာတတ်၏။ ထိုအခါမျိုးတွင် သခင်တင်မောင်က စကားပြန် လုပ်ရ၏။ ဂျပန်များရှေ့တွင်ပင် ဗမာများသည် ရာဇ၀င်အစဉ်အလာအရ ဘယ်သူ့ကျွန်အဖြစ်မှမခံဘဲ နေလာခဲ့ပုံများကို အခြေခံကာ အမျိုးသားဇာတိမာန်ကို ဖေါ်လေ့ရှိ၏။ ဂျပန်များကား လေးလေးစားစားပင် နားထောင်နေကြရ ၏။

ဆရာကြီးသည် ဗုံးရန်ကိုလည်း အမှုမထားတတ်။ တည၊ သခင်တင်မောင်က အတင်းဆွဲထားသဖြင့် ဆရာကြီး၏အိမ်တွင် အိပ်ရပေသည်။ လေယျာဉ်ပျံလာ၍ အောက်ထပ်သို့ဆင်းကာ ခြံထောင့်ရှိဗုံးကျင်းထဲ ပြေးဆင်းကြ၏။ ဆရာကြီးမှာ ဘယ်သူခေါ်၍မှ မရဘဲ စိတ်ပုတီးကိုင်ကာ လသာသာ၌ ခြံထဲရှိ လမ်းကလေးတွင် လမ်းလျှောက်မပျက်၊ ပုတီးစိပ် မပျက်….။ ဗုံးကား တဝေါဝေါ ကြဲချလျက်ရှိရာ သမီးဖြစ်သူ ဆရာယော(ဇေယျ)၏ ဇနီးက `ဖေဖေ.. လူရိပ်မြင်မယ်။ ဖေဖေက ကိစ္စမရှိဘူး။ ဂျပန်တွေက တမျိုးထင်နေအုံးမယ်။ အိမ်ထဲဝင်နေပါ´ ဟု စိုးရိမ်ကြီးစွာလှမ်းပြောလိုက်မှ `ဟင်´ ဟုတချက်ဆိုကာ မှောင်ရိပ်ရှိသောတံခါးဝ၌ အသာ ကပ်လိုက်လေ သည်။ ကျွန်တော်နှင့် သခင်တင်မောင်မှာ ဥသြအရှည်ဆွဲလိုက်မှ ဗုံးကျင်းထဲမှထွက်လာကြသည်။ ဆရာကြီးကား သူ့အခန်းထဲ၌ အေးဆေးစွာပင်ထိုင်နေကာ `အင်း … ဘယ်နေရာတွေများ ချပြန်ပလဲမသိဘူး။ သတ္တ၀ါတွေ သေကြကျေကြအုံးတော့မှာပဲ။ စစ်ကြီးပြီးမှ ဖြစ်မယ်ဟေ့´ဟု တည်ငြိမ်စွာ ပြောနေလေသည်။

( ၃ )

သည့်နောက်၌ကား ဆရာကြီးနှင့် တော်တော်ကြာမဆုံတွေ့ဘဲ နေခဲ့ကြသည်။ အမှန်အားဖြင့် ဆရာကြီးမှာ ကျွန်တော့ကို ဖြတ်ကနဲ ဖြတ်ကနဲုသာတွေ့လိုက်ရ၍ မှတ်မှတ်ရရ ရှိချင်မှလည်းရှိပေမည်။ နိုင်ငံရေးသမားများနှင့်သာအတူတွေ့သည်ဖြစ်၍ နိုင်ငံရေးနယ်ပယ်ထဲကဟုသာ သာမန်မှတ်ထင်မည်ဖြစ်၏။ စာအကြောင်း ပေအကြောင်းလည်း တခါမျှ မယ်မယ်ရရ မဆွေးနွေးဖူးဖြစ်။

၁၉၅၀ ခုက၊ ကျွန်တော် စာရေးဆရာအသင်းဥက္ကဋ္ဌဖြစ်စဉ်က စာဆိုတော်နေ့လူထုအစည်းအဝေး၌ ဆရာကြီးနှင့်စကားပြောလိုက်ရပြီးနောက် တရုတ်ပြည်သွားကြတော့မှ လက်ပွန်းတတီးနေခွင့်ရကာ ခင်မင်ရင်းနှီးလာလေ၏။ ထိုအခါကား သခင်ကိုယ်တော်မှိုင်းမှာ ငြိမ်းချမ်းရေးပိသုကာဆရာကြီး ဖြစ်နေပေပြီ။

လေးကန်ဖင့်နွဲခြင်း မရှိ။ လူငယ်များထက်ပင် ဖျတ်လတ်တက်ကြွနေသည်ကို အံ့သြစွာတွေ့ရ၏။

တရုတ်ပြည်တွင် လည်စရာကြည့်စရာ အစီအစဉ်များရှိရာ ဘယ်အစီအစဉ်မှ မလိုက်ဟူ၍ ချန်နေရစ်သည်မရှိ။ `ဆရာကြီး ပန်းနေမယ်။ နေချင် နေရစ်ခဲ့ပါလား´ ဟု အလိုက်တသိ ပြောသည့်အခါ လက်ကာလိုက်ကာ `လိုက်တာပေါ့။ ကိစ္စမရှိပါဘူး။ ဆရာလိုက်နိုင်ပါတယ်´ ဟုပြောကာ ပန်းရောင်ပ၀ါကို အသာခွေပတ်လိုက်သည်။ ဟန်ချောင်၌ ဥယျာဉ်ကြီးတခုသို့သွားလည်ရာ တောင်ပေါ်သို့တက်သည့်နေရာ တနေရာရှိ၏။ တချို့ မိန်းမကိုယ်စားလှယ်တော်များမှာ တောင်အောက်ရှိ သစ်ပင်အောက်၌ အပန်းဖြေရင်းနေရစ်ခဲ့ကြ၏။ ဆရာကြီးမှာ မမောမပန်းတက်လိုက်သွား၍ တရုတ်ရဲဘော်များမှာ အံ့သြနေကြရသည်။`လိုက်တာပေါ့ကွ´ဟု အစီအစဉ်တိုင်းကို လွယ်လွယ်ကူကူပင် လက်ခံသည်။ ကျွန်တော်တို့မှာ အသက် (၇၆)နှစ် အရွယ်နှင့် သည်လောက်ဖျတ်လတ်ပျိုလွင်နေခြင်းရှိသည်ကို အံ့သြနေကြရသည်။

ခရီးလမ်းတလျှောက်လုံးလည်း ဆရာကြီးကြောင့် စိုပြေနေခဲ့သည်။ကောလုံမှ ဟောင်ကောင်ဘက်သို့အကူး ကူးတို့ဆိပ်တွင် ကူးတို့ကြေးထုတ်ပေးသည်ကို မြင်ရသောအခါ `ဂိတ်ကြေးလားကွ´ ဟု ဆရာကြီးကပြော၍ ကျွန်တော်တို့မှာ မရယ်ဘဲမနေနိုင်ကြ။ မော်စီတုန်း၏ ဧည့်ခံပွဲတွင်လည်း လက်၌ပတ်ထားသော ပုတီးကိုကဗျာကရာဖြုတ်ကာ အိတ်ထဲထည့်ပြီး `သခင်နုနဲ့ မှားနေပါအုံးမယ်ကွာ´ ဟု ပြောရာ ကျနော်တို့မှာ ရယ်မောနေရပေ၏။

ဆရာကြီးသည် ကွမ်းနှင့်လဘက်ကိုကား ကြိုက်သည်။ တရုတ်ပြည်သွားသောအခါ ကွမ်းရွက်များ ယူသွားသည်။ တရုတ်သံရုံးမှ ဂရုတစိုက်ထည့်ပေးလိုက်သည်။ သို့သော် (၁၀) ရက်ခန့်အကြာ ပီကင်းကအထွက်ထိအောင်ကားမခံတော့။ နွမ်းခြောက်ကုန်ပေပြီ။ ဆရာကြီးမှာ ညည်းညူသည်မရှိဘဲ ကွမ်းသီးကိုဝါး၍နေ၏။စကားပြောလျှင် ကွမ်းစားမပျက် ပြောလေ့ရှိ၏။ အစားအသောက်၌ ဇီစာမကြောင်။ အအေးကို မခံနိုင်မရှိ။ မြောက်ပိုင်း မုကဒင်ဘက်သို့ရောက်ရာ အတော်အေးနေ၍ `ဆရာကြီး အေးသလား´ ဟုမေးလျှင် `မအေးပါဘူး´ ဟု ဖြေလေ့ရှိ၏။ သခင်ဘဦးက ဆရာကြီးအတွက်စိုးရိမ်၍ အခန်းပြင်သို့မထွက်ဘဲနေစေရာ သခင်ဘဦးကွယ်ရာတွင် `သခင်ဘဦးလုပ်တာနဲ့ ဆရာ့မလဲ လူမမာကြီးကျနေတာဘဲ ဆရာဘာမှ မဖြစ်ပါဘူး´ ဟု ကျွန်တော်တို့အားပြော၏။ တကယ်လည်း ဆရာကြီးမှာ ဘာမှမဖြစ်။

စိတ်ဓာတ်ကလည်း ထက်သန်လှ၏။ ပီကင်းတွင် ရောက်ရှိနေသော ဗမာကိုယ်စားလှယ်တော်များထဲတွင် ဆရာကြီးမှာအသက်အကြီးဆုံးဖြစ်၍ အားလုံးက ဆရာကြီးကိုကိုင်းရှိုင်းလေးစားကြသည်။ အံ့လည်း အံ့သြကြသည်။ လူကြီးချင်းဖြစ်သော ဘူလ်ဂေးရီးယားမှ အသက် (၆၀) ခန့် ဆံပင်ဖြူဖြူနှင့် ကဗျာဆရာကြီးနှင့်ကား အလွမ်းသင့်နေ၏။ နှစ်ယောက်သားတွေ့လျှင် ဖက်လဲတကင်း နေကြ၏။

ဆရာကြီးမှာ အသက်အရွယ်ကြီးပြီဆို၍ ထူထူထဲထဲ မဟုတ်။ စူးရှ၏။ သိမြင်တတ်၏။ အင်မတန်လည်း ပါးသည်။

တခါက ကျွန်တော့်အား နိုင်ငံရေးသမားပုဂ္ဂိုလ်နှစ်ဦးနှင့်ပတ်သက်၍ `ဟေ့ တာရာ၊ သူတို့က ဆရာ့ကို အာဏာရရင်ပေါ့လေ၊ သမတမြှောက်ရမယ် ဘာမယ်နဲ့ လာပြောတယ်ကွ။ ဆရာ့ကို အထင်သေးတာ။ ဆရာက ဘာလာဘ်လာဘ၊ ဘာရာထူး ဋ္ဌာနန္တရမှမျှော်ကိုးပြီး ခုလိုနိုင်ငံရေးလုပ် နေတာမဟုတ်ဘူး။ ဒို့ဗမာပြည်ကြီး ကောင်းစားတာမြင်ချင်တဲ့စေတနာနဲ့ သွားလာလုပ်ကိုင်နေတာ။ ရာထူးနဲ့မျှားလို့ ရတယ်များ အောက်မေ့နေသလားမသိဘူး´ ဟု ကွမ်းဝါးရင်းက ရယ်ကာပြောနေ၏။ ကျွန်တော်က `ဆရာကြီးကိုကြည်ညိုတဲ့စေတနာနဲ့လည်း ပြောတာပါဆရာကြီးရယ်´ ဟု ပြန်ပြောသောအခါ `ဆရာက ဒီလောက် မအပါဘူး။ လူထုက တင်မြှောက်မှ ရတာ´ဟု ပြောနေ၏။

အမှန်အားဖြင့် ဆရာကြီးမှာ နိုင်ငံချစ်စိတ်သက်သက်နှင့် ရိုးသားဖြူစင်စွာ သွားလာလုပ်ကိုင်နေခြင်းဖြစ်၏။ ထို့ကြောင့်လည်း တတိုင်းပြည်လုံးက ကြည်ညို ချစ်ခင်ကြပေသည်။

( ၄ )

ငြိမ်းချမ်းရေးပိသုကာ ဆရာကြီးအဖြစ်ကား မြင့်မြတ်လေသည်။ လူအများ၏ ကောင်းကျိုးချမ်းသာမှုကို ရှေ့ရှုသည်။ ယနေ့ ဖြစ်ပျက်နေသော ပြည်တွင်းစစ်ကို ရပ်စဲစေချင်သောဆန္ဒရှိသည်။ တဘက်နှင့်တဘက် အတိုက်အခိုက်ရပ်ကာ အမျိုးသားအချင်းချင်းစည်းလုံးစွာရှိကြဖို့စေတနာမှာ ပြင်းပြသည်။ `ဆရာ့သဘောကတော့ အားလုံး ညီညီညွတ်ညွတ်ဖြစ်တာသာ မြင်ချင်တာပါပဲကွာ။ တယောက်နဲ့တယောက် သီးညီးခံပြီးစေ့စပ်ရင်တော့ အောင်မြင်မှာပဲလို့ ဆရာယုံကြည်နေတာပဲ´ဟု ဆရာကြီးသည် မနှစ် တနှစ်ကတည်းက ပြောနေခဲ့၏။

ဆရာကြီးစေတနာကို ကျွန်တော်တို့ အကြွင်းမဲ့လည်းယုံကြည်လေးစားသည်။ ထို့ကြောင့်လည်း ၁၉၅၂ ခု၊ မေလကကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးညီလာခံကြီး၌ နိုင်ငံလုံးဆိုင်ရာကော်မတီကို ရွေးသောအခါ ဥက္ကဋ္ဌအဖြစ် ဆရာကြီးကိုတင်မြှောက်ရန် မရရအောင် တိုက်တွန်းကြိုးပမ်းခဲ့ကြ၏။ အသက်အရွယ်ကြီးပြီ၊ ဘာပြီစသည်ဖြင့် တချို့ကစဉ်းစားကြရာ၌ `ဒီနေရာဟာ ဆရာကြီးနဲ့ အသင့်လျော်ဆုံးပဲ။ ဘယ်ပါတီ သံယောဇဉ်မှလည်းမရှိ။ တပြည်လုံးက ကြည်ညိုတဲ့ပုဂ္ဂိုလ်၊ စေတနာကလည်း အင်မတန်မှဖြူစင်တယ်´ဟု ဆရာကြီးကိုပင် အားလုံး၏သဘောတူချက်ဖြင့် ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခဲ့ကြလေသည်။

ယနေ့ပြည်တွင်းစစ်ကြီး၌ တဘက်နှင့်တဘက်တိုက်ခိုက်နေသူများမှာ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသားသမဂ္ဂများ၌ အတူလုပ်လာခဲ့ကြသော ရဲဘော်ရဲဘက်များဖြစ်၍ ဆရာကြီး၏တပည့်တပန်းများ ဖြစ်ကြသည်။ ဤတပည့်များ ညီညွတ်စည်းလုံးစွာရှိစေချင်သောစေတနာနှင့် တပြည်လုံးလူအများ အေးချမ်းစွာ ဖြစ်စေချင်သောအာသီသတို့ဖြင့်ထားရှိသော ငြိမ်းချမ်းရေးသဘောထားမှာ ဆရာကြီး၏ ပြည်တွင်းညီညွတ်ရေးယုံကြည်ချက်ပင် ဖြစ်သည်။

`ချိုးတို့၊ ခါတို့၊ ဇရက်တို့ဆိုတဲ့ ကျေးငှက်ကလေးများတောင် သူ့အသိုက်နဲ့သူ အေးချမ်းစွာနေချင်ကြတယ်။ အခြားတိရိစ္ဆာန်များက ကျူးကျော်တာကို မခံချင်ကြဘူး။ လူသားတွေမှာ ဘယ်မှာပြောစရာ ရှိပါ့မလဲ။ နယ်ချဲ့ခြင်းကို ဆရာတို့က မကြိုက်ဘူး´ဟု ပီကင်းမြို့ အပြည်ပြည်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ ထမင်းစားပွဲ၌ပြောကြားသောအခါ ကျွန်တော်တို့စားပွဲရှိ ဟန်ဂေရီမှစာရေးဆရာများမှာ ဆရာကြီး၏ ကမ္ဘာ့ငြိမ်းချမ်းရေးစကားရပ်များကို နှစ်သက်အားရခြင်းဖြစ်ရသည်။

ကျွန်တော်နှင့် အေးအေးဆေးဆေး ကြုံတိုင်း `ဟေ့ တာရာရ … အာဏာလက်ရှိသူတွေရော၊ တောထဲကလူတွေရောဟာ ဆရာ့တပည့်တွေပဲကွ။ သန်းထွန်းဆိုတာ အင်မတန် အလုပ်လုပ်တဲ့အကောင်။ သခင်နုဆိုတာလဲ ပုတီးနဲ့နေတာပဲ။ အားလုံး တလုံးတစည်းထဲရှိရင် တို့ပြည်ဟာသိပ်ကောင်းမှာပဲ´ ဟုပြောလေ့ရှိ သည်။

အာရှငြိမ်းချမ်းရေးညီလာခံကိစ္စနှင့် ပီကင်းရောက်သည့်အခါ သံအမတ်ဦးလှမောင်ကိုသာ တမေးထဲမေးနေသည်။ `လှမောင်ဟာ ဆရာ့တပည့်ပဲကွ´ ဟု တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုလှမောင်အား ခင်မင်ရင်းစွဲရှိလေသည်။ `ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကြိုက်ရမယ်ကွ။ အားလုံးပါဝင်နိုင်ရမယ်´ ပြောလေသည်။ ဆရာကြီး၏ ကျယ်ပြန့်စွာထားရှိသည့် ငြိမ်းချမ်းရေးသဘောထားမှာ မှန်ကန်လှပေသည်။

ဆရာကြီးနှင့် ကျွန်တော်တို့မှာ တသဘောတည်းဖြစ်ကြသည်။ အစည်းအဝေး သဘာပတိလုပ်စရာ၊ တရားဟောစရာ စသော အသင်းအဖွဲ့ရေးရာနှင့်ပါတ်သက်၍ ငြင်းဆန်သည်မရှိ။ သွားခေါ်လျင် ခေါင်းပေါင်းကလေးအသာရစ်ကာ လိုက်ပါလာ၏။ အများအကျိုးဟုဆိုလျင် ပင်ပန်းသည်မရှိ။ ဘယ်တော့မှ မညည်းညူ။ အာရှနှင့်ပစိဖိတ်ငြိမ်းချမ်းရေးညီလာခံကြီးအတွက် ဒုတိယအကြိမ်ပီကင်းသို့ သွားရမည်ရှိသောအခါ ရှောရှောရှူရှူပင် ထလိုက်လာခဲ့၏။ နမော်နမဲ့ နေသည်မဟုတ်။ အခြေအနေကို အမြဲတမ်းလေ့လာအကဲခတ်လေ့ရှိသည်။ ဆရာကြီး မသိဟူ၍ ထင်ထား၍မဖြစ်။ ပါးလည်းပါး၍ သိတတ်မြင်တတ်သည်။ မကြာခဏ ကျွန်တော့်ကိုခေါ်ကာ မေးမြန်းတိုင်ပင်လေ့ရှိသည်။

`ဆရာ့စေတနာက အားလုံးကောင်းဖို့၊ အေးချမ်းဖို့လုပ်နေတာ။ ကမ္ဘာကြီး ငြိမ်းချမ်းစေချင်တဲ့ဆန္ဒ အမြဲရှိတယ်။ တပါတီ၊ တဖွဲ့ကောင်းစားဖို့၊ ဘယ်သူတွေဝန်ကြီးဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး တာရာရ´ဟု ကွမ်းဝါးရင်း ပိုးခန်းဆီးပါးကလေးအကြား မြင်ရသောနောက်တွင် တရိပ်ရိပ်ဖြတ်သန်းကျန်ရစ်ခဲ့သည့် တရုတ်ပြည် ဂန္ဓာရတောရွာ ကျေးလက်များကို ငေးကာပြောတတ်လေသည်။

ဆရာကြီးသည် မည်သူ၏သြဇာမှမခံဘဲ ကင်းကင်းရှင်းရှင်း၊ ရိုးရိုးသန့်သန့်ဆောင်ရွက်သောနိုင်ငံရေးကို လုပ်သည်။ ကျွန်တော့်ကိုလည်း `ဟေ့ …တာရာ ကျွန်ဝယ်ရာ အဆစ်မပါစေနဲ့ ´ဟု သတိပေးလေ့ရှိ၏။

ဆရာကြီးမှာ ဘယ်အဖွဲ့စည်းမှာဖြစ်ဖြစ် ရိုးသားစွာလုပ်ကိုင်ဆောင်ရွက်ခြင်းကို အမြဲလိုလားသည်။

ဆရာကြီးသည် ဤ ဖြူစင်သန့်ရှင်းသောစေတနာကြောင့်ပင် အေးသည့်ရာသီတွင် တိုင်းတပါးရပ်ခြားသို့ သွားခြင်း၊ အစည်းအဝေးများ၊ တရားပွဲများသို့ စိတ်အားထက်သန်စွာ တက်ခြင်းဖြစ်ပေ၏။ ဆရာကြီး၏အမူအယာမှာ အိုမင်းရင့်ရော်ခြင်း၊ နွမ်းနယ်ခြင်းတို့မရှိဘဲ လန်းလန်းရွှင်ရွှင်၊ ဖျတ်လတ်မြန်ဆန်နေသည်မှာ သူ၏ ပြင်းပြသော စိတ်မာန်ကြောင့် ဖြစ်ပေသည်။

( ၅ )

ပီကင်းရောက်သည့်ညက ဧည့်ခံပွဲတခုရှိရာ ဆရာကြီးသည် ပင်နီရင်ဖုံး၊ ရွှေဖလားရောင်တွင် ပန်းဖျော့သွေး အစင်းကြီးများဖြင့်စင်းထားသော တောင်ရှည်ပုဆိုးနှင့်ဝတ်ထားသည်ကိုမြင်ရရာ မြင့်မားထွားခိုင်သော ကိုယ်ဟန် အသွေးအမွေးနှင့် ကြည့်ကောင်းနေသည်။ ဗမာပြီပြီ ခံ့ခံ့ညားညားနှင့် ကြက်သရေရှိသော ရုပ်သွင်ဖြစ်သည်။

ကျွန်တော်နှင့်သခင်လွင်က `ဆရာကြီးက ဖိုးစိန်ကြီးကြနေတာပဲ´ဟု ပြောလိုက်သောအခါ ဆရာကြီးသည် ခါးပုံစကိုသိမ်းရင်း `အေး…အေး´ ဟု ရယ်မောနေသည်။ ရယ်ပုံမှာ စိတ်ကြည်လန်းစရာ ကောင်းနေသည်။

အသားအရောင်မှာ ၀ါညံ့ညံ့၊ ဖြူဖွေးသော ငွေရောင်နှုတ်ခမ်းမွေးမှာ အသက်အရွယ်ကို ပြသည်မှန်သော်လည်း ရင့်ကျက်ကြည်လင်သောဣနြေ္ဒကို လေးနက်အောင် ဖြည့်စွမ်းလျက်ရှိပေသည်။ ပညာရှိက၀ိတို့၏ ဟန်ပန်ပေါ်နေ၏။ ငြိမ်းချမ်းရေးလုပ်ငန်းကြီးကို အစိုးရ၏အတိုက်အခံသဘော ဘယ်တော့မှမထားရှိခဲ့ပေ။

ချီလီကဗျာဆရာကြီး နီရူဒါဇနီးမောင်နှံဆိုလျှင် ဆရာကြီးကို များစွာလေးစားကြသည်။ နိုင်ငံခြားကိုယ်စားလှယ်များမှာ ဆရာကြီး၏ တည်ငြိမ်ကြည်လင်သောရုပ်သွင်ကိုကြည့်ကာ ချစ်ခင်လေးမြတ်ခြင်းရှိကြသည်။ ကဗျာဆရာကြီးဟု ပြောပြသောအခါ `ဆရာကြီး၏ ကဗျာတပုဒ်လောက် ရွတ်ပြပါ´ ဟု တောင်းပန်တတ် ကြသည်။

ဆရာကြီးနှင့်ခရီးသွားရသည်မှာ လူကြီးတဦးနှင့်သွားရသည်နှင့်မတူ။ ရွယ်တူလူငယ်များနှင့်သွားရသလို ပျော်စရာကောင်းသည်။

ဆရာကြီး၏ ဟာသကြောင့် ရယ်မောကာပင် နေရလေ၏။ နိုင်ငံရေးအတွေ့အကြုံများသူဖြစ်၍ ၀ံသာနုခေတ်မှ ဖဆပလခေတ်အထိ အဖြစ်အပျက် ဇာတ်ကြောင်းများကို ပြောပြသည်ကိုနားထောင်ရသည်မှာ အသိအမြင်တိုးပွားမှတ်သားလောက်ပါပေ၏။ အအိပ်အနေ၌ ဇီစာမကြောင်။ ပူသည်၊ အေးသည် ဘယ်တော့မှမညည်း။ လူငယ်များရှေ့ကပင် ဖျတ်လတ်စွာသွားလာနိုင်၏။ မျက်စိမှာ အရွယ်နှင့်စာသော် မမှုန်သေးသည်ကို တွေ့ရသည်။

စာရေးရာ၌ တွေဝေဖင့်နှေးခြင်းမရှိ။ တောက်လျှောက် ဖြူးဖြောင့်စွာရေးချသွားနိုင်သည်။ လေးချိုးကို တခါတည်း စပ်သွားနိုင်သည်။ တရုတ်-မြန်မာမိတ်ဆွေဖြစ်အသင်းမှသ၀ဏ်လွှာကို ကျွန်တော့်ရှေ့၌ပင် ရေးချသည်။ ဧည့်ခံစားပွဲကလေးတွင် ရေးချသည်။ ရှင်မဟာသီလ၀ံသ၏ `က၀ိမဏ္ဌပါလ´ ကျမ်းမှ အကိုးအကားပင် ထည့်သွင်းသွားသည်။ ခေါင်းရင်းဘက်စားပွဲမှ ကော်ပီစာအုပ်နှင့်ကူးထားသော `မူ´ တခုကိုယူလာကာ စာရွက်များကို ကြာကြာမလှန်ရဘဲ သုံးလိုသည့်အပိုဒ်ကိုတွေ့သဖြင့် `တာရာရေ…ဖတ်စမ်း´ဟု ကျွန်တော့်လက်သို့ ကမ်းသည်။

ကျနော်က ( မျက်စိမှုန်လှသူဖြစ်၍ ) သေးသောစာလုံးများကို မနည်းကြည့်ယူရ၏။

`တရုတ်ပြည်တွင်၊ သုံးမည်လွှမ့်ကျော်၊ လောင်းရှင်တော်လျှင်၊ မဟောသဓာ…လား ဘာလဲမသိဘူး ဆရာကြီး၊ ဖတ်လို့ မရဘူး၊ သဓာတော့ မဟုတ်ဘူး´ ဆရာကြီးက မျက်မှန်မပါ၊ စာအုပ်ကို အနားယူကြည့်ကာ `မဟော်မည်သာ´ ဟု ဖတ်နေလေသည်။ ထို့နောက် ဆရာကြီးက ပုဂံခေတ် ဒိသာပါမောက္ခဆရာတော် တရုတ်ပြည်သို့ သံတမန်ကိစ္စနှင့်သွားပုံကို ရှေးကဗျာ၊လင်္ကာ ဂန္ထ၀င်များမှထုတ်နှုတ်ကာ ပြောနေသည်။ `တပြည်နဲ့တပြည်ဟာ ကူးလူးဆက်ဆံခြင်း ရှိရမယ်ကွ။ ဒါမှ ယဉ်ကျေးမှုရင်းနှီးမှုရှိမှာ။ ရင်းနှီးမှုရှိမှ မုန်းစိတ် ဘာစိတ်မရှိဘဲနီးစပ်ပြီး တပြည်နဲ့တပြည် စစ်ဖြစ်နိုင်ဖို့ဆိုတာ ဝေးမှာပဲ´ ပြောရင်း သ၀ဏ်လွှာကို ရေးနေသည်။ လက်သန်း၊ လက်သူကြွယ်များကို စာရွက်နှင့်ထိရှပ်ကာ ရှေးမူရာနှင့် ကာရန်သွားကိုဟပ်နေသည်။ `နဘေတွေပါလား ဆရာကြီး´

ဆရာကြီးက ရေးနေလျက်က `နဘေဆိုတာ စာပေါ့တာပေါ့ကွ´ သ၀ဏ်လွှာရေးပြီးလျှင် ရောက်တတ်ရာရာ စကားစမြည်ပြောရင်းက ၁၉၅၃ – ခုနှစ်တွင် အလင်္ကာကျော်စွာ ဘွဲ့ထူးများပေးသည့်အကြောင်းရောက်သွားရာ `ပုလွေမှုတ်တဲ့ လူတွေတောင် အလင်္ကာကျော်စွာ ရကုန်ကြပြီကွ´ ဟု ကွမ်းသွေးများနှင့် ရယ်မော ပြောနေသည်။

ဆရာကြီးသည် ကွမ်းဝါးနေပြန်သည်။ ကျွန်တာ့်အား ငြိမ်းချမ်းရေးအခြေအနေများကိုမေးမြန်း၍ ပြောပြနေရ၏။ အသက် (၈၀) သို့ ချဉ်းကပ်နေပြီဖြစ်သော်လည်း ဆရာကြီးသည် ငြိမ်းချမ်းရေးကိစ္စ၌ စိတ်ပျက်အားလျော့သည်ဟူ၍မရှိဘဲ စိတ်အားထက်သန်လျက် ရှိပေသသည်။ `အေး… ပြည်တွင်းမှာ အေးချမ်းအောင်လုပ်ကြရမှာပဲကွ´

ကျွန်တော့်မှာငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ် တိုး၍ ခင်မင်လာပေသည်။ ။

ဒဂုန်တာရာ
မတ်လ၊ ၁၉၅၅

No comments:

Post a Comment