13 Aug 2012

သခင်အောင်ဆန်း

သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)

 ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နတ်မောက်မြို့၌ မွေးဖွားခဲ့သည်။ အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆ ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

အမည်

ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ မိဘများက အစ်ကိုဖြစ်သူ အောင်သန်း နှင့် လိုက်ရန် အောင်ဆန်း ဟု ခေါ်ခဲ့သည်။ တို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။

ငယ်ဘဝ

ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။

လူငယ်‌ဘဝ

သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်းတို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ‘ငရဲ‌ခွေးကြီး လွတ်နေသည်’ ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် သူသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် သူသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် တို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ သူသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ တို့ဗမာအစည်းအရုံး၊ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။ သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉ ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။

သူသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။

ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော လမ်းမကြီးအား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် သူသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ သူသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ သူ့အား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် သူသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။

 ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။

သူ့အား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က သူ့အား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်တို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။ သူသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် သူနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလြီုမို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖတ်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး သူ့အား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် သူသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။

လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် သူနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

 မိသားစု

၁၉၄၂ ခုနှစ် သူသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ ကွန်မြူနစ် ခေါင်းဆောင်သခင်သန်းထွန်းနှင့် အကြောင်းပါခဲ့လေသည်။ အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ခေါင်းဆောင်လျက်ရှိသည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ကလောင်အမည်

သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။

သူ့စကား

    " ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။ "

   

No comments:

Post a Comment