31 Aug 2012

ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ

"ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး။ ဒါကို ငါလည်း သိတယ်။ မင်းတို့ ဗြိတိသျှတွေလည်း သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့က အဲဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ရှိနေလို့ပဲ.."။
(၁၉၄၇ စက်တင်ဘာလအတွင်း သခင်သန်းထွန်း (ဗိုလ်ချုပ် မယား ညီအကို) က ရန်ကုန် ဆူးလေ ဘုရားလမ်းရှိ အရှေ့အာရှ တလွှား အလျားအရှည်ဆုံး အရက်ဘား ဟု အဲ့ခေတ်တုန်းက နာမည် ကြီးတဲ့ အရာရှိများကလပ်မှာ ဗြိတိသျှ လူငယ် စစ်ဗိုလ် အန်တိုနီ စတိုနာကို ချဲတဲ့ စကား..)
ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ်က ပါဝင်ပတ်သက်၊ ကြိုးကိုင်မှု ရှိ/ မရှိ သုံးသပ် ချက်တွေကို ဗြိတိသျှ နိုင်ငံခြားရေးဌာနက ဆက်စပ်တဲ့ လျှို့ဝှက် မှတ်တမ်းတွေ ထုတ်ခွင့်ရတဲ့ အချိန် ကာလရောက်မှ  မှတ်တမ်းရုပ်ရှင် အဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဘီဘီစီရဲ့ ရုပ်မြင်သံကြား အစီအစဉ် "အောင်ဆန်းကို တကယ် ဘယ်သူသတ်သလဲ.. (Who Really Killed Aung San?, BBC Documentary Programme, 1997)" အပါအဝင် ဦးခင်အောင်ရဲ့ "အောင်ဆန်းကို ဘယ်သူ သတ် သလဲ" (Who Killed Aung San?, 1993) စာအုပ်လိုနဲ့ အခြား သမိုင်းစာအုပ်တွေမှ တဆင့် သိခွင့်ရလို့ လူအများ စဉ်းစားဆင်ခြင် နိုင်ကြတယ်လို့ ယူဆရတယ်..။

သခင်ဗစိန် (သမိုင်းတကွေ့မှ သခင်ဗစိန်)

သမိုင်းတကွေ့မှ သခင်ဗစိန်
သန်းဝင်းလှိုင်၊ သြဂုတ် ၁၅၊ ၂၀၁၂
 
            နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေးသမိုင်း၌ ထင်ရှားခဲ့သော သခင်ဗစိန်ကို ၁၉၁၀ပြည့်နှစ် ဇူလိုင်လ ၁၅ ရက် သောကြာနေ့တွင် အဖဦးဘိုးမြစ်၊ အမိဒေါ်စောတို့မှ သင်္သာတမြို့ တာသစ်ရပ်၌ ဖွားမြင်ခဲ့ သည့် အထွေးဆုံးသားဖြစ်သည်၊ သခင်ဗစိန်၏ မေးချင်း အစ်ကိုအစ်မများမှာ ဒေါ်သိန်းရင်၊ ဒေါ်အေးယု၊ ဦးသန့်၊ ဒေါ်အေးစိန် နှင့် သခင်စိန်ပြန့်တို့ဖြစ်ကြသည်။ သခင်ဗစိန်၏ဖခင်မှ မျိုးရိုးသည် ဆွေကြီးမျိုးကြီး ဂုဏ်ကြီးဒြပ်ကြီး ဟု ဆိုနိုင်လေသည်။ ဦးဘိုးမြစ်၏ ဖခင်ဦးရွှေအောင်သည် ဟင်္သာတမြို့မှ ကြွယ်ဝသော ချမ်းသာသော သမာဓိ မြို့ဝန်ဖြစ်သည်။
            သခင်ဗစိန်သည် ကျောင်းနေစဉ်ကပင် အစ်ကိုဖြစ်သူက အိမ်၌သင်ကြားပေးခဲ့သဖြင့် ဟင်္သာတမြို့အစိုး ရအထက်တန်း၌ စတုတ္ထတန်းမှစ၍ အတန်းတက်ခဲ့ရသည်။ ၁၉၂၈ခုနှစ်တွင် ဒဿမတန်းကို အင်္ဂလိပ်၊ မြန်မာ စာ၊ သင်္ချာဘာသာရပ်တို့၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် နောင်တွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲ ခေါင်းဆောင်တစ်ဦးဖြစ်လာသည့် ကိုဗစိန်ကို နိုင်ငံရေးမျိုးစေ့ သန္ဓေတည်ပေါက်ဖွားပေးရာ ဘူမိနက် သန်မြေဖြစ်သည်။ ကိုဗစိန်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၌ ပါဝင်လှုပ်ရှားခဲ့ကာ ၁၉၃၁ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့၏ ပထမဆုံး အထွေထွေအတွင်း ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ 

30 Aug 2012

သမိုင်းတကွေ့မှ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်)


ထက်မြက်သော တို့ဗမာအစည်းအရုံးခေါင်းဆောင်ဖြစ်ပြီး ဂျပန်ပြည်၌ အုပ်ချုပ်ရေးပညာကိုသာ သင်ယူ၍ ဗိုလ်ဘွဲ့မခံယူခဲ့သော ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်သည် နောင်တွင် မိမိအခွင့်အရေးရရှိရေးအတွက် လက်မောင်းသွေးဖောက်၍ သစ္စာပြုထားသည့် လုပ်ဖော်ကိုင်ဖက်ဗိုလ်ချုပ်အောင်ဆန်းအပေါ် အဆိုးရွားဆုံးသစ္စာဖောက်ပြီး နယ်ချဲ့အလိုတော်ရိဖြစ်သွားသောကြောင့် နောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းတွင် တဖြည်းဖြည်းတိမ်မြှုပ်သွားခဲ့ရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။

သခင်မကြီး ဒေါ်သိန်းတင်


ဝိသုဒ္ဓါရုံဗာရာဏသီတိုက်ဟုဆိုလျင် ဒေါ်သိန်းတင်၊ ဒေါ်သိန်းတင်ဟုဆိုလျင် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ဤသို့ဖြင့် ဒေါ်သိန်းတင်နှင့် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက် သည် ခွဲခြားမရဘဲ တသားတည်းဖြစ် လျက်ရှိကြောင်းကို လူအများက အသိ အမှတ်ပြုထားကြပြီး ဖြစ်ကြသည်။ သို့ဖြစ်၍ ၁၃၂၁-ခုနှစ်မှ စ၍ ပြည်မြို့ တွင် ရွှေကျင်သာသနာကို စတင်တည်ထောင်ခဲ့သူ ဤအတ္ထုပ္ပတ္တိ အရှင် ဗာရာဏသီ မဟာထေရ်နှင့်” ရထဒ္ဓေ မဂ္ဂယထာ” ရထားသံလမ်း ဥပမာ ဆရာဒကာ “ဥဘော အညောည နိဿိတာ” နှစ်မွှာဖြာ လျက် သာသနာပြုလာသော ၀ိ-ဗာတိုက် အမ- သခင် မကြီး ဒေါ်သိန်းတင်၏ ငယ်စဉ်ကစ ယနေ့ကျအောင် အဖြစ်အပျက် တေ့ဆက်စကား သင်္ခေပအနေ အားဖြင့် ဖော်ပြရပေဦးမည်။

ဝိသုဒ္ဓါရုံဗာရာဏသီတိုက်အမကြီး၊ ဆေးလိပ်ရုံပိုင်ရှင် န၀င်း-မသိန်းတင်၊ သမိုင်းဝင် သခင်မကြီး ဒေါ်သိန်းတင်၊ ၀ဏ္ဏကျော်ထင်ဘွဲ့ရ ဒေါ်သိန်းတင်၊ ပြည်သူ့လွှတ်တော်အမတ်ကြီး ဒေါ်သိန်းတင်၊ နိုင်ငံဂုဏ်ရည် (ဒု) ဘွဲ့ရ ဒေါ်သိန်းတင် စသည်ဂုဏ်များဖြင့် မြန်မာတပြည်လုံး ညွတ်ရုံးထင်ရှားလတံ့သော ဒေါ်သိန်းတင်သည် နန၀ါသကုသ ရသေ့မြို့ခေါ် သီရိခေတ္တရာ-ပြည်မြို့၊ န၀င်းရပ်၊ အဘ- ဦးဖိုးဆိတ်+အမိ- ဒေါ်ရွှေထယ်တို့မှ ၁၂၆၇-ခုနှစ်၊ ကဆုန်လဆုတ် (၂)ရက်၊ သောကြာနေ့၊ နံနက်(၅း ၀၀)နာရီအချိန်တွင် မီးရှုးသန့်စင် ဖွားမြင်သော သားသမီး (၈)ယောက်တို့တွင် အငယ်ဆုံး သမီးထူး သမီးရတနာဖြစ်သည်။

ဦးနေ၀င်း၊ သင်္ခါရ နဲ့ ကုန်းဘောင်ဆက်

သင်္ခါရတရားတွေကို မသိခဲ့လို့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့မိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်းက ပြောဆိုတဲ့အကြောင်း ကိုကိုမောင်ကြီး (ဦးချစ်လှိုင်)ရဲ့ ကျွန်တော်သိသော တစ်ရံရောအခါများ စာအုပ်မှာ ရေးထားပါတယ်။

၁၉၉၅ ဇူလိုင်လမှာ ဦးနေ၀င်းက သူ့ဆီသွားတဲ့ ဦးချစ်လှိုင်၊ မဆလခေတ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်းတို့ကို ပြောလိုက်တာပါ တဲ့။

"ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် .... ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ .... အနတ္တတရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး .... ဟုတ်တယ် .... အဲဒီတုန်းကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး" (စာ-၇၆၂)

ဦးချစ်လှိုင်က ဒါကို ကြားရတော့ "ဟယ်" ခနဲ ဖြစ်သွားပါတော့တယ် လို့ ဆိုပါတယ်။

29 Aug 2012

စာပေမြင့်မှ လူမျိုးမြင့်လို့ တင့်တယ်

- -စစ်အာဏာရှင်စနစ်ဆိုးဖြင့် မြန်မာပြည်သူ များအား လူမှုဒုက္ခ မျိုးစုံပေးနေခြင်းကို ရပ်တန်းကရပ်ဖို့ အချိန်ရောက်ပြီ ဖြစ်ပါတယ်။ ကျနော်ဟာ ဒီဆောင်းပါးလေး မရေးခင်မှာ ကျနော်တို့မွေးဖွားကြီးပြင်း လာရတဲ့ခေတ်ကို ယာက်တည်း ကျနော် ဘာသာ ပြန်ပြီး စဉ်းစားနေ မိပါတယ်၊ ကျနော်မွေးဖွား လာရတဲ့ ခေတ်ဟာ သေသေ ချာချာပြန်ပြီး စဉ်းစား လိုက်တဲ့ အခါကျတော့ မှောင်ခေတ်လို့ ပြောလို့ရတဲ့ ခေတ် စံနစ်ကြီးမှာ မွေးဖွားလာ ခဲ့ရတယ် ဆိုတာကို ကျနော်ဘာသာ ကျနော်နားလည် လိုက်ပါတော့တယ်..

အဲဒီ ကနေဆက်စပ်စဉ်းစားလိုက်တယ်..
ဗိုလ်နေ၀င်း အာဏာ သိမ်းခဲ့တဲ့ခေတ်.။

နောက်ပြည်သူ တဦးချင်း ပိုင်ဆိုင်မှု့ ကိုလဲ အဓမ္မနည်းနဲ့ အနိုင်ကျင့်နှိပ်စက် ပြီးတော့ ပြည်သူပိုင်ဆိုတဲ့ စကားလှလှ လေးတွေ သုံးပြီး တဦးတည်းပိုင်လုပ်တဲ့စံနစ်၊ ဆိုရှယ်လစ် စံနစ် ဆိုပြီး ဗိုလ်နေ၀င်း ခေါင်းဆောင်တဲ့ အာဏာသိမ်း အုပ်စိုးသူ တွေဟာ ဆိုရှယ်ကျကျ နေ .. လစ်ရင် လစ်သလို ခိုးတတ်တဲ့ ခေတ်စံနစ်ကြီးမှာ ကျနော် သင်ကြားခဲ့တဲ့ ပညာေ၇း အကြောင်းလေး ကိုလဲ စဉ်းစားမိပါတယ်.။

ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၂)

ဖက်ဆစ်ဂျပန်တ်ာလှန်ရေးကာလ ဗမာပြည်တွင် ကွန်မြူနစ်ပါတီတရပ် ထူထောင်လိုက်နိုင်ခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသောပြည်သူများ အခွင့်အခါကာင်းယူနိုင်ရန် လက်မတင်အချိန်မီရုံလေး ဖြစ်နေသည်။ ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်၏ ရှေ့ပြေးခြေလှမ်းများအဖြစ် နာဇီဂျာမဏီက ဥရောပတွင်မွှေနေပြီ ဖြစ်သည်။အင်္ဂလိပ်အခက်-ဗမာ့အချက်ကာလ ကား ရောက်ခဲ့ချေပြီ။ သို့သော် မည်သည့်အချက် ယူရမည်နည်း ဟူသောနေရာ၌ မတူ ဘဲ ဖြစ်လာ ကြသည်။ မြန်မာပြည်ရှိ နိုင်ငံရေးသမားများကြားတွင် လမ်းစဉ်--ခု ခွဲထွက်လာသည်။ ပထမလမ်းစဉ်ကို ကိုယ်စားပြုသူအစုက ဗမာပြည်လွတ်လပ်ရေးရဖို့ မည်သူနှင့်မဆိုပေါင်းမည်ဟု   ပြောကြ၏။

ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၁)


ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၁)
()  
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော် ... စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင်အာဏာမသိမ်းမီကာလ နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။ မန္တလေးတက္ကသိုလ်ပုရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ်မရှိသေး - ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင်အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက်လိုက်ကြလျှင်ငြီးစီစီဖြစ်နေသည့် ကျောင်းသူကျောင်းသားများလန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။ ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။
အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။ နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်းတွေကိုလေ့လာကြည့် လိုက်နှင့် နောက်ဆုံး ပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက်-အထက် တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသောလူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထားကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။

သခင်အုန်းမြင့် နှင့် အင်းစိန်ထောင်မှ နေ့ရက်များ


ကျနော် အဘဦးအုန်းမြင့် ကို စတွေ့တာက အင်းစိန်ထောင် အမှတ်(၃)ဆောင် အခန်း(၃)ထဲမှာပါ။ ကျနော်က ဘာမှမသိတော့ အဘဦးအုန်းမြင့်ကို ဆံပင်ဖြူဖြူနှင့် ပိန်ပိန်ပါးပါး အမြဲပြုံးနေတဲ့ အဖိုးတယောက်ကို သခင်အုန်းမြင့် ဒါမှမဟုတ် တိုးတက်ရေးအုန်းမြင့် ဆိုတာသိရလို့ အရမ်းဝမ်းသာ သွားသလို အရမ်းလည်း စိတ်မကောင်း ဖြစ်သွားမိတယ။် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူ ဖြစ်သည့်အပြင် ရှစ်လေးလုံး အရေးတော်ပုံနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ထဲထဲဝင်ဝင် ပါတ်သက်သူ အဘတယောက်ကို ထောင်ထဲမှာ တွေ့ရလို့ပါ။ တကယ်ဆို နိုင်ငံကျေးဇူးရှင် စာရင်းဝင်ဖြစ်တဲ့ အဘကို နိုင်ငံဂုဏ်ထူးဆောင်အဖြစ် အိမ်ဦးခန်းမှာတင်ထားရမှာကို စစ်အစိုးရ၏ဖခင်ကြီး ဦးနေ၀င်းရဲ့ နိုင်ငံရေး အမုန်းအညှိုးအတေးများကို န၀တ(ယခုနအဖ) စစ်အစိုးရတွေက ဆက်ပြီး အကြောင်းအမျိုးမျိုးနှင့် အပြစ်ရှာပြီး ထိန်းသိမ်းတဲ့ အတွက် အဘကို ကျနော်အင်းစိန်ထောင်မှာတွေ့ရတာပါ။ ကျနော်(၃)ဆောင်ရောက်တာ ၁၉၉၁ ဒီဇင်ဘာလမှာ ဖြစ်တယ်။ အဲသည့်အချိန်မှာ (၃)ဆောင်ရဲ့ အခြေအနေက  နိုင်ငံရေးမှုများကို (၃)ဆောင်ကနေ ထောင်ပြောင်းလိုက်တဲ့ အတွက် (ကျနော်သိသလောက်  လူရှင်သချိုင်း ဝတ္ထုကိုရေးတဲ့ ကိုနေလင်းတို့ ထောင်ပြောင်းပါ သွားခါစအချိန်ပေါ့) အဆောင်မှာ နိုင်ငံရေးသမား အင်အားနည်း နေတဲ့အချိန်၊ အဲသည့်(၃)ဆောင်ကို ထောင်မှူးဦးသိန်းမြင့်က အုပ်ချုပ်ပြီး သူ့လက်ရုံး တန်းစီး သရဲကြီးလိုခေါ်တဲ့ ကြေးစားလူသတ်သမားက ထောင်ကျဆောင် အမှတ်(၃)ဆောင်တွင် နိုင်ငံရေးသမားများ ကို မင်းမူဖိနှိပ်ထားတဲ့ အချိန်ဖြစ်သည်။ 

28 Aug 2012

သခင်အောင်ဖေ (မိုးကို ဒူးနှင့် တိုက်ရဲလျှင်)

မိုးကို ဒူးနှင့် တိုက်ရဲလျှင်

(က)

လွန်ခဲ့သည့် ၁၂ နှစ်ကျော်ကျော်မှာ သခင်အောင်ဖေ ဦးစီးထုတ်ဝေသည့် ‘မိုး’ ဂျာနယ်များအား ဖတ်မိသည့် အချိန်တိုင်း…. ပထမဦးစွာ အမေလူထုဒေါ်အမာ ရေးသည့် ….“သခင်အောင်ဖေရေ…” ဟူ၍ အစချီထားသည့် ဆောင်းပါးနှင့် ပြီးလျှင်… စာမျက်နှာချင်း ကပ်လျက်တွင်ပင် ပါရှိသည့် …သခင်အောင်ဖေ၏ “ဒီလိုပြောချင်သည်” ဟူသည့် ဆောင်းပါး ၂ ပုဒ်အား လှန်လှော၍ ဖတ်မိသည်ပင်….။ ထိုစဉ်က …‘မိုး’ ဂျာနယ်၏ Editorial သည် နိုင်ငံရေးနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာ အကြောင်းအရာများအား တို့ထိ၍ နိမိတ်ပုံများဖြင့် …ရသမျှ ရေး၏။

ဤသည်များပင်လျှင်….သခင်အောင်ဖေ ဦးစီးထုတ်ဝေခဲ့သည့် ဆယ်စုနှစ်အလွန်မှ ‘မိုး’ ဂျာနယ် ဖြစ်လိမ့်မည်။

သုံးရောင်ခြယ်

သုံးရောင်ခြယ်
မာမာအေး
နိုဝင်ဘာ ၁၊ ၂၀၁၀
“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” အမှတ် (၃၅၃)
 

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် - မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

27 Aug 2012

“တစ် လား၊ တ လား၊ စသတ် မှာလား မသတ်ဘူးလား”

ဒီဆောင်းပါးလေး ဖော်ပြရတဲ့ ရည်ရွယ်ချက်မှာ ဦးနေဝင်းသည် ပညာရှင်တွေအပေါ် ဓားမိုးပြီး  မြန်မာစာပေဝေါဟာရတွေကို  ဖျက်စီးခဲ့ပုံကို သိရှိနိုင်စေရန်ဖြစ်ပါသည်။ယနေ့တိုင် အမှားအယွင်းကို ဆက်ခံနေရဆဲဖြစ်ပါသည်။

“တစ် လား၊ တ လား၊ စသတ် မှာလား မသတ်ဘူးလား”

ဒီစာက ညီလေး ချီရွန် ဆီကို သူ့ ဘလော့ဂ် မှာ မြန်မာ စာလုံးပေါင်းနဲ့ ပတ်သက်တာတွေ့လို့ စာလုံးပေါင်းနဲ့ ပတ်သက်ပြီး နည်းနည်း ပြောချင်တာနဲ့ ရေးလိုက်တဲ့စာဖြစ်ပါတယ်။ အဓိက ကတော့ Cbox နဲ့ Comment တွေမှာ ပြောထားကြတဲ့ တစ် နဲ့ တ အသုံးအနှုန်းပါဘဲ။ "တစ်ခု၊ တစ်နေ့" လို့ရေးမှာလား၊ "တခု၊ တနေ့" လို့ရေးမှာလား ဆိုတာပေါ့။

ဒီလိုပြောတဲ့နေရာမှာ ကျနော် လေ့လာမှတ်သားဖူးတာတွေကို ပြောခဲ့တာပါ။ ဒါတွေဟာ ကျနော့်ရဲ့ အယူအဆ သက်သက်နဲ့ ကြားဖူးထားတွေကို ပြောပြခြင်းသာ ဖြစ်ပါတယ်။ မှန်တာ မှားတာ ဝေဖန်ပိုင်းခြားဖို့ကတော့ ပညာရှင်များရဲ့ ကဏ္ဍဖြစ်ပါတယ်။ နည်းနည်းလေး လေရှည်ရမှာမို့ Cbox နဲ့ Comment မှာရေးရင် စာရှည်မှာ စိုးတာနဲ့ သူ့ဆီကို စာသက်သက်ပို့လိုက်တာပါ။ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုပြီးသကာလ သူ့ဘလော့ဂ်မှာ နည်းနည်း ဖြတ်တောက်ပြီး တင်ပြထားခဲ့ရလို့ အခု ကျနော် မူရင်းအတိုင်း ပြန်လည်ဖေါ်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။

25 Aug 2012

ဦးနု ပြောတဲ့ ဦးအောင်ဆန်း

(၁၉၃၄-၃၅) ပညာသင်နှစ်ထဲ ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း ကို ကျွန်တော် ပထမဆုံး တွေ့ဖူးတာ။ သူက အင်တာ မီဒီယိတ် ကျောင်းသား။ ကျွန်တော် ကတော့ တက္ကသိုလ်ကို တတိယ အကြိမ် ပြန်ရောက် လာပြီး ဥပဒေတန်း တက်နေတယ်။ ခုလန်ဒန်မှာ AFPEL ကိုယ်စားလှယ် လုပ်နေတဲ့ ကိုအုန်းက ကျောင်းသား သုံးယောက်နဲ့ တွေ့ဖို့ ကျွန်တော့်ကို တိုက်တွန်းတယ်။

ဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမ ပြယုဂ်ကြီးတွေ ဖြစ်လာမယ် လို့ သူက တွေ့ရှိ ထားတယ်။ အဲဒီ သုံးယောက်ထဲမှာ ကိုအောင်ဆန်းက တစ်ယောက် အပါအ၀င်။ ကျန်တဲ့ နှစ်ယောက်ကတော့ ပြည်ထဲရေး ၀န်ကြီး ကိုကျော်ငြိမ်းနဲ့ တက်ဘုန်းကြီး စာအုပ်ရေးလို့ တက်ဘုန်းကြီး လို့ နာမည် ကျော်လာတဲ့ ကိုသိန်းဖေ။

22 Aug 2012

ဆရာတော်ဦးဥတ္တမ

ဆရာတော်ဦးဥတ္တမ( ၁၈၈၀ - ၁၉၃၉ )

မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင် ၊ အာရှတိုက်၏ ထွန်းသစ်ကြယ် အရှင်ဦးဥတ္တမကို ရခိုင်ပြည် နယ် စစ်တွေမြို့၊ရူပရပ်၊ ချောင်းနားတန်းတွင်ဖခင်ဦးမြသာဦး၊မိခင် ဒေါ်အောင်ကျော့ဖြူတို့မှ(၁၈၈၀) ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။ ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။

အောင်ဆန်း – အက်တလီ စာချုပ် အတွင်းရေး – ( သခင်တင်ဦး )

အောင်ဆန်း – အက်တလီ စာချုပ် အတွင်းရေး – ( သခင်တင်ဦး )
အောင်ဆန်း – အက်တလီ စာချုပ် ဖတ်ရှူရန်
ရှေးမီ နောက်မီ နိုင်ငံရေး သမား စာရေးဆရာကြီး တစ်ဦး ဖြစ်သော သခင် တင်ဦး သည် ဗိုလ်ချုပ် အောင်ဆန်း နှင့် လက်ပွန်း တတီး နေခဲ့သူ ဖြစ်သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့သော အောင်ဆန်း အက်တလီစာချုပ်၊ ပင်လုံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ –

ပင်လုံစာချုပ် နဲ့ ပတ်သက်လို့ မှတ်မိ သလောက် ဆိုရင် ပင်လုံစာချုပ် ချုပ်တုန်း ကတော့ အဘ မပါဘူး။ အဲ့ဒီတုန်းက အဘတို့က ရန်ကုန်မှာ နေတာ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာပြည်မှာ တိုင်းပြည်ကို တစ်တိုင်းပြည်လုံး စည်းရုံးတဲ့ ခေါင်းဆောင်တွေ ပေါ်ခဲ့တယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား။ အဲ့လို ပုဂ္ဂိုလ်တွေ ပေါ်လာပြီး နောက် ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက် တိုင်းပြည် စည်းရုံးဖို့ အတွက် ပေါ်လာတယ်။ ရာဇ၀င်ကို ကြည့်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ရှေးရှေးက ခေါင်းဆောင်တွေ ထက် ပင်ပင်ပန်းပန်း နဲ့ ရှေ့ရေး မြင်ပြီးတော့ ဆောင်ရွက်နိုင်တယ် ဆိုတာ ထင်ရှားတာ တော်တော်ကို ချီးကျူး စရာ ကောင်းတဲ့ ဗိုလ်ချုပ် အောင်ဆန်းပါ။

ဗိုလ်ချုပ် – စိတ်ကူးနှင့် လက်တွေ့

ဗိုလ်ချုပ် – စိတ်ကူးနှင့် လက်တွေ့

ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဖြစ်သည် ။ လွတ်လပ်ရေး ဗိမာန်ကို တည်ဆောက်ပေးသူ ဟု ဆိုလိုသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး ဗိမာန်ကို တည်ဆောက်ပေးရုံမျှသာ ပေးခဲ့သည် မဟုတ်။ ထိုဗိမာန်ကြီး အဓွန့်ရှည်စွာ တည်မြဲစေရန် အလို့ငှာ အနာဂတ်ကို မြှော်၍ လူမှုရေး၊ စီးပွားရေး စနစ်တို့ကို ပါ ချမှတ်ပေးခဲ့သူ ဖြစ်သည်။

တရံရော အခါက ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း ၏ ဆိုရန်တိုဗီလာ စီမံကိန်း ဟု မကြာခဏ ပြောခဲ့ကြ ဆိုခဲ့ကြသည်။ ထိုစီမံကိန်း ၏ အစဉ်ကို လိုက်၍ လေးနှစ် စီမံကိန်း၊ ငါးနှစ်စီမံကိန်း စသည်တို့ကိုလည်း ချမှတ်ခဲ့ကြ ပါ၏။ သို့ရာတွင် ကိုယ်ထိ လက်ရောက် ဆောင်ရွက် ကြသော အခါ စီမံကိန်း၏ ရည်ရွယ်ချက်က တစ်ခြား၊ မိမိ လုပ်ချင်ရာ က တစ်ခြားနှင့်မို့ ငါးသိုင်းများ ဟင်းဟုန် ဖြစ်ကုန် ကြရသည် သာမက နောက်ဆုံး၌ ဝိဝါဒ အမျိုးမျိုး ပေါ်ပေါက်၍ ပြည်ထောင်စု တည်း ဟူသော အစုအပေါင်း ကြီးမှာ အစိတ်စိတ် အမွှာမွှာ ဖြစ်ရတော့ မည် သို့ ရှိခဲ့ လေသည်။

ဗမာ့အောင်ဆန်း

ဗမာ့အောင်ဆန်း

မောင်ထင်၏ ဗမာ့အောင်ဆန်း

ကျွန်တော်သည် ဗိုလ်ချုပ် အောင်ဆန်း နှင့် ငယ်ပေါင်း မဟုတ်။ ကြီးဖော် ဖြစ်သည်။ သူနှင့် ကျွန်တော် နှစ်ဦးသား တစ်ဦးနှင့် တစ်ဦး အသီးအခြား ကြီးပြင်း လာခဲ့ကြသည်။ သူ၏ ရေမြေ နှင့် ကျွန်တော်၏ ရေမြေ တို့ကား တခြားစီ။ ဗိုလ်ချုပ်က သူ မွေးဖွားရာ ဒေသ တစ်ခွင်ကို မြေလတ်ဟု ဆို၏။ သို့သော် ကျွန်တော်တို့ အောက်သား များအဖို့ နတ်မောက် သည်လည်း အညာ ပင်ဖြစ်၏။ အညာ ဒေသ၏ ပထ၀ီ သွင်ပြင် အရ ဗိုလ်ချုပ် ၏ တော၊ တောင်၊စိမ့်၊ စမ်း၊ မြိုင်၊ လျှို စသည့် ပတ်ဝန်းကျင် သြကာသ လောကမှာ ထူးဆန်း ထွေလျာ ပျော်မွေ့ရာ ဖြစ်လိမ့်မည် ဟု ကျွန်တော် ခန့်မှန်းမိ၏။ အကြောင်းသော် မူကား ကျွန်တော် မွေးဖွားရာ အောက်အရပ် မြစ်ဝကျွန်းပေါ် ဒေသ ဟူသည်မှာ ပင်လယ်၊ မြစ်၊ ချောင်း၊ လမုပင်၊ လတာပြင် တို့နှင့်သာ ရှုမျှော်ခင်း ကို တန်ဆာ ဆင်ထား လေရာ မည်သည့် အရပ်ကို ကြည့်ကြည့် ပတ်ဝန်းကျင် သြကာသ လောကကြီးသည် စိမ်းလဲ့သော တောတန်းတည်း ဟူသော မျဉ်းဖြောင့် တစ်ခု ပေါ်၌ အုပ်၍ နေသော မိုးကုပ် စက်ဝိုင်း တစ်ခုမျှသာ ဖြစ်၍ ငြီးငွေ့ဖွယ်ရာ ဖြစ်သောကြောင့်တည်း။

သို့သော် ကောင်းကင်မှ မိုးကုပ် စက်ဝိုင်းနှင့် မြေကြီးမှ တောတန်း ကလေးတို့ နှစ်ဦးသား ဆုံမိကြသည့် ပုံပမာလို သူ၏ ဘ၀ သံသရာ နှင့် ကျွန်တော်၏ ဘ၀ သံသရာ တို့သည် (၁၉၃၂) ခုနှစ် တစ်ဝိုက် ဆီလောက်က တက္ကသိုလ် သမဂ္ဂ ဆံပင်ညှပ်ဆိုင် ၌ ဖူးစာ ဆုံစည်း မိကြလေသည်။ ယင်းသို့လျှင် သူနှင့် ကျွန်တော်မှ ကျောင်းသားကြီး အရွယ်သို့ ရောက်ကြမှပင် အဆွေ ခင်ပွန်း ဖြစ်လေသောကြောင့် ကျွန်တော်တို့ နှစ်ဦးသားကို ကြီးဖော် ဟူ၍ ခေါ်နိုင်ပေသည်။ သို့သော် နှစ်ဦးသားမှာ တစ်ဦး နှင့် တစ်ဦး ခင်မင် ရင်းနှီး လာလေလေ တစ်ဦးပေါ် တစ်ဦး မြုံစေ့စေ့ နိုင်လေလေ ဖြစ်၍ တစ်ခါတရံ ကျွန်တော် ကိုယ်တိုင်က ပင်လျှင် သူ၏ ရင်းနှီးသော မိတ်ဆွေ ဟုတ်ပါလေစ ဟု သံသယ ဖြစ်မိသည်။

သို့သော် လူရှင်းသော အချိန်တွင် နှစ်ယောက်ချင်း ဆုံကြသောအခါ ကျွန်တော် ၏ သံသယတို့မှာ ရှေးဟောင်း နှောင်းဖြစ် တို့ကို အမြစ် အပြတ် ပြောကာ ခင်မင် ရင်းနှီးမှုကို ပြသော ဗိုလ်ချုပ်၏ စကားများ ထဲတွင် အရည်ပျော်၍ ကျလာတော့သည်။ ထိုသို့သော အခါများတွင် ကျွန်တော့် စိတ်ထဲတွင် ကြီးမှ ပေါင်းကြရသည့် ကျောင်းနေဖက်ချင်း ဖြစ်စေကာမူ သင်း စိတ် မပြောင်း ပါကလား ဟု တွေးတောကာ တိတ်တိတ် ချီးကျူးမိသည်။ သူ ကျွန်တော်တို့ အပေါ် စိတ် မပြောင်းလေလေ ကျွန်တော်တို့က သူ့ကို အမျိုးသား ခေါင်းဆောင် အဖြစ်နှင့် ပို၍ သိဒ္ဓိ တင်ရလေ ဖြစ်သည်။

21 Aug 2012

ဗိုလ်ချုပ်အောင်ဆန်း နှင့် ဟင်္သာတခရီးစဉ်များ

 ဗိုလ်ချုပ်အောင်ဆန်း နှင့် ဟင်္သာတခရီးစဉ်များ
ဗိုလ်ချုပ်အောင်ဆန်းဟာ ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့ သို့ လေးကြိမ်တိတိ ရောက်ခဲ့ပါတယ် ပထမ နှစ်ကြိမ်က ၁၉၄၀ ပြည့်နှစ်အတွင်း ရေလမ်းခရီးစဉ်ဖြစ်ပြီး ဒုတိယ နှစ်ကြီမ်ကတော့ ပုသိမ်မြို့မှတဆင့်  ရောက်ရှိခဲ့တဲ့ ရထားခရီးစဉ်ဖြစ်ပါတယ်။ ပထမခရီးစဉ်နှစ်ကြိမ်ဟာ တို့ဗမာအစည်းအရုံးဗဟိုဌာနချုပ် အထွေထွေအတွင်းရေးမှုးဘ၀နဲ့ သွားရောက်ခဲ့တာဖြစ်လို့ ဒုက္ခဆင်းရဲရောက်ခဲ့ရပါတယ်။ 
အဲဒီဟင်္သာတခရီးစဉ် နှစ်ခုဟာဗိုလ်ချုပ်အောင်ဆန်း အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးဖြစ်လာဖို့ ဘ၀ရဲ့ မအလှည့်အပြောင်းခရီးစဉ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့လည်း ဆက်စပ်နေပါတယ်။ ဂျပန်ခေတ်အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီးဘ၀နဲ့ စစ်ပြီးခေတ် အမျိုးသားယာယီ အစိုးရအဖွဲ့  ခေါင်းဆောင်တစ်သီးဘ၀မှာ သွားခဲ့ရတဲ့  မြန်မာပြည်အနှံ့ခရီးဆန့်ခဲ့သလိုတော့ မဟုတ်ခဲ့ပါ။

သခင်အုန်းမြင့်

အဘ သခင်အုန်းမြင့် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်လွမ်းစာ

သခင်အောင်ဆန်း၊ သခင်အုန်းမြင့် (လက်ျာဒုတိယလူ) အိန္ဒိယသို့သွားရောက်စဉ်။
 
ကနေ့ ၂၀၁၁၊ စက်တင်ဘာလ ၁၇ ရက်၊ စနေနေ့။အဘ သခင်အုန်းမြင့် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ပြီ။

နှစ်လည်ဆွမ်းကျွေး အလှူဒါနပြုရာ အဘနေအိမ်သို့ မသွားဖြစ် သောကြောင့် အဘအကြောင်းကို မိမိတွေးနေမိသည်။ အဘနှင့် မိမိ ပတ်သက်ခဲ့သည်များကို လွမ်းတနေမိသည်။ အဘအကြောင်း အတ္ထုပ္ပတ္တိအကျဉ်းကို တစ်ဖန် ပြန်လည် ဖတ်ရှုကြည့်သည်။

တို့ဗမာ အစည်းအရုံး သမိုင်း စာအုပ်

တို့ဗမာ အစည်းအရုံး သမိုင်း

စာပေ ဗိမာန်က ၁၉၇၆ မှာ ထုတ်ဝေခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို လူပုဂိ္ဂုလ် တစ်ဦး တစ်ယောက်က ပြုစုခဲ့တာ မဟုတ်ပါဘူး။ အဲဒီ အချိန်မှာ သက်ရှိထင်ရှား ရှိနေသေးတဲ့ တို့ဗမာ အစည်းအရုံးဝင် သခင်၊ သခင်မဟောင်းကြီးတွေ အားလုံး နီးပါးက ၀ိုင်းဝန်း ပြုစုခဲ့ကြတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ဘက်စုံထောင့်စုံ ပြီးပြည့်စုံတဲ့ သမိုင်း မှတ်တမ်းကြီး ဖြစ်လာရတာပါ။

၁၉၆၄ မှာ တို့ဗမာအစည်းအရုံး နာယက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ဈာပန အခမ်းအနားကို အမြို့မြို့အနယ်နယ်က သခင်၊ သခင်မကြီးတွေ တက်ရောက်လာ ကြတယ်။ ခုလို လူစုံတုန်းမှာပဲ ညီလာခံ ဆန်ဆန် ဆွေးနွေးပွဲကြီး တစ်ခုပြုလုပ်ပြီး တိုဗမာ အစည်းအရုံးသမိုင်းကို ပြုစုဖို့ အချိန် တန်ပြီလို့ ဆုံးဖြတ်ခဲ့ကြတယ်။

18 Aug 2012

ပါတော်မူ


သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊
ကုန်းဘောင်နေမီး၊ မထိန်ညီးက၊

လူချွန်လူကောင်း

ကိုအံ့ကြီး - လူချွန်လူကောင်း
တေးရေး - မြို့ မငြိမ်း
Ko Aunt Gyi - Lu Chun Lu Kaung

17 Aug 2012

သခင်ဝမ်းသူမောင်

 

၁၉၃၂ ခုနှစ်တွင် တည်ထောင်ခဲ့သော ဒို့ဗမာ အစည်းအရုံးတွင် ချင်းအမျိုးသား များသည် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။  ချင်းလူငယ် ကိုဝမ်းသူမောင်၊ ကိုအောင်မင်း စသူတို့သည် သခင်ဝမ်းသူမောင်၊ သခင်အောင်မင်းဟူ၍ သခင်အမည်ခံ ယူ ခဲ့ကြသည်။

ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင်ရဲ့ အကြောင်း သခင်အောင်ဆန်းက ဤသို့ ပြောကြားခဲ့သည်။

သခင်အောင်ဆန်း ပြောပြတဲ့ ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင်
အကြောင်း..

၁၉၄၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ဟင်္သာတ ခရိုင်၊ တို့ဗမာအစည်းအရုံး ညီလာခံကို ဇလွန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေသည်။ ဋ္ဌာနချုပ် တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်းသည် တရားဟောစင်မြင့်ပေါ်သို့ တက်လာလေသည်။ သခင်အောင်ဆန်းက ပမာဏစကား ပြောကြားနေစဉ် တရားဟောစဉ်မြင့် ဝန်းကျင်၌ ဝန်းရံနေသော ပုလိပ်စုံထောက်များထဲမှ စုံထောက်တဦးက၊ တရားဟောစင်မြင့်မှ သခင်အောင်ဆန်းထံ စာတစောင် ပေးလိုက်သည်။

သခင်ဖေသန်း

 ၁၉၃၂ ခုနှစ်လောက်တွင် တည်ထောင်ခဲ့သော ဒို့ဗမာ အစည်းအရုံးတွင် မွန်အမျိုးသား များသည် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဆိုရှယ်လစ်ဇင်ကို ပထမဆုံး မြန်မာသို့ သမစိတ္တ အမည်ဖြင့် ဘာသာပြန်သော မွန်သခင်ကြီး (သခင်ကြီး)သည် ထင်ရှားသော ခေါင်းဆောင်တယောက် ဖြစ်သည်၊ သခင်ကြီးသည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဌ တာဝန် ထမ်းဆောင် ရင်း ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့ပြင် သခင်ဖေသန်း၊ သခင်ဘစော ကဲ့သို့သော မွန်များနှင့် မထင်မရှားသော မွန်များလည်း အများအပြား ရှိသည်။ 
http://wikimyanmar.co.cc/wiki/images/9/9f/TharDu.jpg  သခင်ဖေသန်း (ခ) သာဓု  

 

မိဘအမည် ဦးမြမောင် + ဒေါ်ဖွားမျှင်
ကလောင် အမည်ခွဲများ စိန်ချယ်၊ ဥသြ၊ ပေါ်လွင်၊ ဘာဘူ၊ မောင်ဒါန၊ မောင်ဖေသန်း၊ မောင်သောကြာ၊ မြတ်သူ၊ ဖေသန်း၊ သခင်ဖေသန်း
အလုပ်အကိုင် စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ
မွေးဖွားရာဒေသ ပဲခူးမြို့

သဟာယဆရာတင် (၂)

သဟာယဆရာတင်နှင့်သူ့တေးများ
သဟာယဆရာတင်
“ဒို့ဗမာပြည်ဝယ် မိဖအပေါင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ် …..”
မြန်မာ့ဂီတသမိုင်းတွင် ဓာတ်ပြားခေတ် ခေတ်ဦးပိုင်းမှစ၍ ဓာတ်ပြားခေတ် အထွတ်အထိပ် ရောက်သော ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ပြီးခေတ် အချိန်အတွင်းတွင် ဆရာတင် နာမည်ခံသည့်၊ နန်းတော်ရှေ့ဆရာတင်၊ ဝိုင်အမ်ဘီဆရာတင်၊ ဒဂုန်ဆရာတင်၊ မြန်မာညွန့်ဆရာတင် နှင့် သဟာယဆရာတင် ဂီတစာဆို စာရေးဆရာများ ပေါ်ထွန်းလာခဲ့သည်။

ထို ဆရာတင် နာမည်ခံသော ဂီတစာဆိုများအနက်၊ သဟာယဆရာတင် သည် ဂီတမျိုးရိုးမှ ဆင်းသက်လာသူမဟုတ်ဘဲ၊ သာမန်အရပ်သားဘဝမှ နိုင်ငံကျော်ခဲ့သူဖြစ်သည်။
ပြည်မြို့ ပွဲစားတန်းရပ်နေ ဦးဘိုးလူ၊ ဒေါ်အုံး တို့၏ တတိယမြောက်သား၊ ၁၉၁ဝ ပြည့်နှစ်ဖွား စနေသားဖြစ်၍၊ မောင်တင် ဟု အမည်မှည့်သည်။


ငယ်စဉ်ကျောင်းသားဘဝမှ စ၍ ဂီတ အနုပညာ ဝါသနာ ထုံခဲ့သဖြင့်၊ တပင်တိုင် မင်းသား၊ တခါတရံ မင်းသမီးအဖြစ်နှင့် ပြည်မြို့ တခွင် ပွဲပေါင်းများစွာ ပါဝင် ကပြခဲ့ဖူးသည်။ သဟာယဆရာတင် အလောင်းအလျာ မောင်တင်သည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကာ ကျောင်းတက်နေစဉ်၊
အလံပြဘုရားလမ်း၊ မက်သဒစ်ကျောင်းတွင် ခင်မောင်ရင် (ဗိုလ်အောင်ဒင်) နှင့် ကျောင်းနေဖက် ဖြစ်ခဲ့လေသည်။
ထို ဆိုခဲ့သည့် ဆရာတင် နာမည်ခံ ဂီတစာဆို စာရေးဆရာများ နာမည် ကျော်ကြားခဲ့သော စစ်ကြိုခေတ်က၊ ရန်ကုန်မြို့ ရေကျော်ရပ်တွင် လူငယ်များ မြှင့်တင်ရေး သဟာယအသင်းဟု အသင်းတခု တည်ရှိခဲ့လေသည်။
တနေ့တွင် ကျောင်းကစားခုန်စားပွဲ ကျင်းပရာ သဟာယအသင်းက အနိုင်ရလေသည်။ အောင်ပွဲအနေနှင့် အငြိမ့်ပွဲခံရာတွင် နာမည်ကြီး အငြိမ့်မင်းသမီး ယူနီဗာစီတီမြသန်းကြည် အငြိမ့်ကို ငှားကြသည်။
အသင်း၏ ရည်ရွယ်ချက်များပါဝင်သော သီချင်းတပုဒ်ကို သဟာယအသင်းဝင် မောင်တင်က ရေးစပ်ပြီး မင်းသမီး ယူနီဗာစီတီ မြသန်းကြည်ကို သီချင်းချပေးရလေသည်။ ထိုသီချင်းသည် ပွဲဦးထွက် အောင်မြင်မှု ရရှိခဲ့ရုံမျှ မကပဲ၊ ထို နာမည်ကြီး မင်းသမီး၏ လေးစား ချီးကျူးမှုကိုပါ ရခဲ့လေသည်။

သဟာယဆရာတင်

မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်


မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
ကျွန်တော်တို့ Hiphop ဂီတကိုရူးသွပ်ကြသူတွေအားလုံး Hiphop သမိုင်းတင်မဟုတ်ပဲ ကိုယ့်နိုင်ငံက ဂန္တ၀င်ဂီတသမားတွေ အကြောင်းကိုလဲ လေ့လာသင့်တယ် ၊ ဗဟုသုတအနေနဲ့ ဖတ်မှတ်ထားသင့်တယ်ထင်လို့ WeeklyElven ဂျာနယ်စာမျက်နှာမှာဖတ်လိုက်ရတာ ကိုပြန်ဝေမျှပါတယ်။

သဟာယ ဆရာတင်

ခေတ်ဟောင်းတေးဂီတပညာရှင် ကြီးများထဲတွင်ဝိုင်အမ်ဘီဆရာတင၊် နန်းတော်ရှေ့ဆရာတင်၊သဟာယဆရာတင် ဟူ၍ ထင်ရှားသူသုံးဦးရှိခဲ့ရာ သဟာယဆရာတင်က အငယ်ဆုံး ဖြစ်ပါသည်။ရန်ကုန်အရှေ့ပိုင်းရေ ကျော်ရှိ လူငယ်များဖြင့်ဖွဲ့စည်းထား သော လူငယ်မြှင့်တင်ရေးသဟာယအသင်းတွင်ပါဝင်သူဖြစ်သဖြင့် သ ဟာယဆရာတင်ဟု အမည်ထင်ရှား ခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက် မှ လွတ်လပ်ရေးရယူနိုင်ရန်အတွက် ကြိုးပမ်းကြရာတွင် သဟာယဆရာ တင်သည်လည်း ဂီတပညာဖြင့်တစ်တပ်တစ်အား ပါဝင်ခဲ့ပါသည်။

”ဗမာ့ လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်၊တကယ်ပဲ အသက်နဲ့လဲလို့၊ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်” စသည့်ဇာတိသွေးဇာတိမာန်တက်ကြွစေသော ဗမာ့သားကောင်းသီချင်းကို ရေးဖွဲ့ခဲ့သူ မှာဂီတပညာရှင်ကြီးသဟာယဆရာ တင်ပင်ဖြစ်ပါသည်။


ဗမာ့သားကောင်း သီချင်း

   ဗမာ့သားကောင်း သီချင်း  ( အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း / ဗိုလ်ချုပ်အောင်ဆန်း သီချင်း ဟု မှတ်ယူသူများလည်းရှိသည်။ ) သီချင်းသမိုင်း သိလိုက ဒီမှာရှုပါ။

ရေး-သဟာယဆရာတင်

 ( ဗမာ့လွတ်လပ်ရေးအတွက် x x x တပ်မတော်ဖွဲ့ဖို့ x x x ဂျပန်ပြည်မှာကွယ် x x x တကယ်ပဲ အသက်နဲ့လဲလို့ x x x ဆင်းရဲဒုက္ခခံကာ x x x ကြံစည်တယ် x x x သူရဲကောင်းတဲ့ x x x ဗိုလ်အောင်ဆန်းနဲ့ x x x အာဇာနည်တွေရယ် x x x )

 ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကကွယ် x x x ဗိုလ်အောင်ဆန်းလို x x x သူရဲကောင်းတွေ မွေးရမယ် x x x ၊ ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကရယ် x x x အာဇာနည်အစစ်တွေကို x x x ရှိဖို့မွေးရမယ် x x x ၊ သြော် x x x ဘုရင့်နောင်နဲ့ x x x ရာဇဓိရာဇ်တို့လို x x x မင်းရဲကျော်စွာ x x x ပမာပုံနှယ် x x x အလောင်းဘုရားတို့လိုကွယ် x x x ဗမာတိုင်း x x x ဗမာမျိုး x x x အားကိုးလောက်ပေရဲ့ x x x မကြောက်တမ်း x x x မရွံ့တမ်း x x x ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ် x x x ၊

 (သံပြိုင်) { ရာဇ၀င် x x x အထုပ္ပတ္တိလည်း x x x ရှိရမယ် x x x ၊ မော်ကွန်းလည်း x x x ထိုးလောက်တယ် x x x မြင့်မြတ်တဲ့ x x x ဗိုလ်အောင်ဆန်းရယ် x x x } (၂-ခေါက်)

 တိုင်းပြည်ကျိုး x x x စွန့်ခဲ့တယ် x x x များဇာနည်နွယ် x x x လွတ်လပ်ဖို့ x x x တို့များကို x x x ကျွန်တွင်းမှကယ် x x x ၊ တို့ဗမာ x x x စိုးမိုးဖို့ x x x မျှော်ကြရှာလို့ ပေါ်လာတယ် x x x ၊

 အာရှနိုင်ငံထူထောင်ရန်အတွက် x x x မျိုးရိုးမတိမ်အောင် x x x ကြံဆောင်လေတယ် x x x နေမျိုးသာကီ ဗမာပြည်လက်ရုံး x x x ကမ္ဘာ့နိုင်ငံလုံး x x x ထင်ပေါ်စေတယ် x x x ၊ စိတ်အားသန်သန် x x x မာန်ကိုမလျော့တယ် x x x ငါတို့လူမျိုး x x x တန်ခိုးရှိဖို့ x x x သူရဲကောင်းတွေ x x x ဂုဏ်ရည်ပြောင်တယ် x x x တကယ်ပင် x x x သတိုးမဟာဗန္ဓုလရဲ့ x x x အစွမ်းသတ္တိ x x x ရာဇ၀င်ပြောင်တယ် x x x သားကောင်းများလို့ x x x ခေါ်ရလောက်ပေမယ် x x x ဥဒါန်းတွင်စေမယ် x x x ဗမာသူရဲကောင်း x x x အပေါင်းတွေရယ် x x x ၊

 (သံပြိုင်) { ရာဇ၀င် x x x အထုပ္ပတ္တိလည်း x x x ရှိရမယ် x x x ၊ မော်ကွန်းလည်း x x x ထိုးလောက်တယ် x x x မြင့်မြတ်တဲ့ x x x ဗိုလ်အောင်ဆန်းရယ် x x x } (၂-ခေါက်)

မြန်မာအစ (ဦးဖိုးလတ်)

ဆရာကြီးဦးဖိုးလတ်၏ " မြန်မာလူမျိုး မူလအစ " သမိုင်းစာတမ်း

The Origin and Advent of the Burmese Race စာတမ်း

"မြန်မာအစ" သမိုင်းအယူအဆ နှင့် ပတ်သက်၍ ကွဲလွဲချက် အငြင်းထွက်ခဲ့ရာမှာ တစ်ဖက်က ရန်ကုန်တက္ကသိုလ် ပါမောက္ခ လူ့စ် ဖြစ်ပြီး အခြားတစ်ဖက်မှာတော့ ဦးဖိုးလတ် ဖြစ်သည်။

ပါမောက္ခ လူ့စ် သည် တက္ကသိုလ်၏ ဂုဏ်သြဇာကြီးမှု သုတေသနပြုစရာ မှတ်စုမှတ်တမ်းစသဖြင့် ကရိယာ စုံလင်စွာ ရရှိမှု၊ လုပ်ငန်းတာဝန်အဖြစ် လုပ်ပိုင်ခွင့်ရရှိမှု့နှင့် အစိုးရ အခွင့်အာဏာရှိမှု့ စသော ပြည့်စုံမှုနှင့် အခွင့်အရေး ရရှိမှုတို့ကြောင့် " မြန်မာအစ - ကျောက်ဆည် မြစ်သားက " ဆိုသော အယူအဆအသစ် တစ်ရပ်ကို အတည်ပြုခွင့် ရရှိထားသည့်အပြင် ရန်ကုန်တက္ကသိုလ်တွင် အတည်ပြု သင်ကြားပို့ချခွင့်လည်း ရထားသူလည်း ဖြစ်သည်။

ဦးဖိုးလတ် သည် "စာပေနှင့် အမျိုးသားရေး မြန်မာမှုအယူအဆရေးရာ ဆိုလျှင်တော့ ကျွန်တော့်မှာ မိတ်ဆွေမရှိ၊ ရန်သူမရှိ၊ ဆွေမျိုးမရှိ ဘဲဗျ။ မှန်တယ်လို့ ထင်တဲ့ဘက်က ပြောင်ပြောင် ရပ်ရမှာဘဲ။ မုန်းချင်မုန်း၊ ချစ်ချင်ချစ် ဘဲဗျ" ဟု ပြောတတ်သလို သူ့စကားနှင့်အညီလည်း နေထိုင်တတ်သူ တစ်ဦးဖြစ်သည်။

ကွဲလွဲချက် ပြဿနာသည် "မြန်မာအစ - တကောင်းက" ဆိုသည့် မျိုးရိုးစဉ်ဆက် ယူဆချက်အစား "မြန်မာအစ - ကျောက်ဆည်က" သာ ဖြစ်ရမည်ဆိုသော ပါမောက္ခ လူ့စ်၏ အယူအဆအသစ် တီထွင်မှု ဖြစ်သည်။ ပါမောက္ခ လူ့စ်၏ ရာဇ၀င်အယူအဆသစ်သည် မြန်မာပြည်၏ စွယ်စုံကျမ်းကြီးနှင့် စာပေဗိမာန်ထုတ် ကျောင်းသုံး သမိုင်းရာဇ၀င် စာအုပ်စသည်တို့တွင် အတည်ပြု သင်ကြား သုံးစွဲနေခဲ့ပြီ ဖြစ်သည်။ မည်သူမျှ ဆန့်ကျင် ဆွေးနွေးမှု့မျိုးကို မပြုလုပ်ရဲ ခဲ့ကြပေ။ ဦးဖိုးလတ် တစ်ယောက်သာ လူမိုက်ကြီး လုပ်၍ ရှေ့သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခ လူ့စ်၏ "မြန်မာအစ - ကျောက်ဆည်က" အဆိုကို ပြန်လည်ချေပထားသော "မြန်မာအစ (The Origin and Advent of the Burmese Race)" စာတမ်း တစ်ခုကို ရေးသားပြီး ရဲရဲဝင့်ဝင့်ပင် စာတမ်းဖတ်ပွဲ တစ်ခုကို ပြုလုပ်လိုက်သည်။ သို့သော် ... စာတမ်းဖတ်ပွဲ ဖိတ်စာများ ကမ်းလှမ်းကျေညာပြီးနောက် ရက်သတ္တတပတ်မျှ အလို (၁၉၆၅ခု၊ သြဂုတ်လ၊ ၂၉ရက်) တွင် ဦးဖိုးလတ် ကွယ်လွန်သွားသည်။ ဦးဖိုးလတ် ရေးသားခဲ့သော စာတမ်းကို ဖတ်ရန် လူတိုင်းမ၀ံ့ရဲ၍ နောက်ဆုံးမှ မြန်မာစာပေပညာရှင် ဆရာကြီး ဦးအုံးရွှေ က ဖတ်ကြားခဲ့ရ သည်။

သခင်ဖိုးလှကြီး (၁)

သခင်ဖိုးလှကြီး
အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး
 


၁၂၉၉ - ခု၊ ၁၃ဝဝ ပြည့်နှစ် ရေနံမြေ သပိတ် ခေါင်းဆောင်တဦး ဖြစ်ခဲ့သူမှာ အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး ဖြစ်ပါသည်။ ဖိုးလှကြီးသည် မကွေးခရိုင်၊ သရက်လေးပင် ရွာ၌ မွေးဖွားသည်။ မိဘများမှာ သာမန် ဆင်းရဲသား ဇနီးမောင်နှံများ ဖြစ်ကြသည်ဟု ဆိုသည်။ မိဘများ၏ အမည်များနှင့် ဖိုးလှကြီး မွေးသက္ကရာဇ်ကို အတိအကျ မသိရသေးပါ။

ဖိုးလှကြီး၏ မွေးသက္ကရာဇ်ကို ခန့်မှန်း ယူဆမည် ဆိုလျှင် ၁၉၃၈ - ခု ရေနံမြေ အရေးတော်ပုံ ကာလ အတွင်း၌ သခင် ဖိုးလှကြီး၏ အသက်သည် ၃ဝ ပတ်ဝန်းကျင်တွင် ရှိသည် ဟူသော အချက်ကို မှန်းဆသောအားဖြင့် သူ၏ မွေးသက္ကရာဇ်မှာ ၁၉ဝ၈၊ ၁၉ဝ၉၊ ၁၉၁ဝ - ခုနှစ်လောက် ဖြစ်လိမ့်မည်ဟု ယူဆရန် အကြောင်း ရှိပါသည်။

16 Aug 2012

သခင်အုန်းမြင့် (၁)

သခင်အုန်းမြင့်

ဦးအုန်းမြင့်ကို ပဲခူးတိုင်း လက်ပံတန်းမြို့ တွင် ၁၉၁၈ ဧပြီ ၂၁ ရက်၌ တရုတ်ကပြားမိသားစုမှ မွေးဖွားပြီး ၁၅ နှစ်သား ကျောင်းသားဘဝတွင် တို့ဗမာအစည်းအရုံးဝင်အဖြစ် နိုင်ငံရေးနယ်တွင် ခြေချခဲ့သည်။ 

ကြီးပွားရေး မဂ္ဂဇင်း၊ တိုးတက်ရေးသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့တွင်ပါဝင်ခဲ့ရုံမက ဆရာရင်းဦးချစ်မောင်နှင့်အတူ ဂျာနယ်ကျော်ကို ထုတ်ဝေပြီး ဆောင်းပါးများ ရေးသားခဲ့သည်။ စစ်ြပီးခေတ် ရန်ကျော်ဂျာနယ်၊ ကျော်လင်းစာပေများကို ဦးစီးပြီး လက်ဝဲစာပေ ဘာသာပြန်များထုတ်ဝေခဲ့ရုံသာမက သိန်းဖေမြင့်၏ နာမည်ကျော် “အရှေ့ ကနေဝန်းထွက်သည့်ပမာ” ဝတ္ထုကြီးကိုလည်း ၁၉၅၈ က ထုတ်ဝေပေးခဲ့သည်။ 

၁၉၅၈-၆ဝ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းအစိုးရခေတ်တွင် အခြားမြေပေါ် လက်ဝဲနိုင်ငံရေးသမားများ နည်းတူ ဦးအုန်းမြင့်လည်း ပုဒ်မ ၅ ညဖြင့် ကိုကိုးကျွန်းအပို့ခံခဲ့ရသည်။
အရေးအခင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပွဲဦးထွက်ကာလတွင် အထူး အားပေးစောင့်ရှောက်ခဲ့၍ နဝတအာဏာသိမ်းအပြီး ၁၉၈၉ ဇူလိုင်တွင် ဦးအုန်းမြင့်အဖမ်းခံရကာ ၃ နှစ်ခွဲ ထောင်ထဲနေခဲ့ရသည်။ 

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ ကျဆုံးသည့်အထိ သူ့တပည့်ရင်း ဦးအုန်းမြင့်က “သူ့အကြောင်း ကျနော် မှတ်မိသိရှိသမျှ” ဆောင်းပါးများ ရေးသားခဲ့သည်။ ဘီဘီစီရုပ်မြင်သံကြားမှ တင်ဆက်သော ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုအကြောင်း Who Killed Aung San? မော်ကွန်းတင် ရုပ်သံ ဇာတ်လမ်းတွဲတွင်လည်း ဦးအုန်းမြင့်နှင့် တွေ့ဆုံခန်းကို ကြည့်ရှုနိုင်သည်။ လူငယ်များကို နိုင်ငံရေး သမိုင်းဆက် မပြတ်စေလို၍ အစဉ်ပြောဆိုရေးသားနေခဲ့သည်။ 

“ထောင်အရသာ” စာအုပ်ကို သခင်သန်းထွန်း၊ သခင်တင်မြ၊ သခင်မျိုးညွန့်၊ သခင်အေးကြူတို့နှင့် အတူ စုပေါင်း ရေးသားခဲ့သေးသည်။ 
wikimyanmar မှ ကူးယူဖော်ပြသည်

တပ်မတော်အစ တို့ဗမာအစည်းအရုံးက


တပ်မတော်၏အမြုတေ ရဲဘော်သုံးကျိပ်

ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ

ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ
General Aung San's Speeches 

  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှားပါးမိန့်ခွန်းများ..... by Min Kyaw Khine

သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များ

သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များ (ဒဂုန်တာရာ)

ဇူလိုင် ၂၅၊ ၂၀၁၂
၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ် ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။ သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူ များ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ကတ္တရာ စေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာသေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များသည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံ မှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍ ၀ါသော၊ ဖြူသော၊ မဲသော၊ ကွက်သော ဗိုက်သားတို့ကို ဖော် ပေးထားကြ၏။ ဖဲပြားအနက်ကြီးသည် တွန့်ကာ ချိုင့်သွား၏။ သစ်ကိုင်းများသည် ကျနော့်ကို လာ၍ ထိခတ်သည်။ ခြင်္သေ့ကြီး ၂ ကောင်သည် လည်ဆံမွေးထလျက် ကျနော့်ထံ ပြေးလာလေပြီ။ အလို….။
“ဖြေးဖြေးမောင်းပါဗျာ”
ကားမောင်းပို့သူ စစ်ဗိုလ်သည် ပြုံးမြမြလုပ်နေ၏။ ကားအရှိန်သည် အနည်းငယ် လျော့လာသည်။ မဟာရွှေစေတီကြီးမှ ရွှေရောင်သည် မြင်ကွင်းကို လာ၍ ရိုက်လိုက်သည်။ စိမ်းသော သစ်ကိုင်းများသည် ငုံ့မိုးညွတ်ကိုင်းနေရမှ အပေါ်သို့ ပြန် တက်သွားကြလေပြီ။ လမ်း၏ လက်ဝဲဘက်မှ ဆရာကြီး မဟာသခင်ကိုယ်တော်မှိုင်း၏ဂူကို လှမ်းမြင်လိုက်ရသည်။ စော စောက သွေးအားနည်းနေသဖြင့် မူးဝေသော ဝေဒနာသည် လွင့်သွားလေပြီ။ ကျနော့်ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ ဖြူသော ကျောက်ဖြူဂူကြီးသည် မားမားကြီး ရပ်တည်လျက်၊ လေးဒေါင့်တိုင်ကြီးများသည် ကျနော့်အား သူ့လိုမတ်ရန် အားစွမ်းကူးပေးလိုက်သည်။ မျက်နှာစာမှ စာအုပ်၊ ဒေါင်း၊ ချိုးဖြူ၊ တူတံစဉ် အထိမ်းအမှတ် သဏ္ဌာန်ကို ဖျတ်ခနဲမြင်ရင်း၊ ဖျန်းကနဲ၊ ဖျန်းကနဲ မွှေးညင်းတို့ထောင်ကာ၊ သွေးတို့သည် နှလုံးသည်းပွတ်အကြောတလျှောက် စီးဆင်းလာကုန်သည်။ ရင်တဒိတ်ဒိတ် ခုန်လာပြန်သည်။ ကဗျာ၊အမျိုးသား လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ အလုပ်သမား၊ လယ်သမားတို့၏ ပြည်သူ့ အာဏာ ရရေး။ ကျနော်သည် ရင်ခုန်သံဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အလေးပြုရင်း၊ ကားသည် ဆက် မောင်းနှင်သွားသည်။
ရွှေတိဂုံစေတီတော် ပြသဒ်တန်ဆောင်များသည် တရိပ်ရိပ် နောက်တွင် ကျန်ရစ်ခဲ့ကြပေပြီ။ ကျနော့်အာရုံထဲတွင် အလုပ် သမား၊ လယ်သမား လူထုကြီးသည် သိင်္ဂုတ္တရကုန်းမြေသို့ ချီတက် စုဝေးနေကြသည်။ အတိတ်မှ အသံများ ပဲ့တင်ထပ် လာသည်။ ၁၃၀၀ ရာပြည့် အရေးတော်ပုံမှ အသံများ၊ နယ်ချဲ့အစိုးရ ကျဆုံးပါစေ၊ ဓနရှင်စနစ် ပျက်စီးပါစေ၊ သူပုန်သူပုန် ထထ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့၊ အရေးတော်ပုံ အောင်ပါစေ၊ ဗဟန်းမြေမှ သစ်ပင်တို့ကို တရိပ်ရိပ် ဖြတ်သန်းခဲ့သည်။ ကန် တော်ကြီး ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကုန်ကြသည်။ ဖဆပလခေတ်က ပြည်ထောင်စုကလပ် အဆောက်အဦသည် ရိပ်ကနဲ နောက်တွင်ကျန်ရစ်သည်။ ဘိလိယက် ဘောလုံးချင်း ထိသံ၊ မာကျောက်ဖဲမွှေသံ၊ အငြိမ့် မင်းသမီး ညုသံ၊ မူရာသံ၊ ပူဆာသံ၊ ဖန်ခွက်ချင်းထိသံ၊ ရေစီးသံ၊ အော့သံ၊ အံသံ။
ကားသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ ကားသည် ကျိုက္ကစံကို ကွေ့လိုက်သည်။ မြင်းပြေးသံ၊ ဘရင်လေးကွ အော်သံ၊ ဟစ်သံ၊ ကျနော့် နားထဲတွင် အသံဘလံ အားလုံးတို့သည် ရောယှက်စီညံနေသည်။ ဤရာဇ၀င် ကားချပ်များသည် တခု နှင့်တခု ဇောက်ထိုး ပြောင်းပြန်ထပ်ကာ နောက် ကစဥ့်ကလျား ဖြစ်သွားကြသည်။ ကျနော်ကား ရင်တဒိတ်ဒိတ်ခုန်လျက် … ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာတေးသံသည် ရာဇ၀င်အာရုံ အားလုံးကို လွှမ်းမိုးလိုက်သည်။
“ကောင်းကျိုးအထွေထွေရယ်နဲ့
ချွန်စေ မြစေသော
ဒေါင်းအိုးဝေရယ်နဲ့
တွန်စေ ကစေသော…….”
(၂)
ကျနော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတွေ့ကြုံကာ သိကျွမ်းရသောအခါ ကျောင်းသားဘ၀ အသက် (၂၀) အရွယ် က ဖြစ်သည်။ ထိုအခါက ဆရာကြီးမှာ အသက် (၆၅) အရွယ် ဖြစ်လေရာ၊ ကျနော့်ထက်များစွာ ကြီးသည်။ကျနော်သည် ဆရာကြီး ကဗျာ၊ ဋီကာ၊ ဂဏ္ဍိ စသောစာပေများကို ဖတ်ခဲ့သည်မှာ ၇-၈ တန်း ကတည်းကဖြစ်သည်။ ဆရာကြီး၏ စာများ ကို လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ၀တ္ထုများလောက် မစွဲငြိခဲ့။ ထိုအခါက အနုအယဉ်၊ အနွဲ့အပျောင်းတို့ကိုသာ တပ်မက် ခဲ့၏။ ကျနော့်မှာ အိမ်တံစက်မြိတ်မှ မထွက်ခဲ့။ ပန်းပွင့်များသာ အလှဟု ထင်လျက်ရှိသည် ငွေလရောင်သည် ကမ္ဘာကြီးဟု အောက်မေ့ခဲ့၏။ ၁၉၃၆- ကျောင်းသားသပိတ်ပြီးသောအခါမူ ဆရာကြီး၏ ဒေါင်းဋီကာကို ရှာဖွေရမှန်း သိလာပေပြီ။ ဘွိုင်း ကောက်ဋီကာ စာအုပ်ကိုလိုက်ရှာလာပေပြီ။ ကျောင်းသားသပိတ် အတွေ့အကြုံသည် ကျနော့်အား ဆရာကြီးထံပါးသို့ ပို့ ဆောင်လိုက်လေပြီ။
“သြ… ဝေးခရီးကပေမယ့်
အရေးကြီးလျင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့
………………………..
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်မှ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာထားလိုက်ကြပေတော့”
လူထုလှုပ်ရှားမှုထဲမှ ထွက်လာသော ဆရာကြီး၏ တေးသံကို ခံစားရမှန်း သိလာပေပြီ။ဆရာကြီးသည် အခန်းတံခါးကို ပိတ်၍ ကဗျာရေးသူလော၊ မဟုတ်ပေ။ ဗဟန်းကောလိပ် (၀ါ) အမျိုးသားတက္ကသိုလ်၌ မြန်မာစာပေ၊ ရာဇ၀င်ပါမောက္ခ အဖြစ် နယ်ချဲ့ဆန့်ကျင်ရေး၊ ပညာရေးသူပုန် ပါမောက္ခလုပ်နေသည်။ ထို့ကြောင့်သာ မင်းရို့ဆရာကို စာရင်းတို့ကာ ထား လိုက်ဖို့ မှာကြားခဲ့ခြင်း ဖြစ်သည်။ ထိုအခါ ဆရာကြီး စိတ်ကူးရည်မှန်းချက်ထဲ၌ …
“မြှောက်လိုက်မကွယ့်
မောက်လိုက် မဟဲ့လို့
ဆောက်လိုက်မဲ့ ယူနီဗာစီတီတွေအများ”……..စသည်ဖြင့်
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားတက္ကသိုလ်များကို တမ်းတခဲ့ပေသည်။ ထိုအခါက ၁၉၀၀ ကျော် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းများ စတင်ဖွဲ့စည်းကာ ညီညွတ်စည်းလုံးလာခဲ့သော အမျိုးသားအင်အားကြီး (၀ံသာနု) သည် ၁၉၂၀ ပထမ ကျောင်းသားသပိတ်၌ တံခွန်စိုက်ခဲ့သည်။ ထိုအခါနယ်ချဲ့သမားက ဒိုင်အာခီအုပ်ချုပ်ရေးဖြင့် ငါးထောင်စား ၀န်ကြီးရာထူး များပေးကာ အမျိုးသားညီညွတ်ရေးအင်အားကို ဖြိုခွဲလိုက်လေသည်။ ဂျီစီဘီအေ ခေါ်သော မြန်မာအသင်းချုပ်ကြီးမှာ ဆက်လက်၍ ရာထူးသပိတ်မှောက်ကာ ကိုလိုနီဆန့်ကျင်သောအပိုင်းနှင့် ရာထူးယူပြီး “အတွင်းဝင်ပူးသတ်ရမည်” ဟုဆို သော စေ့စပ်ရေး အပိုင်းဟူ၍ ၂ ခြမ်းကွဲသွား လေတော့သည်။ (လှိုင် ပု ကျော် ဂိုဏ်းနှင့် ၂၁ ဦး) ယင်းသို့ ညီညွတ်ရေး ပြို ကွဲသောအခါ ဗဟန်းကောလိပ်သည်လည်း ပျက်ရလေတော့သည်။ ထိုအခါ ဆရာကြီးက…..
“လှိုင်-ပု-ကျော် သပိတ်သမားတွေရဲ့အပြင်
ပဋိက္ကရား နှူးကာနှပ်သလိုပ
နှစ်ကျိပ်တပါး မူးလျာမတ်တွေကလဲ
ပူးကာသတ်မယ် ကောင်စီဝင်လို့မို့
အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က
တကောင်တကောင်ထီမထင်
ဇွဲမာမာနဲ့ဝှေ့ကြလေတော့……” ဟု
ညီညွတ်ရေးပျက်ပြားမှုကို ဒေါသဝေဒနာ ခံစားခဲ့ လေသည်။ ၁၉၃၀-၃၁ ၌ ရာဇ၀င်မြောက်သော ဂဠုန်ဆရာစံ၏ တောင် သူလယ်သမား လက်နက်ကိုင်သူပုန်ကြီး ပေါ်ပေါက်လေသည်။ ဆရာကြီးသည် ယင်း လယ်သမားသူပုန်ကြီး အား…
“ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာဂတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့”
ဟု အလေးပြုခဲ့ပေသည်။လယ်သမားသူပုန်ကြီးပြီးနောက် ဒို့ဗမာအစည်းအရုံး ပေါ်လာရာ၊ ဆရာကြီးသည် ရေနံချောင်း သခင်ညီလာခံသို့ တက်ရောက်ကာ “မစ္စတာမောင်မှိုင်း” အမည်စွန့်၍ “သခင်” အမည် ခံလိုက်လေသည်။
“ဒို့ဗမာတခွင် သခင် ထိုအကျော် အမော်ဂိုဏ်းတွင်ဖြင့်
မျှိ့ ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုတနှိုင်းပေပ ဇမ္ဗူသမိုင်းပျော်စရာအခြေ
အိုကွယ်… သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ…”
၁၃၀၀- ပြည့် အရေးတော်ပုံဟု ထင်ရှားသော ၁၉၃၈-၁၉၃၉ အထွေထွေသပိတ်ကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာရှင်တို့ လက်တွဲသော ပြည်သူ့အာဏာခေတ် သို့ ဦးတည်သော လူထုလှုပ်ရှားမှုကြီးဖြစ်ရာ ဒို့ဗမာအ စည်းအရုံးနှင့် ကျောင်းသားသမဂ္ဂသည် တော်လှန်ရေးတပ်ဦး ဖြစ်လာသည်။ ဆရာကြီးသည် ယင်း နယ်ချဲ့ဆန့်ကျင်ရေး အင်အား ဘက်မှ မားမားမတ်မတ် ရပ်ခဲ့ပေသည်။
“သြော်…. အထက်နဂိုက
ပျက်ပြိုလို့ကျခဲ့တဲ့
ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
………………………………
အိုကွယ် တက်မဟ အတင်းဟေ့လို့
အကွက်ကျကျ နင်းနင်းပြီး
ခက်သမျှရှင်းပေမည့်
သတင်းဒေါင်းအိုးဝေ”
ကျနော်သည် ဆရာကြီး၏ ကဗျာများကို ခံစားရမှန်းသိစ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ အတွင်း၌ ဆရာကြီးနှင့် သိကျွမ်းလာ ခဲ့ရသည်။ ဆရာကြီးမှာ ကျနော်တို့ဘက်က ပါကလား ဟူသော အသိသည် ဆရာကြီး၏ ကဗျာကို ခံစားရမှန်း သိစေ သည်။
(၃)
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေးဘက်ကသာ နေသည်။ ကျနော် တို့မီသော ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။ ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။
ဝံသာနု လှုပ်ရှားမှု တိုးတက်နေစဉ်က…
“သြော်…… ပြေအမှုပေမို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့်……” ဟု
ဘိလပ်သွားအဖွဲ့ကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်း ၀ံသာနုအဖွဲ့ပင် ဒိုင်အာခီရာထူးပေးကာ နယ်ချဲသမားနှင့် စေ့စပ်ပူး ပေါင်းသွားသောအခါ….
“ခွေးရူးပြန် မသာ၏ အလောင်းလိုပ
အခါအလှည့် မကောင်းစေဘို့
အစားချောင်စရာကြံ
မယားတောင်ညာခံတွေနှင့်
စံသည်တကား
အိုကွယ်… ငါးထောင်သပြာစားမာန်ရယ်နှင့်
မာန်ဖီဖီပွါး” ဟူ၍
ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချခဲ့ပေသည်။ဂျပန်ခေတ်၌ကား ကျနော်သည် ဆရာကြီးနှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ ဒို့ဗမာအစည်းအရုံး ဥက္ကဋ္ဌဟောင်း သခင်တင်မောင်နှင့်အတူ သွားတက်နေကာ တခါတရံ ဆရာကြီး၏ အိမ်မှာပင် ညအိပ် ရသည်။ နေ့လယ်နေ့ခင်းတွင် ဆရာကြီး၏ လက်ဖက်ဝိုင်း၌ ထိုင်မိကာ စာပေရေးရာ၊ နိုင်ငံရေးရာ ရှေးဟောင်းနှောင်းဖြစ်များကို ကြားနာခဲ့ရသည်။ ဆရာကြီးမှာ အသက်ထင်ရှားရှိနေသော အမျိုးသားလွတ်မြောက်ရေး ရာဇ၀င် ဂန္ထ၀င် ကျမ်းကြီး တဆူ ဖြစ်ပေသည်။
ဆရာကြီးသည် ဖက်ဆစ်ခေတ် အတွေ့အကြုံကို…
“ကြမ္မာဝေဖန် ကောက်ကျစ်တဲ့ အကျိုးပေထင့်
မဟာရွှေဂျပန် စောက်ကျင့်ဆိုးသော်လဲ
ပဂိုးငရမန် ပုဂံမှာ မှားသလိုပ
သြော်… ရှေးရဲ့အဖို့မှာတော့
ဘုရင် အကျော်အမော် ဧကရာဇ်တပါးပေပေါ့
အို… အဓိပတိကြီးရဲ့
မအေးစဖွဲ့ အရေးနွဲ့ရှာသနဲ့
သြော်… တွေးတဲ့လို့ တင်နော်ဟေကာသနား။
(၀ါ) တနည်းတထွေမှာတော့
နေမျိုး နေမျိုး သဝေထိုးလေပြီတကား”
စသည်ဖြင့် ဟာသဉာဏ်ဖြင့် သရုပ်ဖော်ထားပေသည်။ လွတ်လပ်ရေး ရသောအခါ ဆရာကြီးသည်…
“လောကသမားပီပီ သခင်တပဲ့တွေနဲ့
အတွင်လှဲ့ကာ တောင်ခြေကဆင်းပြီး
အောင်မြေနင်းပါလို့
အပင်းအဆိပ် စားသကဲ့သို့သော
အင်္ဂလိပ်များကို ဂျောင်းလကွ ဂျောင်းလကွာနှင့်
မောင်းကာ ထုတ်လိုက်သမို့
အဟုတ်ပင် တကယ်လွတ်သော်လဲ
ဘယ်ဝဋ်ဖန်သာ ကံကြမ္မာပေးလေဘိ
သြော်… အင်္ဂလန်က၊ ယခင်အဖန်ဖန်
တင်ပြန်တယ်ဆိုတဲ့ ကြွေးတွေရဲ့အပြင်
ငွေမရှိပြန်လျှင်၊ အမေရိကန်ထံချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာဖြင့်
ပြေရွာမှာ သေတာလောက် မကောင်းချိန်မို့” စသည်ဖြင့်….
နိုင်ငံရေး အရ လွတ်လပ်သော်လည်း စီးပွါးရေးအရ မလွတ်လပ်ပုံကို နားလည်ပေသည်။ လွတ်လပ်ရေးရပြီး ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သောအခါ ဆရာကြီးသည် ငြိမ်းချမ်းရေးဗိသုကာ ဖြစ်လာတော့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်း ချမ်းရေး အဖွဲ့အစည်းတို့၌ ဦးစီဦးကိုင် ဖြစ်လာပေသည်။ ပြည်တွင်း မငြိမ်းမချမ်းဖြစ်သည်နှင့်ပတ်သက်၍ ဆရာကြီးက ..
“ဒို့ဗမာ သခင်ဗဟိုဝယ်
ဒို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့
အလိုမငယ် ဆိုရှယ်လစ်ကယ်နှင့်
တံခွန်တလူလူ ကွန်မြူနစ်ကယ်တို့
မချစ်သာ မေတ္တာကင်းပြန်သနဲ့
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး
မင်းပွဲအတုမှာ ထမင်းပွဲလုကာ လယ်မျိုခဲပါလို့
ပွဲချင်ပြီး အသေအကြေ၊ တအူအူအသံဗလံနှင့်
တဆူဆူ တညံညံကိုက်ကြ၊ တိုက်ကြ၊ မိုက်ကြတော့”
စသည်ဖြင့် ဒို့ဗမာ သခင်ခေတ်က တပည့်ကျော်များအား ကရုဏာဒေါသော ဖြစ်ရပြန်လေသည်။
(၄)
၁၃၀၀- ပြည့် အရေးတော်ပုံမှ စ၍ ၁၉၆၃- အထိ အနှစ်အစိတ်လောက်သော ကာလအတွင်း ကျနော်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထွန်းညှိခဲ့သော မီးရှူးတန်ဆောင် လင်းပြရာ လမ်းမ၌ လျှောက်ခဲ့ရပေသည်။ ဆရာကြီး၏ လက်ဖက် ၀ိုင်း၌ စကားနာသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ ဆရာကြီး၏ လက်ထောက်၊ နိုင်ငံခြားသို့ အစည်းအဝေးတက်၊ မိတ်ဆက်ချစ်ကြည်ရေးခရီး အတူသွားရသူ၊ မြစ်ဝကျွန်းပေါ်နှင့် အညာတခွင် ငြိမ်းချမ်းရေး ခရီးစဉ်၌ အတူပါရသူ၊ စသည် အားဖြင့် ဆရာကြီးထံပါး၌ နေခဲ့ရသည်။ ထိုအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကိုနားလည်ကာ ခင်လာ ပါတော့သည်။ ထိုပုဂ္ဂိုလ်ကား ပြည်သူ့ခေါင်းဆောင် ပြည်သူ့ကဗျာဓိုရ်ကြီး ဖြစ်သည်။ ထိုအခါ ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏ ကဗျာတရားတို့ကို မင်လာပါတော့သည်။ ပုဂ္ဂိုလ်နှင့်တရားကို တခြားစီ ခွဲ၍ မရပါ။ ရှင်းပါအံ့။
ကျနော်တို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၌ တော်လှန်ရေးအကွေ့များကို ဖြတ်ကျော်ခဲ့ကြရသည်။ တကွေ့တ ကွေ့တွင် ခေါင်းဆောင်မှုပိုင်း၌ ဖောက်ပြန်ရေး၊ စေ့စပ်ရေးအစုနှင့် တိုးတက်သော တော်လှန်သော အစုတို့ လမ်းခွဲသော အခါတိုင်း ဆရာကြီးသည် တိုးတက်သော တော်လှန်သောဘက်က ရပ်တည်သည်။ ထိုအခါ ဆရာကြီးသည် ကဗျာဖြင့်
ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချကဲ့ရဲ့ကာ တိုးတက်သည့်ဘက်ကို ဂုဏ်ပြုသည်။ ထိုအကွေ့၌ ဖောက်ပြန်ရေးသမားများ ကို ထားရစ်ခဲ့ကာ တော်လှန်ရေးသမားများနှင့် လက်တွဲ၍ ဆက်လက်ချီတက်သွားသည်။
ထို့အတူ နောက်တကွေ့တွင်လည်း ယခင်တကွေ့တုန်းက တိုးတက်ခဲ့သောခေါင်းဆောင်မှုသည် ဖောက်ပြန်လာသောအ ခါ သူတို့ကိုလည်း ထားရစ်ခဲ့ရပြန်ကာ တော်လှန် ရေး အင်အားသစ်ဘက်နှင့် လက်တွဲဆက်လက် ချီတက်သွားပြန်သည်။ ထို့ကြောင့် ဆရာကြီးအား အမြဲတမ်း တိုးတက်သည့် ဘက်၊ တော်လှန်သည့်ဘက်တွင် မြင်နေရခြင်း ဖြစ်သည်။ ထို့ ကြောင့်ပင်လျှင် ဆရာကြီးနှင့် ၀ံသာနုခေတ်က လုပ်ဖော်ကိုင်ဖက် အသက် ၈၀ ကျော်အရွယ် ခေါင်းဆောင်အိုကြီးများမှာ သူတို့၏ရာဇ၀င်ခန်းကုန်၍ နောက်တွင်ကျန်ရစ်ခဲ့စဉ် ဆရာကြီးမှာ အသက် ၁၄-၅ နှစ် တက်သစ်စ တိုးတက်တော်လှန် သော ကျောင်းသားလူငယ်များနှင့် လက်တွဲလျက် ရှိနေပေသည်။
ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်းခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။ ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်း ဖြစ်သည်။ ဖိနှိပ်သောလူတန်းစားဘက်၊ အုပ်စိုးသောဘက်က ဆရာကြီး ဘယ်တော့မှ မနေ။
တချိုက ဆရာကြီးကို
“ခေါ်ရင်လိုက်တာပဲ၊ ခေတ်မမီတော့ဘူး၊ အတိုက်အခံ နိုင်ငံရေးပါတီတွေက အသုံးချနေတာ” ဟု ယူဆကြသည်။ ကျနော်က ဤကဲ့သို့ မမြင်။ ဆရာကြီးသည် အံ့သြဘွယ်ရာ ကောင်းလောက်အောင်ပင် ပါးသည်။ ထက်မြက်သည်။ အ ခြေအနေကို သိမြင်နေသည်။ အဖိနှိပ်ခံဘက်ကခေါ်လျှင်သာ လိုက်သည်။ တိုးတက်သော ဘက်၊ တော်လှန်သောဘက်၌ အမြဲတမ်း တည်ရှိသော ဆရာကြီးထက် မည်သူက ခေတ်မီဦးမည်နည်း။
ဆရာကြီးအား နိုင်ငံရေးပါတီများက အသုံးချသည်ဟူသော ထင်မြင်ချက်နှင့် ပတ်သက်၍ ဆရာကြီး၏ စေတနာမှာ မှတ် သားဖွယ်ကောင်းလှ၏။ တခါက ဆရာကြီးသည် ကွမ်းစားရင်း “ဟေ့ တာရာ၊ ဆရာ့ကို အသုံးချတယ် ဘာတယ် ညာ တယ် ပြောကြတာ ဆရာသိသားပဲ၊ ဒီမယ် တာရာ ရ၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဆရာ့ကို အသုံးချကြစမ်းပါ ဆရာခံပါ့ မယ်”
ကျနော့်မှာ ဆရာကြီး၏ စကားများအတွက် ရင်ထဲတွင် ကြေကွဲထိခိုက် မိလာသည်။ ဆရာကြီးသည် အခြေအနေနှင့် ဘယ်တော့မှ မကင်းကွာ၊ အမြဲတမ်း နောက်ဆုံး အခြေအနေကို သိပြီး ဖြစ်နေသည်။ ဆရာကြီးသည် ရှုပ်ထွေးပွေလီ သော၊ မဲနက်သော နိုင်ငံရေး ၀င်္ကပါများကို သိသည်။ ဆရာကြီး၏ နိုင်ငံရေး အတွေ့အကြုံကား ကျနော်တို့၏ အမျိုးသား လွတ်မြောက်ရေး သမိုင်း လောက် သက်တမ်းရင့်သည် မဟုတ်လော။ ဆရာကြီးသည် တခါတရံ…
“သြော်… သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တခုယုတ်အတွင်းတွင်မှ
သြော်… တက်ခေတ် တက်ခေတ်နှင့်
တဖက်ဖက် ညစ်ချင်တဲ့
ဖက်ဆစ်သဖွယ် ယခုတသုတ်မင်းတွင်ဖြင့်
အပြု ကျွန်ပ်မကင်းသူတွေနဲ့
ဘုရားထဲ တရားပွဲသဘင်
(အိုကွယ်) ဘသူ့အရှုပ်အရှင်းကိုမှ
ကြားလဲ မကြားချင်။
သြော်… ဘုရားအလုပ် တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်” စသည်ဖြင့်
ညည်းမိသည်မှာ ဓမ္မတာပင် ဖြစ်သည်။
ဆရာကြီး၏ ဘ၀အတွေ့အကြုံကား ကုံလုံကြွယ်ဝလှသည်။ ဆရာကြီး၏ ဘ၀ မာတိကာစဉ်ကား များထွေလှသည်။ ဘုန်း ကြီးကျောင်း စာသင်သား၊ အညာခရီးသည်၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ရာဇ၀င်ကျမ်းပြုဆရာ၊ စာပေကျမ်းပြုဆရာ၊ ၀တ္ထုရေးဆရာ၊ ပြဇာတ်ဆရာ၊ မြန်မာစာပါမောက္ခ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဒို့ဗမာအစည်းအ ရုံး နာယက၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဋ္ဌ၊ စတာလင် နိုင်ငံတကာ ငြိမ်းချမ်းရေးဆုရ၊ အင်္လကာကျော်စွာ ဘွဲ့ရ၊ ဂျာမဏီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ။
ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို ခင်ပြီးနောက် ဘာကြောင့် ဆရာကြီး၏ ကဗျာတရားတို့ကို မမင် ဘဲ နေနိုင်မည်နည်း။ ဆရာကြီးသည် သူရေးသည့်အတိုင်း လုပ်သည်။ ဆရာကြီး၏ တရားသည် ဆရာကြီး၏ အလုပ်မှ ထွက်ပေါ်လာသည်။ ဤအချက်မှာ အထူးခြားဆုံးဖြစ်၏။ နိုင်ငံရေးလောက၌ ပြောသလို လုပ်သူ ရှားသည်။ အပြော တ ခြား အလုပ်တခြားက များသည်။ ပုဂ္ဂိုလ်နှင့်တရား ဘာမျှမဆိုင်ကြ။
ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှနေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား အလုပ်သမား တံဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌ နေကာ ပြည်သူတို့၏ ရင်ခုန် သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး ရဲတင်းသံကြောင့် ပြည်သူတို့ အားသစ်လန်းရသည်။ဆရာကြီး၏ ကဗျာများကို လေ့လာခြင်းသည် ပြည်သူ့ စာပေ၏ သဘောတရားကို လေ့လာခြင်း မည်ပေသည်။ ဆရာကြီးသည် ကဗျာအတွက် ကဗျာရေးသူ မဟုတ်ပေ။ ဆရာ ကြီးသည် ပိဋိကတ် စကားများကို မသုံးနှုန်း၊ အရပ်စကား လူထုစကားကိုသာ သုံးသည်။ ကဗျာကို က၀ိ၏ ဥစ္စာဟု ခက် ခဲနက်နဲအောင် ဘယ်တော့မှ မကြီးကျယ်၊ မ၀င့်ဝါ။ ထိုကြောင့် ဆရာကြီးသည် မဟာသခင်ကိုယ်တော်မှိုင်း။ ကျနော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ရဲတင်းသံကို ကြားရင်း ရင်ခုန်လာသည်။ သွေးသစ်တိုးလာသည်။
(၅)
ဒတ်ဆန်းကားလေးသည် ၃ နှစ်ကျော် ကွဲကွာနေခဲ့သော လမ်းကလေးသို့ ချိုးဝင်လိုက်သည်။ စိမ်းသောသစ်ပင်များသည် မြရွက်တို့ဖြင့် မြူးကနေကြသည်။ သစ်ရိပ်ပြောက်ကျားထဲမှ နေ၀န်းနီနီသည် ကျနော့်ထံပြေးလာ၏။
ဒဂုန်တာရာ
ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၇၊ ဇူလိုင်။
ဒဂုန်တာရာ ရဲ့ “စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်”
၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်
Artist; Shwe Kyaw Lin
မြန်မာ့နိုင်ငံရေး နယ်ပယ် မှ ထင်ရှားသော ခေါင်းဆောင် အားလုံးကို
သခင်ကိုယ်တော်မှိုင်း မျက်နှာတွင် ထည့်သွင်းဖော်ပြထားသည် ပန်းချီ
Khaing Soelynn ဖေ့စ်ဘုတ်မှ … 
နေ့သစ်ဝက်ဆိုက်က ထပ်ဆင့်ကူးယူသည် …

အာဇာနည်ဆိုတာ ဘာလဲ။

အာဇာနည်ဆိုတာ ဘာလဲ။

ဤမေးခွန်းကိုဖြေရန် မလွယ်ကူလှပေ။ များမကြာမီက ဤစာရေးသူသည် ပညာရှိပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့၍ "ဦးရယ်၊ အာဇာနည်ဆိုတာ ဘာလဲ" ဟု မေးလိုက်ရာ၊ ထိုပုဂ္ဂိုလ်ကြီးက "စွန့်ရဲတဲ့လူပေါ့မောင်" ဟု ပြန်၍ ဖြေလိုက်သည်ကို ကြားရပါသည်။ ထိုပုဂ္ဂိုလ်ကြီးသည် မေးခွန်းကို ခပ်ပေါ့ပေါ့ဖြေလိုက်ဟန် လက္ခဏာရှိလေသည်။ ဤအဖြေကို ယခုစာရေးသူသည် ကောင်းစွာ လက်မခံနိုင်သေး။

စွန့်ရဲတဲ့လူသည် အာဇာနည်ဟုဆိုလျှင် တစ်ခါတုန်းက စာရေးဆရာကြီး ပီမိုးနင်း၏သား ကျော်စိုးသည် ရည်းစားလုရာတွင် တစ်ဖက်သားက ဓားမြောင်နှင့် စောင့်နေသည်ကို အသက်မနှမြောဘဲ အတင်းဝင်လုရာမှ ဓားထိုးခံရ၍ သေသွားသည်။ ကျော်စိုးသည် စွန့်ရဲသောသူတစ်ဦးပင် ဖြစ်သည်။ သို့အတွက် ဤကျော်စိုးကို အာဇာနည်ဟု ခေါ်ရမည်လော။

မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော တပင်ရွှေထီး၏ နားထွင်းခဏ်းကို မြန်မာတိုင်း ကြားဘူးပေလိမ့်မည်။ ဤနားထွင်းပွဲကို လိုက်ပါရန်အတွက် လူစွမ်းကောင်းများကို ဘုရင့်နောင်ကိုယ်တိုင် ရွေးချယ်သည်။ လက်မထိပ်ကို အပ်ရိုက်ပြီး သွင်းလိုက်သည့်အါ မတွန့်မရွံ့သူကိုမှ ရွေးချယ်သည်။ ဗလရဲထင်၏ အလှည့်သို့ ရောက်သောအခါ ယောင်၍ မျက်နှာရှုံ့လိုက်မိသဖြင့် အပယ်ခံရ၏။ ထိုအခါ ဗလရဲထင်သည် အလွန်ရှက်သွားသောကြောင့် သူ့ခါးထဲမှ ဓားမြောင်နှင့် သူ့ဗိုက်ကိုခွဲလိုက်၍ ထွက်လာသော အူစကို ဘုရင့်နောင်အား အကိုင်ခိုင်းပြီးလျှင် ဘုရင့်နောင်ကို တစ်ပတ်ပတ်၏။ အူဆုံးသည့် နေရာတွင်မှ လဲ၍သေလေသည်။ ဤသူကိုလည်း အာဇာနည်ဟု ခေါ်မည်လော။

ယိုးဒယားကို တိုက်၍ နိုင်ခဲ့သော ဆင်ဖြူများရှင်ကိုပင် ယိုးဒယားကို အနိုင်တိုက်နိုင်ခဲ့သည့်အတွက် အာဇာနည်ဟု ခေါ်ရမည်လော။

ကျော်စိုးတို့ကဲ့သို့သော သူကို အာဇာနည်ဟူ၍ ခေါ်ရမည်ဆိုလျှင် ဤကမ္ဘာကြီးတွင် ရည်းစားလုရင်း မကြာခဏ သေဆုံးနေကြသော အာဇာနည်တွေ ဒုနှင့်ဒေး ဖြစ်၍နေလိမ့်မည်။

ဗလရဲထင်လို ရှက်ရမ်းရမ်းကာ သေကြသူပေါင်းမှာလည်း မရေတွက်နိုင်အောင် ပေါများကြလေသည်။

ယိုးဒယားတည်းဟူသော ကိုယ့်ထက် အားသေးသည့် နိုင်ငံတစ်နိုင်ငံကို နိုင်အောင် တိုက်ယူနိုင်သည့်အတွက် ဆင်ဖြူများရှင်ကို အာဇာနည်ဟု ခေါ်ရမည်ဆိုလျှင် အင်္ဂလိပ်တွေ လက်ထဲမှာလည်း အာဇာနည်တွေ လက်ညှိုးနှင့်ထိုး၍ လွဲနိုင်တော့မည် မဟုတ်ပေ။

ကမ္ဘာ့သမိုင်းကို ကြည့်လျှင် ပီရူးနိုင်ငံတော်ကြီးကို တိုက်ယူရသော ပိဇာရိုးမှာ အတော်စွန့်ရရှာသည်။ သို့ရာတွင် သူများ၏ နိုင်ငံကို လိုချင်သော လောဘဇောက တိုက်တွန်းထားသဖြင့် သူ၏သတ္တိ၊ စွန့်ရဲသောစိတ်ဓာတ်တို့မှာ အာဇာနည်စာရင်းတွင် မပါဝင်နိုင်တော့ချေ။ သူတစ်ဖက်သား၏ ပစ္စည်းဥစ္စာကို အာသာငမ်းငမ်းတက် လိုချင်ကြသောကြောင့် စွန့်စားကြသည့် စိတ်ဓာတ်နှင့် သတ္တိတို့ကို သူခိုး ဓားပြတွေထဲတွင် မကြာခဏ တွေ့နိုင်ကြပေသည်။ စစ်အနိုင်ရကာ လုယက်ရသည်ကို သဘောကျ၍ စစ်ဝင်တိုက်ကြသော အောက်တန်းစား စစ်သားမျိုးထဲတွင်လည်း အဆိုပါစိတ်ဓာတ်နှင့် သတ္တိမျိုးကို မကြာခဏ တွေ့နိုင်ကြလေသည်။

အချို့ကလည်း ကြွားချင်ဝါချင်သောစိတ်နှင့် စွန့်ရဲကြသူများ ရှိကြသေးသည်။ ဥဒါဟရုဏ်အားဖြင့် အင်းတံတားကြီးပေါ်မှ ဂျွမ်းထိုးချသူများမှာလည်း စွန့်ရဲသည့်စိတ် အတော်အတန်မရှိဘဲ မလုပ်နိုင်ချေ။ မက်ဆီမီလီယန် ဧကရာဇ်ဘုရင်ကလည်း စွန့်ရဲသည့် သတ္တိရှိကြောင်းကို သူ့နိုင်ငံသူ နိုင်ငံသားများအား သိစေလိုသဖြင့် အွန်းမြို့ရှိ ဘုရားရှိခိုးကျောင်းကြီး၏ အမြင့်ဆုံး ပြသာဒ်ဖျားတွင် မတ်တတ်ရပ်ပြဖူးသည်။

အာဇာနည်ဖြစ်ချင်လျှင် ဤလို ဤလို စွန့်ရဲသည့်သတ္တိကလေးနှင့် မပြီးနိုင်သေး။ အခြား လက်ရုံးရည် နှလုံးရည်တို့လည်း ရှိကြရပေဦးမည်။ ဤလက်ရုံးရည် နှလုံးရည်တို့ထဲတွင် တစ်ခုအပါအ၀င်မှာ အခြားမဟုတ် တာဝန်ကျေပြွန်ခြင်းပင် ဖြစ်လေသည်။

တာဝန်ကျေပြွန်ခြင်း၏ သက်သေ သာဓက,ကလေးကို အနည်းငယ် ထုတ်ဖော်ပြပါအံ့။

ဘေးဆူးဘီယပ် မီးတောင်ကြီးပေါက်ကွဲ၍ ပွန်ပေးအီးမြို့ကြီးကို မီး၊ မီးခိုး၊ ပြာ၊ ချော်မြှုပ်တို့သည် ကွက်လပ်မရှိ ဖုံးလွှမ်းလျက်ရှိလေပြီ။ ဤမြို့၏ တစ်နေရာတွင် တာဝန်ကျသဖြင့် စောင့်နေရသော စစ်သားတစ်ဦးသည် အသက်ဘေးအတွက် ကစဥ့်ကလျား ပြေးလွှားနေကြသော မြို့သူမြို့သားများအကြားတွင် တစ်ဦးတည်းရပ်၍ ကျန်ရစ်သည်။ သူ့အတွက် သူ့အသက်ထက် တာဝန်ကပို၍ အရေးကြီးသည်။ သေဘေးကြောင့် တာဝန်ကို ပစ်ပြေးကာ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက် တာဝန်ကျေပြွန်စွာနှင့် တစ်နာရီ တစ်မိနစ် တစ်စက္ကန့်မျှ နေရခြင်းက မြတ်သည်ဟု ထိုစစ်သားသည် အယူရှိလေသည်။ မြို့ကိုဖော်သောအခါ ထိုစစ်သားကို သူတာဝန်ကျသည့်နေရာတွင် မီးခိုးနှင့် ပြာတို့မ၀င်စေရန် လက်တစ်ဖက်ဖြင့် နှာခေါင်းကိုပိတ်၍ ရင်ကော့လျက် သေနေသည်ကို တွေ့ကြရလေသည်။ ဤသည်ကား ရောမစစ်သား အာဇာနည်၏ တာဝန်ကျေပြွန်ပုံ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ပေတည်း။

၁၉၄၇ ခုနှစ်တွင် ဖြစ်ပွားသော ရိုကရွာတိုက်ပွဲတွင် ကွန်ဒေးမင်းသားကြီးကတစ်ဖက် ဂွန်ဇားလိုဒေကော်ထိုးဘားခေါ် ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီးကတစ်ဖက် တိုက်ကြလေသည်။ ဟွန်ဇားလိုသည် ဤတိုက်ပွဲ၌ ၀င်၍တိုက်သည့် အချိန်အခါတွင် အလွန်အိုမင်းလျက် ရှိလေသည်။ တိုက်ပွဲသို့ လမ်းမလျှောက်နိုင်သဖြင့် ကုလားထိုင်နှင့် သယ်သူရသည်။ တိုက်ပွဲပြီးသောအခါ သူ့တပ်သားများသည် ကိုယ့်နေရာမပျက် သေနေကြသည်ကို တွေ့ရသည်။ အဖိုးကြီးကိုယ်တိုင်လည်း သူထိုင်နေသော ကုလားထိုင်ပေါ်တွင် အနိစ္စရောက်လျက် ရှိလေသည်။ ထိုသူတို့၏ တာဝန်ကျေပြွန်ပုံ၊ သတ္တိရှိပုံတို့ကို မြင်ရသောအခါ "ငါတို့ နိုင်လို့သာ ငါတို့သာ ရှုံးရမယ်ဆိုရင် ဒီလိုသတ္တိပြပြီး အသေခံလိုက်ချင်စမ်းပါဘိ" ဟူ၍ တစ်ဖက်သား ကွန်ဒေးမင်းသားကြီးကပင် ချီးကျူးရလေသည်။ အဖိုးကြီး သေလျက်တွေ့ရသော ကုလားထိုင်ကြီးကိုလည်း သူ့နိုင်ငံတွင် တရိုတသေ အမှတ်တရ သိမ်းဆည်းထားလေသည်။

ဤသို့သော တာဝန်ကျေပြွန်ပုံမျိုးသည် စစ်သား၏ "အသက်"ပင် ဖြစ်တော့၏။ ဤ "အသက်" မရှိဘဲ စစ်တစ်တစ်တပ်သည် မတည်မြဲနိုင်။ နိုင်ငံတစ်နိုင်ငံသည် မတည်မြဲနိုင်။ နိုင်ငံဆိုသည်မှာ ကြီးကျယ်ပါသေးသည်။ ဤ "အသက်" သာ မရှိပါလျှင် တစ်အိုးတစ်အိမ်ထောင်ဟူ၍ မဖြစ်နိုင်။

သူတစ်ထူးအတွက် စွန့်စားခြင်းသည်လည်း အာဇာနည်ဖြစ်ထိုက်သော လက္ခဏာတစ်ရပ် ဖြစ်သည်။ ဤသို့ စွန့်စားခြင်းအတွက် အကောင်းဆုံးသာဓကမှာ အက်သင်းတိုင်းသူလေး လေးနက်ဖြစ်သည်။ ထိုအခါက ပိုင်ဆစ်စတြားတပ်ဆိုသူ ဘုရင်တစ်ပါးသည်သည် အက်သင်းတွင် အလွန်ရမ်းကား ဆိုးညစ်လျက်ရှိသည်။ ထိုမင်းဆိုးမင်းညစ်ကို ပုန်ကန်ရန် အစည်းအဝေးတစ်ခုကို လေးနက်၏အိမ်တွင် တိတ်တဆိတ် စည်းဝေးကြသည်။ တစ်နေ့သ၌ ပုလိပ်များက သူ့ကိုဖမ်းပြီးလျှင် မပေါ်ပေါ်အောင် ညှင်းပန်းနှိပ်စက်၍ မေးရာတွင် မိန်းမသားဖြစ်သဖြင့် ကြားလျှင် သည်းမခံနိုင်ဘဲ လျှို့ဝှက်ချက်များကို ဖွင့်ထုတ်လိုက်မိမည် စိုးသဖြင့် စကားမပြောနိုင်အောင် သူ့လျှာကိုသူ ကိုက်ဖြတ်ဖူးသည်။

ဤကဲ့သို့ထူးသည့် ရောမအမျိုးသမီး အာဇာနည်တစ်ဦးလည်း ရှိသေး၏။ ထိုအမျိုးသမီး၏ မိခင်မှာ အစာငတ်ခံ၍ သေရမည့် သေဒဏ်ကို ခံနေရရှာသည်။ သမီးဖြစ်သူသည် ထောင်မှူးများ၏အလစ်တွင် သူ့အမေရှိရာ ထောင်ထဲသို့ဝင်ပြီးသော် သူ့နို့ချိုကို တိုက်ကျွေးလေသည်။ သူပါ အသတ်ခံရမည်ကို သိသော်လည်း ကျေးဇူးရှင် မိခင်အိုကြီးအတွက် သူ့အသက်ကိုပင် မငဲ့ကွက်နိုင်တော့ဘဲ စွန့်၍ သွားခြင်းဖြစ်သည်။ ဤအဖြစ်အပျက်ကို လွှတ်တော်အမတ်ကြီးများ ကြားသိရသည့်အခါ အမယ်အိုကြီးအား အပြစ်သေဘေးမှ ချမ်းသာခွင့်ပေးခဲ့လေသည်။

ကျေးဇူးရှင် ဖခင်အိုကြီးကို ဤနည်းနှင့်ပင် ကျေးဇူးဆပ်၍ ကယ်ခဲ့ဖူးသော ဂရိပြည်သူ ယူဖရားဆီးယားဆိုသူ လူတစ်ဦးလည်း သမိုင်းတွင် ထင်ရှားခဲ့သည်။

တစ်ရံရောအခါတွင် ဆွစ်ဇာလန်တိုင်းသား လူငယ်နှစ်ဦးသည် အသည်းအသန် နာဖျားနေသော ဖခင်အိုကြီးနှင့် နေကြရလေသည်။ သူတို့သည် အလွန်ဆင်းရဲလွန်း၍ ဆေးဖိုးဝါးခပင် မတတ်နိုင်ကြချေ။ တစ်နေ့သ၌ အင်္ဂလိပ်ခရီးသည်တစ်ဦးသည် သိန်းငှက်များကို အဖိုးကြီးပေး၍ ၀ယ်နေသည်ဟု ကြားရသောကြောင့် ဘယ်သူမျှ မတက်ဝံ့သော တောင်ထိပ်ဖျားတစ်ခုပေါ်ရှိ သိန်းငှက်တစ်စုံကို အသက်စွန့်ကာ တက်ရောက်ဖမ်းယူပြီးလျှင် အင်္ဂလိပ်ခရီးသည်ကို ရောင်းချ၍ ကျေးဇူးရှင်ဖခင်ကြီး၏ အသက်ကို ကယ်ဆယ်ခဲ့ဖူးသည်။ အာဇာနည်ပီလှပါစွ။

တစ်ခါတုန်းကလည်း ရုရှားခရီးသည်တစ်ဦးသည် တောကန္တာရခရီးလမ်းတစ်ခုကို စွပ်ဖားနှင့် ဖြတ်သွားရာ ၀ံပုလွေတို့သည် ၀ိုင်း၍လိုက်ကြ၏။ ခရီးသည်လည်း သေရမည့် အသက်ဘေးမှ အလွန်ကြောက်လန့်လျက်ရှိစဉ် သူ၏အစေခံသည် သူ့ဆရာအား ထွက်ပြေးပေါက်ကလေးမှ ရပါစေတော့ဟူသော သဘောဖြင့် ၀ံပုလွေအုပ်ထဲသို့ စွပ်ဖားပေါ်မှ ခုန်ဆင်းနေလိုက်ဖူးလေသည်။

အိန္ဒိယစစ်သူပုန် ဖြစ်ပွားစဉ်က ဗရာဏသီတွင် အာဇာနည်တင်ထိုက်သည့် အဖြစ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုအခါက ကုလားစစ်သူပုန်များသည် အင်္ဂလိပ်မှန်သမျှကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ခုတ်ပိုင်းသတ်ဖြတ်လျက် ရှိရာ အင်္ဂလိပ်မှန်သမျှသည် လွတ်ရာကျွတ်ရာသို့ အရအမိ ကသောကမြော ထွက်ပြေးတိမ်းရှောင်၍ နေကြရသည်။ သို့ရာတွင် ဒေါက်တာဟေးဆိုသူ အင်္ဂလိပ်ဆရာဝန်တစ်ဦးမှာကား သူ၏ ဆေးရုံမှတစ်ပါး အခြားကိုမသွား။ သူ၏ မိတ်ဆွေ အင်္ဂလိပ်များက ထွက်ပြေးရန် အတင်းလာ၍ ခေါ်သောအခါ "ကျုပ်လူမမာတွေ ကျုပ်မရှိရင် သေကုန်ကြလိမ့်မယ်။ သူတို့ကို ကျုပ် ပစ်မပြေးနိုင်ဘူး" ဟု ပြန်ပြောလိုက်လေသည်။ အလွန်ကြည်ညိုဖွယ်ရာကောင်းသော အာဇာနည်ကြီးပေကား။

ယခုဖော်ပြသော သာဓကတို့ဖြင့် အာဇာနည်ဆိုတာ ဘာလဲဟူသော မေးခွန်း၏အဖြေကို ပေါ်နိုင်သမျှ ပေါ်အောင် ဖော်ပြခဲ့လေသည်။ မြန်မာပြည်တွင် ရှေးကပင် ကမ္ဘာ့အာဇာနည် အမြောက်အမြား ပေါ်ထွက်ဖူးလေသည်။

သတိမမူ ဂူမမြင် ဆိုသောစကားအတိုင်း မြန်မာနိုင်ငံသူ နိုင်ငံသားတို့က အမှတ်တမဲ့ နေခဲ့ကြ၍သာ ထင်ပေါ်ခြင်း မဖြစ်ခဲ့ကြရပေ။ ဤစာအုပ်ကို ပုံနှိပ်ထုတ်ဝေရာတွင် ရည်ရွယ်ချက်က အခြားမဟုတ်။ မီးခဲပြာဖုံး မြန်မာအာဇာနည် သူရဲကောင်းများသည် ကမ္ဘာ့အာဇာနည်တို့၏ထုံးကို နှလုံးသွင်းကြ၍ မြန်မာကို ကမ္ဘာ့ထိပ်ဆုံးသို့ရောက်အောင် မြှင့်တင်နိုင်ကြရန်ပင် ဖြစ်ပါသတည်း။
သခင်နု
နတ္တော်လဆန်း ၇ ရက်၊ ၁၃၀၇။
[ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၂၊ စာမျက်နှာ-၁၉]

သခင်နု (၃)

နိုင်ငံရေးသမား စာရေးဆရာ ဦးနု
ထိန်လင်း
မတ် ၁၆၊ ၂၀၁၀
         
နဂါးနီစာအုပ်အသင်း အကြောင်းကို ပြောရင်ပဲဖြစ်ဖြစ်၊ ဒုတိယကျောင်းသားသပိတ် အကြောင်းကို ပြောရင်ပဲဖြစ်ဖြစ် ချန်လို့မရတဲ့သူကတော့ သခင်နု ဖြစ်ပါတယ်။ မောင်နု၊ ကိုနု၊ ကိုကြီးနု၊ သခင်နု စသဖြင့် ခေါ်ဝေါ်သုံးနှုန်းကြတဲ့ ဦးနု ဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၊ လွတ်လပ်ပြီး တိုင်းပြည်သစ်အုပ်ချုပ်ရေး၊ အာဏာရှင်တော်လှန်ရေး စသဖြင့် နိုင်ငံရေးနယ်ပယ် အများအပြားမှာ ကာလရှည် ဖြတ်သန်းခဲ့သလို သူ့ဘဝရဲ့ နောက်ဆုံးချိန်အထိ နိုင်ငံရေးနယ်ပယ်ထဲမှာ ရှိခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေးအယူအဆ၊ လုပ်ဆောင်မှု အားနည်းချက် စသဖြင့် မှတ်တမ်းတွေ၊ ပြောဆိုချက်တွေ ရှိနေမှာဖြစ်ပေမယ့် နိုင်ငံရေးနယ်ပယ်ထဲမှာ ဖြတ်သန်းခဲ့တယ် ဆိုတဲ့အချက်ကတော့ အားလုံးသဘောတူကြမှာ ဖြစ်ပါတယ်။ 

          ဒီလို နိုင်ငံရေးနယ်ပယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ဦးနုဟာ စာပေနယ်မှာလည်း စာရေးဆရာတစ်ဦးအဖြစ် မှတ်တမ်းဝင်လောက်အောင် ရေးသားခဲ့သလို နဂါးနီစာအုပ်အသင်းကို ထူထောင်ခဲ့တာ အပါအဝင် ထင်ရှားတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ အခုတပတ်မှာတော့ ဦးနုရဲ့ စာပေဖြတ်သန်းမှုတွေနဲ့ ဘဝပုံရိပ်တချို့ကို တင်ပြသွားမှာဖြစ်ပါတယ်။

          မြန်မာ့စာပေသမိုင်းမှာ နိုင်ငံရေးအခြေအနေများကြောင့် ပေါ်ပေါ်ထင်ထင် ပြည့်စုံတဲ့မှတ်တမ်း တင်ခွင့် မရသူတွေထဲမှာ ဦးနု ပါဝင်ပါတယ်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုကနေ ပေါ်ထွက်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကာလတွေအထိ မဖျက်သိမ်းဘဲ အံတုခဲ့တဲ့ ပြည်တွင်း စစ်ပြိုင်အစိုးရ ဖြစ်တဲ့ ကြားဖြတ်အစိုးရ ရှိခဲ့တာ နိုင်ငံရေးလှုပ်ရှားသူ အများစုက သိပြီးဖြစ်မှာပါ။ အဲဒီ ကြားဖြတ်အစိုးရကို ဖျက်သိမ်းဖို့၊ မဖျက်သိမ်းရင် အရေးယူမယ် ဆိုပြီး စစ်အစိုးရက အာဏာနဲ့ ဖျက်သိမ်းစေခဲ့တာကိုတောင် မဖျက်လို့ စစ်ပြိုင်အစိုးရ အဖွဲ့ဝင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့တာတောင် အဲဒီအဖွဲ့ မဖျက်သိမ်းခဲ့ပါဘူး။ ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးချုပ်က ဦးနု ဖြစ်ပြီး အဲဒီ လုပ်ဆောင်မှုတွေကြောင့်ပဲ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လွတ်လပ်ခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကို ချုပ်ချယ် ပိတ်ဆို့မှု၊ နိုင်ငံရေးလှုပ်ရှားမှုအပေါ် ကန့်သတ်မှုလို့ တွေးလို့ ရနိုင်သလို၊ တဖက်ကလည်း ဦးနုရဲ့ အရှိန်အဝါကြီးမှုလို့ တွက်ဆနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန် ကြံတောသုသာန်မှာ ဦးနုရဲ့ ဈာပန အခမ်းအနား ပြုလုပ်တဲ့အခါ ထောက်လှမ်းရေးတွေ ပြည့်နှက်ခဲ့သလို ကျောင်းသားတချို့ကို ဖမ်းဆီးခဲ့တာတွေ၊ လလည် ဆွမ်းကပ်ဖို့ စီစဉ်ခဲ့တဲ့ သင်္ကန်းကျွန်းမြို့နယ်က ဘုန်းကြီးကျောင်းတစ်ခုမှာ အာဏာပိုင် လက်ကိုင်တုတ် ကြံ့ဖွံ့တွေက ဝင်ရောက်နှောင့်ယှက်ခဲ့တာ၊ ဦးနု နဲ့ပတ်သက်လို့ စာနယ်ဇင်းတွေမှာ ဖော်ပြတဲ့အခါ သခင်နု၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု စသဖြင့် ဖော်ပြခွင့် မရဘဲ စာရေးဆရာကြီး ဦးနု လို့သာ ဖော်ပြခွင့်ရတာ စတဲ့ အထောက်အထားတွေက သက်သေဖြစ်ပါတယ်။

          ဦးနု ရဲ့အကြောင်းတွေကို ဖော်ပြခွင့်၊ ရေးသားခွင့် ပိတ်ပင်ခံရပေမယ့် သူရေးသားခဲ့တဲ့ စာအုပ်တွေ တော်တော်များများ ပြန်လည်ထုတ်ဝေခွင့် ရှိနေတဲ့အတွက် တော်သေးတယ်လို့ ဆိုရပါလိမ့်မယ်။ တာတေစနေသား၊ ငါးနှစ်ရာသီ ဗမာပြည်၊ ရက်စက်ပါပေ့ကွယ် စတဲ့ နိုင်ငံရေးမှတ်တမ်းစာအုပ်တွေ ပြည်တွင်းမှာ ထုတ်နိုင်မယ်ဆိုရင် ပိုပြီး အကျိုးရှိမှာဖြစ်ပါတယ်။

          လွတ်လပ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနု ကို ဧရာဝတီတိုင်း ဝါးခယ်မမြို့မှာ ၁၉ဝ၇ ခုနှစ် မေလ ၂၅ ရက်နေ့က မွေးဖွားခဲ့ပြီး ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒုတိယ ကျောင်းသားသပိတ်ကို ဦးဆောင်သူဖြစ်မယ့် မောင်နုဟာ ၁၉၂ဝ မှာ ပေါ်ပေါက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ကို ဝါးခယ်မမြို့ အစိုးရကျောင်းက ၅ တန်းကျောင်းသားအဖြစ် ပါဝင်ခဲ့သလို ၆ တန်းရောက်တဲ့အခါ ဝါးခယ်မ အမျိုးသားကျောင်းမှာ ဆရာအခက်အခဲ ရှိတဲ့အတွက် တဖက်က ကျောင်းတက်ရင်း တဖက်မှာ ဆရာအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က ဘီအေဘွဲ့ ရပြီးတဲ့နောက်မှာလည်း ဦးသန့်ရဲ့ တိုက်တွန်းချက်ကြောင့် ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းမှာ ကျောင်းအုပ်အဖြစ်၊ အဲဒီနောက် သုံးခွမြို့ အမျိုးသားကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

          ၁၉၃၄ ခုနှစ် ရန်ကုန်တက္ကသိုလ်မှာ ဥပဒေတန်း တက်တဲ့အခါ တက္ကသိုလ်သမဂ္ဂရဲ့ အမှုဆောင်အဖြစ် အရွေးခံရပါတယ်။ နောက်နှစ် ၁၉၃၅ မှာတော့ တကသ ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရပါတယ်။ ကိုနုဟာ တကသ လို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရဲ့ ၆ ယောက်မြောက် ဥက္ကဋ္ဌဖြစ်ပါတယ်။ သူ ဥက္ကဋ္ဌ ဖြစ်ပြီးတဲ့နောက် တက္ကသိုလ်အာဏာပိုင်တွေရဲ့ အာဏာအလွန်အကျွံ သုံးစွဲမှုတွေအပေါ် အံတု တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သလို တက္ကသိုလ်အာဏာပိုင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ နိုင်ငံရေးဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မတရားအရေးယူခံရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ကိစ္စနဲ့ပတ်သက်လို့ တကသဥက္ကဋ္ဌ ကိုနုနဲ့ ကျောင်းအုပ်ကြီးတို့ အပြန်အလှန် စာရေးခဲ့ကြပြီး နောက်ဆုံး ကိုနုကို ကျောင်းထုတ်ပစ်ပါတယ်။

တချိန်တည်းမှာ အိုးဝေမဂ္ဂဇင်းထဲက ဆောင်းပါးနဲ့ ပတ်သက်ပြီး စာရေးသူကို ထုတ်ဖော်မပြောတဲ့အတွက် ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်ပါတယ်။ အဲဒီလို အခြေအနေတွေအပေါ်မှာ အခြေခံပြီး တက်ကြွနိုးကြားတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ အင်အားနဲ့ပေါင်းစပ်ရာက သမိုင်းဝင် ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

          ကျောင်းသားခေါင်းဆောင် ကိုနုနဲ့ပတ်သက်ပြီး ဆရာကြီး ဒဂုန်တာရာက “သခင်နု- ကျောင်းသားသပိတ်။ ကျောင်းသားသပိတ် - သခင်နု။ကျနော့်အဖို့ရာကား သခင်နုနှင့် ၁၉၃၆ ကျောင်းသားသပိတ်သည် ခွဲခွာ၍ မရအောင် ဆက်စပ်၍ နေသည်။” လို့ သူ့ရဲ့ ရုပ်ပုံလွှာဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ ‘သခင်နု - မုန်တိုင်းထဲမှ သစ်ရွက်တစ်ရွက်’ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

          ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်စေတဲ့ အကြောင်းအရင်းတွေထဲက အဓိကကျတဲ့ ပုဂ္ဂိုလ် ၄ ဦး ရှိပါတယ်။ သူတို့ကတော့ ကိုနု၊ ကိုအောင်ဆန်း၊ ကိုညိုမြ နဲ့ ကိုရာရှစ်တို့ ဖြစ်ပါတယ်။ တက္ကသိုလ်အာဏာပိုင်ရဲ့ အပြစ်အနာအဆာနဲ့ ချို့ယွင်းချက်တွေကို ဖော်ပြထားတဲ့ ‘ငရဲခွေးကြီး လွတ်နေပြီ’ဆိုတဲ့ ဆောင်းပါး ရေးခဲ့တဲ့ ကိုညိုမြ၊ အဲဒီဆောင်းပါးရှင်ကို ထုတ်ဖော်ပြောဆိုဖို့ ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့တဲ့ ‘အိုးဝေမဂ္ဂဇင်း’အယ်ဒီတာ ကိုအောင်ဆန်း၊ ကျောင်းသားတွေက ကျောင်းကိစ္စတင်မက နိုင်ငံရေးမှာ ပြင်ပဆန္ဒပြပွဲတွေမှာပါ ပါဝင်ရမယ်လို့ မိန့်ခွန်းတွေ ဟောပြောခဲ့တဲ့ တကသ ဥက္ကဋ္ဌ ကိုနု၊ ကိုနု ကျောင်းထုတ်ခံရပြီးနောက် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရင်း ကျောင်းသားထု အစည်းအဝေးပြုလုပ်၊ သပိတ်မှောက်ဖို့ လှုံ့ဆော်ပြီး ရွပ်ရွပ်ချွံချွံ ဦးဆောင်ခဲ့တဲ့ ကိုရာရှစ် တို့ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ကျောင်းသားသပိတ် ပေါ်ပေါက်စေတဲ့ စိတ်ဓာတ်ရေးရာ နှိုးဆော်မှုတွေလုပ်ခဲ့တဲ့ ဦးနုရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရမှာဖြစ်ပါတယ်။

         ၁၃ဝဝ ပြည့်အရေးတော်ပုံ၊ ဖက်ဆစ်တော်လှန်ရေး စတဲ့ လွတ်လပ်ရေးအကြို ပြည်သူ့တော်လှန်ရေးတွေဟာ ၁၉၃၆ ကျောင်းသားသပိတ်ရဲ့ အဆက်တွေဖြစ်တဲ့အကြောင်း အဲဒီခေတ် နိုင်ငံရေးလှုပ်ရှားသူတွေက ပြောဆိုရေးသားခဲ့ပါတယ်။ ရှေ့ပိုင်း ပြောဆိုခဲ့တဲ့ နဂါးနီစာအုပ်အသင်းဟာလည်း ကျောင်းသားသပိတ်ရဲ့ နောက်ဆက်တွဲ အမျိုးသားကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။    ။

ထိန်လင်း (၁၃၊ ၁ဝ၊ ၂ဝဝ၉)
          ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု ၊ ဖက်ဆစ်တော်လှန်ရေးနှင့် မြေအောက်တော်လှန်ရေးသမား သခင်စိုး


(က)
ဧပြီလ  (၂၈)ရက် …။

၁၉၄၂ ခုနှစ်။

မန္တလေးအကျဉ်းထောင်အတွင်း အကျဉ်းကျနေကြသည့် နိုင်ငံရေးအကျဉ်းသား သုံးရာကျော်ခန့်ပြန်၍လွတ်မြောက်လာကြသည်။ လွတ်မြောက်လာကြခြင်းက ဥပဒေနှင့်အညီ အုပ်စိုးသူ အာဏာပိုင်တို့က လွှတ်ပေးခဲ့ခြင်းမဟုတ် …..။ အုပ်စိုးသူအာဏာပိုင်တို့သည်လည်း `ဆင်းမလား`သို့ကိုယ်လွတ်ရုန်း၍ ဆုတ်ခွာခဲ့ကြလေပြီ။ အကျဉ်းထောင်အား ထောင်အာဏာပိုင်တို့၏လက်တွင် ၀ကွပ်၍ အပ်ခဲ့၏။ ထောင်ပိုင်ကြီးသည်လည်း စစ်ကိုင်းတောင်ရိုးသို့ပြောင်းရွှေ့၍ စစ်ခိုရန်လုပ်နေ၏။ ဤတွင် ….နိုင်ငံရေးအကျဉ်းသားများနှင့်ထောင်ပိုင်ကြီး ညှိနှိုင်းသဘောတူကြပြီး အကျဉ်းသားတို့လွတ်လာခဲ့ကြခြင်းဖြစ်သည်။ သဘောတူမှုက နောင်တွင် ငွေ ၁၀၀၀၀ကျပ် ပေးပါမည်ဟူ၍ နိုင်ငံရေးအကျဉ်းသားတို့က နုတ်ကတိပေးပြီး လွတ်လာကြခြင်းဖြစ်သည်။ လွတ်လာသူများအထဲ၌ သခင်နု၊ သခင်စိုး၊ သခင်ကျော်စိန်တို့ပါ၏။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်းယုန်နှင့် ရွှေတောင်တိုက်ပွဲတွင် သုံ့ပန့်အဖြစ် အဖမ်းခံခဲ့ကြရသည့် ဘီအိုင်အေရဲဘော်များလည်း ပါကြ၏။ မန္တလေးထောင်မှ လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀ခန့်သည် အချို့က ပုသိမ်ကြီးဘက်သို့သွားကြ၏။ အချို့…ကပိုင်ရွာဘက်သို့သွားကြ၏။ သခင်စိုး၊ သခင်နု၊ သခင်ကျော်စိန် တို့က …..ကပိုင်ရွာသို့သွားကြ၏။ ကပိုင်ရွာတွင် တဲဝိုင်းကြီးများ ထိုး၍ ထောင်မှလွတ်လာသည့် အကျဉ်းသားတို့အား ကြီးပွားရေး ဦးလှ (လူထုဦးလှ)နှင့် ဒေါ်အမာ (လူထုဒေါ်အမာ) တို့က ကျွေးမွေးစောင့်ရှောက်ထားကြ၏။

ကပိုင်ရွာတွင်ပင် သခင်နု၊ သခင်စိုး၊ သခင်ကျော်စိန်၊ ကိုဗဟိန်း၊ သခင်မြသွင်နှင့် တတ်ဖုန်းကြီးသိန်းဖေ (စာရေးဆရာသိန်းဖေမြင့်) တို့ဖက်ဆစ်တော်လှန်ရေးအတွက် ဆွေးနွေးကြပြီး တရုတ်ပြည်သို့ ချန်ကေရှိတ်တပ်နှင့် လိုက်သွားရန် ဆုံးဖြတ်ကြသည်။ တရုတ်ပြည်သို့သွားမည့်သူများမှာ သခင်စိုး၊ သခင်ကျော်စိန်၊ သခင်မြသွင်နှင့် တတ်ဖုန်းကြီးသိန်းဖေတို့ လေးယောက်ဖြစ်ပြီး သခင်နုကမူ ရန်ကုန်သို့ပြန်မည်ဖြစ်သည်။ ကိုဗဟိန်းမှာမူ မိဘများရှိရာ အင်းဝသို့ပြန်မည်ဖြစ်သည်။


(ခ)
ချန်ကေရှိတ်၏တပ်က စစ်ရှုံး၍ ဆုတ်သည့်တပ်ပီပီ ဆုတ်ခွာရာ လမ်းတစ်လျှောက်လူထုဆန့်ကျင်ရေးများပြုလုပ်၏။ ကပိုင်ရွာမှ တရုတ်တပ်နောက်လိုက်ခဲ့ကြသည့် သခင်စိုးတို့အဖွဲ့သည် ရွှေဘိုတွင် တရုတ်တပ်မကြီးနှင့်ဆုံ၏။ ဤတွင်ပင် တရုတ်စစ်သည်တို့က သခင်စိုးတို့လေးယောက်အား ဖမ်းဆီးလိုက်တော့သည်။ ဒီးဒုတ်ဦးဘချိုမှ တရုတ်စစ်ဗိုလ်ချုပ်များအား ပြောဆိုရှင်းပြမှသာ သခင်စိုးတို့အား လွှတ်ပေးခဲ့၏။ သခင်စိုးက ကူမင်တန်တပ်အားကြည့်၍ စိတ်ပျက်နေတော့သည်။ ကူမင်တန်တပ်ဗိုလ်တို့က ဂျပန်ဆန့်ကျင်ရေးနိုင်ငံရေးသဘောထားဟူ၍မရှိ။ စစ်သားများက စစ်ရှုံး၍ စိတ်ဓါတ်ပျက်ပြားပြီး စစ်စည်းကမ်းဟူ၍မရှိ။ သေနတ်တရမ်းရမ်းနှင့်…..။ ဤအခြေအနေနှင့်လိုက်သွားပါက တရုတ်ပြည်သို့ပင် ရောက်မည်မဟုတ် ….။လမ်းတွင်ပင် သေဆုံးသွားနိုင်၏။ ဤသို့နှင့်သခင်စိုးသည် ရွှေဘိုမှာပင် ချန်ကေရှိတ်၏ ကူမင်တန်တပ်နှင့်လမ်းခွဲ၍နေခဲ့တော့သည်။ သခင်ကျော်စိန်တို့သုံးယောက်ကမူ ရေဦးအထိ လိုက်သွားခဲ့ကြသေး၏။ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြည်ပသို့ထွက်ပြီး မဟာမိတ်တပ်ပေါင်းစုနှင့်အဆက်အသွယ်ရှာရန် တရုတ်ပြည်သို့သွားမည့်အစီအစဉ်အားဖျက်ခဲ့ရပြီးနောက် သခင်စိုးနှင့်တတ်ဖုန်းကြီးသိန်းဖေတို့သည် အိန္ဒိယသို့သွားရန် ဆုံးဖြတ်ကြ၏။ အိန္ဒိယသို့သွားမည့်သူများမှာ သခင်စိုး၊ တတ်ဖုန်းကြီးသိန်းဖေ နှင့်သခင်တင်ရွှေတို့ သုံးဦးသာဖြစ်ပြီး သခင်မြသွင်နှင့် သခင်ကျော်စိန်တို့မှာမူ မြန်မာပြည်အတွင်း၌သာ နေခဲ့ကြမည်ဖြစ်သည်။


(ဂ)
နေမျိုးနွယ်တို့က မြန်မာ့မြေကြောဆုံးသည်နှင့်ပင် နေမျိုးနွယ်တို့၏လက်ဝါးက သာကီဝင်တို့၏ပါးပေါ်တွင် ခံတွင်းတွေ့၍လာတော့သည်။ ဤမှာပင် …..``ဘိရုမာနိပွန် အိုနာဂျီ`` (ဗမာ -ဂျပန်အတူတူပဲ) ဟူသော ဂျပန်စကား၏အဓိပ္ပာယ်ကို သာကီဝင်တို့သိလာကြရတော့သည်။

သခင်လူငယ်တို့က မခံမရပ်နိုင်ဖြစ်လာကြရသည်။ ဖက်ဆစ်တို့အား ဆန့်ကျင်တော်လှန်လိုကြပြီ။ ရရာလက်နက်နှင့်စိတ်ထင်တိုင်းကြဲချင်၍ နေလေ၏။ ဘီအိုင်အေအတွင်း၌လည်း လူငယ်တပ်သားတို့က ဤအတိုင်းပင် ……။ သို့သော် …တော်လှန်ရေးတစ်ရပ်ကား ဤသို့ စိတ်ဝေဒနာခံစားချက်နှင့်ထလုပ်၍ မပြီးမြောက်…..။ ပြင်ဆင်ရမည်။ လှုပ်ဆော်ရေးကာလ…။ စည်းရုံးရေးကာလ……၊ တော်လှန်ရေးကာလ……ဤသို့…..ထိုသို့…… စနစ်တကျ ဆောင်ရွက်ကြရမည်။ ဤအတွက် ခေါင်းဆောင်မှုက အရေးကြီး၏။ လှုပ်ရှားဆောင်ရွက်မှုများက လျို့ဝှက်လှုပ်ရှားကြရမည့်လုပ်ငန်းစဉ် များဖြစ်သည်။ မြေအောက်လှုပ်ရှားမှုများဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ဘီအိုင်အေတွင် စစ်သေနာပတိအဖြစ် တရားဝင် ခေတ်မှီမြန်မာ့တပ်မတော်ကို ဦးဆောင်၍နေရသည်။ ဂျပန်နှင့်နီးနီးကပ်ကပ်ပူး၍ တည်ရှိနေသည့်အခြေအနေမျိုး….။ ဗိုလ်ချုပ်မြေအောက်ဆင်းသွားသည်နှင့် ပြဿနာများက မိုးမဆုံး၊ မြေမဆုံး….ဖြစ်လာနိုင်မည်။ ဗိုလ်ချုပ်မြေအောက်ဆင်း၍မဖြစ်….။ဤတွင်လူငယ်ပိုင်းသခင်တို့ ဖက်ဆစ်တော်လှန်ရေး မြေအောက်လှုပ်ရှားမှုအတွက် ခေါင်းဆောင်မှုအားရှာကြ၏။

          သခင်စိုး…။

          သခင်သန်းထွန်း…။

          ကိုဗဟိန်း…။

          တတ်ဖုန်းကြီးသိန်းဖေ…။

          … … … … … … ။

(ဃ)
ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးရုံးတွင် သခင်တင်မြ သခင်တင်ဦးတို့နှင့်သခင်စိုးတွေ့၏။ သခင်စိုး၊သခင်တင်ရွှေနှင့်တတ်ဖုန်းကြီးသိန်းဖေတို့ တရုတ်ပြည်ခရီးစဉ်အားဖျက်ပြီး အိန္ဒိယသို့သွားရန် ထွက်လာစဉ် မကွေးသို့ရောက်၏။ မကွေးတွင် သခင်ဘသိန်းနှင့်တွေ့ပြီး သခင်တင်မြနှင့်သခင်တင်ဦး ရေနံချောင်းတွင်ရှိနေကြောင်းသိ၍ သခင်စိုးမှ ရေနံချောင်းသို့လိုက်လာပြီး တွေ့ခြင်းဖြစ်သည်။ သခင်စိုးက လျိုဝှက်သွားလာနေခြင်းဖြစ်၍ ရုပ်ဖျက်ထားသည်။ တောကုန်သည် တစ်ဦးဟန်နှင့်သခင်စိုးအား သခင်တင်မြတို့ရုတ်တရက် မမှတ်မိကြ။ သခင်စိုး၊သခင်တင်မြနှင့်သခင်တင်ဦးတို့သည် ရေနံချောင်းအုပ်ချုပ်ရေးရုံးအပြင်ဖက်ဝင်းအတွင်းရှိ လျှိုကလေး၏ အစပ်မြက်ခင်းပေါ်၌ ထိုင်၍ ဆွေးနွေးကြ၏။

သခင်တင်မြနှင့်သခင်တင်ဦးတို့က သခင်စိုးအား အိန္ဒိယသို့ထွက်ခွာမသွားရန် ၊ပြည်တွင်းမှာပင် နေပြီးဖက်ဆစ်ဆန့်ကျင်ရေးအား ဦးဆောင်မှုပေးရန် ၊ခေါင်းဆောင်များအားလုံးပြည်ပသို့ထွက်ခွာသွားလျှင် ပြည်တွင်းရှိ ဖက်ဆစ်တော်လှန်ရေးအတွက် ခေါင်းဆောင်မှုကင်းမဲ့နေမည့်အပြင် ဂျပန်ဆန့်ကျင်ရေးစိတ်ဓါတ်ပြင်းပြနေသည့် လူငယ်နောက်လိုက်များနှင့်လူထုကိုစွန့်ပစ်ထားခဲ့ခြင်းသာ ဖြစ်သည်..။ ဟူ၍ သခင်စိုးအား အိန္ဒိယသွားမည့်အစီအစဉ်အား ဝေဖန်ကြ၏။ သခင်စိုးသည် အတန်ကြာငြိမ်သက်၍စဉ်းစားနေပြီး ……


``ဒီမှာ ကျနော်တို့ ဂျပန်ဆန့်ကျင်ရေးလုပ်မယ်ဆိုရင် ပထမဦးဆုံးလုံခြုံရေး၊ လျှို့ဝှက်ရေးဟာ အဓိကပဲ။ လုံခြုံရေးမရှိရင် လုပ်ငန်းအောင်မြင်မှာမဟုတ်ဘူး။ ဂျပန်အဖမ်းခံ အသတ်ခံရပြီး လုပ်ငန်းလဲပျက်သွားမှာပဲ။ လက်ရှိနိုင်ငံရေးအခြေအနေဟာ လုံခြုံစိတ်ချရမှုမရှိသေးဘူး။ ဂျပန်ကိုမုန်းတဲ့ရွှံတဲ့လူရှိသလို သခင်တွေထဲက ဂျပန်နဲ့ဆက်ပေါင်းရမယ်ဆိုတဲ့ လူတွေရှိနေတယ်။ သတ္တိကြောင်နေတဲ့လူတွေ ရှိနေတယ်။ ဒီလူတွေကြားထဲမှာ ဂျပန်ဆန့်ကျင်ရေးလုပ်နေရင် အဖမ်းခံရမှာသေချာတယ်။ ဒါကြောင့်အချိန်လဲစောင့်ရင်း ဂျပန်ဆန့်ကျင်ရေးအတွက် ဒီမိုကရေစီမဟာမိတ်အဖွဲ့နဲ့လည်း ဆက်ရအောင် အိန္ဒိယသွားရမယ်။ အိန္ဒိယကနေပြီး ဗမာပြည်ထဲက ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ခေါင်းဆောင်ရမယ်။ နောက်အခြေအနေပြည့်စုံလာရင် ဗမာပြည်ထဲပြန်လာတာပေါ့။ ရပ်ရှားပြည်မှာလဲ လီနင်တို့ဟာ နိုင်ငံခြားကနေပြီး ရပ်ရှားပြည်ထဲက တော်လှန်ရေးကိုခေါင်းဆောင်ခဲ့တာဘဲ မဟုတ်လား `` …ဟူ၍ ဆင်ခြေပေးနေပြန်သည်။ သခင်တင်ဦးက …

``ဟုတ်ပါတယ် သခင်စိုး။ ကျနော်တို့လူငယ်တွေကတော့ ဂျပန်ပြန်ချဖို့အတွက်ဆိုရင် အသင့်ပါ။ တိုင်းပြည်လူထုကလည်း ဂျပန်ကို ရွှံမုန်းကြီးဖြစ်နေတယ်။ ကျနော်တို့လူထုကို စည်းရုံးရင်ရမှာပဲ။ ကျနော်တို့လူငယ်တွေကို ခေါင်းဆောင်မယ့်လူသာ လိုနေတယ်။ ခေါင်းဆောင်မယ့်လူသာ မရှိရင်တော့ ဂျပန်တွေစော်ကားတာ မခံနိုင်တာနဲ့ လက်ထဲရှိတဲ့သေနတ်တွေနဲ့ ထင်မိထင်ရာ ချမိကုန်မှာဘဲ ``

သခင်တင်ဦး၏စကားဆုံးလျှင် ….သခင်စိုးသည် တစုံတရာအား ဆုံးဖြတ်လိုက်သည့်ဟန်နှင့်…

`` ကဲ…. ကျနော်ဆုံးဖြတ်ချက်ချလိုက်ပြီ။ ကျနော်အိန္ဒိယမသွားတော့ဘူး။ ဗမာပြည်ထဲမှာနေပြီး ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းကိုလုပ်မယ်။ ကိုသိန်းဖေနဲ့သခင်တင်ရွှေတော့ အိန္ဒိယရောက်အောင်သွားကြပစေ။ ဒီကိစ္စ သူတို့နဲ့တိုင်ပင်ကြမယ်။ သူတို့သဘောတူရင် ကျနော်နေခဲ့မယ်``

(င)
သခင်စိုးနှင့်သခင်တင်မြတို့သည် တတ်ဖုန်းကြီးသိန်းဖေ (စာရေးဆရာသိန်းဖေမြင့်) နှင့် သခင်တင်ရွှေတို့နှစ်ဦးအား အိန္ဒိယသို့သွားရန် ရခိုင်ပြည်နယ် မင်းပြားမြို့လေးအထိ လိုက်ပို့ခဲ့ကြပြီး ၁၉၄၂ခုနှစ်၊ ဇူလိုင်လလယ်တွင် ရန်ကုန်သို့ပြန်ခဲ့ကြသည်။ သခင်စိုးသည် ရန်ကုန်သို့ရောက်ပြီးနောက် မြေအောက်တော်လှန်ရေးအား စတင်ရန် ပြင်ဆင်တော့၏။ သခင်စိုးက မြေအောက်တော်လှန်ရေးအား ယခင်တို့ဗမာအစည်းအရုံးဝင် လုပ်ဖော်ကိုင်ဖက်သခင်ခေါင်းဆောင်များနှင့် စတင်၍လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးစိတ်ဓါတ်ပြင်းပြပြီး တတ်ကြွနေကြသည့် လူငယ်လူသစ်များကို အမာခံအဖြစ်ထားပြီး စည်းရုံးလှုပ်ရှား၍ လှုပ်ရှားမှုကြီးအား ကြီးထွားကျယ်ပြန့်လာစေရန်ဆောင်ရွက်သွားမည်၊ ဟူ၍ သူ၏စည်းရုံးရေးမြေအောက်လှုပ်ရှားမှု မဟာဗျူဟာကို ချထား၏။

တနေ့….၊ထိုနေ့က ၁၉၄၂ခုနှစ် သြဂုတ်လ(၂)ရက်နေ့ဖြစ်သည်။ ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ ဖုန်းကြီးကျောင်းတွင် သခင်စိုးနှင့်လူငယ်အချို့တွေ့ဆုံရန် စီစဉ်ထား၏။ စီစဉ်ပေးသူက သခင်တင်မြဖြစ်သည်။ သခင်စိုးသည် မိုးကာအင်ကျီအား ၀တ်ပြီး ထီးကိုခပ်ငိုက်ငိုက်ဆောင်း၍ ကျောင်းဝင်းထဲသို့ဝင်လာ၏။ မိုးက သည်း၍ …..သည်း၍ …..။ သူနှင့်အတူ သူ၏ယောက်ဖ မောင်အောင်ထွန်းလည်းပါ၏။ မောင်အောင်ထွန်းက ကျောင်းအောက်မှ လူရိပ်လူခြေအား စောင့်ကြည့်ရန် ကျန်ခဲ့သည်။ သခင်စိုးသည် မိုးရေတို့နှင့်စိုရွှဲနေသော မိုးကာအင်ကျီအားချွတ်၍ ကျောင်းပေါ်သို့တတ်လာသည်။

သခင်တင်မြက သခင်စိုးနှင့်ကိုလှကြည်( ရဲနီကျော်ဝင်း) ကိုချစ်လှိုင် ၊ကိုမြသွင်တို့နှင့်မိတ်ဆက်ပေးသည်။ သခင်စိုးက သူတို့သုံးယောက်ကို တစ်ဦးချင်းစီအား သေချာစွာစူးစိုက်ကြည့်ပြီး …

`` အရင်ထဲက ကိုလှသိန်း (သခင်တင်မြ၏လျှိုဝှက်အမည်) ပြောထား၍ နံမည်များကိုတော့ ကြားဖူးထားပြီး ဖြစ်တယ်။ ဆိုရှယ်လစ်ဝါဒကို ယုံကြည်ပြီး အမျိုးသားလွတ်လပ်ရေးစိတ်ဓါတ်နဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ တတ်ကြွကြတဲ့အတွက် အားရမိတယ်။  `တို့ဗမာအစည်းအရုံး`ဟာ တစ်ကြိမ်က နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ တိုးတတ်တဲ့အခန်းက ရှိခဲ့တယ်။ ဒါပေမယ့်အခုအခြေအနေမှာတော့  `တို့ဗမာအစည်းအရုံး `ဟာ ဖက်ဆစ်ဆန့်ကျင်ရေး၊ စည်းရုံးရေးတာဝန်ကိုခေါင်းဆောင်နိုင်စွမ်းရှိမယ့်အခြေအနေမှာ မရှိတော့ဘူးလို့ယူဆတယ်။ ဒါကြောင့်…..ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းကို ခေါင်းဆောင်ဖို့ဟာ နုပျိုသစ်လွင်တဲ့ အင်အားသစ်တွေနဲ့ အစားထိုးတည်ဆောက်သွားရမှာပဲဖြစ်တယ်။ ဖက်ဆစ်ဝါဒဟာ ကြမ်းကြုတ်ရက်စက်တာမှန်ပေမယ့် မခိုင်မြဲတဲ့အာဏာကို ပိုင်ထားတာပဲဖြစ်တယ်။``

သခင်စိုးသည် သူ၏စကားအား ခေတ္တရပ်ထားပြီး ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်စည်းရုံးရေးတွင် လျှိုဝှက်ရေး သဘောထားများကို ဆက်၍ရှင်းပြနေပြန်သည်။       

``ကျုပ်တို့ဖက်ဆစ်ဂျပန်တွေအပေါ်မှာ နောက်ဆုံးအောင်ပွဲဆင်ဖို့အတွက်ဆိုရင် အဓိကလိုအပ်ချက်ကတော့ ပထမဦးစွာအားဖြင့် လျှို့ဝှက်ရေးကို စနစ်တကျ ကျင့်သုံးလိုက်နာရေးဘဲ။ ဖက်ဆစ်ဆန့်ကျင်ရေးသဘောတရား ဘယ်လောက်မှန်မှန် နိုင်ငံရေးလုပ်ငန်းစဉ် ဘယ်လောက်ကောင်းကောင်း၊ စည်းရုံးရေးဘယ်လောက်ခိုင်မာခိုင်မာ၊ လျှို့ဝှက်ရေးကျင့်သုံးမှုကို စနစ်တကျမကျင့်သုံးနိုင်ရင် ဖက်ဆစ်ဂျပန်တွေရဲ့ ချေမှုန်းမှုအောက်မှာ ကြေပျက်သွားနိုင်တယ်။ လျှိုဝှက်ကျင့်သုံးမှုဟာ ဖက်ဆစ်ဆန့်ကျင်ရေးမြေအောက်လုပ်ငန်းအတွက် မရှိမဖြစ်တဲ့ မလုပ်မဖြစ်တဲ့ လိုအပ်ချက်ဖြစ်တယ်။ လူတွေအသက်ရှင်ရေးအတွက် ရေနဲ့လေကို အမြဲတမ်းလိုအပ်သလို ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လုပ်ငန်းအတွက်လဲ လျှိုဝှက်ကျင့်သုံးမှုဟာ ထာဝစဉ်လိုအပ်တယ်။ အဲဒါမရှိရင်၊ ဒါမှမဟုတ် အဲဒါကိုစနစ်တကျ လိုက်နာကျင့်သုံးခြင်းမပြုရင် ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လုပ်ငန်းဟာ သေသွားမှာပဲ။ ဒါကြောင့် ကျုပ်တို့ ဖက်ဆစ်ဆန့်ကျင်ရေး သမားတွေအတွက် လျှိုဝှက်ရေးဟာ ပထမ၊ လျှိုဝှက်ရေးဟာ ဒုတိယ။ လျှိုဝှက်ရေးဟာ တတိယ ဖြစ်တယ်။ ``


(စ)
သခင်စိုးက မြေအောက်စည်းရုံးရေး၏လျှိုဝှက်ရေးမူအား မျက်လုံးအိမ်သဖွယ်စောင့်ထိန်းသူဖြစ်၏။ မစောင့်ထိန်း၍လည်းမဖြစ်….။ တစ်ချက်သတိမမူမိသည်နှင့် ဂျပန်ကင်ပေတိုင် (စစ်ပုလိပ်)တို့၏ ငရဲခန်းအတွင်း အသက်ဆုံးရှုံးရလေမည်သာ ….။ေ၇ွှဂုံတိုင်ဖုန်းကြီးကျောင်းတွင် ကိုလှကြည် (ရဲနီကျော်ဝင်း)တို့နှင့်တွေ့ပြီး ရန်ကုန်မှခွာတော့သည်။ ကွမ်းခြံကုန်းမြို့နယ် ကျိုက်ထော်ရွာသို့လျှို့ဝှက်သွားရောက်ပြီး နိုင်ငံရေးသင်တန်းတစ်ခုအား လျှို့ဝှက်ဖွင့်လှစ်ရန် စီစဉ်၏။ သခင်တင်မြကိုမူ ရန်ကုန်တွင်ပင် ဆက်သွယ်ရေးအတွက် တာဝန်ယူရန် ထားခဲ့ပြီး သခင်စိုးနှင့် သခင်တင်မြအကြား ဆက်ဆံရန် ဆတ်သားအဖြစ် ကိုလှကြည် (ရဲနီကျော်ဝင်း) အား တာဝန်ပေး၏။

ကျိုက်ထော်ရွာ နိုင်ငံရေးသင်တန်းသို့ ကိုချစ်လှိုင်၊ ကိုမြသွင်၊ ကိုသာငြိမ်း (မိတ္ထီလာ) သခင်ချမ်းသိန်း (ကျောက်ဆည်) ၊ ကိုဝင်းဖေ (ကျောက်ဆည်) တို့တတ်ရောက်ကြသည်။ သခင်စိုးသည် နိုင်ငံရေးသင်တန်းအား တဖက်ကပေးရင်း …..သတ္တမအကြိမ်မြောက် ကမ္ဘာ့ကွန်မြူနစ်ပါတီများ၏ကွန်ဂရက်သို့တင်သွင်းသည့် `ဂျော့၊ ဒီမီထရော့` ၏ အစီရင်ခံစာ `` အလုပ်သမားလူတန်းစား၏ ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးတိုက်ပွဲ`` ဟူသောစာတမ်းအား ဘာသာပြန်၏။ ဖက်ဆစ်ဆန့်ကျင်ရေးတပ်သားများ လေ့လာနိုင်ရန် စာအုပ်ငယ်လေးအဖြစ် ထုတ်ဝေသွားရန်ဖြစ်သည်။ ကျိုက်ထော်ရွာ သင်တန်းပြီးသည်နှင့် သခင်စိုးသည် ကျိုက်ထော်မှ မှော်ဘီဘက်သို့ပြောင်း၏။ မှော်ဘီတွင် သခင်စိုးသည် ချောက်ရေနံမြေမှ သခင်အေးမောင် (အလံနီခေါင်းဆောင် ရဲနီထွန်းစိန်) တစ်ဦးတည်းအား နိုင်ငံရေးသင်တန်းပို့ချ၏။ မှော်ဘီတွင်သင်တန်းပေးရင်း သခင်စိုးသည် ``ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်းအမှတ် (၁)`` အား ရေး၏။ စာတမ်းက ဖက်ဆစ်ဆန့်ကျင်ရေးစာတမ်းဖြစ်သည်။ သခင်စိုးသည် ယခင်က အင်းစိန်ထောင်နှင့် မြင်းခြံထောင်များအတွင်း အကျဉ်ကျခံနေရစဉ်ရေးခဲ့သည့် ``အင်းစိန်စာတမ်းနှင့်မြင်းခြံစစ်တမ်း`` ဟူသည့် စာတမ်းနှစ်စောင်ကိုအခြေခံပြီး ပြောင်းလဲတိုးတတ်လာသည့် မျက်မှောက်နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို အခြေခံကာ ဖြည့်စွက်၍ ရေးထားသော စာတမ်းဖြစ်သည်။

ဖက်ဆစ်ဝါဒ၏စီးပွားရေး၊ နိုင်ငံရေးသဘောရုပ်ကို ဖက်ဆစ်ဝါဒကြမ်းကြုတ်ရက်စက်မှုများ ဖက်ဆစ်ဝါဒအင်အားကြီးမားဟန်ရှိသော်လည်း မခိုင်မြဲပုံများ၊ ဖက်ဆစ်ဝါဒသည် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ဝါဒရေးတို့တွင် ရန်သူဖြစ်ပုံ၊ ဖက်ဆစ်ဝါဒကိုတိုက်ဖျက်နိုင်မှ လွတ်လပ်ရေးရနိုင်မည့်အကြောင်း ဖက်ဆစ်ဂျပန်များကို မောင်းထုတ်ရန် ပြည်သူလူထုကို မည်သို့စည်းရုံးရမည်၊ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်ကလပ်စည်းများကို မည်သို့ဖွဲ့စည်းရမည်၊ စသည်တို့ကို အခန်းများခွဲခြား၍ ရေးသားထားလေသည်။

စာတမ်း၏အဖွင့်အား ……

``လွတ်လပ်ရေးကို တိုက်ယူခြင်းခံထားရသော လူမျိုးသည် ဆိုရှယ်လစ်ဝါဒကိုထူထောင်ရန် မပြောနှင့်…..ဆိုရှယ်လစ်ဝါဒအကြောင်း ပြောပင်ပြောနိုင်မည်မဟုတ် ``
(မော်စီတုန်း)



(ဆ)
သခင်စိုးသည် မြေအောက်တွင်နေရင်း ဗိုလ်လကျာ်နှင့်တစ်ကြိမ်….တွေ့ဆုံးခဲ့ပြီး တပ်တွင်း စည်းရုံးရေးလုပ်ငန်းများအား ဆွေးနွေး၏။ ဆတ်သားမှတဆင့် စာအဆက်အသွယ်များကို မူ နှစ်ကြိမ်ခန့်ဆက်သွယ်ဆောင်ရွက်၏။ ဘီအိုင်အေ အား ဘီဒီအေသို့ပြောင်းလဲဖွဲ့စည်းပြီးသည့်နောက်တွင် ဗိုလ်လကျာ်သည် တပ်များတည်ရာ ပျဉ်းမနားသို့ပြောင်းရွှေ့၍ နေခဲ့သည်။ ပျဉ်းမနားသို့ဗိုလ်လကျာ်ပြောင်းရွှေ့သွားပြီးနောက်တွင် သခင်စိုးသည် ဗိုလ်လကျာ်နှင့် အဆက်အသွယ်ပြတ်နေခဲ့သည်။ ဗိုလ်လကျာ်နှင့်ပြန်၍ ဆက်သွယ်ဆောင်ရွက်ရန် သခင်စိုးသည် သခင်တင်မြအား တာဝန်ပေးသည်။ ပျဉ်မနား၌ ဘီဒီအေ တပ်ရင်း ၃-ရင်းရှိသည်။ တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ တပ်ရင်း (၃)ဖြစ်သည်။ တပ်ရင်း (၁)တပ်ရင်းမှူးမှာ ဗိုလ်မှူးနေ၀င်းဖြစ်ပြီး ။ တပ်ရင်း (၂)နှင့်တပ်ရင်း(၃)တို့၏ တပ်ရင်းမှူးများမှာ ဗိုလ်မှူးရန်နိုင်နှင့်ဗိုလ်မှူးဇေယျတို့ဖြစ်သည်။ ငလိုင်ချောင်းအားမေးတင်ပြီး ပျဉ်းမနားရှိ ဘီဒီအေတပ်မှူးများ၏ နေအိမ်အဆောက်အဦးများအား ဆောက်ထား၏။ ဗိုလ်လကျာ်၏အိမ်က ကမ်းပါးထိပ်တွင်ဖြစ်ပြီး အုတ်ကြွတ်မိုးတိုက်အိမ်ငယ်ဖြစ်သည်။ သခင်တင်မြ ဗိုလ်လကျာ်၏အိမ်သို့ ရောက်သည့်အချိန်၌ ဗိုလ်လကျာ်သည် အိမ်တွင်မရှိ….။ တပ်များအား စစ်ဆေးရန် သွားနေသည်။ ဗိုလ်လကျာ်၏အိမ်၌ဗိုလ်ရန်အောင်အား တွေ့ရသည်။ ဗိုလ်ရန်အောင်က ရခိုင်ဘက်တွင်တာဝန်ယူနေရာမှ ကျန်းမာရေးမကောင်း၍ ပျဉ်းမနားသို့ရောက်နေခြင်းဖြစ်သည်။ ငှက်ဖျားပိုးဦးနှောက်တွင်းသို့ရောက်ခဲ့သည့်ဒဏ်ကြောင့် ဗိုလ်ရန်အောင်သည် ရောဂါပျောက်ကင်းခဲ့သော်လည်း လူက ခပ်ကြောင်ကြောင်ပင်ဖြစ်နေသေး၏။ နေ့ခင်းတစ်နာရီခန့်တွင် ဗိုလ်လက်ျာပြန်ရောက်လာ၏။ သခင်တင်မြက သခင်စိုးမှ ဗိုလ်လကျာ်သို့ရေးပေးလိုက်သောစာအား ဆေးပေါ့လိပ်အတွင်းလိပ်၍ထည့်ယူလာရာမှ ထုတ်ပြီးပေးလိုက်သည်။ ဗိုလ်လက်ျာသည် သခင်စိုးထံမှ စာအား အတန်ကြာဖတ်ပြီး စာကိုမီးရှို့ဖျက်ဆီးလိုက်သည်။ ပြီးမှ …..

`` သခင်စိုးဆီကို စာတော့ပြန်မရေးပေးတော့ဘူး။ နုတ်နဲ့ပဲ ပြောလိုက်မယ်။ သခင်တင်မြပဲမှတ်သွားပြီးပြန်ပြောပြပါ။ တပ်ထဲမှာ အခြေအနေပေးတာနဲ့ ဖက်ဆစ်ဆန့်ကျင်ရေး စည်းရုံးမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားမယ်။ ဂျပန်တွေက ဘီဒီအေကို ဖွဲ့မပေးချင်ဘူး။ အခုဟာ မတတ်သာလို့ဖွဲ့ပေးလိုက်ရတာဖြစ်တယ်။ ဒါကြောင့် တပ်မတော်ပျက်စီးရာ ပျက်စီးကြောင်းကို အမြဲတမ်းအချက်ရှာနေကြတယ်။ စစ်ခေါင်းဆောင်တွေကိုလည်းမယုံဘူး။ အမြဲတမ်းစောင့်ကြည့်နေတယ်။ ဒါကြောင့်…လောလောဆယ်ဆယ်မှာ တပ်မတော်တည်တံ့မှုကို ထိခိုက်စေမယ့်ကိစ္စတွေကို သတိထားပြီး၊ ရှောင်ပြီးလုပ်နေကြရတယ်။ ဒီအတွက် ….. တပ်ထဲမှာ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းကို ချက်ချင်း ကျယ်ကျယ်ပြန့်ပြန့်လုပ်လို့မလွယ်သေးဘူး။ ပေါက်ကြားသွားတာနဲ့ဘီဒီအေကို ဖျက်သိမ်းပစ်ဖို့အချက်ရသွားမယ်။ လက်နက်ကိုင်တပ်မတော်တစ်ရပ် တရားဝင်တည်ရှိမှသာ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲအတွက် အင်အားရှိနေမှာဖြစ်တယ်`` 

          ဗိုလ်လကျာ်သည် သခင်စိုးထံသို့ စကားပါးလိုသည်အား အဆုံးသတ်လိုက်သည်။


(ဇ)
၁၉၄၄ခုနှစ် ဧပြီလထဲတွင် …..

သခင်စိုးထံသို့သခင်သန်းထွန်းမှ စာတစ်စောင်အား ဆတ်သားနှင့်ပို့လိုက်သည်။ ဆတ်သားက ကိုကျော်ရင် (မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း) ဖြစ်သည်။ စာက ….

``ကိုဗဟိန်းတစ်ယောက် ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းကိုဇောက်ချလုပ်ကိုင်နိုင်ရန်အတွက် မြေအောက်သို့ဆင်း၍တာဝန်ယူလိုသည်။ သခင်စိုးမှ သဘောတူလျှင် စီစဉ်ပေးပါ `` ဟူ၍ဖြစ်သည်။ ထိုစဉ်က ….ကိုဗဟိန်းသည် ဒေါက်တာဘမော်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဌာနအဖွဲ့တွင် အတွင်းဝန်အဖြစ်ဆောင်ရွက်နေသည်။ နိုင်ငံခြားရေးဝန်ကြီးက သခင်နုဖြစ်သည်။ သခင်နုပင်မသိလိုက်…..။ ကိုဗဟိန်းနှင့်သူ၏ဇနီးမခင်ကြီးတို့ နှစ်ယောက် ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများအား လုပ်ကိုင်ရန် သခင်စိုး၏အစီအစဉ်နှင့် မြေအောက်သို့ဆင်းလာခဲ့ကြသည်။ ကိုဗဟိန်းတို့ဇနီးမောင်နှံအား ကိုကျော်ရင်မှ ကွမ်းခြံကုန်းအထိ လျှို့ဝှက်၍လိုက်ပို့သည်။ ကွမ်းခြံကုန်းမှ ဒေးဒရဲနယ်ရှိ သခင်စိုးရှိရာသို့ သခင်မြသွင်မှ ပို့ပေးခဲ့၏။      

သခင်စိုးသည် မြေအောက်သို့ဆင်းလာခဲ့ကြသည့် ကိုဗဟိန်း၊သခင်ဗိုလ်၊ဦးကျော်ငြိမ်း (R.E.T) တို့အား ဒေးဒရဲနှင့်ကွမ်းခြံကုန်း -ကော့မှူးတို့တွင် လှည့်၍ နိုင်ငံရေးသင်တန်းအားပေးခဲ့သည်။ ကိုဗဟိန်းတို့သင်တန်းပြီးသည့်နောက်တွင် ရန်ကုန်ရှိ သခင်သန်းထွန်းဆီမှ သတင်းတစ်ခုဝင်လာသည်။ သတင်းက ….သခင်နုသည် ကိုဗဟိန်းမြေအောက်သို့ဆင်းပြီးဖက်ဆစ်ဆန့်ကျင်ရေးလုပ်ရန်ထွက်သွားသည့်အပေါ် မကျေမနပ်ဖြစ်နေသည်ဟု ဆိုသည်။ ကိုဗဟိန်းက သခင်နုနှင့်အတူ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင်တွဲ၍ လုပ်နေသကဲ့သို့ နေသည်မှာလည်း သခင်နု၏ အိမ်တွင်ပင် နေသည်ဖြစ်၍ ယခုကဲ့သို့သူ့အား အသိမပေးခဲ့ပဲ သူ၏ အိမ်မှ မြေအောက်သို့ ဆင်းသွားသည့်အတွက် နောင်တွင် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက သူ့အားပါတ်သတ်လာနိုင်သဖြင့် မကျေမနပ်ဖြစ်နေသည်ဟု သိရသည်။ ထို့အတွက် ….ကိုဗဟိန်းတို့ဇနီးမောင်နှံသည် မြေအောက်သို့ဆင်းခဲ့ပြီးပါမှ အခြေမပျက် ရန်ကုန်သို့ပြန်ပြီး သခင်နုအိမ်တွင် ခေတ္တပြန်နေ၍ သခင်နုအိမ်မှ အခြားအိမ်တစ်အိမ်သို့ ပြောင်းဆင်းခဲ့ပြီးမှ ဖြူးရှိ သခင်သန်းဖေတို့နှင့် ဆက်သွယ်ကာ ဖက်ဆစ်တော်လှန်ရေးအတွက် မြေအောက်သို့ပြန်ဆင်းကြရသည်။

၁၉၄၄ ခုနှစ် နွေနှောင်းကာလမှ စ၍ ဖက်ဆစ်တော်လှန်ရေးမြေအောက်လှုပ်ရှားမှုသည် ပိုမို၍ အားကောင်းလာခဲ့သည်။ သရက်ခရိုင်တွင် ခရိုင်ရဲဝန်အဖြစ် လုပ်ကိုင်နေသော သခင်ဗသိန်းတင် (ဥက္ကဌ -ဗမာပြည်ကွန်မြူနစ်ပါတီ ၊ကွယ်လွန်) သည် သခင်သန်းထွန်းမှ တဆင့် ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွင် အချိန်ပြည့်လုပ်ကိုင်ရန် ဆက်သွယ်လာသည်။ သခင်သန်းထွန်းက သရက်မှ သခင်ဗသိန်းတင်အား ရန်ကုန်သို့ ခေါ်ယူ၍ သခင်စိုးထံသို့ ကိုကျော်ရင်  နှင့်အတူ ပို့ပေးလိုက်သည်။ သခင်ဗသိန်းတင်နှင့်အတူ မရှေးမနှောင်းပင် အမျိုးသမီးစည်းရုံးရေးအတွက် တာဝန်ယူရန် အမရပူရမှ မစောမြ၊ ထားဝယ်မှ ကိုတင်ထွန်း၊ ၀ါးခယ်မသခင်သိန်းမောင်တို့လည်း သခင်စိုးရှိရာ `အင်းဂလုံးရွာ`သို့ ရောက်လာကြပြီး သခင်စိုးမှ သူတို့အား နိုင်ငံရေးသင်တန်း ပေး၏။ သင်တန်းပြီးသည့်နောက် ….. သခင်စိုးသည် သခင်ဗသိန်းတင်နှင့် ကိုတင်ထွန်း(ထားဝယ်) တို့အား ဖက်ဆစ်ဆန့်ကျင်ရေးမြေအောက်စည်းရုံးရေးတာဝန်များအား ထမ်းရန် ထားဝယ်သို့ စေလွှတ်တာဝန်ပေးခဲ့၏။

(စ်)

၁၉၄၄ခုနှစ် ဇွန်လအတွင်း ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများ အကြား သတင်းတစ်ခုထွက်ပေါ်လာ၏။ ပထမတွင် ခိုင်ခိုင်မာမာဟု ယူဆ၍ မရသေး….။ နောက်ပိုင်းတွင်မူ သတင်းအား အတည်ပြုလာနိုင်သည်။ သတင်းကား ….. ဘီဒီအေအတွင်းရှိ ပြည်သူ့အရေးတော်ပုံပါတီဝင်တပ်မှူးများက ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်များအား လက်နက်ကိုင်၍တော်လှန်တော့မည်ဟူ၍ဖြစ်သည်။

ဖက်ဆစ်တော်လှန်ရေး မြေအောက်စည်းရုံးရေးအတွက် တပ်မတော်အတွင်း လျှိုဝှက်တာဝန်ယူနေသည့် ဗိုလ်သိန်းတန်ထံမှ သိရခြင်းဖြစ်သည်။ ဗိုလ်သိန်းတန်က ပြည်သူ့အရေးတော်ပုံပါတီဝင် တပ်မှူးများဖြစ်သည့် ဗိုလ်အောင်ကြီး ၊ ဗိုလ်မောင်မောင်တို့ထံမှ သိရခြင်းဖြစ်သည်။ သတင်းက အရေးကြီးသည်။ တပ်မတော်က ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်တော်လှန်ရေးချက်ချင်းထချလျှင် …..မည်သို့ဖြစ်လာနိုင်မည်နည်း။

သခင်စိုးသည် တပ်မတော်မှ လက်နက်ကိုင်တော်လှန်ရေးအား ချက်ချင်းထချမည့် အရေးနှင့်ပတ်သတ်၍ စာတမ်းတစ်စောင်အားရေး၏။ ``လက်ဝဲသွေးစည်းအန္တရာယ်``ဟူ၍ဖြစ်သည်။ စာတမ်း၏သဘောကား ……

``လောလောဆယ်ဆယ် အခြေအနေမှာ ဖက်ဆစ်ဂျပန်များကို ပြည်သူလူထုကြီးက လက်နက်ကိုင်တော်လှန်ရန် အချိန်မကျသေး။ ဂျပန်ဖက်ဆစ်များသည် ပစိဖိတ်စစ်မျက်နှာ၌ ရှုံးနိမ့်နေပြီးဖြစ်သော်လည်း မြန်မာပြည်စစ်မျက်နှာတွင်စစ်အင်းအား ဆုတ်ယုတ်သင့်သလောက် မဆုတ်ယုတ်သေး။ ဖရိုဖရဲမဖြစ်သေး။ ဖက်ဆစ်ဂျပန်၏အုပ်ချုပ်မှုမှာ ခိုင်မြဲနေဆဲဖြစ်သည်။ တဖက်က ဖက်ဆစ်ဂျပန်ကိုဦးဆောင်တော်လှန်ကြမည့် ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများမှာလည်း တစုတစည်းတည်းမဖြစ်သေး။ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့များ၏ လူထုစည်းရုံးရေးမှာ မကျယ်ပြန့်သေးရုံမျှမက တကွဲတပြားစီဖြစ်နေသေးသည်။ ထိုကြောင့်ဖက်ဆစ်ဂျပန်တို့အား ချက်ချင်းလက်ငင်းလက်နက်ကိုင်တော်လှန်ရန် နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ စစ်ရေးအရ အခြေအနေမပြည့်စုံသေး။ အခြေအနေမပြည့်စုံသေးပဲ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ပါက အင်အားကြီးသော ရန်သူကို အင်အားနည်းနေသေးသော မိမိတို့က ချေမှုန်းပစ်ရန် ဖိတ်ခေါ်ရာကျမည်။ တော်လှန်ရေးသမားများက မိမိတို့ကိုယ်ကို ရန်သူ့လက်သို့အပ်နှင်းရာကျမည်။ ဖက်ဆစ်ဂျပန်ကိုလက်နက်ကိုင်တော်လှန်ရန် အသင့်မဖြစ်သေးသောလူထုနှင့် ဖက်ဆစ်တော်လှန်ရေးသမားများကို ကင်းကွာစေပြီး လူထုအကူအညီမရသဖြင့် ရှုံးနိမ့်မှုများကို ကြုံတွေ့နိုင်သည်။ ထိုကြောင့် ဖက်ဆစ်တော်လှန်ရေးအင်အားစုများအဖို့ နိုင်ငံရေးအရ ၊ စည်းရုံးရေးအရ အသင့်မဖြစ်သေးမှီ ဖက်ဆစ်ဂျပန်တို့ကို ချက်ချင်းလက်နက်ကိုင်တိုက်ခိုက်ရန် သဘောထားသည် လက်ဝဲသွေဖည်ရေး အန္တရာယ်ပင်ဖြစ်သည်။ ဤအန္တရာယ်ကို တားဆီးရမည်။ ဤလက်ဝဲသွေးဖည်ရေးသဘောထားရှိသူများကို ချဉ်းကပ်၍ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ရန် အချိန်မကျသေးကြောင်း အချိန်စောင့်၍လိုအပ်သော နိုင်ငံရေး၊ စည်းရုံးရေးပြင်ဆင်မှုများကို လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ရှင်းလင်းပြရမည်``ဟူ၍ ဖြစ်သည်။ စာတမ်းအား မိတ္တူများကူး၍ ဗိုလ်သိန်းတန်မှတဆင့် တပ်မတော်အတွင်းသို့ဖြန့်ဝေခဲ့၏။

(ည)
၁၉၄၄ခုနှစ် ။ သြဂုတ်လ (၄)ရက်။

သခင်စိုးရေးသည့် ``လက်ဝဲသွေးစည်းအန္တရာယ်``စာတမ်းအား တပ်အတွင်း ဖြန့်ဝေခဲ့ပြီးသည့်နောက် ….ဗိုလ်ချုပ်အောင်ဆန်းသည် သခင်သန်းထွန်းမှတဆင့် သခင်စိုးနှင့်ဆက်သွယ်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် ….တပ်မတော်က တသီးတခြား၊ ပြည်သူ့အရေးတော်ပုံပါတီက တမျိုးတဖုံ၊ ကွန်မြူနစ်ပါတီက တလမ်းတသွယ် လုပ်နေကြခြင်းမျိုးမဟုတ်ပဲ ဖက်ဆစ်တော်လှန်ရေး လမ်းစဉ်တစ်ခုတည်းပေါ်တွင် စည်းလုံးညီညွှတ်စွာနှင့် တပ်ပေါင်းစုဖွဲ့ရန် ဆွေးနွေးညှိနှိုင်း၏။ဗိုလ်ချုပ်အောင်ဆန်း၏ ဖက်ဆစ်တော်လှန်ရေးအတွက် တပ်ပေါင်းစုဖွဲ့စည်းရေးသဘောထားအား သခင်စိုးက သဘောတူလက်ခံ၏။ ဤတွင် လူချင်းတွေ့ဆုံ၍ ဆွေးနွေးရန် မြေအောက်တွင် ရောက်နေကြသည့် သခင်စိုး၊ ကိုဗဟိန်းတို့အား ပဲခူးရှိစံပြတပ်ရင်းသို့ လျှို့ဝှက်လာရောက်ရန် ဗိုလ်ချုပ်ကပင် စီစဉ်၍ တွေ့ဆုံကြသည်။

ပဲခူးရှိ စံပြတပ်ရင်း၌…. ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကိုဗဟိန်းတို့သည် ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစု အား ဖွဲ့စည်းရေးအတွက် ဆွေးနွေးခဲ့ကြ၏။

၁၉၄၄ခုနှစ် သြဂုတ်လ (၄)ရက် …(၅)ရက်….. (၆)ရက် …..။ ၃-ရက်တိုင်တိုင် ဆွေးနွေးပြီးနောက် …..

``ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်`` အား ဖွဲ့စည်းခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေး ခရီးလမ်းက ပိုမို၍ ကျယ်ပြန့်ကြီးမားလာခဲ့၏။ တပ်ပေါင်းစုနှင့် တော်လှန်ရေး၊ တပ်ပေါင်းစုနှင့်အောင်ပွဲခံရေးဆီသို့……။

`ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်` အား စတင်ဖွဲ့စည်းခဲ့ပြီး ၇-လကြာပြီးသည့်နောက် ….ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနှင့် သခင်သန်းထွန်းတို့သည် ရန်ကုန်မြို့ ဗိုလ်မှူးမြင့်အောင် (ရဲဘော်သုံးကျိပ်ဝင် ) နေအိမ်၌လျှိုဝှက်တွေ့ဆုံခဲ့ကြပြီး အဖွဲ့ချုပ်အား တိုးချဲ့သွားရန် ဆွေးနွေးကြ၏။ လက်ရှိ ဗဟိုဦးစီးအဖွဲ့ဝင် အရေအတွက်နှင့် နောင်လုပ်ဆောင်ရမည့် လုပ်ငန်းများအား လုပ်ဆောင်နိုင်မည့်မဟုတ် ….သို့အတွက် ဗဟိုဦးစီးအဖွဲ့ အား တိုးချဲ့ရန်နှင့် လုပ်ငန်းတာဝန်များခွဲဝေ၍ လုပ်ဆောင်ကြရန်လိုကြောင်းဆွေးနွေးကြ၏။

၁၉၄၅ခုနှစ် မတ်လ (၁)ရက်နေ့ ညပိုင်းတွင် ကန်တော်ကြီးစောင်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏နေအိမ်၌ `ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် ` တွင် ပါဝင်ကြသည့် အင်အားစု (၃)စုမှ ကိုယ်စားလှယ်များတွေ့ဆုံ၍ ဆွေးနွေးကြသည်။ `ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်` အား  `ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ` ဟူ၍ ပြင်ဆင်ခဲ့ပြီး ဗဟိုဦးစီးအဖွဲ့အား ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးလကျာ်၊ ဗိုလ်နေ၀င်း၊ ကိုဘဆွေ၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြတို့နှင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။ တာဝန်ခွဲဝေမှုတွင်

          ဗိုလ်ချုပ်အောင်ဆန်းက …..စစ်ရေးခေါင်းဆောင်….

          သခင်စိုးက …..နိုင်ငံရေခေါင်းဆောင်…..

အလံတော်က …..အနီရောင်နောက်ခံပေါ်တွင် ….လက်ဝဲဘက်အထက်ဒေါင့်၌ ကြယ်ဖြူပွင့်ကြီး ….။ ဖက်ဆစ်ဂျပန်တော်လှန်ရေးက စလေပြီ…..။

``မိုးကုပ်ကုပ်ဝယ်၊ အို ….ရုတ်တရက်

မျဉ်းဖြူစက်၍ ၊ ကွဲအပ်ကြောင်းရာ

ဟ ….ဟလာသည်

မိုးပြာကိုဖြတ်၊ ပတ္တမြားရည်

စီးလည်းအဟုန်၊ နီးမြန်းကုန်သည်

အာရုဏ်တတ်ပေါ်စ ၊ ၀ိုးတ၀ါး။``

(ဒဂုန်တာရာ၏ မတ်လတော်လှန်ရေးကဗျာမှ…)

မင်းဟန်


ကိုးကား…

          -သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည် (၁) ၊ (၂)

          -ဦးနု၏ တာတေစနေသား

          -သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် အတွဲ (၁၊၂၊၃၊၄၊၅၊၆)

          - ဒဂုန်တာရာ၏ မတ်လတော်လှန်ရေးကဗျာ

- ၁၉၉၈ခုနှစ် မေလထုတ် မိုးဂျာနယ်တွင်ပါရှိသည့် သခင်လှကွန်း၏ မြင်ကွင်းသစ်ရှုခင်းသစ်များ

- ၁၉၉၇ခုနှစ် အောက်တိုဘာလထုတ် မိုးဂျာနယ်တွင်ပါရှိသည့် ကျော်အောင်၏ အနီထဲက ကြယ်ဖြူပွင့်

colourparliament.com မှ။