13 Aug 2012

၀ုိင္အမ္ဘီ သခင်တင် (၃)

ရဲတင်းတဲ့ သီချင်းရေးဆရာ ၀ိုင်အမ်ဘီ သခင်တင်

မာမာအေး
ဧပြီ ၁၈၊ ၂၀၁၀


တိုင်းပြုပြည်ပြု ဂီတ စာဆိုကျော်ကြီး ၀ိုင်အမ်ဘီ သခင်တင် (ဓာတ်ပုံ - myanmarisp.com)

“ - - - - ဈေးဖျက်တဲ့ ဗမာတွေဆိုတာ ကိုယ့်အသားကလောက်ပင် မိုက်ကြေးသာခွဲချင်၊ ဒါတွေမျိုးတော့ ခေါင်းဆောင်မတင် - - - ”


သောတရှင်များ ကျန်းမာတော်ကြမူပါစရှင်။ မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ အရင်တပတ်က ‘တို့ဗမာ’ သီချင်းထဲကနေပြီးတော့ ‘နိုင်ငံတော်သီချင်း’ အဖြစ် စာပြောင်း အသွင်ပြောင်းသွားတာလေး သိရအောင် တင်ပြပေးခဲ့တယ်။ အဲဒီလို အပြောင်းအလွဲ လုပ်ဖြစ်တဲ့ အကြောင်းကို ခြေရာကောက်တဲ့အခါမှာ သူ့ကျွန်ဘ၀က လွတ်ဖို့ သခင်စိတ်မွေး တော်လှန်ရေးမီးမွှေး၊ ဗမာတို့သွေး ပူနွေးစေရအောင် စွမ်ဆောင်ပေးတဲ့ ဒီတေးသံ ရင်တွင်းမှာ လျှံနေလို့ တခြားသော အသံ နားကမခံ ဖြစ်နေတာ တဲ့၊ ကြားဖူးခဲ့ရပါတယ်။

နိုင်ငံတော်သီချင်းအဖြစ် စီစဉ်ကြရတဲ့သူတွေထဲမှာ မာအေးရဲ့ ဆရာ ရွှေပြည်အေးတို့ စောင်းဦးဘသန်းတို့လည်း ပါကြတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်အလက်များအရ ဌာန်ကရိုဏ်းကျန စီခြယ် သီကုံးခဲ့ကြတဲ့ ဦးလေးရန်နိုင်စိန်တို့ ဘဘ ဒဂုန် ဆရာတင်တို့နဲ့လည်း ကျွမ်းဝင်လေးစား အ၀င်အထွက် များခဲ့တော့ သက်ကြီးစကား သက်ငယ်ကြား သဘောမျိုးနဲ့ ကြားခဲ့ရတာပါပဲ။

သီချင်းရေးဆရာကြီးတွေဟာ ‘တို့ဗမာသီချင်း’ ကို ကျော်ပြီး မရေးချင်ကြဘူး။ ဒါကြောင့် စာပဲ ပြောင်းခဲ့ကြတာပါတဲ့ရှင်။ အဲဒါဟာလည်း စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ကြားဖြတ်အစိုးရလက်ထက် တိုင်းပြုပြည်ပြုလွှတ်တော်မှာ နိုင်ငံတော် သီချင်း ရွေးကြတုန်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ တိုင်းပြည် လွတ်လပ်ရေး ကြေညာတော့လည်း ဒီသီချင်းကိုပဲ ပြန် စသုံးခဲ့ပါတယ်။

မာအေးတို့ ဖြတ်သန်းခဲ့ရတဲ့ တပါတီ ခေတ်ထဲမှာ အခြေခံဥပဒေ တကြိမ် ထပ်ပြီး ရေးဆွဲခဲ့ရာမှာလည်း နိုင်ငံတော်သီချင်း ပါစမြဲပါပဲ။ ဂီတ စာဆိုများကို ရေးစေတာပါပဲ။ ဒီခေတ်ကျတော့ ကိုယ့်လူတွေ ကိုယ့်အကိုတွေ မောင်တွေချည်းပဲဟာ - သိရတာပေါ့၊ သူတို့လည်း မရေးချင်ကြပါဘူး။ သူတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိကြပေမယ့် ဘယ်သူမှ သီချင်းသစ် တခုခုကို မရွေးခဲ့ကြဘူး။

 လွတ်လပ်အဦး ကူပေးဖူးတဲ့ အသီးသီးသော ကျေးဇူးရှင်တွေလို့ လေးစား နေရာထားတတ်တဲ့ အမျိုးချစ်စိတ်ကြောင့် တဲ့။ ကိုယ်တိုင် ခံယူချက်တွေကို ပြောခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံတော်သီချင်း ‘ကမ္ဘာမကြေ’ ဟာ မပြောင်းမလွဲ တည်တံ့ခဲ့တာပါရှင်။

မာအေးရဲ့ တဦးတည်း အမြင်မှာတော့ ‘အသံအဓိကကျတဲ့အကြောင်း’ ပြစရာ တခုပါပဲ။ ၀ိုင်အင်ဘီ ဆရာကြီး ရှာထားတဲ့ အသံကို ယူပြီး စာဖြည့်ရေးသားတာမို့ တို့ဗမာသီချင်းက စာဆိုလို့ ‘ကမ္ဘာမကြေ’ရယ်၊ ‘ဒါတို့ပြေ’ ဆိုတာရယ် လောက်ပဲ တွေ့ရပါတယ်။ ဒါကြောင့် အသံကို အဓိကထားတာလို့ မြင်ရတာပါ။ ဒီတော့ နိုင်ငံတော်သီချင်းရေးဆရာ ကဗ္ဗည်းထိုးရင် ၀ိုင်အမ်ဘီ သခင်တင်+ရန်နိုင်စိန် နှင့် ဒဂုန်ဆရာတင် ဖြစ်သင့်တယ်။ တို့ဗမာကျတော့ သခင်ဘသောင်း နဲ့ ၀ိုင်အမ်ဘီ သခင်တင် တွဲဖက်ရေးသားသည်ပေါ့၊ မကောင်းဘူးလား။

ကဲ - တို့ဗမာကိစ္စ အတိုအထွာ မှတ်စရာလေးတွေ တေးထားတာကို ပြောရရင် တို့ဗမာအစည်းအရုံးကြီးကို ဗဟန်း ရေတာရှည်လမ်း၊ ခြံအမှတ် ၃၃ သခင်ဘသောင်းနေအိမ်မှာ ၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ တို့ဗမာသီချင်းကို သခင်ဘသောင်း စာရှာပြီး ၀ိုင်အမ်ဘီဆရာတင်က သီချင်းအဖြစ် ရေးပါတယ်။ တို့ဗမာသီချင်းကို ရန်ကုန်တက္ကသိုလ် သထုံဆောင် သဟာယနဲ့ စာဖတ်အသင်းမှာ ဇူလိုင် ၁၉ ရက်နေ့က စတင် သီဆိုခဲ့တယ်။ တက္ကသိုလ်ကျောင်းသားထဲက ပထမဆုံး သီဆိုခဲ့တဲ့သူကတော့ ‘သခင်ချင်းစိန်’ ပါတဲ့ရှင်။ နောင်အခါ သခင်ချင်းစိန်ဟာ ရုပ်ရှင် ဒါရိုက်တာကြီး ဦးချင်းစိန်ခေါ် ခေတ်ဟောင်း ဂီတစာဆို နဲ့ အဆိုတော် ရုပ်ရှင် မင်းသားကြီး ရွှေညာမောင် ဖြစ်လာခဲ့ပါတယ်။ သီချင်းဖွင့်ပွဲကိုတော့ ရွှေတိဂုံ စေတီတော် ရာဟုဒေါင့် တန်ဆောင်းကြီးမှာ ၁၉၃၀ ပြည့် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၄ နာရီမှာ ကျင်းပခဲ့ပါတယ်။ သခင်ဘသောင်းက သီချင်းအဓိပ္ပာယ်များ ရှင်းပြ၊ သခင် သခင်မဘွဲ့တွေ ခံယူ ခေါ်သုံးကြဖို့ ဟောပြောပြီး ၀ိုင်အမ်ဘီကြီးက သခင်တင် နာမည် ပြောင်းကာ ကိုယ်တိုင် ဆိုပြခဲ့ပါသတဲ့ရှင်။

အသင်းကိစ္စ၊ သီချင်းကိစ္စ ပြီးရင် သီချင်းရှင်အကြောင်းလည်း မှတ်မှ တော်မယ် ထင်တယ် ရှင်တို့။ ဆရာတင်ဟာ မန္တလေး ရွှေဘုန်းရှိန်အရပ်သားတဲ့ရှင့်။ မိဘတွေက ဦးရန်အောင် နဲ့ ဒေါ်သိန်း ဖြစ်ပါတယ်။ ဖခင်က သီပေါဘုရင် ပါတော် မမူခင်တုန်းက သွေးသောက်စု အမှုတော်ထမ်းကိုးရှင့်။ ဒါကြောင့် ဆရာတင်က နိုင်ငံရေးဗီဇ ပြင်းပြတာ ဖြစ်မှာပဲ။ ဂီတလည်း ၀ါသနာထုံတော့ ဂီတပါ သင်တဲ့ ‘ကယ်လီကျောင်း’ ထားပေးခဲ့တာနဲ့ စာလည်းရ ဂီတလည်းရ ဖြစ်လာသူပေါ့ရှင်။ ဟိုခေတ်က ခေတ်စားတဲ့ လက်ဆွဲဘာဂျာ ကောင်းစွာ တတ်တယ်လို့ ဆိုပါတယ်။ ၀ိုင်အမ်ဘီလို့ နာမည်မှာ ပါလာရတာကတော့ “YOUNG MEN BUDDHIST:” ဗုဒ္ဓဘာသာလူငယ်များ အလွတ်ပညာသင်ကျောင်း ဖွင့်ပြီး တီးဝိုင်းလည်း ထောင်လို့ပါ။ နိုင်ငံရေးလောက မ၀င်မီကတော့ အငြိမ့်သီချင်းတွေ၊ ရုပ်ရှင်သီချင်းတွေ၊ ဓာတ်ပြား သီချင်းတွေ ရေးတာပေါ့။ သခင်ဖြစ်ပြီးတဲ့ နောက်မှာတော့ နိုင်ငံအကျိုးပြု သီချင်းတွေပဲ အားစိုက် ရေးသား နယ်လှည့် စည်းရုံးသွားခဲ့တာ နောက်ဆုံးနေ့အထိပါပဲ။

ဆရာ ၀ိုင်အမ်ဘီ ရေးတဲ့ သခင်သီချင်းကိုရော ချစ်ဆွေတို့ ကြားဖူးပါသလား။ အခွန် ပေးသူတိုင်းဟာ သခင် တဲ့။ သာကီနွယ်ဝင် ဗမာတိုင်းဟာ သခင်တွေသာဖြစ်တယ် လို့ အားစမ်းခဲ့တဲ့ သီချင်းတပုဒ်ပါပဲ။ ရှေးကလည်း ဗမာဈေးဖျက်တဲ့သူတွေ ရှိခဲ့ကြောင်း ပေါ်လွင်အောင် သူရေးခဲ့ပါတယ်။ နားဆင်ကြည့်ပါဦး။ အဲဒါမျိုးဆိုရင် ခေါင်းဆောင် မတင်ဘူး တဲ့။ ပွင့်ပွင့်လင်းလင်း ရဲတင်းတဲ့ သီချင်းရေးဆရာပါပဲ။

xxx ဗမာပြေကို သခင်များခေတ်ကိုပြင်၊ ထင်ရှားဖြစ်ဖို့ အမြဲမြင်ပေါ်ပင်ကိုထွင်၊ မရှောင်ဘူးဆိုတဲ့ ဇွဲနဲ့ စံနမူနာတင်၊ လာမယ့်ဘေးကို ပြေး၍သာ တွေ့ချင်။ လယ်လုပ်တောင်သူ ကြီးပွားရာလမ်းကိုထွင်၊ ဆင်းရဲတဲ့ တို့ဗမာတတွေ၊ ချမ်းသာရာလမ်းကိုပြင်၊ အကုန်လုံး ပမာထွင်တကယ် အရိုးကြေကြေ အမျိုးထိရင် အကုန်နော် သခင်၊ ပြည့်လက်ရုံး မာန်ကိုဝင် မောင်းကိုဆင်၊ ရည်ရွယ်ပုံ လောကီ နိဗ္ဗာန်ဝင် xxx
အောင်မာ အသားကြီးတယ် ဘာလဲသခင် ဗျာဗျာဗျာ သြော် - တကယ့်ကို သနားစရာ ၀ဋ်ကြီးရှာအင်၊ အကုန်ပြောမယ် နားတောတကိုသာဆင်၊ မှတ်ပါ သိချင်၊ သခင်ဆိုတာ တို့သာမဟုတ်ပါ၊ ကြေးငွေ အခွန်ပေးသူတိုင်းပင် xxx

[(သာကီနွယ်ဝင် ဗမာတိုင်းသခင်)၂ xxx တို့ဝတ္တရားပါနော်၊ ခေါ်သာခေါ် မလွတ်လပ်ခင်]၂ xxx
အသစ်အကောင်းမှန်ရင် အဟောင်းပြန်ပြောင်းချင်၊ အောင်မြင်ချင်ရင် ဈေးဖျက်တဲ့ ဗမာတွေဆိုတာ ကိုယ့်အသားကလောက်ပင် မိုက်ကြေးသာခွဲချင်၊ ဒါတွေမျိုးတော့ ခေါင်းဆောင်မတင် xxx
(သခင်သီချင်းမှ၊ မောင်မောင်ကြီး)




[ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com က ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ကူးယူ ဖော်ပြခြင်း ဖြစ်သည်။ ]

No comments:

Post a Comment