13 Aug 2012

သခင်စိတ်ဓါတ် သခင်အကျင့်(၄)


ငါသာလျှင် ငါ၏အရှင်သခင်

သခင်သိန်းမောင် ပြန်ကြားရေးမှူးအဖြစ် တို့ဗမာအစည်းအရုံးမှာ တာဝန်ထမ်းဆောင်စဉ် ၁၂၉၈အတွင်း "ကိုယ့်မင်းကိုယ့်ချင်းတည်ထောင်မှု စာစဉ်အမှတ်(၁) တို့ဗမာဋီကာ" ကိုထုတ်ဝေခဲ့ဖူးပါတယ်။ အဲဒီစာစုမှာ- “ကမ္ဘာဦးလူတို့သည် ကိုယ်စီကိုယ်ငှ အရှင်သခင်များဖြစ်ကြ၏။ လူခပ်သိမ်းတို့မှာ အာဏာရှင်သာဖြစ်သောကြောင့် လောကကြီးတခုလုံးသည် လောကနိဗ္ဗာန်ကြီးပင် ချုပ်ချယ်ခြင်းမရှိ" ရယ်လို့ပါပါတယ်။ လူတိုင်းက ကိုယ့်ကြမ္မာအတွက် ကိုယ်လုပ်ပိုင်ခွင့်ရှိကြတာမို့ အာဏာရှင်လို့ သုံးနှုန်းတာပါ။ နှောင်းခေတ်မှာတော့ အာဏာရှင်ဆိုတဲ့အသုံးအနှုန်းက သူများတွေဘ၀ကို မိမိအလိုကျဖြစ်အောင် ပြဋ္ဌာန်းလုပ်လာတဲ့သူကို ရည်ညွန်းတာဖြစ်တယ်မဟုတ်လား။

သခင်စိတ်ဓါတ်ဆိုတာ မိမိကြမ္မာကိုမိမိ ဖန်းတီးတဲ့စိတ်ဓါတ်မျိုးပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သခင်ဋီကာစာအုပ်(စာပေလောကထုတ်) အဖွင့်ကို 'အနိုင်မခံ' ဆိုတဲ့ကဗျာနဲ့ စဖွင့်ခဲ့တာပဲ။ ဒီကဗျာက သခင်အောင်ဆန်းနှစ်သက်တဲ့ ကဗျာလို့ပြောကြပါတယ်။ "ငါ၏ဦးခေါင်းတို့သည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွတ်ကားမညွှတ်" ဆိုတဲ့ ကဗျာပေါ့။ ကဗျာကို ' ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည် ' လို့အဆုံးသတ်ထားတာပါ။ သခင်စိတ်ဓါတ်ဆိုတာ ငါသာလျှင် ငါ၏အရှင်သခင်ဖြစ်ခွင့်ကို အသိအမှတ်ပြုပါတယ်။ အသိအမှတ်ပြုရုံမက ကျင့်လည်း ကျင့်သုံးကြပါတယ်။

သခင်စိတ်ဓါတ်ဟာ ဗုဒ္ဓတရားတော်နဲ့ ကိုက်ညီတယ်

ဗုဒ္ဓဘာသာရဲ့ အတွင်းသဘောဟာ ဆုတောင်းခြင်းမဟုတ်ပါဘူး။ ဘယ်တန်ခိုးရှင်ကမှ ကယ်တင်နိုင်တယ်လို့ ယုံကြည်တဲ့ဘာသာမဟုတ်ပါဘူး။ ကောင်းသောအမှု(ကုသိုလ်) ပြုရင် ကောင်းသောအကျိုးရမယ်။ မကောင်းသောအမှု (အကုသိုလ်) ကိုပြုရင် မကောင်းသော အကျိုးရမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်သားသမီးကုသိုလ်ရအောင်ဆိုပြီး မိဘက၀င်လုပ်ပေးလို့ရတယ်လို့ ယုံကြည်တာမဟုတ်ပါဘူး။ ကိုယ်ဟုတ်ရင် ကိုယ်စံ၊ ကိုယ်မဟုတ်ရင် ကိုယ်ခံဆိုတဲ့ ယုံကြည်မှုပါ။ အဲဒါ ဘာနဲ့မှ ကယ်တင်လို့မရပါဘူး။

သခင်စိတ်ဓါတ်ဆိုတာ ကိုယ့်လုပ်ရမယ့်အမှုကို တခြားသူက၀င်စွက်ဖက်လုပ်ခွင့်ပေးတဲ့ စိတ်ဓါတ်မဟုတ်ပါဘူး။ အဲဒီလို သူများစည်းကို ကိုယ်ကကျူးပြီး ၀င်စွက်ဖက်ခြင်းဟာလည်း ဗုဒ္ဓရဲ့အခြေခံအယူအဆနဲ့ မကိုက်ညီပေဘူး။

ပညာရှင်နဲ့ ပညာရှင်ကိုလေးစား

ခရစ်သက္ကရာဇ် ၁၉၃၂ (မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်နေ့) မှာ တို့ဗမာသတင်းစဉ်မှတ်တမ်းကို စထုတ်ပါတယ်။ မျက်နှာဖုံးပုံက ရောင်နောက်တွဲထုံးပြီး ထိုးကွင်းမင်ကြောင်နဲ့ ခါးတောင်းမြောင်အောင်ကျိုက်ထားတဲ့ ယေက်ျားကြီးက မီးရှူးတိုင်ကို ထမ်းပြီး ရှေ့ကိုချီတက်နေတဲ့ပုံပါ။ အကျိုးအပျက် မြိုးရိုးပြသာဒ်တွေကို ကျောခိုင်းလို့ စက်ရုံတွေ၊ ရေနံတွင်းတွေ၊ လေယဉ်ပျံတွေရှိရာကို ချီတက်လို့။ သက်ဦးဆံပိုင် အာဏာပိုင်စံနစ်နဲ့ ခေတ်နောက်ကျမှုတွေကို စွန့်ပြီး အနာဂတ်စက်မှုနိုင်ငံကို သွားနေတဲ့သဘောပေပေါ့။ မီးရှူးတိုင်ရဲ့သဘောက မြန်မာပြည်သူပြည်သားတွေကို အသိဥာဏ်အလင်းရောင် ပေးမယ့်သဘောလို့ဆိုပါတယ်။

သခင်စိတ်ဓါတ်ဆိုတာ အဟောင်းအမြင်းတွေကိုစွန့် စက်မှုနိုင်ငံဆီသို့ ချီတက်ရာမှာ အသိဥာဏ်ပညာကိုလေးစားတဲ့ စိတ်ဓါတ်ပါပဲ။ အသိဥာဏ်ပညာမပါပဲ နိုင်ငံသစ်ဆီသွားလို့မရဘူးဆိုတာ အဲဒီမျက်နှာဖုံးပုံက ပြနေပါတယ်။ သခင်စိတ်ဓါတ်မှန်ရင် ဘယ်တော့မှ ပညာနဲ့ ပညာရှင်တွေကို အထင်မသေးရဘူး။ သူတို့ရဲ့အလင်းရောင်ကို ပခုံးပေါ်မှာ ထမ်းတင်ထားချင်တဲ့စိတ်ဓါတ်ပါ။ လက်နှိပ်ဓါတ်မီးလို လိုမှခလုတ်တွန်းထားတဲ့ စိတ်ဓါတ်မျိုးမဟုတ်ပေဘူး။ ပခုံးထမ်းထားနိုင်တဲ့ စိတ်ဓါတ်မျိုးပါ။

တို့ဗမာအစည်းအရုံးက ပထမဦးဆုံးထုတ်တဲ့ နိုင်ငံပြုစာစုရဲ့ မျက်နှာဖုံးမှာ -
ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
ဗမာပြည်ကို - ချစ်ပါ
ဗမာစာကို - ချီးမြှင့်ပါ
ဗမာစကားကို - လေးစားပါ လို့ဖော်ပြထားပါတယ်။

အဲသည့် ကြွေးကြော်သံတွေထဲက ဗမာစာသည် - တို့စာ ဆိုတဲ့ ကြွေးကြော်သံကို ရှင်းရာမှာ မျိုးချစ်စိတ်ဓါတ်လှို့ဆော်ဖို့ ကြွေးကြော်ရုံမျှပဲလို့ ထင်နေကြသူတွေကများနေပါတယ်။ ဒီကြွေးကြော်သံတွေကို သခင်ဘသောင်းပြောခဲ့ရာမှာ အဲဒီမျိုးချစ်စိတ်ဓါတ်ရှိရေးလောက် မဟုတ်ပါဘူး။ ' လောကဓါတ်ပညာရပ်အားလုံး ဗမာစာနဲ့ရှိရေး ' ဆိုတဲ့ အမြော်အမြင်ရှိတဲ့ ရည်မှန်းချက်လည်း ပါပါတယ်။

သခင်ကြီးတွေမေးကြည့်တော့ သခင်ခေါင်းဆောင်တွေက ပညာကိုသိပ်ရှာကြတာလို့ ပြောပြပါတယ်။ တို့ဗမာအစည်းအရုံးဋ္ဌာနချုပ်မှာ အစည်းအဝေးထိုင်ကြတဲ့ စားပွဲကြီးတလုံးရှိတယ်လို့ ၀ါးခယ်မသခင်သိန်းဖေက မှတ်မှတ်ရရ ပြန်ပြောပါတယ်။ အဲဒီစားပွဲကြီးအောက်မှာ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းရဲ့ စာအုပ်ပုံရှိပါတယ်။ သခင်အောင်ဆန်းဟာ အားရင် အဲဒီစာအုပ်ပုံကြားမှာ စာအုပ်တွေခေါင်းခုပြီး မျက်နှာနဲ့စာအုပ်မခွာတော့ဘူးတဲ့။ ' သူ့ဆီသွားရင် စားပွဲအောက် စာအုပ်ပုံထဲက ထွက်လာတတ်တယ် ' လို့မှတ်မှတ်ရရ ပြန်ပြောပါတယ်။

သခင်အောင်ဆန်းမှမဟုတ်ပါဘူး။ ကျန်သခင်ခေါင်းဆောင်တွေလည်း စာသိပ်ဖတ်ကြတာပါ။ ' သူတို့က တို့တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ အမြဲစဉ်းစားနေတဲ့လူတွေ ' လို့နယ်သခင်ခေါင်းဆောင်ဟောင်းတယောက်က ပြောပါတယ်။ "စာမဖတ်၊ အမြော်အမြင်မရှိဘဲနဲ့ 'သခင်ကွ' အော်နေရုံနဲ့ ဘယ်နှယ့်သခင်ဖြစ်နိုင်ပါ့မလဲ။ ဖြစ်ရင်လည်း ဇက်ကျိုးနေတဲ့ သခင်ဖြစ်မှာပေါ့လေ" တဲ့။

ဒါကြောင့် သခင်စိတ်ဓါတ် သခင်အကျင့်ဆိုတာ ပညာနဲ့ ပညာရှင်ကို ပခုံးထမ်းထားနိုင်တဲ့ စိတ်ဓါတ်လို့ ပုံမှာထည့် သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။

လုံးဝလွတ်လပ်လိုတဲ့စိတ်ဓါတ်
စီးပွားပျက်ကပ်၊ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံရယ်နဲ့ နိုင်ငံရေးအကျပ်အတည်းကြုံလာတဲ့ အုပ်ချုပ်သူမာစတာတွေဟာ မြန်မာနိုင်ငံကို အုပ်ချုပ်ရေးတိုးတက်ပေးဖို့ဆိုပြီး ဆာဂျွန်တိုင်မွန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ကော်မရှင်တရပ်ကို ၁၉၂၉ ဇန်န၀ါရီလထဲမှာ မြန်မာနိုင်ငံကို စေလွှတ်ပါတယ်။ အုပ်ချုပ်ရေးအရ မြန်မာနဲ့အိန္ဒိယ ဆက်တွဲထားမလား၊ ခွဲထားမလား တင်ပြဖို့ပါ။ ဒီတော့ မြန်မာနိုင်ငံရေးသမားကြီးတွေထဲမှာ ခွဲရေးလား၊ တွဲရေးလား အငြင်းပွားကြပါလေရော။ ၁၉၃၃ နိုဝင်္ဘာလထဲမှာ ခွဲရေး၊ တွဲရေး ပြည်သူ့ဆန္ဒခံယူမယ်ဆိုတော့ ခွဲမလား တွဲမလား ကျယ်ကျယ်လောင်လောင် ငြင်းခုံကြပြန်ပါတယ်။ ဒီပြသနာနဲ့ပက်သက်ပြီး ခွဲရေးဘက်က ဦးဘဖေ၊ ဦးထွန်းဝင်း(မော်လမြိုင်)၊ ဦးစိုးညွန့်(၀တ်လုံ)တို့ ပြောကြပြီး၊ တွဲရေးဘက်က ဒေါက်တာဘမော်၊ ဦးကျော်မြင့်(၀တ်လုံ)နဲ့ ရမ်းဗြဲဦးမောင်မောင်တို့ ပြောကြပါတယ်။ ပြောပြီးကြတော့ သခင်ဘသောင်းက သဘာပတိဆီ ခွင့်တောင်းဝင်ဆွေးနွေးပါတယ်။

“ခွဲရေးဖြစ်စေ၊ တွဲရေးဖြစ်စေ အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်ခံချည်းပါပဲ။ ကျွန်နဲ့ဒါသ စကားလုံးခြားနားသော်လည်း တမျိုးတည်းဖြစ်နေသလို ကျွန်ဟာကျွန်ပဲဖြစ်တယ်။ ဒီခွဲရေးတွဲရေးပြသနာရဲ့ အဓိပ္ပါယ်က အင်္ဂလိပ်နယ်ချဲ့အစိုးရက သူတို့ရဲ့ ဘယ်ဘက်ဖိနပ်အောက်မှာနေမလား၊ ညာဘက်ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့သဘောပါပဲ။ ဒါကြောင့် ကျုပ်တို့သခင်တွေသဘောကိုပြောရရင် အင်းဝခေတ်က နာမည်ကျော်သူခိုးကြီးငတက်ပြား ဖမ်းမိတော့ သတိုးမင်းဖျားဘုရင်က 'မောင်မင်းကို အခုသတ်မယ်။ သံလျက်နဲ့ခုတ်သတ်တာ ကြိုက်သလား၊ လှံနဲ့ထိုးသတ်တာကြိုက်သလား' လို့မေးတော့ ငတက်ပြားက 'ငါ့အကြိုက်ပြောရရင် သံလျက်ရော လှံပါ ဘယ်ဟာမှမကြိုက်၊ အသင်မင်းကြီးရဲ့ မိဖုရားခေါင်ကြီး စောဥမ္မာကိုသာကြိုက်တယ်' လို့ပြောခဲ့သလို ခွဲရေးလည်းမကြိုက် တွဲရေးလည်းမကြိုက် အင်္ဂလိပ်နယ်ချဲ့ သမားလက်အောက်က လုံးဝလွတ်လပ်ရေးသာ ကြိုက်ပါတယ်။"

သခင်ဘသောင်းဒီလိုပြောတေ့ ကျောင်းသားတွေရဲ့ လက်ခုပ်သံက တဖြောင်းဖြောင်းပေါ့။ သခင်တွေရဲ့စိတ်ဓါတ်နဲ့ ရှေးကနိုင်ငံရေးသမားကြီးတွေရဲ့ စိတ်ဓါတ်ကွာခြားတာ ဒါပါပဲ။

သခင်တွေနဲ့ ရှေးနိုင်ငံရေးသမားကြီးတွေ ကွာခြားချက် နှစ်ချက်ရှိပါတယ်။
(၁) လုံးဝလွတ်လပ်ရေးမှာကွာခြားတယ်
(၂) လုံဝလွတ်လပ်ရေးမှာတူဦး သက်ဦးဆံပိုင်ပဒေသရာဇ် အာဏာရှင်စနစ်ကို ပြန်သွားချင်တာနဲ့ လူထုရွေးတဲ့ အစိုးရထူထောင်ချင်တာ ကွာပါတယ်။

သခင်စိတ်ဓါတ်ဆိုတာ ဒါသအခေါ်ခံရရုံနဲ့ ကျွန်အခေါ်မခံရပေဘူးရယ်လို့ ဖြေသိမ့်နိုင်တာ မဟုတ်ပါဘူး။ ဘယ်ဘက်ထက် ညာဘက်ကတော်သေးရဲ့ဆိုပြီး ညာဖိနပ်အောက်ပြေးဝင်တဲ့ စိတ်ဓါတ်မဟုတ်ပေဘူး။ တို့ဗမာသတင်းစဉ်မှတ်တမ်း အတွဲ၂ အမှတ်၎ စာစောင်မှာ သုံနှုန်းခဲ့သလိုပါပဲ၊ သခင်စိတ်ဆိုတာ နှစ်ချက်ထောင်းမို့ သုံးချက်ထောက်ထက် ပိုကောင်းတယ်ဆိုပြီး လူထုကို မစည်းရုံးပေဘူး။ ဒါကြောင့် ခွဲရေး တွဲရေး ကို ပရိယာယ်အဖြစ်လောက်သာသုံး၍ လုံးဝလွတ်လပ်ရေး ရရာရကြောင်းကိုသာ ရှာကြံအပ်၊ လုပ်ကြံအပ်ပေသည် လို့ရေးခဲ့တာပါ။ သခင်စိတ်ဓါတ်ဆိုတာ လုံးဝလွတ်မြောက်ရေးစိတ်ဖြစ်တယ်။ ကျွန်စိတ်ဆိုတာ နှစ်ချက်ထောင်း ပိုကောင်းသေးရဲ့ စိတ်ဓါတ်ဖြစ်တယ်။ ညာဖိနပ် ဘယ်ဖိနပ်ရွေးတဲ့ စိတ်ဓါတ်ဖြစ်တယ်။ ဒါကြောင့် အဲဒီတို့ဗမာသတင်းစဉ် နိဂုံးမှာပဲ သခင်ဘသောင်းက "ကျွန်ဖြစ်ဖို့နှင့် ဒါသဖြစ်ဖို့အတွက် အချည်းအနှီး ငြင်းခုံပြောဆိုနေသည့်အရေးတွင် စိတ်ရောကိုယ်ပါ ၀င်ရောက်ပါဝင်ဖို့ မဟုတ်။ ယခုအခါ 'ကျွန်တွင်း' သို့ကျရောက်လျက်ရှိကြသော တို့ဗမာ သွေးချင်းသားချင်းအားလုံးကို လွတ်လပ်ရာ လွတ်လပ်ကြောင်း နည်းလမ်းညွှန်ဖို့ဖြစ်သဖြင့် လူဇာတ်ဝင်ဖို့ တောင့်တကောင်း ရည်မှန်းကောင်းသော လုံးဝလွတ်လပ်ခြင်းကို တောင့်တကြ၊ ရည်မှန်းကြသူတိုင်း ဉာဏသမ္ပယုတ် ဉာဏ်နှင့်ယှဉ်၍ ဖတ်ရှုကြရာသတည်း" လို့ရေးခဲ့တာပါ။

ဒီစာသားတွေထဲမှာ 'လူဇာတ်ဝင်တယ် ဆိုတဲ့စလုံးလေးဟာ တော်တော်သတိပြုစရာကောင်းတဲ့ စာလုံးပါ။ သခင်စိတ်ဆိုတာ လူဇာတ်ဝင်ဖို့ တောင့်တရကောင်းမှန်၊ ရည်မှန်းရကောင်းမှန်းသိတယ်။ လူဇာတ်ဝင်ဖို့ဆိုတာ လုံးဝလွတ်လပ်မှဖြစ်တယ်ဆိုတာ သခင်စိတ်ဓါတ်မှန်ရင် အသိအမှတ်ပြုကြတာကိုး။ အင်္ဂလိပ်၊ ဂျပန်၊ မာစတာစိတ်ဓါတ်ရှိသူတွေကသာ တမျိုးသားလုံး ကျွန်ပြုထားချင်ကြတာဆိုတော့ ဘယ်မှာ လုံးဝလွတ်လပ်စေချင်ပါ့မလဲ။ ဒါကြောင့် မာစတာတွေရဲ့ ရန်သူစာရင်းမှာ သခင်စိတ်ဓါတ်ရှိသူတွေ ထပ်ဆုံးကရှိခဲ့ကြတာပေါ့။ အဲဒီစာရင်းကို အင်္ဂလိပ်လက်ထက်မှာ Burma List လို့ခေါ်ပါတယ်။ ၁၉၄၁ ဇန်န၀ါရီ ၁ရက်နေ့ထုတ်ပြန်တဲ့ စာရင်းအရဆိုရင် နံပါတ် ၁ ကဆရာကြီးသခင်ကိုယ်တော်မှိုင်းပါ။ နံပါတ် ၂က သခင်ဗဟိန်းတဲ့။ သခင်အောင်ဆန်းကတော့ နံပါတ် ၅မှာရှိပါတယ်။

တန်း-တူ

ဂျီစီဘီအေက ကိုယ်ပိုင်အုပ်ချုပ်ရေးကိုပဲ တောင်းဆိုတုန်းကပါ။ ဒိုင်အာခီပေးဖို့ ၀ှိုက်ကော်မတီလာတော့ စုံစမ်းစစ်ဆေးရာမှာ လုံးဝအစစ်မခံဖို့ ဂျီစီဘီအေက ဆုံးဖြတ်လိုက်ပါတယ်။ '၀ှိုက်ကော်မတီနှင့် ဝေးနိုင်သမျှဝေးအောင် ရှောင်ရှားကြဖို့တာဝန်သည် မြန်မာလူမျိုးတိုင်း၏ တာဝန်ကြီး' လို့လည်ူ တိုင်းပြည်ကို နှိုးဆော်ပါတယ်။

အဲဒီဝှိုက်ကော်မတီ မန္တလေးရောက်လာတော့ သူတို့တည်းနေတဲ့ ဗိုလ်တဲဆီကို ၀ံသာနုအမျိုးသမီး တရာလောက် ဆန္ဒပြဖို့ စီတန်းလျှောက်ကြပါတယ်။ ဒီတော့ ပုလိပ်အဖွဲ့က တားပါလေရော။ အဲဒီအချိန်မှာ မောင်ဘသောင်းရောက်လာပြီး 'အတင်းတိုးပြီး ချီတက်ကြ' လို့အားပေးပါတယ်။ ဒါနဲ့ တာဝန်ကျ ရာဇ၀တ်ဝန်က 'You are placed under arrest မင်းကိုဖမ်းလိုက်ပြီ' လို့ပြောပါတယ်။ ကိုဘသောင်းက 'All right ကောင်းပြီ' လို့ မမှုတဲ့လေသံနဲ့ ရဲဋ္ဌာနကိုခေါ်တော့ ရာဇ၀တ်ဝန်က-
'မင်းစက်ဘီးကိုမစီးရဘူး။ ဆင်းတွန်းလာ' လို့ခိုင်းပါတယ်။
'ငါဘယ်တုန်းကမှ ခြေလျင်မသွားဘူး' လို့ရာဇ၀တ်ဝန်ခိုင်းတာကို ဖီဆန်လို့ စက်ဘီးစီးမြဲ တက်စီးတာပါပဲ။ ကိုဘသောင်းရဲ့ အဲဒီစိတ်ဓါတ်မျိုးဟာ သခင်စိတ်ဓါတ်ပါပဲ။ အုပ်ချုပ်သူတွေက လူု့အောက်နိမ့်တဲ့ သတ္တ၀ါလို နှိမ်တာကို ဖီဆန်ရဲတာ သခင်ပါ။ သူစက်ဘီးစီးရင် ကိုယ်လည်းစီးရမှာပေါ့။ ဘာလို့ ကိုယ်က ခြေလျင်လိုက်ရမှာလဲ။ လူလူချင်းပဲဟာ။ လူကိုလူလို တန်းတူသဘောမထားဘဲ ဆက်ဆံရင် သခင်တွေက မခံပါဘူး။

သခင်စိတ်ဓါတ်ဆိုတာ လူတိုင်းကို "တန်း-တူ" သဘောထားချင်တဲ့ စိတ်ဓါတ်ပေကိုး။ သူ့ကျတမျိုး၊ ငါ့သား ငါ့သမီး ငါ့အမျိုးအဆွေကျတမျိုး သဘောထားပုံမျိုး မဟုတ်ပေဘူး။ "မူ" မှာ သူ့လူ ကိုယ့်လူခွဲတာမရှိဘူး။ မြန်မာ့ယဉ်ကျေးမှု ကျေးဇူးတရားဆိုတဲ့ ရှုထောင့်ကကြည့်ရင် အစွန်းရောက်တယ်လို့ ပြောမယ်ဆိုပြောနိုင်တဲ့ လုပ်ရပ်မျိုးတောင် "မူ' နဲ့ပက်သက်လာရင် တချို့သခင်တွေက လုပ်ခဲ့ကြတာကလား။ သခင်ဘသောင်းဆိုပါစို့ရဲ့။ သူငယ်ငယ်က ဖတဆိုးဘ၀နဲ့ မန္တလေးက ဗုဒ္ဓနုဂ္ဂဟကျောင်းမှာ ဦးလျံကျော်ရှူးဆိုတဲ့ ကျောင်းကော်မတီလူကြီးတယောက်က ကျွေးမွေးစောင့်ရှောက်ထားကာ အဲဒီပုဂ္ဂိုလ်ကြီးက သူ့သားကိုတော့ ဘိလပ်ပို့ ပညာသင်ခိုင်းတာကိုး။ ဒါကို သခင်ဘသောင်းဖြစ်လာမယ့် မောင်ဘသောင်းက ဟောဒီလို စာတွေရေးဖြန်းသတဲ့လေ။

“မဿဖာသုကော- ဖွာ၍ရှုပ်သော နှုတ်ခမ်းမွှေးလည်းရှိသော၊ ကျောင်းကော်မတီလူကြီး ဦးလျံကျော်ရှုးသည် သူ့သားကိုတော့ ဘိလပ်ကိုပို့၍ ဘုရားတပည့်တော်တို့ကို အမျိုးသားကျောင်းမှာ အနေခိုင်းပါသည် ဘုရား။ ထို့ကြောင့် အရှင်ဘုရားက မယဉ်ကျေးသော ထိုကျောင်းကော်မတီလူကြီးများကို ယဉ်ကျေးအောင် ဆုံးမတော်မူပါဘုရား" တဲ့။

အဲဒီတော့ ဦးလျံကျော်ရှူး ဒေါသတွေထွက်ပြီး မောင်ဘသောင်းလည်း ထမင်းအိုးကွဲလေရောတဲ့။

ကဲ- ကြည့်တော့ 'မယဉ်ကျေးသော ထိုကျောင်းကော်မတီလူကြီး' တဲ့။ ဒီစာလေးက သခင်စိတ်ဓါတ်ရဲ့ ယဉ်ကျေးမှုကို ဖွင့်ဆိုသွားသလိုပါပဲ။

ပါးစပ်ကတော့ ကျွန်ပညာရေးဆန့်ကျင်၊ အမျိုးသားကျောင်းတွေကို ထောက်ခံတယ်ဆိုပြီး သားကိုတော့ ဘိလပ်ပို့ ပညာသင်စေတဲ့ အပြောနဲ့အလုပ် တခြားစီဖြစ်နေတာမျိုးကို ဆုံးမဖို့ လိုတယ်လို့ ဒီစာလေးက ပြောနေတာမဟုတ်လား။ သခင်ယဉ်ကျေးမှုဆိုတာ ဒါမျိုးပါ။ မူနဲ့လူ တထပ်တည်းဖြစ်ရေးပါ။ အပြောနဲ့အလုပ်တမျိုးတည်းဖြစ်ရေးပါ။ ငါ့သားသမီး၊ ငါ့အမျိုးနဲ့ သူများ 'တန်း-တူ' ရေးပါ။

ကျွန်စိတ်ကိုကန်၊ သခင်စိတ်ကိုစီး

ဒိုင်အာခီအုပ်ချုပ်ရေးမှာ ရွှေဘိုအမတ်ကွယ်လွန်သွားလို့ ၁၉၃၃၊ နိုဝင်္ဘာလမှာ ကြားဖြတ်ရွေးကောက်ပွဲတခု လုပ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို သခင်ဘသောင်း ၀င်အရွေးခံဖို့ တို့ဗမာအစည်းအရုံးကဆုံးဖြတ်ပါတယ်။ ရွှေဘိုမှာ ရွေးကောက်ပွဲအရာရှိကို သွားတွေ့တော့ အဲဒီအရာရှိအခန်းဝမှာ ချွတ်ထားတဲ့ ဖိနပ်တွေ သခင်ဘသောင်းတွေ့သွားတာကိုး။ ဒါနဲ့ သခင်ဘသောင်းဟာ အဲဒီဖိနပ်တွေကို တခုချင်း ကန်ပစ်လိုက်ပါရောတဲ့။ ပြီးတော့ အရာရှိခန်းထဲကို ဖိနပ်မချွတ်ပဲ ၀င်တွေ့ပါတယ်။

သာမန်ကြည့်ရင် သခင်ဘသောင်းဟာ ဖိနပ်ကိုကန်ပြီး ဖိနပ်စီးတာပါပဲ။ ဒါပေမယ့် အတွင်းစိတ်သဘောအရ ပြောရရင်တော့ ဒါ ဖိနပ်လောက်မဟုတ်တော့ပါဘူး။ ကျွန်စိတ်တွေကို တရံချင်း ကန်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ သခင်စိတ်ကိုစီးပြီး ကိုယ့်ကိုယ်ကို မာစတာထင်နေသူတွေကို မျက်နှာချင်းဆိုင်တာပဲ ဖြစ်ပါတယ်။

တချို့လူတွေက ဘာရယ်မဟုတ်ပါဘူး။ သိပ်လွယ်ကြတာကိုး။ အလေးအနက် သိပ်မထားပဲ အင်္ဂလိပ်ပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ် အရာရှိဆိုရင် ဖိနပ်ချွတ်တာတို့၊ လက်အုပ်ချီတာတို့ လွယ်လွယ်လုပ်တတ်ကြပါတယ်။ တကယ်တော့ မြန်မာလူမျိုးဆိုတာ ဘာသာရေးနဲ့ ပက်သက်ပြီးတော့သာ ဖိနပ်ချွတ်၊ လက်အုပ်ချီတာပါ။ 'ဘာလို့ အင်္ဂလိပ်ကို လက်အုပ်ချီတာလဲ' လို့သခင်ကြီးတွေကို မေးကြည့်တော့ 'ဘုရင်တွေလက်ထက်က မင်းစိုးရာဇာဆိုရင် လက်အုပ်ချီအောင် လုပ်ထားတာကိုး။ ဒီတော့ အကျင့်က ပါနေတာပါ။ ပြောရင်လည်း ကျေးတော်မျိုး၊ ကျွန်တော်မျိုးလို့ သုံးနှုံးကြတာမဟုတ်လား။ အဲဒီတော့ အင်္ဂလိပ်ကျွန်မဖြစ်ခင်ကတည်းက လူတွေမှာ ကျွန်စိတ်ဝင်အောင် လုပ်ထားသလိုဖြစ်နေပါတယ်။ လူမျိုးတမျိုး၌ ကျွန်စိတ်သည် ကျွန်မဖြစ်မီ အုပ်ချုပ်ပုံပေါ်မူတည်ပြီး ရှိနှင့်နိုင်သည်လို့ ပြောရမလိုဖြစ်နေတယ်' လို့ ထင်မြင်ချက်ပေးပါတယ်။ သခင်ခင်အောင်ကတော့ "စာရေးရင် 'ကျွန်တော်'လို့ ဘယ်တော့မှစာလုံးမပေါင်းဘူး။ 'ကျနော်' လို့ပဲ စာလုံးပေါင်းရေးတယ်" လို့ပြောပြပါတယ်။ ကျွန်စိတ်ကို စာရွတ်ပေါ်မှာ စာလုံးပေါင်းရုံလောက်တောင် လက်မခံတဲ့ သခင်စိတ်ဓါတ်ပါ။

ယုံကြည်ချက်ကို အသက်နဲ့လဲ

သခင်ဘသောင်းတယောက် တို့ဗမာအစည်းအရုံးကို တည်ထောင်ခါစ၊ တက္ကသိုလ်ဘာသာပြန်ဋ္ဌာနမှာ နည်းပြဆရာလုပ်နေရင်း တက္ကသိုလ်ကျောင်းဆောင်တွေမှာ သခင်စိတ်ဓါတ်အကြောင်း လိုက်လံဟောပြောတော့ တက္ကသိုလ်အာဏာပိုင်တွေက မကြိုက်ကြပါဘူး။ လူတယောက် သူ့ယုံကြည်ချက်နဲ့သူ ခေါင်းထောင်လာတာကို မာစတာစိတ်ဓါတ်နဲ့ အုပ်ချုပ်သူအင်္ဂလိပ်တွေ ဘယ်လက်ခံနိုင်ပါ့မလဲ။ တက္ကသိုလ်မှာ သခင်စိတ်ဓါတ် ၀ါဒမဖြန့်ရဖို့ ပိတ်ပင်ပါတော့တယ်။
ဒီတော့ သခင်ဘသောင်းဆိုတာကလည်း ပိတ်ရင်ပိတ်တဲ့အတိုင်း တိတ်သွားတတ်တဲ့ ခပ်ညံ့ညံ့လူမှ မဟုတ်တာပဲ။ သခင်စိတ်ဓါတ်ဆိုတာ 'ကိုယ့်ယုံကြည်ချက်အတွက် အညံ့ခံလိုက်တဲ့ စိတ်ဓါတ်မဟုတ်ဘူး။ သူများကြိုးဆွဲတိုင်း ပါးစပ်ဖွင့်လိုက် ပိတ်လိုက်လုပ်တတ်တဲ့ စိတ်ဓါတ်နဲ့ ရုပ်ခန္ဓာသက်သက်နဲ့လူမှ မဟုတ်တာ။ သခင်ဘသောင်း ငြိမ်မခံပါဘူး။ ယုံကြည်ချက်အတွက် အလုပ်ကထွက်လိုက်ပါတယ်။ အဲဒီတုန်းက တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်တဲ့ မစ္စတာဆလော့က မစ္စတာဖာနီဗယ်ကို ပြောတဲ့စကားအတိုင်းပြောရရင် "မိမိစိတ်ကမှန်သည်ဟု ယုံကြည်သော အယူကိုမစွန့်ပဲ မိမိ၏အသက်မွေးမှု အလုပ်စွန့်သောသူမှာ မောင်ဘသောင်းတယောက်ပဲရှိတာ" ပါ။ ဖာနီဗယ်ကလည်း "အယူကို မစွန့်ပဲ အသက်မွေးမှု အလုပ်စွန့်ခြင်းမှာ ချီးမွမ်းဖွယ်ရာကောင်းသည်ကား မှန်သည်။ သို့ရာတွင် ထိုသို့ပြုလုပ်ခြင်းကား လောက၌ ကြီးပွားစေတတ်သော ပြုလုပ်ခြင်းမျိုးမဟုတ်ပေ" လို့ချီးမွမ်းမှတ်ချက်ချပါတယ်။

မစ္စတာဖာနီဗယ်နားမလည်တာကတော့ သခင်စိတ်ဓါတ်ရဲ့ မြင့်မြတ်မှုပါပဲ။ သခင်စိတ်ဓါတ်ဆိုတာ ကိုယ်တယောက်တည်းပဲ ကြီးပွားဖို့ လုပ်တဲ့စိတ်ဓါတ်မှ မဟုတ်ဘဲ။ တို့ဗမာသီချင်းထဲမှာ ပါသလိုပေါ့။ "နောင်လာနောင်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ" ဆိုတဲ့ စိတ်ဓါတ်မျိုးပါ။ ဒါဟာ သခင်အကျင့်တွေထဲမှာ အမြင့်ဆုံးပါပဲ။

တင်မောင်သန်း၏သခင်နိုင်ငံတော်စာအုပ်မှ ကူးယူမျှဝေပေးပါသည်
Aung Zaw Bo 

No comments:

Post a Comment