16 Aug 2012

သခင်နု (၃)

နိုင်ငံရေးသမား စာရေးဆရာ ဦးနု
ထိန်လင်း
မတ် ၁၆၊ ၂၀၁၀
         
နဂါးနီစာအုပ်အသင်း အကြောင်းကို ပြောရင်ပဲဖြစ်ဖြစ်၊ ဒုတိယကျောင်းသားသပိတ် အကြောင်းကို ပြောရင်ပဲဖြစ်ဖြစ် ချန်လို့မရတဲ့သူကတော့ သခင်နု ဖြစ်ပါတယ်။ မောင်နု၊ ကိုနု၊ ကိုကြီးနု၊ သခင်နု စသဖြင့် ခေါ်ဝေါ်သုံးနှုန်းကြတဲ့ ဦးနု ဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၊ လွတ်လပ်ပြီး တိုင်းပြည်သစ်အုပ်ချုပ်ရေး၊ အာဏာရှင်တော်လှန်ရေး စသဖြင့် နိုင်ငံရေးနယ်ပယ် အများအပြားမှာ ကာလရှည် ဖြတ်သန်းခဲ့သလို သူ့ဘဝရဲ့ နောက်ဆုံးချိန်အထိ နိုင်ငံရေးနယ်ပယ်ထဲမှာ ရှိခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေးအယူအဆ၊ လုပ်ဆောင်မှု အားနည်းချက် စသဖြင့် မှတ်တမ်းတွေ၊ ပြောဆိုချက်တွေ ရှိနေမှာဖြစ်ပေမယ့် နိုင်ငံရေးနယ်ပယ်ထဲမှာ ဖြတ်သန်းခဲ့တယ် ဆိုတဲ့အချက်ကတော့ အားလုံးသဘောတူကြမှာ ဖြစ်ပါတယ်။ 

          ဒီလို နိုင်ငံရေးနယ်ပယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ဦးနုဟာ စာပေနယ်မှာလည်း စာရေးဆရာတစ်ဦးအဖြစ် မှတ်တမ်းဝင်လောက်အောင် ရေးသားခဲ့သလို နဂါးနီစာအုပ်အသင်းကို ထူထောင်ခဲ့တာ အပါအဝင် ထင်ရှားတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ အခုတပတ်မှာတော့ ဦးနုရဲ့ စာပေဖြတ်သန်းမှုတွေနဲ့ ဘဝပုံရိပ်တချို့ကို တင်ပြသွားမှာဖြစ်ပါတယ်။

          မြန်မာ့စာပေသမိုင်းမှာ နိုင်ငံရေးအခြေအနေများကြောင့် ပေါ်ပေါ်ထင်ထင် ပြည့်စုံတဲ့မှတ်တမ်း တင်ခွင့် မရသူတွေထဲမှာ ဦးနု ပါဝင်ပါတယ်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုကနေ ပေါ်ထွက်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကာလတွေအထိ မဖျက်သိမ်းဘဲ အံတုခဲ့တဲ့ ပြည်တွင်း စစ်ပြိုင်အစိုးရ ဖြစ်တဲ့ ကြားဖြတ်အစိုးရ ရှိခဲ့တာ နိုင်ငံရေးလှုပ်ရှားသူ အများစုက သိပြီးဖြစ်မှာပါ။ အဲဒီ ကြားဖြတ်အစိုးရကို ဖျက်သိမ်းဖို့၊ မဖျက်သိမ်းရင် အရေးယူမယ် ဆိုပြီး စစ်အစိုးရက အာဏာနဲ့ ဖျက်သိမ်းစေခဲ့တာကိုတောင် မဖျက်လို့ စစ်ပြိုင်အစိုးရ အဖွဲ့ဝင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့တာတောင် အဲဒီအဖွဲ့ မဖျက်သိမ်းခဲ့ပါဘူး။ ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးချုပ်က ဦးနု ဖြစ်ပြီး အဲဒီ လုပ်ဆောင်မှုတွေကြောင့်ပဲ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လွတ်လပ်ခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကို ချုပ်ချယ် ပိတ်ဆို့မှု၊ နိုင်ငံရေးလှုပ်ရှားမှုအပေါ် ကန့်သတ်မှုလို့ တွေးလို့ ရနိုင်သလို၊ တဖက်ကလည်း ဦးနုရဲ့ အရှိန်အဝါကြီးမှုလို့ တွက်ဆနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန် ကြံတောသုသာန်မှာ ဦးနုရဲ့ ဈာပန အခမ်းအနား ပြုလုပ်တဲ့အခါ ထောက်လှမ်းရေးတွေ ပြည့်နှက်ခဲ့သလို ကျောင်းသားတချို့ကို ဖမ်းဆီးခဲ့တာတွေ၊ လလည် ဆွမ်းကပ်ဖို့ စီစဉ်ခဲ့တဲ့ သင်္ကန်းကျွန်းမြို့နယ်က ဘုန်းကြီးကျောင်းတစ်ခုမှာ အာဏာပိုင် လက်ကိုင်တုတ် ကြံ့ဖွံ့တွေက ဝင်ရောက်နှောင့်ယှက်ခဲ့တာ၊ ဦးနု နဲ့ပတ်သက်လို့ စာနယ်ဇင်းတွေမှာ ဖော်ပြတဲ့အခါ သခင်နု၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု စသဖြင့် ဖော်ပြခွင့် မရဘဲ စာရေးဆရာကြီး ဦးနု လို့သာ ဖော်ပြခွင့်ရတာ စတဲ့ အထောက်အထားတွေက သက်သေဖြစ်ပါတယ်။

          ဦးနု ရဲ့အကြောင်းတွေကို ဖော်ပြခွင့်၊ ရေးသားခွင့် ပိတ်ပင်ခံရပေမယ့် သူရေးသားခဲ့တဲ့ စာအုပ်တွေ တော်တော်များများ ပြန်လည်ထုတ်ဝေခွင့် ရှိနေတဲ့အတွက် တော်သေးတယ်လို့ ဆိုရပါလိမ့်မယ်။ တာတေစနေသား၊ ငါးနှစ်ရာသီ ဗမာပြည်၊ ရက်စက်ပါပေ့ကွယ် စတဲ့ နိုင်ငံရေးမှတ်တမ်းစာအုပ်တွေ ပြည်တွင်းမှာ ထုတ်နိုင်မယ်ဆိုရင် ပိုပြီး အကျိုးရှိမှာဖြစ်ပါတယ်။

          လွတ်လပ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနု ကို ဧရာဝတီတိုင်း ဝါးခယ်မမြို့မှာ ၁၉ဝ၇ ခုနှစ် မေလ ၂၅ ရက်နေ့က မွေးဖွားခဲ့ပြီး ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒုတိယ ကျောင်းသားသပိတ်ကို ဦးဆောင်သူဖြစ်မယ့် မောင်နုဟာ ၁၉၂ဝ မှာ ပေါ်ပေါက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်ကို ဝါးခယ်မမြို့ အစိုးရကျောင်းက ၅ တန်းကျောင်းသားအဖြစ် ပါဝင်ခဲ့သလို ၆ တန်းရောက်တဲ့အခါ ဝါးခယ်မ အမျိုးသားကျောင်းမှာ ဆရာအခက်အခဲ ရှိတဲ့အတွက် တဖက်က ကျောင်းတက်ရင်း တဖက်မှာ ဆရာအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က ဘီအေဘွဲ့ ရပြီးတဲ့နောက်မှာလည်း ဦးသန့်ရဲ့ တိုက်တွန်းချက်ကြောင့် ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းမှာ ကျောင်းအုပ်အဖြစ်၊ အဲဒီနောက် သုံးခွမြို့ အမျိုးသားကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

          ၁၉၃၄ ခုနှစ် ရန်ကုန်တက္ကသိုလ်မှာ ဥပဒေတန်း တက်တဲ့အခါ တက္ကသိုလ်သမဂ္ဂရဲ့ အမှုဆောင်အဖြစ် အရွေးခံရပါတယ်။ နောက်နှစ် ၁၉၃၅ မှာတော့ တကသ ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရပါတယ်။ ကိုနုဟာ တကသ လို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရဲ့ ၆ ယောက်မြောက် ဥက္ကဋ္ဌဖြစ်ပါတယ်။ သူ ဥက္ကဋ္ဌ ဖြစ်ပြီးတဲ့နောက် တက္ကသိုလ်အာဏာပိုင်တွေရဲ့ အာဏာအလွန်အကျွံ သုံးစွဲမှုတွေအပေါ် အံတု တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သလို တက္ကသိုလ်အာဏာပိုင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ နိုင်ငံရေးဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မတရားအရေးယူခံရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ကိစ္စနဲ့ပတ်သက်လို့ တကသဥက္ကဋ္ဌ ကိုနုနဲ့ ကျောင်းအုပ်ကြီးတို့ အပြန်အလှန် စာရေးခဲ့ကြပြီး နောက်ဆုံး ကိုနုကို ကျောင်းထုတ်ပစ်ပါတယ်။

တချိန်တည်းမှာ အိုးဝေမဂ္ဂဇင်းထဲက ဆောင်းပါးနဲ့ ပတ်သက်ပြီး စာရေးသူကို ထုတ်ဖော်မပြောတဲ့အတွက် ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်ပါတယ်။ အဲဒီလို အခြေအနေတွေအပေါ်မှာ အခြေခံပြီး တက်ကြွနိုးကြားတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ အင်အားနဲ့ပေါင်းစပ်ရာက သမိုင်းဝင် ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

          ကျောင်းသားခေါင်းဆောင် ကိုနုနဲ့ပတ်သက်ပြီး ဆရာကြီး ဒဂုန်တာရာက “သခင်နု- ကျောင်းသားသပိတ်။ ကျောင်းသားသပိတ် - သခင်နု။ကျနော့်အဖို့ရာကား သခင်နုနှင့် ၁၉၃၆ ကျောင်းသားသပိတ်သည် ခွဲခွာ၍ မရအောင် ဆက်စပ်၍ နေသည်။” လို့ သူ့ရဲ့ ရုပ်ပုံလွှာဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ ‘သခင်နု - မုန်တိုင်းထဲမှ သစ်ရွက်တစ်ရွက်’ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

          ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်စေတဲ့ အကြောင်းအရင်းတွေထဲက အဓိကကျတဲ့ ပုဂ္ဂိုလ် ၄ ဦး ရှိပါတယ်။ သူတို့ကတော့ ကိုနု၊ ကိုအောင်ဆန်း၊ ကိုညိုမြ နဲ့ ကိုရာရှစ်တို့ ဖြစ်ပါတယ်။ တက္ကသိုလ်အာဏာပိုင်ရဲ့ အပြစ်အနာအဆာနဲ့ ချို့ယွင်းချက်တွေကို ဖော်ပြထားတဲ့ ‘ငရဲခွေးကြီး လွတ်နေပြီ’ဆိုတဲ့ ဆောင်းပါး ရေးခဲ့တဲ့ ကိုညိုမြ၊ အဲဒီဆောင်းပါးရှင်ကို ထုတ်ဖော်ပြောဆိုဖို့ ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့တဲ့ ‘အိုးဝေမဂ္ဂဇင်း’အယ်ဒီတာ ကိုအောင်ဆန်း၊ ကျောင်းသားတွေက ကျောင်းကိစ္စတင်မက နိုင်ငံရေးမှာ ပြင်ပဆန္ဒပြပွဲတွေမှာပါ ပါဝင်ရမယ်လို့ မိန့်ခွန်းတွေ ဟောပြောခဲ့တဲ့ တကသ ဥက္ကဋ္ဌ ကိုနု၊ ကိုနု ကျောင်းထုတ်ခံရပြီးနောက် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရင်း ကျောင်းသားထု အစည်းအဝေးပြုလုပ်၊ သပိတ်မှောက်ဖို့ လှုံ့ဆော်ပြီး ရွပ်ရွပ်ချွံချွံ ဦးဆောင်ခဲ့တဲ့ ကိုရာရှစ် တို့ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ကျောင်းသားသပိတ် ပေါ်ပေါက်စေတဲ့ စိတ်ဓာတ်ရေးရာ နှိုးဆော်မှုတွေလုပ်ခဲ့တဲ့ ဦးနုရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရမှာဖြစ်ပါတယ်။

         ၁၃ဝဝ ပြည့်အရေးတော်ပုံ၊ ဖက်ဆစ်တော်လှန်ရေး စတဲ့ လွတ်လပ်ရေးအကြို ပြည်သူ့တော်လှန်ရေးတွေဟာ ၁၉၃၆ ကျောင်းသားသပိတ်ရဲ့ အဆက်တွေဖြစ်တဲ့အကြောင်း အဲဒီခေတ် နိုင်ငံရေးလှုပ်ရှားသူတွေက ပြောဆိုရေးသားခဲ့ပါတယ်။ ရှေ့ပိုင်း ပြောဆိုခဲ့တဲ့ နဂါးနီစာအုပ်အသင်းဟာလည်း ကျောင်းသားသပိတ်ရဲ့ နောက်ဆက်တွဲ အမျိုးသားကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။    ။

ထိန်လင်း (၁၃၊ ၁ဝ၊ ၂ဝဝ၉)
          ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

No comments:

Post a Comment