10 Aug 2012

ဗမာ့ထွက်ရပ်ဂိုဏ်း

ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc)

ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc) ဗမာ့ထွက်ရပ်ဂိုဏ်းကို ၁၉၃၉ ခု အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွဲ့သည်။ ဥက္ကဌမှာ ဒေါက်တာ ဘမော် ဖြစ်ပြီး သခင်အောင်ဆန်းက အတွင်းရေးမှူး ဖြစ်သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းတွင် ဒေါက်တာ ဘမော်၏ ဆင်းရဲသား ဝံသာနု အဖွဲ့၊ သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံး၊ ငါးပွင့်ဆိုင် ဝံသာနု အဖွဲ့၊ နေပြည်တော် အဖွဲ့နှင့် အခြား အဖွဲ့အစည်းအချို့မှ ထင်ရှားသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

ဥရောပတွင် စစ်ရိပ်စစ်ငွေ့ သမ်းလာ သည်ကို မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် တို့က လေ့လာ သုံးသပ်၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းလုံးညီညွတ်သော အမျိုးသား တပ်ပေါင်းစုကြီး ဖွဲ့စည်းရန် ကြိုးပမ်းရာမှ ပေါ်ပေါက် လာသည့် အဖွဲ့ကြီး ဖြစ်သည်။ လွတ်လပ်ရေး အတွက် တသံတည်းထွက်နိုင်ရန် လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးကို လိုလားသော ပါတီအဖွဲ့အစည်း ပေါင်းစုံနှင့် လူထုလူတန်းစား ပေါင်းစုံ ပါဝင်မည့် အမျိုးသားတပ်ပေါင်းစုကြီး အဖြစ် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ သခင်၊ ကျောင်းသား လူငယ် နိုင်ငံရေး သမားများနှင့် လူကြီးပိုင်း နိုင်ငံရေးသမားများ အရေးကြီး၍ သွေးစည်းခဲ့ကြသည့် သာဓကလည်း ဖြစ်သည်။ ပြည်တွင်းစည်းလုံးမှုအားကို အရင်းတည်၍ လွတ်လပ်ရေး အရ ယူမည့် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ခဲ့သော အဖွဲ့ကြီး ဖြစ်သည်။ စဖွဲ့စဉ်က မြန်မာ့ထွက်ရပ်ဂိုဏ်း ဟု ခေါ်ပြီး အင်္ဂလိပ်လို Freedom Bloc ဟု ခေါ်ကြသည်။

အဖွဲ့ကြီး၏ ရည်ရွယ်ချက်တွင် ၉၁ ဌာန အုပ်ချုပ်ရေးကို တိုက်ဖျက်ရန်လည်း ပါဝင်သည်။ ဒုတိယကမ္ဘာစစ်နှင့် ပတ်သက်၍ အင်္ဂလိပ်တို့က ဒုတိယကမ္ဘာစစ်ကို ဒီမိုကရေစီရေး အတွက် တိုက်သည်ဆိုလျှင် မြန်မာတို့လည်း လွတ်လပ်ရေးနှင့်ဒီမိုကရေစီကို မြတ်နိုးသူများဖြစ်၍ လွတ်လပ်ရေးအတွက် အခိုင်အမာကတိပေးလျှင် အင်္ဂလိပ်တို့ ဘက်မှ ကူတိုက်မည်၊ လွတ်လပ်ရေးအတွက် ကတိမပေးလျှင် စစ်ကို ဆန့်ကျင်မည်ဟု ကြေညာခဲ့သည်။

လွတ်လပ်ရေး အကောင်အထည် ဖော်မည့် အခြေခံ ဥပဒေ ရေးဆွဲ ရေးနှင့် တိုင်းပြုပြည်ပြု လွတ်တော် ခေါ်ရန်လည်း တောင်းဆိုခဲ့သည်။လွတ်လပ်ရေးအတွက် အင်္ဂလိပ်တို့ထံမှ အတိအကျ ကတိမရသော အခါ အင်္ဂလိပ်အခက် ဗမာ့အချက်ဟု ကြွေးကြော်ကာ စစ်ဆန့်ကျင်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီယူရန်လည်း ဆုံးဖြတ် ခဲ့သည်။

အင်္ဂလိပ်တို့၏ အပြင်းအထန် ဖိနှိပ်မှုကြားမှ ထွပ်ရပ်ဂိုဏ်းက ဦးဆောင်၍ အင်္ဂလိပ်ကို လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ကြိုးပမ်း လာသောကြောင့် ဤအဖွဲ့ကြီး ဖွဲ့ပြီး မကြာမီ မှာပင် အင်္ဂလိပ်အစိုးရက အဖွဲ့ကြီး၏ ခေါင်းဆောင် အားလုံးလိုလိုကို မြန်မာပြည်ကာကွယ်ရေး ဥပဒေအရ ဖမ်းဆီး၍ ထောင်ချထားခဲ့သည်။ ထို့နောက် ဒုတိယ ကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက် လာသဖြင့် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးလည်း တစခန်း ရပ်သွား တော့သည်။

မှီငြမ်း
 ဗမာ့ ထွက်ရပ်ဂိုဏ်း (Freedom Bloc)၊ မြဟန်၊ ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်၊ တတိယအကြိမ်ထုတ် ၊ ၂၀ဝ၀ခုနှစ်၊ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန

No comments:

Post a Comment