13 Aug 2012

သခင်စိတ်ဓါတ် သခင်အကျင့် (၅)


နောင်လာနောင်သား ကောင်းစားဖို့ရာ

သင့်ဘ၀မဂ္ဂဇင်းက သခင်စိတ်ဓါတ်အကြောင်းရေးဖို့ သခင်၊ သခင်မကြီးတွေကို လိုက်တွေ့တော့ 'ဦးတို့တသက်မှာများ လွတ်လပ်ရေးရမယ်လို့ထင်ပြီး လုပ်ခဲ့ကြတာလား' လို့မေးပါတယ်။ တချို့ကလည်း ထင်ကိုမထင်ဘူးလို့ ဖြေကြပါတယ်။ တချို့ကတော့ ရ ရမယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ဒီလောက်မြန်မြန် ရမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူးတဲ့။

“ဦးတို့တသက်မှာ မရရင်လည်း နောင်သားသမီး၊ မြေးလက်ထက်မှာ ရရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လုပ်ကြတာပဲ" လို့ ၀ါးခယ်မသခင်သိန်းဖေက ပြောပြပါတယ်။

နောင်မျိုးဆက် တဆက်အတွက် မျှော်မြင်လုပ်ကိုင်တယ်ဆိုတာ မိသားစုတစုအတွက်ပဲ ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံအတွက်ပဲ ဖြစ်ဖြစ် အရေးကြီးပါတယ်။ သူများထက် ခေါင်းတလုံးပိုမြင့်တဲ့ သူတိုင်းဟာ ကိုယ့်မျိုးဆက်အတွက် စဉ်းစားတတ်စမြဲပါ။ ကနေ့ကိုယ့်လုပ်ရပ်ဟာ နောင်မျိုးဆက်အပေါ် အဆိုးအကောင်း ဘယ်လိုရှိမယ်ဆိုတာ ကြိုတွေးတတ်စမြဲပါ။

ဒါကြောင့်လည်း စီမံခန့်ခွဲမှု အဆိုအမိန့်တခုမှာ -
“ပထမတန်းစား ခေါင်းဆောင်တွေဟာ နောင်မျိုးဆက်အတွက် အဆိုးအကောင်းကြိုမြင်နိုင်ပါတယ်။ ဒုတိယတန်းစား ခေါင်းဆောင်ကတော့ သူ့ပင်ကိုယ်အရ နောင်မျိုးဆက်အတွက် ကြိုတော့ မမြင်နိုင်စွမ်းဘူးတဲ့။ ဒါပေမယ့် မြင်သူပြောပြတဲ့အခါ မြင်သွားနိုင်ပါသတဲ့။ တတိယတန်းစားခေါင်းဆောင်ကတော့ နောင်မျိုးဆက်အတွက် ပြောပြလည်း သဘောမပေါက်တတ်ပေမယ့် သူ့မျိုးဆက်အတွက်တော့ မြင်နိုင်စွမ်းရှိကြပါသတဲ့။ စတုတ္ထတန်းခေါင်းဆောင်တွေကတော့ သူ့မျိုးဆက်အတွက်တောင် မမြင်နိုင်စွမ်းပဲ ကြုံရာကျပန်း ခေါင်းဆောင်တတ်သူများသာ ဖြစ်တယ်" လို့ဆိုပါတယ်။

နောင်လာနောင်သား ကောင်းစားဖို့ရာဆိုတာ ပထမတန်းစားခေါင်းဆောင်တွေရဲ့ အရည်အချင်းကို သခင်တွေက ညွှန်းခဲ့ဟန်တူပါတယ်။ သခင်စိတ်ဓါတ်ဆိုတာ ပထမတန်းစား ခေါင်းဆောင်စိတ်ဓါတ်လို့ ဆိုရမှာပါ။

ခေါင်းဆောင်မှု Leadership ဆိုတာ အများနဲ့ ပက်သက်ရာမှာပဲ စပ်ဆိုင်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ခေါင်းဆောင်မှုလို့ဆိုရာမှာ အများနဲ့တင်မဟုတ်၊ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ရာမှာလဲ ရည်ညွှန်းတတ်ပါတယ်။ သခင်ဘသောင်းက Every body is the leader of himself (လူတိုင်း ကိုယ့်ကိုယ်ကို ခေါင်းဆောင်နေကြတာပဲ) လို့ပြောတာမှာ ဒီသဘောအများကြီး ပါပါတယ်။ အဲဒီလို ကိုယ့်ဘ၀ ကိုယ်ခေါင်းဆောင်ရာမှာလည်း ကိုယ့်ရဲ့ပစ္စုပ္ပန်ဘ၀လောက်သာမဟုတ် ရှေ့သို့ ဝေးနိုင်သမျှဝေးဝေး တိတိကျကျမြင်နိုင်လေ သူများထက်သာလေပါပဲ။ နောင်ကို ကြည့်တတ်သူဟာ ပစ္စုပ္ပန်ကို စီမံခန့်ခွဲနိုင်ပါတယ်။

သခင်စိတ်ဓါတ်ဟာ အဲဒီနောင်လားနောင်သားခေတ်အထိ ကြည့်ပြီး အလုပ်လုပ်တဲ့ စိတ်ဓါတ်ပါ။ ငါတို့မခံစားရ နေပါစေ နောင်လာနောင်သားတွေ ခံစားရအောင်ဆိုပြီး အနစ်နာခံကြတာကိုး။ သခင်စိတ်ဓါတ်ဆိုတာ အဲဒီလို မြင့်မြတ်ရပါတယ်။

စိတ်ဓါတ်၊ အကျင့်နဲ့လူ

ကြုံရာဆုံရာ စကားဝိုင်းလေးမှာ သခင်စိတ်ဓါတ်၊ သခင်အကျင့်အကြောင်းပြောပြတော့ "ခင်ဗျားကသာပြောတာ ကျုပ်တွေ့ဖူးတဲ့ သခင်ကဖြင့် သိပ်အောက်တန်းကျတာဗျ" ဆိုပြီး သူ့အကြောင်းတွေ ပြောပြနေလိုက်တာ စကားဝိုင်းဖြတ်ယူရတဲ့ အထိပါပဲ။

ရှိပေမပေါ့။ ဗုဒ္ဓဘာသာဝင်လို့ ပြောနေပေမယ့် ဗုဒ္ဓသြ၀ါဒတွေနဲ့ညီအောင် မနေတဲ့လူတွေလည်း အများကြီးရှိနေတာပဲ မဟုတ်လား။ ဒီတော့ လူပုဂ္ဂိုလ်အားဖြင့် ပြောရရင် သခင်ဆိုသူတွေထဲမှာ ကျွန်စိတ်ပေါ်နေတဲ့ သူတွေလည်း ရှိနိုင်ပေတာပေါ့။ ဒါ လောကဓမ္မတာပေပဲ။ ဗုဒ္ဓဘာသာဝင်တယောက် အကျင့်မကောင်းလို့ ဗုဒ္ဓအကျင့်ကတော့ မကောင်းဘူးလို့ ဘယ်နှယ့်ပြောနိုင်ပါ့မလဲ။

တခြားသခင်တွေမပြောနဲ့ အဲဒီသခင်စိတ်ဓါတ်၊ သခင်အကျင့်တွေကို စခဲ့တဲ့ ဆရာကြီးသခင်ဘသောင်းတောင် ရာနှုန်းပြည့်အဲဒီ စိတ်ဓါတ်တွေ ကျင့်သုံးချင်မှ ကျင့်သုံးနိုင်ပေမပေါ့။ သို့သော် ကျနော်တိုရဲ့ သမိုင်းမှာ ဟောဒီလို မြင့်မြတ်တဲ့ သခင်စိတ်ဓါတ်တော့ ပေါ်ပေါက်ခဲ့ဘူးပါတယ်။ ဟောဒီလို အောက်တန်းကျတဲ့ ကျွန်စိတ်တွေတော့ ရှိခဲ့ဖူးတယ်။ ဟောဒီလို ယုတ်ညံ့တဲ့ မာစတာစိတ်ဓါတ်တွေလည်း ရှိခဲ့ဖူးတယ်ဆိုတာကို သိကြပြီး ကောင်းတာကိုယူ၊ မကောင်းတာကို ရှောင်ကြရမှာ မဟုတ်လား။ သမိုင်းသင်ခန်းစာဆိုတာ ဒါပဲကိုး။

ဒီတော့ လူပုဂ္ဂိုလ်ဆိုတာတွေကို ဖျောက်ထားပြီး စိတ်ဓါတ်တွေ၊ အကျင့်တွေကိုပဲ မြင်ကြ၊ ပြောကြတာ အကျိုးများမှာပါ။ သမိုင်းက သင်ခန်းစာမယူတတ်ရင် အနာဂတ်မှာ အနာဂတ်ဖြစ်မလာပဲ အတိတ်ပဲ ဖြစ်တတ်ပါတယ်။ ကိုယ့်တဦးချင်းရဲ့ ဘ၀မှာလည်း ဖြစ်ပျက်ခဲ့သမျှကို ဒီလိုပဲ သုံးသပ်ကြရပါတယ်။ ပြီးတော့ ရှေ့ဘ၀ခရီးကို ဆက်ကြရတာပဲ မဟုတ်လား။

ဒါကြောင့် စိတ်ဓါတ်ရေးရာ မဂ္ဂဇင်းတစောင်ဖြစ်တဲ့အတိုင်း ကိုယ့်လူမျိုး၊ ကိုယ့်သမိုင်းကို စိတ်ဓါတ်ရေးရာရှုထောင့်က ကြည့်ရှုပြီး ကျနော်တို့ တွေ့လိုက်မိတဲ့အတိုင်း ဖော်ထုတ်ပြလိုက်တာပါပဲ။ သခင်အကျင့်၊ သခင်စိတ်ဓါတ်တွေ ရှိမထားရင် တိုင်းတပါးလူမျိုးခြားတွေ ၀င်လာတဲ့အခါ ကျွန်ဖြစ်လွယ်တာလည်း သမိုင်းမှာ အထင်အရှား မဟုတ်လား။ မြန်မာတွေကို သခင်စိတ်ဓါတ်နဲ့ လူတွေအဖြစ်ပဲ သိစေချင်ပါတယ်။ ကျွန်ထူး ကျွန်ချွန်တွေအဖြစ် အသိစေချင်ပါဘူး ခင်ဗျား။

ဗမာစာသည် တို့စာ

မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းတွင် 'တို့ဗမာအစည်းအရုံး' သည်သော့ချက်ကျသော အလှည့်အပြောင်း အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း လူတိုင်းသိကြပြီး ဖြစ်ပါလိမ့်မည်။ တို့ဗမာအစည်းအရုံး၏ ကြွေးကြော်သံများကိုလည်း လူတိုင်းကြားဖူုးပြီး ဖြစ်ပါလိမ့်မည်။ တို့ဗမာအစည်းအရုံးကထုတ်ဝေသော တို့ဗမာစာတမ်း၊ နိုင်ငံပြုစာစုအမှတ် ၁ ၏ မျက်နှာဖုံးတွင် ထိုကြွေးကြော်သံများကို ပုံနှိပ်ခဲ့ပါသည်။

ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
ဗမာပြည်ကို - ချစ်ပါ
ဗမာစာကို - ချီးမြှင့်ပါ
ဗမာစကားကို - လေးစားပါ

ထိုစဉ်က ကျနော်တို့ နိုင်ငံသည် အင်္ဂလိပ်လက်အောက်ရောက်နေရလေရာ နေမ၀င်အင်ပါယာကို လည်းကောင်း၊ အင်္ဂလိပ်စာကိုလည်းကောင်း၊ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်ယဉ်ကျေးမှုကိုလည်းကောင်း အထင်ကြီးနေကြသောကြောင့် မြန်မာများ အဖက်ဖက်မှ မျိုးချစ်စိတ်ဓါတ်ထက်သန်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ရန် လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ထိုကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်ဟု ကျနော်ယူဆခဲ့ပါသည်။ အလယ်တန်းကျောင်းသားဘ၀ သမိုင်းသင်ခဲ့ရစဉ်ကလည်း ဆရာက ထိုသို့ပင်ရှင်းခဲ့သည်ဟု ကျနော်မှတ်သားမိပါသည်။

သို့သော် နိုင်ငံပြုစာစဉ် ၂ နိုးကြားရေးစာတမ်း ၈စောင်ကို ဖတ်ရသောအခါတွင်မှာ ကျနော့်အယူအဆ၊ ကျနော့်အမှတ်အသားမှာ မပြည့်စုံကြောင်း သိရပါတော့သည်။ တို့ဗမာအစည်းအရုံး၏ မြှော်မြင်မှုမှာ လွတ်လပ်ရေးအတွက်မျှ မဟုတ်ကြောင်း နားလည်ရပါတော့သည်။

စာဖတ်သူများ ထင်ရှားစေသောငှာ ဦဘခိုင်(ဖေဘီယန်)၏ မြန်မာပြည်နိုင်ငံရေးရာဇ၀င် စာအုပ်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုးကြားရေးစာတမ်. ၈စောင်အနက်မှ အမှတ်၂ 'တို့ပြေ၊ တို့မြေနှင့် တို့စာပေ' တွင်ပါဝင်သော စာပိုဒ်အချို့ကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။ စာလုံးပေါင်းမှာ တို့ဗမာစာတမ်းတွင် ပါသည့်အတိုင်း ဖြစ်ပါသည်။

“ပညဟူသည် တိုင်းပြည်ကြီးပွားရေး၏ အခြေခံဖြစ်၏။ ထို့ကြောင့် ပညာသင်ကြားရေးသည် အရေးကြီး၏။ တိုင်းသူပြည်သား လူအများတို့ ပြန့်ပြောစွာ ပညာတတ်မြောက်နိုင်စေရန် ကိုယ့်မြေ၊ ကိုယ့်ပြေ ကိုယ့်စာ ကိုယ့်ပေဖြင့်သာ ပညာသင်အပ်၏။ ကိုယ့်စာ ကိုယ့်ပေရှိလျက် မျိုးခြား တိုင်းခြားစာဖြင့်သင်ကြားရန် ကြံစည်ခြင်းကား တိုးတက်မှုနှင့် ဆန့်ကျင်၏။ အမေကျော်ကြီးတော်လွမ်းခြင်းဖြစ်၏။

ဂျပန်တို့သည် ကိုယ့်စာကိုယ့်ပေဖြင့်သာ ပညာသင်ကြား၏။ ထို့ကြောင့် တန်ခိုးကြီး၏။ လူတန်းဝင်၏။ မြန်မာတို့အား ယနေ့တိုင် ကိုယ့်စာကိုယ့်ပေဖြင့် အဟုတ်အတတ်ပညာ မသင်ကြားရသေး။ ထို့ကြောင့် အောက်က၏။ နောက်ကျ၏။ လူတန်းစားမ၀င်ဘဲရှိ၏။ သူတပါးတို့၏ အစေအပါးသာခံရ၏။ အချို့သော တိုင်းကြီးပြည်ကြီးများက မြန်မာပြည်သည် မြေပုံပင် ဘယ်ဆီနားတွင်ရှိသည်ဟု မသိကြပေ။ သိထိုက်ဖွယ်အကြောင်းလည်းမရှိ။ သို့ရာတွင် ဂျပန်တို့ အကြောင်းကိုကား ကမ္ဘာအရပ်ရပ်က သိကြ၏။ အဘယ်ကြောင့်နည်း။ လူတန်းစားဝင်၍တည်း။

တရုတ်တို့လည်း ကိုယ့်စာကိုယ့်ပေဖြင့်သာ အတတ်ပညာကို သင်ကြားကြ၏။ ထို့ကြောင့် ပညာတတ်ပေါ၏။ အောက်ကျနောက်ကျဘ၀မှလွတ် လူတန်းဝင်ခဲ့၏။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကပင် တိုင်းကြီးနိုင်ငံတို့က တရုတ်တို့ကို လူဟူ၍မထင်ခဲ့ကြသေး။ ထို့ကြောင့် တရုတ်ပြည်ကို ဘုံပစ္စည်းကဲ့သို့လည်းကောင်း၊ စတုဒီသာလေးမျက်နှာမှ လာသမျှ ၀င်လိုတိုင်းဝင်၊ ထွက်လိုတိုင်းထွက်နိုင်သော သလာယံဇရပ်ကြီးကဲ့သို့လည်းကောင်း အောက်မေ့၍ မိမိတို့ မိမွေဖမွေကို စေသကဲ့သို့ ပြင်သစ်က မည်သည့်အပိုင်းကယူမည်၊ ရုရှားက မည်သည့်အပိုင်းယူမည် စသည်ဖြင့် မသေမီကပင် အမွေဝေလျက်ရှိကြ၏။ စင်စစ်သော်ကား ထိုစဉ်အခါက တရုတ်ပြည်ကို တစုံတခုသောတိုင်းနိုင်ငံက လက်နက်အင်အားဖြင့် အနိုင်အထက်သိမ်းပိုက် ယူငင်ခြင်းမပြုခဲ့သည်မှာ တရုတ်ကိုကြောက်၍မဟုတ်၊ ယူချင်သူများသဖြင့် အချင်းချင်းကြောက်ကြသောကြောင့်သာဖြစ်၏။ သို့သော် ယခုအခါ တရုတ်တို့သည် အောက်ကျနောက်ကျ ဘ၀ကိုလွန် လူတန်းဝင်ခဲ့ကြလေပြီ။ ပညာဆည်းပူးခဲ့၍ ကိုယ့်တိုင်းပြည်၌ ပညာတတ်ပေါများစိမ့်သောငှာ ကိုယ့်စာကိုယ့်ပေဖြင့် ပစ္စက္ခပွေ အတတ်ပညာအသီးသီးတို့ကို သင်ကြားနိုင်ရန် ပညာရေးဋ္ဌာနမှ ကိုယ်ဖိရင်ဖိ လုပ်ဆောင်လျက်ရှိချေပြီ။ ယခုအခါ ဘာသာပြန်ရာတွင် ဝေါဟာရအသုံးအနှုန်း တညီတညွတ်တည်းရှိစေရန် ပညာရှိကြီး ၁၂၂ဦးတို့ကို သင်းဖွဲ့စုံစမ်းလျက်ရှိချေပြီ။ ကိုယ့်စာကိုယ့်ပေဖြင့် သိုးဆောင်းပညာရပ်များကို ဂျပန်တို့က စသင်ကြားခဲ့သည်မှာ အနှစ်၅၀ခန့်သာ ရှိသေး၏။ ဤမျှသောကာလအတွင်း လူမွေးလူတောင် ပေါက်အောင် တတ်နိုင်ခဲ့ကြ၏။ အထက်မြန်မာပြည်ကို ကုလားမင်းကြီးစိုးသည်မှာ ၄၄နှစ်ရှိပြီဖြစ်၍ အနှစ်၅၀ ပင်ဆိုနိုင်ပြီ။ သို့ရာတွင် မြန်မာတို့သည် ဂျပန်တို့၏ ခြေဖျားကိုပင် မမှီသေး။

ကိုယ့်စာကိုယ့်ပေဖြင့် အတတ်ပညာကို မသင်ကြားရဘဲ ယခုကဲ့သို့ တိုးတက်မှုကို ကျောခိုင်းခရီးသွားလျက်နေပါမူ နောင်ပွင့်လတ္တံ့သော အရိမေတ္တယျဘုရား ရွှေလက်ထက်တော်တိုင်အောင် ထင်းခွေရေခပ်ဘ၀မှ တက်ကြလိမ့်မည်မဟုတ်။ စင်စစ်သော်ကား ထိုမျှလောက် ကာလမရှည်မီကပင် မြန်မာတို့ အမျိုးပြုတ်ခဲ့လေရာ၏။ ဥပမာ သြစတြေးလျကျွန်းတွင် လူဖြူမျိုးတို့ ၀င်လာသဖြင့် တိုင်းရင်းသား ဇာတိလူတို့ အမျိုးပြုတ်ခဲ့ရသကဲ့တို့တည်း။"


ဆက်လက်ပြီး ထိုစာတမ်းတွင်ပင် ကိုယ့်စာကိုယ့်ပေဖြင့် ပစ္စက္ခခေတ်ပေါ်တွင် အတတ်ပညာအသီးသီးတို့ကို သင်ကြားနိုင်ရန် ဘာသာပြန်ရေးကို အားပေးဖို့၊ ဇောက်ချလုပ်ကိုင်ဖို့ ဆော်သြခဲ့ပါသေး၏။ ဤသို့ဆော်သြရာတွင် ဘာသာပြန်ရာ၌ မြန်မာစာအသုံးအနှုန်း ဝေါဟာရရှားပါးမှု ပြသနာနှင့် တွေ့ကြုံနိုင်ကြောင်းကိုလည်း တို့ဗမာအစည်းအရုံးက ကောင်းကောင်းသဘောပေါက်ခဲ့ပါသေး၏။ ထိုပြသနာနှင့်စပ်လျဉ်း၍ တို့ဗမာအစည်းအရုံး၏ သဘောထားကို အောက်ပါအတိုင်း တွေ့ရပါသည်။


"...မြန်မာစာတွင် စကားအသုံးအနှုန်းဝေါဟာရများ ရှားပါးကြောင်းကို ဖွဲ့နွဲ့ငိုကြွေးသံကိုသာ ကြားရခြင်းမှာလည်း ငါတို့ကိုပင် ဖိ၍ထောင်းဖို့ ကောင်းလေတော့သည်။ သို့ရာတွင် ဂျပန်တို့သည် ထိုသို့မငိုကြွေး၊ ပြုဖွယ်ရှိသည်ကိုသာ ပြုကြကုန်၏။
... ငါတို့သည် မငိုကြွေးကြကုန်လင့်၊ မပူဆွေးကြကုန်လင့်။ ငါတို့၏ အသက်နှင့်ကိုယ် မြဲသမျှကာလပတ်လုံး ငါတို့ပြေ၊ ငါတို့မြေ၊ ငါတို့စာ၊ ငါတို့ပေဖြင့်သာ ပညာအရပ်ရပ် အတတ်အမျိုးမျိုးတို့ကို သင်ကြား၍ ကမ္ဘာပေါ်ရှိ 'တစ်' ဂဏန်းလူမျိုးများနှင့် ရင်ဘောင်တန်း တက်နိုင်အောင် ကြိုးစားကြကုန်အံ့" (မူရင်းသတ်ပုံအတိုင်း)
ရှင်းပါပြီ။


ဗမာစာသည် တို့စာ ဟု ဟစ်ကြွေးခဲ့သော တို့ဗမာအစည်းအရုံးကြီး၏ ကြွေးကြော်သံသည် လွတ်လပ်ရေးအတွက် မျိုးချစ်စိတ်လှုံ့ဆော်ရန်မျှသာမဟုတ်။ ခေတ်မီနိုင်ငံ တနိုင်ငံဖြစ်ရေးသို့လည်း ရည်မှန်းခဲ့ကြောင်း ထင်ရှားပါသည်။ ယနေ့ဝေါဟာရနှင့် ပြောရလျှင် ဖွံ့ဖြိုးဆဲနိုင်ငံမျှနှင့် ရောင့်ရဲမကျေနပ်၊ ဖွံ့ဖြိုးပြီးနိုင်ငံတနိုင်ငံဖြစ်ရေးကိုလည်း မျှော်မှန်းခဲ့ခြင်းဖြစ်ပါသည်။ တတိယ ကမ္ဘာထဲမှ ထွက်နိုင်ဖို့ ကျနော်တို့ လုပ်ဆောင်ရမည့် တာဝန်တရပ်ကို ညွှန်ပြခဲ့ခြင်းလည်း မည်ပါသည်။


မျက်မှောက်ခေတ်သည် အတတ်ပညာခေတ်ဖြစ်ပါ၏။ ခေတ်မီအတတ်ပညာများ ပိုင်ဆိုင်နိုင်ရေးသည် ကျနော်တို့နိုင်ငံအတွက် အလွန်အရေးကြီးပါ၏။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို လေ့လာကြသော စီးပွားရေးပညာရှင်များက မရှိ၍ဆင်းရဲခြင်းမဟုတ်၊ လူများ ပညာနုံနဲ့သဖြင့် ဆင်းရဲခြင်းသာဖြစ်သည်ဟု ထောက်ပြကြပါသည်။ ထိုအတတ်ပညာကို ဖွံ့ဖြိုးဆဲနိုင်ငံများ မည်သို့ရရှိနိုင်ပါသနည်း။ စီးပွားရေးပညာရှင်များက နည်းနာအမျိုးမျိုးကို လမ်းညွှန်ကြပါသည်။ ထိုနည်းနာများအနက် 'ဖွံ့ဖြိုးရေးနိုင်ငံတို့၏ ပညာရေး' သည် အရေးကြီးသော အတတ်ပညာရရှိရေး နည်းနာတရပ်အဖြစ် ပါဝင်ကြောင်း သဘောတူညီကြပါသည်။


သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ခေတ်မီအတတ်ပညာတို့ကြားတွင် ဘာသာစကား ကြားခံနယ်တခုရှိနေပါသည်။ ထိုကြားခံနယ်ကို ချုံ့ပစ်ဖို့ လိုအပ်ပါသည်။ မည်သို့မည်ပုံ ချုံ့ရမည်ကိုလည်း တို့ဗမာအစည်းအရုံးက ထောက်ပြခဲ့ပြီးဖြစ်ပါသည်။

 လေးစားအံ့သြဖွယ်ပင် ဖြစ်ပါသည်။ တို့ဗမာစာတမ်းသည် လွန်ခဲ့သော နှစ်ပေါင်း၆၀ခန့်က ထုတ်ဝေခဲ့သော စာတမ်းဖြစ်ပါသည်။ တနည်း ထိုစာတမ်းသည် တို့ဗမာအစည်းအရုံး၏ ပညာရေးပေါ်လစီဟု ဆိုသော် ဆိုနိုင်ကောင်းပါသည်။
 
တို့ဗမာအစည်းအရုံး၏ ပညာရေးအမြင်ကို စာဖတ်သူမည်သို့ သဘောရပါသနည်း မေးချင်ပါသည်။ မေးစရာရှိပါသည်။ နှစ်ပေါင်း၆၀ နီးပါးကြာမြင့်ပြီဖြစ်၍ ဟောင်းနွမ်းပြီဟုဆိုမည်လော။ တို့ဗမာစာတမ်းကို လုံးချေ၍ အမှိုက်ပုံထဲသို့ လွှင့်ပစ်လိုက်တော့မည်လော။ တို့ဗမာအစည်းအရုံးက ထောက်ပြခဲ့သော သမိုင်းတာဝန်သည် ပြီးဆုံးသွားပြီလော။ ပညာရှင်များ ဆင်ခြင်ကြပါကုန်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်များ ဆင်ခြင်ကြပါကုန်။

တင်မောင်သန်း၏သခင်နိုင်ငံတော်စာအုပ်မှ ကူးယူမျှဝေပေးပါသည်
Aung Zaw Bo

No comments:

Post a Comment