17 Aug 2012

သခင်ဖေသန်း

 ၁၉၃၂ ခုနှစ်လောက်တွင် တည်ထောင်ခဲ့သော ဒို့ဗမာ အစည်းအရုံးတွင် မွန်အမျိုးသား များသည် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဆိုရှယ်လစ်ဇင်ကို ပထမဆုံး မြန်မာသို့ သမစိတ္တ အမည်ဖြင့် ဘာသာပြန်သော မွန်သခင်ကြီး (သခင်ကြီး)သည် ထင်ရှားသော ခေါင်းဆောင်တယောက် ဖြစ်သည်၊ သခင်ကြီးသည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဌ တာဝန် ထမ်းဆောင် ရင်း ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့ပြင် သခင်ဖေသန်း၊ သခင်ဘစော ကဲ့သို့သော မွန်များနှင့် မထင်မရှားသော မွန်များလည်း အများအပြား ရှိသည်။ 
http://wikimyanmar.co.cc/wiki/images/9/9f/TharDu.jpg  သခင်ဖေသန်း (ခ) သာဓု  

 

မိဘအမည် ဦးမြမောင် + ဒေါ်ဖွားမျှင်
ကလောင် အမည်ခွဲများ စိန်ချယ်၊ ဥသြ၊ ပေါ်လွင်၊ ဘာဘူ၊ မောင်ဒါန၊ မောင်ဖေသန်း၊ မောင်သောကြာ၊ မြတ်သူ၊ ဖေသန်း၊ သခင်ဖေသန်း
အလုပ်အကိုင် စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ
မွေးဖွားရာဒေသ ပဲခူးမြို့

 ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာ သာဓု ခေါ် သခင် ဖေသန်းကို အဖ ဦးမြမောင်၊ အမိ ဒေါ်ဖွားမျှင် တို့က ၁၉၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့သည်။ သာဓုသည် ရန်ကုန် ဟိုက်စကူး ကျောင်းတွင် ကိုးတန်း အထိ ပညာ သင်ကြား ခဲ့သည်။ တို့ဗမာ အစည်းအရုံးသို့ ဝင်၍ ၁၃ဝဝ ပြည့် ရေနံမြေ သပိတ်တွင် အသေခံဗိုလ် အဖြစ် ပါဝင် ချီတက် ခဲ့သည်။ 

 

၁၉၄၇ - ၄၈ ခုနှစ်တွင် ပူတူတူးလေး ပေါင်ဒါ လုပ်ငန်း လုပ်ကိုင်ရင်း သွေးသောက် ဦးပြည့်စုံနှင့် တွေ့ရာမှ ဝတ္ထု၊ ဆောင်းပါးများ စတင် ရေးသား ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဝန်ကြီးတမတ် ဝတ္ထုတိုကို စတင် ရေးသား ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဒါတွေပြင် ပြုပြင်ရေး စာအုပ်ကို ထုတ်ဝေ ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ပဒေသာ မဂ္ဂဇင်း ထုတ်ဝေရာ၌ ပါဝင်ခဲ့သည်။

သာဓုသည် ချစ်စံနမူနာ၊ တပ်ထဲက မြတ်ကိုကို၊ အသက်၊ အတာ၊ တဇောက်ကန်း အစရှိသော လုံးချင်း ဝတ္ထု ၂ဝ ကျော်နှင့် သာဓု လူဝါးဝတယ် (ကိုယ်တိုင်ရေး ဝတ္ထုဟန် ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်) နှင့် ဝတ္ထုရှည်ပေါင်း ၅ဝဝ ခန့် ရေးသား ခဲ့သည်။

`တပ်ထဲကမြတ်ကိုကို´ ဝတ္ထုဖြင့် ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန် ဆုကို ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ထိုဝတ္ထုကို တက္ကသိုလ်ဝင် စာမေးပွဲ အတွက် ပြဋ္ဌာန်း စာအုပ် အဖြစ် သတ်မှတ်ခဲ့သည်။

သာဓုသည် ၁၉၅၉ ခုနှစ်တွင် ကကြီးရေက ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီ ဆုကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ကကြီးရေက ဇာတ်ကားနှင့် အကယ်ဒမီရသော ရုပ်ရှင်မင်းသမီး မြတ်မွန်နှင့် ဒုတိယ အိမ်ထောင်ပြုသည်။ ၁၉၆ဝ ပြည့်နှစ်တွင် အငိုလွယ်သည် ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆုကို ဆက်လက် ဆွတ်ခူးခဲ့သည်။

ထို့ပြင် သာဓုသည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သခင်ဖေသန်း အဖြစ် ပါဝင်ဆောက်ရွက်ခဲ့သဖြင့် နိုင်ငံတော်က နိုင်ငံ့ ဂုဏ်ရည် (ဒုတိယဆင့်) ချီးမြှင့် အပ်နှင်းခြင်း ခံရသည်။

ဧည့်သည်၊ အကယ်၍သာ၊ ဗိုလ်ကာတွန်း၊ အဖြေ၊ ဖတ်စ်ကလပ်၊ အကြင်တို့လင်မယား စသော ရုပ်ရှင်ကား ၁ဝ ကားခန့် ရိုက်ကူးခဲ့သည်။

ဘ၀နိဂုံး

ဒါရိုက်တာ၊ စာရေးဆရာ သာဓု အဖြစ် လူသိများခဲ့သော သခင်ဖေသန်းသည် `ကြိုး´ဇာတ်ကား ရိုက်ကူးဆဲ `ဒို့ကိုယ်ကျိုး လုံးလုံးမပါ´ လုံးချင်း စာအုပ် ရေးသားဆဲ စာပေ တာဝန်၊ အနုပညာ တာဝန် ထမ်းဆောင်ဆဲ ၁၉၉၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။



ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ

  1. ချစ်စံနမူ - ၁၉၄၉ ခုနှစ်
  2. ချစ်ဇနီး ချစ်လင် - ၁၉၅၅ ခုနှစ်
  3. ချစ်တက္ကသိုလ် - ၁၉၅၂ ခုနှစ်
  4. ငိုမလို ရည်ယောင်ကာမဲ့မိ လှောင်ပါနဲ့ တိမ်မင်းဝဠာ - ၁၉၈၁ ခုနှစ်
  5. စစ်ယားအိပ်ဆောင် - ၁၉၅၄ ခုနှစ်
  6. ဇာတ်လမ်းပမာ - ၁၉၅၄ ခုနှစ်
  7. တဇောက်ကန်း
  8. တပ်ထဲက မြတ်ကိုကို - ၁၉၅၁ ခုနှစ်
  9. ဒါတွေပြင် - ၁၉၄၆ ခုနှစ်
  10. ဒီမျက်နှာလေးကို ချစ်တာ - ၁၉၈၅ ခုနှစ်
  11. နောက်မယား - ၁၉၅၄ ခုနှစ်
  12. နောက်လင် - ၁၉၅၃ ခုနှစ်
  13. လင်မယားဘဝ - ၁၉၅၄ ခုနှစ်
  14. လိင် - ၁၉၇ဝ ပြည့်နှစ်
  15. လိင်နှင့် မေမေလတ် - ၁၉၅၆ ခုနှစ်
  16. သာဓု ရေးနည်း ဝတ္ထုတိုများ - ၁၉၅၆ ခုနှစ်
  17. သာဓု လူဝါးဝတယ် - ၁၉၇၆ ခုနှစ်
  18. သာဓု အင်ဆန်းစ် - ၁၉၇၈ ခုနှစ်
  19. အတာ - ၁၉၅၅ ခုနှစ်
  20. အနှစ် - ၁၉၅၂ ခုနှစ်
  21. အနှစ်၏ အနှစ် - ၁၉၅၂ ခုနှစ်
  22. အရသာ - ၁၉၅ဝ ပြည့်နှစ်
  23. အသက် - ၁၉၅၁ ခုနှစ်
  24. အာယုနှင့် မေမေလတ် - ၁၉၇၁ ခုနှစ်
  25. အာယုနှင့် အမွေခံ - ၁၉၅၆ ခုနှစ်
  26. သြော်…. ချစ်တာ ချစ်တာ ဝတ္ထုတိုပေါင်းချုပ် စာအုပ်များ ဖြစ်သည်။

ကိုးကား

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့မှ စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် ၊ ပညာရွှေတောင် စာအုပ်တိုက် (၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမအကြိမ်)
  2.  myanmarwiki

No comments:

Post a Comment