13 Aug 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်းကို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွင် ဖော်ပြပေးစေလို

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်းကို ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များတွင် ဖော်ပြပေးရန် လိုအပ်ကြောင်း  ၂၃-၇-၂၀၁၂ ရက်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ၄၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားပွဲတွင် ပြောကြားလိုက်သည်။

“ကျွန်တော် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နှစ်ပတ်လည် အခမ်းအနားကို ထွက်လာတော့ လမ်းမှာကလေးတွေက ဘယ်သွားမှာလဲလို့ မေးကြတယ်။ ကျွန်တော်ကလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နှစ်ပတ်လည် အခမ်းအနားပွဲကို သွားမယ်။ သူ့ကိုသိလားလို့ မေးကြည့်တော့ မသိဘူး။ ဒါကြောင့် နောင်လာနောက်သားတွေကို လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့ ဆရာကြီးကို မမေ့ရအောင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တွေထဲမှာ ထည့်သွင်းဖော်ပြပေးဖို့ လိုအပ်နေပါတယ်” ဟု ကိုမင်းကိုနိုင်က ပြောသည်။

ထို့ပြင် ကိုမင်းကိုနိုင်က အနုပညာရှင်များ အနေဖြင့်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အကြောင်းကို ဂီတအနေဖြင့် တေးသီချင်းများ သီဆိုပေးကြရန် ပြောသည်။  “ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ နိုင်ငံရေးမှာ အထူးထင်ရှားကျော်ကြားသူ တစ်ဦးဖြစ်တယ်။ နိုင်ငံရေးမှာ အားနည်းတဲ့ သူတွေဘက်က ရပ်တည်ပေးတယ်။ ဆရာကြီးဟာ ငြိမ်းချမ်းရေးကို လိုလားသူတစ်ဦး ဖြစ်တယ်။ ငြိမ်းချမ်းရေးရဲ့ ရှေ့ဆောင်ဆရာကြီးတစ်ဦးလည်း ဖြစ်တယ်” ဟု ဆရာကြီး ဒဂုန်တာရာ၏ သဝဏ်လွှာ ပေးပို့ရာတွင် ဖော်ပြထားသည်။

No comments:

Post a Comment