26 Jan 2013

မြစေတီ ကျောက်စာ

မြစေတီ ကျောက်စာ
 









============
မြစေတီ ကျောက်စာ

(မေး) ဆရာကြီးခင်ဗျား၊ မြစေတီကျောက်စာကို မည်သည့်ခုနှစ်တွင် မည်သူက ရေးထိုးခဲ့ပါသနည်း။ ပုဂံခေတ်သမိုင်းကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု သိရှိရပါသဖြင့် မည်သည့်အကြောင်းအရာများကို ဖော်ပြထားကြောင်းကို ပြည့်စုံစွာဖြေကြားပေးပါရန် ပန်ကြားအပ်ပါသည်။ (ဦးသောင်းညွန့်-စာရေးဆရာ နာရီတာ၊ မြန်အောင်မြို့)

(ဖြေ)
မြစေတီကျောက်စာကို ကျန်စစ်သားမင်းကြီး နတ်ရွာစံပြီးနောက် တနှစ်ခန့်အကြာ၊ မြန်မာသက္ကရာဇဖ် ၄၇၅-ခုနှစ်၊ ခရစ်နှစ် ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရ်မင်းသားက ရေထုးခဲ့သည်။ ထိုကျောက်စာကို ပုဂံမြို့၊ မြင်းကပါရပ်၊ မြစေတီဘုရားအနီးတွင် တွေ့ရ၍ မြစေတီကျောက်စာ-ဟု လူသိများပါသည်။ ဤကျောက်စာ၌ မျက်နှာလေးဖက်ပါရှိသည်။ မျက်နှာတဖက်စီတွင် မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ တဘာသာစီဖြင့် ရေးထိုးထားခြင်းဖြစ်သည်။

မြစေတီကျောက်စာသည် ပုဂံခေတ် မြန်မစာပေများအနက် ထင်ရှားသော အစောဆုံးမြန်မာကျောက်စာ ဖြစ်သည်။ ကျောက်စာများသည် တိကျမှန်ကန်မှုရှိသဖြင့် ကျောက်စာကပြောသော သမိုင်းသည် ပို၍ ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။
ပုဂံခေတ်ဦးမင်းများအနက် နန်းတက်သက္ကရာဇ်များနှင့်စပ်လျဉ်း၍ မြစေတီကျောက်စာက အမှားပြင်ပေးသဖြင့် သမိုင်းတန်ဖိုး လွန်စွာကြီးပါသည်။ မြန်မာရာဇ၀င်များတွင် အနော်ရထာ၊ စောလူး၊ ကျန်စစ်သားနှင့် အလောင်းစည်သူမင်းတို့၏ နန်းစံနှစ်မျာါ်နှင့် ပတ်သက်၍ ဖော်ပြရာ၌ ကွဲလွချြက်ရှိနေသည်။ မြစေတီကျောက်စာတွင် ပါရှိသော အထောက်အထားများကို အခြေခံ၍ သမိုင်းသုတေသီတို့သည် အမှားကို ပြင်ပေးနိုင်ခဲ့သည်။

မြစေတီကျောက်စာ၏ အစတွင် တြိဘုဝနာဒိတျဓမ္မရာဇာဘွဲ့ခံ ကျန်စစ်သားမင်းကြီး၏ နန်းတက်သက္ကရာဇ်နှင့်စပ်လျဉ်း၍ "ပုရှာသ္ခင် သာသနာအနှစ် တထောင့်ခြောက်ရာ နှစ်ဆယ့်ရှစ်နှစ် လွန်လေပြီရကား၊ ဤအရိမဒ္ဒနပူရမည်သောပြည်၌ တြိဘုဝနာဒိတျဓမ္မရာဇ် မည်သောမင်းဖြစ်၏-"ဟု ဆိုထားသည်။ ဤသာသနာနှစ် ၁၆၂၈-ခုနှစ်ဟု အတိအကျဆိုသည့် ကျောက်စာမှာ မြစေတီ ကျောက်စာသာလျှင်ဖြစ်သည်။ သာသနာနှစ် ၁၆၂၈-ခုနှစ်တွင် အရိမဒ္ဒနပုရမည်သောပြည်တွင် တြိဘုဝနာဒိတျဘွဲခံ ကျန်စစ်သားမင်းကြီး နန်းတက်သည်ကို သိရှိရခြင်းဖြင့် သမိုင်းသုတေသီတို့သည် ကျန်စစ်သားမင်းကြီးကို ဆက်ခံသော အလောင်းစည်သူမင်းကြီး၊ ကျန်စစ်သားမင်းကြီးထက် အရင်နန်းစံသော အနုရုဒ္ဓ (အနော်ရထာ) မင်းကြီးနှင့် စောလူးမင်းတို့၏ နန်းစံသက္ကရာဇ်တို့ကိုပါ သိရှိခွင့်ရလိုက်ပါသည်။

မြန်မာမင်းတို့သည် သာသနာနှစ်ကို ဘီစီ-၅၄၄-မှ စတင်ရေတွက်ကြသည်။ သာသနာနှစ် ၁၆၂၈-မှ ဘီစီ ၅၄၄-ကိုနုတ်သော် ခရစ်နှစ် ၁၀၈၄-ကို ရရှိပါသည်။ ခရစ်နှစ် ၁၀၈၄-သည် ကျန်စစ်သားမင်းကြီး နန်းတက်သော နှစ်ဖြစ်သည်။ ဤခရစ်နှစ်သည် မြန်မာသက္ကရာဇ် ၄၄၆-နှင့်လည်း ကိုက်ညီနေပါသည်။ မြစေတီကျောက်စာတွင်ပင် ဆက်လက်ဖော်ပြရာ၌ "ထိုမင်း အနှစ် နှစဆယ့်ရှစ်နှစ် မင်းမူပြီး၏။ သေခမူနာသုရှော်ဝ်နှိုက်တယ်"ဟူ၍ ပါရှိရာ ကျန်စစ်သားမင်းကြီး နန်းတက်ခရစ်နှစ် ၁၀၈၄-ကို နန်းသက် ၂၈-နှစ်ပေါင်းထည့်သော် ခရစ်နှစ် ၁၁၁၂-သည် ကျန်စစ်သားမင်းကြီး န်တ်ရွာစံသောနှစ် ဖြစ်ပေသည်။ ထို့အပြင် ကျန်စစ်သားကို ဆက်ခံသော အလောင်းစည်သူမင်း၏ နန်းတက်သက္ကရာဇ်ကို ရရှိပေသည်။

မြစေတီကျောက်စာကို အခြေခံ၍ ပုဂံခေတ်ဦး မင်းတို့၏ နန်းစံနှဏ်ကို အောက်ပါအတိုင်း ရရှိပါသည်။
၁။ မင်း-အနော်ရထာ။ သာသနာနှစ်-၁၅၈၈။ ခရစ်နှစ်-၁၀၄၄။ မြန်မာသက္ကရာဇ်-၄၀၆။ နန်းသက်-၃၃။
၂။ မင်း-စောလူး။ သာသနာနှစ်-၁၆၂၁။ ခရစ်နှစ်-၁၀၇၇။ မြန်မာသက္ကရာဇ်-၄၃၉။ နန်းသက်-၇။
၃။ မင်း-ကျန်စစ်သား။ သာသနာနှစ်-၁၆၂၈။ ခရစ်နှစ်-၁၀၈၄။ မြန်မာသက္ကရာဇ်-၄၄၆။ နန်းသက်-၂၈။
၎။ မင်း-အလောင်းစည်သူ။ သာသနာနှစ်-၁၆၅၆။ ခရစ်နှစ်-၁၁၁၂။ မြန်မာသက္ကရာဇ်-၄၇၄။ နန်းသက်-၇၅။

(ကျောက်စာကပြောသော သမိုင်း )
ကျန်စစ်သားမင်းကြီး၏နန်းတက်သည့်ခရစ်နှစ်သည် ၁၀၈၄-ဖြစ်ကြောင်း မြစေတီကျောက်စာ၏ ဖော်ပြချက်ကို ပြည်မြို့၊ ရွှေဆံတော် မွန်ကျောက်စာကလည်း ထောက်ခံသည်ကို တွေ့ရှိရသည်။ မြစေတီ ကျောက်စာသည် ရာဇ၀င်များတွင် မပါရှိသေးသော အချက်အလက်များကိုလည်း ထည့်သွင်းဖော်ပြထား သည်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့်-ကျန်စစ်သားမင်းကြီး၏ မိဖုရားများအနက် ၄င်းချစ်ခင်မြတ်နိုးသော မိဖုရားမှာ "တြိလောက၀ဋံသကာဒေ၀ီ" ဖြစ်ကြောင်း၊ ကျန်စစ်သားမင်းကြီးနှင့် မိဖုရား တြိလောက၀ဋံသကာဒေ၀ီ-တို့မှ ရာဇကုမာရ်-ဟူသော သာေးတ်ာတပါး ဖွားမြင်ကြောင်း၊ ရာဇကုမာရ်သည် မိဘကျေးဇူးသိတတ်သော သားတော်ဖြစ်ကြောင်း စသည့် သမိုင်းအချက်အလက်များကို ဖော်ပြထားသည်။

လူမှုရေးနှင့်စပ်လျဉ်း၍ ပုဂံခေတ်တွင် သက်မုလွန်ရွာ၊ ရပါယ်ရွာ၊ ဟန်ဗိုင်ရွာစသည့် ကျွန်ရွာအမည်များ ရှိကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ သာသနာရေးနှင့်စပ်လျဉ်း၍ ကျန်စစ်သားမင်းကြီး လက်ထက်တွင် ဆရာတော်ကြီးများ၏ ဘွဲ့အမည်များကိုလည်း ဖော်ပြထားသည်။  ယင်းတို့မှာ သင်ကြီးမုဂ္ဂလိပုတ္တတိဿထေရ်၊ သင်ကြီးသုမေဓပဏ္ဍိတ်၊ သင်ကြီးဗြဟ္မပါလိ၊ သင်ကြီးဗြဟ္မဒိပ်၊ သင်ကြီးသောန်နှင့် သင်ကြီးသင်္ဃသေန၀ရပဏ္ဍိတ်-ဟူ၍ တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကျောက်စာအပေါများဆုံးသောနိုင်ငံ ဖြစ်သည်။ ကျောက်စာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သာသနာရေးဆိုင်ရာ အကြောင်းအရာများကို မှတ်တမ်းတင်လေ့ ရှိကြပါသည်။ ကျောက်စာပါ အထောက်အထားများကို အခြားမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် တိကျမှန်ကန်မှုရှိသဖြင့် ကျောက်စာကပြောသော သမိုင်းသည် ပို၍ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ မြစေတီကျောက်စာက ပြောသော ပုဂံခေတ်သမိုင်းသည် တိကျမှန်ကန်မှုရှိသဖြင့် မြန်မာစာ သုတေသီများရော၊ သမိုင်းသုတေသီများအတွက်ပါ မြစေတီကျောက်စာသည် အလွန်တန်ဖိုးရှိသော ကျောက်စာဖြစ်ပါသည်။ မြစေတီကျောက်စာကို ရာဇကုမာရ် ကျောက်စာဟုလည်း သိရှိနေကြသည်။

ဦးမြင့်စော (သမိုင်းပါမောက္ခ-ပုသိမ်တက္ကသိုလ်)(မင်္ဂလာမောင်မယ် ၂၀၁၀-ခု ဇွန်လ)
==========================================

မြစေတီကျောက်စာ
Jun 11, '09 11:55

မြစေတီကျောက်စာကို ရာဇကုမာရ်ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ် ကျောက်စာဟုလည်း ခေါ်သည် ............
ရာဇကုမာရ် ကျောက်စာတွင်မျက်နှာလေးဖက်ပါရှိပြီး ပါဠိ၊ မွန်၊ ပျူ နှင့် မြန်မာဘာသာ တို့ဖြင့် မှတ်တမ်း တင်ထားခဲ့သည်။ ကျောက်စာတိုင်သည် အမြင့် ၅၅ " ၊ အကျယ် ၁၄ " ရှိသည်။မြစေတီ ကျောက်စာ အရ ရာဇကုမာရ် မင်းသားသည် ကျန်စစ်သားမင်း နှင့် ကြင်ရာတော် သမ္ဘူလ ၏ သားဖြစ်သည် ဟုသိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ဘဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနုဟာ ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော် အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓည၀တီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ဖခင်၏ကျေးဇူးကို သိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင် ရွှေ၊ ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော် ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

  သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် တိုင်းပြည်အုပ်ချုပ်သော အချိန်အခါကကမ္ဘာ့သမိုင်း၊  မြန်မာ့သမိုင်းတွင်ဖခင်အားသက်ကား  ထီးနန်းအုပ်ချုပ်ခဲ့ကြသော သားများကိုတွေ့ရသည်။       ထိုသူများနှင့်မတူဘဲနာမကျန်းဖြစ်နေသည့် ဖခင်အား မသေခင် ဘ၀ကူးကောင်းစေရန်      မိမိပိုင် ရွှေ၊ ငွှေ ပစ္စည်းဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော် ပြုလုပ်ပူဇော်ပြီး ဖခင်အားရေစက်ချ အမျှ      ဝေစေခဲ့သည်။ ထိုသို့သော အကြောင်းအရာကို မွန်၊ ပါဠိ၊ ပျူ နှင့် မြန်မာစာတို့ဖြင့်      မှတ်တမ်းတင်ခဲ့သည်။ တွေ့  ရှိရသမျှ မြန်မာစာပေမှတ်တမ်းများတွင် ရာဇကုမာရ် ကျောက်စာသည် အစောဆုံးဖြစ်သည်။ ကျောက်စာကိုဖတ်ရလွယ်အောင် ယနေ့ခေတ်စကားများဖြင့် ဘာသာပြန်ဆိုထားသည်။

     သီရိ။ နမောဗုဒ္ဒါယသိဒ္ဒံ။ ဘရားသခင်သာသနာ၊ အနှစ်တစ်ထောင်ခြောက်ရာနှစ်ဆယ့်ရှစ်နှစ်     လွန်လေပြီးသောအခါ၊ ဤအရိမဒ္ဒနာပူရ အမည်ရသောပြည်၌၊ ကျက်သရေမင်္ဂလာအပေါင်းနှင့်     ပြည့်စုံသည့် တြိဘုဝနာဒိတျဓမ္မရာဇာ(ကျန်စစ်သား၏ဘွဲ့အမည်) မည်သော မင်းကြီးစိုးစံ၏။     ထိုမင်း၏မိဖုရားတစ်ပါးကား၊ တြိလောက၀ဋံသကာဒေ၀ီ (သမ္ဘူလမိဖုရား) အမည်ရှိ၏။      ထိုမိဖုရား၏ သားတစ်ယောက်မှာ ရာဇကုမာရမည်၏။ ထိုမင်းကား ကျွန်သုံးရွာကို၊ မိဖုရားအား     ပေး၏။ ထိုမိဖုရားသေလွန်ခဲ့သောအခါ၊ မိဖုရား၏သား၊ ရာဇကုမာရအား၊ မင်းကြီးက ပေးအပ်ခဲ့၏။     ထိုမင်းသည် နှစ်ပေါင်း နှစ်ဆယ့်ရှစ်နှစ် မင်းပြုခဲ့ပြီးနောက်၊ မကျန်းမမာ ဖျားနာ၍ နတ်ရွာစံကာနီး     သောအခါ ထိုရာဇကုမာရအမည်ရှိသော သားသည်၊ မိမိအားမွေးကျွေး ပြုစုစောင့်ရှောက်ခဲ့သော     ဖခမည်းတော်မင်းကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရ၍ ရွှေသားအစစ်ဖြင့်ပြီးသော ဗုဒ္ဒရုပ်ပွား     တော်ကို ထုလုပ်ပြီးနောက်၊ မင်းကြီး၏ထံပါးသို့ဝင်ပြီး၊ ဆက်သသောအခါ၊ ဤသို့လျှောက်ထား၏။     '' ဤရွှေဘုရားကား မင်းကြီးအဖို့ သားတော်ပြုလုပ်ပါသည်။ သားတော်အား၊ ဖခမည်းတော်မင်းကြီး     ပေးအပ်ထားခဲ့သော၊ ကျွန်သုံးရွာကို ဤရွှေဘုရားအား၊ သားတော်လှူဒါန်းပါသည်။ ''     ထိုအခါ ကျန်စစ်သားမင်းကြီးသည် နှစ်လိုရွှင်လန်း ၀မ်းမြောက်၍ ကောင်းလေစွ၊ကောင်းလေးစွဟု    သာဓုခေါ်တော်မူ၏။ ထို့နောက် သံဃာတော်၊ ဆရာတော်ကြီးများဖြစ်ကြသော ရှင်အရဟံမဟာထေရ်    မောဂ္ဂလိပုတ္တတိဿထေရ်၊ သုမေဓပဏိတထေရ်၊ ဗြဟ္မပါလထေရ်၊ ဗြဟ္မဒေ၀ထေရ်၊ သောနထေရ်၊    သင်္ဃသေန၀ရပဏိတထေရ် တို့၏ရှေ့မှောက်တွင် ကျန်စစ်သားမင်းကြီး ရေစက်ချ အမျှပေးဝေ၏။    နောင်အခါတွင် ရာဇကုမာရမင်းသားသည် ရွှေဘုရားဆင်းတုတော်ကို၊ ထာပနာ၍၊ ရွှေအထွတ်ဖြင့်    ဂူဘုရားတည်ပြီးနောက်၊ သက်မုနလွန်တစ်ရွာ၊ ရပါယ်တစ်ရွာ၊ ဟေန်ဗိုင်တစ်ရွာ ထိုကျွန်သုံးရွာနှင့်    ရွာသားများကို ဂူဘုရားအား လှူဒါန်းပြီး၊ ရေစက်သွန်းချစဉ်၊ ဤသို့ ဆုတောင်းမိန့်ဆိုခဲ့၏။    ဤင့ါကောင်းမှုကား၊ သဗ္ဗညုတ ဥာဏ်ပညာရအံ့သောအကြောင်း ဖြစ်ပါစေသတည်း။    ငါမရှိတော့သော နောင်အခါတွင်၊ ငါ့သားသည်လည်းကောင်း၊ ငါ့မြေးသည်လည်းကောင်း၊    သူတထူးသည်လည်းကောင်း၊ ငါလှူခဲ့သော ကျွန်တို့အား၊ နှိပ်စက်ပြုမူခဲ့လျှင်၊ အရိမေတ္တယျ    ဘုရားသခင်ပွင့်သောအခါ ဘုရားမြတ်စွာအား မဖူးမြော်ကြရပါစေသတည်း။ 

 
" ငါတို့ မြန်မာစာပေဟာ ကျေးဇူးသိခြင်းတရားနဲ့ စတင်ခဲ့တာ "  ဆရာကြီးဦးဖေမောင်တင်
Source:http://myanmarclassic.multiply.com/journal?&show_interstitial=1&u=%2Fjournal

“မြန်မာ” ဝေါဟာရ သမိုင်းကြောင်း
 ရှေးရာဇဝင်သမိုင်း၊စာပေမှ မြန်မာလူမျိုး၊ မြန်မာပြည် အသုံးအနှုန်းများကို အကျယ်ဖတ်ရှုနိုင်ရန် ဤမှာ တတ်နိုင်သမျှ  စုစည်းပေးထားပါသည်။
မြစေတီ ကျောက်စာ
လူမျိုးတစ်ရာ့တပါးစာရင်း
ဦးကုလား မဟာရာဇ၀င်
မက္ခရာမင်းသားကြီး၏ ပထမ အင်္ဂလိပ်-မြန်မာ အဘိဓာန်
ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း
ခေတ်မှီ မြန်မာရာဇ၀င်အကျဉ်း -အမျိုးသားပညာဝန် ဦးဖိုးကျား
ရခိုင်ရာဇဝင်သစ်ကျမ်း
လွတ်လပ်ရေး ကြေညာစာတမ်း
မြန်မာ့စွယ်စုံကျမ်း
ဒေါက်တာနိုင်ပန်းလှ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
တွင်းသင်းမြန်မာရာဇဝင်သစ်
ဒေါက်တာသန်းထွန်း-အမိန့်တော်ပြန်တမ်းများ၊ဒုတိယတွဲ
 မြန်မာအစ (ဦးဖိုးလတ်)     ( ဆက်လက်ဖော်ပြမည်)

လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန် ကိုးချက်


လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန် ကိုးချက်
===================
အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်သတည်း။

၁၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

၂၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိန်းမည်။

၃၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်းများ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။

၆၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု ငါတို့အား မတရားပြုမူခြင်းကိုလည်း မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။

၉၊ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

ဤ ငါတို့ သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။ ။



မှတ်တမ်းများက ပြောသော လွတ်လပ်ရေးနေ့
ထိန်လင်း
သြဂုတ် ၁၊ ၂၀၁၀(ဓာတ်ပုံ-dawnmanhon.com)

၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့က ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၂ နှစ်က ကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး မှတ်မိနိုင်သူတွေက ဒီကနေ့မှာ အနည်းဆုံး အသက် ၇ဝ ကျော် ၈ဝ တန်း ရောက်နေသူတွေ ဖြစ်ပါလိမ့်မယ်။ အဲဒီ ပထမဆုံး လွတ်လပ်ရေးနေ့အကြောင်း ကိုယ်တွေ့မှတ်တမ်းတွေ ရေးသားခဲ့သူ အများအပြားလည်း ကွယ်လွန်ခဲ့ပါပြီ။

သို့ပေမယ့် ဦးသန့် ရေးသားတဲ့ ‘ပြည်တော်သာခရီး’ စာအုပ်အပါအဝင် မှတ်တမ်းစာအုပ်များမှာ ဖတ်ရှုနိုင်သေးတဲ့အတွက် ပထမဆုံး လွတ်လပ်ရေးနေ့ မြင်ကွင်းတွေကို မှန်းဆနိုင်မှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ အဲဒီတုန်းက ထုတ်ပြန်ခဲ့တဲ့ လွတ်လပ်ရေး ကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ လွတ်လပ်ရေးနေ့ မိန့်ခွန်းတို့ဟာလည်း လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်၊ လွတ်လပ်ရေးရဲ့ အနှစ်သာရ၊ လွတ်လပ်ရေးရဲ့ တန်ဖိုးတွေအပြင် ဘယ်သူတွေနဲ့ ဘယ်လိုသက်ဆိုင်တယ် ဆိုတဲ့အချက်တွေကိုပါ ရှင်းရှင်းလင်းလင်း သိစေမှာဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ အင်္ဂလိပ် ကိုလိုနီအစိုးရလက်အောက်မှာ အောက်မြန်မာပြည်က ၁၂၃ နှစ်၊ အထက်မြန်မာပြည်က ၆၃ နှစ် ရောက်ရှိခဲ့ပြီးတဲ့အချိန်ပါ။ ဒီလို ဆယ်စုနှစ်၊ ရာစုနှစ် ချီအောင် မလွတ်မလပ်နေခဲ့ရတဲ့ မြန်မာပြည်သားတွေအနေနဲ့ လွတ်လပ်ရေးရပြီ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရပြီဆိုတဲ့အချိန်မှာ ဘယ်လောက်ပျော်လိုက်ကြမလဲဆိုတာ အလွယ်တကူပဲ မှန်းဆနိုင်ပါတယ်။

အဲဒီနေ့မနက် ၄ နာရီ မိနစ် ၂ဝ မှာ ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဘာမင်ဟမ် စစ်သင်္ဘောကြီးက အမြောက်တွေ ပစ်ဖောက် အချက်ပေးသံတွေ ထွက်လာပြီး တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့မှာ ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကို လွှင့်တင်ခဲ့ပါတယ်။

မနက် ၄ နာရီ ၄၅ မိနစ် ရောက်တဲ့အခါ လွှတ်တော်အစည်းအဝေးခန်းမမှာ နိုင်ငံတော်အာဏာလွှဲပြောင်းတဲ့ အခမ်းအနား ဆက်ပြီး ပြုလုပ်ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်က ယာယီပါလီမန် ဖြစ်လာပြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် က ယာယီသမ္မတ၊ ဦးနုက ယာယီဝန်ကြီးချုပ် ဖြစ်လာပါတယ်။

အဲဒီနောက် မနက် ၆ နာရီခွဲ ရောက်တဲ့အခါ ဘုရင်ခံရဲ့ အိမ်တော်မှာ အာဏာလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်ပြီး မနက် ၈ နာရီ မိနစ် ၂ဝ တိတိမှာ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် နဲ့ ဇနီးဖြစ်သူတို့ ဘာမင်ဟန်သင်္ဘောနဲ့ မြန်မာပြည်က ထွက်ခွာသွားပါတယ်။ ဒါဟာ မြန်မာပြည်မှာ ပထမဆုံးနဲ့ နောက်ဆုံး လို့ဆိုနိုင်တဲ့ စစ်မှန်တဲ့ အာဏာလွှဲပြောင်းမှု ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချခဲ့ပြီး အဲဒီအခမ်းအနားမှာ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဋ္ဌာန် ၉ ချက်ကို တိုင်ပေးပြီး လူထုကြီးက လိုက်ဆိုခဲ့ပါတယ်။

သစ္စာအဓိဋ္ဌာန် ကိုးချက်

အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်သတည်း။

၁၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

၂၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိန်းမည်။

၃၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်းများ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။

၆၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု ငါတို့အား မတရားပြုမူခြင်းကိုလည်း မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။

၉၊ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

ဤ ငါတို့ သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။ ။

အပိုဒ် ၆ ပိုဒ်ပါတဲ့ လွတ်လပ်ရေး ကြေညာစာတမ်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ ကူးတို့မှူး ခေါင်းဆောင်ကြီးတွေရဲ့ ဦးဆောင် ကြိုးပမ်းအားထုတ်မှုကြောင့် လွတ်လပ်ရေးရရှိတဲ့အကြောင်း၊ လူမျိုး ဘာသာ ရေမြေမကွဲဘဲ ပြည်ထောင်စု ဖြစ်တဲ့အကြောင်း၊ အားလုံးလက်တွဲပြီး တိုင်းပြည်ရဲ့ လွတ်လပ်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး တို့ကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်းတွေ ဖော်ပြထားပါတယ်။

လွတ်လပ်ရေးပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အပိုဒ် ၅ မှာ အခုလို ဖော်ပြထားပါတယ်။

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကပိုင်ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလကလည်းကောင်း၊ ယခုမျက်မှောက်တွင် လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်”

‘ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်’လို့ ကမ္ပည်းထိုးထားတဲ့ ရန်ကုန် မဟာဗန္ဓွုလပန်းခြံထဲက ကျောက်တိုင်ကို ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီကျောက်တိုင်အခြေ ပတ်လည်မှာတော့ လွတ်လပ်ရေး ကြေညာစာတမ်းသစ္စာအဓိဋ္ဌာန် ၉ ချက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်၊ သခင်နုရဲ့ ပါလီမန်မိန့်ခွန်းနဲ့ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းတို့ကို ကျောက်သားမှာ ရေးထိုးထားတာမို့ ဘယ်သူမဆို သွားရောက်ဖတ်ရှုနိုင်ပါတယ်။ ။

ထိန်လင်း (၃ဝ၊ ၁၂၊ ၂ဝဝ၉)

လွတ်လပ်ရေး ကြေညာစာတမ်းကို ဤမှာ ဖတ်ပါ။

မြန်မာလူမျိုး (လွတ်လပ်ရေး ကြေညာစာတမ်း)


လွတ်လပ်ရေး ကြေညာစာတမ်းတွင် "မြန်မာလူမျိုး" အသုံးအနှုန်းကို ဤသို့ တွေ့ရသည်။
-----------------------------------------------------------------------------------------
 
မြန်မာနိုင်ငံ၏ “လွတ်လပ်ရေး ကြေညာစာတမ်း”ကို ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကမ္ဘာသိ ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ့သမိုင်းတွင် အလွန်တန်ဖိုးထားအပ်သည့် ကြေညာစာတမ်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယာယီသမ္မတ စောရွှေသိုက်ကလည်း ထိုနေ့မှာပင် တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန်၌ “လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ”ကို ကြေညာခဲ့သည်။

မြန်မာနိုင်ငံကို လက်ရှိအုပ်စိုးနေသူတို့က သမိုင်း အစစ်အမှန်များကို မသမာသောနည်းလမ်းများဖြင့် ဖုံးကွယ် ထားရန် ကြိုးပမ်းလာနေသောအချိန်တွင် မြန်မာနိုင်ငံသား မျိုးဆက်သစ် အဆက်ဆက်တို့အနေဖြင့် မြန်မာ့ လွတ်လပ်ရေးကို တန်ဖိုးထား လေးစား ထိန်းသိမ်းနိုင်ကြစေရန်၊ မြန်မာ့သမိုင်း အစစ်အမှန်ကို သိရှိနေစေရန်၊  နိုင်ငံချစ်စိတ်များ တိုးပွားနေစေရန်နှင့် သမိုင်းသင်ခန်းစာများ ယူနိုင်ရန် ရည်ရွယ်၍ ပြန်လည် ရှာဖွေ ဖော်ပြလိုက် ပါသည်။

လွတ်လပ်ရေး ကျေညာစာတမ်း

အောင်စေသတည်း

၁။ မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာ နိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူးတတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ် သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော်တ၀ှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သောအနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။
ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။
----------------------------------------------------

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ

(၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ယာယီသမ္မတ စောရွှေသိုက်က တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန်၌  ကျေညာသည်။)

ပါလီမန်အမတ်များ

ယနေ့နံနက်မှစ၍ မြန်မာနိုင်ငံတော်သည် အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖြစ်လေပြီ။
ဤတိုင်းပြုပြည်ပြု လွှတ်တော်သည်လည်း  ပြည်ထောင်စုပါလီမန်  ဖြစ်လာလေပြီ။

ဤ ပါလီမန်၏ သဘောတူညီချက်အရ ၀န်ကြီးချုပ်နှင့်တကွ အခြားဝန်ကြီးများကိုလည်း ကျွန်ုပ်က ရာထူးအပ်နှင်းပြီးဖြစ်၍ မြန်မာ ပြည်ထောင်စုအစိုးရ ဖြစ်လာလေပြီ။ ကျွန်ုပ်၏ အစိုးရ၀ါဒကို အနည်းငယ် ပြောပြလိုပါသည်။

အမြဲထာဝစဉ် ရှေ့ရှုသုံးသပ်လျက်ရှိသော ကျွန်ုပ်တို့၏ မူလရည်ရွယ်ချက်သည်ကား မြန်မာ ပြည်ထောင်စုတွင် အရင်းရှင်ဝါဒကို ပိတ်ပင်ပယ်ဖျက်၍ နိုင်ငံ၏ လုပ်ငန်းဆောင်တာ အ၀၀ကို တိုင်းသူပြည်သား များသာ ပိုင်ဆိုင်ခွင့်ရှိသော ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်ရန် ဖြစ်ပေသည်။ ထိုဝါဒတွင် ပိုင်ရှင်ရှိသော ပစ္စည်းများကို အတင်းအဓမ္မ လုယက်ယူသော ရည်ရွယ်ချက် လုံးဝမပါပဲ တိုင်းပြည်အတွင်း ရှိရှိသမျှ ပြည်သူ ပြည်သား အလုံးစုံတို့ကို ကျောသားရင်သား မခွဲခြားဘဲ ပြည့်ဝချမ်းသာစေလိုသော ၀ါဒသာလျှင် ဖြစ်လေသည်။ လူအတန်းအစား မခွဲခြားဘဲ အားလုံးပြည်သူ လူအများတို့ ကြွယ်ဝချမ်းသာမှသာလျှင် နိုင်ငံကောင်း နိုင်ငံမြတ်ဟု ဆိုထိုက်ပေသည်။

မြန်မာပြည်တဝှမ်းလုံး ချမ်းသာကြစေရန် အကျိုးနှင့် စစ်ကြောင့်ပျက်စီးနေသော စက်မှုလက်မှု လုပ်ငန်းဆောင်တာ ပစ္စည်းပစ္စယ အ၀၀တို့ကို ပြန်လည်ထူထောင်ရာတွင် စမ်းတ၀ါးဝါး အယောင်ယောင် အမှားမှား မပြုလုပ်ဘဲ စီမံကိန်းများနှင့်သာ ပြုလုပ်ရန် ကျွန်ုပ်၏အစိုးရက ထိုစီမံကိန်းများကို သေချာကျနစွာ ရေးဆွဲထားပြီး ဖြစ်လေသည်။ ထိုစီမံကိန်းများအတိုင်း လိုက်နာ၍ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံ သာယာဝပြော စည်ပင်ရေးတို့ကို လျင်မြန်စွာ ထမြောက်အောင်မြင်စေရန် ကျွန်ုပ်၏အစိုးရက ကြိုးစား ဆောင်ရွက်လိမ့်မည်။

မြန်မာ ပြည်သူပြည်သားတို့သည် မိမိတို့၏နိုင်ငံတော်ကို မိမိတို့အင်အားဖြင့် ပြင်ပရန်သူတို့၏ ဘေး အန္တရာယ်မှ ကာကွယ်နိုင်ရန် ခေတ်မှီသော သေနင်္ဂဗျူဟာကို ကျွမ်းကျင်တတ်မြောက်သော တိုင်းရင်းသား ကုန်းတပ်၊ ရေတပ်၊ လေတပ်များတို့ကို လျင်မြန်စွာ တည်ထောင်၍ ထိုတပ်ပေါင်းအလုံးစုံတို့သည် ပြည်သူ ပြည်သားများ၏တပ်များ ဖြစ်ကြရန်ကို အကျွန်ုပ်၏အစိုးရက ရည်ရွယ်သည်။ အမြဲတမ်းတပ်များအပြင် အရွယ် ရောက်၍ ကျန်းမာသန်စွမ်းကာ အခြားအလုပ်ကို လုပ်ကိုင်လျက်ရှိသော ပြည်သူပြည်သားတို့ ပါဝင်နိုင်သည့် အရံတပ်များကို ဖွဲ့စည်းရန်လည်း ကျွန်ုပ်၏အစိုးရက ရည်ရွယ်သည်။

နိုင်ငံခြားကိစ္စနှင့် စပ်လျဉ်း၍ ကျွန်ုပ်၏အစိုးရ ရည်ရွယ်ချက်မှာ အခြားနိုင်ငံများနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံ၍ လျောက်ပတ်ထိုက်တန်သော နိုင်ငံများနှင့် နှစ်ဦးသဘောတူ မဟာမိတ်များ ဖွဲ့စည်းရန် ရည်ရွယ်သည်။ အခြားနိုင်ငံများနှင့် သင့်မြတ်စွာ ပေါင်းသင်းလိုသော်လည်း မြန်မာနိုင်ငံတော်ကြီး၏ နယ်နိမိတ်ကို မည်သည့်အခြားနိုင်ငံကမျှ မကျူးလွန်နိုင်ရန် ကျွန်ုပ်၏အစိုးရက လုံးဝ ကာကွယ်လိမ့်မည်။ တနိုင်ငံနှင့် တနိုင်ငံ မိတ်ဆက်ရာ၌ လွယ်ကူစေသော သံတမန်ချင်း လဲလှယ်သည့် ကမ္ဘာ့နိုင်ငံများ၏ ထုံးတမ်းစဉ်လာ ဓလေ့ကို လိုက်နာ၍ ယခုပင်လျှင် အချို့နိုင်ငံကြီးများနှင့် စီစဉ်ပြီး ဖြစ်လေပြီ။

ယခု ကျွန်ုပ်တို့၏ လွတ်လပ်ရေး အောင်ပွဲကြီး သို့ ကျွန်ုပ်တို့နှင့် အဆက်အသွယ် ရှိပြီးဖြစ်သော နိုင်ငံတို့က အထူးသံတမန်များ လွှတ်ကြသည်ကို ကျွန်ုပ် ကျေးဇူး တင်ပါ၏။ ယင်းသို့ သံအရာရှိကြီးများ လာရောက်ကြသည်ကို ထောက်ရှုသော် အခြားနိုင်ငံများက လွတ်လပ်သော မြန်မာနိုင်ငံတော် အပေါ်တွင် မေတ္တာထားကြသည်ဟူ၍ ကျွန်ုပ်ယူဆသည်။ ကမ္ဘာတ၀ှမ်းလုံးတွင် စစ်မဖြစ်ပွားဘဲ တိုင်းပြည်တကာတို့ ဧဧချမ်းချမ်း ရှိကြဘို့အရေးကို ကျွန်ုပ်၏အစိုးရက လိုလားသည်နှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂကို ၀င်ခွင့်ရရန် ကျွန်ုပ်၏အစိုးရက ဆောင်ရွက်လိမ့်မည်။

ပြည်ထောင်စုနိုင်ငံတွင်းတွင်လည်း ငြိမ်ဝပ်ပိပြား၍ လက်နက်ကိုင် ရာဇ၀တ်မှုများ ပပျောက်လေ အောင် ကျွန်ုပ်၏အစိုးရက ဆောင်ရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့အစိုးရသည် လုံ့လကို မလျှော့ဘဲ ပြည်သူပြည်သားတို့၏ အကူအညီကို တောင်းခံကာ လုံလောက်သောအာဏာကို သုံးစွဲလိမ့်မည်။

တောင်သူလယ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် မြေပိုင်ရှင်စနစ်ကို ဖြို ဖျက်ပစ်ရန် ကျွန်ုပ်၏အစိုးရက ရည်သန်သည်။ အလုပ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ကျွန်ုပ်၏အစိုးရက ရည်သန်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံသည် ယနေ့ လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ တဦးကိုတဦး ကြောက်ရွံ့ရခြင်း၊ တဦးကိုတဦးက နှိပ်စက်ခြင်းမှစ၍ မကောင်းသောအလေ့ဆိုးများကို လုံးဝဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုးရက ရည်ရွယ်သည်။ ရာဇ၀င်တွင် ရှေးရှေးအခါမှစ၍ ရှေးမင်းများ၏ အာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ သင်ချိ စသည့် လူတန်းအနှိမ့်ခံ နေရသူတို့လည်း ရှိနေသေးသည်။ ဤကဲ့သို့ လူတန်းအနှိမ့်ခံ ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ သင်ချိ စသည်တို့ကို ယနေ့မှစ၍ ရှေးအမင်းမင်းတို့၏ အာဏာစက်ကို ကျွန်ုပ် ပယ်ဖျက်၍ ထိုသူတို့၏သဘောအတိုင်း လုပ်လိုသော အလုပ်မျိုးစုံကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြစေဟု ကျွန်ုပ် အမိန့်ချမှတ်သည်။

ဤ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရှိရှိသမျှ သော နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း တဦးနှင့်တဦး အခွင့်အရေးချင်း တူညီကြစေ။
-------------------------------------
ပြန်လည် ရှာဖွေ ဖော်ပြသူ - လွင်အောင်စိုး
၂၀၀၈ ဇန်န၀ါရီ (၃)ရက်

27 Dec 2012

“ဗိုလ်” ၏ အဓိပ္ပာယ်အစစ်အမှန်

“ဗိုလ်” ၏ အဓိပ္ပာယ်အစစ်အမှန်
 [Freedom from Fear - 13] by Zaw Min Oo on Tuesday, December 13, 2011 at 8:29pm


အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၆ - ၁၉၁ ကို မြန်မာပြန်သည်။ ဗိုလ်ဟူသော ဝေါဟာရမှာ အစိုးရရုံးအသုံးအနှုန်းတွင် ကြည်းတပ်မှ ဗိုလ် သို့မဟုတ် “လက်ဖ်တင့်နင့်” ကို ဆိုလိုခြင်း ဖြစ်ပါသည်။ သို့သော်လည်း အများသုံးစကားတွင် စစ်အရာရှိများ၊ အမိန့်ပေးသူ များ၊ ခေါင်းဆောင်များကို “ဗိုလ်” ဟု ခေါ်လေ့ရှိပါသည်။

တိုင်းပြည် လွတ်လပ်ရေးရတော့မည် ဟူသော မျှော်လင့်ချက်ဖြင့် တက်ကြွနေသော ထွန်းသစ်စ ဗမာ့လွတ်လပ်ရေးတပ်မတော် ၁၉၄၂ ခုနှစ်တွင် မြန်မာ့မြေပေါ်ခြေချလာသည်နှင့် ၎င်းတပ်မှ အရာရှိများကို ရာထူးမရွေး “ဗိုလ်” ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ လူအများစိတ်ဓာတ်အရှိန်မြင့်မား၍ ဘေးအန္တရာယ် ထူပြောသော စစ်တွင်းကာလတွင် လူစွမ်းကောင်းများ ဈေးကောင်းလေရာ “ဗိုလ်” တိုင်းကို စွဲမက်ဖွယ်ရာ စိတ်ကူးယဉ်ပုံပြင်ဆန်ဆန် မသဲကွဲသော အတွေးဖြင့် ရှုမြင်ကြပါသည်။

၎င်းတို့အနက် ရှေ့ဆုံးမှ ထင်ပေါ်နေသူမှာ အောင်ဆန်းဖြစ်ပါသည်။ အသက် (၂၇) နှစ်ပင် မပြည့်သေးဘဲ စိတ်ဓာတ်အလွန်ပြင်းထန်ပြီး ဖြောင့်မတ်တည်ကြည်သဖြင့် မျိုးချစ်လူငယ် စစ်သေနာပတိအသွင်ဆောင်နေရာ ၎င်းနှင့်ပတ်သက်၍ သီချင်း၊ ကဗျာများ ရေးစပ်ရာ၌ စိတ်ကူးကွန့်မြူးလာကြပါသည်။

ငါတို့မြန်မာပြည်မယ် မိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို အာဇာနည်အစစ်တွေ မွေးကြရမယ်
- ရာဇဝင်အတ္ထုပတ္တိလည်း ရှိရမယ်
မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဤကဲ့သို့ ချီးမြှောက်ခြင်းကြောင့် ပို၍ အသက်အားဖြင့်၎င်း၊ အတွေ့အကြုံအားဖြင့်၎င်း ပိုမိုသူများပင်လျှင် ယစ်မူးသွားနိုင်သော်လည်း အောင်ဆန်းမှာမူ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကြောင့် တည်ကြည်ခိုင်မြဲ ရှင်းလင်းပြတ်သားစွာဖြင့် လုံးဝစိတ်ထားမှန်အောင် ထိန်းသိမ်းခဲ့ပါသည်။ ထိုစဉ်က ကျင်းပလေ့ရှိသော အခမ်းအနားတခုတွင် အောင်ဆန်းအား ကမ္ဘာ့သမိုင်းတွင် ထင်ရှားမည်ဟု ချီးမွှမ်းသောဩဘာစာကို ဖတ်ကြားသောအခါ ကမ္ဘာ့သမိုင်းတွင်မဆိုနှင့်၊ ဗမာ့သမိုင်း၌ပင် နေရာမရသေးပါ ဟု အောင်ဆန်းက ကြွတ်ဆပ်ဆပ် မှတ်ချက်ချသွားခဲ့ပါသည်။

 တော်လှန်ရေးလှုပ်ရှားမှုတလျှောက်တွင် စစ်တပ်ကို ဦးဆောင်ခဲ့သည့် နောက်ပိုင်းတွင် ပြန်လည်တည်ထောင်လိုက်သော ဗြိတိသျှအုပ်ချုပ်ရေးနှင့် စေ့စပ်ဆွေးနွေးခဲ့ပြီး ဘုရင်ခံ၏ အုပ်ချုပ်ရေးကောင်စီတွင် ဒုဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရသောအခါ၌ပင် အောင်ဆန်းက “ကျုပ်တို့ အခု မစရသေး၊ မလုပ်ရသေဘူး။ ဒါကြောင့် ချီးမွမ်းစရာရှိလည်း အခုချီးမွမ်းမခံချင်သေးဘူ။” ဟု ပြောနေတုန်းပင် ဖြစ်ပါသည်။

ထိုစဉ်အချိန်က ၎င်းသည် အမျိုးသားလူစွမ်းကောင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတဝှမ်းတွင် “ဗိုလ်ချုပ်” ဟု သိရှိကြကာ မြန်မာပြည်သူပြည်သားတို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံနေရသူပင် ဖြစ်ပါသည်။ “ဗိုလ်ချုပ်” ဟူသည်မှာ ဒုတိယဗိုလ်ချုပ်ကြီးအောက်တွင်ရှိသော အဆင့်ပင်ဖြစ်သော်လည်း အောင်ဆန်းက ရယူလိုက်သောအခါ ယင်းရာထူးအဆင့်သည်လည်း မြန်မာပြည်တွင် အတုမရှိ၊ ထူးခြားအရေးပါသော အဓိပ္ပာယ် သက်ရောက်မှုရှိလာပါသည်။ ဗိုလ်ချုပ်ဟူသည်မှာ တပ်မတော်၏ ဖခင်၊ အင်အားကြီးသော ကိုယ်ကျိုးမကြည့်သော ခေါင်းဆောင်မှု၊ ဝေါဟာရအဓိပ္ပာယ်အရ “ဗိုလ်ချုပ်များ ကို အုပ်ချုပ်သူ” ဟု သဘောရပါသည်။

“ဗိုလ်” ပါဠိစာလုံး “ဗလ” (ခွန်အား) မှ လာခြင်းဖြစ်ပါသည်။ သို့သော်လည်း ချီးကျူးထိုက်သော ခွန်အားနှင့် မလိုလားအပ်သော အင်အားကို ခွဲခြားရသည်မှာ မလွယ်ကူလှပါ။ “ကာယ” ပြုလုပ်ခြင်းနှင့် “ဗလ” တို့ ပေါင်းစပ်လိုက်ပါက ဗလသက္ကာယ အကြမ်းဖက်ခြင်းဖြစ်လာပါသည်။ တနည်းဆိုရသော် လက်ခံနိုင်လောက်သော အကန့်အသတ် အတိုင်းအတာထက်ကျော်လွန်၍ ခွန်အားကို အသုံးပြုသောအခါ ဖျက်ဆီးခြင်းအဖြစ်သို့ ရောက်ရှိလာပါသည်။

ဤအန္တရာယ်ကို ကိုယ်ကျင့်တရားဖြင့် ထိန်းချုပ်ခြင်း မပြုပါက နိုင်ငံရေး သို့မဟုတ် လူမှုရေးအပြောင်းအလဲများကြောင့် ဝရုန်းသုန်းကား ဖြစ်နေသော အချိန်ကာလတွင် အောင်ဆန်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲကို ဦးစီးဦးကိုင်လုပ်ခဲ့ရသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းထွက် ဖြစ်သဖြင့် ၎င်းသည် စိတ်နှင့် စိတ်ဓာတ်တို့၏ စွမ်းအားနှင့်ဆိုင်သော သဘောတရားကို ငယ်စဉ်ကပင် သိရှိမည် ဖြစ်၍ ဗလငါးပါး (ဣနြေ္ဒငါးပါး သို့မဟုတ် စိတ်ကို ထိန်းသိမ်းနိုင်သောတရားများ) ကိုလည်း လေ့လာဆည်းပူးခဲ့မည် ဖြစ်ပါသည်။ ၎င်းတို့မှာ သဒ္ဓါ၊ ဝိရိယ၊ သတိ၊ သမာဓိနှင့် ပညာတို့ဖြစ်ပါသည်။ လောကီအလိုအရ ဗလငါးတန်ဖြစ်သော ကာယ၊ ဥာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တဗလတို့သည် လောကုတ္တရာအကျိုးဆောင် ဗလများထက် နိမ့်ကျပြီး ဂုဏ်သိက္ခာရှိစွာ အကျိုးပေးမည့်အင်အားများဖြစ်လာနိုင်ရန် ၎င်းတို့ကို စိတ်နှင့် စိတ်ဓာတ် ပြုစုပျိုးထောင်ခြင်းဖြင့် ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။

တာဝန်ရှိသော စစ်အဖွဲ့အစည်တခုနှင့် ပေါင်းစပ်ရမည့် ပေါ်ထွန်းစ စစ်တပ်၏ စစ်သေနာပတိအဖြစ်၎င်း၊ မတည်ငြိမ်သော ပုဂ္ဂိုလ်ပေါင်းများစွာ ပါဝငိနေသည့် အမျိုးသားလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ်၎င်း စည်းကမ်းဖြင့် မထိန်းထားသော အင်အား၏ လက်တွေ့အန္တရာယ်များကို ၎င်းက ကောင်းစွာသိရှိထားသူပင်ဖြစ်ပါသည်။ အောင်ဆန်းသည် ၎င်းတည်ထောင်ထားသော တပ်မတော်ကို စည်းကမ်းကြီး၍ ဂုဏ်ကျက်သရေရှိသော အဖွဲ့အစည်းအဖြစ် ရည်မှန်းထားပါသည်။

အနစ်နာခံခြင်း၊ ကိုယ့်စည်ကိုယ်ထိန်းခြင်း၊ ဖောက်ပြန်မှုကင်းခြင်း စသော ကျောက်သားပကတိခိုင်မာသည့် မြင့်မြတ်သောဂုဏ်အင်္ဂါများဖြင့် တည်ဆောက်ထားသောတပ်မတော်၊ ကိုယ်ပိုင်အကျိုးအမြတ်မမျှော်ကိုးဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်ရန် မိမိ၏ခွန်အားကို လုံးဝပေးလှူထားသော တပ်မတော်သာဖြစ်ရမည်ဟု အောင်ဆန်းက ယူဆပါသည်။

လက်နက်အင်အားကို ဖိနှိပ်ချုပ်ချယ်ရာ ပစ္စည်းကိရိယာ အဖြစ် ထင်မှတ်စေမည့် သဘောထားများ၊ ရပ်တည်ချက်များကို ရှောင်ကျဉ်ပါရန် စစ်သည်တော်များအား အောင်ဆန်းက တိုက်တွန်းဆုံးမခဲ့ပါသည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်လိုသော လူ့သဘာဝကို ထောက်ပြ၍ မတရားပြုကျင့်သော အားကြီးသူတို့အား မကြောက်မရွံ့ဆန့်ကျင်ရန်နှင့် အားနည်းသူတို့အပေါ်တွင် ဖြောင့်မှန်တရားမျှတစွာ ပြုကျင့်ရန် အောင်ဆန်းက တိုက်တွန်းခဲ့ပါသည်။

“ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်” ဟုလည်း သတိပေးခဲ့၏။ (၃၀-၁-၄၄)။

တိုင်းပြည်က ကိုးကွယ်ဆည်းကပ်ထိုက်သော ထူးချွန်သည့်တပ်မတော်ဖြစ်လာစေရန် အဆက်မပြတ် ကြိုးပမ်အားထုတ်နေရမည် ဖြစ်ပါသည်။ သို့သော် ထူးချွန်သဖြင့် ခေါင်းဆောင်မှုပေးရန် အထူးအခွင့်အရေးရှိသော လက်ရွေးစင်လူတစု ဖြစ်လာရမည် မဟုတ်ပါ။ တပ်မတော်သည် လူတဦးတယောက်အတွက်၊ တဖွဲ့၊ လူတစု၊ အပါတီအတွက် တည်ထောင်းထားခြင်းမဟုတ်ဘဲ တပြည်လုံးအတွက် တည်ထောင်ထားခြင်းဖြစ်သည်ဟု အောင်ဆန်းက ရှင်းလင်းပြတ်သားစွာ ပြောဆိုထားပါသည်။ ၎င်းတို့၌သာလျှင် ပြည်ချစ်စိတ်ရှိနိုင်သည်ဟူသော အယူအဆကို ခံယူထားကြသည့် စစ်မှုထမ်းများ၏ သေးသိမ်မှေးမှိန်သော အမြင်ကိုလည်း အောင်ဆန်းက ပယ်ချပါသည်။

“တခြား စစ်သားမဟုတ်ပေမဲ့ နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်တဲ့ လူတွေလည်း ရှိတာပဲ။ အဲ့ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်” (၁၃-၃-၄၄)။

အောင်ဆန်းက စစ်သားများကို တင်းမာပြင်းထန်စွာ သတိပေးဆုံးမနေရသည့်အချက်မှာ တပ်မတော်ကို နှိမ်လိုသောကြောင့်မဟုတ်ဘဲ “ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ” ဟု ကိုယ်တိုင်မိန့်ကြားခဲ့ပါသည်။ (၁၃-၃-၄၄)။

တိုင်းပြည်၏ ဂုဏ်သိက္ခာဟူသည်မှာ ပြည်သူတို့၏ ဂုဏ်သိက္ခာဖြစ်သည်၊ ပြည်သူတို့၏ ဂုဏ်သိက္ခာသည် ၎င်းနှင့် ၎င်းစစ်သားများ၏ ဂုဏ်သိက္ခာနှင့် ခွဲခြား၍မရဟု အောင်ဆန်းက ယုံကြည်ထားပါသည်။ သူလိုလားသော စံပြလက်နက်ကိုင်တပ်ဖွဲ့ဆိုသည်မှာ စစ်မှုထမ်းတိုင်း၏ အပြုအကျင့်တို့သည် ၁၈ ရာစု နန်းတွင်းစာဆိုတော် လက်ဝဲသုန္ဒရ (၁၇၂၃-၁၇၉၉) ရေးသားဖွဲ့ဆိုထားသော နန္ဒိသေနပျို့ပါ သဘောတရားဖြင့် ပြည့်ဝနေမည်ဖြစ်သော တပ်ဖွဲ့ပင်ဖြစ်ရပေမည်။

စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား၊ မကိုးစားလျှင်
ဓါးသွားလည်ကြွေ၊ လှံလည်းခွေအံ့။
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)

လွတ်လပ်ရေးလှုပ်ရှာမှု အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့စိတ်နှလုံးကို သိမ်းကြုံး၍၊ ပြည်သူ့အင်အားကို ကိုးစားကြောင်း ပို၍ သိသာထင်ရှားလာပါသည်။

“လူတဦးတယောက်သည် မည်မျှလောက် စွမ်းပကားရှိစေကာမူ လူထု၏ အားပေးရိုင်းပင်းမှုမရှိဘဲလျက် ရာဇဝင်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်” ဟု ယုံကြည်သည့်အလျောက် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်သူတို့ကို ၎င်းနောက်မှ မြဲမြံစွာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြပါရန် ပန်ကြားခဲ့ပါသည်။ မဟုတ်မမှန်သော ကတိများပေး၍၎င်း၊ မြှောက်ပင့်ပြောဆို၍၎င်း၊ ထောက်ခံမှုရယူသောနည်းကို ၎င်းက မသုံးပါ။

စစ်ကြောင့် အကြီးအကျယ်ပျက်စီးနေရသည့် မြေပေါ်တွင် လွတ်လပ်သော ကိုယ်ထူကိုယ်ထ တိုင်းနိုင်ငံကို တညီတညွှတ်တည်း ဝိုင်းဝန်းတည်ထောင်ရန် ၎င်းနှင့် ပြည်သူလူထုအကြား အပြန်အလှန်ယုံကြည်မှုနှင့် ရိုသေလေးစားမှုတို့၏ တခုတည်းသောအခြေခံမှာ ရိုးသားဖြောင့်မတ်ပွင့်လင်းမှုပင် ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ယူဆပါသည်။ နိုင်ငံရေးတွင် လိမ်လည်လှည့်ဖြားမှု၊ ကောက်ကျစ်စဉ်းလဲမှုတို့ကို ဦးစားပေး ကျင့်သုံးနေခြင်းသည် ပြည်သူလူထုကို စော်ကားရာရောက်သည့်အပြင် မိမိ၏ သိက္ခာသမာဓိကိုလည်း ဖောက်ဖျက်ရာရောက်ပါသည်။ ပြည်သူပြည်သားအများစုသည် အသိတရားဖြင့် အမှားထက်အမှန်ကိုသာ တန်ဖိုးထားပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်ရှိသည်ဟု ယူဆ၍ အောင်ဆန်းက လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

ယင်းယူဆချက်သည် မှားယွင်းခြင်းမရှိပါ။ ၎င်း၏ ကြိုးပမ်းမှုများကို ပြည်သူလူထုက အပြည့်အဝ နားလည်သဘောပေါက်ကြပြီး စည်းလုံးညီညာစွာ ထောက်ခံအားပေး၍ တုံ့ပြန်သဖြင့် ၁၉၄၇ ခုနှစ် ဧပြီလ၌ ကျင်းပသော ရွေးကောက်ပွဲတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့မှ ဝင်ရောက် ယှဉ်ပြိုင်သူအများစု အနိုင်ရခဲ့ပါသည်။ အောင်ဆန်းသည် အစိုးရအာဏာ၏ အဆင်အယင်၊ အဆောင်အယောင်များကို ဂရုစိုက်လှသူမဟုတ်သော်လည်း ပြည်သူတို့က ရွေးချယ်ထားသော ခေါင်းဆောင်ဆိုသည့်ဂုဏ်ကိုမူ ရိုးသားစွာမြတ်နိုးသူပင်ဖြစ်ပါသည်။ ခေါင်းဆောင်မှုတာဝန်များကို အောင်ဆန်း လေးလေးနက်နက် ခံယူထားပါသည်။ ခေါင်းဆောင်ဟူသည်မှာ သေရမည် သို့မဟုတ် ကဲ့ရဲ့ရှုတ်ချမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ မိမိမှန်သည်ဟု ယူဆသောကိစ္စကို သတ္တိရှိရှိဖြင့် လုပ်ကိုင်ရဲသဖြင့် လူထုက ယုံကြည်စွာ ပေးအပ်ထားသော အရာဖြစ်သည်ဟု အောင်ဆန်းက မြင်ပါသည်။

တိုင်းပြည်အပေါ်တွင်ထားရှိရမည့် ၎င်း၏ တာဝန်ဝတ္တရားများ ပျက်ကွက်ပါက ပေးထားသော ခေါင်းဆောင်မှုကို ပြည်သူက ပြန်လည်သိမ်းယူရမည်ဟုလည်း လက်ခံပါသည်။ ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့ကို တိုင်းပြည်က ရိုသေလေးစားခြင်းမရှိတော့သောအခါတွင် ၎င်းတို့ ရာထူးမှ နှုတ်ထွက်မည်ဟု အောင်ဆန်းက ပြောသောအခါ အပြောသက်သက်မဟုတ်ဘဲ ဖျက်မည်မဟုတ်သော ကတိကို ပေးလိုက်ခြင်းဖြစ်သည်ဟု ပြည်သူတို့က သိရှိကြပါသည်။

အင်အားဆိုသည်မှာ တရားမျှတမှန်ကန်သော ဦးတည်ချက်အတွက် အသုံးပြုမှသာလျှင် တန်ဖိုးရှိသည်ဟု ယုံကြည်သော နိုင်ငံ့ခေါင်းဆောင် စစ်သည်တဦးအဖို့ ဂုဏ်သိက္ခာမရှိဘဲ အုပ်ချုပ်ခြင်းသည် နှစ်လိုဖွယ်ရာမဟုတ်ပါ။ ပြည်သူ့လူစွမ်းကောင်းဟူသည် ပြည်သူ၏ မျှော်မှန်းတောင့်တချက်ကို ကိုယ်စားပြုပါသည်။

လက်တွေ့ဘဝရှိ ခေါင်းဆောင်များမှာမူ ပြည်သူတို့၏ မျှော်မှန်းချက်များအား အကောင်အထည်ဖော်ပေးနိုင်မည့် အတိုင်းအတာကိုသာ ရောင်ပြန်ဟပ်နေကြပါသည်။ ကြုံခဲလှသော သမိုင်းအချိန်အခါများတွင် မျှော်မှန်းတောင့်တချက်နှင့် တကယ့်လက်တွေ့ဘဝတို့ တထပ်တည်း တိုက်ဆိုင်သွားသောအခါ၌ ပြည်သူလူထုသည် ကိုယ်ရောစိတ်ပါ အင်တိုက်အားတိုက် အစွမ်းကုန်လုပ်ဆောင်ကြပြီး အချင်းချင်း ညီညွှတ်ကြပါသည်။ ယင်းအချိန်အခါကို သတိရနေခြင်းဖြင့် သိက္ခာမဲ့၍ အောင်မြင်မှုခြောက်ခမ်းသော ကာလများတွင် အားမွေး၊ ဂုဏ်ယူနိုင်ပါသည်။ အောင်ဆန်းခေါင်းဆောင်သော တိုတောင်းလှသည့် ကာလအတွင်း၌ မြန်မာပြည်သူပြည်သားတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ထိုက်ထိုက်တန်တန် ယုံကြည်အားကိုးခွင့်ရကြသူများတွင်ရှိသော မျှော်လင့်ချက်များ၊ လုပ်ချင်ကိုင်ချင်သော အင်အားများဖြင့် ပြည့်ဖြိုးနေကြပါသည်။ ၎င်းတို့၏ ဗိုလ်ချုပ်က ၎င်းတို့ကို စည်းကမ်းနှင့် လုံ့လဝိရိယမရှိဟူ၍ သူ့ဝသီအတိုင်း တုံးတုံးတိတိ ပြစ်တင်ကြိမ်းမောင်း ဆူပူသည့်အခါ၌ပင် ၎င်းတို့သည် စိတ်ပျက်ခြင်းမရှိကြဘဲ ဗိုလ်ချုပ်သည် မိမိ၏ ချို့ယွင်းချက်များကို မိမိကိုယ်တိုင် ပြင်ဆင်ရန် ဆန္ဒရှိသကဲ့သို့ ၎င်းတို့ကိုလည်း ၎င်းတို့၏ ချို့ယွင်းချက်များကို ပြင်စေလိုသည်ဟု အသေအချာသိရှိထားကြသဖြင့် ပို၍ပင် ကြိုးစားချင်စိတ် ပေါက်လာကြပါသည်။

“ဘဝဟူသည်မှာ အမှန်တရားနှင့် အပြစ်ကင်းစင်မှုကို ရှာဖွေသော မွန်မြတ်သည့် ခရီးစဉ်” ဟု အောင်ဆန်းက ယူဆထားပါသည်။ ဤသို့ ရှာပုံတော်ဖွင့်ရာတွင် သူနှင့်အတူ တိုင်ပြည်ကိုပါ သယ်ဆောင်သွားရန် ကြိုးစားခဲ့ပါသည်။ လက်တွေ့မကျလောက်အောင် မြင့်မားသည်ဟု ဆိုရလောက်သော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ အံ့ဩဖွယ်ရာအောင်မြင်မှုများသည် မြန်မာပြည်သူပြည်သားများ၏ အရည်အချင်းကို၎င်း၊ ပြောသည့်အတိုင်းလုပ်၍ သိက္ခာသမာဓိနှင့် ရိုးသားဖြောင့်မတ်မှုသည် လက်တွေ့နိုင်ငံရေး၏ ထိရောက်သော အခြေခံဖြစ်နိုင်ကြောင်းပြသခဲ့သော အောင်ဆန်း၏ စွမ်းရည်ကို၎င်း ဂုဏ်ပြုရာရောက်ပါသည်။

အောင်ဆန်းသည် စစ်သည်တော်တဦးဖြစ်သည့်အလျောက် တိုက်ခိုက်ရမည်ဆိုလျှင် အသေအချာတိုက်သူဖြစ်ပါသည်။ သို့သော် တိုက်ပွဲပြီးသောအခါတွင် ကြောက်ရွံ့ခြင်းမရှိဘဲ လက်နက်ကို ဘေးဖယ်ကာ ငြိမ်းချမ်းရေးလမ်းကို လိုက်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ လက်ထဲသို့ နိုင်ငံရေးအာဏာ ရောက်ရှိလာသောအခါတွင်လည်း “ကျုပ်က မေတ္တာနှင့် သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်” ဟု ဟန်မလုပ်ဘဲ ရိုးသားစွာပြောနိုင်သူပင်ဖြစ်ပါသည်။ ၎င်းအား ထောက်ခံသူများက ၎င်းသည် မိမိတို့၏ အသက်၊ မိမိတို့၏ ချမ်းသာမှုနှင့် မိမိတို့၏ ယုံကြည်မှုတို့ကို မဆင်မခြင် အကျိုးမဲ့အောင် လုပ်မည်မဟုတ်ဟု စိတ်ချနိုင်ကြပါသည်။

သူ၏ စကားအတိုင်း ဆိုရလျှင် အောင်ဆန်းသည် တိုင်းပြည်ကို “အရမ်းမဲ့ ဗြောင်းဆန်အောင်” လုပ်မည့် “နိုင်ငံရေး စတန့်မင်းသား” မဟုတ်ပါ။ ပြည်သူလူထုက ၎င်း၏ ခေါင်းဆောင်မှုကို ယုံကြည်မည်ဆိုပါက တနှစ်အတွင်း လွတ်လပ်ရေးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာရယူမည်ဟု ရဲရဲကြီး အာမခံခဲ့ပါသည်။ “ကျုပ်ဟာ ကျုပ်ကတိကို မဖျက်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ သိတယ်မဟုတ်လား”။ ဤစကားကို ၁၉၄၈ ခုနှစ် ဇန္နဝါရီ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံအား လွတ်လပ်သော သမတနိုင်ငံဟု မကြေညာမီ (၁၁) လတိတိအလိုက ပြောခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်လွတ်လပ်ရေးရသောအခါတွင် အောင်ဆန်း ကွယ်လွန်သွားပြီဖြစ်ပါသည်။ သူတပါးအား ဆင်ခြင်တုံတရားကို လက်ခံ၍ စိတ်ကောင်းစေတနာကောင်း အစစ်အမှန်ကို တုံ့ပြန်တတ်သော အသိဥာဏ်ရှိသည်ဟု ယူဆသည့် အခြေခံသဘောထားရှိသူ အောင်ဆန်းသည် အာဏာရရှိရေးကို ကိုယ်ကျင့်တရားထက်ပို၍ ဂရုပြုကြသော နိုင်ငံရေးပြိုင်ဖက်တို့၏ သစ္စာတရားကင်းမဲ့ခြင်း၏ ဒဏ်ကို ခံသွားရပါသည်။ မြန်မာပြည်အတွက် ၎င်းထားရှိသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ဂရုတစိုက်စဉ်းစားတွေးခေါ် အကြံဥာဏ်များထုတ်သကဲ့သို့ ၎င်း၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ဂရုတစိုက်ရှိခဲ့ပါက အောင်ဆန်းသည် လုပ်ကြံသတ်ဖြတ်ခံရမည်မဟုတ်ဟု ပြောသူများရှိကြပါသည်။

သို့သော် သူသာ ထိုကဲ့သို့ ကိုယ်ကျိုးငဲ့သူဖြစ်ခဲ့ပါက “ခေါင်းဆောင်သည် နိုင်ငံ၏အင်အားဖြစ်သည်” ဟူသောထုံးကို အသက်သွင်းပေးလိုက်သော ဗိုလ်တကာ့ဗိုလ် မြန်မာပြည်သူပြည်သားများက ‘ငါတို့ ဗိုလ်ချုပ်’ ဟု သတ်မှတ်ထားသော ဗိုလ်အောင်ဆန်း ဖြစ်တော့မည် မဟုတ်ပါ။ ။

Source: http://www.ex-absdf.net/2011/12/freedom-from-fear-13.html

26 Dec 2012

ကျနော် တမ်းတ မိသော ဗိုလ်ချုပ်၏ အမှတ်တရများ ''

ကျနော်တို့ ဗမာနိုင်ငံ၏ သွေးစွန်းခဲ့သည့် သမိုင်းဝင် နေ့ရက်ကြီးဖြစ်သော ( ၆၅ )နှစ်မြောက် အာဇာနည်နေ့သို့။ ။

အာဏာကို ယစ်မူးတက်မက်သော၊ အာဏာသည် သေနတ်ပြောင်းဝတွင် ရှိသည်ဟု ယုံကြည်သော မသမာသူ အာဏာရူးတို့ကြောင့် တန်ဖိုးအနဂ္ဂ ကြီးမားလွန်းလှသော တိုင်းပြည်လူထုခေါင်းဆောင် ဗိုလ်ချုပ်နှင့်အပေါင်းပါတို့ကို ဆုံးရှုံးခဲ့ရသည်၊။

ထို အကြောင်းရင်းခံများကြောင့် ယနေ့ ဗမာနိုင်ငံသည် ဆင်းရဲတွင်းနက်သော ၊ အကျင့်ပျက်ခြစားမှု့များဖြင့် ပြည့်နေသော တိုင်းပြည်အဖြစ် ကမ္ဘာ့ နိုင်ငံများအလယ်တွင် မျက်နှာငယ်စွာဖြင့် ယနေ့တိုင်အောင် ရပ်တည်နေလျှက်ရှိနေလေတော့သည်။

ဤသို့ ဇူလိုင်လ ရောက်လေတိုင်း ဗိုလ်ချုပ်တို့ကို အထူးအောက် မေ့မိ၏.။တမ်းတ၏..။ ယနေ့လို ဗမာနိုင်ငံအာဏာရှင်အကျင့်ပျက်စစ်အစိုးရ ခေတ်တွင် ..ပို၍ပင် ဗိုလ်ချုပ်တို့ကို တမ်းတမိ၏..။အောက်မေ့မိ၏..။ထို့ကြောင့် ကျနော်ဖတ်ဖူးသော မှတ်ဖူးခဲ့သော စာအုပ်များမှ ဗိုလ်ချုပ်၏ သူများနှင့်မတူ ထူးသော အမူအကျင့်လေးများအား " ဗိုလ်ချုပ် ၏ အမှတ်တရ များ ” ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အလွမ်းပြေ အဖြစ် တင်ပြလိုက်ပါတယ်။ ။

”အောင်ဆန်းဦး+ အောင်ဆန်းစုကြည် တို့ အဖေ...”

၁၉၄၆.ခု စက်တင်ဘာလ၊ ၂၉ ရက်နေ့ ဖြစ်လေသည်။၊ ရန်ကုန်မြို့၏ ကောင်းကင်သည် မိုးရိပ်တိမ်လိပ်များ ကင်းစင်လျှက် ကြည်လင်တောက်ပနေလေသည်၊။ ဗဟန်းလမ်းအတိုင်း တိရစ္ဆာန်ရုံဘေးမှ အလံပြဘုရားလမ်း အတိုင်း..တအားပြေးနေသော ဂျစ်ကားတစ်စင်း၏ နောက်ပိုင်းတွင် ကာကီစိမ်းရောင် စစ်ယူနီဖေါင်း ဖိုသီဖတ်သီဝတ်လျှက်၊ ခေါင်းတုံးဆံတောက်နှင့် လူရွယ်တယောက်၊ဘေးတွင် မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် လုံးကြီးပေါက်လှ မိန်းမတယောက်တို့ကို မြင်ရသည်၊။ ထိုစစ်ယူနီဖေါင်းဝတ်လူရွယ်သည် တခြားသူတော့ မဟုတ်၊ ။ဖဆပလအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပေသည် ။

ယမန်နေ့ကပင် ဘုရင်ခံ၏ အမှုဆောင်ဝန်ကြီးအဖြစ် ရောက်ရှိသွားလျှက် ပူပူနွေးနွေး ကာကွယ်ရေးဝန်ကြီးနှင့်နိုင်ငံခြားရေးဝန်ကြီး ဦးအောင်ဆန်းအဖြစ် သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်နှင့်အတူ မြို့ထဲဖက်သို့ ထွက်လာ ခြင်းဖြစ်လေသည်၊။

တလမ်းလုံး စကားတခွန်းမှ မပြောဘဲ ၊ ငေးလာခဲ့သော ဗိုလ်ချုပ်သည် အလံပြဘုရားလမ်း (အော်တိုကား) တိုက်ရှေ့သို့ ရောက်လာသောအခါ ကျွန်ုပ်အား လှမ်း၍ အင်္ဂလိပ်လို ပြောလိုက်လေသည်။
( I am not happy in office ) ”အစိုးရထဲဝင်ပြီး ရာထူးယူရတာ.. ငါတော့ မပျော်ဘူးကွာ။”
”ဘာဖြစ်လို့လဲ ဗိုလ်ချုပ် ...”
ဒေါ်ခင်ကြည်က ဘာမှ မပြော..။ ကျနော်က လှမ်းမေးလိုက်ခြင်း ဖြစ်လေသည်၊။
”ဘာကြောင့်မှန်း မသိဘူး၊ ငါတို့နိုင်ငံရေး လုပ်လာတာ ဗြုန်းကနဲ ..ဒီလိုအစိုးရအဖွဲ့ထဲ ရောက်လိမ့်မယ်လို့ တခါမှ စိတ်မကူးခဲ့ဘူး။ ၊ခုတော့ မမျှော်လင့်ဘဲ အစိုးရအဖွဲ့ဝင် ရာထူးယူလိုက် ရတော့ ငါ့စိတ်ထဲမှာ ဘာကြောင့်မှန်းမသိရ ၊ ပျော်ကို မပျော်ပါဘူးကွာ"..
ကျနော်လည်း ဘာမှပြန်မပြောတော့ပဲ ကားကိုသာ ဆက်မောင်းနေတော့သည်၊

အမှန်မှာ ဘာကြောင့် မပျော်သလဲ ...ဟူသော မေးခွန်းကို ဗိုလ်ချုပ်နှင့် သူ့ဘေးတွင် ထိုင်လျှက်ရှိသော ဒေါ်ခင်ကြည်သည်လည်း.. ၄င်းအဖြေကို စိတ်တွင်းမှ လှိုက်လှဲစွာ သိကြသည်။ ထုတ်ဖေါ် မပြောကြ၍သာ။

၁၉၄၆ခုနှစ်..စက်တင်ဘာလ၊ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို အမှတ်၂၅ ၊ တာဝါလိန်းရှိ အိမ်သူအိမ်သားတွေ စိတ်ထဲမှာ ထာဝစဉ် သတိရနေကြပေလိမ့်မည်၊။ ဖ.ဆ.ပ.လ.အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ ချစ်ဇနီး ဒေါ်ခင်ကြည်တွင် စတုတ္တမြောက် ရင်နှစ်သည်းချာ သမီးရတနာလေး တစ်ဦး မီးရှုးဖွားမြင်လေသောကြောင့်တည်း၊။

ဖ.ဆ.ပ.လ ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသည် ၄င်း တော်သလင်းလဆုပ်( ၁၂ ) ရက် တနင်္ဂနွေနေ့က သူ့တွင် သမီးရတနာတဦး တိုးပြန်ပြီ ဟူသော မင်္ဂလာသတင်းကောင်းကို ကြားရသောအခါ မည်မျှ ၀မ်းမြောက်ပီတိဖြစ်ရှာလေမည်နည်း။၊

သူ့ ၏ အကြီးဆုံး ကလေးနှစ်ယောက်မှာ ယောင်္ကျားလေးချည်း ဖြစ်ကြလျှက် ၊ တတိယကလေး မှာ မိန်းကလေးဖြစ်သည်။ ပြေးလွှားဆော့ကစားတတ်သည့် အရွယ်ဖြစ်သော သားနှစ်ယောက်ကို ကြည့်ရင်း တခါတခါ မျက်စိနောက်သောဗိုလ်ချုပ်သည် သူ၏ သမီးကလေးအပေါ် အချစ်တွေ ပိုမိလေသည်၊

ယခုတဖန် သမီးရတနာတဦး ထွန်းကားပြန်ပြီ။ များမကြာမှီသူက ရုံးကပင်ပန်းပြီး ပြန်လာတိုင်း လှေခါးထိပ် မော်တော်ကားဆိုက်ရာသို့ " ဖေဖေ ပြန်လာပြီ " ဟုဆိုကာ ၊ ဘ၀င်အေးစရာ အပြုံးကလေးများဖြင့် ဆီးကြိုတတ်သော သမီးကလေးနှင့်အတူ၊ အဖေါ်ရမည့် သမီးထွေး ကလေးကို စိတ်ကူးယဉ်ကြည့်ရင်း ၊ ဗိုလ်ချုပ်( ၀ါ )အောင်ဆန်းဦးတို့အဖေ၊အောင်ဆန်းစုကြည်တို့အဖေ၊ ဦးအောင်ဆန်း၏စိတ်တွင် နှစ်သိမ့်ကြည်နူးသွားလေသည်။

သို့သော်..ကံကြမ္မာက သူ၏မျှော်လင့်ချက် အဆောက်အအုံကို တဟုန်ထိုး မုန်တိုင်းဆင်၍ ၊ ချေမှုန်းဖျက်ဆီးပစ်လိုက်လေသည်။ 


စက်တင်ဘာလ ၂၆ ရက်နေ့( ဗိုလ်ချုပ်တို့ ၀န်ကြီးအဖြစ် ကျမ်းကျိန်သောနေ့ ) တွင် ဗိုလ်ချုပ်၏သမီးထွေးကလေးသည် သူ့ဖခင်၏ဂုဏ်ရှိန်သမ္ဘာကို လူ့ပြည်တွင် ၅ ရက်မျှ ခံစားကာ အနိစ္စရောက်သွား ရှာလေတော့သတည်း။

ထို သတင်းကို ကြားကြားချင်း ဗိုလ်ချုပ်တယောက် တချက်မျှ ငိုင်သွားကာ ...... ”အင်း ...အိမ်ထောင်ကျတဲ့ ၅ နှစ်ရာသီအတွင်း ကလေးလေးယောက်ရလို့ များလှတယ်ဆိုပြီး စိတ်တော့ ညစ်မိပါတယ်။ ဒါပေမယ့် ရပြီးမှတော့.ကလေးကို မသေစေချင်ဘူး ...သိပ်နှမြောတာပဲဗျာ" ဟု ညည်းရှာလေသည်။

နိုင်ငံရေးကိစ္စ အ၀၀တွေကြောင့် အလွန်အလုပ်များလျှက် ရှိသော သူ၏ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားထဲမှ ဖခင်တို့၏ ချစ်ခြင်းမေတ္တာအဟုန်လည်း ပေါက်ကွဲထွက်လာလေသည်။

ကြည့်စမ်းပါဦး..... တနင်္ဂနွေနေ့ကပဲ သမီးရတနာရခဲ့ပြီး ကြာသပတေးနေ့ကျသောအခါ အစိုးရအဖွဲ့ထဲဝင်ပြီး ၀န်ကြီးအဖြစ် ကျမ်းကျိန်ခဲ့သည်။ ၄င်းကြာသပတေး နေ့မှာပင် ချစ်သမီးလေးဆုံးရပြန်သည့် ကံကြမ္မာက သူ့အား လှောင်ပြောင်ကာ ပျက်ရယ်ပြုခြင်းပင် မဟုတ်ပါလော။

အစိုးရအဖွဲ့ဝင် ၀န်ကြီးရာထူးက .. ဘယ်လိုပင် မော်တော်ကား၊ရေဒီယို၊တယ်လီဖုန်းအစရှိသည့် အဆောင်အယောင်တွေများများ.. အဖိုးမဖြတ်နိုင်သည့် ရတနာ (သမီးထွေးကလေး )ဆုံးရှုံးရသည့် ဗိုလ်ချုပ်ခမျာမှာ အဘယ်မှာလျှင်ပျော်နိုင်ရှာမည်နည်း၊

ထို့ကြောင့်ပင် " အစိုးရအဖွဲ့ထဲ ၀င်ပြီး ရာထူးယူရတာ ဘာကြောင့်မှန်းမသိ၊ ငါတော့မပျော်ဘူးကွာ " ဟုပြောသော အကြောင်းသည်အထက် ဖေါ်ပြပါ အရေးပါသောအကြောင်းအချက်တချက်ဖြစ်ရမည်ဟု ကျွန်ုပ်တထစ်ချထင်လိုက်မိသည်။ ဖဆပလ အလုပ်အမှုဆောင်အစည်းအဝေး၊ တိုင်းပြုပြည်ပြု လွှတ်တော်ကော်မတီ အစည်းအဝေးများကျင်းပစဉ် ဗိုလ်ချုပ်အားအမှတ်တမဲ့ချောင်းကြည့်ဖူးသူတို့သည် သူ၏စိတ်အားထက်သန်စွာ ဆွေးနွေးနေသောပြသာနာအကြောင်းအရာအပေါ်အာရုံစူးစိုက်နေပုံ ( Power of Concentration ) ကို သတိမပြုဘဲမနေနိုင်ကြချေ။

အစည်းအဝေးများဆက်၍ နေသလောက် ဆိုင်ရာပြဿနာတွေမှာ တခြားစီဖြစ်နေသည်ကို တချိန်လုံး အာရုံစူးစိုက်လျှက်၊တခုပြီးတခု ပြဿနာတွေကို အောင် မြင်စွာဖြေရှင်းသွားနိုင်ခဲ့ခြင်းမှာချီးမွန်းအံ့သြဘွယ်ရာပင်တည်း။

” ဗိုလ်ချုပ် အဲသလို အစည်းအဝေးတွေ တခုပြီး တခုတက်ပြီး၊ စိတ်အာရုံ ( Concentrate ) စူးစိုက်နိုင်တာ တော်သကွာ ။ ငါတော့ တခါတလေ အစည်းအဝေးလုပ်နေရင်း စိတ်က တခြားကို လွင့်သွားတတ် လွန်းအားကြီးလို့ မနည်း ကို အားခဲပြီး အစည်းအဝေးထဲ စိတ်ရောက်အောင် ကြိုးစားရတယ် ” ဟု အစိုးရအဖွဲ့ထဲဝင်ခါက ကိုကြီးနု က ကျနော့်အား ပြောဖူးလေသည်။

၁၉၄၅ခုနှစ် စစ်ကြီးပြီးသောအခါ သမယတွင်၊ တော်လှန်ရေး မျိုးချစ်ဗမာ့တပ်မတော်ကြီး၏ သေနာပတိကြီး ဂျင်နရယ်အောင်ဆန်းဆိုသူအား နိုင်ငံခြား သတင်းစာဆရာများ၊ သတင်းထောက်များသည် အထူးစိတ်ဝင်စားလျှက်ရှိရာ၊ မကြာခဏ တာဝါလိန်း ဗိုလ်ချုပ်အိမ်သို့ လာရောက်တွေ့ဆုံစကား ပြောရင်း ၊ မဟာမိတ် စစ်ဖက်အရာရှိကြီးများရပ်ကွက်တွင် ထင်ရှားလှသော ဗိုလ်ချုပ်အောင်ဆန်းကို စုံစမ်းအကဲခတ်လေ့ရှိကြ၏။

”ခင်ဗျား...ရှေ့ကို စစ်တပ်ကို ဆက်လက်ဦးစီး ဦးမလား..?”သို့မဟုတ် ”နိုင်ငံရေးကိုပဲ တရှိန်ထဲ လုပ်သွားမလား ..? ” ဟူသော မေးခွန်းကို ခဏခဏ မေးတတ်ကြသည်။

”ကျုပ်တော့ ...အခု စစ်လည်းပြီးပြီမို့ စစ်တပ်ကို ဆက်လက်ဦးစီးရှေ့ဆောင် မလုပ်တော့ပါဘူး၊ ကျုပ်ကိုယ်စား အခု ဒုတိယ စစ်သေနာပတိ ဗိုလ်လင်္ကျာကပဲ ဦးစီးပါလိမ့်မယ်၊ ကျုပ်အဖို့တော့ နိုင်ငံရေးကို ထိထိရောက်ရောက် ၀င်လုပ်လိုက်ဦးမယ်၊ ဒါလည်း ဗမာပြည်လွတ်လပ်ရေး ရတဲ့အထိပဲ။
လွပ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်ပြီး.. အေးအေးဆေးဆေး စာအုပ်ကလေး ဘာလေး ရေးမယ် ကြံတာပဲဗျာ ...။ ကျုပ်ရဲ့ အိမ်ထောင်( Family ) အတွက် ဂရုစိုက်ပြီး စီစဉ်စရာတွေ အများကြီးရှိသေးတယ်။ ”
”ကလေးတွေ ပြုစုစောင့်ရှောက်ရေး၊ပညာသင်ကြားရေးကိစ္စတွေလည်းကျုပ်ကိုယ်တိုင် ကြီးကြပ်စီမံချင်သေးတယ်။ ”  ဗိုလ်ချုပ် ၏ အဖြေက ဤသို့ချည်း သာတည်း ။

တခါတရံ ကလေးတွေ ဆော့ကစားရင်း လုကြငိုကြ လုပ်သောအခါ ၊ သားနှစ်ယောက်အား တခါတလေ စိတ်မရှည်သော ဒေါ်ခင်ကြည်က မိခင်တို့ သဘာဝ .. " တယ်ဆိုးတဲ့ ကောင်လေးတွေပဲ " ဟု ညည်းမိရာ၊ ကုတင်ပေါ် လှဲနေရင်း စာဖတ်နေသော ဗိုလ်ချုပ်က ... ”ငါ့ကလေးတွေ ..ဆိုးချင် ဆိုးပါစေကွာ ...၊ အရေးကြီးတာက ကလေးဆိုတာ ( Character ) =စိတ်ဓါတ်ကောင်းဖို့ရယ်...။( Love Truth ) =တည်ကြည်ဖြောင့်မတ်ခြင်း လိုလားတဲ့စိတ် ရှိဖို့ရယ်၊။ ဒါပဲ အရေးကြီးတယ် ..” ဟု သူ့ကိုယ်နှင့်လည်း နှိုင်းလျှက် သူ့၏ စိတ်ထဲတွင် ထင်မြင်မိသော ( Idea ) စံပြ ယောင်္ကျားကောင်းကို မျှော်မှန်းရင်း ပြောလိုက်လေသည်။

ဟုတ်ပါသည်၊။ သူ၏သားများကို တည်ကြည်ဖြောင့်မတ်သော စိတ်ဓါတ်ကောင်းနှင့် တိုင်းပြည်သားကောင်းရတနာများ ဖြစ်စေချင်သည့် စေတနာတွေ...မေတ္တာတွေ ...ဗိုလ်ချုပ်တွင် အခြားအခြားသော ဖခင်နည်းတူ ရှိခဲ့လေသည်။ သားနှစ်ယောက်အနက် ..အကြီး (အောင်ဆန်းဦး ) မှာ သေးသေးသွယ်သွယ် အသားအနည်းငယ် ညို၏ ..။ မှတ်ဥာဏ်ကောင်း၏...။ လူကြီးများကဲ့သို့ အရွယ်နှင့်မလိုက်အောင် စကားကြီး စကားကျယ်တွေလည်း ပြောတတ်၏...။

သားအငယ် ( အောင်ဆန်းလင်း ) မှာမူ ကိုယ်လုံးကိုယ်ပေါက် ထွားထွားကြိုင်းကြိုင်းနှင့် အသားအရေဖြူဖွေးပြီး၊ရယ်စရာမောစရာ အလွန်လုပ်တတ် ပြောတတ်၏၊။ ရဲဘော်တွေက သူ့ကို တခါတခါ ( ကိုလင်း ဘတ်ဖလိုး- ကျွဲကြီး) ဟုချစ်စနိုးခေါ်တတ်၏ ..။ သူ၏ ၀ိုင်းစက်ပြူးကျယ်သော မျက်လုံးကြီးများမှာ မိခင်ထံမှ ရရှိသော အလှများတည်း။

တညနေတွင် မိသားစု စုံညီစွာရှိစဉ် ဗိုလ်ချုပ်သည် သူ၏ကလေးများကို ကြည့်ရင်း ပီတိဖြစ်ရာမှ သူ့စိတ်ထဲမှ ထင်မြင်ဝေဖန်ချက်များကို ထုတ်ပြောလေသည်။


”အကြီးကောင် ငဦး.. ကတော့ ( Very Serious ) ..အရွယ်နှင့်မလိုက်အောင် တည်တာရယ်..မှတ်ဥာဏ်ကောင်းတာရယ်ကို ထောက်တော့ သူ့အဖေလို လာမယ်ထင်တာပဲ၊ အငယ် ..ငလင်းကြီးကတော့ သူ့ကြည့်ရတာ ရူးပေါပေါကြီးပဲ၊ ပေါ့ပေါ့စား ပေါ့ပေါ့နေရင်း..ကြီးလာမယ့် အကောင်ကြီးပဲကွ..။ ကြီးလာရင် တေ များ တေ ဦးမလား မသိဘူး။ ဘာပဲပြောပြော ..ငါ့သမီးလေး (အောင်ဆန်းစုကြည် ) ကတော့ အားလုံးထဲမှာ အလိမ္မာဆုံး..ချစ်စရာအကောင်းဆုံးဖြစ်မှာပဲ..” 
 ဟု မှတ်ချက်ပေးလေသည်။

” အဆင်းရဲဆုံး နိုင်ငံရေးသမား သခင်အောင်ဆန်း ”

ဗိုလ်ချုပ်သည် ငယ်စဉ်ကလေးဘ၀ကပင် သူပုန်စိတ်ထားရှိပြီး အကြံကြီးသူ ဖြစ်သည်။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ..ဟူသော လူစားမျိုးဖြစ်သည်၊။ လူရိုင်းစိတ် ထားရှိပြီး ၊လူယဉ်ကျေးများနှင့် အသားမကျခဲ့။ မျက်နှာလို မျက်နှာရ နှင့် အထက်လူကြီးများအား တိုင်တော ဂုန်းချောတတ်သူများကို ရွံရှာစက်ဆုပ်သူဖြစ်သည်၊


ဗိုလ်ချုပ်သည် လမ်းသွားလျှင် ပတ်ဝန်းကျင်ကို ဂရုပြုလေ့ မရှိသည်မှာ သူ့အကျင့်တခု ဖြစ်သည်၊။ သူကား အစဉ်းစားကြီးသူ ဖြစ်သည်။ သူ၏စဉ်းစားခြင်း အလုပ်မှ တပါး အခြားမည်သည့်ကိုမျှ ဂရုမစိုက်တတ်၊
ဗိုလ်ချုပ်သည် အခြားသူများကဲ့သို့ နေ့တွင် အလုပ်လုပ်လေ့မရှိ၊ ညမှသာ တညလုံး စားပွဲတွင်ထိုင်ကာ အလုပ်လုပ်လေ့ရှိသူဖြစ်သည်၊ ။ အရေးကြီးလျှင် တညလုံးမအိပ်ဘဲ၊ အလုပ်လုပ်တတ်သည်၊ စိတ်လည်းအလွန်မြန်သူဖြစ်သည်။ 


တို့ဗမာအစည်းအရုံးတွင် အဆင်းရဲ အခံနိုင်ဆုံး နိုင်ငံရေးသမားကို ပြပါဆိုလျှင် ဗိုလ်ချုပ်ကို ပြရမှာ ဖြစ်သည်၊ စားရမဲ့၊ သောက်ရမဲ့၊ ၀တ်ရမဲ့ဖြစ်နေစေကာမူ ၊ သူ့အား လစဉ်ငွေကြေး လိုသလောက်ထောက်ပံ့နိုင်သော သူ့မိခင်ကြီးကို ဒုက္ခ မပေးခဲ့ပေ။

ဗိုလ်ချုပ်သည် ”အင်္ဂလိပ်နယ်ချဲ့အား လက်နက်ကိုင်ပြီး မတော်လှန်နိုင်လျှင် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး ...” ဟု ယုံကြည်ခဲ့သူလည်း ဖြစ်သည်။

သခင်အောင်ဆန်းသည် ”စားလည်းနိုင်ငံရေး၊ အိပ်လည်းနိုင်ငံရေး။ ၊ နိုင်ငံရေးသာ အမိ၊ နိုင်ငံရေးသာ အဖ၊ ”ဟု ခံယူပြီး အားလုံးကို လစ်လျှု ရှုခဲ့သူလည်း ဖြစ်သည်၊။ သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှ၏ ၊ နိုင်ငံရေးတခုတည်းသာ လုပ်သော လူတဦး ဖြစ်သည်၊ သူသည် ရိုင်း၏ ..ကြမ်း၏ ..ကြောင်၏ ..။ ကိစ္စမရှိ။ သူသည်ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်၊။ ”တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ လုပ်သော နိုင်ငံရေးသတ္တ၀ါ ဖြစ်၏ ၊ ထို့ကြောင့် ကိစ္စမရှိ ..” ဟု ဆရာကြီးဒဂုန်တာရာက အောင်ဆန်း ..သို့မဟုတ်..အရိုင်း ..ဟု ...သူ့ ရုပ်ပုံလွှာတွင် ရေးခဲ့၏။

ဗိုလ်ချုပ်၏ ချစ်စရာ အကောင်းဆုံး အင်္ဂါတခုမှာ " လုံ့လ ၀ီရိယ ဇွဲ " ရှိခြင်းဖြစ်သည်၊ ဗိုလ်ချုပ်သည် စကားမပြောလျှင် လုံးလုံး မပြော၊ ။ ပြောလျှင်လည်း အိပ်နေသူကိုပင်နှိုး ၍ ပြောတတ်သည်။ စားစရာမရှိလျှင် အငတ်ခံပြီး၊ စားစရာရှိလျှင် အ၀စားတတ်သူ ဖြစ်သည်၊ ။ တက္ကသိုလ်ကျောင်းသားဘ၀က အခြားကျောင်းသားများက ”အောင်ဆန်း ဆိုတဲ့ ငတိ ဟာ နည်းနည်းမှ ဆိုရှယ်မဖြစ်ဘူး” ဟု ပြောခြင်းခံရသည်၊ သို့သော် ဗိုလ်ချုပ်သည် စာအလွန်ဖတ်သူ ဖြစ်သည်။ ဗိုလ်ချုပ်သည် ပင်နီအင်္ကျီ ဂုတ်ပြဲ ၊ ချည်လုံချည်အဟောင်းကို ၀တ်၍ ဆံပင်စုတ်ဖွားနှင့်နိုင်ငံရေးလုပ်နိုင်ခဲ့သူဖြစ်သည်။


" သမိုင်းတွင် ဗမာတပြည်လုံး အမျိုးသားညီညွတ်ရေးကို လက်နက်မဆောင်ဘဲ၊ ဆောင်ရွက်ခဲ့ရာ ...ကျန်စစ်သားနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့လောက် ဘယ်သူမှ ထမြောက်အောင်မြင်ခြင်းမရှိ" ဟု သမိုင်းဆရာများက ဆိုကြသည်။

” မိခင်ကြီး အမေစု နှင့် သား ဗိုလ်ချုပ် ”

အောက်ပါ အကြောင်းအရာများကို သခင်လှဖေ ( ဗိုလ်လင်္ကျာ ) က ၀မ်းနည်းကြေကွဲစွာ ရေးသားဖော်ပြခဲ့ဖူးလေသည်။

 
 သခင်အောင်ဆန်းသည် သခင်ဖြစ်ပြီးသည့်နောက်ပိုင်းတွင် မိခင်ထံသို့ မပြန်သလောက်ပင် ရှိခဲ့သည်၊ တခါသော် သူ့မိခင်ကြီး အမေစုသည် သူနှင့်တွေ့ရန် ရန်ကုန်သို့ဆင်းလာ၏ ။ ရန်ကုန်တွင် ကြည့်မြင်တိုင်ရှိ ဆွေမျိုးများထံတွင် တည်းခို၏ ။ အောင်ဆန်းသည် သူ့ မိခင်နှင့်တွေ့ဆုံရန် အသွားတွင် ကျနော့်ကိုလည်း အဖေါ် ခေါ်သွားလေသည်၊။

မိခင်ကြီးအမေစုသည် အလွန်စိတ်ပူပန်စွာဖြင့် သူ့သားငယ်အား ကြင်နာယုယစွာ ကြည့်ရင်း၊ မေးခွန်းပေါင်းများစွာကို တတွတ်တွတ် မေးနေတော့သည်။ သို့သော် အောင်ဆန်းသည် ခေါင်းအောက်ငုံ့ကာ မတုန်မလှုပ် ထိုင်နေပြီး၊ တခါတခါ မှသာ သူ့မိခင်ကြီးအား ခိုးကြောင်ခိုးဝှက် မော်ကြည့်ဖော်ရလေ သည်။

သူ၏ အေးတိအေးစက်နိုင်လှသောအမူအယာကြောင့် ကျနော်ပင်လျှင် ကြားက စိတ်တိုလာမိသည်။ သူ၏ အဖြေများသည် တိုတောင်း၍ အေးစက်စက်နိုင်လှသည်။ ၁၅ မိနစ် ..မိနစ် ၂၀ ခန့်သာရှိသေးသည်တွင် ထ၍ ပြန်ရန် ဟန်ပြင်တော့သည်။ ပြန်ထွက်လာတော့သည်။ မိခင်ကြီးအားလည်း နှုတ်မဆက်ခဲ့ ချေ။

သို့သော် သူသည် လမ်းတွင် စကားတခွန်းမှ မပြောဘဲ သူ့အလွန်ချစ်သော အမေအတွက် စိတ်မကောင်းဖြစ်နေရှာသည်။

သူ့မိခင်ကြီး ပြန်သောနေ့တွင်လည်း ကျနော်တို့နှစ်ယောက် ဘူတာရုံသို့ လိုက်ပို့ကြ၏။ ဘူတာရုံတွင် အောင်ဆန်းသည် ငြိမ်ချက်သား ကောင်းနေပြန်သည်။ မီးရထား စထွက်လျှင် ထွက်ခြင်း ..သူသည် ရုတ်တရက် ထိုင်ချလိုက်ကာ ..ရထားပြတင်းပေါက်မှ ခေါင်းပြူကာ သားအား စိုက်ကြည့်နေရှာသော မိခင်ကြီးကို ဒူးထောက်၍ ၊ကန်တော့တော့သည်။

ကျနော်တို့ ဘူတာ မှ လမ်းလျှောက်၍ ပြန်လာစဉ် သူက.. ”ကျနော်ဟာ သားအငယ်ဆုံးပဲ၊ ကျနော် နိုင်ငံရေးလုပ်တာကို အမေက ဒါလောက် မကန့်ကွက်ပါဘူး။ ကျုပ်က အေးတိအေးစက်နိုင်တာ၊ စာမရေး ဘာမရေးနဲ့ စိမ်းကားတာကို အမေ စိတ်မကောင်းဖြစ်နေပုံရတယ်။ အမေက သနားပါတယ် " ဟု ညည်းတွားပြောရှာသည်။

သခင်အောင်ဆန်းသည် သူ့အမေကို အခြားညီအကိုမောင်နှမတွေ ချစ်သည် ထက်ပို၍ ချစ်သလို ၊ သူ့အမေကလည်း သူ့အငယ်ဆုံးသားအပေါ် အခြားသားသမီးများထက်စာလျှင် ပိုချစ်ခဲ့ရှာသည်။ ဗိုလ်ချုပ်သည် အမေချစ်သော သားတယောက်ပင်ဖြစ်သည်။ လူသားဆန်ဆန် အမေကို မြတ်နိုးတန်ဖိုးထားသော၊ ဘာနဲ့မှမလဲနိုင်သော သားတယောက်အဖြစ် ကျနော်တို့တွေ့လိုက်ရပါတော့သည်။

သခင်အောင်ဆန်း ၏ ဖခင်သည် သူ ရေနံချောင်းမြို့ အမျိုးသားကျောင်း ၈ တန်း တွင် ပညာသင်ကြားနေစဉ် ကတည်းက ဆုံးခဲ့ပြီး ဖြစ်သည်။ ထိုအချိန်မှာစ၍ သူ့တွင် ခင်တွယ်စရာ၊ အားထားစရာ၊ညှာတာစရာဆို၍ မိခင်ကြီးတဦးသာ ကျန်ရှိပေတော့သည်။ ယခုကား အမေနဲ့လည်း အဝေးကြီးဝေးခဲ့ပြီ၊ တမာပင်ရိပ်ကလေး တွေ၊ မန်ကျည်းပင် ရိပ်ကလေးတွေနှင့်လည်း ဝေးခဲ့ပြီ၊။ ကံကော်ပင်၊အင်းလျှား၊ပဲခူးဆောင် ၊ တကယ်တော့ သူ့အမေလိုပင် သူ့အနွံအတာကို ခံခဲ့သော၊ သူ၏ ရာဇ၀င်မြောက် ဒုတိယ မိခင်သဖွယ် သူ့ကို လှပဆင်းသစ်စေခဲ့သော... ချစ်သော ယူနီဗာစီတီ ပရ၀ုဏ်နှင့်လည်း ဝေးခဲ့ရလေပြီ။

”လွတ်လပ်ရေးအောင်ပန်း မြဲဆင်မြန်း ”

စစ်ကြီးအပြီးတွင် ဖက်ဆစ်ဝါဒ လုံးဝ ကျဆုံးသွားခဲ့ရသလို ...နယ်ချဲ့လက်အောက်ရှိ ကိုလိုနီနိုင်ငံ အများအပြားမှာလည်း လွတ်လပ်ရေးရခဲ့ကြသည်။ အထူးသဖြင့် ..အိန္ဒိယ၊ ဗမာ၊ တရုတ်နိုင်ငံတို့မှာ တနှစ်စီသာခြားပြီး မရှေးမနှောင်းမှာပင် လွတ်မြောက်လာကြခြင်းဖြစ်ပါသည်၊ ။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည်ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရခဲ့သလို ..၁၉၄၈ ခုနှစ် တွင် ဗမာနိုင်ငံသည်လည်း ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်ကလည်း ကူမင်တန်အုပ်ချုပ်မှုကို တော်လှန်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ကာ လွတ်မြောက်လာခဲ့လေသည်။

အမှန်မှာမူ ဗမာနိုင်ငံသည် ၁၉၄၇ ခုနှစ်..လန်ဒန်တွင် ဗြိတိသျှဝန်ကြီးချုပ်နှင့် ..အောင်ဆန်း..အက်တလီ စာချုပ်ကိုလက်မှတ်ရေးထိုး စဉ်ကပင် ဗမာ့လွတ်လပ်ရေးသည် ကတိကဝတ် ရခဲ့ပြီးသား ဖြစ်နေပေသည်၊။ သို့သော်..နောင်တနှစ်မှပင် ရက်ကောင်းရက်မြတ်ရွေးချယ်ကာ ကြေငြာခဲ့ခြင်း ဖြစ်၏ ။

ဗိုလ်ချုပ်၏ ထင်ရှား လူသိများလှသော ဓါတ်ပုံမှာ လန်ဒန်မြို့  ဒေါင်းနင်းလမ်း ၀န်ကြီးချုပ်နေအိမ်ရှေ့တွင် ဂရိတ်ကုတ် စစ်ဝတ်စုံနှင့်ခန့်ညားစွာ ရိုက်ကူးထားသောပုံပင်ဖြစ်သည်။ အဆိုပါ စစ်ဝတ်စုံမှာ အိန္ဒိယနိုင်ငံဒေလီမြို့တွင် ခေတ္တရပ်နားစဉ်၊ ဂျဝါဟာလာနေရူးက လက်ဆောင်ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်၊။

နေရူးက သူ့၏ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေကြီး အောင်ဆန်း၏ အင်္ဂလန်သွားမည့်ဝတ်စုံကို ကြည့်ရင်း လွန်စွာ စိတ်မသက်မသာလှသဖြင့်၊ စစ်ဝတ်စုံ ချုပ်တတ်သည့် စက်ချုပ်အဖွဲ့တဖွဲ့ကို စည်းရုံးဆွေးနွေးပြောဆိုကာ ညတွင်းချင်း ချုပ်ပေးလိုက်ခြင်းဖြစ်သည်။

သို့ဖြင့် ဗိုလ်ချုပ်အနေဖြင့် လန်ဒန် လွတ်လပ်ရေး ဆွေးနွေးပွဲတွင် နွေးထွေး တည်ငြိမ် ခန့်ညားစွာဖြင့် ဆွေးနွေးပြောဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း ၀တ်စုံမှာ သူ့၏ ဘ၀တသက်တာ ၀တ်ဆင်ဖူးသမျှတွင် တခုတည်းသော အကောင်းဆုံးဝတ်စုံပင် ဖြစ်တော့သည်။

”( ၁၉ ) ဇူလိုင် မမေ့နိုင် ”

ဗမာနိုင်ငံ၏ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို အာဏာရူး မသမာသူလူတစုတို့က ၁၉၄၇ ခုနှစ် ..ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသလို ...အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမဂန္ဒီ မှာလည်း ၁၉၄၈ခုနှစ်.ဇန်န၀ါရီလ. ၃၀ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရလေသည်။

အိန္ဒိယ လုပ်ကြံမှုတွင် ဂန္ဒီတဦးတည်း သေဆုံးခဲ့သော်လည်း ...မြန်မာပြည်တွင်ကြုံတွေ့ခဲ့ရသော လုပ်ကြံမှုသည်ကား ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဗမာအစိုးရ တဖွဲ့လုံး အာဇာနည် ၉ ဦးတိတိ လုပ်ကြံခံရခြင်းဖြစ်သည်။ ထိုရက်စက်မှုကြီးကို နှစ်ပေါင်း ( ၆၅ ) နှစ် တိုင် ပြည်သူပြည် သားတို့ မမေ့နိုင်၊။ ကမ္ဘာတည်သရွေ့ မေ့နိုင်ကြလိမ့်မည် မဟုတ်။

”လွတ်လပ်ရေး ရ ပြီးရင် ငါတော့ နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်..၊ နိုင်ငံရေးရာဇ၀င် ၊ အိမ်ထောင်ပြုရေး၊ သားသမီးစောင့်ရှောက်ပြုပြင်ရေး၊ အချစ်ပြဿနာ၊ ( sex )= လိင်ပြဿနာနဲ့ပတ်သက်လို့ ငါ့အယူအဆ သဘောထားတွေကိုပါ စာအုပ်ရေးဦးမှာပဲ " ဟု ..၁၉၄၇ ခု။ ဧပြီလက မေမြို့ တွင် အနားယူနေရင်း ပြော ခဲ့သော ဗိုလ်ချုပ်သည် ..အထက်ပါ သူ၏ ရည်ရွယ်ချက်လေးများ မပြည့်မီ...ရက်စက်ကြမ်းကြုတ်သော လူတစုလက်ချက်ဖြင့် ရေတိမ်နစ်ခဲ့ရရှာလေတော့သည်။

ဗမာ့လွတ်လပ်ရေးဗိသုကာ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အဖြစ် ဗမာနိုင်ငံလုံးက နှမြေတသ ကြသည်ထက်၊ သူ့ကို ဘ၀လက်တွဲဖေါ် ပါရမီဖြည့်ဖက်အဖြစ် ၊ ချစ်သောခင်ပွန်းသည် အဖြစ် ကောင်းကောင်းကြီးသိခဲ့သော ဒေါ်ခင်ကြည်၊ အောင်ဆန်းဦး၊ အောင်ဆန်းလင်း ( ကွယ်လွန် ) နှင့်.. အောင်ဆန်းစုကြည် တို့၏ စိတ်ဝယ် ..မည်သို့မည်မျှ ယူကြုံးမရ ဖြစ်ရှာလေမည်နည်း။ ။

ကျနော် မောင်လူဝေး ပါ။
၁၃. ၇.၂၀၁၂ .


”မှီငြမ်း ကိုးကား၊”
ဆရာချိန်( ပဲခူး ) =ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးတိုက်ပွဲ သမိုင်းရုပ်ပုံလွှာ..(သို့)...နှစ်ယောက်မရှိသည့် တယောက်တည်းသော လူထုခေါင်းဆောင်
တက္ကသိုလ်နေ၀င်း =ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂီတအနုပညာ
.မောင်စိမ်းနီ= စာရေးဆရာ ကိုအောင်ဆန်း
သန်းစိုးနိုင်= အောင်ဆန်း 

http://www.hittai.net/index.php?show=rm&fileid=125&t=home7&id=7

နိုင်ငံတော် သီချင်းစာသားတွေကို ဘယ်သူတွေ စိတ်ကူးရခဲ့သလဲ

တို့ဗမာအစည်းအရုံးသည် ခေတ်လယ် ဗမာ့ လွတ်လပ်ရေး တိုက်ပွဲ လှုပ်ရှားမှုခရီးစဉ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည် ။ ၁၉၃၀ မေလ ၂၆ ရက်နောက်ပိုင်းတွင် ခေတ်လူငယ်တို့သည် တို့ဗမာ ၀ါဒကို စွဲကိုင်လာကြသည်။ နိုင်ငံပြုစာတမ်းများဖြင့် လှုပ်ရှားလာကြသည်။ တို့ဗမာသီချင်းသည် နိုင်ငံတော် သီချင်း၏ သန္ဓေတည်ရာဖြစ်သည် ။

ရေးစပ်တီးကွက်ရှာသူမှာ မန္တလေးဂီတလောကမှ ရန်ကုန်သို့ ဆင်းလာသော ၀ိုင် ၊ အမ် ၊ ဘီ ဆရာတင်ဖြစ်သည် ။ ရန်ကုန်တွင် ၀ိုင်အမ်ဘီဆရာတင်ဘ၀မှ သခင်ဘ၀သို့ကူးပြောင်းသွားသည်။ သခင်ဘသောင်း ၊ သခင်သိန်းမောင် ၊ သခင်လှဘော် ၊ သခင်သာဒိုး ၊ သခင်အုန်းဖေ ၊ သခင်ကျော်ထွန်းစိန် ၊ သခင်ဖိုးနီတို့နှင့် စာသားညှိနှိုင်းရယူသည် ။

တို့ဗမာသီချင်းသည် သမိုင်ဝင်တေးဖြစ်လာသည် ။ တို့ဗမာသီချင်းဖွင့်ပွဲကို ၁၉၃၀ ပြည့်နှစ် ၊ ဇူလိုင် ၁၉ တွင် သထုံဆောင် သဟာယနှင့် စာဖတ်ခန်း၌ ပထမဆုံးသီဆိုသည် ။ ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြည်သူတို့နှင့် သတင်မိတ်ဆက်သည် ။ ရွှေတိဂုံစေတီတော်ကြီး၏ ရာဟုထောင့်တွင် ကျင်းပသည် ။ တက္ကသိုလ်ဘာသာပြန် နည်းပြဆရာ သခင်ဘသောင်းက ဦးစံထွန်း တန်းဆောင်းသစ်ကြီး၌ တို့ဗမာသီချင်း၏ အနက်အဓိပ္ပာယ်ကို အကျယ်တ၀င့် ရှင်းပြသည် ။ ဂီတစာဆို သီချင်းဆရာ ၀ိုင် ၊ အမ် ၊ ဘီ ဆရာတင်က ခေတ်ပေါ်တူရိယာမျာနှင့် တွဲဖတ်၍ တို့ဗမာသီချင်းကို ကိုယ်တိုင်ကိုယ်ကျ သီဆိုဖွင့်လှစ်သည် ။

၁၉၆၃ ခုနှစ် ၊ဇွန်လ ၂၇ ရက်၊ မြင်းခြံမြို့တွင် ကျင်းပသော ဒုတိယမြောက် တို့ဗမာ အစည်းအရုံးညီလာခံတွင် တို့ဗမာသီချင်းကို အမျိုးသားသီချင်း အဖြစ် တညီတညွတ်တည်း သတ်မှတ်ပြဌာန်းခဲ့သည် ။

ဗိုလ်ချုပ်အောင်ဆန်းတို့  ကျဆုံးပြီးနောက် ဒုတိယအကြိမ်မြောက် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံတွင် နိုင်ငံတော်အလံ ၊ နိုင်ငံတော် တံဆိပ် ၊ နိုင်ငံတော်သီချင်း တို့ကို ရွေးချယ်သည် ။ နိုင်ငံတော်သီချင်းကို  တိုင်းပြုပြည်ပြု လွှတ်တော် တတိယညီလာခံ ၊ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင်မှ အပြီးသတ်ရွေးချယ်နိုင်ခဲ့သည် ။

နိုင်ငံတော်သီချင်းကို တို့ဗမာ သီချင်းမူရင်းမှ စကားလုံးအချို့ကိုအနည်းငယ် ပြုပြင်လိုက်သည် ။ မူလတေးသွားအတိုင်း ထားရှိသည်။

သံပြိုင်မှ ကမ္ဘာမကြေ ၊ဗမာတစ်တွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့မြေ)၃ (တို့ဗမာ)၃...........တိုင်းရင်းသာအကုန်အစင် ၊တို့ပြေလို့မှတ်ထင် ၊တို့ဝတ္တရားပင် တို့ဗမာသခင် သံစဉ်ကို ယူသည် ။ 

(ကမ္ဘာမကြေ ၊ဗမာပြည် တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ)၂ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ ၊ ဒါတို့ပြေ ၊ဒါတို့မြေ ၊တို့ပိုင်နက်မြေ ။ တို့ပြေ၊တို့မြေ၊ အကျိုးကို ညီညာစွာတို့တွေ ထမ်းဆောင်ပါစို့လေ ၊ တို့တာဝန်ပေ ၊အဖိုးတန်မြေ ဟူ၍ ဖြစ်လာသည် ။ 

၁၉၄၇ ခုနှစ် ၊ စက်တင်ဘာလ ၂၂ ရက် တိုင်းပြုပြည်ပြုလွှတ်တော် တတိယညီလာခံတွင် နိုင်ငံတော်သီချင်းသည် တရားဝင် ဖြစ်လာခဲ့သည် ။

 နိုင်ငံတော်အလံ ၊ သီချင်းနှင့် တံဆိပ်ကော်မတီတွင် ဒီးဒုတ်ဦးဘချိုက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ သည်။ နောင်တွင် ကော်မတီဖြည့်စွက်ခန့်ထားရာတွင် ပန်းချီဦးငွေကိုင် ၊ ဦးအုန်းလွင် ၊ ဦးဘသန်း ၊ ဒဂုန်ဆရာတင် ၊ ဦးခင်ဇော် နှင့်  ဦးထင်ဖတ်(မောင်ထင်) တို့ပါဝင်သည် ။

မူရင်းစာအုပ် မောင်ကြည်သန့် - အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာ့ဖြစ်ရပ်(၁၀၀)
form http://laminchitthu.com/?topic=372.0;wap2

သခင်ထိန်ဝင်း

သခင်ထိန်ဝင်း (သို့မဟုတ်) ဘဘဦးထိန်ဝင်း သို့မဟုတ်
သာသနာစိတ်ဖြင့် နိုင်ငံရေးကို ဆောင်ရွက်ခဲ့သူ
ဂျူနီယာဝင်း
မေ ၂၆၊ ၂၀၁၀

သခင်ထိန်ဝင်းကို ဘဘကြီး၊ မေမေကြီးတို့နှင့် အလွန်ချစ်ခင်သော မိတ်ဆွေ၊ ရဲဘော်ရဲဘက်တဦးအဖြစ် စတင် သတိထားမိရသည်မှာ ကျွန်မ ငယ်စဉ်ကတည်းကပင် ဖြစ်ပါသည်။ ဘဘ ဦးထိန်ဝင်းဟုပဲ ခေါ်ပါသည်။ ဖေဖေနှင့် မေမေတို့ကလည်း ဘဘ ဦးထိန်ဝင်း သို့မဟုတ် တခါတရံ ဦးလေး ဦးထိန်ဝင်းဟု ခေါ်တတ်ပါသည်။

ဘဘကြီးတို့၊ မေမေကြီးတို့ကို အလွန်သံယောဇဉ်ကြီးကာ ချစ်ခင်လှသူတဦးအဖြစ် မြင်ရတွေ့ရသည်မှာ အံ့သြစရာ မဟုတ်ပါပေ။ သူတို့ခေတ်၊ သူတို့အခါမှာ အဲသည်လို မိတ်ဆွေရောင်းရင်း မောင်နှမရင်းချာထက်ပင် ချစ်ခင်သော သွေးသောက်တွေ များစွာရှိပါသည်။ အခုလိုခေတ်ထဲမှာ သည်လိုချစ်ခင်လှသော မိတ်ဆွေကောင်းမျိုးဆိုတာ ရှားပါးပါဘိ။ တကယ့်ကို အားကျလောက်စဖွယ် ကြည်နူးစဖွယ်ဖြစ်ရပါသည်။

ဘဘကြီးနှင့် မေမေကြီးတို့ ကွယ်လွန်ခဲ့ပြီး ၁၀ နှစ်ကျော်မှာ ဘဘကြီး၊ မေမေကြီးတို့ကို အလွန်ချစ်ခင်လှသော ဘဘ ဦးထိန်ဝင်း ဘဝတပါးသို့ ပြောင်းသွားခဲ့လေပြီ။ ကွယ်လွန်ချိန် အသက် ၉၈ နှစ်မို့ ဘဝကို အားပါးတရ ဖြတ်သန်းခဲ့လေပြီဟု ဆိုနိုင်ပါသော်လည်း အသက်ရှိလျက်နှင့် သည်လောကထဲမှာ ရှိနေစေချင်၊ နေစေချင်ပါသေးသည်။

ဘဘကြီး၊ မေမေကြီးတို့ အထူးချစ်ခင်လှသော မိတ်ဆွေရင်းချာသာမက နိုင်ငံရေးလောကထဲမှာပင် အတူတွဲဖက် လှုပ်ရှားခဲ့လေသူတဦးဖြစ်ကာ မေမေကြီးကို “မမမြ၊ မမမြ” နှင့် ရင်းနှီးစွာခေါ်ကာ စကားတွေဖောင်ဖွဲ့ကာ ပြောတတ်သူ တဦးအဖြစ် မြင်ယောင်မိနေဆဲဖြစ်ပါသည်။ အသံသြသြ၊ အရပ်မြင့်မြင့်၊ ထွားထွားကျိုင်းကျိုင်း၊ အသားဖြူဖြူ တောင့်တောင့်တင်းတင်းနှင့် သည်ဘဘကို ကျွန်မ သိပ်ကိုမှတ်မိခဲ့တာပေါ့။ ပင်နီတိုက်ပုံ သို့မဟုတ် အဖြူရောင်တိုက်ပုံကို ဝတ်ဆင်တတ်ပါသည်။ မေမေကြီးတို့က “သခင်ကြီး” ဟု ခေါ်ပါသည်။

ခြံပေါက်ဝကနေ “မမမြ၊ ကိုခင်မောင်လတ်” ဟုခေါ်ကာ လူမရောက်ခင် အသံကရောက်နှင့်တတ်သူ၊ ဘဘ ဦးထိန်ဝင်းဟေ့ ဟု ဆိုလိုက်တာနှင့် အိမ်က ဘကြီးတို့ မေမေကြီးတို့တတွေ ဝမ်းသာအားရ ပြေးကြိုကြကာ စကားဖောင်ဖွဲ့မပြီး၊ သူတို့ ပြောဆိုနေကြတာတွေ တခါတရံ နားမလည်။ ဘဘကြီးတို့ကလည်း ဘဘဦးထိန်ဝင်းတို့အိမ် မသွားဘဲမနေနိုင်။ အဲသည်လို ချစ်ခင်ကြသော မိတ်ဆွေအဖြစ်ဟာ စဉ်းစားကြည့်လိုက်တိုင်း ပေါ်လာတတ်ပါသည်။ တကယ်ပဲ အားကျမိပါသည်။

ဘဘ ဦးထိန်ဝင်း၏ မြေးတဦးဖြစ်သော မအေးချမ်းကို ညီမတဦးလို ချစ်ခင်ခဲ့ပါသည်။ သည်ညီမလေးက သူ့အဘိုးအကြောင်းတွေကို အားပါးတရ ရေးတုန်းက ဘဘကြီး၊ မေမေကြီးတို့အကြောင်းတွေကိုပါ ထည့်ရေးခဲ့ပါသည်။ ထိုစဉ်က သြော် … ငါတို့ အဘိုးအဘွားတွေက တကယ်လည်း မေတ္တာဓာတ်အပြည့်ဖြင့် ဆုံးမသြဝါဒတွေ ဆိုခဲ့သည်ပဲဟု ကျေနပ်ခဲ့မိရသည်ပေါ့။

ယခုတော့ သည်ညီမလေးရေးသော စာတွေကို ပြန်ရှာပြန်ဖတ်ကာ ဘဘ ဦးထိန်ဝင်း အကြောင်းတွေကို ပြန်ပြောချင်ပါသည်။ အမှတ်တရ ပြန်လည်ဖော်မိရင်းနှင့် စာဖတ်သူများလည်း သူ ရေးသောစာတွေ ပြန်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရမည်ပင်။ (အတွေးအမြင်၊ အမှတ်၂၀၈ တုန်းက “ကျွန်မနှင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်”၊ အမှတ်၂၁၆ တုန်းက “အနှိုင်းမဲ့ ဗုဒ္ဓကိုပူဇော်ခဲ့သူ နှစ်ဦး” သူ့ကလောင်အမည်က မအေးချမ်း (မြန်မာစာ)ပါ။)

အဲသည်ထဲက ဘဘ ဦးထိန်ဝင်းအကြောင်းတွေ ပြန်လည် ဖော်ထုတ်ပေးလိုက်ရပါသည်။ အောက်က အချက်များမှာ မအေးချမ်း (မြန်မာစာ) ရေးသားထားသည်များကို ကောက်နှုတ်တင်ပြချက်များသာ ဖြစ်ပါသည်။ ပို၍အသေးစိတ် သိလိုပါလျှင် အတွေးအမြင် မဂ္ဂဇင်းထဲမှာ ပြန်လည်ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ရပါသည်။

၁။ ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ အင်္ဂလိပ်အစိုးရ ယူနီယမ်ဂျက်အလံနှင့် ၁၉၃၅ မှာ ဗြိတိသျှပြဋ္ဌာန်းတဲ့ အုပ်ချူပ်ရေး ဥပဒေစာအုပ်ကို မီးရှို့ကန့်ကွက်ခဲ့တဲ့ သမိုင်းအထောက်အထား အခိုင်အမာရှိခဲ့သည်။ ထို ဆန့်ကျင်မီးရှို့ပွဲတွင် ဦးနု (ဝန်ကြီးချုပ်)၊ ဦးလှဖေ (ဗိုလ်လင်္ကျာ)၊ ဦးထွန်းအုံ၊ ဦးထွန်းအေးတို့နှင့်အတူ သခင်ထိန်ဝင်းနှင့် ဒေါ်ခင်မျိုးချစ်(မခင်မြ) တို့ ပါခဲ့သည်။ ဘဘ ဦးထိန်ဝင်းက ယခုလို မကြာခဏဆိုခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

“အဲဒီတုန်းက တောင်းပန်လို့လည်း မရဘူး။ မခင်မြတယောက်က စမူဆာပုံစံအင်္ကျီ ဖိုးရိုးဖားရားကြီးဝတ်လို့ ယောက်ျားတွေကြားထဲ ရဲရဲဝံ့ဝံ့လိုက်တော့တာပဲ။ လူစွမ်းကောင်းမကြီးလေ”
(စမူဆာအင်္ကျီဆိုသည်မှာ ရင်ဖုံးအင်္ကျီပင်ဖြစ်ကာ ရှေ့တွင် အချွန်ပုံသဏ္ဍာန် ချုပ်ထားသည်။)

၂။ ဘဘ ဦးထိန်ဝင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ထေရဝါဒဗုဒ္ဓဘာသာ သာသနာစိတ်နဲ့ ခိုင်မာအောင် တည်ဆောက်ခြင်းသည် ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲတယ်ဆိုသည့်သဘောကို ကောင်းကောင်း သဘောပေါက်ခဲ့သူ ဖြစ်၍ အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တလျောက်လုံး နိုင်ငံရေးဆောင်ရွက်ရာတွင် သာသနာစိတ်နှင့်ပဲ တိုက်ပွဲဝင် ဆောင်ရွက်ခဲ့သူတဦးဖြစ်သည်။

၃။ တိုင်းပြည် ငြိမ်းချမ်းကြီးပွားအောင် ဗုဒ္ဓ၏ ကိုယ်ကျင့်တရားကောင်း လမ်းစဉ်များနှင့် လက်တွေ့ကျကျ တည်ဆောက်နိုင်မှသာ အောင်မြင်နိုင်ပုံကို သိမြင်စေနိုင်ဖို့ ကိုယ့်လူမျိုးတရပ်လုံးအတွက် ကိုယ်ကျင့်ဗုဒ္ဓဝင်ကောင်း တအုပ် ပေါ်ထွန်းဖို့ စိတ်ဆန္ဒဖြင့် မဟာဂန္ဓာရုံဆရာတော်၊ သပြေကန်ဆရာတော်၊ တောင်မြို့ဆရာတော်၊ မဟာစည်ဆရာတော် တို့ထံ အဆင့်ဆင့် လျှောက်ထားခဲ့သည်။ သို့သော် မဟာဂန္ဓာရုံဆရာတော်မှာ ဒကာ ဦးထိန်ဝင်း၏ ဆန္ဒကိုဖြည့်ဖို့ အားထုတ်ဆဲ ပျံလွန်တော်မူခဲ့သည်။ ထိုနှစ်ပေါင်းများစွာ အကောင်အထည် မဖော်နိုင်သေးသောဆန္ဒကို အားထုတ်ချင်ခဲ့ပြီး သူ့အသက် ၈၀ ပြည့်နှစ်မှာ နိုးဆော်စာတစောင် ရိုက်နှိပ်ဖြန့်ဝေခဲ့သည်။

“လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် မည်သူမဆို မိမိတိုင်းပြည်နှင့် လူမျိုး၊ သာသနာအတွက် ကူညီတော်မူကြစေလိုပါသည်။ ဤစာမူကို ကျွန်တော်တို့ အပိုင်ရယူလိုခြင်း မရှိပါ။ စာရေးသူအား ပူဇော်ရန်သာ ရည်ရွယ်ရင်းရှိပါသည်။ မိမိ ရေးသားထားသော စာမူကို မိမိသဘောကျ စီမံရန်သာ ဖြစ်ပါသည်။ သဘောထားအသေးစိတ်ကို ဆွေးနွေးရန်အလိုရှိပါက မည်သူမဆို တွေ့ဆုံဆွေးနွေးပါမည်အကြောင်း လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။ ကျွန်တော်သည် ပိဋိကတ် တတ်မြောက်သော ပညာရှင်မဟုတ်သော်လည်း ဖြစ်မြောက်လိုသော ဗုဒ္ဓဝင်အတွက် ပညာရှိများ လက်ခံနိုင်အောင် ဆွေးနွေးတင်ပြပါမည်။”

၎။ (ထိုကာလမှတိုင် ၁၉၉၃ ခုနှစ်ထိ ကြိုးပမ်းမူများ၊ ဖြစ်မြောက်အောင် လုပ်ဆောင်မူများကား အံ့မခန်းဖြစ်ပါသည်။ အချုပ်ဆိုရသော် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထို ကိုယ်ကျင့်ဗုဒ္ဓဝင်ကျမ်းစာ အပြီးသတ်ခဲ့သည်။)

ကိုယ်ကျင့်ဗုဒ္ဓဝင်ကျမ်းစာသည် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အပြီးသတ်ခဲ့သည်။ ရေးသားသူ ဆရာကြီး ဦးရွှေအောင်မှာ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကြိုးပမ်းအားထုတ်သူ ဘဘ ဦးထိန်ဝင်းမှာ ယခု အသက် ၉၈ နှစ်ရှိပြီး (ယခု ဤဆောင်းပါးရေးစဉ်တွင်) အသက်ထင်ရှားရှိနေဆဲပင် ဖြစ်ပါသည်။ ဗုဒ္ဓကို ပူဇော်ခဲ့သူ ထိုပုဂ္ဂိုလ်နှစ်ဦး၏ ကိုယ်ကျင့်ဗုဒ္ဓဝင်ကျမ်းမှာ တနှစ်အတွင်း လေးကြိမ်တိတိ ပြန်လည် ရိုက်နှိပ်ခဲ့ရသည်အထိ ကြီးကျယ်စွာ အောင်မြင်ခဲ့ပါသည်။ ထို လေးကြိမ်စလုံးကို ပါရမီစာပေမှ ထွက်ရှိခြင်းဖြစ်သည်။ ယခုနောက်ပိုင်း အခြား စာပေတိုက်အချို့မှ ပြန်လည်ရိုက်နှိပ်သောစာအုပ်တွင် ဆရာကြီး ဦးရွှေအောင်၏နိဒါန်း မပါရှိကြောင်း ရေးသားထားသည်။ (ထိုနိဒါန်းကို အတွေးအမြင် အမှတ်၂၁၆ တွင် ပါရှိသည်။)

၅။ ဘဘ ဦးထိန်ဝင်းသည် “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်)ကျမ်းစာ”ကို ကမ္ဘာသူကမ္ဘာသားများ သိစေချင်သောဆန္ဒကြောင့် ဆရာကြီး ဦးရွှေအောင် ရေးသားပြီး စာမူများကို ဆရာကြီး ဦးလှမောင်အား ဘာသာပြန်ဆို ပူဇော်စေခဲ့ပြီးနောက် အင်္ဂလိပ်ဘာသာပြန် စာမူများကို ဆရာ ဦးခင်မောင်လတ်ကို ပြန်လည်ဖတ်ရှုပေးဖို့ တောင်းပန်ခဲ့ပြီး အင်္ဂလိပ်စာမူကိုပါ ပူးတွဲဖြန့်ချိပေးခဲ့ပါသည်။

၆။ စာကောင်း ပေကောင်းတခု ထွက်ပေါ်လာစေဖို့ ပုံဖော်ရေးသားသူနှင့် အားထုတ်ကြိုးပမ်းသူ နှစ်ဦးစလုံး တန်ဖိုးထားသင့်သူများ ဖြစ်ပေသည်။ ထေရဝါဒဗုဒ္ဓဘာသာကို အသွင်သဏ္ဍာန်နှင့် အနှစ်သာရ တထပ်တည်းကျအောင် အားထုတ်ကြိုးပမ်းခဲ့ကြသူ ထိုနှစ်ဦးကို လေးစားကြည်ညိုလာမိရပါသည်။
ဤကား ဘဘ ဦးထိန်ဝင်းအား အမှတ်တရ လွမ်းမောဖွယ် ရေးသားချက်များအဖြစ် ပြန်လည်တင်ပြရင်းဖြင့် ဘဘ ကောင်းရာသုဂတိလားပါစေဟု ဆုတောင်းမေတ္တာဖြင့် … …။
(ဓာတ်ပုံမှာ - ၁၉၃၇ ခုနှစ်၊ တိုးတက်ရေးမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ပုံ။ နောက်- ဦးထိန်ဝင်း၊ ဒေါ်ခင်မျိုးချစ်၊ ဦးထွန်းခင်။ ရှေ့တွင်ထိုင်နေသူများ - ဦးထွန်းသန်း၊ ဦးဘရင်)

ဂျူနီယာဝင်း ဘလော့ဂ် http://juniorwin.blogspot.com/ က ပြန်လည်ကူးယူ ဖော်ပြပါတယ်။

ဘဘ ဦးထိန်ဝင်း - သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀)၏ အတ္ထုပ္ပတ္တိအကျဉ်း

ဈာပနမှတ်တမ်းမှ ကူးယူတင်ပြပါသည် - မိုးမခ
ဇွန် ၂၊ ၂၀၁၀

သာသနာ့ ဒါယကာကြီး ဘဘ ဦးထိန်ဝင်းကို သာသနာသက္ကရာဇ် ၂၄၅၆ မြန်မာသက္ကရာဇ် ၁၂၇၄ တော်သလင်း လဆန်း ၄ ရက် စနေနေ့ ၁၄-၉-၁၉၁၂ ညဥ့် ၇ နာရီခွဲတွင် မြောင်းမြမြို့ခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျိုက်ပိရွာတဖက်ကမ်းရှိ သောင်တန်းကျေးရွာ၌ ဖွားမြင်သည်။ 

မိဘများမှာ အဖ မြေတိုင်းစာရေးကြီး ဦးကျော်ဟန် အမိ ဒေါ်မေသန်းဖြစ်ပြီး မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ၇ တန်းအထိ ပညာသင်ခဲ့သည်။

ပဉ္စမတန်းစာမေးပွဲမဖြေဆိုရသေးမီ လပွတ္တာမြို့သို့ ဖခင်ပြောင်းရွေ့ရသဖြင့် လပွတ္တာမြို့ မြန်မာစာသင်ကျောင်းတွင် စာပေများဆက်လက်သင်ကြားရင်း လပွတ္တာမြို့တွင် တကြိမ်တခါမျှ မထူထောင်ဖူးသေးသော ‘သုသုဗောဓက’ စာဖတ်အသင်းကို ကူလီအခစားလုပ်၍ ကြိုးစားထူထောင်ခဲ့သည်။ ထို့ပြင် လပွတ္တာမြို့၌ အင်္ဂလိပ်စာသင်ကျောင်း တခုကိုလည်း ဖြစ်မြောက်အောင်ကူညီဆောင်ရွက်ခဲ့သည်။ ယင်းနောက် လပွတ္တာမြို့နယ် ကံဘက်ရွာ၌လည်း ‘ကုသလဝသီ’ စာဖတ်အသင်းကို တည်ထောင်ခဲ့သည်။ ဆင်းရဲသူများနှင့် အသိမိတ်ဆွေမရှိသော ဧည့်သည်များ၏ နာရေးကိစ္စများကို တွင်းတူးမြေမြုပ်သည်အထိ ကူညီခဲ့သည်။

၁၉၃၄ တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ဆရာဒဂုန်နတ်ရှင်၏ ကူညီမူဖြင့် ဦးဗဂျီငို စတင်တည်ထောင်ထုတ်ဝေသော တိုးတက်ရေး မဂ္ဂဇင်းတိုက်တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၃၉ တွင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရိုက်နှိပ်ပြီးစီးခဲ့သည်။ စွန်းလွန်းဆရာတော်ဘုရား၏ အမေးအဖြေစာအုပ်များလည်း ရိုက်နှိပ်နိုင်ခဲ့ပြီးနောက် လောကုတ္တရာအတွက် ထူးခြားသော အတွေ့အကြုံများရရှိခဲ့သည်။

၁၉၅၄ တွင် ကုသလဝသီ စာပုံနှိပ်တိုက်ကို တည်ထောင်ခဲ့ပြီး ၁၉၅၀ ပြည့်မှစ၍ ၁၉၆၃ ဒီဇင်ဘာလအတွင်း ရိုက်ကူးဖြန့်ချိပြီးသော ကျမ်းစာများမှာ -

၁။ စွန်းလွန်းဆရာတော် အမေးအဖြေ ၁၃၁၁ (၁၉၄၉ ပထမအကြိမ်၊ ၎င်းနောက် အကြိမ်ကြိမ်ရိုက်နှိပ်လှူဒါန်းခဲ့)
၂။ အရှင်ဇနကာဘိဝံသဆရာတော်၏ ဗြဟ္မလသုတ် မြန်မာပြန်
၃။ ပိဠိကတ်တော်သင်ရိုးအုပ်၂၀ ကို သန့်ရှင်းအောင် တည်းဖြတ်သုတ်သင်ပြီး သင်္ဂါယနာတင်အဖွဲ့သို့ ဝန်ကြီးချုပ် ဟောင်း ဦးနုမှတဆင့် လှူဒါန်းခဲ့
၎။ ပိဠိကတ်တော်များကို ဆရာဦးအောင်မိုး အကူအညီဖြင့် မြန်မာပြန်ဆိုခဲ့ရာ ဒိဃနိကာယ်၊ မဇ္စိုမနိကာယ်အထိပြီး
၅။ အတုမဲ့ချမ်းသာ
၆။ မဟာဂန္ခာရုံဆရာတော်၏ သဂြိုလ်ဘာသာဌီကာ
၇။ တရားဥပဒေတော်ကြီး
၈။ သမညဖလသုတ် မြန်မာပြန်
၉။ ဟိတောပဒေသ ပုံပြင်
၁၀။ ဇနီးမောင်နှံ ရာသက်ပန်
၁၁။ ရာဇဓမ္မသင်္ဂဟကျမ်း
၁၂။ မင်္ဂလာပုံပြင်
၁၃။ ကလေး ဗုဒ္ဓဝင်
၁၄။ ကမ္မဌာန်းဘာသာဋီကာ
၁၅။ ဘာသာသွေး
၁၆။ မြန်မာ့မျက်ပွင့် ရွာဓလေ့ လူ့ဓလေ့
၁၇။ စာဓလေ့
၁၈။ ရုပ်စုံ ဗုဒ္ဓသာသနာဝင်
၁၉။ ဓမ္မဝိနယပြန်တမ်း
၂၀။ မနောမယိဒ္ဓိကြေးမုံ
၂၁။ ရတနာ့ဂုဏ်ရည်
၂၂။ ကိုယ်ကျင့်အဘိဓမ္မာ
၂၃။ အနာဂတ်သာသနာ
၂၄။ မူလတန်းဘာသာရေး
၂၅။ ဗုဒ္ဓနည်းဖြင့်ထူထောင်ကြစို့ စာတမ်းများ
၂၆။ ရွှေကျင်နိကာယသာသနာဝင်
၂၇။ ယောကီပါရဂူကျမ်း တို့ဖြစ်ကြပါသည်။

၁၉၅၈-၅၉ တွင် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆောင်ရွက်ခဲ့ရာ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားသဖြင့် အောင်မြင်ရန် ဝင်ရောက်ကူညီရင်း “တိုင်းပြည်ကို ဗုဒ္ဓသာသနာတော်၏အဆုံးအမဖြင့် ထူထောင်ခြင်းသာလျှင် အသင့်တော်ဆုံးဖြစ်ကြောင်း” စာရွက်စာတမ်းများ ရိုက်နှိပ်လှူဒါန်းခဲ့ပါသည်။နိုင်ငံတွင် ဗုဒ္ဓဘာသာတည်ရှိနေခြင်းအတွက် အလွန်ဝမ်းမြောက်ဖွယ်ဖြစ်ပြီး ရှေးဆရာတော် သံဃာတော် များနှင့် ပုဂံခေတ် ရှင်အရဟံ အနော်ရထာ စသည် တိုင်းပြည်အတွင်း ဗုဒ္ဓဘာသာကို စနစ်တကျ ထူထောင်ပေးသွား ကြသော ပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ဝမ်းမြောက်မိသည်။ (ဆဌသင်္ဂါရတနာတင် စတင်ကျင်းပစဉ်က ဝိုင်အမ်ဘီအေ အမည်ဖြင့် ဓမ္မဝိနယပြန်တန်း ရိုက်နှိပ်လှူဒါန်းခဲ့သည်။)

၁၉၆၀ (၁၂-၃-၆၀) စနေနေ့တွင် မနောမယိဒ္ဓိပညာကို လက်ခံယူခဲ့သည်။၁၉၆၁ (၁၉-၈-၆၁) တွင် ရန်ကုန်မြို့ ဝိုင်အမ်ဘီအေအသင်းတိုက်၌ မနောမယိဒ္ဓိပညာပြပွဲကြီး ကျင်းပခဲ့သည်။ 

ယင်းနောက် ကျုံမငေးမြို့ အထက်ပိုင်း စေတီတော်ကို ထီးတင်ခြင်း၊ ဘုရားကြီးတိုက်အတွင်း မိဘများ၏ သိမ်ကို ဘုရားနှင့်တကွ အဆောက်အဦပါ ပြုပြင်လှူဒါန်းသည်။ ၅-၇-၆၃ တွင် ယောကီပါရကူကျမ်းကို ရိုက်နှိပ်လှူဒါန်းသည်။ မနောမယိဒ္ဓိကြေးမုံအမည်ဖြင့် စာတအုပ် ရေးသားနိုင်ခဲ့သည်။ ၁၉၆၂-၆၃ တွင် ရွှေကျင်ဂိုဏ်း ဒသမအကြိမ်မြောက် အစည်းအဝေးအမီ ရွှေကျင်နိကာယသာသနာဝင် ကျမ်းစာကြီးကို ရွှေဟင်္သာ ဆရာတော်ဘုရားကြီး၏ကောင်းမူဖြင့် ရိုက်နှိပ်လှူဒါန်းခဲ့သည်။ ၁၉၆၃ တွင် ရန်ကုန် ၁၀၇ စိန်ဂျွန်းလမ်းနေအိမ်၌ တော်လှန်ရေးအစိုးရ၏ အထိန်းသိမ်းခံခဲ့ရသည်။

 ၁၉၆၄-၆၅-၆၆-၆၇ ခု၊ အောက်တိုဘာလအထိ ၄ နှစ်မျှ ထောင်အတွင်းနေခဲ့ရသဖြင့် ဗုဒ္ဓ၏ အဆုံးအမ သာသနာ တော်၏တန်ဖိုးကို ပိုမိုနားလည်သိရှိကာ ကံ ကံ၏ အကျိုးကို ပိုမိုသဘောပေါက်လာခဲ့သည်။
“ဗုဒ္ဓအလိုတော်ကျ တိုင်းပြည်ကို ထူထောင်ခြင်းသာလျှင် အချမ်းသာဆုံးလူမျိုး၊ အချမ်းသာဆုံး နိုင်ငံတော်ဖြစ်နိုင်မည်။ ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာတော်ကို စနစ်ကျကျ နားလည်ကျင့်သုံးလျှင် မုချတကမ္ဘာလုံးတွင် ချမ်းသာစွာ ရှိလိမ့်မည်ဟု ပိုမိုခိုင်မြဲစွာ ယုံကြည်လာခဲ့ပါသည်။” 
၁၉၇၃ တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော်အား ပဌာန်းတရားတော်ဟောကြားပေးရန် လျှောက်ထားခဲ့ရာ ၁၇ ရက်တိတိ ပဌာန်းတရား တော်ဟောကြားပေးတော်မူခဲ့သဖြင့် သာသနာတော်အတွက် အလွန်ကြီးကျယ်သော ကျေးဇူးတခု ဖြစ်ခဲ့ပါသည်။ ၁၉၇၃ တွင် သရိုက်ရွာဘုရားနှင့် ရဟန္တာသိမ်ကို ပြုပြင်ရန် ဆရာတော်နှင့် တိုင်ပင်လျှောက်ထားခဲ့ပြီး ကျုံမငေး အိမ်ကို ရောင်းချကာ ပြုပြင်ပြီးစီးခဲ့သည်။ 

၁၉၈၀ တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၃ တွင် တစ်ဘဝသာသနာ အမည်ဖြင့် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ သာသနာပြုပုံ အပြည့်အစုံ ပါဝင် သောကျမ်းစာအုပ်ကြီးကို စိတ်တိုင်းကျ ပြီးစီးထုတ် အောင်မြင်ခဲ့သည်။ 

၂၃-၉-၈၅ (၁၃၄၇ တောင်သလင်းလဆန်း ၉ ရက်) တနင်္လာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် တည်ထောင်ရန် မြေ စတင်ဝယ်သည်။ ၂၃-၅-၈၆ ကဆုန်လပြည့်၊ သောကြာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် ဖွင့်လှစ်သည်။ 

၁၉၈၈ တွင် မင်္ဂလာဗျူဟာအသင်းတိုက်၌ သမဏကျော် စာတော်ပြန်ပွဲအတွက် သြဝါဒခံယူကျင်းပပြီး ၉-၁၂-၈၈ တွင် စာဆိုတော်နေ့တွင် မဟာဗျူဟာ သာမဏေကျော်စာတော်ပြန်ပွဲကို ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်၌ စတင် ကျင်းပနိုင်ခဲ့သည်။ 

၉-၂-၉၀၊ ၁၃၅၁ တပို့တွဲလပြည့် မနောမယိဒ္ဓိပညာ စတင်တည်ထောင်သူ ဂိုဏ်းချုပ်ကြီး၏ အသက် နှစ် ၁၀၀ ပြည့်နှစ်တွင် ပုဂံတွင် မနောမယိဒ္ဓိ ဓမ္မာရုံတခု ဖြစ်မြောက်အောင် စတင်တည်ဆောက်ခဲ့သည်။ 

ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓ (သို့) အနှိုင်းမဲ့ ကျေးဇူးရှင် ကျမ်းစာကို တနှစ်တည်း ၄ ကြိမ်တိုင်တိုင် ရိုက်နှိပ်ပြီးစီး အောင်မြင်ခဲ့သည်။ ဘဘ ဦးထိန်ဝင်းသည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စများကို တစိုက်မက်မက် ဆောင်ရွက်ခဲ့သည်။

(ဘဘ ဦးထိန်ဝင်းသည် ၂၀-၅-၂၀၁၀ ကြာသပတေး ည ၁၀:၃၀ တွင် ရန်ကုန်မြို့ Asia Royal ဆေးခန်းတွင် ကွယ်လွန်ခဲ့ပါသည်) 

ဘဘ ဦးထိန်ဝင်း၏ ဆုံးမခဲ့သော စကားများ … … 

အားလုံး စကားကိုရှင်းအောင်ပြောကြ၊ စည်းစည်းလုံးလုံးနေ။ 

သရဏဂုံကို အသက်နှင့် ထပ်တူဆောက်တည်ပါ။ 

ဗုဒ္ဓသာသနံစိရံတိဠတု အနာဂတေသာသနံလဇ္ဇီရက္ခိဿတိ 

တစတစ စွန့်ဝံ့မှသာလျှင် ဘဝနှောင်းနှောင်း ဆက်တိုင်းကောင်း၏


သခင်အောင်ဆန်းကို ဖမ်းဝရမ်းထုတ်ခဲ့သူ ရာဇဝတ်ဝန် မစ္စတာဇေးဗီးယား

၁၉၄ဝ ပြည့်နှစ်က ဒေါင့်ကြီး (ဇလွန်မြို့နယ်)မှာ တားမြစ်ထားတဲ့ ချင်းတောင်တန်းကိစ္စ ဟောပြောမှု နဲ့ ဆုငွေ ငါးကျပ်ချီးမြှင့်မယ့် ဖမ်းဝရမ်းထုတ်ခဲ့သူ ဟင်္သာတခရိုင်၊ ရာဇဝတ်ဝန် မစ္စတာဇေးဗီးယား D.W  Harison  Xavier ကိစ္စကို အများသိကြပေမယ့် အသေးစိတ် လေ့လာတွေ့ရှိချက်တွေ ရှိသေးလို့ ရေးပြပါဦးမယ်။

ကိုလိုနီခေတ်၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်တစ်ဝိုက်က ဟင်္သာတ ခရိုင်မှာ နိုင်ငံရေးအရ နိုးကြားတက် ကြွသူတွေရှိပါတယ်။ နိုင်ငံရေး သမားတွေလည်း ထွက်ခဲ့တယ်။ တို့ဗမာ အစည်း အရုံးကြီးကို ထူထောင်ခဲ့သူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဝန်ကြီးဟောင်း သခင်ဗစိန် (နောင် ဗမာပြည် ဒီမို ကရက်တစ်ပါတီ)၊ ဝန်ကြီးမန်းဘခိုင် (နောင်-အာဇာနည်)၊ ဖဆပလ ခရိုင်ဥက္ကဋ္ဌဟောင်း ဦးသန်းတင်၊ ဝန်ကြီး ဟင်္သာတဦးမြ၊ ဝန်ကြီး သခင်ချစ်မောင် (မြန်အောင်)၊ ဝန်ကြီးစောအောင်ပ၊ အလံနီ ဗိုလ် အောင်မင်း အစရှိသည်တို့ဟာ ဟင်္သာတခရိုင်မှာမွေးဖွားကြတယ်။ တချို့လည်း ဟင်္သာတမှာ ကျောင်း နေပြီး နိုင်ငံရေးနယ်ပယ်ကို အခြေ ချသူတွေဖြစ်တယ်။

ဟင်္သာတခရိုင်ရာဇဝတ်ဝန် မစ္စတာဇေးဗီးယား
အင်္ဂလိပ်ကိုလိုနီအစိုးရက လည်း ဟင်္သာတခရိုင်အကြောင်း ကောင်းကောင်းသိတယ်။ ဗျူရိုက ရက်အရာရှိဆိုးတွေထဲက အရက် စက်ဆုံး၊ အကြမ်းတမ်းဆုံး ပုဂ္ဂိုလ် တွေကိုမှ ရွေးချယ်ပြီး ဟင်္သာတ အရေးပိုင် (D.C) ၊ ခရိုင်ရာဇဝတ်ဝန်(D.S.P) အနေနဲ့ ပို့လွှတ်တာဖြစ် တယ်။ အထက်ဖော်ပြပါ ရာဇဝတ် ဝန် မစ္စတာဇေးဗီးယား ဘယ် လောက်ဆိုးသလဲဆိုရင် နိုင်ငံတော် သမ္မတ (အငြိမ်းစား) ဒေါက်တာ ဘဦးရဲ့အဆိုအရ -မြန်မာနိုင်ငံဖွား အင်္ဂလိပ်- ကုလား ကပြားပုလိပ်အရာရှိ ဇေး ဗီးယားဆိုသူဟာ ရက်စက်ကြမ်း တမ်းသူဖြစ်တယ်။ သူ့ဇာတိမော်လ မြိုင်မှာ ခြံစိုက်ပျိုးသူဘဝနဲ့ လူသတ် မှုကို ကျူးလွန်ခဲ့သူဖြစ်တယ်။ ခြံ အလုပ်သမားကို ကြိုးနဲ့တုတ်ပြီး ပျားရည် တွေလိမ်းကျံကာ ခြတောင် ပို့နားမှာထားပြီး ခြစာကျွေး ညှင်း ပမ်းသတ်ဖြတ်မှုနဲ့ အောက်ရုံးအ ဆင့်ဆင့်ကတစ်ဆင့် တရားရုံးချုပ်  ရောက်လာတယ်။

ဥရောပခုံသမာဓိအဖွဲ့နဲ့ တရားစီရင် ရာ အမှုက ကွင်းလုံးကျွတ်လွတ်သွား ပြီး မကြာခင် ရန်ကုန်ပုလိပ်အဖွဲ့မှာ အင်စပက်တော်ဖြစ်သွားတယ်။ရာဇဝတ်မှုစုံထောက် ရာမှာ ဇေးဗီးယားနာမည်ရလာတယ်။ ရန် ကုန်မြစ်တွင်း ဆန်ခိုးဂိုဏ်းကို မိ တယ်။ ဂိုဏ်းခေါင်းဆောင်လို့ယူဆ ရသူအိမ်ကို ဝင်ရောက်ရှာဖွေရာ ငွေ ကျပ် ၁ သိန်းတွေ့ရှိတယ်။ အမှုကို ရုံးတင်တော့ ငွေ ၁ သိန်း ကို သက်သေခံမတင်ပြဘူး။ အမှု စစ်ဆေးစဉ် သုံးပစ်လိုက်ပြီလို့လည်း ဆိုတယ်။ ဌာနဆိုင်ရာ စုံစမ်းအရေး ယူခံရမယ်ထင်ပေမယ့် ဘာမျှမဖြစ် ပါ။ ရာထူး တောင်တက်သွားတယ်။ ဂဠုန် ဦးစောနန်းရင်းဝန်ဘဝက တို့ဗမာအစည်းအရုံးဝင် သခင်များ ကို နှိပ်ကွပ်ရာ လက်သံပြောင်ခဲ့လို့ မစ္စတာဇေးဗီးယားကို ရမည်းသင်း ရာဇဝတ်ဝန် (D.S.P) အဆင့်တိုး ပေးခဲ့တယ်။ ၁၉၄ဝ ပြည့်နှစ်မှာ ဟင်္သာတခရိုင် ရာဇဝတ်ဝန်ရာထူးနဲ့ ပြောင်းရွှေ့လာရင်း သခင်အောင်ဆန်းတို့ ဇလွန်တရားပွဲနဲ့ ထိပ် တိုက်တိုးတော့တာပဲ။

တို့ဗမာအစည်းအရုံး-ဟင်္သာတ ခရိုင်ကွန်ဖရင့်
တို့ဗမာအစည်းအရုံးကြီးရဲ့ နှစ်ပတ်လည်ကွန်ဖရင့်တွေကို ခရိုင် မြို့ကြီးတွေမှာ အလှည့်ကျ ကျင်းပ လေ့ရှိတယ်။ ဌာနချုပ်အမှုဆောင် တွေကို ရွေးချယ်တင်မြှောက်ရင်း အဆင်မပြေတာတွေလည်း သမိုင်း မှာ ရှိခဲ့ပါတယ်။ (ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ကွန်ဖရင့်ဆိုတဲ့ စကားလုံးကို ညီလာခံလို့ခေါ်ဆိုရန်  ပြင်ဆင်ပေးလို့ နောင်အခါ ညီလာ ခံတွေလို့ပဲ ပြောင်းလဲခေါ်ဝေါ်ခဲ့ တယ်။) ဟင်္သာတခရိုင်ကတော့ ထူးထူးခြားခြားခရိုင်အဆင့် ကွန် ဖရင့်လုပ်တဲ့အခါ ဌာနချုပ်က အထွေ ထွေ အတွင်းရေးမှူး မိန့် ကြားချက်ကိုနာယူဖို့ သခင် အောင်ဆန်းကို ဖိတ်ကြားတယ်။ တစ်ဆက်တည်း ဇလွန်ပရိသတ်က လည်း သခင်အောင်ဆန်းကို ဇလွန် မြို့နယ် ဒေါင့်ကြီးရွာတရားပွဲမှာ ဟောပြောပြီးမှ သင်္ဘောနဲ့ ရန်ကုန် ကို ခရီးဆက်ဖို့ စီစဉ်ထားကြတယ်။

ဟင်္သာတသင်္ဘောဆိပ်ကနေ ဈေးကြီးကိုဖြတ်လာပြီးမှ သခင် အောင်ဆန်းဟာ ဈေးထောင့်နားက တည်းခိုရမယ့် သခင်စိန်ဦး အိမ်ကို ရောက်တယ်။ လမ်းတစ်လျှောက် ဆေးရွက်ကြီးတွေ လမ်းပေါ်မှာ နေ လှမ်းထားတာမြင်ရလို့ သခင် အောင်ဆန်း စိတ်မသက်မသာဖြစ် ခဲ့ရတယ်။ သခင်စိန်ဦးအိမ်နဲ့ စာ ရေးသူရဲ့ အဘိုးအဘွားများအိမ်က သိပ်မကွာဝေးပါ။ သခင်အောင်ဆန်း ရောက်ရင် ဈေးသူဈေးသားတွေက သတိပြုမိကြတယ်။ အင်္ဂလိပ်အစိုးရက မနှစ်သက်သူဖြစ်နေတော့ အမှတ်တမဲ့နေကြရတယ်လို့ အဘွား လုပ်သူက ကျွန်တော်တို့ကို ပြောခဲ့ ပါတယ်။ အဘွားကလည်း ဆေး လိပ်ခုံထောင်ဖူးတယ်။ ၁၃-၇-၄၇ နေ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်ဆုံးမိန့်ခွန်းမှာ ဟင်္သာတက ဆေးရွက်ကြီးလှမ်းသူတွေကို အပြစ်တင်တော့ တို့လည်းပါတာ ပေါ့လို့ အဘွားမသေခင်က ပြော ဖူးတယ်။ (အဲဒီဈေးကြီးနဲ့ သခင် စိန်ဦးအိမ်၊ ကျွန်တော့် ဘိုးဘွားများ အိမ်တွေ ဧရာဝတီမြစ်ကမ်းတိုက် စားခံရလို့ မရှိတော့ပါဘူး။ ယခု ရှုခင်းဧရာတည်းခိုရိပ်သာ နေရာ သာကျန်ပါတော့တယ်။) ဂျပန် ခေတ်ဦးကာလ စစ်ဝန်ကြီးဘဝနဲ့ ဗိုလ်ချုပ်အောင် ဆန်းဟာ ပုသိမ်နဲ့ ဟင်္သာတကို ရောက်လာသေးတယ်။

ဒေါင့်ကြီးဇလွန်တရားပွဲ
ဟင်္သာတကနေ ဇလွန်မြို့က တစ်ဆင့် ဒေါင့်ကြီးရွာတရားပွဲကို သခင်အောင်ဆန်းကူးသွားတော့ ညဘက်ဟောပြောရမှာဖြစ်တယ်။ သာယာဝတီ၊ လက်ပံတန်းမြို့နယ် တွေကလယ်သမား၂ဝဝဝကိုလည်း ဝိဓူရသခင်ချစ်မောင်က ဦးဆောင် ပြီးလှည်းတတန်၊ လှေ တတန်နဲ့ သခင်အောင်ဆန်းရဲ့ မိန့်ကြားချက် ကိုနာယူဖို့ ရောက် နေကြပါပြီ။ တရားဟောနေတုန်း ပုလိပ် စုံ ထောက်တစ်ယောက်က ရာဇဝန်ဝန် ဇေးဗီးယားထံမှ စာတစ်စောင် လာ ပေးတယ်။

ချင်းတောင်ကိစ္စကို သခင်အောင်ဆန်း ထည့်သွင်း မပြောပါနဲ့လို့ တားမြစ်တဲ့စာဖြစ် တယ်။ အကယ်၍ ဟောရင်လည်း တရားပွဲအပြီး ဖမ်းဆီးဖို့ ဖမ်းဝရမ်း တစ်စောင်ပါ ပုလိပ်စုံထောက်တွေ လက်ထဲမှာ ရှိတယ်လို့ အဆိုရှိတယ်။ ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားများထကြွမှုမှာ နယ်ချဲ့ တွေက နှိမ်နင်းလို့ လူ ၁ဝဝ ခန့် သေကျေခဲ့တဲ့သတင်းကို ပြည်မက မသိအောင် အင်္ဂလိပ်က ထိန်ချန်ထားတယ်။ မျက်စိကြီး၊ နားကြီး နိုင်ငံရေးသမားတွေက သိတာပေါ့။ သခင်အောင်ဆန်းကလည်း ချင်းတောင်ကိစ္စပြောဖို့ သတိမေ့နေတာ အခု စာရောက်လာမှ သတိရပြီး ဟောရဦးမယ်ဆိုပြီး ဖြစ်ကြောင်းကုန်စင် ဟောတော့တာ ပဲ။ 

 ဒေါင့်ကြီးတရားပွဲပြီးတော့ လူ တွေသိပ်များနေလို့ ပုလိပ်တွေက မဖမ်းရဲပါ။ သခင်အောင်ဆန်းကို လိုက်ပို့သူများကလည်း ဒေါင့်ကြီး သင်္ဘောဆိပ်ကနေ ရန်ကုန်ဘက် သွားမယ့်သင်္ဘောကို မစီးစေဘဲ ဟင်္သာတဘက်ကို ဆန်တက်မယ့် သင်္ဘောကို စီးခိုင်းတယ်။ ဌာနချုပ် က အဖော်တွေလည်းပါတယ်။ ပုလိပ်တွေက ဟင်္သာတသင်္ဘော ဆိပ်မှာ ဖမ်းဖို့ စောင့်နေကြတယ်။ ဟင်္သာတမ ရောက်ခင် သာဓု ချောင်းရွာမှာ သင်္ဘောကပ်တဲ့အခါ သခင်အောင်ဆန်းတို့ ရွာထဲဆင်းနေကြတယ်။

 ပြည်မြို့က ရန်ကုန် စုန် ဆင်းလာတဲ့ သင်္ဘောက ဟင်္သာ တမြို့ဆိုက်ပြီးနောက် သာဓုချောင်း ရွာမှာကပ်တယ်။ အဲဒီသင်္ဘောနဲ့ ရန်ကုန်ဘက်စီးလာပြီး ရန်ကုန် မရောက်ခင် သင်္ဘောဆိပ်တစ်ခုမှာ ဆင်းပြီး ရန်ကုန်ရောက်လာ တယ်။ ၁၂-၇-၄ဝ နေ့ မစ္စတာ ဇေးဗီး ယားက သခင်အောင်ဆန်း ကို ဖမ်းဆီရမိအောင် သတင်းပေးနိုင် လျှင် ဆုတော်ငွေ ၅ ကျပ် ဟူ၍ နှိမ့်ချတဲ့သဘောနဲ့ ကြေညာ တာကို နိုင်ငံသိလုပ်လိုက်တယ်။

 ရန်ကုန် ရောက်တော့ သခင်လှဖေ (ဗိုလ် လက်ျာ)တို့အဖွဲ့က သခင်အောင် ဆန်းကို ဝှက်ထားပြီး ၈  သြဂုတ် ၁၉၄ဝ နေ့မှာ နိုင်ငံခြား အဆက် အသွယ်ရှာဖို့ တရုတ်နိုင်ငံသွားမယ့် ဟိုင်းလီသင်္ဘောပေါ်ကို သခင်လှ မြိုင် (ဗိုလ်ရန်အောင်)နဲ့အတူ တင် လိုက်ရတယ်။ အားလုံး ၂၈ ရက် တိတိ သခင်အောင်ဆန်း ကိုယ် ယောင်ဖျောက်နေခဲ့ရတယ်။

ဇေးဗီးယားဘယ်ရောက်သွားလဲ
ဂျပန်မှာ ရဲဘော်သုံးကျိပ်စစ် ပညာသင်အပြီး အင်္ဂလိပ်ကို တိုက် ခိုက်ဖို့ မော်လမြိုင်စစ်ကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ B.I.A တပ် မတော် ချီတက်လာတယ်။ ဂျပန် လေတပ်ကလည်း ရန်ကုန်မြို့ကို ၂ ကြိမ် ဗုံးကြဲလို့ အင်္ဂလိပ်ဘုရင်ခံနဲ့ တကွ မျက်နှာဖြူတွေ မြစ်ကြီးနား ကတစ်ဆင့် အိန္ဒိယကို စစ်ပြေးရ တယ်။ ခရိုင်ဝန်၊ ခရိုင် ရာဇဝတ်ဝန်၊ တွေကိုလည်း နိုင်ငံပိုင်ငွေကြေး အ ဖိုးတန်ပစ္စည်းတွေကို သတ်မှတ် ထားသူတွေကို အပ်နှံပြီးမှ စစ်ဘေး က ရှောင်ရမယ်လို့ ညွှန်ကြားတယ်။

နိုင်ငံတော်သမ္မတ အငြိမ်းစား ဒေါက်တာဘဦးရဲ့အဆိုအရ ဟင်္သာ တခရိုင် ရာဇဝတ်ဝန် မစ္စတာဇေးဗီး ယားဟာ နိုင်ငံပိုင်ငွေကြေး သိန်း ပေါင်းများစွာကို ယူဆောင် ထွက် ပြေးခဲ့သူလို့ ဆိုပါတယ်။၁၉၄၂ ခုနှစ် စစ်ပြေးကြတော့ ဒေါက်တာဘဦးက တရားဝန်ကြီး ဘဝနဲ့ ကသာမြို့ကို စစ်ရှောင်ဖို့ ပုသိမ်မှာရှိတဲ့ မိဘတွေကို သွား ရောက် ခေါ်ဆောင်ပြီး ဟင်္သာတမြို့ ကို ရောက်လာပါတယ်။ ဟင်္သာတ ခရိုင်၊ ရာဇဝတ်ဝန် မစ္စတာဇေးဗီး ယားနဲ့တွေ့ပြီး အထက်ဆန်ဖို့ သင်္ဘောအကူအညီ တောင်း တယ်။ ဧရာဝတီဖလိုတီလာကုမ္ပဏီပိုင် သင်္ဘောတစ်စင်းကို ပေးတယ်။ သင်္ဘောဆလင်နဲ့ စက်ဆရာကို ခက်ခဲစွာရှာယူခဲ့ရတယ်။

အဲဒီ သင်္ဘောနဲ့ ဟင်္သာတက ပြည်မြို့ကို ဆန်တက်လာတော့ နောက်နားက အရေးပိုင်သင်္ဘောနဲ့ မစ္စတာဇေးဗီး ယားတို့လည်း ဆန်တက်လာတာ တွေ့မြင်ရတယ်။ လုံခြုံမှုရှိတဲ့ အရေးပိုင်သင်္ဘောနဲ့ လွှတ်တော် တရားဝန်ကြီး ဒေါက်တာဘဦးတို့ သားအဖေတွေကို တစ်ပါတည်း ခေါ်လာနိုင်ပါလျက်နဲ့ မခေါ်ခဲ့ပါ။ (သူ့သင်္ဘောမှာ အစိုးရဘဏ္ဍာငွေ တွေပါလာတာ ဒေါက်တာဘဦး သိသွားမှာ စိုးလို့ဖြစ်ပါတယ်။) ပြည်မြို့ ကိုရောက်တော့ အရေးပိုင် မျက်နှာဖြူကို အထက်လူကြီးတွေက ပြန် ခေါ်ပါတယ်။ မစ္စတာဇေးဗီးယားက အစိုးရငွေတွေကို သက်ဆိုင်ရာကို မအပ်နှံဘဲ အရေးပိုင်သင်္ဘောနဲ့ ထွက်ပြေး လွတ်မြောက်သွား ကြောင်း အစီရင်ခံစာအရ သိရပါ တယ်။ အိန္ဒိယပြည်ဘက်ကို ထွက် ပြေးလိမ့်မယ်လို့ ယူဆရပါတယ်။

ဇေးဗီးယားစစ်ပြီးခေတ်မှာ အလုပ်ပြန်ရသေးလား
အစိုးရဘဏ္ဍာငွေ အလွဲသုံးစား ပြုတယ်လို့ သင်္ကာမကင်းခံရတဲ့ အရာရှိများကို ဂျပန်ခေတ်၊ စစ်ပြီး ခေတ်၊ လွတ်လပ်ရေးခေတ်များမှာ ဒေါက်တာဘဦး၏ အဆိုအရ အလုပ်ပြန်မခန့်တော့ဟု သိရပါတယ်။ စစ်ပြီးစ (Cas.B) ဗြိတိသျှစစ်အုပ် ချုပ်ရေးခေတ်မှာ မစ္စတာဇေးဗီးယား ဟင်္သာတခရိုင်ရာဇဝတ်ဝန်အြ့ဖစ် ပြန်ရောက် လာ ပြန်တယ်။

ကျွန်တော်၏ ဦးလေးတော်သူ ဟင်္သာတ ဗိုလ်ဖုန်းမြင့်ဟာ မျိုးချစ် ဗမာ့တပ်မတော် P.B.F တွင် အမှု ထမ်းဖူးတယ်။ အသက် ၈ဝ အတွင်းရောက်နေသော ဗိုလ်ဖုန်း မြင့်၏ အပြောအရ ခရိုင်ရာဇဝန်၏ အိမ်ကြီးကို D.S.P အဆက်ဆက်နေ ထိုင်လာခဲ့ကြတယ်။ ရာဇဝတ်ဝန် ရာထူးကို နောင်အခါ ခရိုင်ရဲဝန်၊ ကြီးကြပ်ရေးမှူး (ပြည်သူ့ရဲ)၊ လက်ထောက်တိုင်းတပ်ဖွဲ့မှူး (ပရ) စသဖြင့် ခေတ်အလိုက် ခေါ်ဝေါ်လာ ကြတယ်။ အဲဒီပုဂ္ဂိုလ်များ ယခု အထိ နေထိုင်ကြတဲ့အိမ်ကြီးမှာ မစ္စတာ ဇေးဗီးယား နေထိုင်ခဲ့တဲ့ အိမ်ကြီးသာဖြစ်ပါတယ်။ မစ္စတာ ဇေးဗီးယား အိမ်ဘေး(လမ်းထောင့်ကွက်လပ်) ပညာရေးရိပ်သာပိုင်မြေ နေရာမှာ P.B.F တပ်မတော်တပ်စု တစ်ခု စခန်းချနေထိုင်ခဲ့ဖူးတယ်။ P.B.F မျိုးချစ်ဗမာ့ တပ်မတော် သားများဟာ ဗိုလ်ချုပ်အောင်ဆန်း ကို လွန်ခဲ့တဲ့ ၅ နှစ်က ဆုငွေ ၅ ကျပ်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ မစ္စတာ ဇေးဗီးယားအပေါ် အမြင်မကြည်လင်ကြပါ။ ဒါကြောင့် သူ့အိမ်ဘက် ကို စက်သေနတ်ပြောင်းဝများကို ချိန်ထားပြီး ကျီစယ်ကြဖူးကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။

ဒေါက်တာဘဦးအလိုအရ စစ် ပြေးကာလ နိုင်ငံဘဏ္ဍာအလွဲသုံး စားပြုသူများဟု သင်္ကာမကင်းဖြစ် ခံရသော အရာရှိများ အလုပ်ပြန်မခန့်ဟုဆိုသော်လည်း ကက်စဘီ ခေတ်မှာ ခရိုင်ရာဇဝတ်ဝန် မစ္စတာဇေးဗီးယား ဟင်္သာတသို့ ပြန် ရောက်လာပြီး ရာထူးမပြုတ် အခြေ မပျက်ရှိသည်ဟု မှတ်ချက်ချရမလို ဖြစ်နေပြန်တယ်။ ဘာပဲပြောပြော အရင်တုန်းကလည်း ရာထူးမြဲခဲ့ သော (ရာထူးတွေ အဆင့်ဆင့်တက် ခဲ့သော) မစ္စတာဇေးဗီးယားမှာ ခေတ်ပြောင်းသော်လည်း (မဟုတ်တာ တွေပဲ လုပ်ခဲ့ရင်း) သူ့စည်းစိမ် မပျက်ရှိသဖြင့် အာဂဇေးဗီးယား ဟုသာ ပြောရမည်ဖြစ်ပါတယ်။

မိုးမြင့်ဝင်း (သိပ္ပံနှင့်နည်းပညာ)
 popularmyanmar

11 Sept 2012

သခင်ထွန်းလွင် (ဗိုလ်ဗလ)

သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ် ဗိုလ်ဗလ
သန်းဝင်းလှိုင်
ဇူလိုင် ၈၊ ၂၀၁၂
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလ၏ ငယ်နာမည်မှာ ကိုသန်းရင်ဖြစ်သည်။ ယင်းနောက် စနေသားဖြစ်သည့်အတွက် နေ့နံအတိုင်း ထွန်းလွင်ဟု အမည်ပြောင်းခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် မြောင်းမြစီရင်စု တို့ဗမာအစည်းအရုံးသို့ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်မှုကြောင့် သခင်ထွန်း လွင်အမည်တွင်ခဲ့သည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်နာမည်မှာ အိုတာနီဟီိရိုရှီ (Otani Hiroshi) ဖြစ်သည်။ ထို့နောက် ထိုင်း နိုင်ငံဘန်ကောက်မြို့တွင် ရဲဘောသုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်ဗလဖြစ်လာခဲ့သည်။