27 Jan 2013

တော်လှန်တယ် ဆိုတာ အဓိပ္ပါယ်ဘာလဲ။ (ဗိုလ်ချုပ်အောင်ဆန်း)

တော်လှန်တယ် ဆိုတာ အဓိပ္ပါယ်ဘာလဲ။ (ဗိုလ်ချုပ်အောင်ဆန်း)

 

ဒီနယ်ဟာ တော်လှန်ရေးစခဲ့တဲ့နယ်ဖြစ်တယ်။

တော်လှန်တယ်ဆိုတာ အဓိပ္ပါယ်ဘာလဲ။

 
များသောအားဖြင့် ယူဆ နေကြတာက သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာ တော်လှန်ရေးလို့ ယူဆနေကြတယ်။ ဒါဟာ လုံးဝမမှန်ဘူး၊

တော်လှန်ရေးကိုသာ သွေးထွက်သံယိုရှိတဲ့ တော်လှန်ရေး၊ သွေးထွက်သံယို မရှိတဲ့ တော်လှန်ရေးရယ်လို့ နှစ်မျိုးရှိတယ်။

တော်လှန်ရေးဟာ ယခုမှသာ ဖြစ်တာမဟုတ်ဘူး၊ စစ်ကြီးမဖြစ်ခင်ကလဲ တော်လှန်ရေး ဖြစ်တဲ့သဘောတရားတွေ ဖြစ်နေတာဘဲ။ ယခုစစ်ကြီး ဖြစ်ပြီးမှ တော်လှန်ရေးဟာ သိသိသာသာကြီး ပြောင်းလဲနေတယ်။

လူတွေက သတိ မထားဘဲ အမှတ်တမဲ့ နေကြလို့ တော်လှန်ရေး သဘောတရားများဟာ အရေအတွက် အသေးစိတ် သဘောကအရည်အချင်း အစိုင်အခဲသဘောသို့ ပြောင်းနေတာကို မမြင်ကြဘူး။ ခေတ်ကြီး တခေတ်ခြားပြီး အစိုင်အခဲဖြစ်ပြီး ဖြစ်ပေါ်လာတော့မှသာ မြင်ကြတယ်။

ဥပမာ ကိုယ့်ရွာမှ လူပျိုပေါက် ကလေးတယောက် ကြီးထွားလာသော်လဲ အမှတ်တမဲ့ နေကြလို့ ကြီးလာတယ်မထင်ကြဘူး။ ဒီလိုလူပျိုပေါက်က လေးဟာ အခြားတမြို့ တရွာသို့ သွားနေပြီး၊ ရွာပြန်လာတဲ့အခါ တယ်ကြီးပါကလားလို့ထင်ကြ၊ ပြောကြတယ်။ ဒီသ ဘောအတိုင်းဘဲ၊ နေ့စဉ်မျက်မြင်ကို သတိမထားဘူး။ အမှန်တော့ တော်လှန်ရေးသဘောတရားများဟာလဲ အ ကြောင်းအကျိုး ဆက်ပြီးအရေအတွက် အသေးစိတ်သဘောက အရည်အခြင်း အစိုင်အခဲသဘောသို့ ပြောင်းလဲ နေတာဘဲ။

တော်လှန်ရေး သဘောအားဖြင့် ကြည့်လျှင် တော်လှန်ရေး သဘောတရားများ အသေးစိတ်သဘောက အစိုင်အ ခဲသဘောသို့ ပြောင်းလဲပြီး၊ ပေါက်ကွဲလာတာ အမျိုးမျိုးတွေ့ရတယ်။

ဥပမာ ရှေးအခါက ပြင်သစ်ပြည်ကြီးဟာ လယ်ရှင်စနစ်အရ စီမံပုံ ဆိုးဝါးလွန်းလို့ တိုင်းသူပြည်သားတွေဟာ အမျိုးမျိုး ညှင်းပန်းမှု ခံကြရတယ်။ ဒီအခါမှ တိုင်းသူပြည်သား၏ မကျေနပ်မှု၊ မခံနိုင်မှု အသေးစိတ် သဘောတရားများသည် အစိုင်အခဲသဘောသို့ ပြောင်း လဲပြီး တော်လှန်ရေး ပေါက်ကွဲလာတယ်။ ရုရှားပြည်မှာလဲ ဇာဘုရင်၏အုပ်ချုပ်ပုံစနစ်ကို အလုပ်သမားတွေရော၊ တောင်သူလယ်သမားတွေရော နောက်ဆုံးစစ်တပ်ပါမကျေနပ်မှု အစိုင်အခဲကြီး ဖြစ်လာတဲ့အတွက် အကြီးအ ကျယ် ပေါက်ကွဲခဲ့တယ်။

ပဌမတော့ သွေးထွက်သံယိုမရှိတဲ့ တော်လှန်ရေး ဖြစ်သော်လဲ နောက်ဆုံးတော့ သွေး ထွက်သံယိုတော်လှန်ရေးဖြစ်လာတယ်။

ဥပမာ စီးဆင်းလျက်ရှိတဲံ ရေအယဉ်ကို ကန့်တားပိတ်ဆို့လိုက်တဲ့အခါ ပြန်စီးလာတဲ့ရေဟာ အတင်းယင်လဲ ထိုး ထွက်ရမယ်။ သို့မဟုတ် ပြည့်လျှံအန်ထွက်ပြီး ဆီးမနိုင်တားမရယင်လဲ ဖြစ်ရမယ်။ တနည်း ရေနွေးငွေ့များကို ထွက်နေကြ မထွက်စေဘဲ ပိတ်ထားလိုက်လျှင် ပေါက်ကွဲသွားရတယ်။

ဒီသဘောအတိုင်း နိုင်ငံရေးအားဖြင့် တော် လှန်ရေးသဘောတရားများဟာလဲ မပြတ်အစဉ်အဆက်ဖြစ်နေကြတယ်။ ဒီလိုအဖြစ်အစဉ်ကို ဟန့်တားလျှင် ပေါက်ကွဲလာမှာဘဲ။ မည်သည့် တိုင်းပြည်မဆို သူ့တိုင်းပြည်မှာ သူ့အကြောင်းနှင့် တော်လှန်ရေး ဖြစ်စဉ်များရှိကြ တာဘဲ။

(ရွေးကောက်ပွဲအတွက် လှည့်လည် ဟောပြောရင်း ၁၉၄၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် အာလံမြို့ ၌ ကျင်းပ သော တော်လှန်ရေးနေ့ အခမ်းအနားတွင် မြွက်ကြားသည့် မိန့်ခွန်း)

No comments:

Post a Comment