27 Jan 2013

ဝံသာနုဇာတ်မင်းသားကြီး ဦးအောင်မောင်း



(သစ္စာ+မေတ္တာ ကိုကိုအောင်)  


မြန်မာတို့ရဲ့ ဆိုရိုး ဝေါဟာရ စကားတစ်ရပ်မှာ “အောင်မောင်းတောင့်ထား” ဆိုတဲ့ စကား ရှိပါတယ်။

ဆိုလိုတာက မိမိရဲ့ လျှောက်လှမ်းနေတဲ့ ဘ၀ခရီး တစ်လျှောက် ဘယ်လို အခက်အခဲတွေပဲ တွေ့တွေ့ ဇွဲမလျှော့ဘဲ လိုရာခရီး ရောက်အောင် ဇွဲနဲ့ လျှောက်လှမ်းဖို့ အားပေးတဲ့ ဝေါဟာရ စကား တစ်ရပ်ပါ။ ဒီစကားရပ်ဟာ ဇာတ်မင်းသားကြီး ဦးအောင်မောင်းကို ပရိသတ်က အားပေးတဲ့ စကားက တစ်ဆင့် တွင်လာခဲ့တာပါ။ စစ်ကြိုခေတ်တုန်းက ဦးအောင်မောင်းဟာ ဇာတ်ခုံပေါ်က နေပြီး သုံးရောင်ခြယ် သီချင်းကို ဆိုပြီး ခြေထိုး အကနဲ့ ထွက်ပြီး ကတတ်ပါတယ်။ လက်တစ်ဖက်က သုံးရောင်ခြယ် အလံကြီး ကိုင်လို့ပေါ့။ တကယ့် ၀ံသာနု ဇာတ်မင်းသားကြီးပါ။

ဒါကြောင့် ပွဲကြည့် ပရိသတ်က ဦးအောင်မောင်းရဲ့ အကနဲ့ ဇာတိမာန် သုံးရောင်ခြယ် သီချင်း အဆို ကောင်းတာကို အားပေးတဲ့ အနေနဲ့ အောင်မောင်း တောင့်ထားလို့ တစ်ခဲနက် အားပေးတဲ့ ပွဲကျ စကားတစ်ရပ်ပါ။ ပွဲကြည့်တွေ ကလည်း ဇာတိမာန် စိတ်ဓာတ် နိုးထနေတဲ့ အချိန်ကိုး။ ဦးအောင်မောင်းဟာ ဇာတ်မင်းသား ဆိုပေမယ့် သေးသေးသွယ်သွယ် ချောချောလှလှတော့ မဟုတ်ဘူး။ တောင့်တောင့်တင်းတင်း နဲ့ ယောက်ျား အလွန်ဆန်တဲ့ ရုပ်မျိုး။

ဟန်မှင်မောင်း အလွန် ကောင်းပါတယ်။ သူက နယ်ချဲ့ ကိုလိုနီခေတ်မှာ ဇာတ်မင်းသား ဖြစ်ခဲ့တာ။ မင်းသားဖြစ်ဖို့ ဇွဲနဲ့အတော် ကြိုးစားခဲ့ရတာပါ။ အဓိက တင်ပြချင်တာ ကတော့ သူက ဇာတ်မင်းသား ဆိုပေမယ့် ၀ံသာနု စိတ်ဓာတ် အပြည့်ရှိတဲ့ မင်းသားမို့ လေးစား ဂုဏ်ပြုထိုက်တဲ့ အကြောင်းကို တင်ပြချင်တာပါ။ သူ့ရဲ့ အနုပညာထဲမှာ အောင်မောင်း ခြေထိုးဆိုတဲ့ အကဟာ ပွဲကြည့် မမေ့နိုင် လောက်အောင် ကောင်းတာပေါ့။ သူက ကိုလိုနီခေတ်မှာ နာမည် ကြီးခဲ့တဲ့ မင်းသား ဆိုပေမယ့် ကိုလိုနီ အစိုးရကို မြှောက်ပင့်ပြီး ဘုန်းတော်ဘွဲ့ ဆိုတဲ့ မင်းသား မဟုတ်ဘူး။ မဟုတ်မခံ သတ္တိအလွန် ကောင်းပါတယ်။

ပွဲကရင်း ၀ံသာနုတရား ဟောချင်ရင် ဟောနေတာပါ။ ဇာတိက မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့ သစ်နယ်၊ လဲလူရွာကပါ။ အဘ ဦးနေဒွန်း၊ အမိ ဒေါ်ငွေဘွင့်ပေါ့။ သူဇာတ်မင်းသား ဖြစ်ဖို့ အတော်လေး ရုန်းကန် လာခဲ့ရတာပါ။ ဒုတိယ ကမ္ဘာစစ် မတိုင်မီ စစ်ကြို ကာလမှာ မြန်မာ တစ်မျိုးသားလုံးဟာ သူ့ကျွန် ဘ၀က လွတ်မြောက်လိုတဲ့ အမျိုးသား ဇာတိမာန် စိတ်ဓာတ်တွေ အလွန် ပြင်းထန် လာပါတယ်။ ဒီအချိန်မှာ တေးဂီတ စာပေ၊ ဇာတ်သဘင် အနုပညာရှင်များကလည်း အနုပညာ လက်နက်နဲ့ ပြည်သူတွေကို အားပေးခဲ့ပါတယ်။ ဦးအောင်မောင်းဟာ တို့ဗမာ အသင်းကို ၀င်ပြီး သခင်အောင်မောင်းလို့ အမည် ခံခဲ့ပါတယ်။

တို့ဗမာ အသင်းဟာ ၁၉၃၀ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ ဗမာ ပြည်ကိုချစ်ပါ၊ ဗမာစကားကို လေးစားပါဆိုတဲ့ အမျိုးသားရေး ဆိုင်ရာ ကြွေးကြော်သံ တွေနဲ့ ဖွဲ့စည်းခဲ့တာပေါ့။ လူတန်းစား အသီးသီးဟာ တို့ဗမာ အသင်းကို နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ဓာတ်တွေနဲ့ ၀င်လာခဲ့ကြတယ်။ တို့ပြည်မှာ တို့သခင် ဆိုတဲ့ စိတ်ဓာတ်နဲ့ တို့ဗမာ အသင်းဝင်တွေရဲ့ ရှေ့မှာ သခင်အမည် တပ်ခဲ့ကြတယ်။ တေးပြုစာဆို ရွှေတိုင်ညွန့်လည်း တို့ဗမာ အသင်းဝင်ခဲ့တာပဲ။

ရွှေတိုင်ညွန့် ရေးတဲ့ ဇာတိမာန်တေးတွေ အများကြီး၊ ဒီအထဲက သုံးရောင်ခြယ်ဟာ စံထားလောက်တဲ့ သီချင်းပေါ့။ တို့ဗမာ အသင်းရဲ့ အလံက အ၀ါ၊ အစိမ်း၊ အနီအရောင် သုံးမျိုးပါတယ်။ ဒါကို အကြောင်းပြုပြီး သုံးရောင်ခြယ် သီချင်းရယ်လို့ ရေးတာပါ။ ဦးအောင်မောင်းဟာ ဇာတ်ကရင်း သုံးရောက်ခြယ် သီချင်းကို နှစ်ပါးသွားမှာ ဆိုပြီးကလေ့ ရှိတယ်။ သူက တို့ဗမာ အသင်းဝင် မဟုတ်လား။ ၀ံသာနုစိတ် ဓာတ်ပြင်းတဲ့ မင်းသား၊ ငိုချင်းဆိုရင် တခြား မင်းသားတွေလို ငိုချင်းရှည်ကြီးနဲ့ ဆိုတာ မဟုတ်ဘူး။ ဒေါနဲ့မာန်နဲ့ အားမာန်အပြည့် ငိုတာ။ ပန်းပဲမောင်တင့်တယ် ဇာတ်ဆိုရင် အင်မတန် ကောင်းတာပေါ့။ နှမငယ်ကို တော်ကောက်သွားတဲ့ ဘုရင်ကို ဒေါသနဲ့ ကြိမ်းမောင်းပြီး ငိုတဲ့အငိုက ပွဲမက်လောက်အောင် ကောင်းပါတယ်။ သူ့ရဲ့ နှစ်ပါးသွားမှာ ကတဲ့ ခြေထိုးအကဟာ သူ့ရဲ့ မူပိုင်အောင်မောင်း ခြေထိုးရယ်လို့ တွင်ခဲ့တာပါ။ ဖိုးစိန် ခြေက ကောင်းတာ တစ်မျိုးပါ။ အောင်မောင်းက ခြေက မဟုတ်ဘူး။ ခြေထိုး ကောင်းတာပါ။

ဇာတ်စင် အတွင်းဘက်က နေပြီး ထိုးလိုက်တဲ့ ခြေဟာ ဇာတ်စင် ရှေ့နားကို ဟန်ချက်ဆိုင်းချက်နဲ့ ကွက်တိကျအောင် ထိုးကနိုင်ပါတယ်။ သူစီးတဲ့ ဖိနပ်မှာ ဘာမှ တပ်ထားတာ မဟုတ်ဘူး။ ကတဲ့ ဟန်ချက်ကိုက ကောင်းတာပါ။ ဦးအောင်မောင်း သီဆိုပြီး ထွက်တဲ့ သုံးရောင်ခြယ် သီချင်းဟာ ရွှေတိုင်ညွန့် ရေးတာ။ ၁၉၄၀ မှာ မကြည်အောင် အဆိုနဲ့ ဓာတ်ပြား ထွက်ခဲ့ပါတယ်။ ဦးအောင်မောင်း ဆိုတဲ့၊ ကတဲ့ သုံးရောင်ခြယ် သီချင်း အပြည့်အစုံကို ဖော်ပြပါတယ်။

သုံးရောင်ခြယ် သီချင်း
တေးရေး-ရွှေတိုင်ညွန့်
တေးဆို- မကြည်အောင်

တို့ဗမာ ခေတ်အစဉ်မညှိုးပြီ၊ ရှစ်ပလ္လင် စိုးခဲ့ပါတဲ့ ဓမ္မရာဇ် ဘုရင်ရိုး ကုန်းဘောင်နွယ် မှန်သည်၊ သုံးရောင်ခြယ် အလံတော်ကြီး ကမ္ပည်းနဲ့ စိုက်ထူမည်။
(ဗုဒ္ဓမြန်မာပြည်၊ ဥတ္တမစာဂီ၊ အောင်မင်္ဂလာ တရားနဲ့စုံညီ)၂

(အတိတ်တဘောင် သြဘာထွန်းသည်၊ နိမိတ်ဆောင်ကာ ပြောရဦးမည်။ အတိတ်တဘောင် သြဘာထွန်းသည်၊ ကျွန်းလင်္ကျာ ဇမ္ဗူဒီ)၂ (တို့အမျိုးဇာတိ က ဘုန်းရှိခဲ့တာ ယုံကြည်၊ တက်လူများ ဒီစိတ်ထားနဲ့ စွန့်စားခဲ့ကြသည်)၂ (ဗမာပြည်ဝယ် ဘုန်းရောင်လက်သည်၊ သာကီနွယ် ကုန်းဘောင်ဆက်သည်)၂ ကမ္ဘာကို စိုးမိုးအုပ်ချုပ်ခဲ့ကြပြီ၊ ခေတ်သစ် ထူထောင်မည်၊ အရောင် သုံးမျိုးနဲ့ တို့အလံ စိုက်ထူမည်။

(ဗမာကိန်းအညီ၊ အ၀ါအစိမ်းအနီ၊ အ၀ါရောင်ရည်ရွယ်ချက်က သာသနာရယ်၊ ဘာသာရယ်၊ ပညာရယ် တိုးလိမ့်မည်၊ အစိမ်းရောင် ဆိုတာကတော့ စပါး ဆန်ရေရွှေငွေ အထွေထွေ ပေါမည်(အနီရောင် မြင်သူ အသည်းမှာ ရဲစိတ် ရဲမာန် ထက်သန်ကြမည်)၂ တို့ဗမာကုန်းဘောင် နွယ်မှန်သည်၊ သုံးရောင်ခြယ် အလံတော်ကြီး ကမ္ပည်းနဲ့ စိုက်ထူမည်။

(တို့မြန်မာပြည်)၂ အနောက်ဘက်မှာတော့ ဗုဒ္ဓဟေ နန်းတည်၊ အရှေ့ဘက်ကတော့ ပြုဗ္ဗေရှမ်းပြည်၊ မြောက်ဘက် ကတော့ တရုတ်မြေ စခန်းအတည်၊ တောင်ဘက်ကတော့ သမုဒ်ရေစမ်းအေး ချမ်းသာယာစည်)၂ (မြန်မာပြည် ရာဇာ ကင်းပေမယ့် သာသာနာ အဆင်းကတော့ လင်းပေသည်)၂ မင်းနေပြည် တရား အမှန်ကြိုက်သည်။ ကမ္ဘာ့အလံ စိုက်ပြီ၊ တိုက်တစ်သောင်းက ခညောင်း ရစေမည်။ တို့အလံသည် အရောင်သုံးမျိုး တန်ခိုး ပြည့်စုံသည်။

(မျိုးဇာနည် သမ္ဘာမညှိုး၊ နိုးကြား လာကြပြီ၊ တို့ဗမာပြည် ဆထမ်းပိုးတန် ခိုးသာလိမ့်မည်၊ ရိုးရာအညီ၊ ကမ္ဘာ အတွင်း ထွန်းလင်းကြလိမ့်မည်) (တိုင်းပြည်အကျိုး သယ်ပိုး ဆောင်ရွက်ကြ သည်၊ ဗုဒ္ဓဘာသာများ သဒ္ဓါပွားတရား နဲ့ပညီ)၂ (တို့ဗမာမင်းတွေ ထင်လင်း ပေတော့သည်)၂ ရေမြေ နှစ်လီပိုင် အုပ်စိုး ဖြိုးမောက်ခဲ့ပြီ၊ ဗမာကိန်းအညီ.... စိုက်ထူမည်။

ဦးအောင်မောင်းရဲ့ စစ်မဖြစ်ခင်က သွင်းခဲ့တဲ့ ဇာတ်ထုပ် တွေထဲက ပဒုမ ပေါင်တို ဇာတ်ထုပ်ဆိုရင် မင်းသမီး ပဲခူး မြနဲ့တွဲပြီး သွင်းခဲ့တာ။ သူ့ရဲ့ စံထား လောက်တဲ့ ဇာတ်ထုပ်ပေါ့။ စစ်ပြီးလို့ လွတ်လပ်ရေး ခေတ်မှာလည်း တော်တော် နာမည်ကြီး ခဲ့ပါတယ်။ ၀ဏ္ဏကျော်ထင် ဘွဲ့လည်းရခဲ့ပါတယ်။ ကြီးတော့ရဟန်း ၀တ်ပြီး နယ်လှည့်လို့ တရားဓမ္မများ ဟောခဲ့သေးတယ်။ နောက်တော့ ရဟန်း ဘောင်ကထွက်ပြီး ဇာတ်ပြန်ကပါတယ်။ အသက် ၇၀ ကျော်အထိ ဇာတ်က သွားတာပါ။ သူ နောက်ဆုံးက သွားတာ ဧရာ ၀တီတိုင်း ဒေသကြီးက၊ အင်္ဂပူမြို့မှာပါ။ ပထမ တစ်ညကပြီး နောက်တစ်နေ့မှာ ဆုံးတာပဲ။ အသက်အရွယ် ကြီးတော့ ဇာတ်ရုံထဲမှာနေရတာ ပင်ပန်းမှာစိုးလို့ မြို့ထဲက အသိမိတ်ဆွေ အိမ်မှာ နေ့ဘက်မှာ တည်းပြီးနေတာပါ။ ဦးအောင်မောင်းက အသက်အရွယ် ရလာတော့ ၀ိပဿနာ တရား အလုပ်ကိုလည်း အားထုတ်ပါတယ်။

ဒါကြောင့် သူဆုံးတော့ သူ့ အလောင်းဟာ ဆိုးရွားတဲ့ အနံ့အသက် မရှိဘူးလို့ အဲဒီတုန်းက အနားမှာရှိတဲ့ ဇာတ်မင်းသမီးကြီး အောင်သန်းတင်က ပြောပါတယ်။ ဦးအောင်မောင်း ဆုံးတော့ အသက် ၇၆ နှစ်ရှိပါပြီ။ အိုအောင် မင်းအောင် ကသွားတဲ့ အနုပညာရှင် တစ်ဦးပေါ့။ သူ့ကျွန်ဘ၀ ကိုလိုနီခေတ်မှာ ပွဲကြည့် သူများကို ဇာတိသွေး၊ ဇာတိမာန် တက်ကြွအောင် ရဲရဲဝံ့ဝံ့ကြီး ၀ံသာနု တေးကို ဆိုပြီးက၀ံ့၊ ဆိုဝံ့တဲ့ မင်းသားမို့ အများသူ ငါသိအောင် ၀ံသာနုဇာတ် မင်းသားကြီးအဖြစ် လေးစားဂုဏ်ပြု တင်ပြကြောင်းပါဗျာ။

From : http://shweamyutay.com/index.php?option=com_content&view=article&id=2858:2011-01-08-08-17-04&catid=90:2008-06-08-19-55-01&Itemid=682

(ဆက်စပ်ဖတ်ရှူရန် ဒေါ်မာမာအေးမှ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြသည်။
သုံးရောင်ခြယ်
မာမာအေး
နိုဝင်ဘာ ၁၊ ၂၀၁၀
“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” အမှတ် (၃၅၃)
သုံးရောင်ခြယ်တွင်လည်း နားဆင်နိုင်သည်။)

No comments:

Post a Comment