10 Sept 2012

‘သခင်’ဆိုတဲ့ ဘွဲ့တစ်လုံး

 ‘သခင်’ ဆိုတဲ့ ဘွဲ့တစ်လုံး
 အောင်သင်း


‘တို့ဗမာအစည်းအရုံးဝင်’ ‘သခင်’ လက်ဟောင်းကြီးများမှာ သက်ရှိထင်ရှားရှိနေကြပါသေးလျှင် အတော်ကြီး သက်ရွယ်အိုမင်း ဖြစ်နေကြပါလေပြီ။ လက်ကျန်ထက် ကွန်လွန်ကပင် အဆမတန်များနေပြီဟု ဆိုကြရ ပါ တော့မည်။ တစ်ခါတရံ သတင်းစာနာရေးကြော်ငြာများတွင် သခင်ဘယ်သူ ဘယ်ဝါ စသည်ဖြင့် တွေ့လိုက် ရလျှင် ဘာရယ်မဟုတ်၊ သူတို့တစ်တွေ ‘သခင်’ဟူသောဘွဲ့ကိုရနိုင်အောင် ကြိုးပမ်းခဲ့ကြပုံကို ရော်ရမ်းစဉ်းစား မိပြီး အံ့သြချီးကျူးခြင်းလည်း ဖြစ်မိသည်။ ပြုံးလည်း ပြုံးမိပါသည်။

စာဖတ်သူက အသက် ငယ်ငယ်ရွယ်ရွယ် မျှသာ ရှိပါသေးလျှင် ‘သခင်’ဆိုတာ ဘာများထူးလို့လဲဟု သာမန်ပေါ့ပေါ့ဆဆသာ သဘောထားကောင်း ထားပါလိမ့်မည်။ အကြောင်းစုံကို သိရလျှင်မူကား ကျွန်တော်ကဲ့သို့ပင် ချီးကျူး အံ့သြခြင်း၊ နှစ်သက်စွာ ပြုံးမိခြင်းတို့ ဖြစ်လိမ့်မည်ထင်ပါသည်။



အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းသောအခါ အိန္ဒိယစစ်ဗာရီများကို သုံးခဲ့သည်။ ဥရောပတိုက်သားများနှင့် အိန္ဒိယတိုင်းသားတို့မှာ နှာခေါင်းချွန်ခြင်း၊ မျက်လုံးကြောင်ခြင်း၊ အမွေးအမျှင်ထူထပ်ခြင်း စသည်တို့မှာ အလွန်တူကြသည်။ အသားဖြူ အသားမည်းသာ ခြားနားသည်။ ထို့ကြောင့် မြန်မာ တို့က သူတို့အားလုံးကို သိမ်းကျုံးပြီး ‘ကုလား’ဟုသာ ခေါ်သည်။ ပြီးမှ ဥရောပတိုက်သားများကို ‘ကုလားဖြူ’ဟုခေါ်၍ အိန္ဒိယ တိုင်းသားများကို ‘ကုလားနက်’၊ ‘ကုလားမည်း’ဟု ခေါ်သည်။


အိန္ဒိယ စစ်ဗာရီများကို ဦးဆောင်ခေါ်လာသည်က မျက်နှာဖြူများသာ ဖြစ်သည်။ အားလုံးသော မျက်နှာဖြူ များမှာ တပ်ထဲတွင် အရာရှိ အဆင့်နှင့် ချည်းသာ လိုက်ပါလာကြမည်မှာလည်း သဘာဝကျပါသည်။ တပ်အနေနှင့်ဆိုပါလျှင် သူတို့အားလုံး (အင်္ဂလိပ်လူမျိုးဟူသမျှ) ဗိုလ်တွေချည်းပဲ ဖြစ်နေကြမည်ပေါ့။ ထို့ကြောင့် မြန်မာတို့က အင်္ဂလိပ်ကို ဗိုလ်ဟုသာခေါ်လိုက်ကြတော့သည်။ နောင်တော့ စစ်တပ်ထဲတွင်သာ မဟုတ်တော့ဘဲ အင်္ဂလိပ်ဟူသမျှကို ‘ဗိုလ်’လို့ပဲ ခေါ်လာကြတော့သည်။ ဤသည်မှတစ်ဆင့် ဗိုလ်ကေ၊ ဗိုလ်ဆံတောက်၊ ဗိုလ်တဲ၊ ဗိုလ်စားပဲ စသည်တို့ပါ တွင်လာကြပြန်တော့သည်။
ထိုသို့သော မျက်နှာဖြူများထံတွင် အစေအပါး ၀င်ပြီးလုပ်ကြသော သူများက သူတို့၏အလုပ်ရှင်ကို ‘သခင်’ဟု ခေါ်ကြပြီး ‘ဘုရား’ထူး ‘ကျွန်တော်မျိုး’သုံးခဲ့ကြသည်။ ဤသို့အားဖြင့် အင်္ဂလိပ်ကို ‘သခင်’ဟု ခေါ်ဆိုစကား ပြောခဲ့ကြရသည်။ သူတို့ကို သခင်ဟုခေါ်လိုက်တော့ ကိုယ်က အလိုလို ‘ကျွန်’ဖြစ်သွားရသည်ပေါ့။

ဤသို့ ‘သခင်’ ‘သခင်ကြီး’ဟု အခေါ်ခံနေကြရသူ အင်္ဂလိပ်များက တစ်ဖန်ပြန်ပြီး ‘သခင်အောင်ဆန်း’ ‘သခင်မြ’ စသည်ဖြင့် ‘သခင်’ဘွဲ့ တပ်ပြီး ခေါ်အောင် သူတို့လုပ်ခဲ့ကြပုံကို ချီးကျူးအံ့သြခြင်း ဖြစ်မိသည် သာမက ပြုံးလည်း ပြုံးမိသည်မှာ အမှန်ဖြစ်ပါသည်။


‘သခင်အစ ၀က္ကသေးက’ဟူသော စကားကလေး ရှိပါသည်။ စာဖတ်သူတော့ ကြားဖူးမည်မထင်ပါ။ ကျွန်တော်တို့ တောင်တွင်းကြီးမြို့တွင်သာ ပြောဆိုနေကြသော စကားလေးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် မသိကြပါ။ ‘၀က္ကသေး’ဆိုသည်မှာ ကျွန်တော်တို့ တောင်တွင်းကြီးမြို့ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ရန်ကုန်-တောင်တွင်းကားလမ်းမကြီး အရှေ့ဘက်ဘေးတွင် ကပ်လျက်တည်ရှိသော ရွာခပ်ကြီးကြီး ဖြစ်ပါသည်။ ရန်ကုန်မှ တောင်တွင်းကြီးကိုသွားလျှင် တောင်တွင်းကြီးမြို့ မရောက်မီ ၁၂ မိုင်လောက်တွင် တွေ့ရမည်ဖြစ်ပါသည်။


ထိုဝက္ကသေးရွာသူ မိန်းမချောတစ်ယောက်က အင်္ဂလိပ်တစ်ယောက်နှင့် အိမ်ထောင်ကျသည်။ သူ့ခင်ပွန်းအကြောင်းကိုပြောလျှင် ‘သခင်က သခင်က’နှင့် ပြောတတ်သောကြောင့် ရွာဦးကျောင်း ဘုန်းတော်ကြီးကအစ နားကြားပြင်းကပ်သည်ဟု ဆိုပါသည်။ ဤသို့သောအခါမျိုးတွင် မြို့သစ်မြို့က ‘ကိုဗသောင်း’ကလည်း ရောက်နေသည်။ သူက မြို့သစ်မှာ အနေများသည်။ သို့သော်လည်း ၀က္ကသေးတွင် သူ၏ ဆွေမျိုးများရှိနေ သောကြောင့် မကြာခဏ လာရောက်နေထိုင်တတ်သည်။ ဤသည်တွင် အဆိုပါ ‘ကိုဗသောင်း’က ‘သခင်ဗသောင်း’ဟု သခင်ဘွဲ့ကို ခံယူပစ်လိုက် သည်။ တစ်ရွာလုံးရှိ လူတွေကလည်း တစ်ယောက်ကို တစ်ယောက် သခင် ဘယ်သူ၊ သခင် ဘယ်ဝါစသည်ဖြင့် ခေါ်ပစ်လိုက်ကြသည်။ ဤသို့အားဖြင့် ‘သခင်အစ ၀က္ကသေးက’ဟူသော စကားပေါ်လာရခြင်း ဖြစ်သည်ဟု ကြားခဲ့ရဖူးပါသည်။


ဘာကြောင့် ‘သခင်’လို့ ဘွဲ့ခံလိုက်ကြသလဲ။ သူတို့အကြောင်းပြချက်ကလည်း ရှိလာရပါလိမ့်မည်။ ဤသည်ကတော့ သခင်ဗသောင်းတို့၏ဉာဏ်ဟု ဆိုရမည်ထင်ပါသည်။ သူတို့အကြောင်းပြချက်က သည်လိုပါ။ ငွေကြေးတစ်စုံတရာပေးပြီး ခိုင်းစေမှုပေါ်ပေါက်လာလျှင် ငွေပေးပြီးခိုင်းသူက သခင်၊ ထိုငွေကြေးအတွက် အစေအပါးအဖြစ် အမှုဆောင်ပေးသူက ကျွန်၊ ထို့ကြောင့် အခွန်အတုတ် ငွေကြေးတွေပေးနေသူ တိုင်းသူပြည်သား များကသာလျှင် သခင်။ ပုလိပ်အစ ဘုရင်ခံအဆုံး အားလုံးသော အင်္ဂလိပ်အစိုးရ အမှုထမ်းများမှာ ကျွန်များ၊ အစေခံများသာ ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသော အခွန်ငွေများ ပေးကမ်းချီးမြှင့်နေကြသော တိုင်းသူ ပြည်သူအားလုံးကို ‘သခင်’ဟုသာ ခေါ်စေရမည်။ ဘုရားထူးစရာရှိလျှင် သူတို့ကသာ ဘုရားထူးရမည်။ သူတို့ကိုယ်သူတို့ ‘ကျွန်တော်မျိုး’ဟု နှိမ့်ချ ပြောဆို သင့်သည်။ ဤသို့အားဖြင့် တို့ဗမာအစည်းအရုံးဝင်များက ‘သခင်တစ်ကြော့ပြန်’ လုပ်ပစ်လိုက် ကြသည်။


၁၃၀၀ ပြည့် ရေနံမြေ အရေးအခင်းကြီး ပေါ်ပေါက်လာသောအခါ တောင်တွင်းကြီး ‘သခင် ခင်မောင်ဦး’ ရေးသော ‘သပိတ်မှောက်တဲ့ ရေနံမြေ၊ အစေခံတွေ မှန်တာလုပ်ကြ။ သခင်တွေမှ တို့ခေါင်းဆောင် တိုင်းမြန်ပြည်ဘောင် အေးမည်မလွဲ’ဟူသော သံချပ်တစ်ပိုင်းတစ်စကို ကျွန်တော် ယခုထက်တိုင် မှတ်မိနေ ပါသေးသည်။ ထိုသံချပ်၌ပင် ‘အစေခံ’ဟူသော စကားကို တွေ့မိပါလိမ့်မည်။


သခင် ခင်မောင်ဦးက တောင်တွင်းကြီးမြို့ တို့ဗမာအစည်းအရုံးတွင် အတွင်းရေးမှူးဖြစ်ပါသည်။ ကျွန်တော် မှတ်မိသလောက် တောင်တွင်းကြီးမြို့ တွင် တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်ကြသူများမှာ သခင်ညီမောင်နှင့် သခင် ခင်မောင်ဦးတို့ ဖြစ်ပါသည်။ တကယ်တော့ သခင်ခင်မောင်ဦးက အခရာ ဦးဆောင်သူ ပါပဲ။ သခင်ညီမောင်ကတော့ သခင်ခင်မောင်ဦးကို အလွန်အထင်ကြီးသော ပန်းထိမ်ဆရာကြီး တစ်ယောက်ပါပဲ (ကျွန်တော့်အဖေပါပဲခင်ဗျား)။ သခင်ခင်မောင်ဦးကို အထင်ကြီးသောကြောင့်သာလျှင်မက သူက မြို့သစ်ဇာတိဆိုတော့ သခင်ဗသောင်းနှင့်လည်း ညီအစ်ကိုနည်းနည်းစပ်လိုက်သေးသည်။ ဤအချက်လည်း ပါသေးသလားမသိ။ သူက သခင်ဗသောင်းကို မင်း ငါ သုံးပြီး စကားပြောလေ့ရှိသည်။


တို့ဗမာအစည်းအရုံးထောင်လိုက်တော့ သူတို့နှစ်ယောက်တည်း။ သည်တော့ သခင်ညီမောင်က ဥက္ကဌ၊ သခင်ခင်မောင်ဦးက အတွင်းရေးမှူး၊ ကန့်ကွက်မဲ မရှိ၊ တစ်ခဲနက် အတည်ပြုလိုက်ကြသည်။ ထိုစဉ်အခါက အတွင်းရေးမှူးဟူသော ဝေါဟာရမှာ အနည်းငယ် တွင်ကျယ်လာစသာ ရှိသေးသည်။ သည့်အရင်ကတော့ ‘စက္ကရီတေရီ’ဟု အင်္ဂလိပ်အသံအတိုင်းသာ ခေါ်ကြသည်။ (နောက်နောက်ပြောင်ပြောင်ခေါ်ချင်တော့ အသင်းရဲ့ ‘စက်ကပ်ကြေး’တဲ့)။ သည်နောက်တော့ ‘အကျိုးဆောင်’ဟူသော စကားကို ထွင်လိုက်ကြသည်။ နောင်အခါတွင် ဆေးရုံကြီးရှိ ကာလသားရောဂါသည် လူနာများနေသောအဆောင်ကို ‘အကျိုးဆောင်’ဟု ခေါ်ကြသောကြောင့်လားတော့မသိ၊ အတွင်းရေးမှူးဟူသော ဝေါဟာရကို သုံးလာကြသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။သခင်ခင်မောင်ဦးက အတွင်းရေးမှူးတာဝန်ကို ယူလိုက်သည်ကတော့ အစစအရာရာ စာပေးစာယူကိစ္စကစပြီး အတွင်းရေးမှူးသာလျှင် ပဓာန ဖြစ်နေသောကြောင့်ပင် ဖြစ်ဟန်တူပါသည်။

 နောက်ပြီး သခင်ခင်မောင်ဦးက အင်္ဂလိပ်သတင်းစာတွေ အပါအ၀င် သတင်းစာလေးငါးစောင်၏ တောင်တွင်းကြီး သတင်းထောက်လည်း ဖြစ်နေသေးသည်။ သူက မြန်မာလိုသာမဟုတ်၊ အင်္ဂလိပ်လိုလည်း အရေးရော၊ အပြောပါ ကျွမ်းကျင်သည်။ ကျွမ်းပေမပေါ့၊ သူ့အဖေက အင်္ဂလိပ်အစစ်ပေကိုး။သခင်ခင်မောင်ဦး၏ ဖခင်က အင်္ဂလိပ်လူမျိုး သစ်တောဝန်ထောက်တစ်ဦး ဖြစ်သည်။ နာမည်မှာ ‘ဂျုန်း’ ဖြစ်သည်။ ဘာဂျုန်းမှန်းတော့ မသိ။ သခင်ခင်မောင်ဦးအမည်ကတော့ ‘ဂျွန်ဂျုန်း’ ဖြစ်သည်။ သူ့ကို သူ့မိခင်က ‘ဂျွန်နီ’ဟု ခေါ်သည်။ ကျွန်တော်တို့ကတော့ ငယ်စဉ်က ‘ကိုဂျွန်’ဟု ခေါ်လေ့ရှိသည်။ နောက်မှ သခင် ခင်မောင်ဦး၊ ဦးခင်မောင်ဦးဟု ခေါ်လာရသည်။


သူ့မိခင်က ‘ဒေါ်အိမ်ကြွယ်’တဲ့။ ငယ်စဉ်က အတော်လေး ရုပ်ရည်ချောမောလှပဟန်ရှိသည်။ သခင် ခင်မောင်ဦးမှာလည်း လူချောတစ်ယောက်ပင် ဖြစ်သည်။ သူ့နှာခေါင်း၊ သူ့ဆံပင်အရောင်၊ သူ့အသားအရေ စသည်တို့မှာ အင်္ဂလိပ်ကပြားဖြစ်ကြောင်း မပြောဘဲသိနိုင်သည်။ သူ့မိခင်ကိုရော သူ့ကိုပါ ‘မစ္စတာဂျုန်း’ အင်္ဂလန်ပြန်တော့ လိုက်ခဲ့ဖို့ ခေါ်သေးသည်။ သူတို့က မလိုက်ခဲ့ကြ။ နောင်အခါ ကျွန်တော်တို့ အတန်အသင့် သိနားလည်စ အချိန်အထိ သားကို အင်္ဂလန်လာဖို့ ခေါ်ခဲ့သေးသည်ကို ကျွန်တော်တို့ ပြောသံဆိုသံ ကြားနေရသေးသည်။


သူသည် သခင်စိတ် အလွန်ပြင်းပြသည်။ မကြာသေးမီက ကွယ်လွန်သွားချိန်အထိ မြန်မာ့လက်ရက် ဖျင်ထည်ကိုသာ ၀တ်သည်။ အလွန်သန့်ရှင်း သပ်ရပ်သည်။နောင်ပိုင်းတွင်မှ ဆက်စပ်စဉ်းစားမိတာ တစ်ခုရှိသေးသည်။ ဒေါ်အိမ်ကြွယ်က ၀က္ကသေးသူ ဖြစ်သည်။ သို့ဖြစ်လျှင် ‘သခင်ကလေး’ဟု ပြောသော အမျိုးသမီးမှာ သူပင်ဖြစ်တန်ရာသည်။ ဤသို့ တွေးလိုက်ပြန်တော့ ‘အင်း ... သူက ယောက်ျားကသာ သခင်မဟုတ်၊ သူ့သားကလည်း သခင်ဖြစ်လာလိုက်ပါသေးကော’ဟု တွေးပြီး ပြုံးချင်စရာ ဖြစ်လာပြန်သည်။
ကျွန်တော်တို့ ငယ်ရွယ်စဉ် (အသက် ၁၁ နှစ်၊ ၁၂ နှစ်လောက်) သူ့အိမ်ကိုသွားလျှင် တွေ့တွေ့ချင်း လက်သီးမြှောက်ပြီး ‘ဟေ့ တို့ဗမာ’ဟု အပြန်အလှန် နှုတ်ဆက်ရသည်။ ပထမတော့ ခပ်ကြောင်ကြောင်လိုပဲ အောက်မေ့သေးသည်။ နောက်တော့လည်း ရိုးသွားပါသည်။
ဤသို့နှင့် ကျွန်တော့်ကိုလည်း သခင်ဘွဲ့ခံရန် မြှောက်ပေးသည်။ ‘သခင်အောင်သင်း’ပေါ့။ ကျွန်တော့် သူငယ်ချင်းများကြားတွင် ‘သခင်အောင်သင်း’ ဖြစ်ရမည်ပေါ့။


သို့နှင့် နောက်တစ်နေ့ကျောင်းသွားတော့ ကျွန်တော့်ကျောင်းသွားဘက်သူငယ်ချင်း ‘သာဦး’ဆိုတဲ့ကောင်ကို ပြောရသည်။

“ဟေ့ကောင် သာဦး၊ မင်း ဒီနေ့ကစပြီး ငါ့ကို ‘သခင်အောင်သင်း’လို့ခေါ်ကွာ”
“အောင်မာ ဘာလို့ခေါ်ရမှာလဲ၊ မင်းကို ငါက သခင်လို့ခေါ်ရအောင် ငါက မင်းကျွန်မှ မဟုတ်ဘဲ”
ကျွန်တော် ဘာပြန်ပြောလိုက်ရမှန်း မသိတော့ပါ။ ကျွန်တော်ကသာ ဒီစကားမျိုးတွေ နားရည်ဝနေသည်၊ ဟိုကောင်က ဒါမျိုးတွေကို ဘယ်မှာ သေချာကြားဖူးပါမည်နည်း။

သည်တော့ ကျွန်တော်က လေပျော့ကလေးနှင့် ဆက်ပြီး ... “မဟုတ်ဘူးလေးကွာ၊ ဒီလိုလေကွာ ... ဒီလိုလေကွာ။ ငါကလည်း မင်းကို သခင်သာဦးလို့ခေါ်မယ်၊ မင်းကလည်း ငါ့ကို သခင်အောင်သင်းလို့ ခေါ်ပေါ့”


“တော်စမ်းပါကွာ၊ မင်းလည်း ငါ့ကျွန် မဟုတ်ဘူး၊ ငါလည်း မင်းကျွန်မဟုတ်ဘူး၊ အောင်သင်းဟာ အောင်သင်းပေါ့၊ သာဦးဟာ သာဦးပေါ့”
ကျွန်တော်လည်း ရှေ့ဆက်ပြီး ဘာမျှ ရှင်းမပြတတ်၊ သူကလည်း နားမလည်။

ဤသို့နှင့်ပင် ကျွန်တော်၏ ‘သခင်’ဘွဲ့ခံရေး အကြံအစည်ကြီးမှာ သာဦးဆိုသည့်အကောင်နှင့်ပင် ကိစ္စပြတ်သွားရပါလေတော့သည်။ ယခုမှ ပြန်ပြီးစဉ်းစားကြည့်လိုက်တော့ ရှေ့ပြေး ‘သခင်’ဘွဲ့ခံခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများမှာ သူတို့ကို လူအများက ‘သခင်’ဟု လိုလိုလားလား ခေါ်ဆိုလာကြအောင် ဘယ်လောက်များ ကြိုးစားခဲ့ရလေမည်နည်းဟု အံ့သြခြင်း၊ ချီးကျူးခြင်းလည်း ဖြစ်မိပါသည်။

၁၁ နှစ်၊ ၁၂ နှစ်သားအရွယ် ကျွန်တော်နှင့် သာဦးတို့ မအူမလည် ဖြစ်ခဲ့ကြရပုံကိုလည်း တွေး၍ပြုံးမိပါသည်။ ။

(ဤရသစာတမ်းကို ပထမဆုံးအကြိမ်အဖြစ် ဥသာဂျာနယ်၊ အမှတ် ၅၊ မတ် ၁၉၉၁ တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ စာအုပ်တွင်လည်းကောင်း ဖော်ပြခဲ့ပါသည်။ အခက်အခဲများကြောင့် စာရေးသူထံမှ ခွင့်ပြုချက်တောင်းယူနိုင်ခြင်း မရှိသည့်အတွက် အထူးတောင်းပန်ပါသည်)
source: http://bur.irrawaddy.org//ratha2006/May/ratha07.html

No comments:

Post a Comment