2 Sep 2012

သမိုင်းတကွေ့မှ သခင်ဗဟိန်း

သမိုင်းတကွေ့မှ သခင်ဗဟိန်း
သန်းဝင်းလှိုင်
စက်တင်ဘာ ၃၊ ၂၀၁၂

မြန်မာ့လွတ်လပ်ရေးသမိုင်းတွင်ထင်ရှားခဲ့သော သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် အင်းဝမြို့ ကိုင်းတန်းရပ်၌ အဖ ပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၇ ယောက်အနက် နို့ညှာဖြစ်သည်။ အမည်ရင်းမှာ မောင်ဗဟိန်းဖြစ်သည်။ ညီ ငယ်မောင်သန်းနိုင်မှာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် ပထမပတ်ကျောင်းဆင်းဖြစ်၍ ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း (၇) မှ ပါဝင်ခဲ့ သည်။


ငယ်စဉ်က အင်းဝမြို့ မူလတန်းကျောင်း၊ မန္တလေး အေဘီအမ် မိန်းကလေးကျောင်း၊ သကျသီဟဘုရားအနီး ဆရာငုံကျောင်းနှင့် မန္တလေးအမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၅ တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရာဇ ဝင် (သမိုင်း) ဘာသာ (၃) ခုစလုံးတွင် ဂုဏ်ထူးရခဲ့သည်။ ၁၉၃၅ - ၃၇ တွင် မန္တလေးဥပစာကောလိပ်၌ ပညာဆက်လက်သင်ယူသည်။ ၁၉ ၃၆ - ၃၇ အိုင်အေအထက်တန်းကို ပါဠိဂုဏ်ထူးဖြင့်အောင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာသင်ခဲ့ပြီး ၁၉၃၈ - ၃၉ ဘီအေ အထက်တန်းတွင် ပညာသင်ကြားနေစဉ် ရေနံမြေသပိတ်ပေါ်ပေါက်လာရာ နိုင်ငံရေးလောကသို့ အချိန်ပြည့် ဝင်ရောက်ဆောင်ရွက် ခဲ့သည်။
အထက်တန်းကျောင်းသားဘဝကပင် မျိုးချစ်စိတ်ထက်သန်၍ ကျောင်းသားများသမဂ္ဂတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ မန္တလေးတွင် ပါတော်မူ နေ့အထိမ်းအမှတ် ဆီမီးဖယောင်းထွန်းညှိရန် စတင်လှုံ့ဆော်ခဲ့သည်။ ၁၉၃၅ - ၃၆ ခုနှစ် မန္တလေး ဥပစာကောလိပ်ကျောင်းသားသမဂ္ဂခေါင်း ဆောင်အဖြစ် ၁၉၃၆ ဖေဖေါ်ဝါရီ ၁၅ တွင် စတင်ဖြစ်ပွားခဲ့သော ဒုတိယကျောင်းသားသပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သည်။ သပိတ်အတွင်း စစ်ကိုင်းအထက်တန်းကျောင်းသွား၍ ဦးဆောင်သပိတ်တားရာ ကျောင်းအုပ်ကြီး မစ္စတာဒေါင်းနှင့် တပည့်စကောက်အဖွဲ့ဝင် ကျောင်းသား များ ဝိုင်းရိုက်ရာ ဒဏ်ရာရရှိခဲ့သည်။

၁၉၃၇ ခုနှစ် မေလ ၉ ရက်နှင့် ၁၀ ရက်တွင် ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ညီလာခံကို မန္တလေးဗဟိုအမျိုးသားအထက်တန်းကျောင်း၌ကျင်းပရာ ကိုဗဟိန်းသည် ညီလာခံဧည့်ခံကြိုဆိုရေးဥက္ကအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါညီလာခံသို့ အိန္ဒိယကွန်ဂရက်ပါတီခေါင်းဆောင် ဂျဝါဟာလာနေရူးနှင့် သမီးအင်ဒီရာတို့တက်ရောက်၍ သဘာပတိအဖြစ် ကိုအောင်ဆန်းက ဆောင်ရွက် ခဲ့သည်။

ယင်းညီလာခံတွင် ဧည့်ခံကြိုဆိုရေးဥက္ကဋ္ဌ ကိုဗဟိန်းက ...
“ကျောင်းသားများ၏ ဗမာနိုင်ငံလုံးဆိုင်ရာအစည်းအဝေးကြီးသို့ ကမ္ဘာကြီးတဝန်းလုံး၏ ချီးမွမ်းခံရသော နာမည်ကျော်ပုဂ္ဂိုလ်ကြီး ပန်ဒစ်ဂျဝါ ဟာနေရူး ကြွရောက်အားပေးချီးမြှင့်သည့်အတွက် အတိုင်းမသိကျေးဇူးတင်၍ ချီးမွမ်းထောပနာပြုကာ ဝမ်းမြောက်လှကြောင်း၊ ဤသို့ သိန်း သန်းကုဋေမျှသော ဆင်းရဲသားတို့၏ခေါင်းဆောင်ကြီးသည် ကျွန်ုပ်တို့၏ရဲဘော်များကြားမှ မားမားမတ်မတ်ရပ်၍ နည်းပေးလမ်းပြပြုလုပ်ခြင်း ဖြင့် ဗမာနိုင်ငံကြီးအတွက် ယခုကဲ့သို့သော ခေါင်းဆောင်ကြီးတဦးလိုနေကြောင်းသိရ၍ ဝမ်းနည်းမိကြောင်း။ ဤကဲ့သို့ ဂုဏ်ယူဖွယ်ကောင်း သော မျိုးချစ်စိတ်ရှိသည့် ခေါင်းဆောင်ကြီးပန်ဒစ်ကဲ့သို့သောပုဂ္ဂိုလ်ကြောင့် မြန်မာနိုင်ငံကျောင်းသားတို့မှာ မျိုးချစ်စိတ်တိုးတက်ရင့်သန်စေလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ရဲဘော်များ ဤအကြိမ်သည် ဒုတိယအကြိမ်မြှောက် ကျောင်းသားရဲဘော်အချင်းချင်း တွေ့ဆုံစုဝေးဆွေးနွေး ခြင်းဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။ ထိုညီလာခံမှစ၍ ကျောင်းသားခေါင်းဆောင်ကိုဗဟိန်း၏ ခေါင်းဆောင်မှုစွမ်းရည်သည် ပိုမို ထင်ရှားလာခဲ့လေသည်။

ထို့နောက် ၁၉၃၇-၃၈ တွင် ကိုဗဟိန်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) နှင့် ဗမာနိုင်ငံနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များသမဂ္ဂ (ဗကသ) ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၃၇ - ၃၈ တွင် ဗကသမှ သုံးလတစ်ကြိမ်ထုတ်ဝေသည့် “မျိုးညွန့်” မဂ္ဂ ဇင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

ကိုဗဟိန်းသည် စာပေဝါသနာထုံ၍ ဂီတကိုမြတ်နိုးသည်။ ကာလပေါ် ဗမာ့ဂီတအခြေအနေကို စမ်းဝါးမိသူဖြစ်သည်။

ဆရာဒုဂုန်တာရာက သူ၏ “ရုပ်ပုံလွှာ” စာအုပ်တွင် “ကိုဗဟိန်း သို့မဟုတ် ကဗျာ” ခေါင်းစဉ်တပ်၍ “အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေး သမားမဖြစ်လျှင် ဧကန်စာရေးဆရာတစ်ယောက်ဖြစ်မည်ဟု ကျွန်တော်ထင်သည်။ သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မတ်စ်၏ ကွန်မြူနစ်စာပေ ပရိယတ္တိကိုသာမဟုတ်၊ အနုစာပေစသည်ကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။

တခါကသူသည် နွေရာသီကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ်၊ ဂေါ်ကီ၏ဝတ္ထုတိုစ်ပုဒ်ကို ဗမာလိုဆီလျော်အောင် ဘာသာ ပြန်ဖူးသည်။ သူသည် ကျွန်တော့်ရှေ့တွင်ပင် ဝတ္ထုတိုကိုရေးလေသည်။

သူ၏ဝတ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစင်မဂ္ဂဇင်းတွင်ပါသည်။ (လက်ရွေးစင်မဂ္ဂဇင်းကို စတင်တည်ထောင်သူ အယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏရေးလေ့ရှိသော ကွယ်လွန်သူ အဆန်းဆရာကြီးဖြစ်သည်။) ကိုဗဟိန်းရေးသာ ဝတ္ထုတို၏ အမည်မှာ “လေလွင့်သူ” ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘဝအကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံသဘာဝကို ပြထားသောငတ်မွတ် ခြင်း ဘွဲ့တစ်ပုဒ်ဖြစ်လေသည်။

ဒဂုန်မဂ္ဂဇင်းတွင်ပါဝင်သောသူ၏ “ဘဝခရီး” အမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလား-ဗမာ အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်းနှစ်ယောက်၏ မေတ္တာနှင့် ငတ်မွတ်ခြင်းအကြောင်းကိုပေါင်းစပ်၍ ရေးသားထား သည်။ သည်အထဲတွင် အရင်းရှင်စနစ်၏စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။

ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနမှထုတ်ဝေသော “ဓနရှင်သောက” ကား ထင်ရှားသည်။ ဓနရှင်သောကသည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေး သော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌ နိုင်နင်းကျွမ်းကျင် ကြောင်း ဖေါ်ကြွားထားလေ၏။ သူသည် စာရေးကောင်းသူတစ်ယောက်ဖြစ်သည်။

အင်္ဂလိပ်ပြေးကာနီး သူထောင်မကျခင်က ချားလ်ဒစ်ကင်း၏နာမည်ကျော် “မျှော်တလင့်လင့်” ဝတ္ထုကြီးကို “လူ့အလို” အမည်ဖြင့် ရေးဖူး သည်။ သို့သော် တိုင်းပြည်ပျက်ခိုင်နှင့်ကြုံသဖြင့် စာမျက်နှာ (၆၀) ကျော်သာ ပုံနှိပ်ပြီးစီးရသေးသည်။ အကယ်၍ ဝတ္ထုအတွက်သာလျှင် မြန် မာစာပေလောကတွင် ကျော်စောထင်ရှားဦးမည့် ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်လေသည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တစ်ဖောင်ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာန အလုပ်ခန်းတွင်ထိုင်ကာ ရေးပေး သောဝတ္ထုဖြစ်သည်။ သူ့မှာ ဝတ္ထုရေးဆရာကြီးတစ်ယောက် ဖြစ်နိုင်သောလက္ခဏာတွေ အများကြီးရှိသည်။ သို့သော် မြန်မာပြည်ကို လွတ် လပ်ချင်သောစိတ်၊ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်လိုသောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝကတည်းကပင် ထောင်ကျဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမားဖြစ်လာရခြင်းဖြစ်ပေသည်။

“ဇမ္ဗူကျွန်းလုံး” သီချင်းကို ဂီတ၌အတန်ဝါရင့်သူများသာ ရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူကျွန်းလုံးသီချင်းခံကို အစအဆုံးပင်ဆိုနိုင်သည်မှာ အံ့သြဖွယ်ကောင်းလေသည်။ ဇမ္ဗူကျွန်းလုံးသည် ဂီတဝိသောဓနီကျမ်း၌ တစ်မျက်နှာကျော်ရှည်လျားသည်။

အေဝမ်းဓါတ်ပြားများလို သူသည်နှစ်သက်သည်။ ပြည်လှဖေဆိုသော နတ်ရှင်နောင်သီချင်းကို တူရိယာတီးမှုတ်သူတွေတိုင်း တီးခိုင်းလေ့ ရှိသည်။ နတ်ရှင်နောင်ထဲမှာ “ပေါ်နွေလလျှင်” ရတုကို မရတရဖြင့် ညည်းသည်။ ဒိုရာသန်းအေး “ဘိလပ်ပြန်သန်း”၏ “လှေကလေး”ကိုလည်း သူအတော်သဘောကျသည်။

တက္ကသိုလ်ရာဇဝင် ကထိကဦးဘညွန့်သီဆို ဓါတ်ပြားသွင်းသော “ဆုထူးရွယ်” သီချင်းကို သူသည်ဓါတ်ပြားမထွက်ခင်ကတည်းက ရနေ သည်။ ဦးဘညွန့်မှာ ကိုဗဟိန်းနှင့်ခရာ ဦးဘညွန့်တယောလေးနှင့် ဆိုလေ့ရှိသည်ကို နားဖြင့်မှတ်ကြားကာ ရနေဟန်တူလေသည်။ ကိုဗဟိန်း ကား အခြားနိုင်ငံရေးသမားများလို မဟုတ်။ နိုင်ငံရေးသမားများနှင့်သာမဟုတ်၊ အနုပညာသမားတွေနှင့်လည်း ခင်မင်ပေါင်းသင်းသူဖြစ် လေသည်။” ဟူ၍ ရေးသားထားလေသည်။ သခင်ဗဟိန်းသည် နိုင်ငံရေးစာပေသာမက အနုစာပေ (ရသစာပေ)၊ ဝတ္ထု၊ ဆောင်းပါးများကို ဒဂုံမဂ္ဂဇင်း၊ နဂါးနီဂျာနယ်နှင့် လက်ရွေးစင်မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။ အင်းစိန်တွင်း၌ အကျဉ်းကျခံရစဉ်အတွင်း “ဓနရှင်သောက” (၁၉၃၉) ကျောင်းသားအရေးတော်ပုံ (၁၉၃၉) ကမ္ဘာစစ်နှင့် ဗမာနောင်ရေး (၁၉၃၉) စာအုပ်များ ရေးသားခဲ့သည်။

ထို့နောက် ၁၉၃၈ - ၃၉ တွင် တကသ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေစဉ် တကသနှင့် ဗကသ နှစ်ဖွဲ့လုံး၏ဥက္ကဖြစ်သူ သခင်အောင်ဆန်း ကျောင်းသားဘဝမှ တို့ဗမာအစည်းအရုံးကို ဝင်ရောက်သွားရာ ဒုတိယဥက္ကဋ္ဌ ကိုလှရွှေ (ဆေးကျောင်းသား အာဏာရှင် ကိုလှရွှေ) ကိုယ်စား ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ထိုသို့တာဝန်ယူဆောင်ရွက်နေစဉ် ၁၉၃၈ နိုင်ဝင်ဘာလ ၃၀ ရက်တွင် ရေနံမြေလုပ်သားသပိတ်တပ်ကြီးသည် ရန်ကုန်မြို့သို့ချီတက်လာရာ မကွေးမြို့အရောက်တွင် အာဏာပိုင်များ၏ ဟန့်တားမှုကြောင့် ရေနံမြေအလုပ်သမားများ ဆက်လက်ချီတက်ရန် အခက်အခဲများကြုံတွေ့ နေရစဉ် တို့ဗမာအစည်းအရုံးဌာနချုပ်နှင့် ကျောင်းသားများသမဂ္ဂခေါင်းဆောင်များ အစီအစဉ်ဖြင့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အထွေထွေအတွင်းရေးမှူး ကိုဗဆွေ (နောင်ဝန်ကြီးချုပ်) နှစ်ဦး မကွေးသို့သွားရောက်ခဲ့ကြသည်။ ၁၉၃၈ ဒီဇင်ဘာ ၁၂ တွင် မကွေးမြို့ မဲထီး ကျောင်းတိုက် သပိတ်မှောက်ရေနံမြေအလုပ်သမားများတရားပွဲကို သခင်စိုး၊ သခင်ထိန်ဝင်း၊ သခင်ဖေသန်းတို့နှင့်အတူ ကိုဗဟိန်းသည် တရားဟောခဲ့သည်။ တရားပွဲတွင် သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းက “မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းထောက်ရမည်” ဟု ကြုံးဝါးခဲ့ရာ နိုင်ငံအနှံ့ပျံ့သွားလေသည်။

တရားပွဲအပြီးတွင် သခင်စိုး၊ သခင်ထိန်ဝင်း၊ ကိုဗဆွေ၊ သခင်ဖေသန်းတို့နှင့်အတူ သခင်ဗဟိန်းသည် ဖမ်းဆီးခံရပြီး မကွေးတရားရုံးက ထောင်ဒဏ် ၃ လချမှတ်၍ အင်းစိန်ထောင်သို့ ချက်ချင်းလွှဲပြောင်းခဲ့သည်။

ယင်းသို့ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ကိုဖမ်းဆီးမှုကြောင့် ဒုတိယဥက္ကဋ္ဌ ကိုလှရွှေ (နောင်အာဏာရှင်လှရွှေ) နှင့် သမဂ္ဂခေါင်းဆောင်များ ဦးဆောင်မှုဖြင့် ၁၉၃၈ ကျောင်းသားသပိတ်ပေါ် ပေါက်လာသည်။ ၁၉၃၈ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သမဂ္ဂဦး ဆောင်၍ ကျောင်းသားများပုဒ်မ ၁၄၄ ကိုဆန့်ကျင်ကာ ရန်ကုန်မြို့တွင်းလှည်လည်ဆန္ဒပြသည်။ ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်သည့် တရားဥပဒေများ ပယ်ဖျက်ရေး၊ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ကို အမြန်လွှတ်ပေးရေးတောင်းဆိုခဲ့ကြသည်။ တောင်းဆိုချက်များမရသဖြင့် ဒီဇင်ဘာလ ၂၀ တွင် ရန်ကုန်တက္ကသိုလ်အပါအဝင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံ ကျောင်းသားထုက အ တွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) ကိုဝိုင်း၍ သပိတ်တားဆန္ဒပြသည်။ မြင်းစီးပုလိပ်များ ကျောင်းသားကျောင်းသူများကို အကြမ်းဖက်ဖြိုခွင်း ၍ ရိုက်နှက်သဖြင့် ပုလိပ်များ၏ရိုက်နှက်ခံရသည့်ဒဏ်ရာကြောင့် ၁၉၃၈ ဒီဇင်ဘာလ ၂၂ တွင် မနက် ၁ နာရီ ၂၅ မိနစ်တွင် ဂျပ်ဆင်ကောလိပ် ကျောင်းသားကိုအောင်ကျော် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ရလေသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် အရေးတော်ပုံအတွင်း အသက်ပေးခဲ့ရသည့် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုအောင်ကျော်၏ ဈာပနအခမ်းအနား ကိုကျင်းပရာ အင်းစိန်ထောင်တွင်းမှ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းက ကိုအောင်ကျော်အား ချီးကျူးဂုဏ်ပြုစာကို ရေးပို့ခဲ့သည်။

ထို့နောက် ကိုဗဟိန်းသည် အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် ဘီအေစာမေးပွဲမဖြေတော့ဘဲ နိုင်ငံရေးလောကသို့ အချိန်ပြည့်ဝင်ရောက် ဆောင်ရွက်သည်။ ၁၉၃၉ မတ်လတွင် ကိုဗဟိန်းသည် ဒဂုန်တရာနှင့်အတူ တရုတ်-မြန်မာနယ်စပ်သို့သွားခဲ့သည်။ လမ်းပန်းအခြေအ နေ ကောင်းပါက တရုတ်ပြည်ဘက်သို့ကူ၍ အမှတ် ၈ တပ်နီတော် (8th Route Red Army) ရှိသည့် အနောက်မြောက်ပြည်နယ်ကို သွားရောက် ရန်ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးသည် ရှမ်းပြည်ပုဒ်မ ၁၀ ဖြင့် တားဆီးခံရ၍ နမ္မတူမြို့မှ ပြန်လှည့်လာရသည်။ ယင်းနောက် ၁၉၃၉ သြဂုတ် ၁၅ တွင် စမ်းချောင်းမြို့နယ် မြေနီကုန်း၊ မြေနုလမ်းအမှတ် (၁၄) ကိုဗဟိန်းနေထိုင်သည့်အိမ်တွင် သခင်အောင်ဆန်း၊ သခင်လှဖေ (နောက် ဗိုလ်လက်ျာ)၊ သခင်စိုး၊ ရဲဘော်နာ့တာနှင့်အတူ ကိုဗဟိန်းသည် မြေအောက် ကွန်မြူနစ်ပါတီ အမြုတေပါတီကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။ စစ်ကိုင်းဟန်တင်၏ မြန်မာ့လွတ်လပ်ရေးသို့ စာအုပ် စာ ၃၂၀ ၌ မြေအောက်ကွန်မြူနစ်ပါတီကို ရန်ကုန်မြို့အရှေ့ပိုင်း ၄၉ လမ်း၊ အိမ်နံပါတ် ၁၈၈ ၌ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းသည်ဟူ၍ ဖေါ်ပြထားသည်။

၁၉၃၉ စက်တင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းသောဗမာ့ထွက်ရပ်ဂိုဏ်းတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ကိုဗဟိန်းသည် ပါဝင် ခဲ့သည်။ ၁၉၄၀ မှ ၁၉၄၁ အထိ မြန်မာ့အလင်းသတင်းစာတွင် ဘာသာပြန်အယ်ဒီတာအဖြစ်ဆောင်ရွက်၍ နိုင်ငံရေးအချိန်ပြည့်ဆောင်ရွက်ခဲ့သည်။

၁၉၄၀ ပြည့်နှစ်တွင် ဆရာအတတ်သင်ကျောင်းသူ မခင်ကြီးနှင့်လက်ထပ်ပြီး ဇနီးမောင်နှံနှစ်ဦးစလုံး တို့ဗမာအစည်းအရုံးဝင်ရောက်ခဲ့ရာ သခင်ဗဟိန်းအမည်တွင်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် အိန္ဒိယကွန်ဂရက်ပါတီဝင် ဖိတ်ကြားချက်အရ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်တင်မောင် (ပန်းတနော်)၊ သခင်အုန်းမြင့် (တိုးတက်ရေး)၊ သခင်ခင်အောင်၊ သခင်အုန်းဖေ (ဝါးခယ်မ)၊ သခင်ဗသွင်၊ ဆင်ဂုပ္ပတား၊ ရန်ကုန်တက္ကသိုလ်မှ ကိုထွန်းရှိန်နှင့်အတူ သခင်ဗဟိန်းသည် အိန္ဒိယနိုင်ငံ ရမ်းဂါး (Ramgarh) ၌ကျင်းပသည့် အိန္ဒိယအမျိုးသား ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

သခင်ဗဟိန်းသည် ၁၉၄၀ ပြည့်နှစ် ဇူလိုင်တတိယပတ်တွင် တက္ကသိုလ်သမဂ္ဂ၌ တို့ဗမာအစည်းအရုံးနှင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များ ဗမာ့လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီရှာဖွေရေး လျှို့ဝှက်အစည်းအဝေးကို တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေး၌ နိုင်ငံ ခြား အကူ အညီရှာဖွေရန် သခင်အောင်ဆန်း နှင့် သခင်ကျော်စိန်တို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်။ နောက်ပိုင်းတွင် သခင်ကျော်စိန်အစား သခင်လှပြိုင် အားရွေးချယ်ခဲ့သည်။

၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂ၌ကျင်းပသည့် ဗမာ့နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံတွင် ရဲဘော်ဂို ရှယ်နှင့်အတူ “ဓနရှင်ခရီးစဉ်သဘောတရား” နှင့် “ဘောဂဗေဒအစွန်း ထွက်တန်ဖိုး” တို့ကို ဟောပြောပို့ချသည်။

၁၉၄၁ မတ် ၁၀ တွင် ပဲခူးမြို့၌ ကျင်းပသည့်ပဉ္စမအကြိမ်မြှောက် နိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး၏ ဒုတိယအကြိမ်အစည်းအဝေးတွင် ပြည်သူ့အရေးတော်ပုံပါတီကို ပြည်တွင်းအဖွဲ့နှင့် အဝေးရောက်အဖွဲ့ဟူ၍ နှစ်ပိုင်းခွဲပြီးဖွဲ့စည်းရာ ပြည်တွင်းအဖွဲ့ကို သခင်မြအားလည်း ကောင်း၊ အဝေးရောက်အဖွဲ့ကို သခင်အောင်ဆန်းအားလည်းကောင်း ခေါင်းဆောင်ရန်တာဝန်ပေးအပ်ခဲ့သည်။ ပြည်တွင်းအဖွဲ့သည် အမြင့် ဆုံးအာဏာပိုင်အဖွဲ့ဖြစ်၍ အဝေးရောက်အဖွဲ့သည် ပြည်တွင်းအဖွဲ့၏လက်အောက်ခံဖြစ်သည်။ ပြည်တွင်းအဖွဲ့၏ဌာနချုပ်တာဝန်ခံ အမှု ဆောင်များမှာ ...

- သခင်မြ (ဥက္ကဋ္ဌ)
- သခင်ချစ် (အတွင်းရေးမှူး)
- သခင်ဗဆွေ (စစ်ရေးဌာနနှင့် စည်းရုံးရေးဌာမှူး)
- ဦးကျော်ငြိမ်း (ထောက်လှမ်းရေးနှင့် နိုင်ငံခြားဆက်သွယ်ရေးမှူး)
- နဂါးနီဦးထွန်းရွှေ (စည်းရုံးရေးမှူး)
- သခင်ဗဟိန်း (ဝါဒဖြန့်ချိရေးမှူး)
- ကိုထွန်းအုံ(တက္ကသိုလ်သမဝါယမ) (ဘဏ္ဍာရေးမှူး) တို့ဖြစ်သည်။

သခင်ဗဟိန်းသည် ပြည်တွင်းအဖွဲ့၏ ဝါဒဖြန့်ချိရေးမှူးအနေဖြင့် “အရေးတော်ပုံ”၊ “ဗမာ့တော်လှန်မှု”၊ စီးပွားရေးစာစောင်များကို ကွန်မြူနစ်ပါ တီအမည်ဖြင့် လျှို့ဝှက်ဖြန့်ချိသည်။

၁၉၄၀ သြဂုတ် ၈ တွင် တရုတ်နိုင်ငံ အမွိုင်မြို့သို့ လျှို့ဝှက်သွားသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (နောင်ဗိုလ်ရန်အောင်) တို့သည် အမွိုင်မှတဆင့် ဂျပန်နိုင်ငံကို တိုကျိုမြို့သို့ ၁၉၄၀ နိုင်ဝင်ဘာ ၁၂ တွင် ရောက်ရှိသွားခဲ့သည်။ ယင်းနောက် ၁၉၄၁ မတ် ၄ တွင် ဂျပန်နိုင်ငံမှ လျှို့ဝှက်ပြန်လည်ရောက်ရှိလာသော သခင်အောင်ဆန်းကို ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ ခြံတစ်ခြံ၌ မြေအောက်တော်လှန်ရေးတာဝန်ခံများဖြစ် ကြသည့် သခင်မြ၊ သခင်ချစ်၊ သခင်ဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်ဗဟိန်းတို့နှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့နောက် သခင်ဗဟိန်းသည် သခင်မြ၏ဦးဆောင်မှုအောက်တွင် လျှို့ဝှက်တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလတွင် ဗြိတိ သျှအစိုးရ၏ ကာကွယ်ရေးပုဒ်မဖြင့် ဖမ်းဆီးခြင်းခံရသည်။ ၁၉၄၂ ဇန်နဝါရီလတွင် သခင်ဗဟိန်းအား မန္တလေးထောင်သို့ ပြောင်းရွှေ့ခံရ သည်။ ထိုစဉ်အတွင်း မန္တလေးသို့ ၁၉၄၂ ဧပြီလ တွင် တရုတ်ပြည် သမ္မတချန်ကေရှိတ်၏ အကြံပေးအရာရှိ ဂျင်နရယ်ပီအက်စ်ဝမ်းဆိုသူ ရောက်ရှိလာပြီး ဂျပန်ဆန့်ကျင်ရေးသခင်ခေါင်းဆောင်များဖြစ်ကြသည့် သခင်နု၊ သခင်စိုး၊ သခင်ကျော်စိန်၊ သခင်ဗဟိန်းတို့နှင့် ဆွေးနွေးပြီး အင်္ဂလိပ်အစိုးရ၏ခွင့်ပြုချက်ဖြင့် မန္တလေးထောင်မှ လွတ်မြောက်ခဲ့ကြသည်။ ယင်းနောက် မန္တလေးမှတ ဆင့် တရုတ်ပြည်သို့အသွား မေမြို့ (ပြင်ဦးလွင်) တောင်ခြေအရောက်တွင် လားရှိုးကို ဂျပန်တပ်များက သိမ်းပိုက် လိုက်ပြီးဟုသတင်းကြားရသဖြင့် နောက်ကြောင်းပြန်လှည့်၍ မန္တလေးထောင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ၁၉၄၂ မေလ ၁ ရက်နေ့တွင် မန္တလေးထောင်ကိုဖွင့်ပေးသဖြင့် သခင်ဗဟိန်းသည် သ ခင်နု၊ သခင်ကျော်စိန်၊ သခင်စိုးတို့နှင့်အတူ ပြန်လည်လွတ်မြောက်သွားခဲ့သည်။

လွတ်မြောက်သည်နှင့် သခင်ဗဟိန်းသည် ဇနီးမခင်ကြီး ခင်ကြီးနှင့် သူ့မိဘများရှိနေသည့်အင်းဝသို့ လိုက်သွားခဲ့သည်။ ၁၉၄၂ ဇွန်လဆန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းတို့ အမရပူရမြို့သို့ရောက်ရှိလာပြီး သခင်ဗဟိန်းနှင့်တွေ့ဆုံပြီး ဖက်ဆစ်ဂျပန် ဆန့်ကျင် ရေးအကြောင်း ဆွေးနွေးကြသည်။ သခင်ဗဟိန်းသည် အိန္ဒိယနိုင်ငံရှိ မဟာမိတ်တပ်များနှင့် အဆက်အသွယ်ယူသည့် သခင်စိုး၊ ကိုသိန်းဖေ၊ သခင်တင်ရွှေ (ကျောက်ဆည်) တို့နှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်။

ယင်းနောက် ၁၉၄၃ စက်တင်ဘာလတွင် အဓိပတိ ဒေါက်တာဘမော်က သခင်ဗဟိန်းကို အလုပ်သမားဝန်ကြီးဌာနအတွင်းဝန်အဖြစ် ခန့် အပ်လိုက်သည်။ တချိန်တည်းမှာပင် ချွေးတပ် (အလုပ်သမားတပ်) တွင် တာဝန်ခံခန့်လိုက်သည်။ သခင်ဗဟိန်းသည် သူ့ဆန္ဒကိုမမေးဘဲ ဤသို့ရာထူးခန့်ထားခြင်းကို မကျေနပ်သဖြင့် ရုံးမတက်ဘဲနေခဲ့သည်။ သူတို့လင်မယားသည် အလုပ်မရှိ၊ ဝင်ငွေမရှိဖြစ်နေသဖြင့် ကြားမှ မနေနိုင်ကြသည့် သခင်နုနှင့် သခင်သန်းထွန်းတို့က ဒေါက်တာဘမော်ကိုချဉ်းကပ်ပြီး အလုပ်တနေရာရအောင်ပြောပေးကြသည်။ ဤသို့ ဖြင့် သခင်ဘဟိန်းသည် နိုင်ငံခြားရေးဝန်ကြီး သခင်နု၏ရုံးတွင် ဒုတိယအတွင်းဝန်ရာထူးကို ရရှိခဲ့သည်။ နေစရာမရှိသဖြင့် သခင်နု၏ခြံ (ယခုဆီဒိုးနားဟိုတယ်) ဝင်းထဲတွင် တဲထိုးနေခဲ့ရသည်။

၁၉၄၄ မေလတွင် သခင်ဗဟိန်းသည် ဇနီးသည် ဖခင်ကြီးတို့ကိုပါခေါ်ပြီး သခင်နုကိုပင်မတိုင်ပင်ဘဲ သခင်စိုးပုန်းအောင်းနေသည့် ကွမ်းခြံ ကုန်းသို့ တိတ်တဆိတ် မြေလျှိုးသွားခဲ့သည်။ ကွမ်းခြံကုန်း အင်းဂလုံးရွာ ဆန်စက်ပိုင်ရှင် ဦးဖိုးထွန်းအိမ်တွင် သခင်စိုးနှင့် ဆွေးနွေးခဲ့သည်။ သခင်ဗဟိန်းတို့ ဇနီးမောင်နှံ ယခုကဲ့သို့ မြေလျှိုးသွားသည့်အတွက် သခင်နုမကျေမနပ်ဖြစ်နေကြောင်း သိရသဖြင့် သခင်ဗဟိန်းတို့သည် သခင်နုခြံထဲသို့ပြန်လာ၍ ကျန်းမာရေးအကြောင်းပြကာ ရာထူးမှနုတ်ထွက်၍ ဖြူးနယ်ဘက်သို့ မြေလျှိုးခဲ့ပြန်သည်။ ဖြူးနယ်တွင် သခင် သန်းဖေ၊ သခင်သိန်းမောင် (နောင်ရဲဘော်မြ)၊ ကိုမောင်မောင် (နောင်ဦးမြင့်ဆွေ)၊ မောင်မောင်စိန် စသည့် ဖက်ဆစ်ဆန့်ကျင်ရေးရဲဘော် များကို နိုင်ငံရေးသင်တန်းပေးပြီး နယ်လူထုကို ဂျပန်တော်လှန်ရေးအတွက် သခင်ဗဟိန်းသည် လှုံ့ဆော်စည်းရုံးခဲ့သည်။

၁၉၄၄ သြဂုတ် ၄ မှ ၇ အထိ ပဲခူးမြို့ ဘီဒီအေ ခံပြတပ်ရင်းရှိ ဗိုလ်ကျော်ဇောနေအိမ်တွင် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့နှင့် တွေ့ဆုံဆွေးနွေး၍ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် ဖွဲ့စည်းရေးသဘောတူ၍ သြဂုတ် ၂၃ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ယခုနတ် မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ်ချုပ်နေအိပ်၌ ဗမာ့တပ်မတော် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင် များတွေ့ဆုံရန် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (ဖတပ) Anti-Fascist Organization (AFO) ဖွဲ့စည်း၍ ဖတပ ဗဟိုဦးစီးအဖွဲ့ဝင်အ ဖြစ် တာဝန်ယူခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးတွင် သခင်ဗဟိန်းတို့ဇနီးမောင်နှံသည် ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်ဖြင့် တောင်ငူပြောက်ကျားစစ်တာဝန်ခံအဖြစ် ဖက်ဆစ်တို့ကို ရွပ်ရွပ်ချွံချွံတိုက်ခဲ့ရာ သခင်ဗဟိန်းခေါင်းဆောင်သည့် ပြောက်ကျားတပ်များက ဂျပန်စစ်သည် ၂၀၀၀ ကျော် ကျဆုံးခဲ့သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။ ဂျပန်သုံ့ပန်း ၆၀၀ တို့ကိုလည်း လက်ရဖမ်းဆီးမိခဲ့ပြီး ဂျပန်စစ်လက်နက် အမြောက်အများကို သိမ်းဆီးနိုင်ခဲ့သည်။

ဤသို့စစ်ရေးစွမ်းဆောင်မှုကြောင့် သခင်ဗဟိန်းကို ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးအဆင့်ခန့်အပ်ခဲ့သော်လည်း ဗမာ့တပ်မတော်က ကွန်မြူနစ်ပါတီကို အထင်လွဲမည်စိုး၍ ငြင်းပယ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးပြီးနောက် သခင်ဗဟိန်းသည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် ဌက်ဖျားရောဂါနှင့် ဆင်းရဲပင်ပန်းမှုဒဏ်ရာများကြောင့် ကျန်း မာရေးချို့တဲ့လာသည်။ ကျန်းမာရေးအတွက် အနားမယူဘဲ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော် ပုံပါတီ ပူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေးအတွက် မနားမနေဆောင်ရွက်ခဲ့သည်။

၁၉၄၅ သြဂုတ် ၁၉ တွင် ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ နေသူရိန်ကဇာတ်ရုံ၌ ဖတပလမှကြီးမှူးကျင်းပသည့် လူထုအစည်းအဝေးကို တက်ရောက်၍ ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင် ၁၉၄၆ ဇန်နဝါရီ ၁၇ မှ ၁၈ အထိ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အလယ်ပစ္စ ဖဆပလ ပြည် လုံးကျွတ်ညီလာခံတွင် ကိုယ်စားလှယ်စီစစ်ရေးအဖွဲ့ဝင်၊ ၁၉၄၆ ဖေဖေါ်ဝါရီလ ၂၂ မှ မတ် ရ ထိ ကျင်းပသော ကွန်မြူနစ်ပါတီ ဗဟိုကော် မတီအစည်းအဝေးက သဘာပတိသခင်ဗဟိန်းအမည်ဖြင့် ပါတီတွင်းဂိုဏ်းခွဲမှုကျူးလွန်သည့် သခင်စိုး၏တပည့်ရင်း ၇ ဦးကို ပါတီမှထုတ် ပယ်ခဲ့သည်။ ၁၉၄၆ မတ် ၁၀ ရက်တွင် သခင်စိုးဦးဆောင်၍ ဗမာပြည်ကွန်မြူနစ်ပါတီမှ ကွန်မြူနစ်ပါတီ (ဗမာပြည်) (အလံနီပါတီ) ခွဲထွက် သွားခဲ့သည်။ သခင်ဗဟိန်းမှာ သခင်သန်းထွန်း၊ ကိုသိန်းဖေ (ပါတီအထွေထွေအတွင်းရေးမှူး) တို့နှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီ (အ လံဖြူပါတီ)၏ ပါတီဗဟိုကော်မတီဝင်အဖြစ် ကျန်ရစ်ခဲ့သည်။

ပါတီကွဲပြီးနောက် သခင်ဗဟိန်း၏ ကျန်းမာရေးမှာ တဖြည်းဖြည်းဆိုးဝါးလာခဲ့ရာ ပါတီမှခွင့်တောင်း၍ မန္တလေး မိဘရပ်ထံ ပြန်၍နေသည်။ ထို့နောက် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် ၁၉၄၆ နိုဝင်ဘာ ၁ ၌ ဖဆပလအဖွဲ့ချုပ်က ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ် ပယ်လိုက်သည့်သတင်း ကြားသိရပြီးနောက် စိတ်ထိခိုက်ကာ ၁၉၄၆ နိုင်ဝင်ဘာ ၂၀ ဗုဒ္ဓဟူးနေ့ (အသက် ၃၀ အရွယ်) တွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့လေသည်။ ကွယ်လွန်စဉ်က ဇနီးမခင်ကြီး ကျန်ရစ်ခဲ့သည်။ မခင်ကြီးနှင့် သားတစ်ယောက်ထွန်းကားခဲ့သော်လည်း သားမှာငယ် စဉ်ကပင် ကွယ်လွန်သွားခဲ့သည်။

သခင်ဗဟိန်းကွယ်လွန်ကြောင်း သတင်းကြားသိသည်နှင့် ဗိုလ်ချုပ်အောင်ဆန်း မန္တလေးသို့ရောက်လာကာ ဆေးရုံတွင် သခင်ဗဟိန်း၏ရုပ် အလောင်းကို အတန်ကြာတွေတွေကြီးကြည့်ပြီး မည်သူ့ကိုမှနှုတ်မဆက်ဘဲ ပြန်သွားခဲ့သည်။ သခင်ဗဟိန်း၏ဈာပနကို မန္တလေး နိုင်ငံရေး၊ လူမှုရေးအသင်းအဖွဲ့များက ခမ်းနားစွာလိုက်ပါ ပို့ဆောင်၍ သခင်ဗဟိန်းရုပ်ကလာပ်ကို မန္တလေး-အမရပူရသွား ကားလမ်းဘေးရှိ အာဇာနည် (၁၇) ဦးသင်္ချိုင်းတွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။


http://moemaka.blogspot.ca/

No comments:

Post a Comment