1 Sept 2012

စာရေးဆရာ သခင်ဘဟိန်း

သခင်ဘဟိန်းကို ကိုဘဟိန်း၊ ရဲဘော်ဘဟိန်း၊ သခင်ဘဟိန်းဟု အများကသိကြသည်။
ထိုအမည်နာမများကို သူ့အချိန် သူ့အခါအလျောက်  သူနှင့်တွေ့ဆုံခဲ့သူတို့က ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။
၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် သမဂ္ဂစားသောက်ဆိုင်၌ တက္ကသိုလ်သမဂ္ဂ ကျောင်းသားခေါင်းဆောင်များ စုဝေး၍ စားသောက်နေကြသည်။

ထိုအထဲမှတစ်ယောက်သည် ၀ိုင်းဖွဲ့စားသောက်ရင်း စကားပြောနေကြသည့်အထဲတွင် မပါဝင်ဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိဓာတ်စက်ကို ဓာတ်ပြားတစ်ချပ်ပြီးတစ်ချပ်လဲကာ ဖွင့်နေလေသည်။ ထိုသူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင် အစိမ်းကို ၀တ်ဆင်ထားသည်။

မျက်နှာမှာ ပဒုမ္မာ ကြာပန်းကဲ့သို့ လန်းရွှင်းနေသည်။  ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားခိုလျက် ရှိသည်။


ဆရာကြီး ဒဂုန်တာရာက အထက်ပါအတိုင်း ကိုဘဟိန်း၏ ရုပ်ပုံလွှာကို ခြယ်မှုန်းခဲ့သည်။

ဒဂုန်တာရာနှင့် ကိုဘဟိန်းကို သူတို့ဝိုင်းထဲမှ ကိုဗလဆွေက မိတ်ဆက်ပေးသည်။ ဒဂုန်တာရာနှင့် ကိုဘဆွေမှာ တစ်ဆောင်တည်း အတူနေသူများ ဖြစ်သည်။
“ဒါ ကိုယ်တို့ စစ်ကိုင်းကျောင်းဆောင်ကလေ၊ ဒဂုန်မဂ္ဂဇင်းမှာ စာတွေ ဘာတွေ ရေးတယ်ကွ” ထိုအခါ ကိုဘဟိန်းက ဓါတ်စက်မှ သော့ကို လှည့်ရင်း အပြုံးနှင့် တုံပြန်လိုက်ပြီး “ဟုတ်လား၊ ရတုပိုဒ်စုံတွေ ဘာတွေ ဒဂုန်မှာ ဖတ်ဖူးတယ်၊မန္တလေးမှာ နေကတည်းက တွေ့ဖူးပါတယ်” လူဖတ်နည်းလှသော ရတုပိုဒ်စုံများကို ဖတ်ဖူးသူဖြစ်သည်။

ကတယ်တော့ ကိုဘဟိန်းသည် ကဗျာ မြတ်နိုးသူ တစ်ယောက်ဖြစ်သည်။ကိုဘဟိန်းသည် ဂီတနှင့် စိမ်းသူ တစ်ယောက်လည်း မဟုတ်ပေ။ ဒဂုန်တာရာကို “ကျွန်တော်တော့ မေရှင်းကို အတော်ကြိုက်တယ်၊ ခင်ဗျားကော ဘယ့်နှယ်လဲ” ဟု မေးရင်း “ချစ်၍ခေါ်ရာ၊ ချစ်၍ခေါ်သည်” ကို ဒုတိယအကြိမ် ထပ်၍ဖွင့်ပြန်သည်။ ပြီးလျှင် “သော်တာငွေမင်း” ကို ဆက်ဖွင့်သည်။

ကိုဘဟိန်းသည် ဂီတကို ချစ်သည်။ ထို့ကြောင့် ဒဂုန်တာရာနှင့် ထိုခဏမှာပင် သိကျွမ်းရင်းနှီးသွားပြီး စကားလက်ဆုံကျလျက်ရှိသည်။ ကာလပေါ် မြန်မာဂီတ အခြေအနေကို ကိုဘဟိန်း ဝေဖန်ဆွေးနွေးလေသည်။

“တချို့က အင်္ဂလိပ် တီးလုံးသွား သီချင်းတွေကို မကြားနိုင်ကြဘူး၊ နာပိတ်ထားချင်သတဲ့ဗျ၊ သာယာတဲ့ တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ၊ ဂီတဆိုတာ လူတစ်မျိုးတည်း ကန့်သတ်ထားတာ မဟုတ်ဘူး၊ ကျွန်တော့် အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြား၊ ဂျပန်ပဲ ဖြစ်ဖြစ်၊ ကုလားပဲ ဖြစ်ဖြစ်၊ အီတာလျံပဲ ဖြစ်ဖြစ် နားထောင်တာပဲ၊ တချို့က အင်္ဂလိပ် သံဆိုရင် အသံလေး အသံကြောင်းဆိုပြီး နားမထောင်နိုင်တာ အံ့သြစရာပဲ”

ကိုဘဟိန်းက ဒဂုန်တာရာနှင့်ထိုသို့ ပြောဆိုနေစဉ် တစ်ဖက်စားပွဲစွန်းတွင် သမဂ္ဂ အမှုဆောင် တစ်စုနှင့် နိုင်ငံရေးအကြောင်း ပြောဆို ဆွေးနွေနေရာ ကိုဗဆွေက ကျွန်တော်တို့ဘက် လှည့်ကာ “အေး မင်းတို့ နှစ်ယောက်ကတော့ ကိုက်မှာပဲ ဘဟိန်းကလည်း ၀တ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စားချင်ဆိုတော့ မင်းတို့နှစ်ယောက်က စိတ်ကူးယဉ်သမား တွေကိုး ” ဟု လှမ်း၍ ရယ်ရယ်မောမော နှင့်ပြောလိုက်သည်။
“ လူဆိုတာ အလှအပကို မက်မောတာပဲ၊ ကဗျာဂီတရဲ့အလှအပကို မကြည်နူးဘဲ မနေနိုင်ဘူး၊ လူဟာ မင်းပြောတဲ့ စိတ်ကူးယဉ်ပဲ ဆိုပါတော့၊ ကဗျာဂီတကို နားလည် မွေ့လျော်တာဟာ ယဉ်ကျေးလာတာကွ” ဟု ရယ်မောရင်း ကိုဘဟိန်းက ပြန်ပြောလိုက်သည်။

ဇမ္ဗူကျွန်းလုံး သီးချင်းခံ့ကို ဂီတ၌ အတော်အတန် ၀ါရင့်သူးများသာ ရလေသည်။ ထိုဇမ္မူကျွန်းလုံး သီးချင်းကို ကိုဘဟိန်းက အစအဆုံး သီဆိုနိုင်သည် ပြည်လှဖေ၏ “နတ်ရှင်နောင်း”၊ ဒိုရာသန်းအေး၏“လှေကလေး” သီချင်းတို့မှာ လည်း သူ့အသည်းစွဲ ဖြစ်သည်။
ချစ်ဒုက္ခ ဦးဘညွန့်နှင့် ခင်မင်းရင်းနှီးသော ကိုဘဟိန်းသည် “ဆုထူးရွယ်” သီချင်းကို ဓါတ်ပြားမထွက်မီကပင် ရနှင့်နေသည်။ တစ်ခါတရံ မေရှင်၏ “ကျောင်းပိတ်ရက်” သီချင်းကို ညည်းနေတတ်သည်။

ကိုဘဟိန်းနှင့် ဒဂုန်တာရာတို့ ခင်မင်ရင်းနှီးသွားပြီး ကျောင်းတွင် တတွဲတွဲနှင့် သွားလာနေကြသည်ကို တွေ့ရတော့သည်။ ကိုဘဟိန်းသည် နိုင်ငံရေးသမား မဖြစ်လျှင် စာရေးဆရာတစ်ယောက် ဖြစ်မည့်သူဖြစ်သည်။ စာပေကို အလွန်ဝါသနာပါသူဖြစ်ပြီး ကွန်မြူနစ် စာပေများကို သာမက ကမ္ဘာ့ စာပေများကိုလည်း ဖတ်သူတစ်ဦး ဖြစ်သည်။ ရုရှ စာရေးကြီး ဂေါ်ကီ၏ စာများကို အလွန်နှစ်သက် သဘောကျသူဖြစ်သည်။ ဂေါ်ကီ၏ ၀တ္ထုတိုတစ်ပုဒ်ကို “လေလွင့်သူ” အမည်နှင့်ဆီလျှော်အောင် မြန်မာဘာသာပြန်ခဲ့ပြီး လက်ရွေးစင် မဂ္ဂဇင်းတွင် ထည့်ခဲ့ဖူးသည်။
ထိုဝတ္ထုမှာ ပစ္စည်းမဲ့ အချင်းချင်း၊ ဆင်းရဲသော ဘ၀တစ်ကွေ့၌ တွေ့ဆုံခင်မင် ရင်းနှီးခဲ့ပုံကို ရေးသားထားခြင်းဖြစ်သည်။

ဒဂုန်မဂ္ဂဇင်းတွင်လည်း “ဘ၀ခရီး” အမည်ရှိ ၀တ္ထုတိုတစ်ပုဒ်ကို ရေးသာခဲ့သေးသည်။ ကုလား-ဗမာ အဓိကရုဏ်းကို နောက်ခံထားကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်း နှစ်ယောက်၏ ဘ၀ကို ဖော်ကျူးထားခြင်း ဖြစ်သည်။ ထိုဝတ္ထုတိုထဲတွင် အရင်းရှင်စနစ်၏ စရိုက်လက္ခဏာကို ဖော်ပြခဲ့သည်။

ထွန်းအေး စာပေဖြန့်ချိရေးမှ ထုတ်ဝေသော “ဓနရှင်လောက” စာအုပ်မှာ သခင်ဘဟိန်း၏ အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို သခင်ဘဟိန်းသည် ထောင်ထဲတွင် ရေးသား ပြုစုခဲ့ခြင်းဖြစ်သည်။
အင်္ဂလိပ်ပြေးကာနီး သခင်ဘဟိန်းထောင်မကျခင် ချားလ်ဒစ်ကင်း၏ “မျှော်တလင့်လင့်” ၀တ္ထုကြီးကို “လူ့အလို” အမည်ဖြင့် ရေးခဲ့ဖူးသည်။သို့သော် တိုင်းပြည်ပျက်ကာနီး ဖြစ်သဖြင့် စာမျက်နှာ ၆၀ ကျော်သာ ပုံနှိပ်ပြီးစီးခဲ့သည်။ ဆက်ပြီးမရေးနိုင်ခဲ့ပေ။

နိုင်ငံရေး ကိစ္စများနှင့် အလုပ်များနေသည့် ကြားထဲက ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ် ဖြန့်ချိရေးဌာန အခန်းတွင်ထိုင်ကာ ရေးပေးခဲ့သော ၀တ္ထုဖြစ်သည်။စာတစ်ဖောင်ချင်း ထိုင်ရေးပေးရ သဖြင့် အပြီးမသတ်နိုင်ခဲ့ပေ၊ ထိုဝတ္ထုသာ ပြီးဆုံး၍ ထွက်လာခဲ့လျှင် မြန်မာစာပေလောကတွင် ထင်ရှားသည့် ၀တ္ထုတစ်ပုဒ် ဖြစ်မည်ဟု ဆိုကြသည်။

သခင်ဘဟိန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ အာဘော် မဂ္ဂဇင်း ဖြစ်သည့် မျိုးညွန့် မဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်ခဲ့သည်။ ထို့နောက် စစ်ပြီးခေတ်တွင် ကွန်မြူနစ်ပါတီ၏ အာဘော်ပြည်သူ့အာဏာ ဂျာနယ်ကိုလည်း ဦးဆောင်ထုတ်ဝေခဲ့သည်။နဂါးနီ စာအုပ်တိုက်ကို ထူထောင်ကြသည့်အခါတွင်လည်း သခင်ဘဟိန်းပါဝင်ခဲ့သည်။ နဂါးနီစာအုပ်တိုက် မှ ထုတ်ဝေသော စာအုပ်မှာ “ကျောင်းသားအရေး တော်ပုံ”ဖြစ်သည်။

သခင်ဘဟိန်းသည် နဂါးနီ စာအုပ်အသင်းကြီးကို ထုတ်ဝေသည့် နဂါးနီသတင်းစာစောင်တွင်လည်း ဆောင်းပါးများ၊ ၀တ္ထုများရေးသားခဲ့သည်။
သခင်ဘဟိန်းသည် စာရေးဆရာအချို့၏ စာအုပ် အချို့တွင် အမှာစာများ ရေးပေးခဲ့သည်။
ထိုအမှာများတွင် အထင်ရှားဆုံး အမှာစာမှာ ဒဂုန်တာရာ၏ “မေ” ၀တ္ထုတွင် ရေးသားခဲ့သည့် အမှာစာဖြစ်သည်။

ထိုအမှာစာတွင် အောက်ပါအတိုင်း သခင်ဘဟိန်းရေးသားခဲ့ရာ မြန်မာစာ ပေလောကတွင် ယနေ့တိုင် ထင်ရှားလျှက်ရှိသည်။

“မေ၀တ္တုကို ဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်ရသည်နှင့် တူလေသည်။
အဘယ့်ကြောင့် ဆိုသော် သူ့အရသာမှာ အခြားအစားအဟာရများလို ဒါချည်း၊ ဒါချည်းပဲ မဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းခနဲ၊ ဖိန်းခနဲ ဖြစ်သွားသောကြောင့်ဖြစ်သည်။”
စကားလုံးအသစ်အဆန်းများ ၊ အရေးအသားသစ်ဖြင့် ထွက်ပေါ်လာသော “မေ” သတ္တုကို သခင်ဘဟိန်းက ကြိုဆိုခဲ့လေသည်။

နဂါးနီသတင်းကို နဂါးနီစာအုပ်တိုက်က တစ်လတစ်ကြိမ် ထုတ်ဝေခဲ့သည်။ အသင်းသားများကို အခမဲ့ ပေးဝေခဲ့ပြီး အသင်းသားမဟုတ်သူများကို တစ်စောင်လျှင် ၃ပဲ နှင့်ရောင်းချခဲ့သည်။ နဂါးနီသတင်းတွင် နဂါးနီ စာအုပ်အသင်းကြီး အကြောင်းနှင့် ထုတ်ဝေမည့် နဂါးနီစာအုပ်များအကြောင်း၊ မြန်မာ့နိုင်ငံရေးသတင်းများ၊ အစိုး ရ၏ဖိနှိပ်ချုပ်ချယ်မှုများအကြောင်း၊ နိုင်ငံရေး ဆောင်းပါးများ၊ ၀တ္တုတိုများကို ဖော်ပြလေ့ ရှိသည်။

ထိုနဂါးနီအသင်းတွင် သခင်ဘဟိန်းသည် အခါအားလျော်စွာ ၀င်ရောက်ရေးသားခဲ့သည်။ တွေ့ရှိသော နဂါးနီသတင်းစာစောင်များတွင် သခင်ဘဟိန်းရေးသားခဲ့သမျှမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဗြီတိသျှနယ်ချဲ့စနစ်နှင့် အိန္ဒိယပြည်၊ ရေးသူ -ဂျိုအင်ဗိုချန်၊ ဝေဖန်သူ-ဘဟိန်း၊ (မျိုးညွန်မဂ္ဂဇင်း) အတွဲ ၁ အမှတ် ၅
၂။ အလုပ်သမား၊ ဘဟိန်း (၀တ္တုတို)
၃။ အမ္ဘာကို ချောက်ချားတုန်လှုပ်စေသော နိုင်ငံရေးပါတီတစ်ခု၊ နဂါးနီ၊ အတွဲ ၁၊ အမှတ်၈
သခင်ဘဟိန်းသည် နဂါးနီစာအုပ်တိုက်မှ ထုတ်ဝေသော စနေနဂါးနီစာစောင်တွင် ပါဝင်ရေးသားခဲ့ သည်။
၁၉၄၀ ခု၊ နိုဝင်ဘာ ၂၃ရက်နေ့ထုတ် စနေနဂါးနီ စာစောင်တွင် “အမျိုးသားစည်းရုံးရေး” အကြောင်း ကိုရေးသားခဲ့သည်။

သခင်ဘဟိန်းသည် ဖက်ဆစ်တော်လှန်ရေး ကာလအတွင်းတွင်လည်း နိုင်ငံရေးကျမ်းများကို မြန်မာ ပြန်ဆိုခဲ့သည်။
၎င်းတို့မှာ-
၁။ ပြင်သစ်ပြည် လွတ်လပ်ရေးတိုက်ပွဲ
၂။ လီနင် အစိုးရနှင့် တော်လှန်ရေး
၃။ လျူဝစ်၏ ဖူးဝါးဘတ်နှင့် ဂျူးရင်းကို ချေပချက် စသည်တို့ဖြစ်သည်။
အိန္ဒိယပြည်မှ ကိုသိန်းဖေ လေထီးချပေးသော စာအုပ်များအနက် ပြင်သစ်ပြည် လွတ်လပ်ရေးတိုက်ပွဲ ကို သခင်ဘဟိန်း ဘာသာပြန်ခဲ့လေသည်။
ထိုစာအုပ်ကို ဘာသာပြန်ပုံမှာ အင်္ဂလိပ်စာအုပ်ကို ကြည့်ပြီး ဗမာလို လျှောက်ဖက်သွားသည်။
၎င်းကိုတစ်ယောက်က လက်ရေးတိုနှင့် လိုက်ရေးပြီး ဖယောင်းစက္ကူပေါ်တွင် လက်နှိပ် စက်နှင့် ရိုက်ရသည်။

နောက်စာကူးစက်နှင့်လှည့်၍ ထိုတ်ရိုက်သည့်အခါ မြန်မာဘာသာပြန်စအုပ်အဖြစ် ထွက်လာလေသည်။
ဂျပန်ခေတ်တွင် ဗမာခေတ်သတင်းစာ၏ ပုံပြင်များကို ရေးသားဖော်ပြလျက်ရှိရာ သခင်ဘဟိန်းနှင့် သခင်နုတို့က မြန်မာပုံပြင်များ ရေးသားဖော်ပြလမ်းညွှန်ခဲ့သည်။ တစ္ဆေသရဲပုံဝတ္တုများထက် အများသားရေး စိတ်ဓာတ် မြှင့်တင်ပေးသော ပုံပြင်များရေးသားရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

နဂါးနီစာအုပ်တိုက်မှလည်း သခင်ဘဟိန်း၏ “ကမ္ဘာစစ်နှင့် နောင်ရေး” ကိုလည်း ထုတ်ဝေခဲ့သည်။
သခင်လှဖေ၏ “နိုင်ငံရေး မြေပုံစာအုပ်” ၌လည်း အမှာစာရေးသားပေးခဲ့လေသည်။ သခင်ဘဟိန်းရေးသားခဲ့သမျှစာများကို စုပေါင်း၍ “သခင်ဘဟိန်း၏စာ” သို့မဟုတ် သခင်ဘဟိန်း လက်ရွေးစင်စာဟူ၍ စာတစ်အုပ်အဖြစ် ထုပ်ဝေရန် ကြိုးပမ်းသင့်သည်။

သခင်ဘဟိန်းသည် နိုင်ငံရေးသမား အဖြစ်နှင့်သာမက စာရေးဆရာတစ်ယောက် အဖြစ်နှင့်လည်း သူ့လက်ရာ သူ့စာများကို ချန်ရစ်ခဲ့လေသည်။  သခင်ဘဟိန်း၏ စာများသည် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်စာများ၊ လွတ်လပ်ရေး  တိုက်ပွဲဝင်စာများဖြစ်သည်ကိုတော့ ငြင်း၍ရမည်မဟုတ်ပေ။ ရေးသားခဲ့သမျှသော သခင်ဘဟိန်း၏ စာများက သက်သေခံလျက် ရှိနေလေသည်။
မြင့်ဆွေဦး
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၅၁

No comments:

Post a Comment