2 Sep 2012

သခင်ဌေးမြိုင် (သို့မဟုတ်) ဗိုလ်ဌေးမြိုင်

 ““အာဏာရှင် လှရွှေဆိုတာ ဟိုတုန်း က အာဏာရှင်ဆိုတဲ့ စကားလုံးက အကောင်းဗျ။မကောင်းတဲ့အဓိပ္ပာယ်မဟုတ် ဘူး။ အစိုးရကို ဆန့်ကျင်တဲ့အသံမျိုးလုပ် ကာ တို့က အာဏာရှင်၊ တို့က အာဏာ ရှိတယ်။ အစိုးရက အာဏာ မရှိဘူး။ ဒီသဘောမျိုး လုပ်တာ လူတော် ကိုလှရွှေ က ရွေးတာပါ။ သူက ဗိုလ်လက်ျာရဲ့ ညီ”
 သခင်ဌေးမြိုင် (သို့မဟုတ်) ဗိုလ်ဌေးမြိုင် (သို့မဟုတ်) ငြိမ်းချမ်းရေးကြယ်ဖြူ တစ်ပွင့်
ပန်းနုရောင် နှစ်ကာလများသည် မျောစီးဖြတ်သန်းလျက် ရှိဆဲ။
အချို့ ပုံရိပ်လွှာတို့က ပြိုးပြက်ပြက်၊
အချို့ကားေ၀၀ါးဝါး။
အချို့ကား မှုန်မှိုင်း လွင့်ပြယ်ခဲ့ကြချေပြီ။
မိုးကုပ်ကုပ်ဝယ် အို ရုတ်တရက်၊
မျဉ်းဖြူစက်၍ ကွဲအက်ကြောင်းရာ၊
ဟ ဟလာပြီး မိုးပြာကိုဖြတ်၊
ပတ္တမြားရည် စီးလည်အဟုန်၊
နီမြန်းကုန်သည် အရုဏ်ပေါ်စ ၀ိုးတ၀ါး . . ။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြည်းဖြည်းညင်းညင်း
လှေတစ်စင်းထက်၊ တောတွင်းသားပျို
ဖျင်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍ စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့ မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ဝှက်ပုန်းလာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ
ဖက်ဆစ် ကင်းစောင့်စစ်စခန်း။
ချောင်းကိုကွေ့သော်
တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံပဲ့တင်ထပ်သတည်း။
ငွေလရောင်လျှင်
အမှောင်ညရိပ်၊ သေးသေးစိပ်သား
မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒောပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဥ့်ခါ၊ ထိန်ထိန်သာသော်
ကျယ်စွာဝန်းလျား၊ လယ်ကွင်းနားမှ
တောဖျားညို့အုပ်၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။
ရွာတစ်ရွာကား
မှိုင်းပြာမည်းညို့၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့်၊ ပရမ်းပတာ
ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀၊ မီးလောင်မြေမှ
နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား။
ခရေပွင့်လျှင်
ကြွေရင့်ဝါ၀ါ၊ မြေ၌မှာလျှင်
ရောကာ ပေါင်းယှက်၊ ဟောင်းသစ်ရွက်နှင့်
တစ်ဝက်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ။
ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့်။ ။

သည်ကဗျာ၊ သည်စကားလုံးများကို ဆိတ်ဖလူးရနံ့ မွှန်းထုံရောယှက်နေသော ကာလများက အသံရှာကြရင်း သီချင်းတစ် ပုဒ်အဖြစ် ကျွန်တော်တို့ ရင်တွင်း ဖြတ်စီးခဲ့ ကြသည်။ ဆရာ၏ မတ်လ တော်လှန်ရေး ကဗျာ၊ ဆရာနှင့် ဆုံသောအခါ ဆရာ့ကဗျာ ကို အသံ ရှာထည့်ကာ အမျိုးသားရေးစိတ်၊ တော်လှန်ရေး စိတ်များဖြင့် တော်လှန်ရေး သီချင်းတစ်ပုဒ် ဖန်တီး ထုဆစ်ပုံဖော်ခဲ့ကြ ကုန်သော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ ရဲဘော်များအကြောင်း အမှတ်တရ ပြောပြ သောအခါ ဆရာသည် သူ့ထုံးစံအတိုင်း ခပ်ပြုံးပြုံး။ ဆရာ၏ မတ်လတော်လှန်ရေး ကဗျာသည် မိမိတို့လူငယ်များကို ပုတ်နိုးခဲ့ ဖူးသည်။ ဆရာသည် နိုင်ငံရေးသမား မဟုတ်၊ တော်လှန်ရေး သမား မဟုတ်ဟု သူ့ကိုယ်သူ ပြဋ္ဌာန်းတတ်သော်လည်း နိုင်ငံ ရေးစိတ်၊ တော်လှန်ရေးစိတ်များကို စကား လုံးများဖြင့် ထုဆစ်ဖန်တီးလေ့ရှိသူ ဖြစ်သည်။

ရန်ကုန်တွင် ဆောင်းခိုလာသော ဆရာ့ကို တောင်ဥက္ကလာပရှိ အိမ်ကလေး တစ်အိမ်တွင် ဆုံဖြစ်ခဲ့သည်။ အရင်တုန်း က အိမ်ခန်းမဟုတ်။ ဆရာ့အတွက်သီးခြား ဆောက်ပေးထားဟန်တူသည့် အခန်းငယ် လေးဖြစ်သည်။ သည်နေရာလေးမှာ ဆရာသည် ရေဒီယိုနားထောင်လေ့ရှိသည်။ သည်နေရာလေးမှာပဲ ဆရာသည် လဲလျောင်း လေ့ရှိသည်။ သည်နေရာလေးမှာပဲ ဆရာ သည် သူ့မိတ်ဆွေများနှင့် စကားပြောလေ့ ရှိသည်။ သည်နေရာလေးမှာပဲ ထမင်းစားလေ့ ရှိသည်။ ဆရာ့ အခန်းထောင့်တွင် ထိုးသိပ် တည့်ထားသော စာအုပ်စင်အိုလေး ရှိသည်။ဆရာသည် သည်နှစ်တွင် (၉၁)နှစ် ရှိခဲ့ပြီဖြစ်သည်။ ဆရာသည် သူ့ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေဆဲ။ ပူပူပန်ပန် ရှုပ်ရှုပ်ထွေးထွေး မရှိလှ။ ဆရာသည် ရန်ကုန်သို့ ဆောင်းလာခိုလေတိုင်း မိတ်ဆွေများ၊ ရဲဘော်များ၊ လုပ်ဖော် ကိုင်ဖက်များနှင့် ဆုံလေ့ရှိသည်။ဆရာသည် မျက်စိဝေဒနာ ရှိနေသဖြင့် တစ်ယောက်တည်း လှုပ်ရှား သွားလာ၍ မရ။ ဆရာ့မြေး၊ သမီးဒေ၀ီ၊ သို့တည်း မဟုတ် ဆရာ့တူမ ဆရာမ ဒေါ်မြင့်မြင့်စိန် (ဆရာမ သင်းမြစန္ဒီ) မရှိလျှင်၊ ဆရာ့ကို တွဲထူ တွဲကူမည့်သူ မရှိပေ။ ဆရာသည် စာဖတ်ရန်ပင် သူတစ်ပါးကို အားကိုးနေရ သူ ဖြစ်သည်။ စာရေးလိုလျှင် ဆရာသည် ကက်ဆက်အိုလေးကို အဖော်ပြုရသည်။ ဆရာ ရေးချင်တာလေးတွေကို ဆရာသည် သူ့ကက်ဆက် ရီကော်ဒါအိုလေးထဲ ပြောထည့် ယူရသည်။ ဤသည်ကို ဆရာ၏ တူမ သို့မဟုတ် ဆရာ့မြေးက ပြန်၍ ဖလှယ်ယူ ရသည်။ ကရိကထ များလှသည့် ဖြစ်ခြင်း။ သို့သော် ဆရာသည် သူ့ဘ၀ကို စိတ်မပျက်၊ လက်မလျော့။ သူ့ယုံကြည်မှုကို မပြောင်းလဲ။ ဆရာသည် မည်သို့သော အခြေအနေတွင်ဖြစ်စေ တွေဝေ၍ မသွား။ ယိမ်းယိုင်၍မနေ။ တုန်လှုပ်ချောက်ချားခြင်း အလျဉ်းမရှိသည့်ဆရာဖြစ်သည်။

ဆရာသည် ရန်သူကို မိတ်ဆွေလုပ် ခိုင်းလေ့ရှိသည်။ ဆရာသည် ငြိမ်းချမ်းရေး စစ်စစ်ရရှိရန် တဖွဖွတိုက်တွန်းလေ့ရှိ သည်။ သူကိုယ်တိုင်လည်း ငယ်စဉ်က တည်းက ငြိမ်းချမ်းရေး လက်နက်ကို ကိုင်စွဲ လာခဲ့သူဖြစ်သည်။ ဆရာ့အသက် (၉၁) နှစ်သို့ ရောက်ပြီဖြစ်သောအခါ ဆရာ့ထံမှ သင်ယူစရာများကို ချဉ်းကပ်၍ သင်ကြား နာယူဖြစ်ခဲ့သည်။ ဆရာနှင့် ပတ်သက်၍ နှောင်းလူတို့ အမှတ် မလွဲစေရန် မှတ်တမ်း တင်လိုသည်။ ဆရာသက်ရှိ ထင်ရှားရှိ စဉ်မှာပင် ဆရာနှင့် ပတ်သက်၍ ပြောကြ ဆိုကြ ရှင်းကြ လင်းကြ စေချင်သည်။ ဒါမှလည်း သဘာဝကျမည်။ ဆရာသည် သူ့ တစ်ဦးချင်းအနေနှင့်ကတော့ ဘယ်သော အခါမှ ရှင်းလေ့မရှိ။ ဒါသည် ဆရာ့ သဘာဝ။

ဆရာသည် သူသည် ထိုင်ကူမြစ်တန်း ရွာမှဟုဆိုသည်။ ကျိုက်လတ်သားဟု မဆို နိုင်။ ဒေးဒရဲ အပိုင်ဖြစ်သည်ဟု ဆရာက ဆိုသည်။ ဆရာ့ဖခင်မှာ ဦးဘအုန်း၊ ဆရာ့ မိခင်မှာ ဒေါ်ဖွားရှင်ဖြစ်သည်။ ဆရာ့ကို (၁၉၁၉) ခုနှစ်၊ မေလ (၁၀) ရက်နေ့မှာ မွေးဖွားခြင်းဖြစ်သည်။ ဆရာသည် စနေ သားဖြစ်ပြီး တစ်ဦးတည်းသောသားဖြစ်ကာ အမည်ရင်းမှာ ဌေးမြိုင်ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ ဆရာ့အဖေက ဘာလုပ်ခဲ့လဲ ဆရာဟု မေးသောအခါ ဆရာသည် ပြုံးလျက် ကျွန်တော့်အဖေက ကျွန်တော် ငယ်စဉ်က ဆန်တွေဝယ်တဲ့ အ၀ယ်တော်အလုပ် လုပ်တယ်။ အင်္ဂလိပ် ကုမ္ပဏီမှာ လုပ်တယ်။ နောက် အဘိုးဆုံး တော့ ကျိုက်လတ်ကို ပြောင်းရတယ်။ အဘွားက စာမတတ်ဘူး။ လယ်တော့ အများကြီးပိုင်တယ်။ ဒါကြောင့် စာပိုဖတ် တယ်။ သိချင်လို့ ကားလ်မတ်စာအုပ်တွေ ဖတ်ဖြစ်တယ်”

ဆရာသည် သူ၏ ငယ်ဘ၀ကို တမ်းဆွတ် လှိုက်မောစွာ ပြန်ပြောင်းပြောပြ သည်။ ဆရာသည် ငယ်ဘ၀ကို လွမ်းမော ခဲ့ပေလိမ့်မည်။ ဆရာ့ စကားအရ ဆရာ့ အဘွားသည် လယ်တွေ အများကြီး ပိုင်သည်ဟု ဆိုသည်။ ဆရာသည် သူ့အဘွား အဘယ်ကြောင့် လယ်တွေ အများကြီး ပိုင်သည်ဆိုခြင်းကို ငယ်စဉ်ကတည်းက သိချင်ခဲ့ဟန် တူသည်။ ဒါကြောင့်လည်း စာတွေ ဖတ်ဖြစ်ခဲ့တယ်ဟုဆိုသည်။ ငယ်စဉ်ကတည်းက ရှာဖွေခဲ့သည့် သဘော ဆရာ့ စကားထဲတွင် ကားလ်မတ် စာအုပ်တွေ ဖတ်ဖြစ်ခဲ့တယ်ဆိုသော စကားပါ သည်။ မိမိသည် ဆရာ့ဘ၀ထဲ ကားလ်မတ် ဘယ်လို ရောက်လာသည်ဆိုသည်ကို စိတ်ဝင်စားသွားသည်။

ဆရာက ကားလ်မတ်ကို ရန်ကုန် ရောက်မှ ဖတ်ဖြစ်သည်ဟု ဆိုသည်။ ဆရာသည် ရန်ကုန် (၇)လမ်း။ အောင် ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်အမျိုးသားကျောင်း၊ ၁၉၂၇၊ ၃၆ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်း၊ ၁၉၃၆-၃၇ ရန်ကုန်တက္ကသိုလ်၊ ၁၉၃၇- ၄၀ တို့တွင် ပညာသင်ကြားခဲ့သူဖြစ်သော ကြောင့် ထိုနေ့က အတည်ပြုပြောကြား ပေးခဲ့သည်။ ရန်ကုန်ရောက်မှ ပိုဖတ်တာဟု သိရသည်။ နိုင်ငံရေး စာပေဖတ်တာ ဖတ် တော့ဖတ်တယ် နည်းတယ်။ ဆယ်တန်းပဲ ရှိသေးတာကိုး။ ရန်ကုန်ရောက်မှ ဆရာ သည် နိုင်ငံရေးကို စိတ်ဝင်စားပုံနှင့်ပတ် သက်၍ ပြောကြားရာ၌ စိတ်ဝင်စားစရာ ကောင်းလာသည်။

နိုင်ငံရေးကို စိတ်ဝင်စားတာ ကျောင်းသား သပိတ်ကစပြီး စိတ်ဝင်စားတာ။ ဒုတိယ ကျောင်းသားသပိတ်ကို ဦးနု ခေါင်းဆောင်တာ။ ကျွန်တော့်ထက် သခင်နုက ကြီးတယ်။ နိုင်ငံရေး စိတ်ထက်သန်တာ ကြောင့်လား မပြောတတ်ဘူး။ ကျွန်တော့် အဖေက ကျိုက်လတ်က။ ပထမဦးဆုံး ဒို့ဗမာ အစည်းအရုံး ဥက္ကဋ္ဌပဲ။ ဆရာက သူ့ဖခင်သည် ဥက္ကဋ္ဌဆိုသော စကားလုံးကို ရေရွတ်ပြသော အခါ မျက်နှာလေး ၀င်းလက်လို့ လာသည်။ ဆရာ့အဖေအတွက် ဆရာ ဂုဏ်ယူခဲ့ဟန်တူသည်။ မိမိက ဆရာ့ ကို အဖေရဲ့ သန္ဓေလို ပြောလို့ ရသလား ဆရာဟု မေးလိုက်ဖြစ်သည်။

“အဖေနဲ့ ဆိုင်သလား”

မဆိုင်လားတော့ မသိဘူး။ ကျွန်တော်က ဒို့ဗမာ အစည်းအရုံး သီချင်းကိုတော့ ကြိုက်တာကို၊ ကြိုက်တော့ အဖေကို ဆိုပြ ရတယ်။ ကျောင်းသား ဘ၀တုန်းက အဖေ့ကို ဆိုပြရတယ်။ ကျွန်တော်က သခင် ဌေးမြိုင်လို့ တပ်တယ်”

မိမိသည် ဆရာ၏ ငယ်ဘ၀ကို တွေးတောနေမိသည်။ ဒို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖေဖြစ်သူကို ဒို့ဗမာ အစည်းအရုံး သီချင်း ဆိုပြနေသည့် ဆရာ့ငယ်ဘ၀ကို တွေးနေမိသည်။ဆရာသည် ကျောင်းနေစဉ် က သူသည်လည်း သခင်ဌေးမြိုင်ပေပဲကိုး။ သခင်ဌေးမြိုင်၊ သခင်ဌေးမြိုင် သည်စကားလုံးကို ဆရာ ပြောလေ့ပြောထ မရှိ။ ဒါကြောင့်မိမိက ဆရာ့ကို သခင်လို့ တပ်ရ တာပေါ့ဟုမေးရာ ဆရာက ရယ်သည်။

“တပ်လို့ရတယ်။ ရလို့ တပ်တာပေါ့။ ကျောင်းစာအုပ်တွေထဲမှာ သခင်ဌေးမြိုင်လို့ တပ်တယ်”

မိမိသည် ငယ်စဉ်က သခင်ဌေးမြိုင် ဖြစ်ခဲ့သော ဆရာ့ကိုကြည့်နေဖြစ်သည်။ ခုတော့ သခင်ဌေးမြိုင်သည် အသက် ၉၁ နှစ်ထဲသို့ ရောက်နေပေပြီ။ သို့သော် နိုင်ငံ ရေးစိတ်ကတော့ ပျောက်ပျက်မသွား၊ လျော့ပါးသွားခြင်းမရှိ။ ဆရာ့ ငယ်ဘ၀ အကြောင်း ပြောပြရာမှ အစ်ကိုလေး ဆရာ ဗိုလ်ကလေးတင့်အောင် ပြောခဲ့တာလေး တွေကို သတိရမိသည်။ ဒဂုန်တာရာက ကျိုက်လတ်သားအစစ်မဟုတ်ဘူးဆိုသော စကား ဖြစ်သည်။ ဒါကို ဆရာ မငြင်း။

“ကျိုက်လတ်သားတော့ မဟုတ်ဘူး။ ဗိုလ်ကလေးတင့်အောင်ကလည်း ကျိုက်လတ်ကျောင်းမှာ နေခဲ့တာပဲ။ သူနဲ့လည်း သိတယ်။ သူ့အစ်ကိုနဲ့မှ သူငယ်ချင်း သူက ငယ်တယ်။ကျွန်တော်က မင်းနဲ့ ငါနဲ့ ပြောတယ်။ မောင်တင့်အောင်လို့ ခေါ်တယ်”

ဆရာက သူနှင့် အစ်ကိုလေး ဆရာ ဗိုလ်ကလေးတင့်အောင်တို့၏ ဆက်ဆံ ရေးကိုလည်း ပြောကြားသွားခဲ့သည်။ နာဂစ် အလွန်ကာလများက မိမိသည် ကျိုက်လတ်မြို့ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး မြို့များသို့ ကြိမ်ဖန်များစွာ လွန်းထိုးသွားခဲ့ ရဖူးသည်။ ကျိုက်လတ်မြို့သို့ ရောက်တိုင်း ရှေးဟောင်းတိုက်အိုကြီးများကို လိုက်လံ ရှာဖွေဖြစ်ခဲ့သည်။ ဘယ်နေရာက ဆရာ ဦးပြုံးချို နေခဲ့သလဲ။ ဘယ်နေရာက ဆရာ ဦးသုခ အိမ်ဖြစ်မလဲ။ ဆရာ ဒဂုန်တာရာ နေခဲ့တဲ့ ကျောင်းဆိုတာ ရှိသေးလား စသည် ဖြင့် ကျိုက်လတ်သို့ ရောက်တိုင်း လိုက်လံ မေးမြန်းလေ့ ရှိသည်။ ကျိုက်လတ်မှာ စာပေသမား၊ ဂီတသမားတွေ အဘယ် မျှ ထွက်လာခဲ့ကြသလဲဆိုသည်က မိမိ အတွက် တွေးတောစရာတစ်ခု ဖြစ်သည်။

ပထမဦးဆုံး ကျွန်တော်ကြားဖူးတာက ဦးပြုံးချို၊ ကိုသုခ၊ ကိုသိင်္ခါ၊ ကျိုက်လတ်မြို့ ပေါ်ကတော့ မဟုတ်ဘူးဟု ဆရာ က မိမိစဉ်းစားနေသည့် အတွက်ကို ပြော ကြားလာခဲ့သည်။

“အဖေက ဒို့ဗမာ အစည်းအရုံးဥက္ကဋ္ဌ လုပ်ဖူးတယ်နော်။ သမာဓိမြို့ဝန်၊ ဒါကတော့ မြေပိုင်ရှင်ရဲ့ သားသမီးဖြစ်လို့ ထင်တာပဲ။ ကျွန်တော် ထင်တာက ငယ်ငယ် တုန်းက သည်လောက်တော့ မစဉ်းစားဖူးဘူး”

မိမိက ဆရာ၏ တက္ကသိုလ်ကျောင်းသား ဘ၀ နိုင်ငံရေး နောက်ခံ ပန်းချီ ကားချပ်တို့ကို သိချင်လာသောအခါ ဆရာသည် တစ်ခုချင်းစီပြောပြခဲ့သည်။
“သူငယ်ချင်းတွေက တကသ က လူတွေများတယ်။ အခင်ဆုံးက ကိုဗဟိန်းပဲ။ ကိုအောင်ဆန်းကတော့ ကြိုကြားကြိုကြား။ သူက လူတစ်မျိုးဗျ။ ရာထူးမက်တဲ့ လူမျိုး မဟုတ်ဘူး။စာအရမ်း ဖတ်တယ်။ ကိုဗဟိန်း ကတော့ ကျွန်တော်နဲ့တူတယ်။ သီချင်း ဆိုတာလည်း ကောင်းတယ်။ ကျွန်တော်က စန္ဒရားတီးရင် သူက စည်းလိုက်ပေး တယ်။ အဲသည်လိုပေါ့။ သူက ခေါင်းဆောင် ပေါ့ဗျာ။

ဆရာသည် သူ၏ သူငယ်ချင်း အကြောင်းကို ပြောရင်း သတိရသွားဟန် တူသည်။
သခင်ဗဟိန်း၏
“မြင်းခွာ တစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်ရမည်” ဆိုသော ရဲရဲတောက်မိန့်ခွန်းသံများကို ကြားယောင် လာသည်။ ဆရာက ဗိုလ်ချုပ်အောင်ဆန်း ကို ကိုအောင်ဆန်းဟု သုံးလိုက်သည်။ ဆရာ့ စကားထဲတွင် သခင်ဗဟိန်းကို သူက ခေါင်းဆောင်ပေါ့ဗျာ ဆိုသော စကားလုံး ပါသည်။ ဒါကြောင့် အဲသည်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင် မဟုတ်သေးဘူးလားဟု မိမိက မေးလိုက် ဖြစ်သည်။

“ကိုအောင်ဆန်းက သူလိုကိုယ်လိုပဲ။ ကျောင်းတုန်းက စကားပြောလို့ သိပ်ကောင်းတာ မဟုတ်ဘူး။ နောက်ပိုင်း စစ် ဖြစ်ပြီးမှ သူက စကားပြောကောင်းတာ”
ဆရာက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ သူ၏ သုံးသပ်ချက်ကို ပြောကြားသည်။ဆရာသည် ဗိုလ်ချုပ်အောင်ဆန်းကို “အရိုင်း”ဟုသုံးနှုန်းကာ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ နှင့် ဖော်ကျူးခဲ့ဖူးသူဖြစ်သည်။ ဆရာ၏ တက္ကသိုလ် ကျောင်းသား ရုပ်ပုံလွှာကို စဉ်းစား မိသောအခါ ဆရာသည် တကသ အမှု ဆောင်ဖြစ်ခဲ့ဖူးတာ အမှတ်ရလာပြန်သည်။ သခင် ဗဟိန်းကြောင့် တကသ အမှုဆောင် ဖြစ်လာခဲ့လေသလား။

ကျွန်တော် (၁၉၃၈-၃၉) ခုနှစ် အမှု ဆောင်အချို့ အစည်းအဝေးတွေမှာ အတွင်းစည်း အစည်းအဝေး တက်ခဲ့ရတယ်။ အဲဒီမှာ ဘယ်သူတွေပါလဲ ဆိုတော့ ဗိုလ် လက်ျာ၊ သခင်သိန်းဖေမြင့် သူတို့ပါတယ်။ ရွေးတော့လည်း ကျွန်တော်ပါတယ်။ အဲဒီ တုန်းက ဥက္ကဋ္ဌက ပထမနှစ်မှာ ကိုအောင်ဆန်း၊ အဲသည့်နောက် ကိုအောင်ဆန်းက ဒို့ဗမာ အစည်းအရုံးထဲ ၀င်လိုက်တယ်။ သခင် ဘွဲ့ခံလိုက်တယ်။ကိုအောင်ဆန်း လက်ထက်မှာ ကျွန်တော်တက္ကသိုလ် အမှုဆောင် မဟုတ်သေးဘူး။ ကိုလှရွှေ လက်ထက်မှာမှ ကိုလှရွှေဆိုသော စကားလုံး ပါလာသဖြင့် “အာဏာရှင်လှရွှေကို ဆိုလိုတာလား ဆရာ”ဟု မေးဖြစ်သည်။

““အာဏာရှင် လှရွှေဆိုတာ ဟိုတုန်း က အာဏာရှင်ဆိုတဲ့ စကားလုံးက အကောင်းဗျ။မကောင်းတဲ့အဓိပ္ပာယ်မဟုတ် ဘူး။ အစိုးရကို ဆန့်ကျင်တဲ့အသံမျိုးလုပ် ကာ တို့က အာဏာရှင်၊ တို့က အာဏာ ရှိတယ်။ အစိုးရက အာဏာ မရှိဘူး။ ဒီသဘောမျိုး လုပ်တာ လူတော် ကိုလှရွှေ က ရွေးတာပါ။ သူက ဗိုလ်လက်ျာရဲ့ ညီ”

ဆရာသည် အာဏာရှင် လှရွှေ ဆိုသော စကားလုံးကို အဓိပ္ပာယ် ဖွင့်ပြသည်။ ထိုအခါ တကသတွင် အမှုဆောင်လည်း ဖြစ်ခဲ့သော အတွင်းစည်းထဲမှလည်း ပါခဲ့ သော ဆရာ့ကို ဗိုလ်အောင်ကျော် ကိစ္စ မေးစရာ ရှိလာသည်။ အတွင်းဝန်ရုံးဝိုင်း ကြသည့်ကိစ္စနှင့် ပတ်သက်၍ ဆရာသည် ကိုယ်တိုင် ပါဝင်ခဲ့သူ။

“အတွင်းဝန်ရုံးဝိုင်းထားကြတော့ ကျွန်တော်တို့ ရွေးရတယ်။ နောက်ဆုံး ကိုအေးကျော်(အတွင်းရေးမှူး)က အကြံ ပေးတာ၊ ဆန္ဒပြတာဆွေးနွေးကြမယ်ဆို တော့ တချို့က မကြိုက်ကြဘူး။ အတွင်း ၀န်ရုံးဝိုင်းတာ (၁၉၂၀) ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ တစ်ခါ ဆန္ဒပြတယ်။ အတွင်းဝန်ရုံးကို မ၀ိုင်းခင်။ အတွင်းဝန်ရုံး ၀ိုင်းတာ(၂၀) ရက်နေ့။ (၁၅) ရက်နေ့မှာ တပ်စုဖွဲ့ပြီး လူရွေးတယ်။ ကျွန်တော့်ကို ရှေ့ဆုံး တပ်မှာ တာဝန်ပေးတယ်။ အလံက အနီရောင်မှာ တူတံစဉ်ကြီးနဲ့ဗျ။ တကသ အလံမဟုတ်ဘူး။ ရှေးသူရဲကြီး အလံလို့ ပြောတယ်။ ကျွန်တော်တော့ မမြင်ဖူးဘူးဗျ။ ရှေးပုံစံ။ အဲသည့်နေ့ ဆန္ဒပြတော့ တူတံစဉ် အနီ ရောင်ကိုင်တာ။ (၁၅) ရက်နေ့ (၂၀) ရက်နေ့ကျတော့ ကျွန်တော်က အကြမ်း ဖက်တာ မလုပ်ရဘူးလို့ ပြောရတယ်။ ကိုလှရွှေက ခင်ဗျားတို့ ဆန္ဒပြကြရမယ်။ သူတို့က ဖမ်းချုပ်မယ်လို့ ပြောတယ်။ ခန်း မဆောင်ကြီး အပြည့်ပဲ ကျောင်းသားတွေ။ ကျွန်တော်က ဘာလုပ်ရလဲဆိုတော့ လက် နက်တွေ ပါမပါ စစ်ရတယ်။ တစ်လက် ဘဲ။ ကျောင်းသားအတန်းကြီးက မောင်းချ ဒါးလေးတွေ့တော့ သိမ်းတယ်။ ဒါပဲဗျ။ ဘာလက်နက်မှ မပါဘူး။ (၁၅) ရက်နေ့ ဆန္ဒပြတော့ ဘာမှ အဟန့် အတားမရှိဘူး။ (၂၀) ရက်နေ့ကျတော့လည်း စစ်သား တွေရော၊ ပုလိပ်တွေရော ပြန်တောင် မပြန် ရဘူး။ ပြန်ခါနီး (၁၂) နာရီလောက်ကျ တော့ ကိုလှရွှေက လူလွှတ်ပြောတယ်။ ကျွန်တော်တို့ ဆန္ဒပြတာ အောင်မြင်သွား ပြီတဲ့။

ဆရာသည် ကျောင်းသား လှုပ်ရှားမှု နှင့် ပတ်သက်၍ ပြန်ပြောင်း ပြောရာတွင် အားမာန်အပြည့်၊ ငယ်စိတ်များပင် ပြန်လည် နိုးထလာလေရော့သလား မပြော တတ်။ မိမိက အတွင်းဝန်ရုံးကို ၀ိုင်းထားသည့် ကျောင်းသားများထဲတွင် ဆရာလည်း ရှိနိုင်သည်ဟု ယူဆသည်။

“ပါတာပေါ့။ ဘရွတ်ကင်းလမ်း (ယခု ဘိုကလေးဈေးလမ်း)ဘက်မှာ မနက် ထမင်းကို စောစောကျွေးတယ်။ ကုလား ဆိုင်က ဒန်ပေါက်တွေ။ လိမ္မော်သီးတွေ ပေးတော့ ကျွန်တော်တို့ စားရတယ်”

မိမိက ဘယ်အချိန်၌ ပြဿနာက စဖြစ်သလဲဆိုတာကို ဆရာ့အား မေးထား လိုက်သည်။
“အင်း”
. . . . . . . . . . . .
ဆရာသည် သည်တစ်ခါ သက်ပြင်း ရှည်ကြီးချလျက် အဟောင်းဟောင်းတွေက အသစ်အသစ်ဖြစ်သွားပုံရသည်။
  
ကဗျာ ဆရာကြီးသည် သူ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်ဟု သုံးသပ်ဖူးသည်။ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းက ကဗျာဆရာကြီး၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ကို ဖတ်ပြီး ငါအဲသည်လောက် မရိုင်းပါဘူးဟု ပြောဆိုဆက်ဆံ ခဲ့ဖူးသံလည်း ကြားယောင်လာသည်။ “သူက မပြောဘူး။ ကိုထွန်းလှ ပြန်ပြောတာ။ သူ့စကားလည်း မယုံရဘူးဗျ။ အဲသည့် အချိန်မှာ ကိုဗဟိန်း မရှိတော့ဘူး” ကဗျာဆရာကြီးသည် ရုပ်ပုံလွှာကို ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာနှင့် စတင်ဖွဲ့နွဲ့ခဲ့ခြင်း ဖြစ်သည်” “ဟုတ်တယ်”။ ကိုအောင်ဆန်း ပြီးတော့ ကိုဗဟိန်း။ ကိုဗဆွေ ကိုတော့ လူကြီး ဖြစ်တဲ့ အချိန်၊ ၀န်ကြီးဖြစ်တဲ့ အချိန်ရေးတာ။ အချိန်အခါနဲ့ ကြည့်ရေးတာဗျ” ကဗျာ ဆရာကြီးသည် ကိုဗဟိန်း ကွယ်လွန်သော အခါ စိတ်ထိခိုက်၍ ရေးလိုက်မိသည်ဟု ဆိုသည်။ ကွန်မြူနစ်များ တော်ခိုစက သခင်သန်းထွန်းကို ရေးခဲ့ကာ ကိုဗဆွေနှင့် ပြည်သူ့ စာပေတိုက်၌ တွေ့ပြီး ပြန်လာသော အခါ လျှို့ဝှက်သော အပြုံးရှင် အကြောင်း ရေးခဲ့သူ ဖြစ်သည်။

ကဗျာ ဆရာကြီးသည် ထိုစဉ်က စီကာစဉ်ကာ ဇာတ်အိမ် ဖွဲ့ဆင်ကြံစည်၍ ရေးသည်မဟုတ်။ သူ၏စိတ်၌ သတိတရ ပေါ် ပေါက်လာသည်ကို စာလုံးများဖြင့် ကုံးသီ လိုက်သည်သာ ဖြစ်၏ဟု ရုပ်ပုံလွှာ စာအုပ် အမှာတွင် ရေးဖူးသည်။ ကဗျာ ဆရာကြီးသည် ရုပ်ပုံလွှာနှင့် ပတ်သက်၍ သူ့တွင် ရည်ရွယ်ချက် ရှိသည်။ ထိုစဉ်က အမျိုးသား ညီညွတ်ရေး ကွဲပြိုနေချိန်၊ အမျိုးသား ညီညွတ်ရေး မရှိသဖြင့် ငြိမ်းချမ်းရေး မရှိ။ ထိုစဉ်က အမျိုးသား လွတ်လပ်ရေး တိုက်ပွဲ၌ ညီညွတ်သော တပ်ပေါင်းစု အင်အားဖြင့် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ် တို့အား လက်တွဲ၍ တိုက်ခဲ့သူများ ဖြစ်သည် ဆိုခြင်းကား ဖျက်၍ မရသည့် ရာဇ၀င် ကမ္ပည်း ကျောက်စာ ဖြစ်သည်။ ဒါကို ပြန်ဖော် လိုခြင်းဟု ဆိုဖူးသည်။ မိမိသည် ရုပ်ပုံလွှာနှင့် ပတ်သက်၍ ဝေဖန်ရေး သဘော ပါသည်ဟု ခံစားခဲ့ ရဖူးသည်။

“ပါတော့ ပါတယ်ဗျ။ ပျော့ တော့ပျော့တယ်။ ကျွန်တော်ကလည်း ပျော့တာ ကြိုက်တယ်”

ကဗျာ ဆရာကြီးသည် ရုပ်ပုံလွှာတွင် ဝေဖန်ရေး အနည်းငယ် စွက်၍ ဖွဲ့နွဲ့ထားခဲ့သည်။ ကဗျာဆရာကြီးက သူ၏ အမှာတွင် စာဖတ်သူ များသည် ရေး သောခေတ်ကို မမေ့ရန် မှာကြား ထားဖူးသည်ကို အမှတ် ရလာသည်။ထိုစဉ်က ကိုဗဟိန်းသေဆုံး ရသည်မှာ ဗိုလ်ချုပ် အောင်ဆန်းကြောင့် ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ကဗျာဆရာကြီး၏ သဘောထားကို သိလိုခဲ့သည်။

“မဆိုင်ဘူး ထင်တယ်။ စိတ်ကတော့ ကိုအောင်ဆန်းကို သူက မကြိုက်ဘူး။ ဗိုလ်ချုပ် အောင်ဆန်းကြောင့် သေရတာ မဟုတ်ပါဘူး။ သူ မမာတာ တော်တော် ကြာနေပြီ”

ကဗျာ ဆရာကြီးသည် ကိုဗဟိန်းနှင့် ပတ်သက်၍ အမှတ်ရ သွားဟန်တူသည်။ မိမိက ကိုဗဟိန်းသာ ရှိလျှင် မြန်မာပြည် နိုင်ငံရေး ပြောင်းသွားနိုင်သလားဟု မေးကြည့်ခဲ့သည်။
“ပြောင်းမယ်လို့တော့ ကျွန်တော်ထင်တယ်။ ဘယ်လို ပြောင်းမလဲ ဆိုတာတော့ မပြောတတ်ဘူး”

ကိုဗဟိန်းသည် မိမိတို့ လူငယ်များ အတွက် သူရဲကောင်း ဖြစ်သည်။ မိမိတို့သည် ကိုဗဟိန်း၏ မြင်းခွာ တစ်ချက်ပေါက်ရင် မီးတစ်ချက် တောက်ရမည်”ဟု မကွေးမြို့၊ ရေနံမြေ သပိတ်တွင် ဟောခဲ့သော ရန်ကုန် တက္ကသိုလ်ကျောင်းသား ဥက္ကဋ္ဌ ကိုဗဟိန်းကို အမှတ် ရလာသည်။ နယ်ချဲ့ အာဏာပိုင်များသည် ကိုဗဟိန်းနှင့် ကိုဗဆွေ တို့ကို ရာဇ၀တ်ကျင့်ထုံး ပုဒ်မ(၁၀၇)အရ ဖမ်းဆီးခဲ့ကြသည်။ သည်အတွက် ဆန္ဒပြမှု၊ ဆူပူမှုများ တမဟုတ်ချင်း ပျံ့နှံ့ခဲ့သည်။ ဘဟိန်းဘဆွေ လူဆိုးလား၊ ပြည်ထင်း မင်းမခံနိုင်၊ ဆော်လကွာ ဆိုသော စာတမ်းများကို ကိုင်စွဲကာ ဆန္ဒပြခဲ့ဖူးသည်။

ကိုဗဟိန်းနှင့် ကဗျာ ဆရာကြီးတို့သည် ကွန်မြူနစ်တို့ ပေါင်းကာ ဂျပန်ကို တော်လှန်နေသည့် တရုတ်ပြည်သို့ ၀င်၍ အဆက်အသွယ် ရှာကြရန်ဖြစ်သည်။ လက်နက်များ တင်ပို့ရာ တရုတ် လမ်းမကြီး အကြောင်း ဝေဖန်ချက်ရေးသားရန် တရုတ်တို့က စာအုပ်ရေးမည့် သူများအား ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ ကြသေးသည်။

ထိုညစာ စားပွဲတွင် ဒုတိယ ကောင်စီဝန်၊ တရုတ်ပြည်ဘဏ် မန်နေဂျာ၊ စင်ထရယ် ဟိုတယ် ဒါရိုက်တာ လူကြီး၊ ဒီးဒုတ်ဦးဘ ချို၊ သခင်နု၊ တက်ဘုန်းကြီး သိန်းဖေ တို့လည်း ရှိနေကြသည်။ ကဗျာ ဆရာကြီးနှင့် ကိုဗဟိန်းတို့ကို လားရှိုး ခရီးစဉ် အတွက် တရုတ်တို့က စာတစ်စောင် ထည့်ပေး လိုက်သေးသည်။ အနည်းဆုံး မော်တော်ကား အလကား စီးရမည်ဟု မှာလိုက်သည်။ ကဗျာ ဆရာကြီးနှင့် ကိုဗဟိန်းတို့သည် မန္တလေးသို့ ဆန်သော မင်းလတ်သင်္ဘောနှင့် လိုက်ပါ သွားခဲ့ကြသည်။ ကိုဗဟိန်းသည် သင်္ဘောပေါ်တွင် ဆရာဖြစ်သင် ကောလိပ် ကျောင်းသူ မခင်ကြီးထံ စာရေး နေခဲ့ပေလိမ့်မည်။ သူတို့သည် ချောက်သို့ ရောက်သောအခါ အလုပ်သမား ခေါင်းဆောင်သခင် ဘိုးလှကြီးနှင့် ၀င်တွေ့ကြသေးသည်များ အမှတ်ရနေဟန် တူသည်။ ထိုအချိန် မိမိသည် ကဗျာ ဆရာကြီးအား မေးခွန်းတစ်ခု မေးဖြစ်ခဲ့သည်။ ကဗျာ ဆရာကြီး၏ မျက်နှာတွင် အပြုံးပွင့်များ ဝေလာသည်။ သို့သော် ခပ်နွမ်းနွမ်း။

“ကျွန်တော်တို့သွားဖို့ကို ယူနစ်က တာဝန်ပေးတာ၊ ဆုံးဖြတ် တာဖြစ်လိမ့်မယ်။ ယူနစ်ရဲ့ Leader ထဲမှာ ဆရာချို (ဒီးဒုတ် ဦးဘချို)တော့ပါတယ်။ Leaderတော့ မဟုတ်ဘူး”

ကဗျာ ဆရာကြီးတို့ ကျောင်းသား လူငယ်များသည် ထိုစဉ်က မြေအောက် လှုပ်ရှားမှုများ၊ စုဖွဲ့ လုပ်ဆောင်နေကြချိန် ဖြစ်သည်။ ကဗျာ ဆရာကြီးသည် မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်၍ သူ၏ အမြင်ကိုလည်း မိမိအား သုံးသပ်ပြခဲ့သည်။

“တချို့အာပေါင်အာရင်း သန်သန် အော်တယ်။ တချို့က မအော်ဘူး။ တကယ်လုပ်တယ်။ ပြင်းထန်နေပြီ။ လူအမျိုးမျိုး ပေါ့ဗျာ တွေ့ရတာ”

ကဗျာဆရာကြီးတို့သည် ထိုစဉ်က လက်နက်ရရေးအတွက် အကူအညီရှာရန် တရုတ်ပြည်ဘက်သို့ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။
“ဟုတ်တယ်”

သည်တစ်ခါတော့ ကဗျာ ဆရာကြီးသည် ပွင့်ပွင့်လင်းလင်း ပြောပြသည်။ ကဗျာ ဆရာကြီးသည် ငြိမ်းချမ်းရေးသမား ဖြစ်လျက် ဘယ့်နှယ် လက်နက် ကိုင်ဆွဲချင် ရဘိသနည်း။
“ကျွန်တော်က လက်နက် မကိုင်ချင်ဘူး။ တစ်ခါမှ ကျွန်တော် မကိုင်ဘူး။(၁၃၀၀)ပြည့် အရေးတော် ပုံကြီး ပြီးတော့ အုပ်စုလေးတွေက သူ့ဟာသူ ရှိနေတာပေါ့။ကျွန်တော်တို့ လက်နက်ရမှ ဖြစ်မှာ။ ကိုဗဆွေလည်း ပါတယ်။ဗြိတိသျှ အင်ပါယာက ကြီးကျယ်တယ်။လက်နက်နဲ့ တည်ဆောက် ထားတာ။ လက်နက် ရှာရမယ်။ လက်နက် မရှိရင် မရဘူး။ လက်နက်ရှာတဲ့ အထဲမှာ ကျွန်တော် မပါဘူး”

ကဗျာ ဆရာကြီးသည် နယ်ချဲ့ကို တော်လှန်ရန် လက်နက် ရှာရမည် ဆိုခြင်းကို လက်ခံသည်။ သို့သော် သူကိုယ်တိုင်ကတော့ လက်နက် ရှာဖွေရေး အစီအစဉ်တွင် မပါခဲ့ဟု ဆိုသည်။
“လားရှိုးမှာ သွားဆွေးနွေးတာ။ ကုမ္ပဏီ ရောက်တော့ ညနေဘက်။ ကားက ကားစုတ်ကြီး။ ကိုယ့်ဟာကိုယ် ပိုက်ဆံ စုရတာ။ အမေက နည်းနည်းပါးပါးတော့ ပေးတာပေါ့။ ကောင်စစ်ဝန်က ရေးပေးလိုက်တဲ့ စာကို သွားပေးတာပေါ့။ အဲသည့် အချိန်မှာ တရုတ်ကို အမေရိကန်က Support လုပ်ပေးတယ်။ ဂျပန်တိုက်ဖို့ အတွက် တရုတ်ပြည် ထဲသွားဖို့ ကိစ္စက ကိုဗဟိန်းနဲ့ ပိုဆိုင်တယ်။ ကျွန်တော်ကလည်း မမေးဘူး။ ဘယ်သူနဲ့ တွေ့တယ်ဆိုတာ မသိဘူး”

ကဗျာ ဆရာကြီးသည် ငယ်စဉ်က ယူဂျီ ကောင်းပီသစွာ သူနှင့် မဆိုင်သော၊ မပတ်သက်သော ကိစ္စကို စပ်စုချင် ပုံမရ။ ကဗျာ ဆရာကြီးနှင့် ကိုဗဟိန်းတို့သည် အင်္ဂလိပ်နယ်ချဲ့ကို တွန်းလှန် နေသူများ ဖြစ်ရာ ဒေသခံ အာဏာပိုင်များက သူတို့ကို လိုလားဟန် မတူ။ သိန္နီတွင် စော်ဘွားက အမိန့်စာ ဖတ်ပြစေ၍ ပြန်နှင်လိုက်သည်။ ထိုစဉ်က ကိုဗဟိန်းနှင့် ကဗျာဆရာကြီးတို့သည် ဘရိတ် မပါသော ကားကိုစီး၍ မန္တလေးသို့ ပြန်ခဲ့ကြရသည်များ အမှတ် ရနေဟန် တူသည်။

“ဒါဆို ဆရာတို့က ဗိုလ်ချုပ် အောင်ဆန်းတို့ ဂျပန်ကို သွားတာထက် ပိုပြီး စောတာပေါ့”

မိမိ အမေးကို ကဗျာ ဆရာကြီးက ချက်ချင်း တုန့်ပြန်သည်။
“ဟာ၊ စောတာပေါ့”

ကိုဗဟိန်းနှင့် ကဗျာဆရာတို့ သာလျှင် တရုတ်တို့ထံမှ လက်နက် အကူအညီ ရခဲ့လျှင် မြန်မာပြည် နိုင်ငံရေး ဘယ့်နှယ်နေ မယ်ဟု စဉ်းစားကြည့်မိပြန်သည်။ နယ်ချဲ့ တော်လှန်ရေး အတွက် နည်းလမ်း ရှာဖွေ နေကြချိန်။ ထိုစဉ်က တော်လှန်ရေး ဆိုသော စကားလုံးသည် သိပ်ပြီး တွင်တွင် ကျယ်ကျယ် ရှိကြသေး ဟန် မတူသေး။

“တော်လှန်ရေး ဆိုတဲ့ စကားလုံးက အဲသည့် အချိန်မှာ သုံးပြီဗျ။ ကျွန်တော် ကဗျာ ရေးဖူးတယ်။ တော်လှန်မှု ဆိုပြီး ရေးတာ၊ တော်လှန်ရေး ဆိုတာ လက်နက်ကိုင် မဟုတ်ဘူး။ ငြိမ်းချမ်းတဲ့ နည်းနဲ့လုပ်ရမယ်။ တော်လှန်မှု ဆိုတဲ့ ကဗျာလေး ရေးဖူးတယ်။ တော်လှန်ရေး မဟုတ်ဘူး။ တော်လှန်မှု . . ....တော်လှန်မှု”

တော်လှန်မှု
နွေလပေါက်လျှင်
ပိတောက်ရွှေဝါ၊ ၀င်းဝင်းဖြာ၍
အညှာပွင့်လိှုင်း၊ ခိုင်ချင်းဆိုင်းမျှ
မှိုင်းမှိုင်းဝေအောင် ဖူးကြ၏။

မြေတစ်လျှောက်လျှင်
နွေပျောက်မိုးစင်၊ မြရည်မင်သော်
နွေဝင်စခန်း၊ စွန့်ပစ်လှမ်း၍
မိုးပန်းမာလာ ၀င့်မြဲကို။
ရွှေပိတောက်လျှင်
မကြောက်မရွံ့၊ မိုးသို့ငံ့လည်း
စွန့်စွန့်တမာန်၊ သူ့ဟန်ပန်သည်
တော်လှန်ပွင့်သည့်
ပန်းမြတ်တည်း။ ။
ဒဂုန်တာရာ
(ဂန္ထလောက၊ ၁၉၄၀)

ကဗျာ ဆရာကြီး၏ တော်လှန်မှု ကဗျာသည် (၁၉၄၀)ခုနှစ်က ထုဆစ် ရေးဖွဲ့ခဲ့သော ကဗျာ။ မိမိက တော်လှန်ရေး ဆိုသည့် စကားလုံးကို ထုဆစ်ခဲ့သူအား ရှာဖွေလိုသည်။ ကဗျာ ဆရာကြီးထံမှ အတည်ပြုချက်လည်း ယူထားချင်သည်။
“တော်လှန်ရေး ဆိုတဲ့ စကားလုံးကို ဖလှယ်ခဲ့တာ သခင်စိုး လို့ ပြောလို့ ရသလား ဆရာ”ဟု မေးကြည့် ဖြစ်ခဲ့သည်။

“ဟုတ်တယ်။ သခင်စိုးပေါ့။ သခင်စိုးကို အကုန် လေးစားကြတယ်။သခင်စိုးက သခင်နုထက် ကြီးတယ်။သခင်စိုးကို မြင်ဖူးလား။ရုပ်ကြမ်းတယ်။ ၀တ်တာ၊ စားတာ တကယ့် တောသားရုပ်”

သခင်နု၊ သခင်စိုး၊ တော်လှန်ရေး ဆိုသည့် စကားလုံးများနှင့် အတူ တက္ကသိုလ် ကျောင်းသားများနှင့် နိုင်ငံရေး သမားများ မည်သို့ ပေါင်းစပ်ကြ မည်ဆိုခြင်းက စိတ်ဝင်စားဖွယ် ကောင်းမည်ထင်သည်။
“မြေအောက် ယူနစ်တွေမှာ အပြင်က သခင်တွေ များပါတယ်။ ဂိုက်လိုင်းတော့ မယူဘူးဗျ။ သူတို့လည်း သူလို ကိုယ်လိုဘဲ။ စာဖတ်တဲ့ သူတွေပဲ ပိုခင်တာပေါ့”

မိမိသည် ကဗျာဆရာကြီးကို ဘာကြောင့် သခင်ဌေးမြိုင်ဟု မသုံးနှုန်းခဲ့သလဲဟု သိချင်ခဲ့ပြန်သည်။
“သခင်ဌေးမြိုင် ဆိုတာက ကျောင်းမှာတော့ သုံးတယ်။ အပြင်မှာ မသုံးဘူး။ ဟိုတုန်းက လူတွေက ကိုဌေးမြိုင်လို့ ခေါ်တယ်။ ကိုအောင်ဆန်းကလည်း ကိုဌေးမြိုင်လို့ ခေါ်တယ်”

ကဗျာ ဆရာကြီးသည် တော်လှန်ရေး လှုပ်ရှားမှု၊ ကျောင်းသား လှုပ်ရှားမှုများနှင့် ထိစပ်နေသော်လည်း ခုချိန်အထိ နိုင်ငံရေး သမား မဖြစ်ခဲ့။
“ကျွန်တော်က နိုင်ငံရေး သမား မဖြစ်အောင် ရှောင်တော့ ရှောင်ပါတယ်။ လူမသိအောင် နေတယ်”

ကဗျာ ဆရာကြီးသည် နိုင်ငံရေးသမား မဖြစ်ခဲ့သလို၊ ကွန်မြူ နစ်လည်း မဖြစ်ခဲ့ပြန်။
“ကျွန်တော့်ကို ကွန်မြူနစ် ပါတီဖွဲ့တဲ့ အခါ ဖိတ်တယ်။ မသွားဘူး။ ကျွန်တော်နဲ့ မဖြစ်ဘူး”

စင်စစ် ဗိုလ်ချုပ် အောင်ဆန်းသည်လည်း ကွန်မြူနစ် ဖြစ်ခဲ့သူ ဖြစ်သည်။ ကိုဗဟိန်းလည်း ကွန်မြူနစ် ဖြစ်ခဲ့သည်။ သခင် သန်းထွန်းလည်း ကွန်မြူနစ် ဖြစ်ခဲ့သည်။ သခင်သန်းထွန်း ဆိုသော စကားလုံး ပါလာသော အခါ ကဗျာဆရာကြီးသည် ဟိုးအတိတ် ကာလကို လှမ်းမျှော်ကြည့်လိုက်ပြန်သည်။
“သခင်သန်းထွန်းက တော်တယ်။ အင်္ဂလိပ်စာလည်း ဖတ်တယ်။ ဗမာစာလည်း အရေးကောင်းတယ်။ တောခိုတာ သူ့အလုပ် မဟုတ်ဘူး။ သူကတော ခိုရမယ့် သူမဟုတ်ဘူး။ နောက်ပိုင်းတော့ မသိဘူးဗျ။သူ စိတ်ပြောင်းသွား သလားမသိဘူး”

ကဗျာ ဆရာကြီးသည် သခင် သန်းထွန်းတို့ တောခိုကာ လက်နက် ကိုင်စွဲခဲ့သည့် လက်နက်ကိုင် တော်လှန်ရေးကို မနှစ်ခြိုက် သည်လား။လက်နက်ကိုင် တော်လှန်ရေးကို မနှစ်မြို့သူ၊ လက်မခံ သူများလား။
“ဟိုတုန်းကတော့ ကြိုက်တယ်လည်း မဟုတ်ဘူး။ မကြိုက်ဘူး မဟုတ်ဘူး။ အခုမှ ငါ မတားခဲ့ပါလား ဆိုတာ သွားတွေ့တာ ကိုးဗျ။ ဒါက အသက်ကြီးလာမှ သိတာ။ ဟိုတုန်းကတော့ ကိုယ့် ထက်လုပ်တဲ့ လူတွေ အကြောင်းရှိလို့ လုပ်တာပဲ ထင်တယ်”

ကဗျာ ဆရာကြီးသာ သခင် သန်းထွန်းကို တောမခိုရန် ဟန့်တားနိုင်ခဲ့လျှင်၊ လက်နက်ကိုင် တော်လှန်ရေးကို ကန့်ကွက်ခဲ့လျှင် သခင်သန်းထွန်းသည် ခုချိန်သက်ရှိ ထင်ရှား ရှိနေလေမည်လား။ ထိုသောအခါ မြန်မာပြည်၏ နိုင်ငံရေး အခင်းအကျင်းသည် ပြောင်းလဲလာမည့် သဘောလား။ မပြောတတ်။
. . . . . . . . . . . .

source: http://www.paephuhlwarmagazine.asia


No comments:

Post a Comment