နိုင်ငံ၏ ကျေးဇူးရှင်ကြီး သခင်ဘသောင်း
စာရေးသူ -ကြေးမုံဦးသောင်း၊ဩဂုတ် ၁၅၊ ၂၀ဝ၇
ပုံရေးသူ - နေမျိုးဆေး
(နှစ်ပေါင်း ၆၀ ဆက်တိုက် စာပေဝန်ထမ်းစဉ်၌ ပညာရင်နို့ သောက်စို့ခဲ့ရသော ဆရာ့ဆရာများ) ကားလ်မတ်က်စ်သည် ကွန်မြူနစ်ဝါဒနှင့် ကွန်မြူနစ်ပါတီများကို မွေးဖွားပေးသူ ဖြစ်သကဲ့သို့ သခင်ဘသောင်းသည် တို့ဗမာအစည်းအရုံး သခင်ပါတီကို မွေးဖွားပေးသူဖြစ်သည်။ အကယ်၍သာ ပညာဉာဏ် ကြီးကဲသော သခင်ဘသောင်းအမည်ရှိ စာရေးဆရာကြီး ပေါ်ထွန်းမှုမရှိခဲ့လျှင် သခင်ပါတီနှင့် တို့ဗမာဝါဒ ပေါ်ထွန်းမည်မဟုတ်သဖြင့် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ နှောင့်နှေးကြန့်ကြာနိုင်ခဲ့ပေမည်။
သခင်ဘသောင်းသည် ရှေးမြန်မာခေါင်းဆောင် ဦးထွန်းရှိန် (ဘေပုရှိန်) ကျောင်းထွက် မျိုးချစ်ကြီးဖြစ်သည်။ သူ တည်ထောင်သော သခင်ပါတီသည် လက်ဝဲလမ်းစဉ် ဩဇာကြီးသောပါတီ ဖြစ်လာခဲ့စေကာမူ သခင်ဘသောင်းသည် ကွန်မြူနစ်တစ်ဦး မဟုတ်ခဲ့ပေ။ ဆိုရှယ်လစ်တစ်ဦးပင် မဟုတ်ခဲ့။"ဆိုရှယ်လစ်နိုင်ငံထောင်လျှင် ရေနံဆီတောင်မှ ရာရှင်လက်မှတ်နဲ့ ဝယ်ကြရလိမ့်မယ်" ဟု ၁၉၅၂ ခုနှစ်က ဗမာ့ခေတ်သတင်းစာ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့သည်။ ထိုစဉ်က ဗမာ့ခေတ်အယ်ဒီတာ တင်မောင်က "ဆရာ့အဆိုက မလွန်ဘူးလား၊ ကျနော်တို့နိုင်ငံမှာ ရေနံ လုံလောက်စွာ ထွက်ပါတယ်။ ရေနံဆီကို ရာရှင်လုပ်ရတဲ့ခေတ်ကို မရောက်နိုင်ပါဘူး" ဟု စောဒက တက်ခဲ့မိသည်။"မင်းက ငယ်ပါသေးတယ်၊ စောင့်ကြည့်ပါ။ တနေ့မှာ အရူးတစ်ကောင်ကောင်က လက်တည့်စမ်းပြီး ဆိုရှယ်လစ်နိုင်ငံ ထောင်တဲ့ခေတ်ကို ကြုံရပါလိမ့်မယ်။ အဲဒီတော့မှ ငါရေးတာ မလွန်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်" ဟု ဆရာက ရယ်မောရင်း နိမိတ်ဖတ်ခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့သော သခင်ပါတီ၊ တို့ဗမာအစည်းအရုံး၏ ဖခင်ကြီးက တနေ့တွင် လွတ်လပ်သော မြန်မာပြည်တွင် နိုင်ငံရေးလက်တည့်စမ်းသူများ ပေါ်လေမည် မြန်မာများတို့ အခက်အခဲတွေ့ကြရမည်တို့ကို တင်ကြိုမြင်ခဲ့သည်။ထိုအချိန်က ဗမာ့ခေတ် ဦးအုန်းခင်ကလည်း "မိုးကြိုး"အမည်နှင့် နေ့စဉ်လိုလို ဆောင်းပါးရေးလေရာ သခင်ဘသောင်းနှင့် ဦးအုန်းခင်တို့က သူတို့စာများတွင် သူတို့ခေတ်က တေးသီချင်းကလေးများ ထည့်သွင်းရေးသားလေ့ရှိသည်။ လူကြီး ၂ ဦးတို့ ဘီယာခွက် ကိုယ်စီကိုင်ကာ ဖိုးစိန်ကြီးခေတ်ဟောင်းမှ တေးများကို တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုသီကြသည်ကိုကြည့်ကာ အယ်ဒီတာ တင်မောင် ပျော်ရွှင်ကြည်နူးခဲ့ရသည်။ ဇာတ်ကွက်ဝင်သော နိုင်ငံရေးကိစ္စကို တေးဟောင်းများ အသံသွင်းကာ ဆောင်းပါးရေးကြသည်။ပြန်ကြားရေးဝန်ကြီး ဦးထွန်းဖေက ရာထူးမှ ထွက်လာစဉ် ဝန်ကြီးချုပ်ဦးနုအား အာဏာရှင်ဆန်သည်ဆိုကာ ဦးနုအား "ဘဝရှင်မင်းတရားကြီး"ဟု ဘွဲ့ပေးပြီး ဆောင်းပါးများ ရေးကာ ဝေဖန်သည်။
ထိုခါ ပင်တိုင်ဆောင်းပါးရှင် သခင်ဘသောင်းက ဗမာ့ခေတ်တွင် နေ့စဉ်ရေးသားသော ဆောင်းပါးကို ဦးဖိုးစိန်ကြီး၏ နာမည်ကျော် ဇာတ်ပွဲဇာတ်လမ်းမှ တေးဇာတ်လမ်းနှင့် ပြောင်မြောက်စွာ ခေါင်းစဉ်တပ်ကာ ရေးသားလေသည်။ဖိုးစိန်ကြီး၏ "ချင်းကလေး ဖဝေး" ဇာတ်တွင် ချင်းကလေးဖဝေး သည် ဘုရင့်သမီးတော် မကြေးမုံနှင့် မေတ္တာမျှမိကြသည်။ နတ်ဖမ်းစားသဖြင့် မကြေးမုံက မိမိချစ်သူမဟုတ်ဟု ငြင်းဆိုသောအခါ မင်းချင်းတို့က ဖဝေး အား ရိုက်နှက်နှိပ်စက်ကြသည်။ ထိုအခါ ချင်းကလေးက ဖခင်ဘုရင်ကြီးထံ အသနားခံကာ မြန်မာစကား မတတ်တတတ်နှင့် တောင်းပန်သော ငိုချင်းကို သခင်ဘသောင်းက သူ၏ပင်တိုင်ဆောင်းပါး၏ ခေါင်းစဉ်အဖြစ် အသုံးပြုသည်။"ပလိုင်းကို လွယ်ကာလေ၊ အရိုင်းမျိုးနွယ်ပါဘုရာ့၊ စော်ကားတယ်ဆိုတာ နင်မယုံလိုက်ပါနဲ့၊ တင်ပုံရှုပ်ထွေး" ဟူသော ငိုချင်းတေးမှ ပထမအပိုဒ်တွင် "ယာတောအလယ်၊ ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့၊ နင် ဆင်ခြင်မှာလား… " ဟု ငိုသည်ကိုယူကာ "ငါပြောမယ် … " ဟု ခေါင်းစဉ်တပ်ကာ ဝန်ကြီးချုပ်ဦးနုအား နိုင်ငံရေးဝေဖန်ချက်များကို လူရိုင်းကလေး ချင်းဖဝေး၏ လေယူလေသိမ်းနှင့် နင်တခွန်းငါတခွန်း အသုံးပြုကာ ရေးသားသည်မှာ ထိမိလှသည်။ အချက်အလက် ဆင်ခြေကောင်းသော အကြောင်းအရာကို ဖွဲ့သီမှုလှပသော ရေးဟန်နှင့် ရေးသောကြောင့် စာဖတ်ပရိသတ်တို့က စွဲမက်ကြသည်။
ဝန်ကြီးချုပ်ဦးနုက သူ့အား ဘဝရှင်မင်းတရားကြီးဟု ခေါ်ဝေါ်ကာ ဝေဖန်သော ဝန်ကြီးဟောင်း ဦးထွန်းဖေ၏ ဝေဖန်စာများကို ဖတ်ရတိုင်း လက်ခံနိုင်ဘဲ ဒေါသထွက်လေ့ရှိသည်ဟု ကြားသိရသည်။ သခင်ဘသောင်း၏ ငါပြောမယ်ဟု ရေးသားသော ဝေဖန်ချက်ဆောင်းပါးများကိုမူ သရော်စာအဖြစ် အရသာယူကာ ဖတ်ရှုလေ့ရှိသည်ဟု သိရသည်။ ဝန်ကြီးချုပ်အား ဝေဖန်ပြစ်တင်သော စာချင်းအတူတူ ရသမြောက်အောင် ရေးနိုင်သဖြင့် ပိုမိုထိရောက်သည်။ သခင်ဘသောင်းကလည်း သူ၏ဆောင်းပါးတွင် "ချင်းကလေး ဖဝေး"နှင့် လက်စွဲတော်လူပြက်ကြီး "တောင်လုံးကျော်" တို့ စကားပြောဟန်ရေးသားရင်း "စက်ခုတ်သံလား မိုးသံလားဟေ့၊ စက်ခုတ်သံပဲ မိုးသံပဲဟေ့" စသည်ဖြင့် တေးဟောင်းများကို ဆိုညည်းပြောကြဟန် ရေးသဖြင့် ပိုမိုအသက်ဝင်သည်။သခင်ဘသောင်း ဘာသာပြန်ခဲ့သော "တိုင်းပြည်ရန်သူ" ပြဇာတ်မှာ ရေချိုးဆိပ်တစ်ခုသည် လူထုအား အန္တရာယ်ပြုနိုင်အောင် ယိုယွင်းနေသည်၊ ထိုအမှန်တရားကို ဖော်ထုတ်မိသူတစ်ဦးအား မိမိတို့ အကျိုးစီးပွားကို ထိခိုက်မည်စိုးရွံ့သူများက ဝိုင်းပယ်ကြ၊ ရန်ပြုကြပုံကို ဇာတ်လမ်းဖွဲ့ထားသည်။ထိုပြဇာတ်တွင် "အဖော်မပါသော တယောက်တည်းသည် အင်အားအကြီးဆုံး ဖြစ်သည်" ဟူသော စာပိုဒ်တစ်ခုကို ဆရာနှင့် ဆွေးနွေးဖူးသည်။ "ရှင်းပါတယ်ကွ၊ ၂ ယောက်ဆို အယူအဆ ကွဲနိုင်သေးတယ်လေ" ဟု ဆရာက ဖြေ၏။
သခင်ဘသောင်း ရေးသမျှစာတို့သည် လွယ်ကူရှင်းလင်းသော ကျေးလက်တောရွာသုံး မြန်မာစာစကားများနှင့် ဖွဲ့ဆိုလေ့ရှိသည်။ ၁၉၈၁ ခုနှစ်က အင်္ဂလိပ်စာရေးဆရာ ကဗျာဆရာကြီး Thomas Hardy ရေးသားသော Tess of the D'Urbervillies ဝတ္ထုကြီးကို ဆရာကြီးက "ပန်းသာ မစာဥ"အမည်နှင့် ဆီလျော်အောင် ပြန်ဆိုခဲ့သည်။မစာဥ ဝတ္ထုကြီးကို အညာစကား အညာလေ အညာဟန်နှင့် ရေးသားထားရာ ဖွင့်မပြောပါက ဘာသာပြန်စာပေဟု မယုံနိုင်လောက်အောင် မြန်မာဆန်သော ဝတ္ထုကြီးဖြစ်သည်။ ဆရာကြီး၏ အကောင်းဆုံး ဂန္တဝင်ဝတ္ထုဖြစ်ရုံသာမက မြန်မာစာပေလောက၏ အကောင်းဆုံးဝတ္ထုကြီးတစ်ခုလည်း ဖြစ်နေလေပြီ။ဇာတ်ဆောင်မင်းသမီးကလေး ဥက သူ၏ ဖခင်ကို ရှာဖွေရန် ပေပင်ကုန်းရွာထိပ်မှ ဘုံဆိုင်သို့ ဝင်သွားသောအခါ အရက်ရောင်းနေသူ အဘွားအိုက "လိုင်စင်သွင်းလို့ ပိုတာကလေးကို အပျော်သောက်ကြတာပါတော်ရို့ …" ဟု အောင်ဟစ်ရာမှ "ညည်းနှယ်အေ အသံကလေး ဘာလေးပေးပြီး ဝင်ပါဟယ်" ဟု ပြောရှာပုံ၊ ယစ်မျိုးတို့ အရက်ဖမ်းလာမည် ကြောက်ရွံ့သဖြင့် "လိုင်စင်သွင်းလို့ ပိုတာကလေးကို အပျော်သောက်ကြတာပါတော်ရို့" ဟု ခြေသံကြားတိုင်း ဂါထာရွတ်ဆိုသကဲသို့ ရွတ်ဆိုပုံကို အသေးစိတ် ရေးသားသကဲ့သို့ စာပိုဒ်တိုင်းမှာ အသက်ဝင်အောင် ရေးသားထားသည်။
သခင်ဘသောင်းသည် ဘဝစုံသည်။ သူ့အား ငွေဒင်္ဂါးအတု ညှပ်ပုံလုပ်သည်ဟု ပုလိပ်တို့က ရိုးစွပ်ကာ ဖမ်းဆီးစစ်ဆေးသည်ကိုလည်း ခံရဖူးသည်။စေတနာကလည်း ကြီးသည် ဗမာ့ခေတ်တွင် ဆောင်းပါးရေးရန် သူက ဘေးတွဲပါသော မော်တော်ဆိုင်ကယ်နှင့် လာလေ့ရှိသည်။ သူက ဆူးလေဘုရားလမ်းတွင် နေထိုင်ပြီး တင်မောင်က လတ္တာလမ်းတွင် နေသည်။ အလုပ်သိမ်းတိုင်း ထမင်းကျွေးရန် သူ၏ မော်တော်ဆိုင်ကယ်ဘေးတွဲနှင့် တင်ခေါ်ကာ လတ္တာလမ်းသို့ ပို့ပေးလေ့ရှိသည်။ ထိုအချိန်က မော်တော်ဆိုင်ကယ် ဘေးတွဲခေတ် ကုန်ပြီဖြစ်သည်။ သူက ခေါင်းပေါင်း ပေါင်းသေးသည်။ တင်မောင်က ဘေးတွဲပေါ်တွင် ငုတ်တုတ်ထိုင်ကာ စီးနင်းလေ့ရှိသည်ကို ရုပ်ပြောင်အဖြစ် သတင်းစာလောကသားတို့ကသာမက ရန်ကုန်သူ ရန်ကုန်သားတို့ကပါ တင်မောင်တို့ ဆရာတပည့်ကို လှောင်ကြသည်ကို ခံခဲ့ရသည်။နေ့စဉ်လို ခရုခေါက်ဆွဲ၊ ကြက်သားပလာတာ စသည်ဖြင့် တပည့်ကို ကျွေးလေ့ရှိသည်။ စာပညာ အသိဉာဏ်ကြီးမားသော်လည်း ပစ္စည်းဥစ္စာ စုဆောင်းမိမည့်သူ မဟုတ်ပါပေ။ ငွေလိမ်မှုလည်း ကျူးလွန်ရန် ဝန်မလေး။ရဲဘော်ရင်း သခင်စိုးက "ကိုယ်က သံလျင် ဘီအိုစီ ရုံးစာရေးကလေးဘဝမှာ၊ ကျစ်ကျစ်ပါအောင် စုထားတဲ့ ငွေကလေး သုံးရာကို သူက သုံးပစ်လိုက်တယ်လေ။ ဒီတော့ မခံချင်လွန်းတာကြောင့် သူ့ကို တွေ့တာနဲ့ သူရဲ့ မျက်လုံးကို ကိုယ့်လက်နဲ့ ဖောက်မယ်လို့ ဆုံးဖြတ်ပြီး ရန်ကုန်တမြို့လုံး ရှာတာပေါ့။ ဆူးလေဘုရား ခြေရင်းမှာတွေ့တော့ သူက ပြေးတယ်လေ။ ဘာရမလဲ ကိုယ်က ဗလကြီးတာပဲဟာ နောက်က လိုက်တော့ ပန်းခြံထဲမှာ မိတယ်လေ။ သူ့အပေါ်က ခွစီးမိပြန်တော့လည်း သူ နာအောင် မလုပ်ရက်ပါဘူး" ဟု နောက်ကြောင်းပြန်ဖူးသည်။
သခင်ဘသောင်းနှင့် အဖွဲ့တို့သည် တို့ဗမာသီချင်းနှင့် နိုင်ငံပြုစာတမ်းများနှင့် လှုံ့ဆော်စည်းရုံးမှုအရ သခင်လူငယ်အများတို့ အမြို့မြို့တွင် ပေါ်ထွန်းလာစေကာမူ ငယ်ရွယ်သူများသာ ဖြစ်သဖြင့် ဩဇာစက် သိမ်ငယ်နေ၏။ ထိုအချိန်တွင် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို ဒိုင်အာခီစနစ်ထက် မြင့်မားသော အုပ်ချုပ်ရေးသစ်ပေးရန်အတွက် မြန်မာနိုင်ငံအား အိန္ဒိယပြည်နယ်တစ်ခုအဖြစ်မှ ခွဲထွက်ရေး၊ သို့မဟုတ် တွဲနေရေး ဆုံးဖြတ်ရန် ပါလီမန်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်သောအခါ လူကြီးပိုင်း နိုင်ငံရေးအဖွဲ့များနှင့် သတင်းစာတို့က ခွဲရေးတွဲရေး ကိစ္စကို ပြင်းထန်စွာ ငြင်းခုံနေကြစဉ်တွင် သခင်တို့က ပြတ်သားသည့်လမ်းစဉ်ကို ချမပေးနိုင်သဖြင့် နိုင်ငံရေးလောက၏ ဘေးလူ ဖြစ်သွားပြန်သည်။
၁၉၃၁ ခုနှစ်က ရန်ကုန်တက္ကသိုလ်သမဂ္ဂတွင် ဦးဘဘေနှင့် ဒေါက်တာဗမော်တို့ ခွဲရေးတွဲရေး စကားစစ်ထိုးပွဲကို ကျင်းပစဉ်က သခင်ဘသောင်းက ပရိသတ်အဖြစ် စင်မြင့်ပေါ်သို့ တက်ခဲ့သည်။ "တွဲရေးကို မဲပေးကြမယ်ဆိုလျှင် အင်္ဂလိပ်ကျွန်အဖြစ် ကျန်ရစ်ကြရမှာပေါ့။ ခွဲရေးကို မဲပေးကြလျှင်လည်း မထူးပါဘူး၊ အင်္ဂလိပ်ရဲ့ သပေါက် ဖြစ်နေရမှာပါပဲ" ဟု တင်ပြသည်။"သတိုးမင်းဖျားခေတ်က သူခိုးငတက်ပြားလို သတ္တိရှိကြဖို့ လိုပါသည်။ ငတက်ပြားကို ဖမ်းမိတဲ့အခါမှာ ဘုရင်က … "ကားစင်တက်ပြီး သတ်ရမလား၊ လည်ချောင်းကိုခွဲပြီး သတ်ရမလား၊ ဘယ်လိုသေချင်သလဲ၊ သေနည်းကို ရွေးပေတော့ မောင်မင်း"လို့ မေးပါတယ်။ ဒီတော့ ငတက်ပြားက "ကျုပ် ဘာမှ မလိုချင်ဘူး၊ ခင်ဗျားကြီးရဲ့ဘေးမှာ ထိုင်နေတဲ့ မိဖုရားကြီးကိုပဲ လိုချင်တယ်" လို့ ပြောတာကြောင့် သူရဲ့ သတ္တိကို သိရှိပြီး သူကောင်းပြုခြင်း ခံရပါတယ်။ ဗမာတွေ သတ္တိရှိကြပါ၊ ခွဲရေး တွဲရေး မလိုချင်ကြပါနဲ့ လွတ်လပ်ရေးကို တိုက်ကြပါ" စသဖြင့် ဟောပြောခဲ့သည်။သူ၏ လမ်းစဉ်သည် မှန်ကန်သော်လည်း လူထုကြီးတရပ်လုံး ခွဲရေး တွဲရေး ပြဿနာကိုသာ စိတ်ဝင်စားနေကြသဖြင့် နားမဝင်ခဲ့ကြပြန်ပေ။
စည်းရုံးရေး အရှိန်မြှင့်ရန်အတွက် ညီလာခံတစ်ခုကို သခင်ဘသောင်းက သူ၏နေအိမ် ဗဟန်း ရေတာရှည်လမ်း အမှတ် ၃၃ တွင် ၁၉၃၃ ခု ဇူလိုင်လ ၄-၅-၆ ရက်များ၌ ကျင်းပရာ သခင်သိန်းဟန်၊ သခင်ဗတင်၊ သခင်ဗစိန်၊ သခင်လှဘော်၊ သခင်သိန်းမောင်နှင့် ကိုအုန်းခင်တို့သာ တက်သဖြင့် သခင်ဘသောင်းပါ ၆ ဦးသာ တက်ရောက်ကြသည်။အမြတ်တော်ခွန်ရုံးမှ စာရေး ကိုအုန်းခင်က ညီလာခံတက်စေကာမူ သခင်နာမည်ကို ယူသူ မဟုတ်သဖြင့် ဒေါင်ဒေါင်မြည် သခင် ၅ ဦးသာ ရှိနေသည်။သခင်ဘသောင်းကမူ စိတ်မပျက်ပါပေ။ "အခုလို ရဲဘော်များကို တွေ့ရတာမို့ ဝမ်းသာအားတက်ဖြစ်ရပါတယ်။ သခင်အဖွဲ့မှာ ကျနော်တစ်ယောက်အပြင် ခင်ဗျားတို့ ၅ ယောက်က နံဘေးမှာ ရှိနေပြီမို့ အားတက်ရပါတယ်။ ဟစ်တလာနှင့် နှိုင်းစာမယ်ဆိုလျှင် ကျနော်က အများကြီး သာတာပေါ့။ ဟစ်တလာပါတီ တည်ထောင်တုန်းက တစ်ယောက်တည်း ရှိရှာတယ်၊ ပိုက်ဆံကလေး မဖြစ်စလောက် ရှစ်ပြားလောက်နဲ့ ထောင်ခဲ့တယ်" ဟု သခင်ဘသောင်းက အားတက်သရော မိန့်ခွန်းပေးခဲ့သည်။
ကံအားလျော်စွာ အခွင့်အလမ်းတစ်ခုကို သူတို့ တွေ့ကြသည်။ခွဲရေးတွဲရေး ပါလီမန်ရွေးကောက်ပွဲမဝင်ဟု မူလက ဆုံးဖြတ်ခဲ့စေကာမူ ကြား ရွေးကောက်ပွဲတစ်ခုနှင့် ကြုံကြိုက်သောအခါ သခင်ဘသောင်းက ဝင်ရောက်အားစမ်းရာမှ သခင်ပါတီလှုပ်ရှားမှုများ စတင်နိုင်ခဲ့သည်။ရွှေဘိုမြို့ အရှေ့ပိုင်းမဲဆန္ဒနယ်မှ အမတ်မင်း ဦးသုတ ဆိုသူ ကွယ်လွန်သဖြင့် ကြားရွေးကောက်ပွဲ ကျင်းပရာ သခင်ဘသောင်း ဝင်ရောက်အရွေးခံရန် ဆုံးဖြတ်ကြလေသည်။ ၁၉၃၃ ခု နိုဝင်ဘာလထဲတွင် သခင်ဘသောင်းနှင့်အတူ သခင်ဗစိန်၊ သခင်ထွန်းရွှေနှင့် သခင်သိန်းမောင်တို့ပါ ရန်ကုန်မှ ရွှေဘိုသို့ လိုက်လာကြပြီး ရွှေဘိုမှ အမာခံသခင်တစ်ဦးဖြစ်သူ သခင်ဗခန့် အိမ်တွင် သခင်ပါတီရုံးဖွင့်ကာ ရွေးကောက်ပွဲအတွက် စည်းရုံးကြလေသည်။
သခင်ပါတီလမ်းစဉ်ကို ရွှေဘိုမြို့နယ်တွင် ဟောပြောစည်းရုံးကြသည်။ဟောပြောချက်ကို အကြောင်းပြု၍ ရွှေဘိုအရေးပိုင်က ပုဒ်မ ၁၄၄ အရ ရွှေဘိုခရိုင်မှ ထွက်ခွာပေးရမည်ဟု နှင်ထုတ်သောအခါ သူတို့က အာဏာဖီဆန်ကြသဖြင့် ပုလိပ်တို့က ဖမ်းဆီးလိုက်ပြီး ထောင်ဒဏ် ၄ လ အပြစ်ပေးသည်။ ချက်ချင်းပင် မန္တလေးထောင်၊ မြင်းခြံထောင်၊ သရက်မြို့ထောင်နှင့် ရန်ကုန်ထောင်သို့ ရွှေ့လိုက်သည်။ ထောင်ရွှေ့စဉ်တွင် လမ်းတလျှောက်လုံး "သခင်မျိုးဟေ့ တို့ဗမာ၊ လာမည့်ဘေး ပြေးတွေ့၊ အမေက မွေး ထောင်ကကျွေး" ဟူသော ရေကွးကြော်သံများကို အော်ဟစ်ကြသည်။ထိုမျှမကသေး အစာငတ်ခံတိုက်ပွဲ ဆင်နွှဲကြသေးသည်၊
သခင်တို့၏ လှုပ်ရှားမှုသတင်းများကို ရန်ကုန်မြို့ သတင်းစာများက အသားပေးကာ ဖော်ပြကြသည်။ ဤတွင်မှ သခင်ပါတီကို မြန်မာတနိုင်ငံလုံးက သိရှိလာကြပြီး လူငယ်များ၏ တို့ဗမာအစည်းအရုံး သခင်ပါတီကြီး ပေါ်ပေါက်လာခဲ့ရသည်။ နိုင်ငံ၏ လွတ်လပ်ရေးတိုက်ပွဲတွင် အရေးပါစွာ ဝင်ရောက်အားထုတ်နိုင်ခဲ့၏။
သခင်ဘသောင်း ဟောခဲ့သည့်အတိုင်း ဗိုလ်နေဝင်းခေါ်သူ အရူးတစ်ယောက်က မြန်မာ့လမ်းစဉ်ဆိုရှယ်လစ်ပါတီ ထောင်ခဲ့သဖြင့် ရေနံဆီရှားသည်ကို မြန်မာများ လက်တွေ့မြင်ခဲ့ကြရ၏။၁၉၇၆ ခုနှစ်က ဆိုရှယ်လစ်အစိုးရ ပြန်ကြားရေးဌာန ဒုညွှန်မှူး တင်မောင် ၏ရုံးသို့ သခင်ဘသောင်းတစ်ယောက် ဝင်လာသည်။ "ရေနံဆီ ရှားတာ မြင်ပြီလားဟေ့"ဟု စကားနာထိုးပြီး ရှေးဟောင်းနှောင်းဖြစ်များကို စားမြုံ့ပြန်သည်။ဝလင်စွာ စကားပြောပြီးနောက် ဆရာက အိတ်တွင်းမှ ငွေစက္ကူတစ်လိပ်ကို ထုတ်၍ အပ်သည်။"မင်းရဲ့ အဓိက အလုပ်က ဧည့်ခံပွဲတွေ စီစဉ်တဲ့အလုပ်ဆိုတာ ငါသိပါတယ်။ ဒီတော့ ငါ့အတွက် နှုတ်ဆက် ညစာစားပွဲတစ်ခု စီစဉ်ပေးကွာ" ဟု စေခိုင်းသည်။ သူဖိတ်လိုသော နိုင်ငံရေးလူကြီးများစာရင်းကို ပေးသည်။ စာပေလောက ကတော့ မင်းပဲ ရွေးပြီး ဖိတ်ကွာ ဟု ပြောပြီး "ငါမသေမီ သူတို့ကို နှုတ်ဆက်ခဲ့ချင်တယ်" ဟု တည်ကြည်စွာပြောရှာ၏။ငွေလိပ်ကို စစ်ကြည့်သောအခါ ဖူလုံသည်၊ ပိုလျှံသည်။ သူ့အလိုအရ ခမ်းနားသော ညစာစားပွဲတစ်ခုကို တရုတ်ဟိုတယ်တစ်ခု၌ ကျင်းပပေးခဲ့သည်။ ရွှေပွဲလာဧည့်သည်တော်တို့က ပုလင်းများ ပါလာကြသဖြင့် နှုတ်ဆက်ပွဲမှာ စည်ကားသည်၊ ပျော်ကြသည်၊ နောက် လွမ်းကြသည်၊ တော်တော်နှင့် မပြီးနိုင်။မိမိ သေတော့မည်ထင်သဖြင့် ပွဲကျင်းပစေသောဆရာသည် အသက်ပြင်းသည်။
လအနည်းငယ်ကြာသောအခါ ဆူးလေပန်းခြံထောင့်တွင် တွေ့ရသည်။ "ငါ မသေသေးဘူးကွ" ဟု ပြောပြီး တင်မောင်၏ ပိုက်ဆံအိတ်ကို ဆွဲကြည့်၍ တွေ့သမျှ ယူသွားသည်။ "အခု ငါ ဘိုင်ကျပြန်ပြီ" ဟု ပြောခဲ့သည်။ထို့နောက် ဆရာကို မတွေ့ရတော့ပြီ။ တင်မောင်က အမေရိကန်သို့ လွင့်လာမှ ၁၉၈၁ ခု ဧပြီ ၂၁ ရက်နေ့က နိုင်ငံသားတို့နှင့် စာပေလောက၏ ခေါင်းဆောင်ကြီး ဘဝကူးရှာလေသည်ဟု သိရ၏။ ။
http://moemaka.biz/OldMMK/index.php?option=com_content&task=view&id=404&Itemid=70
No comments:
Post a Comment