3 Oct 2013

လက်အုပ်ချီ အရိုအသေပြုခိုင်းခြင်း



 

လက်အုပ်ချီ အရိုအသေပြုခိုင်းခြင်း
======================

၁၉၀၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်ကောလိပ်ကျောင်းမှာပါ။ ကျောင်းသားတွေကို လိုက်စစ်တဲ့ အင်စပတ်တော်မင်းက အဋ္ဌမတန်း ကျောင်းသား ကျောင်းသူတွေကို လက်အုပ်ချီ အရိုအသေပေးဖို့ ဒါမှမဟုတ် လက်ပိုက်အရိုအသေပေးဖို့ ခိုင်းပါတယ်။ ကျောင်းသားတချို့က လက်အုပ်လဲ မချီကြပါဘူး။ လက်လဲ မပိုက်ကြပါဘူး။အဲဒီလို မလုပ်တာကိုပဲ အင်စပတ်တော်မင်းက အမိန့်မနာခံလို့ ဆိုပြီး ကျောင်းက ထုတ်ပစ်သတဲ့လေ။ ဒီတော့ ကျန်တဲ့ကျောင်းသား တချို့ကလည်း ကျောင်းမတတ်ကြတော့ဘူး။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကျောင်းတွေမှာ ဆရာကို တပည့်က အရိုအသေပေးပုံ ပေးနည်းနဲ့ ပက်သက်ပြီး ဆွေးနွေးပွဲတခု ကျင်းပခဲ့တယ်။ နေရာက ရန်ကုန်မြို့ ဆူးလေလမ်းက ဝိတိုရိယခန်းမမှာပါ ။ အဲဒီဆွေးနွေးပွဲကို လူ ၄၀၀ လောက် တက်ရောက်ကြပြီး အဲဒီအထဲမှာ မြန်မာ အမျိုးသမီးတွေလည်း ပါတယ်လို့ ဆိုပါတယ်။။ အစည်းအဝေးက "ဦးတော်စိန်ခို" ကို သဘာပတိ တင်မြှောက်ကြပါတယ်။

တော်စိန်ခို ရေးခဲ့တဲ့ အတိုင်းကိုးကားရရင် " ရှိခိုးတယ်ဆိုတာ မူလဘူတက ယုံကြည်ကိုးကွယ်ခြင်းဆိုင်ရာ ဘာသာရေး ဗုဒ္ဓဘာသာဝင်တွေရဲ့ လက္ခဏာပါ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုပြီးတော့ ဘုရား တရား သံဃာကို ပူဇော်ကန်တော့ရာမှာ လက်ဝါးနှစ်ဖက်ကို ကြာဖူးသဏ္ဍန်ပူးယှက်လို့ နဖူးလက်တင် ရှိခိုးခဲ့ကြတာကိုး။ မြန်မာ့ ယဉ်ကျေးမှုမှာ အနန္တော အနန္တ ငါးပါးဆိုတာ ရှိပါတယ်။ ဘုရား တရား သံဃာ အပြင် ကျန်နှစ်ပါးက မိဘ နဲ့ ဆရာဆိုတာ မြန်မာတိုင်းသိကြပါတယ်။ အဲဒီ ငါးပါးမှ အပ မြန်မာတွေ လက်အုပ်ချီခဲ့ဖူးတာ ဘုရင်ပါ။

ဘုရင်ကို လက်အုပ်ချီတဲ့ သဘောက အနန္တော အနန္တ ငါးပါးကို လက်အုပ်ချီပုံနဲ့ ကွဲပါတယ်။ "ဦးတော်စိန်ခို" က အဲဒီအကြောင်းလေးကို ရေးရာမှာ ဘုရင်ဟာ ဘိသိတ်ခံရာမှာ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ရပါသတဲ့။ အဲဒီလို ကျိမ်ဆိုမှသာ အရှိခိုးခံထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်လာပါသတဲ့။ ဘယ်လို ကျိမ်ဆိုခဲ့ရသလဲ ဆိုတော့ သူဟာ သူ့စွမ်းရည်ရှိသမျှ ပြည်သူပြည်သားတို့ရဲ့ ကြီးပွါးရေး၊ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးတို့ အတွက် အကောင်းဆုံး ဆောင်ရွက်ပါမယ်။ အဓမ္မ အုပ်ချုပ်ခြင်း နဲ့ ဖိနှိပ်ခြင်းတို့ကို ရှောင်ကြဉ်ပါမယ်လို့ သစ္စာဆိုရပါမယ်။ ဆိုတဲ့ သစ္စာလည်း တည်အောင်ကျင့်ရပါတယ်တဲ့။ ဒါမှ ဘုရင်ဟာ အရှိခိုးခံထိုက်တဲ့ ပုဂ္ဂ္ဂိုလ် ဖြစ်ရတာပါ။ ပလ္လင်ပေါ်တက်ထိုင်လိုက်တာနဲ့ အော်တိုမစ်တစ် လက်အုပ်ချီခံထိုက်တဲ့သူ ဖြစ်မသွားဘူးဆိုတဲ့ မြန်မာတွေရဲ့ မင်းနဲ့ ပြည်သူ ဆက်ဆံရေး ဓလေ့ထုံးတမ်းလေးဟာဖြင့် မြန်မာဘုရင်တွေ စည်းမဲ့ကမ်းမဲ့ အုပ်ချုပ်တယ်ဆိုတဲ့ ဗြိတိသျှတို့ရဲ့ စွပ်စွဲချက်ကို ချေဖျက်လိုက်သလိုပါပဲ။

ဦးတော်စိန်ခိုက အရိုအသေပေးပုံနဲ့ ပတ်သက်ပြီး အစည်းအဝေးရဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပါတယ်။ ပြီးတော့ ကျောင်းတွေမှာ ဆရာတွေကို အရိုအသေပေးပုံ ချမှတ်ဖို့ သဘောထားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။

အစည်းအဝေး တတ်ရောက်လာတဲ့ ဦးမောင်ကြီးက အရိုအသေပေးပုံ နှစ်မျိုးကို သူသဘောမတူပါဘူးတဲ့။ တခုက ရင်မှာ လက်အုပ်ချီခိုင်းတာ သူသဘောမတူပါဘူးတဲ့။ နောက်တခုက လက်ကို အောက်စိုက်ချ ဖြန့်ထားတဲ့ လက်နှစ်ဖက်ကို ကြက်ခြေခတ်လို ယှက်ထားရတာ။ ဒီပုံစံ နှစ်ရပ်လုံးမှာ ဘာသာရေး သဘောပါတဲ့ အတွက် အဲဒီလို အရိုအသေပေးပုံ ပေးနည်းကို သဘောမတူပါဘူးတဲ့။

ဦးမောင်ကြီး ပြီးတဲ့အခါ ၈ တန်း ကျောင်းသားတချို့ကို စက်တင်ဘာလ ၁၂ ရက်နေ့က ကျောင်းထုတ်ပစ်လိုက်တဲ့ အမိန့်ကို ပယ်ဖျက်ပေးရင် မိဘတွေ ဝမ်းသာကြလိမ့်မယ်လို့ အဆိုတရပ် တင်ပြန်တယ်။ လက်အုပ်ချီ ရှိခိုးပြီး အရိုအသေပေးရတာကိုတော့ဖြင့် ဘယ်မိဘကမှ သဘောမတူကြပါဘူးတဲ့။ လက်အုပ်ချီ အရိုအသေပေးတာကို ရှိခိုးတယ်ဆိုတဲ့ အသုံးအနှုန်းရှိပေမယ့် လက်ပိုက် အရိုအသေပေးတာကို ခေါ်တဲ့ အသုံးအနှုန်းရယ်လို့ မြန်မာမှာ ရှိတာမှ မဟုတ်ပေပဲ။ ဒါကြောင့် ကျောင်းထုတ်တဲ့ အမိန့်ကို ပယ်ဖျက်ဖို့ ဦးဘလှိုင်က အဆိုတင်တာကို ဦးဖိုးချက်က ထောက်ခံပြီး တညီတညွတ်တည်း အတည်ပြုလိုက်ကြပါတယ်။

တခါ ဆရာဖျော်က အဆိုတရပ်တင်ပြန်တယ်။ ကျောင်းအုပ်ကြီး ဒါမှမဟုတ် ပညာရေးဌာနက အရာရှိတယောက် ကျောင်းခန်းထဲ ဝင်လာရင် မတ်တပ်ရပ်ခြင်း အားဖြင့် လုံလောက်တဲ့ ရိုသေကိုင်းရှိုင်းမှုကို ပြရာရောက်တယ်လို့ မိဘတွေက ထင်မြင်တဲ့ အကြောင်း၊ ဆရာတွေကို အပြင်မှာ တွေ့ရင် ကျောင်းသားက ခေါင်းအနည်းငယ်ညွတ်ပြီး အရိုအသေပေးတာကိုတော့ဖြင့် ကန့်ကွက်ဖို့ မရှိကြောင်း၊ အဲဒီအဆိုကို ဆရာဖျော်က အဆိုတင်ပြီး ဦးဘိုးမင်းက ထောက်ခံလို့ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုကြပြန်ပါတယ်။

နောက် ဆုံးဖြတ်ချက်တရပ်ကတော့ စာသင်နှစ်တနှစ် အတွင်းမှာ ပြီးခဲ့တဲ့နှစ်တွေက မလုပ်ရတဲ့ လုပ်ရပ်တခု ထည့်သွင်း လုပ်ခိုင်းလာတာဟာဖြင့် မျှတရာ မရောက်ဘူး။ အဲဒီလို လုပ်ချင်တယ်ရင် စာသင်နှစ် မစမီကတည်းက ကျောင်းသားမိဘတွေကို ကြိုတင် အသိပေးသင့်တယ်။ ဒါမှသာ မိဘတွေဟာ သူတို့သားသမီးတွေ ရှိခိုးရတာ မကြိုက်ဘူးဆိုရင် အဲဒီကျောင်းက နှုတ်ထွက်ပြီး ရှိမခိုးရတဲ့ ကျောင်းကို ပြောင်းထားနိုင်မှာ ဖြစ်တယ်လို့ ဦးဖိုးစိန်က အဆိုတင်သွင်းပြီး ဦးအောင်မြင့်က ထောက်ခံပါတယ်။ ဒီ ဆုံးဖြတ်ချက်ကိုလည်း အားလုံးက တညီတညွတ်တည်း အတည်ပြုလိုက်ကြပြန်ပါတယ်။

ဦးဖိုးစိန်က ဆက်ပြီး ကျောင်းသားတွေ ကျောင်းမတတ်တာဟာ ကျောင်းသားကြီးတွေ ဖြားယောင်းခြိမ်းခြောက်လို့ မဟုတ်ပါဘူးတဲ့။ မိဘတွေက သူတို့သဘောအတိုင်း သားသမီးတွေကို ကျောင်းမပို့တာ ဖြစ်ပါတယ်တဲ့။ မိဘတွေကရှိခိုးတဲ့ ပြသနာဖြေရှင်းအပြီးကို စောင့်နေကြတာပါတဲ့။ ဒီအဆိုကို ဘာလို့ ဦးဖိုးစိန် တင်ရသလဲ ဆိုတော့ အုပ်ချုပ်သူတွေက ကျောင်းသားငယ်တွေ ကျောင်းမတတ်တာကို ကျောင်းသားကြီးတွေရဲ့ အဖျက်အမှောက်လို့ စွပ်စွဲကြတာကြောင့်ပါ။ အစည်းအဝေးကို တတ်ရောက်လာသူတွေက ကလေးတွေ လက်အုပ်ချီ ရှိခိုးပြီး အရိုအသေ မပေးသင့်ဘူး။ အဲဒီလိုပဲ လက်ပိုက်အရိုအသေလည်း မပေးသင့်ဘူးလို့ တညီတညွတ်တည်း သဘောတူကြပါသတဲ့။

ကျွန်ပညာရေးစနစ်မှာ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ဘယ်လိုပဲချိုးနှိမ် ချိုးနှိမ် ရှေးတုန်းက မြန်မာတွေကတော့ဖြင့် မခံခဲ့ကြပါဘူး။ တခြားတခြားသော အသက်မွေးဝမ်းကြောင်းတွေ မပြောနဲ့၊ အနန္တော အနန္တ ငါးပါးမှာပါတဲ့ ဆရာကိုတောင် လက်အုပ်ချီ အရိုအသေပေးတဲ့ သဏ္ဌန်ကို ငြင်းပယ်ခဲ့ကြတာပါ။

ရိုသေတာနဲ့ စိတ်ဓာတ်ချိုးနှိမ်တာ မတူပါဘူး။ စိတ်ဓာတ်ချိုးနှိမ်တဲ့ ဒါမှ မဟုတ် အတ္တဘဝင်မြောက်နေတဲ့ လူတွေက ပျပ်ဝပ်ရိုသေမှုကို တောင်းဆိုတတ်ပါတယ်။ ရိုသေတယ်ဆိုတဲ့ အဆင့်ထက် ပိုတဲ့ အပြုအမူ အနေအထိုင် အပြောအဆိုတွေကို တောင်းဆိုတတ်ကြပါတယ်။ တကယ်တော့ မြန်မာကလေးတွေ မြန်မာလူမျိုးတွေက ကိုယ့်ဆရာဆိုရင် ရိုသေတတ်ကြပြီးသားပါ။ အနန္တော အနန္တ ငါးပါးမှာပါတဲ့ ဆရာရဲ့ ဂုဏ်ကျေးဇူးဟာ ကြီးမားတယ်ဆိုတာ ရင်ထဲ သိပြီးသားပါ။ သို့သော်လည်း အဲဒီရိုသေမှုကို အဲဒီဓလေ့ ထုံးတမ်းစဉ်လာကို အခွင့်ကောင်းယူလို့ ကိုယ့်အထက်အရာရှိ ဗြိတိသျှကို မျက်နှာလိုအားရ လုပ်ပြီး ကျွန်ကောင်းပီပီ ကျွန်အပြုအမူ အပြည့်နဲ့ ကျောင်းသားတွေကို ခုတုံးလုပ် ခိုင်းစေကြတော့ ကျောင်းသားတွေက ဘယ်ငြိမ်ခံကြတော့မလဲ။ ဒါကြောင့် သခင်စိတ်ရှိတဲ့ ကျောင်းသားတွေဟာ အင်စပတ်တော်မင်း လက်အုပ်ချီခိုင်းလည်း လက်အုပ်မချီခဲ့ကြ၊ လက်ပိုက်ခိုင်းလည်း လက်မပိုက်ခဲ့ကြတာပါ။ အဲဒီ ကျောင်းသားတွေကို ကျောင်းထုတ်ပစ်လိုက်တော့ ကျန်တဲ့ ကျောင်းသားတချို့ကလည်း " ဒီလို ကျောင်းမျိုးမှာ ကျောင်းမတတ်ကြတော့ဘူးဟေ့" ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျောင်းမသွားပဲ နေခဲ့ကြတာ ဖြစ်ပါတယ်။ ပထမ ကျောင်းသားသပိတ် မပေါ်ခံတည်းက မြန်မာ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ကောင်းကောင်း သိမြင်နိုင်တဲ့ အဖြစ်အပျက်လေးလို့ ဆိုရင်လည်း မမှားပေဘူးလို့ ထင်ပါတယ်။

လူမှုဆက်ဆံရေးမှာ စည်းရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံထဲမှာ ဘုန်းကြီးနဲ့ လူ၊ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ မင်းနဲ့ ပြည်သူ အစရှိသဖြင့် သူ့စည်းနဲ့ သူ၊ သူ့ဝတ္တရားနဲ့ သူ ထိန်းသိမ်းစောင့်ရှောက် လိုက်နာကြရပါတယ်။ ငါကတော့ ဘုန်းကြီးမို့၊ ငါကတော့ မိဘမို့၊ ငါကတော့ ဆရာမို့ အရိုအသေ ခံထိုက်တာထက် ပိုပြီး ခံချင်တယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုက ခွင့်မပြုပါဘူး။ ဒါ အင်မတန်ကောင်းတဲ့ မြန်မာတွေရဲ့ ဓလေ့စရိုက်တွေပါ။ ဟောဒီ အစည်းအဝေးကြီးက မြန်မာတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းလေးကို တဖက်က ထိန်းသိမ်းခဲ့တာ ဖြစ်သလို တဖက်ကလည်း ပေးသင့် ပေးထိုက်တဲ့ ရိုသေမှု ပုံစံမျိုးနဲ့ ပိုပြီးမပေးဖို့၊ အဲဒီလို မပေးခြင်းအားဖြင့် ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ပိုနိမ့်ကျသွားအောင် မလုပ်ဖို့ ဂရုစိုက်ခဲ့တဲ့ ကျောင်းသားမိဘတွေရဲ့ သမာသမတ်ကျတဲ့ အမြင်ဟာလည်း ချီးကျူးနှစ်သက်စရာပါ။ မြန်မာတွေရဲ့ သခင်စိတ်ဓာတ်ဆိုတာ အဲဒါမျိုးပါ။

ဆရာ တင်မောင်သန်း၏ သခင်နိုင်ငံတော် စာအုပ်ပါ ကျွန်ပညာရေး နှင့် သခင်ပညာရေး ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။

စာအုပ် အပြည်အစုံ ရယူရန် >> http://www.scribd.com/doc/113030838/တင်မောင်သန်း-သခင်နိုင်ငံတော်