27 Jan 2013

အစွယ်လိုသူများ (ပထမပိုင်း)

(၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး
ကြာသပတေးနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၀၈ ခုနှစ် ၀၇ နာရီ ၁၂ မိနစ်
Credited to Mizzima

“အမျိုးသားသူရဲကောင်း တယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ --- နောက် (၁၈) လထက် မပိုဘူးလို့ ယူဆတယ်”

ဗိုလ်ချုပ်အောင်ဆန်း
(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊ ၂၇၀) မှ

(၁)

၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင် ---။

“ဂျိုင်း” ----။

ကျယ်လောင်သည့် ဒေါက်ဖြုတ်သံကြောင့် အုတ်ရိုးနီနီပေါ်မှ ကျီးများလန့်၍ ထပျံကုန်ကြသည်။ ရောင်နီက မပေါ်သေး။ အင်းစိန်ထောင်ဝင်းအတွင်း အမှောင်ထုက ကြီးစိုးနေဆဲ။ အင်းစိန်ထောင်၏ ကြိုးစင်ရှိရာတွင်မူ လျပ်စစ်မီးရောင်များကြောင့် လင်းလင်းပပ ရှိ၍နေသည်။ ဒေါက်ဖြုတ်သံနှင့်အတူ ကြိုးစင်ပေါ်မှ ဖြူဖြူအရိပ် လေးခုသည် ကြိုးစင်တွင်း အတွင်းသို့ ရိပ်ခနဲ ထိုးဆင်းသွားသည်။ လျပ်တပြတ် ----။ ကြိုးတိုင်မှ တွဲလောင်းကျနေသည့် ကြိုးလေးချောင်းက လေးလံသည့် အရာဝတ္တုများအား ဆွဲထားရသည့်အတွက် “ တန်း” ၍ နေသည်။ မလှုပ်ရှား ----။ ငြိမ်သက်လျက်။

အင်းစိန်ထောင်ကြီးနှင့် (၁၂) မိုင်ခန့် ဝေးကွာသည့် ရန်ကုန်ထောင် ကြိုးစင်အတွင်း၌လည်း ကျယ်လောင်သည့် ဒေါက်ဖြုတ်သံ --- ။ ပြီးလျင် ---- ကြိုးစင်တိုင်မှ ကြိုးစင်တွင်း၊ အတွင်းသို့ တွဲလောင်းကျနေသည့် ကြိုးနှစ်ချောင်းသည်လည်း ---။ မလှုပ်ရှား ---၊ ငြိမ်သက်လျက် ---။

(၂)

၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်။
နေသူရိန် ကဇာတ်ရုံ ၊ ရန်ကုန်မြို့။


Credited to Hittai

စစ်ပြီးစ --- ရန်ကုန်မြို့သည် နာတာရှည် သူနာတယောက်၏ နာလန်ထ လူနာကဲ့သို့ ဖြစ်၍နေသည်။ အားအင်ကမရှိ ။ ဟိုနားထိလည်းနာ၊ ဒီနားထိလည်းနာနှင့် အရာရာသည် ယိုယွင်း၍ နေ၏။ ယမ်းငွေ့များက အုပ်ဆိုင်းဆဲ။ လမ်းမထက် သွေးကွက်များက မုတ်သုန်မိုးအား အာခံ၍ နေဆဲ။ မုတ်သုန်မိုးသည် စစ်၏ ဒဏ်ရာဒဏ်ချက်တို့အား မဆေးကြော မသုတ်သင်နိုင်သေး။ အုပ်မှိုင်းသော မိုးသားတိမ်ထုတို့၏ အောက်၌ နေသူရိန်ကဇာတ်ရုံကြီးသည် ယခင်က အထီးတည်း ။ ယခုမူ ----။

“(ဖ ဆ ပ လ) အဖွဲ့ချုပ်ရဲ့ ကိုယ်စား ကျနော် ဒီလူထု အစည်းအဝေးကြီးမှာ အဆိုသုံးရပ်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ဗမာ့ တပ်မတော်သစ်ကို မျိုးချစ် ဗမာ့တပ်မတော်သားများနှင့်သာ ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။ ဒုတိယ အဆိုအနေနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ရေးဆွဲနိုင်ရေးအတွက် တိုင်းပြုပြည်ပြု လွှတ်တော်တရပ် ခေါ်ယူသွားရေး ဖြစ်ပါတယ်။ တတိယ အနေနဲ့ မြန်မာတနိုင်ငံလုံး၊ လုံးဝလွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်ကြတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညှီညွှတ်ကြဖို့ လိုပါတယ်။ ---- ဒီအတွက် အားလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကိုင်သွားကြရန် ဖြစ်ပါတယ်။”

နေသူရိန် လူထု အစည်းအဝေးပွဲကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းမှ တင်သွင်းသော အဆိုပြုသံနှင့် ထောက်ခံသည့် သြဘာသံများသည် ကဇာတ်ရုံကြီးအတွင်းမှ လျံထွက်၍လာသည်။ `ဤမှ ---- ကန်တော်ကြီးရေပြင်ကို ဖြတ်တိုက်၍ မြန်မာနိုင်ငံ တနံတလျားသို့ ----။

နေသူရိန် လူထု အစည်းအဝေးပွဲကြီးက ဗမာ့လွတ်လပ်ရေး တိုက်ပွဲအား လက်နက်ကိုင် တိုက်ပွဲမှ လူထုတိုက်ပွဲ သဏ္ဌာန်ဆီသို့ ချိုးကွေ့လိုက်သည်။

(၃)

၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ( ၂)ရက်။
ကာလကတ္တားမြို့ ၊ အိန္ဒိယနိုင်ငံ။

ဗိုလ်ချုပ်ကြီး လော့လူဝီ မောင့်ဘတ်တန်က ဗမာ့တပ်မတော်သစ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ခေါ်သည်။ သူက ဗြိတိသျှ အစိုးရ၏ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်။ ပြီးနောက် မြန်မာ့အရေးအား မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သည့် စစ်ဘက် အရာရှိတဦး ဖြစ်သည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ဘီဒီအေမှ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇော်မင်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်တို့ ပါပြီး နိုင်ငံရေး ခေါင်းဆောင်များမှ ဦးဘဘေ၊ ဦးညိုထွန်း၊ သခင်သန်းထွန်းနှင့် စောဘဦးကြီးတို့ ပါသည်။ အဖွဲ့၏ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ကာလကတ္တား ----။ ကာလကတ္တားမှတဆင့် သိရီိလင်္ကာနိုင်ငံ ကန္နီသို့ သွားကြမည်။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကာလကတ္တားတွင် ခတ္တနားသည်။ ထိုစဉ်က သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) သည် ကာလကတ္တားတွင် ရှိနေသည်။ သခင်သန်းထွန်း၊ သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အနာဂတ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား မည်သည့် အခန်းကဏ္ဍမှ ပါဝင်စေမည်နည်း။ စစ်ခေါင်းဆောင်လား။ နိုင်ငံရေး ခေါင်းဆောင်လား။ အမြင်နှစ်မျိုး ကွဲ၍နေသည်။ သခင်စိုး၊ သခင်သန်းထွန်း စသည့် ကွန်မြုနစ်များက အောင်ဆန်းသည် နိုင်ငံရေး ခေါင်းဆောင် တဦးရှိသင့်သည့် အရည်အချင်း ပေါင်းစုံမရှိ။ နိုင်ငံရေး ပရိယာယ် မကျွမ်းကျင်။ လူမှုဆက်ဆံရေး ညံ့ဖျင်းသည်။ ထိုကြောင့် တပ်မတော်ထဲတွင်သာ နေသင့်သည်။ ဤအမြင်ကို ဗိုလ်လကျာ်နှင့် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့က လက်မခံ။ အောင်ဆန်းသည်သာ အမျိုးသားရေး အင်အားစု အပေါင်းကို ညီညွှတ်သော တပ်ဦးတရပ် ဖြစ်လာစေရန် စွမ်းဆောင်ပြီး ခေါင်းဆောင်မှု ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကြောင့် စစ်တပ်မှ ထွက်ပြီး နိုင်ငံရေးတွင်သာ တာဝန်ယူရမည်။

အဆုံးအဖြတ်က ဗိုလ်ချုပ်အပေါ်တွင်သာ တည်တော့၏။ ဗမာ့မျိုးချစ် တပ်မတော်သစ်တွင် ဗိုလ်မှူးချုပ်အဆင့်နှင့် ( ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်) ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးလက်ခံရန် မောင့်ဘတ်တန်က လမ်းကြောင်းပြန်၏။ မည်သို့နည်း ----။

(၄)

၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။
အလုံလမ်း ၊ ရန်ကုန်မြို့။

ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသည်။ အိန္ဒိယနိုင်ငံ ဆင်းမလားမှ ပြန်လာခြင်း ဖြစ်ပြီး ဘုရင်ခံသည် ရန်ကုန် ပြန်ရောက်ပြီး နောက်တနေ့မှာပင် ၎င်း၏အုပ်ချုပ်ရေး ပုံစံသစ်အား ထုတ်ပြန် ကြေငြာတော့သည်။ အုပ်ချုပ်ရေးက မသစ်ဆန်း။ မဲပြာပုဆိုးပင်။ ဘုရင်ခံ အမှုဆောင် ကောင်စီကို အဖွဲ့ဝင် (၁၅) ဦးနှင့် ဖွဲ့စည်းမည်။ ဘုရင်ခံအလိုကျ ခန့်နိုင်၏။ ထုတ်ပယ်နိုင်၏။ စက္ကူဖြူစာတမ်း၏ အစွမ်းသတ္တိဖြင့် ကိုလိုနီိစနစ်အား ထိန်းသိမ်းရန်သာ ဖြစ်သည်။ မိုးနှောင်ရက်ကျန် ရန်ကုန်မြို့က ငြိမ်သက်လျက်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ( ဖ ဆ ပ လ) အဖွဲ့ချုပ် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲက အချိန်မကြာ ---။ ဘုရင်ခံက (ဖ ဆ ပ လ) အား ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းသည်။ (ဖ ဆ ပ လ) မှ ဘုရင်ခံအမှုဆောင် ကောင်စီအား ကြားဖြတ်ယာယီ အမျိုးသား အစိုးရအနေဖြင့် ဖွဲ့စည်းရန် ရည်ရွယ်၏။ အမှုဆောင်ကောင်စီ (၁၅)နေရာတွင် (၁၁) နေရာအား (ဖ ဆ ပ လ) သို့ ပေးရန် တောင်းဆိုသည်။ ပြည်ထဲရေး ဌာနကိုလည်း (ဖ ဆ ပ လ) ကောင်စီဝင် တဦးမှ တာဝန်ယူမည်။ ဘုရင်ခံမှ ချက်ချင်း အဖြေမပေးနိုင်။ မကြာမှီ အကြောင်းပြန်ပေးပါမည်ဟု ယဉ်ကျေးစွာဖြင့် ဆိုသည်။ ပြီးပြီ။ ဆွေးနွေးပွဲက ဤမျှသာ ---။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ နှင့် ဦးဘဘေတို့ ဘုရင်ခံအား နှုတ်ဆက်ပြီး ဘုရင်ခံ၏ အိမ်တော်မှ ထွက်ခဲ့ကြသည်။ အလုံလမ်းမကြီးက စန့်စန့်ကြီး ၀ပ်ဆင်း၍ နေသည်။ မိုးစက်များက သူ့အပေါ်၌ ခုန်ပေါက်၍ နေကြသည်။ တပါတ်ခန့် ကြာသည့်အခါ၌ ဘုရင်ခံမှ အကြောင်းပြန်သည်။ ( ဖ ဆ ပ လ)၏ တောင်းဆိုချက်များအား ငြင်းပယ်သည့်အကြောင်း ----။ ပြီးလျှင် --- ဘုရင်ခံသည် အလိုတော်ရိများနှင့် စက္ကူဖြူစာတမ်းအား ထုဆစ်တော့၏။ ဆာပေါ်ထွန်း နန်းရင်းဝန် ဖြစ်လာသည်။

(၅)

၁၉၄၆ခုနှစ်၊ ဇန်န၀ါရီလ (၁၇-၂၃)ရက်။
ရွှေတိဂုံ အလယ်ပစ္စယံ၊ ရန်ကုန်မြို့။

ရာသီဥတုသည် ရှင်း၍နေသည်။ ကောင်းကင်သည် လင်း၍၊ လင်း၍ ----။ တိမ်ဆိုင် တိမ်အုပ်များ မရှိ။ နေခြည်သည် အတားအဆီးမရှိ မြေကမ္ဘာပေါ်သို့ ဖြန့်ကျက်၍ ဆင်းလာ၏။ ရွှေတိဂုံ စေတီတော်ကြီးသည် နေခြည်နှင့် လိမ်းကျံထားသဖြင့် ရွှေအိုရောင် ၀င်းပ၍ နေသည်။ ထိုးကျနေသည့် ရွှေတိဂုံ စေတီတော်၏ အရိပ်သည် အဆိုတင်သွင်းနေသူ အပေါ်သို့ အုပ်မိုးထားသည်။ ဘီဒီအေ ယူနီဖောင်းနှင့် (ဖ ဆ ပ လ) ဥက္ကဌ ဦးအောင်ဆန်းသည် ပထမအကြိမ် (ဖ ဆ ပ လ) ပြည်လုံးကျွတ် ညီလာခံကြီးသို့ အဆို တင်သွင်း၍ နေသည်။

“ ---- ဟုတ်လား ။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ကုန်သည်ပွဲစားများနှင့် တိုင်းရင်းသား အရင်းရှင် လူတန်းစားတွေဟာ ---- ။ ဟုတ်လား----။ နယ်ချဲ့ အရင်းရှင်ကို အပြုတ်တိုက်နိုင်ဖို့ ကိုယ့်ဆိုင်ရာ လူတန်းစား အဖွဲ့အစည်းတွေ တည်ထောင်ပြီး လူတန်းစား ညီညွှတ်ရေးတွေ တည်ဆောက်ကြရမယ်။ အဲဒီ လူတန်းစား အဖွဲ့အစည်း အသီးသီးက ကိုယ်စားးလှယ်တွေနဲ့ ---- ဟုတ်လား ----။ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေဟာ ဒီ (ဖ ဆ ပ လ) တပ်ပေါင်းစုကြီး အတွင်းမှာ ညီညွှတ်စွာနဲ့ လုပ်ကိုင် သွားကြပါရန် ဒီညီညွှတ်ရေးအဆိုကို တင်သွင်းပါတယ် ----”

လက်ခုပ်သံများက ရွှေတိဂုံ အလယ်ပစ္စယံ အတွင်း၌ ဆူညံ၍ နေတော့သည်။ အဆိုအား ကန့်ကွက်သူမရှိ အားလုံး ထောက်ခံကြသည်။ လူတန်းစား ညီညွှတ်ရေး ၊ ပြီးလျှင် တပ်ပေါင်းစုကြီးအတွင်း ညီညွှတ်ရေး၊ ထိုမှ အမျိုးသား လွတ်မြောက်ရေးဆီသို့ ----။

ရဟန်း၊ သံဃာ၊ လူထုလူတန်းစား ၊ စုစုပေါင်း လေးသိန်းကျော် တက်ရောက်ကြသည့် အကြီးမားဆုံး နိုင်ငံရေး အစည်းအဝေးပွဲကြီး ဖြစ်သည်။

“ဒိုမီနီယံ အလိုမရှိ”
“လုံးဝလွတ်လပ်ရေး ချက်ချင်းပေး”
“တိုင်းပြုပြည်ပြု လွှတ်တော် အမြန်ခေါ်”

(၆)
၁၉၄၆ ခုနှစ် မတ် (၂၇)ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်၊ ရန်ကုန်မြို့။

(ဂျပန်ကင်ဒို ဓါးရှည်သည် အပေါ်သို့ မြှောက်၍ တက်သွားသည်။ ပြောင်လက်သော ကင်ဒိုဓါးရှည်သည် နေရောင်အောက်၌ လင်းလက်သွား၏။ ခဏတာအတွင်း ဓါးရှည်သည် အောက်သို့ စိုက်ဆင်းလာပြီး ခုတ်ပိုင်းလိုက်သည်။ တိခနဲ ပြတ်မသွား---။ သထုံခရိုင်၊ ပေါင်မြို့နယ်မှ အင်္ဂလိပ်သူလျှို သဲဖြူကုန်းရွာ၏ ကုလားသူကြီးသည် အရှေ့သို့ ငိုက်၍ လဲကျသွားသည်။ သို့သော် ချက်ချင်း မသေ။ အင်္ဂလိပ်သူလျှိ၏ အသက်က ပြင်းလှသည်။

သွေးစွန်းနေသော ကင်ဒိုဓါးရှည်အား ဓါးအိမ်အတွင်းသို့ ထိုးသွင်းလိုက်ရင်း ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပြင်းလွန်းလှသည့် အင်္ဂလိပ်သူလျှို ကုလားသူကြီးအား သေနတ်နှင့် ပစ်သတ်ရန် သူ့ရဲဘော်များအား အမိန့်ပေးလိုက်သည်။ အနိဌာရုံမြင်းကွင်းအား ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးသည် အင်္ဂလိပ်သူလျှိုတဦး သေဒဏ် စီရင်ခြင်းအပေါ်၌ ကျေနပ်၍ နေကြသည်။)

ဘုရင်ခံ အမှုဆောင်ကောင်စီ ဒု-ဥက္ကဌ ဆာရိုက်ဝိုက်စ်သည် ဘီအိုင်အေ စစ်ကြောင်းများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့စဉ် အပေါင်မြို့နယ် မုတ္တမ ဘောလုံးကွင်းအတွင်း သဲဖြူချောင်း ရွာသူကြီးအား သတ်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းအား တရားစွဲဆိုနိုင်ရန် အချက်အလက်ဖိုင်တွဲကို အစည်းအဝေးတွင် ဖတ်ပြ၍ နေသည်။

အလုံလမ်း ဘုရင်ခံ၏ အိမ်တော်၌ ပြုလုပ်သော အစည်းအဝေး ဖြစ်သော်လည်း ဘုရင်ခံကိုယ်တိုင်က မတက်ရောက်။ မေမြို့သို့ အနားယူ သွားနေ၏။ ဗြိတိသျှ စစ်ဘက်မှ ဗိုလ်ချုပ်ဘရစ်နှင့် သူ၏ စစ်ဦးစီး အရာရှိကြီးများ၊ ပုလိပ်မင်းကြီးနှင့် အရပ်ဖက် အင်္ဂလိပ် အရာရှိကြီးများ တက်ရောက်ကြသည်။

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ၏ တပ်ဦးတွင် ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားနိုင်ရန် လူသတ်မှုဖြင့် ထောင်သွင်း ဖမ်းဆီးနိုင်ရန် ကြံစည်ကြခြင်း ဖြစ်သည်။

မြန်မာပြည်ပုလိပ်မင်းကြီး မစ္စတာ ချက်တယ်လ်က -----

“ဗိုလ်ချုပ်အောင်ဆန်းကို စီအိုင်ဒီိက ဖမ်းတာနဲ့ မြန်မာပြည် သူပုန်ထကြမှာပဲ။ နောက်ပြီး စစ်အတွင်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အထွေထွေ လွတ်ငြိမ်ချမ်းသာခွင့်ပေးဖို့ လန်ဒန်မှာ အခု စဉ်းစားနေကြပြီး မကြာခင် ဥပဒေ ထွက်လာမယ်။ ဒီတော့ မပြီးစီးသေးဘဲ ဆိုင်းငံ့ထားသင့်တယ်”

ပုလိပ်မင်းကြီး၏ ဆွေးနွေးချက်အပေါ် တပ်မတော် သေနာပတိချုပ် ဗိုလ်ချုပ်ဘရစ်ကလည်း ထောက်ခံ၏။

“ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းတာနဲ့ လူထုကြီးက သူပုန်ထကြမှာပဲ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆိုးဆိုးဝါးဝါး တုံ့ပြန်ကြလိမ့်မယ်။ နောက်ပြီး --- ဗမာ့ တပ်မတော်အတွင်းမှာ ရှိနေတဲ့ တပ်မတော်သား လေးထောင်၊ ငါးထောင်က ကျုပ်တို့ကို စတိုက်မှာပဲ။ သူတို့မှာ လက်နက် အပြည့်အစုံ ရှိတယ်။ စစ်ပညာ ရှိတယ်။ စစ်ပွဲ အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်တယ်။ ဆရာစံ ဂဠုန်တပ်လိုမျိုး မဟုတ်ဘူး -----“

အစည်းအဝေး ခန်းမအတွင်း တိတ်ဆိတ်၍ သွားသည်။ အားလုံးက တွေးဆ၍ နေကြသည်။ နေမ၀င် အင်ပါယာကြီးအတွက် -----။

(၇)

၁၉၄၆ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်။
အမှတ် (၂၅) တာဝါလိန်လမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၏ အပေါ်ထပ်တွင် (ဖ ဆ ပ လ) အမှုဆောင် အဖွဲ့အစည်းအဝေး ထိုင်နေကြသည်။ နေ့စဉ်နှင့်အမျှ မြန်မာ့နိုင်ငံရေးသည် ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိ၏။ ရန်ကုန်မြို့သည် မငြိမ်သက်။ ၁၉၄၆ ခုနှစ် မေလ (၁၄) ရက်နေ့တွင် အင်းစိန်ခရိုင်၊ ထန်းတပင် မြို့၌ ပြည်သူ့ရဲဘော်များအား တားမြစ်မိန့်ကို ဖီဆန်၍ စစ်ရေး လေ့ကျင့်သည် ဟူ၍ အစိုးရက ဖမ်းသည်။ မကျေနပ်ကြ။ မတရားသော အမိန့်အာဏာနှင့် ဖိနှိပ်ခြင်းဟု မြင်ကြသည်။ မေလ (၁၈) ရက်နေ့တွင် ပြည်သူ့ရဲဘော်များက မတရားဖမ်းဆီးမှုအား ကန့်ကွက်သည့် စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးအား ကျင်းပကြသည်။ လယ်သမားများ ပါသည်။ ကျောင်းသားများလည်း ပါသည်။ ရဟန်း၊ သံဃာများလည်း ပါကြသည်။ မတရား အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်၍ ပြခြင်းဖြစ်၏။ ပုလိပ်အဖွဲ့က ပစ်ခတ်တော့သည်။ ဆန္ဒပြသူ လယ်သမားကြီးသုံးဦး သေဆုံးပြီး (၁၅)ဦးခန့် ဒဏ်ရာရကြသည်။ ဤမှစ၍ တိုင်းပြည်သည် မငြိမ်သက်တော့ ----။ အာဏာ ဖီဆန်မှုများ ဖြစ်ပေါ်၍ လာတော့သည်။ လူထု သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင် ဆန္ဒပြကြသည်။ (ဖ ဆ ပ လ)၏ ဦးဆောင်မှု အောက်၌ စနစ်တကျ လူထုတိုက်ပွဲ ဆင်နွှဲလျက် ရှိသည်။

လူထု၏ အကျပ်အတည်းက ကြီးမားလှသည်။ မတရားသည့် အမိန့်အာဏာအောက် မလူးသာ မလှုပ်သာ ရှိနေသည့်အပြင် အခြေခံ စားသုံးကုန် ဈေးနှုန်းက အဆမတန် တက်၍လာသည်။ ဂျပန် ငွေစက္ကူများအား တရားမ၀င် ကြေငြာလိုက်သဖြင့် ငွေကြေး အကျပ်အတည်း ဖြစ်ရသည်။ လက်နက်ပုန်းများက နေရာအနှံ ----။ လုယက်မှု၊ ဓါးပြတိုက်မှုတို့က တိုး၍လာသည်။ လမ်းပန်း ဆက်သွယ်ရေးက လုံခြုံ ချောမွေ့မှုမရှိ။ ပြည်သူလူထုသည် ကျီးလန့်စာ၊ စားဘ၀ရောက်၍ နေသည်။

အခြေအနေ အရပ်ရပ်အား ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဆာပေါ်ထွန်း အစိုးရသည် မည်သို့မျှ မဖြေရှင်းနိုင်။ အကျပ်တွေ့၍ နေသည်။

(ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို ရှုမြင်ရာ၌ မကွဲလွဲ။ အမြင်တူညီကြ၏။ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းသည် သူရေးဆွဲထားသည့် စီမံချက်အကြမ်းအား ဗဟို အလုပ်မှုဆောင်များသို့ ဖတ်ကြားပြနေသည်။

“ပြည်သူ့လွတ်လပ်ရေး ချုပ်ချယ်မှု ကန့်ကွက်ပွဲအတွက် “

၁။ သြဂုတ်လ (၂၅) ရက် မတိုင်မှီ စီတန်း လမ်းလျှောက်ပွဲ လုပ်နိုင်က လုပ်စေလိုသည်။ မဖြစ်နိုင်က အစည်းဝေးပွဲ လုပ်စေလိုသည်။
၂။ အထက်ပါ ကန့်ကွက်ပွဲမှာ အာဏာဖီဆန်ရေး မဟုတ်သေးသဖြင့် လက်ရှိ ဥပဒေများကို ဖောက်ဖျက်ခြင်း စသော ကိစ္စမျိုး မလိုသေးပါ။
၃။ ကြွေးကြော်သံများမှာ အောက်ပါအတိုင်း ဖြစ်သင့်ပါသည်။
- ချုပ်ချယ်တဲ့ ဥပဒေတွေ ပယ်ဖျက်
- ချုပ်ချယ်တဲ့ အမိန့်တွေ ပယ်ဖျက်
- ကာကွယ်ရေးဥပဒေ အလိုမရှိ
- လက်တလော ဥပဒေ တွေ အလိုမရှိ
- သတင်းစာတွေ မချုပ်ချယ်နှင့်
- ပြည်သူ့ရဲဘော်တွေကို လွှတ်ပေး

(၈)
၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်။

စက်တင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန် ပုလိပ်အစည်းအရုံးမှ ဦးဆောင်၍ ပုလိပ်သပိတ်ကြီးအား စတင်သည်။ စက်တင်ဘာ (၁၅) ရက်နေ့တွင် စာတိုက်အမှုထမ်းများ သပိတ်မှောက်ကြပြန်သည်။ ပြီးလျှင် ---- ကြေးနန်း၊ မီးရထား၊ စည်ပင်သာယာ စသော အစိုးရဌာနများ လိုက်၍ သပိတ်မှောက်ကြတော့သည်။ ၀န်ထမ်းပေါင်းစုံ သပိတ်ကြီး -----။ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရ ယန္တရားကြီး ပျက်မည်ကဲ့သို့ ဖြစ်၍လာသည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်သည် မဖြေရှင်းတတ်။ အကျပ်တွေ့၍ နေသည်။ မည်သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း။ ဘုရင်ခံသစ်သည် စက်တင်ဘာ (၁၇) ရက်နေ့တွင် ဆာပေါ်ထွန်း အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအတွက် ဆားဟူးဘတ်ရန့်စ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့သည်။ ဘုရင်ခံ၏ အမှုဆောင် ကောင်စီသစ်တွင် (ဖ ဆ ပ လ) ကိုယ်စားလှယ် အရေအတွက် တိုးပေးမည့်အကြောင်း ကမ်းလှမ်း၍လာသည်။

ထိုအချိန်၌ ဂဠုန်ဦးစောသည်လည်း ယူဂန္ဒာထောင်မှ ပြန်ရောက်၍ နေပြီ။ အလိုတော်ရိဟောင်းကြီး ဦးစောအားလည်း ဘုရင်ခံသစ်က ခေါ်၍တွေ့သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအား ဆွေးနွေးသည်။ အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ဘုရင်ခံက ဦးစောအား ကမ်းးလှမ်းသည်။ ဦးစောက မငြင်း။ သဘောတူမှု ရသွားတော့သည်။

ဘုရင်ခံအိမ်ဝင်း အတွင်းမှ ပြန်ထွက်လာသော ဦးစော၏ကားသည် အလုံလမ်းအတိုင်း မောင်းနှင်၍ လာခဲ့သည်။ သူရိယ သတင်းစာတိုက်သို့ ရောက်သည့်အခါ ကားရပ်ပြီး သတင်းတိုက်အတွင်းသို့ ဦးစော ၀င်၍သွားသည်။ သူရိယ သတင်းစာတိုက်မှ ပြန်ထွက်လာသော ဦးစော၏ကားနောက်၌ အစိမ်းရောင် ဂျစ်ကားတစင်း လိုက်ပါ၍လာပြီ။ ဦးစောက သတိမထားမိ။ ပြည်လမ်းအတိုင်း မောင်းနှင်လာကြသော ကားနှစ်စင်းသည် နီးသွားလိုက်၊ ဝေးသွားလိုက်နှင့် မြေနီကုန်း အ၀ိုင်းကြီးအနီးသို့ ရောက်၍လာသည်။ အစိမ်းရောင်ဂျစ်ကားသည် အရှိန်မြှင့်ပြီး ဦးစော၏ကားအား ကျော်တတ်သည်။ ကားနှစ်စီး ဘေးချင်းယှဉ်မိသည်နှင့် အစိမ်းရောင်ဂျစ်ကားပေါ်မှ ဦးစောအား သေနတ်နှင့် ပစ်တော့သည်။ တချက် -------။ ဦးစောကား၏ မှန်ကို ထိသည်။ မှန်များ ကြေမွ လွှင့်စင်ကုန်၏။ နောက်တချက် ထပ်ပစ်သည်။ ဦးစောအား မထိ။ ဦးစောက ကားအတွင်းဝပ်၍ နေလိုက်ပြီ ဖြစ်သည်။ တတိယ တချက် ထပ်ပစ်ပြန်သည်။ ပြီးလျှင် အရှိန်နှင့်မောင်း၍ ထွက်သွားတော့သည်။ ဦးစောတို့၏ကားက အဝေးတွင် ကျန်ခဲ့ပြီ။

(၉)

၁၉၄၆ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်။
အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ရန်ကုန်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မငြိမ်သက်မှုများအား လန်ဒန်ရှိ လေဘာအစိုးရသည် သူ၏ တပ်အင်အားနှင့် ချေမှုန်းလို၏။ (ဖ ဆ ပ လ) နှင့် စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိ။ လွတ်လပ်ရေးပေးရန် မစဉ်းစား။ ကိုလိုနီစနစ်ကိုသာ အခိုင်အမာနှင့် တည်ဆောက် ချင်နေကြသည်။ လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေမှုအား စစ်အင်အား နှင့် နှိမ်နင်းလိုလေသည်။ သို့သော် ဖြစ်နိုင် ၊ မဖြစ်နိုင် ချိန်ဆ၍ နေကြသည်။ ဒေါင်းနင်းလမ်းမှ ဗြိတိသျှ စစ်ဦးစီး ဗိုလ်ချုပ်ကြီးများထံသို့ ထင်မြင်ချက် တောင်း၏။ ဗိုလ်ချုပ်ကြီးများမှ ဒေါင်းနင်းလမ်း အမှတ် (၁၀)သို့ ၎င်းတို့၏ ထင်မြင်ချက်များအား အစီရင်ခံ တင်ပြကြ၏။

“ဒုတိယ ကမ္ဘာစစ်ကြီးတွင် ကမ္ဘာ့ အရှေ့တလွှားသို့ သွားရောက်ကာ လေးနှစ်နီးပါး ကြာအောင် ရန်သူ ဂျပန်များအား တိုက်ခိုက်ရပြီးမှ စစ်နိုင်သော ဗြိတိသျှစစ်တပ်များနှင့် ဗြိတိသျှ လက်အောက်ခံ အာဖရိကတိုက်သား တပ်များသည် အိမ်ပြန်ချင်နေကြသည်။ မြန်မာ အမျိုးသား စစ်တပ်နှင့် တသားတည်း စည်းလုံးညီညွှတ်လျက်ရှိသော ပြည်သူလူထု အင်အားကြီးကို ဖြိုခွင်း အနိုင်ယူရန်မှာ နှစ်ပေါင်းများစွာ ကြာဖွယ်ရှိသည်။ မြန်မာနိုင်ငံ၏ မိုးရာသီ ရွှံနွံများအတွင်း၌ ဗြိတိသျှ စစ်သားများက လေးငါးနှစ် ဆက်၍ စစ်တိုက်နေလိုသော စိတ်ဓါတ် မရှိတော့ပြီ။ ထို့အပြင် အိန္ဒိယပြည်ကြီးသည် မကြာမီသော ကာလအတွင်း၌ လွတ်လပ်ရေး ရသွားတော့မည်။ ဤအခြေအနေ၌ အိန္ဒိယပြည်၏ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော ဂန္ဒီ၊ နေရူး အစရှိသော ပုဂ္ဂိုလ်များသည် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲကို နှိမ်နင်းရန်အတွက် အိန္ဒိယ စစ်တပ်များအား အသုံးချခြင်းကို ခွင့်ပြုကြလိမ့်မည် မဟုတ်ချေ။ ထိုကြောင့် မြန်မာနိုင်ငံအား အသားတကြည်နှင့် လွတ်လပ်ရေး ပေးလိုက်ခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်”

(၁၀)
၁၉၄၆ ခုနှစ် ၊ စက်တင်ဘာလ (၂၆)ရက်။

စက်တင်ဘာ (၅) ရက်နေ့မှ စတင်ခဲ့သော “စက်တင်ဘာ အရေးတော်ပုံကြီး” သည် အားကောင်း၍ သာလာ၏။ ဘုရင်ခံသည် (ဖ ဆ ပ လ) အား အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ကမ်းလှမ်းနေသော်လည်း (ဖ ဆ ပ လ) ၏ တောင်းဆိုချက်များအား ဈေးဆစ်၍သာ နေလေသည်။ မလိုက်လျော။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံအား ---

“ကျုပ်တောင်းတာ အေးအေးဆေးဆေး မပေးရင် လူထုကို ကျုပ်ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ ထ ချကုန်လိမ့်မယ်”

ဟူ၍ တဖက်မှ အားကိုပြ၍ ခြိမ်းခြောက်၏။ တဖက်မှ တောင်းဆိုချက်များကို အေးဆေးစွာနှင့် ရရှိနိုင်ရန် စေ့စပ် ညှိနှိုင်း၏။ အလျော့အတင်း လုပ်ကြ၏။ စက်တင်ဘာလ (၂၉) ရက်နေ့တွင် လူထုသိန်းနှင့်ချီ၍ စက္ကူဖြူစာတမ်း ကန့်ကွက်ပွဲ ပြုလုပ်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ကြေငြာလိုက်၏။ ဘုရင်ခံ တင်းမထားနိုင်တော့။ လျော့ပေးရတော့သည်။

ဘုရင်ခံ၏ အမှုဆောင် ကောင်စီအား (၁၁) ဦးနှင့် ဖွဲ့စည်းမည်။ (ဖ ဆ ပ လ) မှ (၇)ဦး ပါဝင်မည်။ ကောင်စီကို အစိုးရအဖွဲ့ ပုံသဏ္ဍာန်နှင့် လုပ်ကိုင် ဆောင်ရွက်မည်။ ဘုရင်ခံက အမှုဆောင်ကောင်စီ၏ သဘာပတိ၊ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ သဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူပြီး တောင်တန်းဒေသများကို ဘုရင်ခံမှ တိုက်ရိုက် တာဝန်ခံမည်။

ဘုရင်ခံနှင် (ဖ ဆ ပ လ) တို့ ညှိနှိုင်း၍ ရသွားကြပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ခေါင်းဆောင် တာဝန်ကို အလုံလမ်း၊ ဘုရင်ခံနေအိမ်၌ လက်မှတ်ရေးထိုး ရယူခဲ့ပြီးနောက် တာဝါလိန်းလမ်း နေအိမ်သို့ ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်သော အစိုးရ၊ ညီညွှတ်သော (ဖ ဆ ပ လ)နှင့် လူထုသည် ယာယီ အမျိုးသားအစိုးရအဖြစ် အချုပ်အချာ အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်သို့ အရောက် ချီတက်တော့မည်။

(၁၁)

၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်။
အမှတ် (၂၅) ၊ တာဝါလိန်းလမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ် အပေါ်ထပ်၌ (ဖ ဆ ပ လ) အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ပြုလုပ်နေသည်မှာ နှစ်ရက်ရှိပြီ။ ဆုံးဖြတ်ချက် မချနိုင်သေး။ မနေ့ညကလည်း သန်းခေါင်ကျော်မှ အစည်းအဝေး ရပ်နားလိုက်ရသည်။ လူတွေက ပန်း၍နေ၏။ (ဖ ဆ ပ လ) အဖွဲ့မှ ဘုရင်ခံ အမှုဆောင် ကောင်စီအစိုးရ အဖွဲ့တွင်ဝင်ပြီး တလကျော်ကျော် ကာလအတွင်း (ဖ ဆ ပ လ) အနေဖြင့် နောက်တဆင့် လွတ်လပ်ရေးအတွက် လန်ဒန် အစိုးရကို တောင်းဆိုမည့်အကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။ မနေ့ညက သခင်နုသည် (ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သို့ အဆိုတရပ် တင်၍ ဆွေးနွေးသည်။

ဗြိတိသျှ အစိုးရ အနေနှင့် မြန်မာပြည်၏ လွတ်လပ်ရေးကို တနှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ မတိုင်မှီ လန်ဒန်ရှိ လေဘာအစိုးရက ကြေငြာပေးရန်။

ဗြိတိသျှအစိုးရက မကြေငြာပေးပါက ဘုရင်ခံ အမှုဆောင် ကောင်စီ အစိုးရအဖွဲ့မှ (ဖ ဆ ပ လ) ကိုယ်စားလှယ်များ နှုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲများ ဆင်နွှဲသွားမည်။

သခင်နု၏ ဆွေးနွေးချက်များအား ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းက ထောက်ခံသည်။ ဦးဘဘေတို့က ကန့်ကွက်၏။ ကျန်လူများမှာတော့ မည်သည့် သဘောထားမှ မပြောကြ။ ဗိုလ်ချုပ်၏ သဘောထားအား သိချင်ကြပုံရ၏။ သူ့သဘောထားအား ဆွေးနွေးလိုက်ပါက ကျန်လူများက ဗိုလ်ချုပ်၏ သဘောထားအတိုင်း ရပ်တည်ကြမည်။ ဗိုလ်ချုပ်က ထောက်ခံပါက သဘောမတူသော်လည်း ထောက်ခံကြမည်။ ဗိုလ်ချုပ်က ကန့်ကွက်ပါက ထောက်ခံချင်သော်လည်း သူတို့ ကန့်ကွက်ကြမည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းက သူ့၏ သဘောထားအား အရင် မတင်ပြခြင်း ဖြစ်သည်။ ဤသို့နှင့် မနေ့က အစည်းဝေးသည် ညနက် သန်းခေါင်ကျော်ခဲ့၏။ ဆုံးဖြတ်ချက်ဟူ၍ မချမှတ်နိုင်ခဲ့။ ဒုတိယည ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး စသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှစ၍ ဆွေးနွေးတော့သည်။

“လွတ်လပ်ရေးဟာ အရေးအကြီးဆုံး ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ဒီပြဿနာကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ ဒီလို ဦးစားပေးပြီး မဆောင်ရွက်ရင် လွတ်လပ်ရေးကို ကျနော်တို့ မျက်ခြေပျက်သွားမယ်။ ဒီလွတ်လပ်ရေး ပေးပါမယ်လို့ ဗြိတိသျှအစိုးရကို ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့မတိုင်မီ ကြေငြာခိုင်းရုံနဲ့ မလုံလောက်ဘူး။ မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ ပါရမယ်။ အဲဒါမပါရင် ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုးရက ဖိုင်တွဲချင်လည်း တွဲထားလိုက်မယ်။ စက္ကူစုတ်ထဲ့တဲ့ ခြင်းထဲကို စုတ်ပစ်ပြီး ထည့်ချင် ထည့်ထား လိုက်လိမ့်မယ်။ အဲဒါကြောင့် ဗြိတိသျှ အစိုးရက မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ် ဆိုတာကို ထည့်ရမယ်။ မထည့်လို့ မဖြစ်ဘူး။ အာဏာ ဖီဆန်တယ်ဆိုတာ မလုပ်ရင် မဖြစ်လို့ လုပ်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အိန္ဒိယမှာ မဟတ္တမဂန္ဒီဟာ အနုနည်း အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ လူတချို့သာ နားထောင်တယ်။ တချို့က နားမထောင်ဘူး။ ကျနော်တို့ ဗမာတွေက သိပ်စိတ်ဆပ်တယ်။ အနုနည်းနဲ့ ဘယ်လောက်ထိ အာဏာ ဖီဆန်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပဲ။ အိန္ဒိယမှာ တချို့လူတွေဟာ အကြမ်းဖက်လာတဲ့အခါ ဂန္ဒီဟာ အာဏာဖီဆန်ရေးကို ရုပ်သိမ်းပစ်လိုက်ရတယ်။ ကျနော်တို့ လူတွေက ကျနော်တို့စကားကို နားမထောင်ဘဲ အကြမ်းဖက်လာရင် အာဏာဖီဆန်ရေးကို ချက်ချင်း ရပ်ပစ်ရမှာပဲ ----“

ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးပြီးသည့်နောက် (ဖ ဆ ပ လ) အလုပ်မှုဆောင်အဖွဲ့မှ သခင်နု၏ အဆိုကို မကန့်ကွက်ကြတော့။ အားလုံးမှ ထောက်ခံလိုက်ကြသည်။ (ဖ ဆ ပ လ) အလုပ် အမှုဆောင် အဖွဲ့အစည်းအဝေးကား ပြီးလေပြီ။ ရန်ကုန်မြို့က ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။ တခါတခါ တာဝါလိန်းလမ်းမပေါ်မှ မောင်းနှင်သွားသော မော်တော်ကားသံများအား ကြားရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အိပ်ခန်းအတွင်းသို့ ၀င်လာသည်။ သမီးငယ် မစုက မိခင်၏ဘေး၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ နေလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် သမီးငယ် မစု၏ နဖူးပြင်သို့ ညင်သာစွာ နမ်းလိုက်၏။

အစွယ်လိုသူများ (ဒုတိယပိုင်း)ကို ဆက်လက်ဖတ်ရှူပါရန်

ဗိုလ်သင်တန်းကျောင်းဆင်းပွဲမိန့်ခွန်း (ဗိုလ်ချုပ်အောင်ဆန်း)


၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း 

 အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။ (ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….


ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။

ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်
---------------
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။

ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။

ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။

ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။

အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ
-----------------
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း
-------------
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။

တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။

ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။

တန်ခိုးပြဘို့မဟုတ်
------------
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။

ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။

ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။

အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။

ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။

နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။

ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။

ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။

ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာ ဘာလဲ
--------------
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး

ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။

အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။

ဘယ်တော့မှ သစ္စာမဖောက်
-------------------
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။

သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။

စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ
----------------------------
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။

သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။

ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
  ( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)
http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835
http://www.naytthit.net/?p=28975

ဝံသာနုဇာတ်မင်းသားကြီး ဦးအောင်မောင်း



(သစ္စာ+မေတ္တာ ကိုကိုအောင်)  


မြန်မာတို့ရဲ့ ဆိုရိုး ဝေါဟာရ စကားတစ်ရပ်မှာ “အောင်မောင်းတောင့်ထား” ဆိုတဲ့ စကား ရှိပါတယ်။

ဆိုလိုတာက မိမိရဲ့ လျှောက်လှမ်းနေတဲ့ ဘ၀ခရီး တစ်လျှောက် ဘယ်လို အခက်အခဲတွေပဲ တွေ့တွေ့ ဇွဲမလျှော့ဘဲ လိုရာခရီး ရောက်အောင် ဇွဲနဲ့ လျှောက်လှမ်းဖို့ အားပေးတဲ့ ဝေါဟာရ စကား တစ်ရပ်ပါ။ ဒီစကားရပ်ဟာ ဇာတ်မင်းသားကြီး ဦးအောင်မောင်းကို ပရိသတ်က အားပေးတဲ့ စကားက တစ်ဆင့် တွင်လာခဲ့တာပါ။ စစ်ကြိုခေတ်တုန်းက ဦးအောင်မောင်းဟာ ဇာတ်ခုံပေါ်က နေပြီး သုံးရောင်ခြယ် သီချင်းကို ဆိုပြီး ခြေထိုး အကနဲ့ ထွက်ပြီး ကတတ်ပါတယ်။ လက်တစ်ဖက်က သုံးရောင်ခြယ် အလံကြီး ကိုင်လို့ပေါ့။ တကယ့် ၀ံသာနု ဇာတ်မင်းသားကြီးပါ။

ဒါကြောင့် ပွဲကြည့် ပရိသတ်က ဦးအောင်မောင်းရဲ့ အကနဲ့ ဇာတိမာန် သုံးရောင်ခြယ် သီချင်း အဆို ကောင်းတာကို အားပေးတဲ့ အနေနဲ့ အောင်မောင်း တောင့်ထားလို့ တစ်ခဲနက် အားပေးတဲ့ ပွဲကျ စကားတစ်ရပ်ပါ။ ပွဲကြည့်တွေ ကလည်း ဇာတိမာန် စိတ်ဓာတ် နိုးထနေတဲ့ အချိန်ကိုး။ ဦးအောင်မောင်းဟာ ဇာတ်မင်းသား ဆိုပေမယ့် သေးသေးသွယ်သွယ် ချောချောလှလှတော့ မဟုတ်ဘူး။ တောင့်တောင့်တင်းတင်း နဲ့ ယောက်ျား အလွန်ဆန်တဲ့ ရုပ်မျိုး။

ဟန်မှင်မောင်း အလွန် ကောင်းပါတယ်။ သူက နယ်ချဲ့ ကိုလိုနီခေတ်မှာ ဇာတ်မင်းသား ဖြစ်ခဲ့တာ။ မင်းသားဖြစ်ဖို့ ဇွဲနဲ့အတော် ကြိုးစားခဲ့ရတာပါ။ အဓိက တင်ပြချင်တာ ကတော့ သူက ဇာတ်မင်းသား ဆိုပေမယ့် ၀ံသာနု စိတ်ဓာတ် အပြည့်ရှိတဲ့ မင်းသားမို့ လေးစား ဂုဏ်ပြုထိုက်တဲ့ အကြောင်းကို တင်ပြချင်တာပါ။ သူ့ရဲ့ အနုပညာထဲမှာ အောင်မောင်း ခြေထိုးဆိုတဲ့ အကဟာ ပွဲကြည့် မမေ့နိုင် လောက်အောင် ကောင်းတာပေါ့။ သူက ကိုလိုနီခေတ်မှာ နာမည် ကြီးခဲ့တဲ့ မင်းသား ဆိုပေမယ့် ကိုလိုနီ အစိုးရကို မြှောက်ပင့်ပြီး ဘုန်းတော်ဘွဲ့ ဆိုတဲ့ မင်းသား မဟုတ်ဘူး။ မဟုတ်မခံ သတ္တိအလွန် ကောင်းပါတယ်။

ပွဲကရင်း ၀ံသာနုတရား ဟောချင်ရင် ဟောနေတာပါ။ ဇာတိက မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့ သစ်နယ်၊ လဲလူရွာကပါ။ အဘ ဦးနေဒွန်း၊ အမိ ဒေါ်ငွေဘွင့်ပေါ့။ သူဇာတ်မင်းသား ဖြစ်ဖို့ အတော်လေး ရုန်းကန် လာခဲ့ရတာပါ။ ဒုတိယ ကမ္ဘာစစ် မတိုင်မီ စစ်ကြို ကာလမှာ မြန်မာ တစ်မျိုးသားလုံးဟာ သူ့ကျွန် ဘ၀က လွတ်မြောက်လိုတဲ့ အမျိုးသား ဇာတိမာန် စိတ်ဓာတ်တွေ အလွန် ပြင်းထန် လာပါတယ်။ ဒီအချိန်မှာ တေးဂီတ စာပေ၊ ဇာတ်သဘင် အနုပညာရှင်များကလည်း အနုပညာ လက်နက်နဲ့ ပြည်သူတွေကို အားပေးခဲ့ပါတယ်။ ဦးအောင်မောင်းဟာ တို့ဗမာ အသင်းကို ၀င်ပြီး သခင်အောင်မောင်းလို့ အမည် ခံခဲ့ပါတယ်။

တို့ဗမာ အသင်းဟာ ၁၉၃၀ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ ဗမာ ပြည်ကိုချစ်ပါ၊ ဗမာစကားကို လေးစားပါဆိုတဲ့ အမျိုးသားရေး ဆိုင်ရာ ကြွေးကြော်သံ တွေနဲ့ ဖွဲ့စည်းခဲ့တာပေါ့။ လူတန်းစား အသီးသီးဟာ တို့ဗမာ အသင်းကို နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ဓာတ်တွေနဲ့ ၀င်လာခဲ့ကြတယ်။ တို့ပြည်မှာ တို့သခင် ဆိုတဲ့ စိတ်ဓာတ်နဲ့ တို့ဗမာ အသင်းဝင်တွေရဲ့ ရှေ့မှာ သခင်အမည် တပ်ခဲ့ကြတယ်။ တေးပြုစာဆို ရွှေတိုင်ညွန့်လည်း တို့ဗမာ အသင်းဝင်ခဲ့တာပဲ။

ရွှေတိုင်ညွန့် ရေးတဲ့ ဇာတိမာန်တေးတွေ အများကြီး၊ ဒီအထဲက သုံးရောင်ခြယ်ဟာ စံထားလောက်တဲ့ သီချင်းပေါ့။ တို့ဗမာ အသင်းရဲ့ အလံက အ၀ါ၊ အစိမ်း၊ အနီအရောင် သုံးမျိုးပါတယ်။ ဒါကို အကြောင်းပြုပြီး သုံးရောင်ခြယ် သီချင်းရယ်လို့ ရေးတာပါ။ ဦးအောင်မောင်းဟာ ဇာတ်ကရင်း သုံးရောက်ခြယ် သီချင်းကို နှစ်ပါးသွားမှာ ဆိုပြီးကလေ့ ရှိတယ်။ သူက တို့ဗမာ အသင်းဝင် မဟုတ်လား။ ၀ံသာနုစိတ် ဓာတ်ပြင်းတဲ့ မင်းသား၊ ငိုချင်းဆိုရင် တခြား မင်းသားတွေလို ငိုချင်းရှည်ကြီးနဲ့ ဆိုတာ မဟုတ်ဘူး။ ဒေါနဲ့မာန်နဲ့ အားမာန်အပြည့် ငိုတာ။ ပန်းပဲမောင်တင့်တယ် ဇာတ်ဆိုရင် အင်မတန် ကောင်းတာပေါ့။ နှမငယ်ကို တော်ကောက်သွားတဲ့ ဘုရင်ကို ဒေါသနဲ့ ကြိမ်းမောင်းပြီး ငိုတဲ့အငိုက ပွဲမက်လောက်အောင် ကောင်းပါတယ်။ သူ့ရဲ့ နှစ်ပါးသွားမှာ ကတဲ့ ခြေထိုးအကဟာ သူ့ရဲ့ မူပိုင်အောင်မောင်း ခြေထိုးရယ်လို့ တွင်ခဲ့တာပါ။ ဖိုးစိန် ခြေက ကောင်းတာ တစ်မျိုးပါ။ အောင်မောင်းက ခြေက မဟုတ်ဘူး။ ခြေထိုး ကောင်းတာပါ။

ဇာတ်စင် အတွင်းဘက်က နေပြီး ထိုးလိုက်တဲ့ ခြေဟာ ဇာတ်စင် ရှေ့နားကို ဟန်ချက်ဆိုင်းချက်နဲ့ ကွက်တိကျအောင် ထိုးကနိုင်ပါတယ်။ သူစီးတဲ့ ဖိနပ်မှာ ဘာမှ တပ်ထားတာ မဟုတ်ဘူး။ ကတဲ့ ဟန်ချက်ကိုက ကောင်းတာပါ။ ဦးအောင်မောင်း သီဆိုပြီး ထွက်တဲ့ သုံးရောင်ခြယ် သီချင်းဟာ ရွှေတိုင်ညွန့် ရေးတာ။ ၁၉၄၀ မှာ မကြည်အောင် အဆိုနဲ့ ဓာတ်ပြား ထွက်ခဲ့ပါတယ်။ ဦးအောင်မောင်း ဆိုတဲ့၊ ကတဲ့ သုံးရောင်ခြယ် သီချင်း အပြည့်အစုံကို ဖော်ပြပါတယ်။

သုံးရောင်ခြယ် သီချင်း
တေးရေး-ရွှေတိုင်ညွန့်
တေးဆို- မကြည်အောင်

တို့ဗမာ ခေတ်အစဉ်မညှိုးပြီ၊ ရှစ်ပလ္လင် စိုးခဲ့ပါတဲ့ ဓမ္မရာဇ် ဘုရင်ရိုး ကုန်းဘောင်နွယ် မှန်သည်၊ သုံးရောင်ခြယ် အလံတော်ကြီး ကမ္ပည်းနဲ့ စိုက်ထူမည်။
(ဗုဒ္ဓမြန်မာပြည်၊ ဥတ္တမစာဂီ၊ အောင်မင်္ဂလာ တရားနဲ့စုံညီ)၂

(အတိတ်တဘောင် သြဘာထွန်းသည်၊ နိမိတ်ဆောင်ကာ ပြောရဦးမည်။ အတိတ်တဘောင် သြဘာထွန်းသည်၊ ကျွန်းလင်္ကျာ ဇမ္ဗူဒီ)၂ (တို့အမျိုးဇာတိ က ဘုန်းရှိခဲ့တာ ယုံကြည်၊ တက်လူများ ဒီစိတ်ထားနဲ့ စွန့်စားခဲ့ကြသည်)၂ (ဗမာပြည်ဝယ် ဘုန်းရောင်လက်သည်၊ သာကီနွယ် ကုန်းဘောင်ဆက်သည်)၂ ကမ္ဘာကို စိုးမိုးအုပ်ချုပ်ခဲ့ကြပြီ၊ ခေတ်သစ် ထူထောင်မည်၊ အရောင် သုံးမျိုးနဲ့ တို့အလံ စိုက်ထူမည်။

(ဗမာကိန်းအညီ၊ အ၀ါအစိမ်းအနီ၊ အ၀ါရောင်ရည်ရွယ်ချက်က သာသနာရယ်၊ ဘာသာရယ်၊ ပညာရယ် တိုးလိမ့်မည်၊ အစိမ်းရောင် ဆိုတာကတော့ စပါး ဆန်ရေရွှေငွေ အထွေထွေ ပေါမည်(အနီရောင် မြင်သူ အသည်းမှာ ရဲစိတ် ရဲမာန် ထက်သန်ကြမည်)၂ တို့ဗမာကုန်းဘောင် နွယ်မှန်သည်၊ သုံးရောင်ခြယ် အလံတော်ကြီး ကမ္ပည်းနဲ့ စိုက်ထူမည်။

(တို့မြန်မာပြည်)၂ အနောက်ဘက်မှာတော့ ဗုဒ္ဓဟေ နန်းတည်၊ အရှေ့ဘက်ကတော့ ပြုဗ္ဗေရှမ်းပြည်၊ မြောက်ဘက် ကတော့ တရုတ်မြေ စခန်းအတည်၊ တောင်ဘက်ကတော့ သမုဒ်ရေစမ်းအေး ချမ်းသာယာစည်)၂ (မြန်မာပြည် ရာဇာ ကင်းပေမယ့် သာသာနာ အဆင်းကတော့ လင်းပေသည်)၂ မင်းနေပြည် တရား အမှန်ကြိုက်သည်။ ကမ္ဘာ့အလံ စိုက်ပြီ၊ တိုက်တစ်သောင်းက ခညောင်း ရစေမည်။ တို့အလံသည် အရောင်သုံးမျိုး တန်ခိုး ပြည့်စုံသည်။

(မျိုးဇာနည် သမ္ဘာမညှိုး၊ နိုးကြား လာကြပြီ၊ တို့ဗမာပြည် ဆထမ်းပိုးတန် ခိုးသာလိမ့်မည်၊ ရိုးရာအညီ၊ ကမ္ဘာ အတွင်း ထွန်းလင်းကြလိမ့်မည်) (တိုင်းပြည်အကျိုး သယ်ပိုး ဆောင်ရွက်ကြ သည်၊ ဗုဒ္ဓဘာသာများ သဒ္ဓါပွားတရား နဲ့ပညီ)၂ (တို့ဗမာမင်းတွေ ထင်လင်း ပေတော့သည်)၂ ရေမြေ နှစ်လီပိုင် အုပ်စိုး ဖြိုးမောက်ခဲ့ပြီ၊ ဗမာကိန်းအညီ.... စိုက်ထူမည်။

ဦးအောင်မောင်းရဲ့ စစ်မဖြစ်ခင်က သွင်းခဲ့တဲ့ ဇာတ်ထုပ် တွေထဲက ပဒုမ ပေါင်တို ဇာတ်ထုပ်ဆိုရင် မင်းသမီး ပဲခူး မြနဲ့တွဲပြီး သွင်းခဲ့တာ။ သူ့ရဲ့ စံထား လောက်တဲ့ ဇာတ်ထုပ်ပေါ့။ စစ်ပြီးလို့ လွတ်လပ်ရေး ခေတ်မှာလည်း တော်တော် နာမည်ကြီး ခဲ့ပါတယ်။ ၀ဏ္ဏကျော်ထင် ဘွဲ့လည်းရခဲ့ပါတယ်။ ကြီးတော့ရဟန်း ၀တ်ပြီး နယ်လှည့်လို့ တရားဓမ္မများ ဟောခဲ့သေးတယ်။ နောက်တော့ ရဟန်း ဘောင်ကထွက်ပြီး ဇာတ်ပြန်ကပါတယ်။ အသက် ၇၀ ကျော်အထိ ဇာတ်က သွားတာပါ။ သူ နောက်ဆုံးက သွားတာ ဧရာ ၀တီတိုင်း ဒေသကြီးက၊ အင်္ဂပူမြို့မှာပါ။ ပထမ တစ်ညကပြီး နောက်တစ်နေ့မှာ ဆုံးတာပဲ။ အသက်အရွယ် ကြီးတော့ ဇာတ်ရုံထဲမှာနေရတာ ပင်ပန်းမှာစိုးလို့ မြို့ထဲက အသိမိတ်ဆွေ အိမ်မှာ နေ့ဘက်မှာ တည်းပြီးနေတာပါ။ ဦးအောင်မောင်းက အသက်အရွယ် ရလာတော့ ၀ိပဿနာ တရား အလုပ်ကိုလည်း အားထုတ်ပါတယ်။

ဒါကြောင့် သူဆုံးတော့ သူ့ အလောင်းဟာ ဆိုးရွားတဲ့ အနံ့အသက် မရှိဘူးလို့ အဲဒီတုန်းက အနားမှာရှိတဲ့ ဇာတ်မင်းသမီးကြီး အောင်သန်းတင်က ပြောပါတယ်။ ဦးအောင်မောင်း ဆုံးတော့ အသက် ၇၆ နှစ်ရှိပါပြီ။ အိုအောင် မင်းအောင် ကသွားတဲ့ အနုပညာရှင် တစ်ဦးပေါ့။ သူ့ကျွန်ဘ၀ ကိုလိုနီခေတ်မှာ ပွဲကြည့် သူများကို ဇာတိသွေး၊ ဇာတိမာန် တက်ကြွအောင် ရဲရဲဝံ့ဝံ့ကြီး ၀ံသာနု တေးကို ဆိုပြီးက၀ံ့၊ ဆိုဝံ့တဲ့ မင်းသားမို့ အများသူ ငါသိအောင် ၀ံသာနုဇာတ် မင်းသားကြီးအဖြစ် လေးစားဂုဏ်ပြု တင်ပြကြောင်းပါဗျာ။

From : http://shweamyutay.com/index.php?option=com_content&view=article&id=2858:2011-01-08-08-17-04&catid=90:2008-06-08-19-55-01&Itemid=682

(ဆက်စပ်ဖတ်ရှူရန် ဒေါ်မာမာအေးမှ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြသည်။
သုံးရောင်ခြယ်
မာမာအေး
နိုဝင်ဘာ ၁၊ ၂၀၁၀
“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” အမှတ် (၃၅၃)
သုံးရောင်ခြယ်တွင်လည်း နားဆင်နိုင်သည်။)

မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်




မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
ကျွန်တော်တို့ Hiphop ဂီတကိုရူးသွပ်ကြသူတွေအားလုံး Hiphop သမိုင်းတင်မဟုတ်ပဲ ကိုယ့်နိုင်ငံက ဂန္တ၀င်ဂီတသမားတွေ အကြောင်းကိုလဲ လေ့လာသင့်တယ် ၊ ဗဟုသုတအနေနဲ့ ဖတ်မှတ်ထားသင့်တယ်ထင်လို့ WeeklyElven ဂျာနယ်စာမျက်နှာမှာဖတ်လိုက်ရတာ ကိုပြန်ဝေမျှပါတယ်။

သဟာယ ဆရာတင်

ခေတ်ဟောင်းတေးဂီတပညာရှင် ကြီးများထဲတွင်ဝိုင်အမ်ဘီဆရာတင၊် နန်းတော်ရှေ့ဆရာတင်၊သဟာယဆရာတင် ဟူ၍ ထင်ရှားသူသုံးဦးရှိခဲ့ရာ သဟာယဆရာတင်က အငယ်ဆုံး ဖြစ်ပါသည်။ရန်ကုန်အရှေ့ပိုင်းရေ ကျော်ရှိ လူငယ်များဖြင့်ဖွဲ့စည်းထား သော လူငယ်မြှင့်တင်ရေးသဟာယအသင်းတွင်ပါဝင်သူဖြစ်သဖြင့် သ ဟာယဆရာတင်ဟု အမည်ထင်ရှား ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက် မှ လွတ်လပ်ရေးရယူနိုင်ရန်အတွက် ကြိုးပမ်းကြရာတွင် သဟာယဆရာ တင်သည်လည်း ဂီတပညာဖြင့်တစ်တပ်တစ်အား ပါဝင်ခဲ့ပါသည်။

”ဗမာ့ လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်၊တကယ်ပဲ အသက်နဲ့လဲလို့၊ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်” စသည့်ဇာတိသွေးဇာတိမာန်တက်ကြွစေသော ဗမာ့သားကောင်းသီချင်းကို ရေးဖွဲ့ခဲ့သူ မှာဂီတပညာရှင်ကြီးသဟာယဆရာ တင်ပင်ဖြစ်ပါသည်။

သဟာယဆရာတင်၏ အတ္ထုပ္ပတ္တိ

သဟာယဆရာတင်ကို ၁၁ဇွန် ၁၉၁၀ပြည့်နှစ်တွင် ပြည်မြို့ပွဲစား တန်းရပ်၌ ပွဲစားကြီးဦးဖိုးလူနှင့်ဒေါ် ဒေါ်အုန်းတို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်ကပြည်မြို့ဟိုက်စကူးကျောင်း တွင် ပညာဆည်းပူးခဲ့ပြီး ခုနစ်တန်း အထိ အောင်မြင်ခဲ့သည်။ဆရာတင် သည် ငယ်စဉ်ကပင်ဂီတပညာကို ၀ါသနာပါသူဖြစ်၏။မိဘများက မနှစ်သက်သဖြင့်ကျောင်းပိတ်ရက်တွင် သူငယ်ချင်းများနှင့်အတူ ရန်ကုန်သို့ သွားရောက်လည်ပတ်ခဲ့ရာ သုံးနှစ် ခန့်ပင်ကြာမြင့်ခဲ့သဖြင့်မိဘများစိတ် ပူကြရသည်။ရန်ကုန် အင်္ဂလိပ်မက် သဒစ်ကျောင်းတွင် ကျောင်းဆက် လက်နေဖြစ်ခဲ့သော်လည်း ရေကျော် သဟာယအသင်း၌သာ အချိန်ကုန် နေတတ်လေသည်။တစ်ကြိမ်တွင် အားကစားပွဲ၌ သဟာယအသင်းအ နိုင်ရ၍ ယူနီဗာစီတီမြသန်းကြည် ငြိမ့်ဖြင့် ကပြဖျော်ဖြေခဲ့ရာမောင်တင် က သဟာယအသင်းအကြောင်းကို အခြေခံလျက် သီချင်းတစ်ပုဒ်ရေး ဖွဲ့ခဲ့သည်။ ထို့နောက်မောင်တင်ကျောင်းဆက်မနေတော့ဘဲ သီချင်း ရေးဆရာတစ်ဦး ဖြစ်လာခဲ့သည်။

အာရှလူငယ်အစည်းအရုံး

ဂျပန်ခေတ်ကာလအတွင်း ၂၇ ဇွန် ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ဘောင်ဒရီလမ်း၊ စက်မှု လက်မှုကျောင်းနေရာ၌အာရှလူငယ် အစည်းအရုံးကို ဖွဲ့စည်းခဲ့သည်။ဂျပန်စစ်တပ်မှ လူငယ်အချို့နှင့် မြန်မာ လူငယ်အချို့ ပူးပေါင်းကာ အရှေ့အာရှတိုက် သာတူညီမျကောင်းစားရေး ၀ါဒကို အကောင်အထည်ဖော်ရန် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး နာမည်အပြည့်အစုံမှာ အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံး ဖြစ်ပါသည်။
ဂျပန်စစ်တပ်ပညာရေးနှင့်ဝါဒ ဖြန့်ချိရေးဌာနမ t r e n g t h o fဲစာအုပ်ကိုပေးအပ်ခဲ့ရာသခင်ဘသောင်း က မြန်မာဘာသာပြန်ဆိုပြီး အာရှလူငယ်သင်တန်း၌ပို့ချပေးပါသည်။ ထိုစဉ်သီချင်းတစ်ပုဒ်ရေး၍ ၀ါဒဖြန့် ချိရလျင် ပိုမိုထိရောက်နိုင်မည်ဟု တွေးဆမိခဲ့ကြသည်။

အာရှလူငယ်အမှတ်(၁) အာရှလူငယ်အစည်းအရုံးမှ အမှုဆောင်များ စုပေါင်းဆုံးဖြတ်ကြ ပြီး နောက်ကန်တော်မိတ်ကွက်သစ် နေ သဟာယဆရာတင်အား အာရှ လူငယ်အစည်းအရုံးသို့ဖိတ်ခေါ်ကာ ဥက္ကဋ္ဌဦးဘဂျမ်းနှင့်အမှုဆောင်များ က ရှင်းလင်းပြောကြားကြပါသည်။ ယင်းနောက် သဟာယဆရာတင်၏ ကြိုးပမ်းအားထုတ်စပ်ဆိုမှုဖြင့် အာ ရှလူငယ်အမှတ်(၁)သီချင်းပေါ်ထွက် လာခဲ့သည်။ ” ရာဇ၀င်တွင် ထင်ရှား အောင်ကွယ်၊ လူငယ်တွေကြိုးစား မောင်မယ်” စသည်ဖြင့် လူငယ်များ ကသံပြိုင်သီဆိုကြပြီး ဂီတပညာရှင် များက ဘင်ဂျို၊မယ်ဒလင်များဖြင့် တီးခတ်ပေးခဲ့ကြသည်။

ဘီအိုင်အေမှ ဘီဒီအေသို့


ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံ သို့ကူးစက်လာချိန်တွင် ဗြိတိသျတပ် များဆုတ်ခွာသွားပြီးရဲဘော်သုံးကျိပ် ဦးဆောင်သော ဗမာလွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)သည် ဂျပန် တပ်များနှင့်အတူမြန်မာနိုင်ငံအတွင်း သို့ဝင်ရောက်လာခဲ့၏။ မြန်မာတစ် နိုင်ငံလုံးရှိ အုပ်ချုပ်ရေးအဖွဲ့များအား ဘီအိုင်အေကကြီးမှုး ဖွဲ့စည်းပေးခဲ့ပြီး နောက် ကိုယ်ပိုင်အုပ်ချုပ်ရေး ထူ ထောင်ရန်ကြိုးပမ်းစဉ် ဂျပန်တပ်မတော်က မြန်မာတစ်နိုင်ငံလုံးကို အုပ်စီးလိုက်ပါသည်။ ၂၇ဇူလိုင် ၁၉၄၂ တွင် ဘီအိုင်အေအား ဘီဒီအေခေါ် ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်၏။

သြဂုတ်လ၈ရက်နေ့တွင် စစ်သေနာပတိဗိုလ်မိုးကြိုး နေရာ၌ ဗိုလ်ချုပ်အောင်ဆန်းကို ခန့်အပ် လိုက်သောအခါ ကာယဗလ ဦးရှိန် ဦးစီးပြီး အာရှလူငယ်အစည်းအရုံး ၀င်များနှင့် ပူးပေါင်းတိုင်ပင်လျက် မြို့တော်ခန်းမ၌ ဂုဏ်ပြုပွဲတစ်ရပ် ကျင်းပခဲ့သည်။ ယင်းပွဲ၌သီဆိုရန် သီချင်းကိုလည်း သဟာယဆရာတင် ကပင်ရေးစပ်ပေးခဲ့ရရာ ဗမာ့သူရဲ ကောင်းသီချင်းပေါ်ထွက်လာခဲ့၏။

ဂုဏ်ပြုပွဲတွင် အာရှလူငယ်အမှု ဆောင်ကို ဘခင်(နောင်ရုပ်ရှင်နှင့် ပြဇာတ်မင်းသားမျိုးချစ်)က ဘီဒီ အေယူနီဖောင်းဝတ်ပြီး စင်ပေါ်တက် ၍ သီဆိုဖျော်ဖြေခဲ့သည်။ စန္ဒယား မြမောင်က စန္ဒယားဖြင့်တီးခတ်ပေး ၏။ဤသီချင်းကိုပရိသတ်အလွန်နှစ်ခြိုက်ကြသဖြင့်နှစ်ကြိမ်တိုင်သီဆိုပြခဲ့ရသည်။

သဟာယဆရာတင်၏ သီချင်းများ

သဟာယဆရာတင်သည် ဓမ္မတေး၊ မေတ္တာတေးများကိုလည်း ရေးဖွဲ့ခဲ့ရာ အများစုကို အဆိုတော် မေရှင်ကသီဆိုခဲ့ပါသည်။ တစ်ခေတ် တစ်ခါက မြန်မာ့အသံမှ နံနက်ချိန်ခါတေးသံသာအဖြစ်ထုတ် လွှင့်လေ့ရှိသည့် ”မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့အောင် ခြင်းပထမပါ” စသည့် တေးစာသား များပါဝင်သော အောင်ခြင်းရှစ်ပါး သီချင်းမှာ သဟာယဆရာတင်၏ လက်ရာများထဲမှ ထင်ရှားသည့် ဓမ္မ ပူဇာတေးတစ်ပုဒ်ဖြစ်ပါသည်။

ထို့ပြင် ”ရွှေပြောင်ပြောင်၊ တောင်ပေါ်ကဘုရား၊ မယ်နှင့် မောင် သစ္စာထားကာပေါင်းရပါစေသား ဆုတောင်းမည်၊ နန်းနိဗ္ဗာန်စိတ်က ရည်လို့၊ တူစုံဓိဌာန်သည်” တေးစာ သားများပါ ”ရွှေပြောင်ပြောင်” သီချင်းမှာလည်း သဟာယဆရာတင်ရေးဖွဲ့ပြီး မေရှင်သီဆိုခဲ့သော တေးတစ်ပုဒ်ဖြစ် ပါသည်။ ”ဆောင်တော်ကူးကာ ဆွတ်ခူးတော့မယ် သခင်ရယ်၊ တစ် ပွင့်ထဲ ပန်းကို၊ နမ်းနိုင်ပေရဲ့ ရွှေရည် လွှမ်းတဲ့ မြပန်းခက်ကို၊ သူ့လက် လှမ်းကာချစ်ရေစင်ဖြန်းတယ်” စသည့် တေးစာသားများပါ သဟာယဆရာ တင်၏ ”ချစ်ရေစင် ”သီချင်းမှာအဆို တော်မေရှင်၏ အသံနှင့်လိုက်ဖက် လှပြီး ယနေ့တိုင်ထင်ပေါ်ကျော် ကြားဆဲတေးတစ်ပုဒ်ဖြစ်ပါသည်။

သဟာယဆရာတင်သည်တေး စာသားအနုအရွကလေးများကို ရေး ဖွဲ့သီကုံးရာ၌ ၀ိုင်အမ်ဘီဆရာတင်၊ နန်းတော်ရှေ့ဆရာတင်တို့နှင့်မတူ ဘဲ တစ်မူထူးခြားနေပါသည်။ခေတ် ဟောင်းအဆိုတော်ကြီးမေရှင်ပင် သီဆိုခဲ့သည့် မဲဇာမြိုင်သီချင်းတွင် ”မဲဇာတောင်ခြေစီးထွေထွေ၊ အုံ့ဆိုင်း မှိုင်းဝေေ၀”ဟူသော ခြေဆင်းဖြင့် အစပျိုးထားပြီး ”ငွေသောင်ယံကမ်း ခြေလွမ်းဖွယ်တွေ၊ တည့်မွန်းနေ ခြည်ဖြာမှ နွေးမယ့် မဲဇာမြိုင်တော ခြေ” စသည့် သံပြိုင်ပိုဒ်များထည့် သွင်းရေးဖွဲ့ထားပုံမှာ တစ်မျိုးတစ် ဘာသာထူးခြားနေပေသည်။ လက်ဝဲ သုန္ဒရအမတ်ကြီး၏ မဲဇာတောင် ခြေရတုကိုသူ့ခေတ်သူ့ခါအလျောက် နားဝင်ချိုစွဲမက်ဖွယ်သံစဉ်ထည့်သွင်း ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

သဟာယဆရာတင်၏လက်ရာ စန္ဒကိန္နရီသီချင်းကိုမူ မလှရွှေက သီ ဆိုဓာတ်ပြားသွင်းခဲ့ပါသည်။ရှည် လျားလှသည့် သီချင်းစာသားများ ဖြင့် ခန်းနားထည်ဝါစွာ ရေးဖွဲ့စပ် ဆိုခဲ့သည့် ဂန္တ၀င်တေးသီချင်းတစ် ပုဒ်ဖြစ်ပါသည်။သဟာယဆရာတင် ရေးဖွဲ့ခဲ့သည့် တေးသီချင်းများမှာ ပုဒ်ရေ နှစ်ရာကျော်ရှိပြီး ခွေးတံဆိပ် နှင့်ကိုလံဘီယာဓာတ်ပြားကုမ္မဏီတို့ အတွက် ပုဒ်ရေငါးဆယ်၊ အေ၀မ်း ရုပ်ရှင်ကုမ္မဏီအတွက်ရုပ်ရှင်သီချင်း ပုဒ်ရေသုံးဆယ်ခန့်အပါအ၀င်ဖြစ် ပါသည်။

လွမ်းမပြေတဲ့ ပန်းခွေ

၁၉ဇူလိုင်၁၉၄၇တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွား ကြသောအခါဗိုလ်ချုပ်အပေါ်အလွန် လေးစားကြည်ညိုသူ သဟာယဆ ရာတင်က ”လွမ်းမပြေတဲ့ပန်းခွေ” သီချင်းကို ကျေကွဲဝမ်းနည်းဘွယ် ရေးဖွဲ့သီကုံးခဲ့ပါသည်။

ဘ၀နိဂုံး

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် ဂီတပညာဖြင့် တစ်ဖက် တစ်လမ်းမှပါဝင်ခဲ့သူ ဂီတပညာရှင် ကြီး သဟာယဆရာတင်သည်လွတ် လပ်ရေးရပြီးကာလ ၁၁မတ်၁၉၄၈ တွင် ကွယ်လွန်သွားပါသည်။ သဟာယဆရာတင်ကွယ်လွန်စဉ်ဇနီးဒေါ်သောင်းနှင့်သားမောင်ခင်ညွန့်၊မောင်ထွန်းမြင့်၊သမီးမာပျို၊မာချိုတို့ကျန်ရစ် ပါသည်။သဟာယဆရာတင်ကွယ်လွန် သွားသော်လည်း  သူ၏လက်ရာတေးသီချင်းများမှာ မြန်မာ့ဂီတပရိသတ်များအကြား ယနေ့ထက်တိုင်ရေပန်းစားနေဆဲဖြစ်ပါသည်။

ကျမ်းကိုး
၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်း အဘိ ဓာန်(မြဟန်)
၂။ တင်သုံးတင်(မောင်ကောင်းမြင့်) ဖြူနီညိုပြာမဂ္ဂဇင်း၊ ၁၉၇၁ ဇွန်
၃။ ခေတ်ဟောင်းသီချင်းပေါင်းချုပ် (သန်းလှိုင်)
၎။ တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးသီချင်းများ(အတွဲ ၇) ပြန်ကြားရေးဝန်ကြီးဌာန
http://obobeatz.wordpress.com/2009/07/24/lengend-sayartin/ မှ
 ~~~~~~~~~~~~~~~~~~~~~~~~~~
ဗမာ့လွတ်လပ်ရေးအတွက်
တပ်မတော်ဖွဲ့ဖို့
ဂျပန်ပြည်မှာကွယ်
တကယ်ဘဲ အသက်နဲ့လဲလို့
ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့
အာဇာနည်တွေရယ်
ငါတို့ ဗမာပြည်
မိဘတိုင်းကရယ်
ဗိုလ်အောင်ဆန်းလို
သူရဲကောင်းတွေ မွေးရမယ်
ငါတို့ ဗမာပြည်
မိဘအပေါင်းကကွယ်
အာဇာနည်အစစ်တွေကို
ရှိဖို့မွေးရမယ်။
၁၉၄၁ ခုနှစ်အချိန်က ဂီတစာဆို သဟာယဆရာတင် ရေးစပ်သီကုံးခဲ့သည့် 'ဗမာ့လွတ်လပ်ရေးသီချင်း'မှ စာသားများဖြစ်သည်။ 'ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်'။ စသည့် အပိုဒ်က ထိုသီချင်းကို အမြဲတစေ မှတ်မိနေခဲ့စေသည်။
'ဗမာ့လွတ်လပ်ရေး' သီချင်း၏ မူလအမည်က 'ဗမာ့သားကောင်း' ဖြစ်သည်။

၁၉၄၂ ခုနှစ်အချိန်မှာပင် အဆိုတော် တက္ကသိုလ်မျိုးချစ်က ရန်ကုန်မြို့တော်ခန်းမ၌ ပွဲဦးထွက်အနေဖြင့် ပရိသတ်ကို သီဆိုပြခဲ့သည်။ 'ဗမာ့လွတ်လပ်ရေးသီချင်း' ပေါ်ထွက်လာစေရန် စည်းရုံးဆော်သြခဲ့သူမှာ ကာယဗလဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲကာလအတွင်း တပ်သားသစ်များစွာကို ထိုသီချင်းဖြင့် စည်းရုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပမာတင်၍ ရဲစိတ်သွင်းခဲ့သော သီချင်းဖြစ်သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် ထားဝယ်စစ်ကြောင်း ပုလောမြို့သို့ ရောက်ရှိလာစဉ် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ၌ 'ဗမာ့လွတ်လပ်ရေး' သီချင်းကို ကိုမြကြီး၊ ရဲဘော်ခင်မောင်လှနှင့် အခြား အဆိုတော်များစွာက သီဆိုခဲ့ပြီး စစ်ရေးတေးတစ်ပုဒ် အနေဖြင့်လည်း ထင်ရှားခဲ့သည်။
 Source: ELEVEN MEDIA

ဦးနေ၀င်း၊ သင်္ခါရ နဲ့ ကုန်းဘောင်ဆက်



Thursday, October 20, 2011  Sithu Linn

သင်္ခါရတရားတွေကို မသိခဲ့လို့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့မိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်းက ပြောဆိုတဲ့အကြောင်း ကိုကိုမောင်ကြီး (ဦးချစ်လှိုင်)ရဲ့ ကျွန်တော်သိသော တစ်ရံရောအခါများ စာအုပ်မှာ ရေးထားပါတယ်။

၁၉၉၅ ဇူလိုင်လမှာ ဦးနေ၀င်းက သူ့ဆီသွားတဲ့ ဦးချစ်လှိုင်၊ မဆလခေတ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်းတို့ကို ပြောလိုက်တာပါ တဲ့။

"ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် .... ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ .... အနတ္တတရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး .... ဟုတ်တယ် .... အဲဒီတုန်းကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး" (စာ-၇၆၂)

ဦးချစ်လှိုင်က ဒါကို ကြားရတော့ "ဟယ်" ခနဲ ဖြစ်သွားပါတော့တယ် လို့ ဆိုပါတယ်။

ဦးနေ၀င်းကို တွေ့ရတာ ရွှင်ရွှင်လန်းလန်း ကျန်းကျန်းမာမာရှိတယ်၊ "အာနာပါနကမ္မဋ္ဌာန်းကို လေ့ကျင့်ပြီးနောက် ၀ိပဿနာ၏အလုပ်ဖြစ်သော လက္ခဏာရေးသုံးပါးကို ရှုမှတ်ပွားများ လေ့ကျင့်မှု ပြုနေသည်" လို့ ဆိုပါတယ်။

ကုန်းဘောင်ဆက်

ဦးနေ၀င်း နဲ့ ဦးချစ်လှိုင် ၁၉၈၇ နိုဝင်ဘာလမှာ တွေ့တုန်းက ပြောကြတာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

"ဟေ့ကောင် ဖိုးချစ်လှိုင် destiny (ဒက်စတီနီ) ဆိုတာကို မင်းယုံရဲ့လား"

"ဟုတ်ကဲ့ .... ကျွန်တော် ယုံပါတယ် .... ဒက်စတီနီ ဆိုတာ ကံပန်းတိုင်ပေါ့ခင်ဗျာ"

"အေး .... ကံပဲ ပြောပြော ဘာပဲပြောပြော destiny ရှိတာတော့ အမှန်ပဲကွ၊ တခြားပြောချင်တာ မဟုတ်ပါဘူး။ ငါ့အကြောင်းပါ။ ငါ့ဦးလေး သခင်ညီ၊ ဦးလေး ဆိုပေမယ့်လို့ အသက်ချင်းကွာတာ မဟုတ်လို့ ငါ့အစ်ကိုပဲ ဆိုပါစို့။ အေး .... သူ နေမကောင်းတာနဲ့ သူ့အစား ဂျပန်ပြည်ကို သွားမယ့် သင်္ဘောပေါ်ကို တခြားအဖော်တွေနဲ့အတူ ငါလိုက်သွားရတယ်။ အဲဒီအချိန်က စပြီး ငါ့ဘ၀ဟာ တစ်ခါတည်းပြောင်းသွားတာပဲ။ Turning-point ပေါ့ကွာ။ ငါသာ အဲဒီလို လိုက်မသွားဖြစ်ခဲ့ရင် ငါဟာ ဗိုလ်နေ၀င်း ဖြစ်လာမှာ မဟုတ်ဘူးကွ။ အဲဒါကို Destiny ပဲလို့။ ဒါပြောချင်တာပဲ"

"ဦးညိုမြရေးတဲ့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဟာ ဘိုးတော်ဘုရားမင်းရဲ့ အဆက်အနွယ်က ဆင်းသက်လာတဲ့သဘောမျိုး ရေးထားပါတယ်"

"မင်းက ကုန်းဘောင်မင်းမျိုးတွေကို အထင်ကြီးနေတယ်ထင်တယ် .... ကုန်းဘောင်မင်းဆက်တွေ ညံ့ဖျင်းလို့ တို့နိုင်ငံ ကျွန်ဖြစ်ခဲ့ရတာပဲကွ။ ဒါကို မင်းတို့ငြင်းနိုင်မလား။ .... တစ်ခုတော့ ရှိတယ်။ ငါက ရွှေဘို မုဆိုးချုံ ဗိုလ်တွန်က ဆင်းသက်လာတာတော့ မှန်တယ်" (စာ-၈၄၃)

မုဆိုးချုံ ဗိုလ်တွန်ရဲ့ သမီးကို ပဒုံမင်း(အမရပူရမြို့တည်နန်းတည်မင်း) က မိဖုရားအရာ တင်မြှောက်ခဲ့တယ်၊ ဒါပေမယ့် ဦးနေ၀င်းဟာ သူ ပဒုံမင်းက ဆင်းသက်တာကို တိုက်ရိုက်ပြောချင်ပုံမရဘူး လို့ ဦးချစ်လှိုင်က သုံးသပ်ထားပါတယ်။


 (ဦးနေ၀င်း ဓာတ်ပုံကို White Lotus Co Ltd က ၂၀၀၂ မှာ ထုတ်ဝေတဲ့ The Disorder in Order: Army State in Burma Since 1962 စာအုပ်အဖုံးကနေ ယူပါတယ်)

Source: http://blog.irrawaddy.org/2011/10/blog-post_6781.html

“ဗိုလ်” ၏ အဓိပ္ပာယ်အစစ်အမှန်

 [Freedom from Fear - 13] by Zaw Min Oo on Tuesday, December 13, 2011 at 8:29pm

အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၆ - ၁၉၁ ကို မြန်မာပြန်သည်။ ဗိုလ်ဟူသော ဝေါဟာရမှာ အစိုးရရုံးအသုံးအနှုန်းတွင် ကြည်းတပ်မှ ဗိုလ် သို့မဟုတ် “လက်ဖ်တင့်နင့်” ကို ဆိုလိုခြင်း ဖြစ်ပါသည်။ သို့သော်လည်း အများသုံးစကားတွင် စစ်အရာရှိများ၊ အမိန့်ပေးသူ များ၊ ခေါင်းဆောင်များကို “ဗိုလ်” ဟု ခေါ်လေ့ရှိပါသည်။

တိုင်းပြည် လွတ်လပ်ရေးရတော့မည် ဟူသော မျှော်လင့်ချက်ဖြင့် တက်ကြွနေသော ထွန်းသစ်စ ဗမာ့လွတ်လပ်ရေးတပ်မတော် ၁၉၄၂ ခုနှစ်တွင် မြန်မာ့မြေပေါ်ခြေချလာသည်နှင့် ၎င်းတပ်မှ အရာရှိများကို ရာထူးမရွေး “ဗိုလ်” ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ လူအများစိတ်ဓာတ်အရှိန်မြင့်မား၍ ဘေးအန္တရာယ် ထူပြောသော စစ်တွင်းကာလတွင် လူစွမ်းကောင်းများ ဈေးကောင်းလေရာ “ဗိုလ်” တိုင်းကို စွဲမက်ဖွယ်ရာ စိတ်ကူးယဉ်ပုံပြင်ဆန်ဆန် မသဲကွဲသော အတွေးဖြင့် ရှုမြင်ကြပါသည်။

၎င်းတို့အနက် ရှေ့ဆုံးမှ ထင်ပေါ်နေသူမှာ အောင်ဆန်းဖြစ်ပါသည်။ အသက် (၂၇) နှစ်ပင် မပြည့်သေးဘဲ စိတ်ဓာတ်အလွန်ပြင်းထန်ပြီး ဖြောင့်မတ်တည်ကြည်သဖြင့် မျိုးချစ်လူငယ် စစ်သေနာပတိအသွင်ဆောင်နေရာ ၎င်းနှင့်ပတ်သက်၍ သီချင်း၊ ကဗျာများ ရေးစပ်ရာ၌ စိတ်ကူးကွန့်မြူးလာကြပါသည်။

ငါတို့မြန်မာပြည်မယ် မိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို အာဇာနည်အစစ်တွေ မွေးကြရမယ်
- ရာဇဝင်အတ္ထုပတ္တိလည်း ရှိရမယ်
မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဤကဲ့သို့ ချီးမြှောက်ခြင်းကြောင့် ပို၍ အသက်အားဖြင့်၎င်း၊ အတွေ့အကြုံအားဖြင့်၎င်း ပိုမိုသူများပင်လျှင် ယစ်မူးသွားနိုင်သော်လည်း အောင်ဆန်းမှာမူ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကြောင့် တည်ကြည်ခိုင်မြဲ ရှင်းလင်းပြတ်သားစွာဖြင့် လုံးဝစိတ်ထားမှန်အောင် ထိန်းသိမ်းခဲ့ပါသည်။ ထိုစဉ်က ကျင်းပလေ့ရှိသော အခမ်းအနားတခုတွင် အောင်ဆန်းအား ကမ္ဘာ့သမိုင်းတွင် ထင်ရှားမည်ဟု ချီးမွှမ်းသောဩဘာစာကို ဖတ်ကြားသောအခါ ကမ္ဘာ့သမိုင်းတွင်မဆိုနှင့်၊ ဗမာ့သမိုင်း၌ပင် နေရာမရသေးပါ ဟု အောင်ဆန်းက ကြွတ်ဆပ်ဆပ် မှတ်ချက်ချသွားခဲ့ပါသည်။

 တော်လှန်ရေးလှုပ်ရှားမှု တလျှောက်တွင် စစ်တပ်ကို ဦးဆောင်ခဲ့သည့် နောက်ပိုင်းတွင် ပြန်လည် တည်ထောင် လိုက်သော ဗြိတိသျှအုပ်ချုပ်ရေးနှင့် စေ့စပ်ဆွေးနွေးခဲ့ပြီး ဘုရင်ခံ၏ အုပ်ချုပ်ရေးကောင်စီတွင် ဒုဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရသောအခါ၌ပင် အောင်ဆန်းက “ကျုပ်တို့ အခု မစရသေး၊ မလုပ်ရသေဘူး။ ဒါကြောင့် ချီးမွမ်းစရာရှိလည်း အခုချီးမွမ်းမခံချင်သေးဘူ။” ဟု ပြောနေတုန်းပင် ဖြစ်ပါသည်။

ထိုစဉ်အချိန်က ၎င်းသည် အမျိုးသားလူစွမ်းကောင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတဝှမ်းတွင် “ဗိုလ်ချုပ်” ဟု သိရှိကြကာ မြန်မာပြည်သူပြည်သားတို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံနေရသူပင် ဖြစ်ပါသည်။ “ဗိုလ်ချုပ်” ဟူသည်မှာ ဒုတိယဗိုလ်ချုပ်ကြီးအောက်တွင်ရှိသော အဆင့်ပင်ဖြစ်သော်လည်း အောင်ဆန်းက ရယူလိုက်သောအခါ ယင်းရာထူးအဆင့်သည်လည်း မြန်မာပြည်တွင် အတုမရှိ၊ ထူးခြားအရေးပါသော အဓိပ္ပာယ် သက်ရောက်မှုရှိလာပါသည်။ ဗိုလ်ချုပ်ဟူသည်မှာ တပ်မတော်၏ ဖခင်၊ အင်အားကြီးသော ကိုယ်ကျိုးမကြည့်သော ခေါင်းဆောင်မှု၊ ဝေါဟာရအဓိပ္ပာယ်အရ “ဗိုလ်ချုပ်များ ကို အုပ်ချုပ်သူ” ဟု သဘောရပါသည်။

“ဗိုလ်” ပါဠိစာလုံး “ဗလ” (ခွန်အား) မှ လာခြင်းဖြစ်ပါသည်။ သို့သော်လည်း ချီးကျူးထိုက်သော ခွန်အားနှင့် မလိုလားအပ်သော အင်အားကို ခွဲခြားရသည်မှာ မလွယ်ကူလှပါ။ “ကာယ” ပြုလုပ်ခြင်းနှင့် “ဗလ” တို့ ပေါင်းစပ်လိုက်ပါက ဗလသက္ကာယ အကြမ်းဖက်ခြင်းဖြစ်လာပါသည်။ တနည်းဆိုရသော် လက်ခံနိုင်လောက်သော အကန့်အသတ် အတိုင်းအတာထက်ကျော်လွန်၍ ခွန်အားကို အသုံးပြုသောအခါ ဖျက်ဆီးခြင်းအဖြစ်သို့ ရောက်ရှိလာပါသည်။

ဤအန္တရာယ်ကို ကိုယ်ကျင့်တရားဖြင့် ထိန်းချုပ်ခြင်း မပြုပါက နိုင်ငံရေး သို့မဟုတ် လူမှုရေးအပြောင်းအလဲများကြောင့် ဝရုန်းသုန်းကား ဖြစ်နေသော အချိန်ကာလတွင် အောင်ဆန်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲကို ဦးစီးဦးကိုင်လုပ်ခဲ့ရသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းထွက် ဖြစ်သဖြင့် ၎င်းသည် စိတ်နှင့် စိတ်ဓာတ်တို့၏ စွမ်းအားနှင့်ဆိုင်သော သဘောတရားကို ငယ်စဉ်ကပင် သိရှိမည် ဖြစ်၍ ဗလငါးပါး (ဣနြေ္ဒငါးပါး သို့မဟုတ် စိတ်ကို ထိန်းသိမ်းနိုင်သောတရားများ) ကိုလည်း လေ့လာဆည်းပူးခဲ့မည် ဖြစ်ပါသည်။ ၎င်းတို့မှာ သဒ္ဓါ၊ ဝိရိယ၊ သတိ၊ သမာဓိနှင့် ပညာတို့ဖြစ်ပါသည်။ လောကီအလိုအရ ဗလငါးတန်ဖြစ်သော ကာယ၊ ဥာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တဗလတို့သည် လောကုတ္တရာအကျိုးဆောင် ဗလများထက် နိမ့်ကျပြီး ဂုဏ်သိက္ခာရှိစွာ အကျိုးပေးမည့်အင်အားများဖြစ်လာနိုင်ရန် ၎င်းတို့ကို စိတ်နှင့် စိတ်ဓာတ် ပြုစုပျိုးထောင်ခြင်းဖြင့် ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။

တာဝန်ရှိသော စစ်အဖွဲ့အစည်တခုနှင့် ပေါင်းစပ်ရမည့် ပေါ်ထွန်းစ စစ်တပ်၏ စစ်သေနာပတိအဖြစ်၎င်း၊ မတည်ငြိမ်သော ပုဂ္ဂိုလ်ပေါင်းများစွာ ပါဝငိနေသည့် အမျိုးသားလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ်၎င်း စည်းကမ်းဖြင့် မထိန်းထားသော အင်အား၏ လက်တွေ့အန္တရာယ်များကို ၎င်းက ကောင်းစွာသိရှိထားသူပင်ဖြစ်ပါသည်။ အောင်ဆန်းသည် ၎င်းတည်ထောင်ထားသော တပ်မတော်ကို စည်းကမ်းကြီး၍ ဂုဏ်ကျက်သရေရှိသော အဖွဲ့အစည်းအဖြစ် ရည်မှန်းထားပါသည်။

အနစ်နာခံခြင်း၊ ကိုယ့်စည်ကိုယ်ထိန်းခြင်း၊ ဖောက်ပြန်မှုကင်းခြင်း စသော ကျောက်သားပကတိခိုင်မာသည့် မြင့်မြတ်သောဂုဏ်အင်္ဂါများဖြင့် တည်ဆောက်ထားသောတပ်မတော်၊ ကိုယ်ပိုင်အကျိုးအမြတ်မမျှော်ကိုးဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်ရန် မိမိ၏ခွန်အားကို လုံးဝပေးလှူထားသော တပ်မတော်သာဖြစ်ရမည်ဟု အောင်ဆန်းက ယူဆပါသည်။

လက်နက်အင်အားကို ဖိနှိပ်ချုပ်ချယ်ရာ ပစ္စည်းကိရိယာ အဖြစ် ထင်မှတ်စေမည့် သဘောထားများ၊ ရပ်တည်ချက်များကို ရှောင်ကျဉ်ပါရန် စစ်သည်တော်များအား အောင်ဆန်းက တိုက်တွန်းဆုံးမခဲ့ပါသည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်လိုသော လူ့သဘာဝကို ထောက်ပြ၍ မတရားပြုကျင့်သော အားကြီးသူတို့အား မကြောက်မရွံ့ဆန့်ကျင်ရန်နှင့် အားနည်းသူတို့အပေါ်တွင် ဖြောင့်မှန်တရားမျှတစွာ ပြုကျင့်ရန် အောင်ဆန်းက တိုက်တွန်းခဲ့ပါသည်။

“ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်” ဟုလည်း သတိပေးခဲ့၏။ (၃၀-၁-၄၄)။

တိုင်းပြည်က ကိုးကွယ်ဆည်းကပ်ထိုက်သော ထူးချွန်သည့်တပ်မတော်ဖြစ်လာစေရန် အဆက်မပြတ် ကြိုးပမ်အားထုတ်နေရမည် ဖြစ်ပါသည်။ သို့သော် ထူးချွန်သဖြင့် ခေါင်းဆောင်မှုပေးရန် အထူးအခွင့်အရေးရှိသော လက်ရွေးစင်လူတစု ဖြစ်လာရမည် မဟုတ်ပါ။ တပ်မတော်သည် လူတဦးတယောက်အတွက်၊ တဖွဲ့၊ လူတစု၊ အပါတီအတွက် တည်ထောင်းထားခြင်းမဟုတ်ဘဲ တပြည်လုံးအတွက် တည်ထောင်ထားခြင်းဖြစ်သည်ဟု အောင်ဆန်းက ရှင်းလင်းပြတ်သားစွာ ပြောဆိုထားပါသည်။ ၎င်းတို့၌သာလျှင် ပြည်ချစ်စိတ်ရှိနိုင်သည်ဟူသော အယူအဆကို ခံယူထားကြသည့် စစ်မှုထမ်းများ၏ သေးသိမ်မှေးမှိန်သော အမြင်ကိုလည်း အောင်ဆန်းက ပယ်ချပါသည်။

“တခြား စစ်သားမဟုတ်ပေမဲ့ နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်တဲ့ လူတွေလည်း ရှိတာပဲ။ အဲ့ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်” (၁၃-၃-၄၄)။

အောင်ဆန်းက စစ်သားများကို တင်းမာပြင်းထန်စွာ သတိပေးဆုံးမနေရသည့်အချက်မှာ တပ်မတော်ကို နှိမ်လိုသောကြောင့်မဟုတ်ဘဲ “ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ” ဟု ကိုယ်တိုင်မိန့်ကြားခဲ့ပါသည်။ (၁၃-၃-၄၄)။

တိုင်းပြည်၏ ဂုဏ်သိက္ခာဟူသည်မှာ ပြည်သူတို့၏ ဂုဏ်သိက္ခာဖြစ်သည်၊ ပြည်သူတို့၏ ဂုဏ်သိက္ခာသည် ၎င်းနှင့် ၎င်းစစ်သားများ၏ ဂုဏ်သိက္ခာနှင့် ခွဲခြား၍မရဟု အောင်ဆန်းက ယုံကြည်ထားပါသည်။ သူလိုလားသော စံပြလက်နက်ကိုင်တပ်ဖွဲ့ဆိုသည်မှာ စစ်မှုထမ်းတိုင်း၏ အပြုအကျင့်တို့သည် ၁၈ ရာစု နန်းတွင်းစာဆိုတော် လက်ဝဲသုန္ဒရ (၁၇၂၃-၁၇၉၉) ရေးသားဖွဲ့ဆိုထားသော နန္ဒိသေနပျို့ပါ သဘောတရားဖြင့် ပြည့်ဝနေမည်ဖြစ်သော တပ်ဖွဲ့ပင်ဖြစ်ရပေမည်။

စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား၊ မကိုးစားလျှင်
ဓါးသွားလည်ကြွေ၊ လှံလည်းခွေအံ့။
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)

လွတ်လပ်ရေးလှုပ်ရှာမှု အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့စိတ်နှလုံးကို သိမ်းကြုံး၍၊ ပြည်သူ့အင်အားကို ကိုးစားကြောင်း ပို၍ သိသာထင်ရှားလာပါသည်။

လူတဦးတယောက်သည် မည်မျှလောက် စွမ်းပကားရှိစေကာမူ လူထု၏ အားပေးရိုင်းပင်းမှုမရှိဘဲလျက် ရာဇဝင်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်” ဟု ယုံကြည်သည့်အလျောက် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်သူတို့ကို ၎င်းနောက်မှ မြဲမြံစွာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြပါရန် ပန်ကြားခဲ့ပါသည်။ မဟုတ်မမှန်သော ကတိများပေး၍၎င်း၊ မြှောက်ပင့်ပြောဆို၍၎င်း၊ ထောက်ခံမှုရယူသောနည်းကို ၎င်းက မသုံးပါ။

စစ်ကြောင့် အကြီးအကျယ်ပျက်စီးနေရသည့် မြေပေါ်တွင် လွတ်လပ်သော ကိုယ်ထူကိုယ်ထ တိုင်းနိုင်ငံကို တညီတညွှတ်တည်း ဝိုင်းဝန်းတည်ထောင်ရန် ၎င်းနှင့် ပြည်သူလူထုအကြား အပြန်အလှန်ယုံကြည်မှုနှင့် ရိုသေလေးစားမှုတို့၏ တခုတည်းသောအခြေခံမှာ ရိုးသားဖြောင့်မတ်ပွင့်လင်းမှုပင် ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ယူဆပါသည်။ နိုင်ငံရေးတွင် လိမ်လည်လှည့်ဖြားမှု၊ ကောက်ကျစ်စဉ်းလဲမှုတို့ကို ဦးစားပေး ကျင့်သုံးနေခြင်းသည် ပြည်သူလူထုကို စော်ကားရာရောက်သည့်အပြင် မိမိ၏ သိက္ခာသမာဓိကိုလည်း ဖောက်ဖျက်ရာရောက်ပါသည်။ ပြည်သူပြည်သားအများစုသည် အသိတရားဖြင့် အမှားထက်အမှန်ကိုသာ တန်ဖိုးထားပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်ရှိသည်ဟု ယူဆ၍ အောင်ဆန်းက လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

ယင်းယူဆချက်သည် မှားယွင်းခြင်းမရှိပါ။ ၎င်း၏ ကြိုးပမ်းမှုများကို ပြည်သူလူထုက အပြည့်အဝ နားလည်သဘောပေါက်ကြပြီး စည်းလုံးညီညာစွာ ထောက်ခံအားပေး၍ တုံ့ပြန်သဖြင့် ၁၉၄၇ ခုနှစ် ဧပြီလ၌ ကျင်းပသော ရွေးကောက်ပွဲတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့မှ ဝင်ရောက် ယှဉ်ပြိုင်သူအများစု အနိုင်ရခဲ့ပါသည်။ အောင်ဆန်းသည် အစိုးရအာဏာ၏ အဆင်အယင်၊ အဆောင်အယောင်များကို ဂရုစိုက်လှသူမဟုတ်သော်လည်း ပြည်သူတို့က ရွေးချယ်ထားသော ခေါင်းဆောင်ဆိုသည့်ဂုဏ်ကိုမူ ရိုးသားစွာမြတ်နိုးသူပင်ဖြစ်ပါသည်။ ခေါင်းဆောင်မှုတာဝန်များကို အောင်ဆန်း လေးလေးနက်နက် ခံယူထားပါသည်။ ခေါင်းဆောင်ဟူသည်မှာ သေရမည် သို့မဟုတ် ကဲ့ရဲ့ရှုတ်ချမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ မိမိမှန်သည်ဟု ယူဆသောကိစ္စကို သတ္တိရှိရှိဖြင့် လုပ်ကိုင်ရဲသဖြင့် လူထုက ယုံကြည်စွာ ပေးအပ်ထားသော အရာဖြစ်သည်ဟု အောင်ဆန်းက မြင်ပါသည်။

တိုင်းပြည်အပေါ်တွင်ထားရှိရမည့် ၎င်း၏ တာဝန်ဝတ္တရားများ ပျက်ကွက်ပါက ပေးထားသော ခေါင်းဆောင်မှုကို ပြည်သူက ပြန်လည်သိမ်းယူရမည်ဟုလည်း လက်ခံပါသည်။ ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့ကို တိုင်းပြည်က ရိုသေလေးစားခြင်းမရှိတော့သောအခါတွင် ၎င်းတို့ ရာထူးမှ နှုတ်ထွက်မည်ဟု အောင်ဆန်းက ပြောသောအခါ အပြောသက်သက်မဟုတ်ဘဲ ဖျက်မည်မဟုတ်သော ကတိကို ပေးလိုက်ခြင်းဖြစ်သည်ဟု ပြည်သူတို့က သိရှိကြပါသည်။

အင်အားဆိုသည်မှာ တရားမျှတမှန်ကန်သော ဦးတည်ချက်အတွက် အသုံးပြုမှသာလျှင် တန်ဖိုးရှိသည်ဟု ယုံကြည်သော နိုင်ငံ့ခေါင်းဆောင် စစ်သည်တဦးအဖို့ ဂုဏ်သိက္ခာမရှိဘဲ အုပ်ချုပ်ခြင်းသည် နှစ်လိုဖွယ်ရာမဟုတ်ပါ။ ပြည်သူ့လူစွမ်းကောင်းဟူသည် ပြည်သူ၏ မျှော်မှန်းတောင့်တချက်ကို ကိုယ်စားပြုပါသည်။

လက်တွေ့ဘဝရှိ ခေါင်းဆောင်များမှာမူ ပြည်သူတို့၏ မျှော်မှန်းချက်များအား အကောင်အထည်ဖော်ပေးနိုင်မည့် အတိုင်းအတာကိုသာ ရောင်ပြန်ဟပ်နေကြပါသည်။ ကြုံခဲလှသော သမိုင်းအချိန်အခါများတွင် မျှော်မှန်းတောင့်တချက်နှင့် တကယ့်လက်တွေ့ဘဝတို့ တထပ်တည်း တိုက်ဆိုင်သွားသောအခါ၌ ပြည်သူလူထုသည် ကိုယ်ရောစိတ်ပါ အင်တိုက်အားတိုက် အစွမ်းကုန်လုပ်ဆောင်ကြပြီး အချင်းချင်း ညီညွှတ်ကြပါသည်။ ယင်းအချိန်အခါကို သတိရနေခြင်းဖြင့် သိက္ခာမဲ့၍ အောင်မြင်မှုခြောက်ခမ်းသော ကာလများတွင် အားမွေး၊ ဂုဏ်ယူနိုင်ပါသည်။ အောင်ဆန်းခေါင်းဆောင်သော တိုတောင်းလှသည့် ကာလအတွင်း၌ မြန်မာပြည်သူပြည်သားတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ထိုက်ထိုက်တန်တန် ယုံကြည်အားကိုးခွင့်ရကြသူများတွင်ရှိသော မျှော်လင့်ချက်များ၊ လုပ်ချင်ကိုင်ချင်သော အင်အားများဖြင့် ပြည့်ဖြိုးနေကြပါသည်။ ၎င်းတို့၏ ဗိုလ်ချုပ်က ၎င်းတို့ကို စည်းကမ်းနှင့် လုံ့လဝိရိယမရှိဟူ၍ သူ့ဝသီအတိုင်း တုံးတုံးတိတိ ပြစ်တင်ကြိမ်းမောင်း ဆူပူသည့်အခါ၌ပင် ၎င်းတို့သည် စိတ်ပျက်ခြင်းမရှိကြဘဲ ဗိုလ်ချုပ်သည် မိမိ၏ ချို့ယွင်းချက်များကို မိမိကိုယ်တိုင် ပြင်ဆင်ရန် ဆန္ဒရှိသကဲ့သို့ ၎င်းတို့ကိုလည်း ၎င်းတို့၏ ချို့ယွင်းချက်များကို ပြင်စေလိုသည်ဟု အသေအချာသိရှိထားကြသဖြင့် ပို၍ပင် ကြိုးစားချင်စိတ် ပေါက်လာကြပါသည်။

“ဘဝဟူသည်မှာ အမှန်တရားနှင့် အပြစ်ကင်းစင်မှုကို ရှာဖွေသော မွန်မြတ်သည့် ခရီးစဉ်” ဟု အောင်ဆန်းက ယူဆထားပါသည်။ ဤသို့ ရှာပုံတော်ဖွင့်ရာတွင် သူနှင့်အတူ တိုင်ပြည်ကိုပါ သယ်ဆောင်သွားရန် ကြိုးစားခဲ့ပါသည်။ လက်တွေ့မကျလောက်အောင် မြင့်မားသည်ဟု ဆိုရလောက်သော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ အံ့ဩဖွယ်ရာအောင်မြင်မှုများသည် မြန်မာပြည်သူပြည်သားများ၏ အရည်အချင်းကို၎င်း၊ ပြောသည့်အတိုင်းလုပ်၍ သိက္ခာသမာဓိနှင့် ရိုးသားဖြောင့်မတ်မှုသည် လက်တွေ့နိုင်ငံရေး၏ ထိရောက်သော အခြေခံဖြစ်နိုင်ကြောင်းပြသခဲ့သော အောင်ဆန်း၏ စွမ်းရည်ကို၎င်း ဂုဏ်ပြုရာရောက်ပါသည်။

အောင်ဆန်းသည် စစ်သည်တော်တဦးဖြစ်သည့်အလျောက် တိုက်ခိုက်ရမည်ဆိုလျှင် အသေအချာတိုက်သူဖြစ်ပါသည်။ သို့သော် တိုက်ပွဲပြီးသောအခါတွင် ကြောက်ရွံ့ခြင်းမရှိဘဲ လက်နက်ကို ဘေးဖယ်ကာ ငြိမ်းချမ်းရေးလမ်းကို လိုက်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ လက်ထဲသို့ နိုင်ငံရေးအာဏာ ရောက်ရှိလာသောအခါတွင်လည်း “ကျုပ်က မေတ္တာနှင့် သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်” ဟု ဟန်မလုပ်ဘဲ ရိုးသားစွာပြောနိုင်သူပင်ဖြစ်ပါသည်။ ၎င်းအား ထောက်ခံသူများက ၎င်းသည် မိမိတို့၏ အသက်၊ မိမိတို့၏ ချမ်းသာမှုနှင့် မိမိတို့၏ ယုံကြည်မှုတို့ကို မဆင်မခြင် အကျိုးမဲ့အောင် လုပ်မည်မဟုတ်ဟု စိတ်ချနိုင်ကြပါသည်။

သူ၏ စကားအတိုင်း ဆိုရလျှင် အောင်ဆန်းသည် တိုင်းပြည်ကို “အရမ်းမဲ့ ဗြောင်းဆန်အောင်” လုပ်မည့် “နိုင်ငံရေး စတန့်မင်းသား” မဟုတ်ပါ။ ပြည်သူလူထုက ၎င်း၏ ခေါင်းဆောင်မှုကို ယုံကြည်မည်ဆိုပါက တနှစ်အတွင်း လွတ်လပ်ရေးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာရယူမည်ဟု ရဲရဲကြီး အာမခံခဲ့ပါသည်။ “ကျုပ်ဟာ ကျုပ်ကတိကို မဖျက်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ သိတယ်မဟုတ်လား”။ ဤစကားကို ၁၉၄၈ ခုနှစ် ဇန္နဝါရီ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံအား လွတ်လပ်သော သမတနိုင်ငံဟု မကြေညာမီ (၁၁) လတိတိအလိုက ပြောခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်လွတ်လပ်ရေးရသောအခါတွင် အောင်ဆန်း ကွယ်လွန်သွားပြီဖြစ်ပါသည်။ သူတပါးအား ဆင်ခြင်တုံတရားကို လက်ခံ၍ စိတ်ကောင်းစေတနာကောင်း အစစ်အမှန်ကို တုံ့ပြန်တတ်သော အသိဥာဏ်ရှိသည်ဟု ယူဆသည့် အခြေခံသဘောထားရှိသူ အောင်ဆန်းသည် အာဏာရရှိရေးကို ကိုယ်ကျင့်တရားထက်ပို၍ ဂရုပြုကြသော နိုင်ငံရေးပြိုင်ဖက်တို့၏ သစ္စာတရားကင်းမဲ့ခြင်း၏ ဒဏ်ကို ခံသွားရပါသည်။ မြန်မာပြည်အတွက် ၎င်းထားရှိသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ဂရုတစိုက်စဉ်းစားတွေးခေါ် အကြံဥာဏ်များထုတ်သကဲ့သို့ ၎င်း၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ဂရုတစိုက်ရှိခဲ့ပါက အောင်ဆန်းသည် လုပ်ကြံသတ်ဖြတ်ခံရမည်မဟုတ်ဟု ပြောသူများရှိကြပါသည်။

သို့သော် သူသာ ထိုကဲ့သို့ ကိုယ်ကျိုးငဲ့သူဖြစ်ခဲ့ပါက “ခေါင်းဆောင်သည် နိုင်ငံ၏အင်အားဖြစ်သည်” ဟူသောထုံးကို အသက်သွင်းပေးလိုက်သော ဗိုလ်တကာ့ဗိုလ် မြန်မာပြည်သူပြည်သားများက ‘ငါတို့ ဗိုလ်ချုပ်’ ဟု သတ်မှတ်ထားသော ဗိုလ်အောင်ဆန်း ဖြစ်တော့မည် မဟုတ်ပါ။ ။

Source: http://www.ex-absdf.net/2011/12/freedom-from-fear-13.html

ကချင်-"မြန်မာ" ချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်တိုင်

ဗိုလ်ချုပ် အောင်ဆန်းမှ ကချင်-"မြန်မာ" ချစ်ကြည်ရေး နှင့် လွတ်လပ်ရေးတိုက်ပွဲ မိန့်ခွန်းဟောပြောရာ အထိမ်းအမှတ်ကျောက်တိုင်။ 

ဗိုလ်ချူပ်အောင်ဆန်း (ဆုငွေ ၅ ကျပ်) နဲ့ မမေ့သင့်သောရွာကလေး

by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, January 12, 2013 at 12:56am ·
 
ဇီးဂျိုင့်ရွာကလေးသည် ဧရာဝတီတိုင်း ငပုတောမြို့နယ် အတွင်းတွင်ရှိပြီး ပင်လယ်ကမ်းခြေရွာလေးဖြစ်သည်။ ဗိုလ်ချူပ်အောင်ဆန်းကို ဆုငွေ၅ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်စဉ်က ဗိုလ်ချူပ်တိမ်းရှောင် နေထိုင်ခဲ့သော ရွာကလေးဖြစ်သည်။

ဗိုလ်ချူပ်တို့ လာရောက်စဉ်က အသက် ၈ နှစ်သမီးသာရှိသေး၍ ယခုအသက် ၈၀ ကျော်ပြီဖြစ်သော အမေကြီးဒေါ်ထွားစိန်ကို ကျနော်တို့ ထိုရွာကလေးသို့ ရာက်ရှိစဉ် တွေ့ရှိခဲ့ရသည်။

ရွာလယ်ရှိ ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလ ဆောက်တည်ရန် ရောက်ရှိနေသော အမေကြီးဒေါ်ထွားစိန်ကို ကျနော်သိလိုသည့်မေးခွန်း အနည်းငယ်ကို မေးဖြစ်ခဲ့ပါသည်။

မေး။ ဗိုလ်ချူပ်တို့ ဒီရွာကလေးကို ရောက်တုန်း အမေကြီးကိုယ်တိုင် တွေ့ကြုံလိုက်ရတာလေးကို ပြောပြပေးပါဦး။

ဖြေ။ ။ ဗိုလ်ချူပ်တို့ ဒီရွာကိုလာတော့ အမေကြီးက ရှစ်နှစ်သမီးပဲ ရှိသေးတယ် အခုဒီဘုန်းကြီးကျောင်းဝင်းထဲမှာ အမေကြီးတို့ ကလေးတွေ ကစားနေကြတုန်း၊ သခင်မျိုးဟေ့ ဒို့ဗမာ ၊ အရေးတော်ပုံ အောင်ရမယ် ဆိုပြီးတော့ ကြွေးကြော်သံတွေနဲ့ ရွာထဲကို ဗိုလ်ချူပ်တို့ ကျောင်းသားတစ်စု ၀င်လာကြတယ်။

နောက်ပြီးအမေကြီးတို့ ကစားနေတဲ့အခု ဘုန်းကြီးကျောင်းနားကို ရောက်လာတော့ အမေကြီးတို့ ကလေးတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးမယ်လုပ်တုန်း အနားမှာ ရှိတဲ့ အမေကြီးရဲ့ အဖေကမကြောက်နဲ့သမီး အဲဒါလူဆိုးတွေမဟုတ်ဘူး လို့ပြောတယ်။

အဲဒီတော့မှ အမေကြီးတို့လည်းမကြောက်ဘဲ ထွက်မပြေးတော့ဘူး။ ဗိုလ်ချူပ်တို့လူတစု လည်းကြွေးကြော်သံများနဲ့ ကျောင်းကိုသုံးပတ် ပတ်ပြီး ကျောင်းပေါ်တတ်ပြီး ဆရာတော်ကို ဦးချ ကန်တော့ကြတယ်။

ဆရာတော်က မင်းတို့ ထမင်းစားပြီးကြပြီလားလို့မေးတော့ တယောက်မှ မစားကြရသေးဘူးလို့ပြန်ဖြေတယ်။ ဒါနဲ့ဆရာတော်က တပည့်တယောက်ကို ရွာထဲကို လွှတ်ပြီး ထမင်းနဲ့ဟင်းတွေကို အပို့ခိုင်းတယ်။

ရွာထဲက အိမ်တော်တော်များများက သူတို့မှာရှိတဲ့ ထမင်းနဲ့ဟင်းတွေကို ယူလာပြီးကျောင်းကို လာပို့ကြတယ် ဗိုလ်ချူပ်တို့ လူတစုလည်း ဆာဆာ နဲ့ အားပါးတရ စားကြတယ်

ဒီလိုနဲ့ ဗိုလ်ချုပ်တို့ ဒီရွာကလေးမှာ အတော်လေးနေသွားတယ်။ ရွာလူထုကလည်း ဗိုလ်ချူပ်တို့ကျောင်းသားတွေကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဗိုလ်ချူုပ်ထမင်းစားခဲ့တဲ့ စားပွဲဝိုင်းကြီးလည်းခုထိ ဒီကျောင်းမှာသိမ်းထားတယ် ဟုအမေကြီးဒေါ်ထွားစိန် ကပြောပြပါသည်။

ယခုအခါဗိုလ်ချူပ်အကြောင်းကို ရှပ်ရှင်ရိုက်ကူးတော့မည်ဖြစ်ရာ ဗိုလ်ချုပ်ကျောင်းသားဘ၀က ထိုအဖြစ်ပျက်ကလေးကိုလည်း ထည့်သွင်းရိုက် ကူးပေးလျှင် အချက်အလက် ပိုမို ပြည့်စုံသွားမည့်အပြင် ဗိုလ်ချူပ်ကျေးဇူးရှိဖူးသော ထိုရွာကလေးကိုလည်း ကျေးဇူးဆပ်ရာ ကျမည်ဟု ထင်မြင်ယူဆ မိပါသည်။

မှတ်ချက် ။ ။ အသေးအချက်အလက်များသိလိုပါက အမေကြီးဒေါ်ထွားစိန် မှာ ထိုရွာကလေးတွင် ယခုထက်တိုင် ကျန်းမာစွာဖြင့် နေထိုင်လျှက်ရှိကြောင်းပါ။
*ဆက်သွယ်ရန်* - ဦးကွန်းဇော်-09421075921
ဧရာဝတီ


Credited to San Aung

ညသန်းကောင်ယံအချိန် ဘုရင်ခံအိမ်ဝင်၍ ဆန္ဒပြခြင်း ( သခင်လှကျွေ )

 by Haythi Moe on Friday, January 11, 2013 at 12:24pm ·



ဘုရင်ခံအိမ်နှင့်မဂိုဂတ်

မြန်မာပြည်သည် ဗြိတိသျှနယ်ချဲ့သမားလက်အောက်ကျရောက်နေသည်။ အုပ်ချုပ်ရေး၏ အကြီးအမှူး အားလုံးသည် ဗြိတိသျှလူမျိုးများသာ ဖြစ်ကြသည်။ စစ်တပ်၊ပုလိပ်တပ်၊လက်နက်ကိုက်တပ်များကို လည်းတည်ထောင်ထားသည်။ ရန်ကုန်မြို့၏ဗဟို၌အကျယ်ဆုံးသောမြေတွင်အကြီးဆုံး အဆောက်အ ဦဖြင့် လက်နက်ကိုင် အစောင့်ရှောက်များ ချထားင်္စနေသူကား မြန်မာပြည် ဘုရင်ခံမင်းကြီးဖြစ်၏။ ဘုရင်ခံသည် အုပ်ချုပ်ရေးတွင် အကြီးဆုံးဖြစ်၍ ဘုရင်တဆူမင်းမူနေသူဖြစ်သည်။ဘုရင်ခံဝင်း၏ ပတ်ဝန်းကျင်ရပ်ကွက်များသည်လည်း“ဟွန်းမတီးရ၊ မဆူပူရ၊ အခွင့်မရှိမဝင်ရ” အထူးအမိန့်ဖြင့် သတ်မှတ်ထားသော ဆိတ်ငြိမ်ရပ်ကွက်များပင်ဖြစ်သည်။
ရန်ကုန်မြို့တွင် မဂိုလမ်း၌တည်ရှိသော မဂိုဂတ်သည်မြန်မာပြည် ပုလိပ်ဂတ်များ အနက်အကြီးဆုံးဖြစ် သည်။ လက်နက်ကိုက်ပုလိပ်များအမြဲချထား၍ ပုလိပ်မင်းကြီး တဦးအမြဲရုံးထိုင်သည်။ ပြည်သူတို့အား ဖိနှိပ်ရေးအတွက် တည်ထောင်ထားသော ရန်ကုန်မြို့ရှိ အကြီးဆုံးပုလိပ်ဂတ်ကြီးပင်ဖြစ်သည်။

ရေနံခြေလျင်တပ် ရန်ကုန်ရောက်ခြင်း

ရေနံမြေမှ မိုင် ၄၀၀ကျော် ခရီးခြေလျင်ချီတက်လာသော ရေနံသပိတ်တပ်ကြီးသည် ၈၊၁၊၃၉တွင် ရန်ကုန်မြို့သို့ရောက်ရှိလာသည်။ ရေနံတပ်၊ တောင်သူလယ်သမားတပ်နှင့် ရန်ကုန်မြို့ပတ်ဝန်းကျင်ရှိ အလုပ်သမားသပိတ် တပ်များသည် ရွှေတိဂုံစေတီကုန်းတော်၌ တပ်စွဲနေကြသည်။

ထိုအချိန်တွင် ဘုရား၏ အထက်ပစ္စယံနှစ်ပြားတန်ဆောင်ကို မီးရှို့ခြင်း၊ တောင်ဖက်စောင်းတန်း မော်လမြို့ဇရပ်မှ သခင်ခေါင်းဆောင်ကြီးများအား အစုလိုက်ဖမ်းဆီးခြင်း၊ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားပြီး နောက်ဦးပု၏ ညွန့်ပေါင်းအစိုးရဖြင့်အစားထိုးကာမြူဆွယ်ခြင်းများဖြင့် ဗြိတိသျှနယ်ချဲ့သမားသည် သပိတ်ဖြိုခွဲရေးလက်နက်ကို အဆင့်ဆင့်ကျင်းသုံးနေသည်။ သို့သော်အလုပ်သမားသပိတ်များသည် စုစည်းလျက်ရှိနေကြ၏။ ပြည်သူတို့၏ကြီးမားသော ထောက်ခံအားပေးမှုကို ရရှိလျက်ပင်ရှိသည်။

ဟိန္ဒူမူစလင်ရိုက်ပွဲကြီး

ဤသို့ သပိတ်တပ်ပေါင်း ရွှေတိဂုံကုန်းတော်၌ စခန်းချတိုက်ပွဲဝင်၍ ၂ လမပြည့်မီ ၁၊၃၊၃၉တွင် ဟိန္ဒူမူစလင်ရိုက်ပွဲကြီးရန်ကုန်မြို့၌ စတင်ဖြစ်ပွားလေသည်။ ဒါလင်ဟိုဇီလမ်းမကြီးခြားကာအထက်ပိုင်း က မူစလင်၊အောက်ပိုင်းက ဟိန္ဒူအုပ်ကြီးများဖွဲ့၍ရိုက်ပွဲကြီးဆင်လိုက်သည်မှာမဂိုလမ်းမကြီး ပေါ်တွင် အလောင်းများ မြင်မကောင်း မြင်မဆုံးဖြစ်နေသည်။ ထိုမှတဆင့်ဆင့်ခြေဖုံး ရပ်ကွက်များသို့လည်း ကူးစက်ပြန့်ပွား လာသည်။

ရန်ကုန်တမြို့လုံးတွင် အရေးပေါ်ပုဒ်မ ၁၄၄ကိုထုတ်ပြန်တော့သည်။ ဟိန္ဒူမူဆလင်ရိုက်ပွဲသည် ဘာသာရေးမှ စတင်လာသော ပိဋိပက္ခဟု ဆိုနိုင်သော်လည်းအနှစ်သာရအားဖြင့်ကား သပိတ်ဖြိုခွဲရေးအတွက်နယ်ချဲ့သမားကရက်စက်မိုက်မဲစွာခုတုံးပြု ဖန်တီးလိုက်ခြင်းဖြစ်ကြောင်းသပိတ် ခေါင်းဆောင်တို့က ကြိုတင်သိနားလည်ထားကြသည်။ ထို့ကြောင့်လည်း ရိုက်ပွဲကြီးသပိတ်ပေါင်းစုသို့ ကူးစက်မလာရေးတွက် တင်းကြပ်စွာစနစ်တကျ တားဆီးကြသည်။ သပိတ်များ၌ ပါရှိကြသော ဟိန္ဒူမူဆလင်အယူရှိကြသူများကိုလည်း ရှင်းလင်းဆွေးနွေးထားပြီးဖြစ်သည်။

သို့လျှင် ရိုက်ပွဲကြီးနှင့် စီးခြားထားနိုင်သော်လည်း ဖြစ်ပွားနေသော ထိုရိုက်ပွဲကြီးကြောင့် သပိတ်ပေါင်းစုံတွင် ကြီးမားသောပြဿနာကြီးတခုနှင့် ရင်ဆိုင်လာရသည်။ ၄င်းမှာ ရိက္ခာပြဿနာဖြစ် သည်။ ရံပုံငွေမစုဆောင်းနိုင်ခြင်း၊ အများဆုံးရိက္ခာစုဆောင်းရရှိသော သိမ်ကြီးဈေးနှင့် အဆက်ပြတ်ရခြင်း၊ ထမင်းထုပ် ကောက်ခံရရှိသမျှသော ထမင်းထုပ်ကို ပို့ဆောင်းရေး အတွက်ပုလိပ် တို့၏ ခြိမ်းခြောက်နှောက်ယှက်မှုများ ကြုံနေရခြင်းတို့ပင် ဖြစ်သည်။

သပိတ်များ စုစည်းတည်တန့်ရေးတွက်ဟိန္ဒူ-မူဆလင်ရိုက်ပွဲကြီးကို အဆုံးသတ်ပစ်နိုင်ဖို့ လိုလာသည်။ အလုပ်သမားပေါင်းစုံ သပိတ်လွှတ်တော်သည် ထိုတာဝန်ကိုထမ်းဆောင်ရန် ညွှန့်ကြားရေးမှူး သခင်သိန်းမောင်ကြီးအား ဆုံးဖြတ်တာဝန်ပေးအပ်လိုက်တော့သည်။

သပိတ်သမားတို့ ဆန္ဒပြခြင်း

ရက်သတ္တပတ်ပင်ရှိခဲ့ပြီ။ ရိုက်ပွဲကြီးမှာ ကျယ်ပြန်၍ အကြမ်းတမ်းဆုံး အခြေအနေသို့ ဆိုက်နေသည်။ ဒါလဟိုဇီလမ်းမကြီးမှာ သွေးကွက်များဖြင့် ပေကန်ဆဲပင်ရှိနေသည်။ ပုလိပ်မင်းကြီးပရက်စကော့ခေါင်း ဆောင်သော လက်နက်ကိုင်ပုလိပ်အဖွဲ့သည် သိမ်ကြီးဈေး နာရီစင်ကို ဗဟိုပြု၍ စောင့်ကြပ်နေကြသည် ထိုအခြေ အနေတွင် စည်းကမ်းတကျ ဆန္ဒပြရေး အတွက်လေ့ကျင်ထားပြီးဖြစ်သောသပိတ်အမျိုးသမီး ၂၀၀နှင့် အမျိုးသား ၁၀၀တို့သည် ၇.၃.၃၉ နံနက်ပိုင်းတွင် သိမ်ကြီးဈေး နာရီစင်ကြီး အနီးသို့ရောက်ရှိ လာကြသည်။ အမျိုးသမိးများသည်သေသပ်စွာဝတ်စား ဆင်ယင်ထား၍ သပိတ်ပေါင်းစုံမှဖြစ်ကြသည်။ အမျိုးသားများမှာ အလုပ်သမား ယူနီဖောင်းဆင်တူ ဝတ်ထားသော အာရ်-အီး-တီ သပိတ်မှ ဒရိုက်ဗာများဖြစ်ကြသည်။

သပိတ်သမား ၃၀၀တို့သည် ရိုက်ပွဲကြီးပြီးဆုံးရေး အတွက်ဝင်ရောက် တားရန်ပြင်ဆင် အားထုတ်ကြ သည်။ ပုလိပ်များက ပိတ်ဆို့ တားဆီးထားသည်။သပိတ်သမားနှင့် ပုလိပ်တို့၏ အခြေအနေသည် တင်းမာလာသည်။ ဤသို့ အပြန်အလှန်ဖြစ်နေစဉ် ပုလိပ်မင်းကြီးသည် မတတ်သာတော့သည် အဆုံး၌ အသက်သေသည် အထိဖြစ်ပွားနိုင်ခြင်းအတွက် ကိုယ်တိုင်ဝန်ခံချက်များဖြင့် အဆုံး၌ ဆန္ဒပြခွင့် ပြုလိုက်ရတော့သည်။ သပိတ်သမားတို့၏ ဆန္ဒပြတောင်းဆိုခြင်းကို ပုလိပ်မင်းကြီးကိုယ်တိုင် အလျော့ ပေးလာရတော့သည်။

အချိန်နံနက် ၁၀ နာရီကျော်ခန့်ဖြစ်သည်။ မိုးသေးမိုးဖွဲ့ကလေးများရွာသွန်းလျက်ရှိသည်။ သိမ်ကြီးဈေးမှ ဆူးလေဘုရား အထိ ဒ့လဟိုဇီလမ်းမတလျှောက်၌ ဆယ်ပေခန့်စီခြား၍ သပိတ်သမား ၃၀၀တို့သည် အမျိုးသမီးနှစ်ဦးခြံရံကာ အိပ်၍ ဆန္ဒပြကြခြင်းဖြစ်သည်။ အတွဲပေါင်း ၁၀၀တို့သည် စကားမပြော၊ မလှုပ်ရှားပဲ ငြိမ်သက်စွာနေကြသည်။ ရိုက်ပွဲကို ရပ်စဲရန်အင်္ဂလိပ်၊မြန်မာ၊ဟိန္ဒူ၊မူဆလင် လေးဘာသာဖြင့်ရေးသားထားသော လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ တဆက်တည်းတွင် အော်လံကိုင် လက်ရွေးစင်သပိတ်သမား ၄ဦးကလည်း လေးဘာသာဖြင့် ရှင်းလင်း ပြောကြား မေတ္တာရပ်ခံလျက်ရှိနေကြသည်။

ပြင်းထန်စွာ ဖြစ်ပွားနေသောရိုက်ပွဲကြီးသည် သပိတ်သမားတို့တန်းစီအိပ်၍ ဆန္ဒပြလိုက်သည့် အချိန်တွင် ရပ်တန့်သွားသည်။ ဆန္ဒပြ သပိတ်သမားတို့ကိုကျော်၍ပစ်ခတ်ကြသည်မှ တပါးဆက်လက် ဖြစ်ပွားခြင်းမရှိတော့ပေ။ သပိတ်သမားတို့အား ဟိန္ဒူမူဆလင် နှစ်ဖက်မေးမြန်းသည်မှစ၍ နှစ်ဖက်ကာယကံရှင်ချင်း ဆက်သွယ်မှုရရှိလာကြသည်။ ၃နာရီအချိန်ခန့်တွင် ဆန္ဒပြသပိတ်သမားများ ပေါ်မှ ဟိန္ဒူမူဆလင်လူကြီးများ လက်ဆွဲနှုတ်ဆက်နိုင်ခဲ့သည်မှစ၍ ရိုက်ပွဲကြီးလည်းပြီးဆုံးသွားလေ တော့သည်။ သပိတ်သမားတို့၏စွန့်စားဆန္ဒပြခြင်းကိုပုလိပ်မင်းကြီးကိုယ်တိုင်က ချီးကျူးစကားပြော လာရသည် အထိပင်ဖြစ်လာရ၏။

ညဉ့်အချိန် မဂိုဂတ်ဝိုင်း၍ ဆန္ဒပြခြင်း

၇၊၃၊၃၉ နေ့ ည ၁၁နာရီခန့်တွင် သပိတ်ပေါင်းစုံမှ အမျိုးသမီး ၂၀၀တို့သည် မဂိုဂတ် အရှေ့ဘက် ပလက်ဖေါင်းသို့ရောက်ရှိလာကြသည်။

နုပျိုသော အမျိုးသမီးလက်ရွေးစင်ကလေးများသည်။ သနပ်ခါးလိမ်းခြင်း၊ ပန်းပန်ခြင်းများဖြင့် လှပစွာ ခြယ်သထား၏။ ၄င်းတို့၏ ဝတ်ဆင်မှုကား အတွင်းခံ ကင်းသော ရှံသားအင်ကျီနှင့် ပဒုမ္မာလုံချီများပင် ဖြစ်သည်၊ သာမန် အလင်းရောင်ဖြင့်ပင် အင်္ဂါစုံဖေါက်ထွင်း မြင်နိုင်သော ဝတ်စားဆင်ယင်မှုဖြစ်သည်။ လက်နက်ဆို၍ အပ်တိုတချောင်းမျှ မပါ၊ နှလုံးရည်သက်သက်ဖြင့် ဆန္ဒပြခြင်း ဖြစ်ကြာင်းပေါ်လွင်စေ ရန်အတွက် အာရှက်ကို ပမာမထားပဲ သရုပ်ဆောင်ထားခြင်းဖြစ်သည်။

သပိတ်သမားတို့ေ၇ာက်ရှိသွားကြပြီးနောက် အချိန်အနည်းငယ် အကြာတွင် မဂိုဂတ်၌လက်နက်ကိုင် ဂေါရာစာသင်နှင့် ပုလိပ်များကို အပြည့်ချထားသည်။ ပုလိပ်မင်းနှင့် တရားသူကြီးများလည် အသင့်ရောက်ရှိနေကြသည်။ သပိတ်အမျိုးသမီးများသည် တိတ်ဆိတ်ငြိမ်သက်စွာညွန်ကြားချက်က စောင့်မျှော်နေကြသည်။

သပိတ်သမားများလက်မောင်းကို အထက်သို့ ဆန့်တန်းလိုက်ချိန်တွင် မီးမောင်းကြီးများ ပွင့်၍ ထိန်ထိန်လင်းသွားသည်။ ပုလိပ်များကလှံချွန်တပ် သနပ်များဖြင့် ချိန်ရွယ် ထားသည် အမျိုးသမီးများသည် ၄င်းတို့ရှေ့သို့သွား၍ ခြေဖျား၌ကပ်ခါအိပ်၍ ဆန္ဒပြနေကြသည်။ မဂိုဂတ် ဝိုင်းခြင်းသည်အပြစ်ကြီးလေး၍ ထွက်ခွါသွားကြရန်ပုလိပ်တို့က သုးကြိမ်မြောက်၌အရှေ့ဖက် ပလက်ဖောင်းသို့ ဆုတ်၍အနားယူကြသည်။

တနာရီခန့်အကြာ နောက်တကြိမ် ဆန္ဒပြကြပြန်သည်။  ဤသို့ သုံးကြိမ်တိုင် ဆန္ဒပြလျှက်ရှိနေစဉ်၊ မော်တော်ဆိုင်ကယ် နှစ်စီးသည်။ မောင်ဂိုမာရီလမ်း( ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) တလျှောက်အနောက်မှ အရှေ့သို့အရှိန်ပြင်းစွာ မောင်းသွားသည်။ အချိန်မှာ ၈-၃-၃၉၊ နံနက် ၁နာရီခွဲခန့်ဖြစ်သည်။ ထိုအခြေ အနေတွင် သပိတ်သမားများ တပ်ခေါက်၍ အသင့်စောင့်နေသော ကားများဖြင့် ရွှေတိဂုံသပိတ်စခန်းသို့ ရှေ့ရှုမောင်းနှင်သွားကြသည်။ မော်တော်ဆိုင်ကယ် နောင်အစီး၌ ဘုရင်ခံကိုယ်တိုင်လိုက်ပါလာသည်ကို တွေ့မြင်လိုက်ရသော ကြောင့်ဖြစ်သည်။

ဘုရင်ခံအိမ်သို့ ဝင်၍ ဆန္ဒပြခြင်း

ဘတ်(စ်)ကား၁၀စီးတွင် သပိတ်အမျိုးသမီး ၂၀၀ကျော်နှင့် အမျိုးသားအချို့လိုက်ပါကြသည်။ အမျိုးသမီးများကိုခေါင်းဆောင်သူမှာသီလ ဝါရေနံစက်ရုံမှ အမိုးဖွင့်ကိုယ်ပိုင်ကားငယ်ပေါ်၌ကားမောင်း သူနှင့် အတူသခင်သိန်းမောင်ကြီး လိုက်ပါလာသည်။ ကာတန်းကြီးသည် ရွှေတိဂုံဘုရားကိုပိတ်၍ အလုံးလမ်း အတိုင်းအရှေ့မှ အနောက်သို့မောင်းသွားသည်။

“ညာဘက်ကို ကွေ့လိုက်”

“ဒါဘုရင်ခံအိမ်ဆရာ”

“ကွေ့သာ ကွေ့ပါကွာ” ဟူသော သခင်သိန်းမောင်ကြီးနှင့် ကားမောင်းသူတို့ အချီအချပြောဆိုသံကြား ရပြီး နောက်ဘုရင်ခံအိမ်ဝင်းတံခါးမသို့ဦးဆိုက်မိကြသည်။

ထိုအချိန်တွင် ဟွန်းများတီးလိုက်ရာ တံခါး စောင့်က စေ့ထားသော တံခါးကိုဖွင့်လိုက်သည်နှင့်ကားများသည့်အစဉ်လိုက် အထဲသို့တန်းဝင်သွားကြ သည်။

ဘုရင်ခံအိမ်ကိုသုံးပတ်လှည့်ပြီးနောက်ဆင်ဝင်အောက်၌ရပ်၍ တိတ်ဆိတ်စွာ ဆန္ဒပြကြသည်။ သခင်သိန်းမောင်ကြီး၏ လက်တွင်ဘုရင်နှင့်တွေ့လိုသည့်စာဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်။ အချိန်မှာ ၈-၃-၃၉ ရက်နေ့ ၂နာရီခန့်ဖြစ်သည်။ ဘုရင်ခံ ထွက်သွားသဖြင့် စေ့ရုံ စေ့ထားသောတံခါးကို အခွင့်ကောင်းယူ၍ ဝင်ရောက်သွားကြခြင်းဖြစ်သည်။

စည်းပေါက်၍ တပ်ခေါက်ခြင်း

ကားများရပ်လိုက်သည်နှင့် တပြိုင်နက် သေနတ်လှံချွန်ကိုင်စစ်ပုလိပ်များ ရောက်ရှိလာကြသည်။ ကားများကို ဝိုင်းရံထားလိုက်ကြသည်။ ကားပေါ်၌ ပါလာသောသူများကို လှံချွန်များနှင့် ထောက်လျှင် လှံချွန်တချောင်းမှ ၅ချောင်းအထိဖြစ်နေသည်။ ဤသို့မကြုံဖူးသောအမျိုးသမီးအချို့သည်လန့်သွား ကြသည်။ များမကြာမီဘုရင်ခံအိမ်အပေါ်ထပ်မှ မီးများလင်းလာသည်။ ဘုရင်ခံပြန်လည်ရောက်ရှိလာ ခြင်း အထိမ်းအမှတ် ဟုယူဆရသည်။

“ဒီမှာဘယ်သူဗိုလ်လဲ” ဟူသောအသံနက်ကြီးနှင့် မေးသံကြားလိုက်ရပြီးနောက် “အားလုံးဗိုလ်ချည်းပဲ” ဟူသောဖြေသံလည်းဆက်လက်ထွက်ပေါ်လာသည်။

ထိုအချိန်တွင် သခင်သိန်းမောင်ကြီး၏ ကားသည်စက်နှိုး၍ စတင်ထွက်ခွာသည်။ အားလုံး ကားများ လည်း နောက်မှလိုက်ပါသွားကြတော့သည်။

ကြိုတင် လေ့ကျင့်သင်ကြားထားသော “ဘုရင်ခံနှင့် မတွေ့ရမခြင်း မည်သူ့ကိုမျှ စကားမပြောရ၊ မမေးရ၊ မပြန်ကြားရ၊ပြုသမျှခံ၍ ဆန္ဒပြကြရမည်” ဆိုသည့် စည်းကမ်းကို ဖေါက်ဖျက်ပြန်ကြားလိုက်သဖြင့်တပ်ခေါက်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

သခင်သိန်းမောင်ကြီး( သို့မဟုတ် အရှင်သောမ)

ဟိန္ဒူမူဆလင် ရိုက်ပွဲတားခြင်း၊ ဖရေဇာလမ်း ဘတ်(စ်)ကားပြေးဆွဲခွင့် ရယူခြင်း၊ မဂိုဂတ်ဝိုင်း၍ ဆန္ဒပြခြင်း၊ နောက်ဆုံးဘုရင်ခံအိမ်သို့ ဝင်၍ဆန္ဒပြတောင်းဆိုခြင်းများသည် တိုက်ပွဲတခုသို့ အကျိုးပြု ခြင်းနှင့် အကြောင်း အကျိုး ဆက်စပ်ကျင့်သုံးသော တိုက်ပွဲနည်းပရိယာယ်များပင် ဖြစ်သည်။

တိုက်ပွဲအဆင့်တိုင်းတွင် တစုံတခုချွတ်ယွင်းသွားရုံမျှနှင့် အသက်ပေါင်းများစွာ သေဆုံးနိုင်ပါသည်။ ဗြိတိသျှတို့၏ ဖိနှိပ်အုပ်ချုပ်ရေး ကျွမ်းကျင်သည် ဆိုသောအချက်ကို ပါနပ်းစွာတန်ပြန်ပြလိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲ အဆင့်တိုင်းသည် အသက်နှင့် ခန္ဒာကိုယ်ကိုစတေးထားပြီးဖြစ်သည်။ အလုပ်သမား ပေါင်းစုံ သပိတ်အတွက် စွန့်လွှတ် ပေးအပ်ထားပြီးဖြစ်သည်။

ထိုသို့ ကြမ်းတမ်းခက်ထန်သော တိုက်ပွဲအစ အဆုံးကို ခေါင်းဆောင် သူကား သခင်သိန်းမောင်ကြီးပင် ဖြစ်တော့သည်။ သခင်သိန်းမောင်ကြီးသည် ရှင်သောမ ဘွဲ့ခံရဟန်းဘဝဖြင့် သင်္ကန်းကျွန်း၊ သခင် ဆရာတော်ဦးသုဒဿ၏ နဂါးနှစ်ကောင်းကျောင်း၌ ဆင်းရဲစွာသီတင်းသုံး၍ နေရှာပေတော့သည်။ ။

ကျမရဲ့ဖေစ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့  သခင်လှကျွေ၏ လက်ရာကောင်း ဆောင်းပါးတပုဒ်ရဲ့ “ညသန်းကောင်ယံအချိန် ဘုရင်ခံအိမ်ဝင်၍ ဆန္ဒပြခြင်း”ဟူသော ဆောင်းပါးကို ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ ရှုဒေါင့်ဂျာနယ် စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီပေးလိုက် ပါသည်။

ဟေသီမိုး
ရှုဒေါင့်ဂျာနယ်အမှတ် ( ၁၀)၊ ၁၃၃၁-ခု ၊ ဝါခေါင်လဆန်း( ၂ )ရက်။ ၁၅.သြဂုတ်. ၁၉၆၉။ စာမျက်နှာ ၁၃-၁၇-၁၈မှ။

ဗိုလ်ချုပ်မိခင် (တတိယပိုင်း)


ဒုတိယပိုင်းမှ အဆက်
---------------------
(တက္ကသိုလ်ဆုမြိုင်)


၁၃၁၃ ခုနှစ်မှာ အမေစုအတွက် ကံအဆိုးဆုံးနှစ်ဟု ခေါ်ရပေမည်။ တသက်လုံး ရောဂါကင်းရှင်းစွာ ကျန်းမာ ချမ်းသာ လာခဲ့သမျှ ယခုနှစ်တွင် စု၍ ကိုင်လေပြီ။ ကျွန်ုပ်သည် အမေစု၏ ကျမ်းမာရေးကို အားမရချေ။ ထို့ကြောင့်ပင် အမယ်ကြီး မသေမီ သူတွေ့မြင်လိုသော ရန်ကုန်ရှိ သား၊ချွေးမ၊ မြေးတို့အား တွေ့မြင်သွားစေလိုသည်။ အမယ်ကြီး၏ ရည်ရွယ်ချက် ပြည့်ဝနိင်ရန်မှာလည်း နည်း နှစ်နည်းသာ ရှိ၏။ ပထမနည်းမှာ အမေစုကိုယ်တိုင် ရန်ကုန်သွားမှ ဖြစ်ပေမည်။ သို့သော်အမေစု ကျမ်းမာရေးအရ ဤနည်းမှာ မဖြစ်နိုင်။ ဒုတိယ နည်းမှ ရန်ကုန်ရှိ သား၊ချွေးမ၊ မြေးတို့မှ နတ်မောက်သို့ လိုက်လာရန်ဖြစ်သည်။ သို့သော် နိုင်ငံရေး ရှုပ်ထွေးမှုအရ ရန်ကုန်မှ မည်သူမျှ လာနိုင်မည် မဟုတ်ဟု ယူဆမိသည်။
အမေစုမှာ ကျန်းမာရေးကြောင့် ရန်ကုန်သွားရေး အစီအစဉ်ကို လုံးဝ ဖျက်သိမ်းလိုက်ရရှာလေပြီ။ သို့သော် အသင့်ပြင်ထားသော ဆီမွှေးပုံး ၄ ပုံးနှင့် နှမ်းပျစ်၊ မြေပဲယိုထုပ်လေးထုပ်မှာကား ပထမထားသည့်နေရာများတွင်ပင် ရှိသေးသည်။ ဆီပုံးများမှာလည်း ဆီတစက်စက်ယိုကျလျှက်ရှိသည်။ မြေပဲယိုထုပ် များမှာလည်း ပရွက်ဆိတ်နီများဖြင့် ၀ိုင်းအုံလျှက် ရှိသည်။

၁၃၁၃-ခု၊ သီတင်းကျွတ်လတွင် အမေစုမှာ သွေးအား အလွန်နည်းလာကာ အမောရောဂါ စတင် စွဲကပ်လာလေသည်။ ကျွန်ပ်လည်း ကွန်ပေါင်းဒါးတဦးနှင့် တိုင်ပင်၍ ရှိသမျှဆေးများကို စုဆောင်းကာ တတ်သမျှ၊ မှတ်သမျှနှင့် ကုသသဖြင့် အတော်ပင် သက်သာလာသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေစဉ် ဆွေမျိုးတဦးက ဘဲဥ မြူဆွာဟင်းချိုကို လာ၍ ပို့လေသည်။ ကျွန်ုပ်မရှိစဉ် လာပို့သော ဟင်းဖြစ်ရကား အမေစုသည် ခံတွင်းတွေ့သဖြင့် တပန်ကန်လုံး ကုန်အောင် စားမိလေသည်။ ထိုအချိန်ကစ၍ အမောရောဂါ ပြန်ထလာပြီး နောက် အိပ်ရာမှ မထနိုင်လောက်အောင် လဲသွား တော့လေသည်။ ဤတကြိမ်တွင် အမေစုအား ဆေးကု ခက်ပြီဟု ယူဆမိသည်။

အမေစုမှာ ပြင်းပြသော ဝေဒနာကို ခံစားနေရသော်လည်း စိတ်ခြောက်ခြားခြင်းမရှိ။ စိတ်အားလျှော့ဘွယ်ကောင်းသော စကားမျိုးကို တလုံးမျှ မပြောချေ။ သတိရတိုင်း ရန်ကုန်သွားလိုကြောင်း သမီးများ သားများ မြေးများကိုသာ တွေ့လိုကြောင်း အမြဲပြောသည်။ ကျွန်ုပ်မှာ နည်းအမျိုးမျိုးဖြင့် စမ်းသပ်ကုသော်လည်း အမေစု၏ ရောဂါမှာ ကျသည်မရှိ၊ တနေ့ထက် တနေ့ ပိုမိုတိုး၍သာ လာလေသည်။ တခါတရံ တညလုံးမောနေသဖြင့် တမှေးမျှ မအိပ်စက်ရပေ။

နောက်ဆုံးတွင် ရန်ကုန်ရှိ သား၊ ချွေးမများ၊ မြေးများနှင့် တွေ့ကြုံရအောင် ပြုလုပ်ပေးနိုင်က အမေစု၏ ရောဂါသည် တနည်းအားဖြင့် သက်သာလာနိင်လိမ့်မည်ဟု ယူဆမိသည်။ ထို့ကြောင့် ဆေးကုခြင်းကို လျှော့၍ သားများ၊ ချွေးမများ၊ မြေးများနှင့် အမြန်ဆုံး တွေ့နိုင်ရန် စတင်စီစဉ်ရလေသည်။

ရန်ကုန်မြို့ရှိ ဦးအောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်၊ ဦးဘ၀င်း၏ ဇနီး ဒေါ်ခင်စော၊ သား ဦးအောင်သန်းတို့မှာ နိုင်ငံရေးလောက တွင် တမျိုးတဖုံ ဆက်သွယ်နေခြင်းကြောင့် ၎င်းတို့ နတ်မောက်သို့ လာမည်ဆိုက ဘေးအန္တရယ် မပြုလုပ်ရေးအတွက် ရဲဖြူများထံသို့ ပြေး၍ ချော့ရလေသည်။ ရဲဖြူများထံမှ ဘေးဥပဒ် တစုံတရာ မပြုလုပ်ပါဟု ယုံကြည်စိတ်ချလောက်သော ကတိရရှိသောအခါ ရန်ကုန်ရှိ သမီးများ ၊သားများထံ စာလည်းရေး၊ ကြေးနန်းရိုက်နှင့် မှာကြားရလေသည်။ သို့သော် မည်သည့်အကြောင်းများကြောင့်မသိရ ၊ သူတို့ထံမှ ပြန်စာလဲ မလာ၊ လူလဲ မရောက်ဖြစ်နေသည်။

၎င်းအချိန်တွင် ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသော စကားကဲ့သို့ သားဦးနေအောင်မှာလည်း ကိစ္စတခုဖြင့် မကွေးသို့ ခရီးထွက်သွားရာမှ မကွေးအနောက်ပိုင်း ဖ-ဆ-ပ-လ အမတ်အဖြစ် အရွှေးခံမည် ဟူသော သတင်းပေါ်ထွက် လာပြန်လေသည်။ ၎င်း သတင်းအရ ရဲဖြူများက ဦးနေအောင် နတ်မောက်သို့ ပြန်လာလျှင် ဖမ်းဆီး စစ်ဆေးရန် စိုင်းပြင်းနေကြသဖြင့် ဦးနေအောင်မှာ ပြန်မလာရဲတော့ဘဲ မကွေးတွင် သောင်တင်နေပြန်တော့လေသည်။

လူမမာအနီးတွင် သမီးမ၀က် တဦးတည်းသာ ရှိသဖြင့် အမေစုမှာ ပို၍ စိတ်အားငယ်လာဟန် ရှိလေသည်။ မသေမီ အရက် ၂၀ ခန့်ကစ၍ ကျွန်ုပ်နှင့် ကျွန်ုပ်၏ ဇနီးတို့အား အနားမှ အခွာမခံတော့ပေ။ အမြဲပင် “ ဆုမြိုင် ၊ သန်းတင်” ဟူ၍သာ ခေါ်နေတော့သည်။ ဆေးကိုလည်း ကျွန်ုပ်တိုက်မှသောက်သည်။ အစားကိုလည်း ကျွန်ုပ်ကျွေးမှ စားသည်။ ၀မ်းချူခြင်းကိုပင် ကျွန်ုပ်ချော့မှ ရလေသည်။ ဦးနေအောင်ကို သတိရစဉ်အမြဲမေးသည်။ သို့သော် ကျွန်ုပ်က လှည့်ပတ်ပြောမှ ယုံကြည်လက်ခံလေသည်။ ကျွန်ုပ်မှာလည်း ၁၀ရက်ခန့် တမှေးမျှ မအိပ်ရတော့ချေ။ အမေစုအား ထူလိုက်၊ ပွေ့လိုက် နှိပ်လိုက်၊ ဆေးတိုက်လိုက်ဖြင့်သာ မိုးစင်စင်လင်းရတော့လေသည်။

အမေစုမှာ တစ်နေ့ထက် တစ်နေ့ရုပ်ပျက်၍ လာရှာလေပြီ။ ရက်အနည်းငယ်အတွင်း အနိစ္စရောက်တော့မည် ကို အကဲခတ်မိလေသည်။ မသေမီ ရန်ကုန်ရှိ သား၊ ချွေးမ၊ မြေးများကို မတွေ့ရလျှင် အနီးဆုံးမကွေးတွင် ရောက်နေသည့် သားဦးနေအောင် နှင့် တွေ့နိုင်အောင် စီစဉ်ပေးမှသာ ဖြစ်ပေတော့မည်။ ကျွန်ုပ်သည်ရဲဖြူများ ထံသို့ ဒုတိယအကြိမ် ပြေးရပြန်သည်။ ဒါပေမယ့် ဗိုလ်ချုပ်မျက်နှာထောက်ပြီး သူတွေ့ချင်တဲ့ သား ကိုနေအောင်ကို တွေ့နိုင်အောင် ကိုနေအောင်အပေါ် အပြစ်မယူရန် တောင်းပန် ပြောဆိုရပြန်သည်။

ရဲဖြူများထံမှ စိတ်ချရသော ကတိရရှိချိန်တွင် ဦးနေအောင်ထံ စာရေးအကြောင်းကြား ရလေသည်။ ဦးနေအောင်လည်း ချက်ခြင်းပင်လိုက်လာရာ မသေမီ ၃ ရက်ခန့် အကြာတွင် ရောက်ရှိလာလေသည်။ ဦးနေအောင် ရောက်လာသဖြင့် ကျွန်ုပ်တို့နှစ်ဦးမှာ အနည်းငယ် သက်သာခွင့်ရသည်။ တညလျှင် နှစ်နာရီ သုံးနာရီခန့် အိပ်စက်ခွင့်ရရှိသည်။
အမေစုမှာ သေခါနီးဆဲဆဲအချိန်ထိ စိတ်ဓာတ်ပြင်းထန်လျက်ပင်ရှိသည်။ ဓာတ်အလွန်ချုပ်နေသဖြင့် ၀မ်းချူပေးရာ အမေစုသည် အိပ်ရာတွင်းတွင် နောက်ဖေးသွားရန်ပြောသော်လည်း အားနာသဖြင့်မသွားဘဲ ဇွတ် အတင်းအိပ်ရာမှ ထကာ ကြမ်းပြင်ပေါက်ရှိရာသို့ ဇွတ်အတင်းသွား၍ နောက်ဖေးသွားသည်။ အလွန့်အလွန် အားနည်း၍ ၀ါးခြမ်းပြားထောင်ထားသလို ပိန်ချုံးနေသော်လည်း ရှေးကကဲ့သို့ပင် စိတ်ဓာတ်တင်းမာ ခိုင်မြဲလျက်ပင် ရှိလေသည်။ အမေစု၏ စိတ်ဓာတ် ပြင်းထန်ခိုင်မာပုံကို စာတွေ့မဟုတ် ငါတွေ့ဖြစ်သဖြင့် မအံ့သြဘဲ မနေနိုင်တော့ချေ။

၁၃၁၃ ခု၊ နတော်လ္ဆန်း ၅ ရက်နေ့ ရောက်ရှိလာလေပြီ။ ၎င်းနေ့မှာ အမေစု၏ မွေးနေ့ ဖြစ်သည်။ ဗေဒင် ကိန်းခန်းအရ ၎င်းနေ့ ည၁၂- နာရီ မထိုးမီ စိုးရိမ်ရသဖြင့် လူမမာကြည့်သူ အားလုံးပင် အထူးဂရုစိုက်နေကြရသည်။ ကျွန်ုပ်နှင့် ကျွန်ုပ်၏ ဇနီးတို့ မှာလည်း အအိပ်ပျက်လွန်းသဖြင့် သင်ဖြူးဖျာ တချပ်ပေါ်တွင် အိပ်နေကြစဉ် ရုတ်တရက် ငိုသံကြားကာ လန့်၍ နိုးကြသည်။ နာရီကြည့်လိုက်သောအခါ ည ၁၂-နာရီ ကျော်ကျော် အချိန်ရှိပြီ ဖြစ်သည်။ ကျွန်ုပ်လည်း ကပျာကသီထ၍ အမေစု၏ လက်ကို ကိုင်ကာ သွေးစမ်းကြည့်သောအခါ အမေစုမှာ အသက်ပျောက်နေကြောင်း တွေ့ရတော့လေသည်။ မ၀က်၊ ဦးနေအောင် တို့မှ စ၍ ကျွန်ုပ်တို့တတွေပါ အမေစုအား နောက်ဆုံး နှုတ်ဆက်သော အနေဖြင့် ပြင်းပြစွာ ငိုကြွေး လိုက်ကြရလေသည်။

အမေစုသည် ၃ ရက်တိတိ မအိပ်စက်နိင်လောက်အောင် အမောဆိုက်သည့် ရောဂါပြင်းထန်ခြင်းကို ထောက်ရှုခြင်းဖြင့် ၃ ရက်စော၍ အနိစ္စရောက်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် အမေစု၏ အလျှော့မပေးသော စိတ်ဓာတ် ခိုင်မြဲမှုကြောင့် သုံးရက်တိတိ အသက်ဆက်လာနိုင်သည်ဟု ယူဆမိသည်။

အမေစုကား သမီး အချစ် မ၀က်၊ သား ဦးနေအောင်၊ ဦးအောင်သန်းတို့ အပြင် ချွေးမများ၊ မြေးများအား စွန့်ခွာ၍ သမီးချစ် မခင်ညွန့် သားချစ် ဦးဘ၀င်း၊ ဦးအောင်ဆန်းတို့ထံ လိုက်ပါသွားရှာလေပြီ။ အနှစ်နှစ် အလလက စုဆောင်းထားခဲ့သော ပစ္စည်းဥစ္စာ ရတာနာများကိုလည်း စွန့်ပစ်ထားခဲ့လေပြီ။ အမေစုကိုယ်တိုင် ဆောက်လုပ်၍ ယခုအချိန်ထိ ချစ်ခင်မြတ်နိုးစွာ နေထိုင်ခဲ့သော ပျဉ်ထောင်အိမ်ကြီးကိုလည်း ရွံရှာသည့်ပမာ ခင်ပွန်းသည် ဦးဖာ၏ အုတ်ဂူအနီးရှိ အုတ်ဂူဖြူခန်းသို့ ပြောင်းရွှေ့သွားရှာလေပြီ။ အသက်ရှင်စဉ် တွေ့လိုသော သား၊ ချွေးမ၊ မြေးများအား မတွေ့ရသဖြင့် ဘ၀ပြောင်းသွားရှာသည့် ကွယ်လွန်သူ သားများ၊ သမီးများ၊ မြေးများ ထံသို့ ထွက်ခွာ သွားရှာပြီလောဟု တွေးတောမိသည်။

ရန်ကုန်ရှိ သားနှင့်ချွေးမ၊ မြေးများစားရန် အသင့်ပြင်ထားသည့် ဆီပုံး ၄ ပုံးနှင့် မြေပဲယို ၄ ထုပ် တို့မှာကား နေရာမပျက် ရှိနေပေသေးသည်။ ဆီပုံးများနှင့် မြေပဲယိုထုပ်များသည် အမေစု အုတ်ဂူဖြူနန်းသို့ ပြောင်းရွှေ့နေထိုင်သည်ကို မချိတင်ကဲ ဖြစ်သည့်အလား ထားသည့်နေရာများ တွင်ပင် ညှိုးနွမ်းအားလျော့စွာ မရွေ့မရှား ရပ်တည်လျက်ပင် ရှိနေတော့၏။

အမေစု၏ ဈာပနကို ငါးရက်တိတိထား၏။ ဈာပနကိစ္စကို မောင်ဖြစ်သူ ဘုန်းကြီး ဦးဃောသိတ က စီစဉ်ရ၏။ နတ်မောက်ရှိ ဆွေမျိုးအားလုံးကား စုံကြပါ၏။ မသာလိုက်ပို့ကြသူများလည်း များပြားလှပါ၏။ သို့သော် အမေစု မြတ်နိုးတောင့်တနေသော သား၊ ချွေးမ၊ မြေးတို့ကား မရောက်လာနိင်ကြပေ။

ဗိုလ်ချုပ်၏ မိခင် ဖြစ်သည့်အတိုင်း ဂုဏ်နှင့်ဒြပ် ထပ်မိရန် အလွန်ကြီးကျယ်ခမ်းနားသော မယ်တော်ပျံ ကဲ့သို့ ကျင်းပနိုင်ရန် ကျွန်ပ်တို့ စီစဉ်၏။ သို့သော် ကာလအခြေအနေကိုလိုက်၍ ကျဉ်းကျဉ်းနှင့် ကိစ္စပြီးစီးအောင် ပြုလုပ်ရန် ဘုန်းကြီး ဦးဃောသိတ က ဆုံးမသဖြင့် တလား ငယ်တစ်ခုကိုသာ လုပ်ရတော့၏။ အမေစု၏ သက်စေ့ အဖြစ်ဖြင့် သံဃာ-၈၀ ပင့်၍ တပါးလျှင် ငါးကျပ် လှုဒါန်း ပူဇော်၏။

ဈာပနနေ့တွင် နတ်မောက်မြို့ အနေနှင့်ကား အစည်ကားဆုံးဖြစ်၏။ သို့သော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်၏ ကျေးဇူးရှင် အာဇာနည်မိခင်ကြီး၏ ဈာပနအဖြစ်မျိုးနှင့် ကျင်းပပါက ကျေနပ်စရာမရှိချေ။ ၀မ်းနည်းစရာ၊ ကြေကွဲစရာ ရှက်စရာပင် ကောင်းလှလေသည်။

အမေစုကား ယခုအချိန်တွင် သားချစ် ဦးဘ၀င်း၊ ဦးအောင်ဆန်း၊ သမီးချစ် မခင်ညွန့်၊ မြေးအနှစ် မြင့်မြင့်ကလေး အောင်ဆန်းလင်းတို့နှင့် အတူပျော်ရွှင်စွာ ပူးပေါင်းမိကြပေပြီ။

အို…ဗိုလ်ချုပ် အောင်ဆန်း
အို..ခေါင်းဆောင်ကြီး ဦးဘ၀င်း
အို..အာဇာနည်မိခင်ကြီးအမေစု
ကျွန်ပ်တို့က “အမျှ..အမျှ..အမျှ” ပေးဝေပါ၏။

တက္ကသိုလ်ဆုမြိုင်
မြဝတီမဂ္ဂဇင်း၊ ၁၉၅၃ခန့်၊ ဇူလိုင်။

 Credited to http://kotoegyi.multiply.com/
ဗိုလ်ချုပ်မိခင် (ပထမပိုင်း)
ဗိုလ်ချုပ်မိခင် (ဒုတိယပိုင်း)
ဗိုလ်ချုပ်မိခင် (တတိယပိုင်း)

ဗိုလ်ချုပ်မိခင် (ဒုတိယပိုင်း)

ပထမပိုင်းမှ အဆက်
(တက္ကသိုလ်ဆုမြိုင်)



၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးကြီး၌ တကမ္ဘာလုံး တုန်လှုပ်သွားစေသည့် လုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့ရာ အမေစု၏ သားကြီး ဦးဘ၀င်းနှင့် သားထွေး ဗိုလ်ချုပ်တို့ နှစ်ဦးလည်း ရန်သူ၏ သေနတ်ဖျား၌ မချိမဆံ့ ရက်စက်စွာ ပစ်သတ်ခြင်း ခံရသော သတင်းဆိုးကြီးမှာ တမုဟုတ်ချင်း ရေဒီယိုမှ တဆင့် နတ်မောက်မြို့သို့ ရောက်ရှိလာလေသည်။၎င်းသတင်းကို နတ်မောက်တွင် ပထမဆုံးကြားရသူမှာ ကျွန်ုပ်ပင် ဖြစ်သည်။ ၎င်း သတင်းဆိုးကြီးသည် ယောက်ျားစင်စစ်ဖြစ်သော ကျွန်ုပ်ကိုပင် နှလုံးသွေးရပ်သွားမတတ် ထိခိုက်လေသည်။ ဦးဘ၀င်းနှင့် ဗိုလ်ချုပ်တို့မှာ ကျွန်ုပ်နှင့် သွေးများစွာ ရင်းသည်။ ညီအစ်ကိုတော်သည့်ပြင် ငယ်စဉ်က ကစားဘက် ရန်ဖြစ်ဖက်၊ စာသင်ဘက် ဖြစ်ခဲ့သည်။ ဆွေမျိုး သံယောဇဉ်အရ ရေဒီယို နားထောင်ရင်းပင် မဆည်နိုင်အောင် ငိုမိတော့လေသည်။ ၎င်းနောက် ကျွန်ုပ်မှာ ကြီးမားသော ပြဿနာတရပ်နှင့် ရင်ဆိုင်ရတော့သည်။ ဤသတင်းဆိုးကြီးကို အမေစုအား ချက်ခြင်းဖွင့်ပြောသင့်၊မပြောသင့် ဟူသော ပြဿနာပင် ဖြစ်သည်။ ဤသတင်းမှာ အမေစုဦးစွာ သိသင့်သော သတင်းဖြစ်သဖြင့် အမြန်ဆုံး အသိပေးသင့်သည်ဟု ပထမတွင် စဉ်းစားမိသည်။ သို့သော် ဤသတင်းသည် ကျွန်ပ်၏ စိတ်ကိုပင် အလွန်ထိခိုက်သွားစေသဖြင့် အသက်အရွယ်ကြီး၍ အချစ်ကြီးလှသော မိခင်အိုကြီးမှာ ဤသတင်းကို ကြားသိရပါက အသက်ပင်စိုးရိမ်ရလောက်အောင် ဖြစ်သွားပေမည်လောဟု တွေးတော စိုးရိမ်၍ တတ်နိင်သမျှ ဖုံးဖိ ထားရန် စဉ်းစားမိပြန်သည်။ သို့သော် ၎င်းနေ့ ညအချိန်မရောက်မီပင် မကွေး- တောင်တွင်း မော်တော်ကားများ နတ်မောက်သို့ ပြန်လည်ရောက်ရှိလာရာ သတင်းဆိုးကြီးသည် တောမီးကဲ့သို့ ငြိမ်းမရအောင် ရုတ်တရက်ပျံ့နှံ့သွားတော့လေသည်။ ၎င်းအချိန်တွင် သတင်းဆိုးကြီးကို ဖုံးအုပ်မရနိုင်တော့ကြောင်း ရိပ်မိကာ အမယ်ကြီးအား သတင်းကို တတ်နိုင်သမျှ လှည့်ပတ်ပြောဆိုပြီး စိတ်ဖြေပေးရတော့မှာဘဲဟု စဉ်းစား၍ အမေစုအိမ်သို့ ရောက်ရှိသွားလေသည်။

ကျွန်ုပ်သည် အလိုလိုမျက်နှာမကောင်းသော အမေစုနှင့် ရင်ဆိုင်မိကြလေပြီ။ လောကတွင် မကောင်းသတင်းကို သက်ဆိုင်သူ ကာယကံရှင်အား မျက်နှာချင်းဆိုင်၍ ဖွင့်ဟပြောရသော အလုပ်သည် အခက်အခဲဆုံးအလုပ်ဟု ယူဆမိသည်။ သို့သော် မပြောလျှင် မဖြစ်နိုင်သော အခြေသို့ ဆိုက်ရောက်လာသဖြင့် တစ၊ တစ သွယ်ဝိုက်၍ ဗိုလ်ချုပ်တို့ ဒဏ်ရာရသော သတင်းကို သွယ်ဝိုက်ပြောလိုက်ရလေပြီ။ သတင်း၏ အဆုံးတွင် အမေစုသည် စိတ်ထိခိုက်ကာ တခုခုဖြစ်သွားလေမလားဟု စိုးရိမ်၍ အရေးရှိက အသင့်ဖြစ်ရန် ကျွန်ုပ် အထူးသတိထားသည်။ သွေးဆေး၊ ကွမ်းရွက် စသည်များလည်း ကျွန်ုပ်၏ အိတ်တွင် အသင့် ပါလာခဲ့သည်။

သို့သော် အမေစုမှာ တကယ် အမှန်ဘဲလား ကွယ်…မလိုတဲ့သူတွေက လုပ်ကြံပြောတာလား… ပွဲချင်းပြီးရောလားကွယ့်.. ဟုမေးပြီး မျက်ရည်များ ၀ိုင်းလာရုံမှ အပ အခြားစိတ်ထိခိုက်မှုများကို မပြချေ။ “မှန်ရင်လဲ ဘ၀ကံအကြောင်းပေါ့ ကွယ်…” ဟု တခွန်းမျှပြောကာ တည်ငြိမ်ဆိတ်ငြိမ်စွာ နေပြီးနောက် အတော်ကြာ စကားမပြောဘဲ ရပ်ဆိုင်းနေလေသည်။ နောက်ဆုံးတွင် ကျွန်ုပ်အား သားနှစ်ဦး၏ အလောင်းကို ကြည့်ရန် ရန်ကုန်အထိလိုက်ပို့ရန် ပြောသည်။ ကျွန်ုပ်လည်း ချက်ချင်းပင် လိုက်ပို့ပါမည်ဟု ၀န်ခံကတိပေးသည်။ ကျွန်ုပ်၏ ထင်မြင်ယူဆချက်မှာ မှားလေပြီ။ “သတင်းဆိုး ကြားလျှင် အမယ်ကြီး သေသွား လျှင် အမယ်ကြီး သေသွားမလား၊ရူးသွားမလား၊ တခုခု တော့ ဖြစ်မှာဘဲ” ဟု ယူဆမိခြင်း မှားလေပြီ။ အမေစု၏ စိတ်ဓါတ်သည် ကျောက်တိုင် ကျောက်ခဲကြီးများပမာ တည်ကြည်မြဲမြံလှပါပေသည်။ လူတဦးအား ရူးစေနိုင်သည့် ဤသတင်းဆိုးသည် အမေစု၏ စိတ်ဓါတ်ကို ယိမ်းယိုင်သွားအောင် ကိုင်မလှုပ်နိုင်ပေ။ အမေစု၏ အာဇာနည်စိတ်ဖြစ်သော ခိုင်မြဲတည်တံ့လှသည့် စိတ်ဓါတ်ကို အံ့လည်း အံ့သြမိသည်။ ချီးလည်း ချီးကျုးမိသည်။ ဂုဏ်လည်း ပြုမိသည်။

အမေစုမှာ ၀န်ကြီးဦးဘ၀င်းအားလည်း အကြီးဆုံးဖြစ်၍ အချစ်ပို၏။ ဗိုလ်ချုပ်ကိုလည်း အငယ်ဆုံးဖြစ်၍ မျိုမတတ်ချစ်၏။ ရင်သွေး အစစ်ဖြစ်သည့် ကမ္ဘာကျော်သားနှစ်ဦးအား တချိန်တည်း ရန်သူ၏ လက်ချက်ဖြင့် မယုံနိုင်လောက်အောင် လုပ်ကြံခြင်းခံရသော သတင်းဆိုးသည် သာမန် မိဘဖြစ်မည်ဆိုပါက ချက်ခြင်းပင် အသက်အန္တရာယ် ထိခိုက်စေနိုင်၏။ သို့သော် အမေစု၏ စိတ်ဓါတ်ကား သံမဏိပမာ ခိုင်မြဲလှ၏။ စိတ်ဖောက်ပြန်ခြင်းမရှိ။ ပကတိ သဘောတရားအရ ကြမ္မာဆိုးကို ရဲရင့်တည်ကြည်သော မျက်နှာဖြင့် အာဇာနည်များ၏ မိခင်ပီပီ ခံယူခဲ့လေသည်။

၎င်းနောက် ရန်ကုန်မှ စေလွှတ်သော ဆလွန်းကားများဖြင့် ကျွန်ုပ်တို့သည် ရန်ကုန်မြို့သို့ ထွက်ခွာလာကြသည်။ လမ်းတလျှောက်လုံးတွင်လည်း အမေစုမှာ မျက်နှာညှိုးငယ်ရုံမှ အပ အခြားပြင်းထန်သော လှုပ်ရှားသော အမူအရာများကို လုံးဝမပြချေ။ ညအချိန်တွင် ဂဠုန်ဦးစော၏ အခြေခံစခန်းဖြစ်သော သာယာဝတီမင်းလှမြို့များသို့ ရောက်ရှိကြသည်။ အချိန်ကလည်းမလှသည့်ပြင် ဂဠုန် ဦးစော၏ နယ်လည်း ဖြစ်သဖြင့် လိုက်ပို့ကြသော ရဲဘော်များက အမေစုကို ဘေးဥပဒ်ဖြစ်မည် စိုး၍ ဘာမျှ မပြောဘဲ နှုတ်ဆိတ်ဆိတ် နေရန် သတိပေးကြသည်။ သို့သော် အမေစုမှာ ကြောက်လန့်ခြင်း မရှိ။ ငါ့သားများရယ် လူလူချင်း မသတ်နိုင်ပါဘူး… ကံသတ်မှ သေတာပါကွယ့် … ကြောက်စရာမရှိပါဘူး။ သေလဲ မထူးပါဘူး ဟုပြန်ပြောသဖြင့် ရဲဘော်များမှာ နောက်ထပ်ဘာမှ ပြန်မပြောရဲဘဲ ခေါင်းငုံ့နေကြတော့သည်။ ကျွန်ုပ်မှာ အမယ်ကြီး၏ သူရသတ္တိ ရှိပုံကို ထပ်မံချီးကျုးမိပြန်လေသည်။

ရန်ကုန်သို့ ရောက်၍ သားနှစ်ယောက်၏ အလောင်းစင်ပြိုင်ကို တွေ့မြင်ရသော အခါ၌လည်း ထူးခြားသော လှုပ်ရှားမှုကို ထပ်မံပြသခြင်း မရှိချေ။ ရင်တွင်း၌ ကမ္ဘာမီး တောက်လောင်သည့်ပမာ ပြင်းပြစွာပူဆွေး ရှာသော်လည်း အာဇာနည်များ၏ မိခင် ပီပီ သမ္မဇဉ်ဖြင့် ဖုံးအုပ်၍ ဘ၀င်းရဲ့ အောင်ဆန်းရဲ့ အမေ့ကို ပစ်သွားကြပြီလားကွယ့်… ဟုပြောကာ လက်ခုပ်ကလေး တတီးတီးနှင့် ငိုကြွေးမြည်တမ်းရုံထက် ပိုမိုကဲလွန်သော လက္ခဏာကို လုံးဝ မပြချေ။ တကယ့်အာဇာနည် မိခင် ပီသပါပေသည်။

အမေစုကား ငယ်စဉ်ကစ၍ ကွယ်လွန် အနိစ္စရောက်သည့်အချိန်အထိ၊ တနေ့ထက် တနေ့ ထူးခြား ဆန်းကြယ် လှသော ရှေးဘုန်းကံ ပါရမီ နှင့် ပြည့်စုံခဲ့သည့် ပါရမီရှင် အမျိုးသမီးအစစ်ကြီး ဖြစ်ပေသည်။ သမီး အကြီးဆုံး မခင်ညွန့် မှာ အမေစုနှင့် အလွန်တူသည်။ အိမ်ထောင်သားမွေး အလုပ်မျိုးကို စက်ဆုပ်ရွံရှာသည်။ ထို့ကြောင့်ပင် အသက် ၄၅ နှစ် အရွယ်ထိ အိမ်ထောင် မပြုဘဲ မိခင်ကြီးနှင့် အတူ နေထိုင်ခဲ့သည်။ သို့သော် အမေစုသည် ရှေ့ရေးကို မျှော်တွေး၍ သမီးကြီးအား မြေစာရင်း အင်စပက်တော် ဦးသာရင်နှင့် လက်ထပ် ထိမ်းမြားရန် တိုက်တွန်းရာ မခင်ညွန့်မှာ မိခင်၏ စကားကို မပယ်လိုသဖြင့် အင်စပက်တော် ဦးသာရင်နှင့် လက်ထပ်ခဲ့လေသည်။ အမေစုကား သမီးကြီးအတွက် စိတ်ချလက်ချ ဖြစ်ကာ မိမိ၏စကားကို မြေ၀ယ်မကျ နားထောင်သဖြင့် ကျေနပ်နှစ်သိမ့်လှလေသည်။

သို့သော် ဒုတိယ သမီးကြီးဖြစ်သူ မ၀က်မှာကား မိခင်နှင့် ရာသက်ပန် မခွဲလိုပဲ မိခင်က တိုက်တွန်းသော်လည်း ယခုအချိန်ထိ အိမ်ထောင် မပြုတော့ချေ။ အမေစုသည် အတူနေ သမီး မ၀က်အား အလွန်ချစ်၏။ အလွန်အားကိုး၏။ အိမ်ထောင်မှုကိစ္စ အ၀၀ အပြင် စီးပွားရေးကိစ္စဟူသမျှကိုလည်း မ၀က်ကိုသာ လုံးဝ လွှဲအပ်ထား၏။ မ၀က် ချက်သော ထမင်းဟင်းကိုသာ သဘောကျ နှစ်သက်၏။ အမိက အရေးပေးသလောက် သားများကလည်း မ၀က်အား အမိသဖွယ် လေးစားရိုသေကြရ၏။ မ၀က်မှာလည်း သားသမီးများ အနက် ၀တ္တရား အကျေဆုံး သမီးဖြစ်လေသည်။ အမေစုမှာ မ၀က်၏ လက်ပေါ်တွင် နောက်ဆုံး အသက်ပျောက်ရရှာသည်။

သားအကြီးဆုံး ဦးဘ၀င်းမှာ မိခင်အား အလွန်ကြည်ညို၏။ ရိုးသားဖြောင့်မတ်၏။ နတ်မောက်မြို့တွင် မြန်မာကိုးတန်း အောင်ပြီးနောက် ရေနံချောင်းသို့ရောက်၍ B.O.C စာရေးအလုပ်ကို လုပ်ကိုင်၏။ ၎င်း ရသော လခများမှ ငွေစုပြီးလျှင် မိခင်၏ ထောက်ပံ့သော ငွေနှင့် ပူးပေါင်း၍ တက္ကသိုလ်သို့ ဆက်လက် ပညာသင်ကြားရာ ၀ိဇ္ဇာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ အမေစုသည် သားကြီးအား ၎င်း၏ သဘောကျ ဖြစ်သော တောင်တွင်းကြီး ဇာတိ၊ မျိုးရိုးကောင်းဖြစ်သော မခင်စောနှင့် ကိုယ်တိုင် စေ့စပ် တောင်းရမ်း လက်ထပ်ပေးခဲ့၏။ သား ချွေးမ၊ မြေးများနှင့် ဂျပန် တခေတ်လုံး အတူတကွ နေထိုင်ခဲ့ရသဖြင့် စိတ်ကျေနပ်မှု ရရှိခဲ့၏။

သားအလတ်ဦးနေအောင်မှာလည်း ရှေ့နေ စာမေးပွဲ အောင်ပြီးနောက် နတ်မောက်မြို့ အနီးရှိ ဖုန်းတော်ပြည့်ရွာ သူကြီး ဦးဘိုးလှိုင်၏ သမီး မခင်လေး နှင့် အမေစုကိုယ်တိုင် တောင်းရမ်းလက်ထပ်ပေးခဲ့၏။ ဦးနေအောင်မှာ သား အားလုံးအနက် အတူတူ အနေရများသဖြင့် အမေစုသည် ၎င်း အပေါ်၌ သံယောဇဉ်ကြီးခဲ့၏။ ဦးနေအောင်နှင့် ပတ်သက်၍လည်း စိတ်ကျေနပ်မှုများစွာ ရရှိခဲ့၏။

သားအလတ် ဦးအောင်သန်းကိုလည်း တက္ကသိုလ်တွင် ၀ိဇ္ဇာ ဘွဲ့ထူးရရှိပြီးနောက် မြို့အုပ်ရာထူးရရှိသည်အထိ ပညာသင်ကြားပေးခဲ့၏။ ဦးအောင်သန်းမှာ တက္ကသိုလ်တွင် ပညာသင်နေစဉ် ယစ်မျိုးဝန်ထောက် ဦးဘတင်၏ သမီး မခင်နုနှင့် အကြောင်းဆက်မိ၏။ မခင်နုမှ အမေစုတို့နှင့် အမျိုးတော်သော တောင်တွင်းကြီး ဇာတိဦးဘတင်၏ သမီး ဖြစ်သည့်အတိုင်း အမေစုသည် သဘောကျကျေနပ်ကာ အင်းစိန်မြို့သို့ ကိုယ်တိုင် သွားရောက်စေ့စပ် တောင်းရမ်းကြီးကျယ်စွာ မင်္ဂလာ ဆောင်ပေးခဲ့ရသဖြင့် ကျေနပ်သည်။

သားအငယ်ဆုံး ဦးအောင်ဆန်းကိုကား နတ်မောက်မြို့ ဘုန်းတော်ကြီးဦးသောဘိတ၏ အထက်တန်း ကျောင်းတွင် သတ္တမတန်းထိ ပညာ သင်ပေးပြီးနောက် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းတွင် ၁၀ အောင်မြင်သည် အထိ ထားခဲ့သည်။ ၎င်း နောက် တက္ကသိုလ်သို့ပို့၍ ၀ိဇ္ဖာ စာမေးပွဲ အောင်မြင်သည်အထိ ပညာသင်ပေးခဲ့သည်။ ဗိုလ်ချုပ်နှင့် မခင်ကြည်တို့မှာ ဂျပန်ခေတ် အတွင်းက နှစ်ဦးသဘောတူ ချစ်ကြိုက်၍ လက်ဆက်ခဲ့ကြရာ အမေစုမှာ ကိုယ်တိုင် ကိုယ်ကျ အခြားသားသမီးများကဲ့သို့ လက်ထပ်မပေးရသော်လည်း ဗိုလ်ချုပ်ရာထူး လက်ခံပြီးနောက် မယားပြ အဖြစ်ဖြင့် နတ်မောက်သို့ တိုင်းခန်းလှည့်လည်လာစဉ် မခင်ကြည်အား ခေါ်ဆောင်ခဲ့ရာ မခင်ကြည်၏ ရိုသေကိုင်းရှိုင်းမှု၊ လိမ္မာရေးခြားမှုများကို မြင်ရသောအခါ အမေစုမှာ သားနှင့်ချွေးမကလေးအပေါ်တွင် တပြုံးပြုံးနှင့် ကျေနပ် ၀မ်းမြောက်မိ၏။

အမေစုကား ဇာတိဂုဏ်ကလည်း ကောင်း၊ ဆွေမျိုးသားချင်းကလည်း တောင့်တင်း၊ ပစ္စည်းဥစ္စာကလည်း ပြည့်စုံ၊ သားသမီးများကလည်း ခေတ်ပညာတတ် ကမ္ဘာကျော် ပုဂ္ဂိုလ်များ ဖြစ်နေ၊ သားသမီး အားလုံးမှာလည်း ၎င်း၏ စိတ်တိုင်းကျ အိမ်ထောင်သည်များ ဖြစ်သည့်ပြင် များပြားလှသော မြေးငယ်များဖြင့် ခြံရံကာ လောကအလယ်တွင် တင့်တယ်စွာ နေထိုင်ရသဖြင့် အမေစု၏ ရှေးဘုန်းရှေးကံမှာ အလွန်ပင် အားကြီး၍ ပါရမီ ကောင်းလှသည်ဟု ဆိုရပေမည်။

ကမ္ဘာပေါ်ရှိ ပုပုရွရွ မြင်သမျှတို့မှာ လောကဓံရှစ်ပါး၏ အမြဲမပြတ်ရိုတ်ခတ်ခြင်းကို ခံနေကြရသည့်အတိုင်း အမေစုမှာ လောကအလယ်တွင် သူမတူအောင် တင့်တယ်စွာ ခံစားနေရသော်လည်း ပုထုဇဉ် တဦး ဖြစ်သောကြောင့် လောကဓံတရား၏ ရိုတ်ခတ်ခြင်းဒဏ်မှ မလွတ်နိုင်ချေ။

အသက် ၆၀ပြည့်သောနှစ်တွင် ငယ်စဉ်တောင်ကျေးက စ၍ ပေါင်းသင်းခဲ့သော အိမ်သား ဦးဖာမှာ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သွားရကား မုဆိုးမ ဘ၀ဖြင့် သားသမီးများကို အုပ်ထိန်းကာ စောင့်ရှောက်ခဲ့ရလေသည်။ အသက် ၆၄ နှစ်အရွယ် တွင် အမေစုမှာ လောကဓံတရား၏ ရိုတ်ခတ်ခြင်းကို ဒုတိယအကြိမ် ခံရပြန်လေသည်။ အချစ်ဆုံးသမီးဖြစ်သော မခင်ညွန့်သည် မီးယပ်ရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်သွားရာ အမေစုမှာ ပထမဆုံး သားသမီးပူကို စတင်ခံစားခဲ့ရလေသည်။
၎င်းနောက် အချစ်ဆုံးသော သားများ ဖြစ်သည့် ၀န်ကြီးဦးဘ၀င်းနှင့် ဗိုလ်ချုပ်တို့မှာ ရန်သူ၏လက်ချက်ဖြင့် ရုတ်တရက် အနိစ္စရောက်သွားသောအခါ ဒုတိယအကြိမ်မြောက် ပြင်းထန်သော အပူမီးကို ခံစားရပြန်လေသည်။

၎င်းနောက် ဦးနေအောင်၏ သမီးမြင့်မြင့်ကလေးမှာ ငယ်စဉ်ကပင် အမေစုနှင့်အတူ လာရောက်နေထိုင်ရကား သားမှာ အချစ်၊ မြေးမှာ အနှစ် ဆိုသော စကားကဲ့သို့ မြေးမကလေးအား အလွန်ပင် ချစ်ခဲ့လေသည်။ ၎င်းမြင့်မြင့်ကလေးသည် နတ်မောက်မြို့ ဗိုလ်ချုပ်အထိမ်းအမှတ် နိင်ငံတော် တန်းမြင့်ကျောင်းတွင် ပညာသင်ကြားနေစဉ် အဖျားရောဂါဖြင့် အမေစု၏ လက်ပေါ်တွင် ရုတ်တရက် အနိစ္စရောက်သွားပေရာ အမေစုမှာ တတိယမ္ပိ မြေးပူနှင့် တွေ့ရပြန်လေသည်။

၎င်းနောက် နတ်မောက်မြို့ကို ရဲဖြူများ သိမ်းပိုက်လိုက်သောအခါ ရဲဖြူတို့၏ မြေသိမ်းစံနစ်အရ အမေစုကိုယ်တိုင် ငယ်စဉ်ကစ၍ စုဆောင်းခဲ့သော မြေယာ၊ အိုးအိမ် ၊ပစ္စည်းတို့မှာ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် စသည်ဖြင့် ခေတ်အမျိုးမျိုး ကျော်လာခဲ့သော်လည်း တစုံတရာ ပျက်စီးခြင်း မရှိခဲ့ဘဲ ရဲဖြူတို့၏ မြေယာစံနစ်ကြောင့် အမေစုပိုင် မြေယာ အားလုံး ဆုံးရှုံး သွားခဲ့လေသည်။ အမေစု၏ စိတ်မှာ လွန်စွာ ထိခိုက်ခဲ့လေသည်။ သို့သော် မြေယာနှင့် ပါတ်သက်၍ မည်သူ့ကိုမျှ တစုံတရာ ထိခိုက်ပြောဆို ခြင်း လုံးဝမပြုလုပ်ဘဲ၊ သည်းခံကာ ကံတရားအတိုင်း ဖြစ်ရတာ၊ ပျက်ရတာပဲကွယ် ဟု ပြောကာ မကျေနပ်မှုကို မျိုသိပ်၍ ထားခဲ့လေသည်။

ကျွန်ုပ်၏ ဖခင်မှာ အမေစုနှင့် မောင်နှမတော်၍ ကျွန်ပ်မှာလည်း အမေစု၏ တူတော်လေသည်။ အမေစုအား ကျွန်ုပ်တို့က ဒွေးလေးစုဟု ခေါ်ကြရသည်။ ကျွန်ုပ်တို့၏ အမျိုးဓလေ့ထုံးစံအရ ကြီးစဉ်ငယ်လိုက် ရိုသေကိုင်းရှိုင်း ခဲ့ကြရသည့်ပြင် ဆွေမျိုးအားလုံး အနက် အသက်အကြီးဆုံး ၀ါအကြီးဆုံး ဖြစ်သူအား ကျန်ဆွေမျိုးအားလုံးက အရိုအသေ ပေးရသည့်ပြင် ၎င်း၏ သြဇာကိုလည်း မဖယ်ရှားရချေ။ ၎င်း ပေးသမျှအမိန့်ကို နာခံရလေသည်။

ကျွန်ုပ်၏ ဖခင်မှာ ဆွေမျိုးများတွင် အကြီးဆုံးဖြစ်၍ အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ကျွန်ုပ်၏ ဖခင် မရှိသောအခါ ဆွေမျိုးများအနက် အမေစုမှာ အသက်အကြီးဆုံး ၊ ၀ါအကြီးဆုံးဖြစ်၍ အခြားဆွေမျိုးများ ကဲ့သို့ပင် ကျွန်ုပ်မှာလည်း အမေစုအား ရိုသေလေးစားရလေသည်။ ၎င်းပြင် ကျွန်ုပ်အား အမေစုသည် သားရင်းသဖွယ် စောင့်ရှောက်ပြုစု ကူညီ မစ ခဲ့သဖြင့် အမေစုမှာ မိခင်ရင်း သဖွယ်ဖြစ်လာပေတော့သည်။

သားသမီးများ ဆုံးသူဆုံး တခြားစီနေသူနေ ဖြစ်၍ မ၀က် တဦးတည်းနှင့် ပျင်းရိငြီးငွေ့ဘွယ် နေထိုင်ရရှာသော အမေစုသည် ဗိုလ်ချုပ်တို့ ကျဆုံးသည့် အချိန်မှစ၍ ကျွန်ုပ်တို့အား တူတဦးကဲ့သို့ သဘောမထားတော့ဘဲ သားရင်း တမျှကဲ့သို့ ယူဆ၍ အမျိုးမျိုး အလိုလိုက်သည့်ပြင် ကျွန်ုပ်၏ အိမ်သူ မသန်းတင်ကိုပါ သမီးအရင်းကဲ့သို့ ချစ်ခင်လာသည်ကို တွေ့ရလေသည်။

အမေစု၏ မေတ္တာစိတ်ကို ရိပ်မိသော ကျွန်ုပ်နှင့် ကျွန်ပ်၏ ဇနီးတို့မှာ အမေစုထံ အမြဲသွားရောက် ပြုစု၍ စားကောင်း သောက်မွန်များကို အမြဲတမ်း ပေးပို့ရလေသည်။ အမေစုကလည်း ၎င်းအား အမြို့မြို့က ကန်တော့ကြသော စားကောင်းသောက်ဖွယ်များကို ရတိုင်း ကျွန်ုပ်တို့နှစ်ဦးအား အမြဲခွဲဝေ ပေးကမ်းခဲ့လေသည်။ ထို့ကြောင့်ပင် ကျွန်ုပ်မှာ အမေစုအား မိခင်အရင်းကဲ့သို့ ကြည်လည်း ကြည်ညို၏။ လေးလည်း လေးစား၏။ ချစ်လည်း ချစ်၏။ မြတ်လည်းမြတ်နိုး၏။ အမေစု၏ အမိန့်ကို တသွေမတိမ်းလိုက်နာခဲ့၏။ အမေစု၏ ဆုံးမစကားများကိုလည်း အမြဲနားထောင်ခဲ့၏။ အမေစု၏ ပြင်းထန်လှသော အပူမီးများကိုလည်း တတ်နိင်သလောက် ဖြေဖျောက်ပေးခဲ့၏။ ဝေယျာဝစ္စများကိုလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့၏။ အမေစုမှာ ဗိုလ်ချုပ်မရှိသည့်နောက် ဗိုလ်ချုပ်နှင့် တခုတည်းဘွား ဖြစ်သူ ကျွန်ပ်အား သားရင်းပမာ ယူဆကာ အတွင်းရော အပြင်ပါ တိုင်ပင်ပြောဆိုလေ့ရှိ၏။ ထို့ကြောင့်ပင် အမေစုအနီးတွင် သားအရင်းများမရှိစဉ် အမေစု၏ စိတ်ချမ်းသာမှု၊ ကျန်းမာမှု၊ တရားအားထုတ်နိင်မှု အတွက် ကျွန်ပ်အပေါ်သို့ တာဝန်ကျရောက်နေရကား အမေစု၏ အိမ်သို့ အမြဲတစေ သွားရောက်၍ ကိုယ်တိုင် ကိုယ်ကျ ပြုစု ဖြေဖျော်ခွင့် ရရှိခဲ့၏။ ဗမာ့အာဇာနည် တဦးဖြစ်သော ခေါင်းဆောင်ကြီး ဗိုလ်ချုပ်၏ မိခင်ကြီးအား ခြေဆုပ်လက်နယ် ပြုစုခွင့် ရသဖြင့်လည်း ဂုဏ်ယူမိ၏။ ကျေနပ်မိ၏။

အမေစု၏ ဘ၀တွင် အသက် ၆၃ နှစ်က စ၍ အိမ်သား ဦးဖာအတွက် မီးစတင်လောင်ခဲ့ရာမှ စ၍ မြင့်မြင့်လေးအထိ ပြင်းထန်သော အပူမီးများကို တွေ့ရပြီး နောက်အမေစုမှာ တရားသဘောဖြင့် အပူမီးအားလုံးကို နိင်နင်းစွာ ငြိမ်းသတ်နိုင်ရကား စိတ်ဓာတ် အေးချမ်းမှု ရရှိသကဲ့သို့ ရှေးကကဲ့သို့ပင် ဆွေမျိုးများ အိမ်သို့ လည်ပတ်နိုင်တော့လေသည်။ စိတ်ချမ်းသာမှု တနေ့ထက် တနေ့ပိုမိုရရှိလာပြီးနောက်၊ မသေမီ ရန်ကုန်ရှိ မုဆိုးမ နှစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ ဦးဘ၀င်း၏ ဇနီး ဒေါ်ခင်စော တို့အပြင် သားဦးအောင်သန်းနှင့် ချွေးမ ဒေါ်ခင်နုတို့ နှင့်တကွ မြေးအားလုံးကိုပါ တွေ့လိုသော ဆန္ဒ ပြင်းပြလာရကား ရန်ကုန်သွားရန် အကြံ ဖြစ်ပေါ်လာလေသည်။ ရန်ကုန်သို့ရောက်လျှင် ချွေးမသုံးဦးနှင့် ကျွန်ပ်၏ အစ်ကို ဦးတင်လှတို့အား လက်ဆောင်ပေးရန် နတ်မောက်နယ်မှ ထွက်သည့် နှမ်းဆီမွှေးစစ်စစ်ကို သံပုံး ၄ ပုံးဖြင့် ထည့်၍ အဆင်သင့် ပြုလုပ်ထား၏။ မြေးကလေးများအတွက် နတ်မောက်မှာ တောမြို့ကလေးဖြစ်သည့်အတိုင်း ထန်းလျက်၊ နှမ်း၊ မြေပဲသာ ထွက်သဖြင့် တောသရေစာ ဟုခေါ်သော နှမ်းပျစ် မြေပဲယိုများကို အိမ်တွင် ကောင်းနိုင်သမျှ ကောင်းအောင်ပြုလုပ်ပြီး အထုပ် ၄ ထုပ် ခွဲ၍ ထုပ်ထားလေသည်။ ကျွန်ုပ်အားလည်း ရန်ကုန်သွားက ကူညီလိုက်ပို့ပေးရန်ပြောသဖြင့် လိုက်ပို့ပါမည်ဟု ကတိပေးရသည်။ အမေစုမှာ ချွေမများ ၊ မြေးများအား အလွမ်းပြေ တွေ့ရမည့် အရေးကို မျှော်တွေး၍ ပျော်တပြုံးပြုံး မော်မဆုံး ရှိနေတော့၏။ သို့သော် အမေစု၏ ပြင်းပြသောအလိုဆန္ဒကို ရိုတ်ချိုးမည့် မုန်တိုင်းကြီးတခု မမျှော်လင့်ဘဲနှင့် ရုတ်တရက် ရှောင်တခင် ကျရောက်လာတော့လေသည်။

ရောင်စုံတို့ ဆူပူလှုပ်ရှားမှုများကြောင့် ချွေးမများ မြေးများ နေထိုင်ကြသည့် ရန်ကုန်မြို့တော်ကြီးနှင့် အမေစုနေထိုင်သော နတ်မောက်မြို့ကလေးတို့မှာ လုံးဝအဆက်အသွယ် ပြတ်သွားတော့လေသည်။

၎င်းနောက် မုန်တိုင်းကြီးသည် ပိုမိုပြင်းထန်လာလေသည်။ ၁၉၄၉ ခု၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ နံနက်အချိန်တွင် နတ်မောက်မြို့ကလေးမှာ ရဲဘော်ဖြူ များ၏ လက်တွင်းသို့ ကျဆင်းသွားရလေသည်။

နတ်မောက်ကို သိမ်းပိုက်ထားသော ရဲဘော်ဖြူများမှာ အမေစုကို ဗိုလ်ချုပ်၏ အရှိန်ဖြင့် စော်ကား၊မော်ကား မပြုလုပ်ရဲကြ၊ သို့သော်ဗိုလ်ချုပ်အသက်ရှင်စဉ်က လောက် ရိုသေကိုင်းရှိုင်း လေးစားခြင်းမျိုးကိုကား မတွေ့ရပေ။ အမေစုနှင့် ကျွန်ုပ်တို့မှာ ဇွတ်အတင်း ရန်ကုန်သို့ ထွက်လာမည်ဆိုက ဖြစ်နိုင်၏။ သို့သော် လမ်းပန်း အဆက်အသွယ်က စိတ်မချရ။ အသက်ကြီးရင့်သော အမေစုအတွက် သင့်တော်မည့် ယာဉ်များကလည်း မရှိ၊ စည်းမဲ့ကမ်းမဲ့ လုပ်ကိုင်နေသော ရဲဘော်ဖြူများ၏ အုပ်ချုပ်မှုကိုလည်း စိတ်မချ။ ကျွန်ုပ်တို့ မရှိစဉ် တခုခု ဖြစ်လေမလားဟု တွေးတော စိုးရိမ်မိတာက တမျိုး၊ အမျိုးမျိုးသော အကြောင်းများကြောင့် ရန်ကုန်သို့သွားရန် အစီအစဉ်ကို အမေစုနှင့် တိုင်ပင်၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်ရပြန်လေသည်။

အမေစုမှာကား လှေကားရင်းတွင် အသင့်ပြင်ထားသော ဆီပုံး ၄ ပုံးကို ၎င်း၊ ဗိုလ်ချုပ်ငယ်စဉ်က စာကြည့်ခဲ့သည့် စားပွဲရှည်ကြီးပေါ်တွင် အသင့်ထုပ်ထားသော မြေပဲ ယို နှမ်းပျစ်ထုပ် လေးထုပ်ကို ၎င်း၊ အမြဲကြည့်ကာ ငေးမောတွေဝေ နေသည်ကို တွေ့ရ၏။ ဤကဲ့သို့ တွေ့မြင်ရတိုင်း ကျွနိုပ်မှာလည်း စိတ်မကောင်းဖြစ်မိ၏။

အမေစုမှာ ရှေးကုသိုလ်ကံ အကျိုးပေးကြောင့် ငယ်ရွှယ်စဉ်အချိန်ကစ၍ အသက် ၇၃-နှစ်ပြည့်သည်အထိ အိပ်ရာထဲတွင် လဲနေခဲ့ရလောက်အောင် ရောဂါရရှိခဲ့ဘူးသော အဖြစ်မျိုးမကြုံခဲ့ရပေ။ အခု အသက် ၇၃-နှစ်တွင် ဗေဒင်ကိန်းခန်းအရ အမေစုအတွက် မကောင်းလှ။ အထူးချုချာ၍ လာသည်ကို တွေ့ရသည်။ ချူချာသည် ဆိုသော်လည်း ရုပ်ရည်ကျဆင်းခြင်းမှ လွဲ၍ အခြား ချွတ်ယွင်းချက် မရှိသေးချေ။ အနိစ္စရောက်သည့်အချိန်ထက် သွားတချောင်းမှ မကျိုးချေ။ သို့သော် လွန်ခဲ့သည့် နှစ်နှင့် စာလျှင် အသားအရေများစွာ ယုတ်လျော့လာသည့်ပြင် အရွယ်များစွာ ကျဆင်းသွားလေသည်။

ရှေးအခါက တောင်ဝှေး မကိုင်ခဲ့သော်လည်း ယခု နှစ်တွင် တောင်ဝှေးကို စတင်အားပြုရလေပြီ။ ရှေးက ကဲ့သို့ ဆွေမျိုးများ အိမ်သို့ နံနက်တိုင်း အိမ်စေ့အောင် အလည်အပတ်မသွားနိင်တော့ပေ။ ကျွန်ုပ်၏ အိမ်သို့သာ တဘက်ထူကြီးကို ခေါင်းပေါင်းတို ဘရက်ကိုးအပြာ ပန်းရိုက်လုံချည်နှင့် ဆွယ်တာအထူ ၀တ်၍ တောင်ဝှေးကလေး ကိုင်ကာ တနင်္ဂနွေ တကြိမ်၊ နှစ်ကြိမ်သာ လာနိုင်တော့လေသည်။ ကျွန်ုပ်မှာလည်း အမေစုအားရှိမည့် အစာနှင့် ဆေးများကို တတ်နိင်သမျှ ရှာဖွေစုဆောင်း ကျွေးပါသည်။ သို့သော် အမေစုကား ဇရာအပြင် ရောဂါပါ ဖိထောင်းနေသောကြောင့် အဆီစား၍ အသားမဖြစ်ဆိုသော စကားပုံကဲ့သို့ တိုက်သမျှဆေး ပေးသမျှ ဓာတ်စာ၊ ကျွေးသမျှ အာဟာရတို့မှာလည်း ထိရောက်ခြင်း မရှိတော့ချေ။

အမေစုသည် ပြိုလဲတော့မည့် အရိပ်အရောင်များ ပြစပြုလေပြီ။။

ဗိုလ်ချုပ်မိခင် (ပထမပိုင်း)
ဗိုလ်ချုပ်မိခင် (ဒုတိယပိုင်း)
ဗိုလ်ချုပ်မိခင် (တတိယပိုင်း)