ဝိသုဒ္ဓါရုံဗာရာဏသီတိုက်ဟုဆိုလျင်
ဒေါ်သိန်းတင်၊ ဒေါ်သိန်းတင်ဟုဆိုလျင် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ဤသို့ဖြင့်
ဒေါ်သိန်းတင်နှင့် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက် သည် ခွဲခြားမရဘဲ တသားတည်းဖြစ်
လျက်ရှိကြောင်းကို လူအများက အသိ အမှတ်ပြုထားကြပြီး ဖြစ်ကြသည်။ သို့ဖြစ်၍
၁၃၂၁-ခုနှစ်မှ စ၍ ပြည်မြို့ တွင် ရွှေကျင်သာသနာကို စတင်တည်ထောင်ခဲ့သူ
ဤအတ္ထုပ္ပတ္တိ အရှင် ဗာရာဏသီ မဟာထေရ်နှင့်” ရထဒ္ဓေ မဂ္ဂယထာ” ရထားသံလမ်း ဥပမာ
ဆရာဒကာ “ဥဘော အညောည နိဿိတာ” နှစ်မွှာဖြာ လျက် သာသနာပြုလာသော ၀ိ-ဗာတိုက်
အမ- သခင် မကြီး ဒေါ်သိန်းတင်၏ ငယ်စဉ်ကစ ယနေ့ကျအောင် အဖြစ်အပျက် တေ့ဆက်စကား
သင်္ခေပအနေ အားဖြင့် ဖော်ပြရပေဦးမည်။
ဝိသုဒ္ဓါရုံဗာရာဏသီတိုက်အမကြီး၊ ဆေးလိပ်ရုံပိုင်ရှင် န၀င်း-မသိန်းတင်၊ သမိုင်းဝင် သခင်မကြီး ဒေါ်သိန်းတင်၊ ၀ဏ္ဏကျော်ထင်ဘွဲ့ရ ဒေါ်သိန်းတင်၊ ပြည်သူ့လွှတ်တော်အမတ်ကြီး ဒေါ်သိန်းတင်၊ နိုင်ငံဂုဏ်ရည် (ဒု) ဘွဲ့ရ ဒေါ်သိန်းတင် စသည်ဂုဏ်များဖြင့် မြန်မာတပြည်လုံး ညွတ်ရုံးထင်ရှားလတံ့သော ဒေါ်သိန်းတင်သည် နန၀ါသကုသ ရသေ့မြို့ခေါ် သီရိခေတ္တရာ-ပြည်မြို့၊ န၀င်းရပ်၊ အဘ- ဦးဖိုးဆိတ်+အမိ- ဒေါ်ရွှေထယ်တို့မှ ၁၂၆၇-ခုနှစ်၊ ကဆုန်လဆုတ် (၂)ရက်၊ သောကြာနေ့၊ နံနက်(၅း ၀၀)နာရီအချိန်တွင် မီးရှုးသန့်စင် ဖွားမြင်သော သားသမီး (၈)ယောက်တို့တွင် အငယ်ဆုံး သမီးထူး သမီးရတနာဖြစ်သည်။
ပြည်မြို့၊ပန်းဘဲတန်း၊ အစိုးရမူလတန်းကျောင်းတွင် ရေး(၄)တန်းပညာ အောင်မြင်သည့်အထိ သင်ကြားခဲ့ သည်။ ဆရာတော် ဦးဥတ္တမ(ရန်ကုန်၊ ရွှေတိဂုံဘုရားအနီး ဦးဥတ္တမ-ပန်းခြံ အထိမ်းအမှတ်ရှိ)၊ ဦးထွန်းရှိန်၊ ဦးဘဖေ၊ ဦးပု စသည်တို့ နိုင်ငံရေးစတင်လုပ်ဆောင်သောအချိန်နှင့်တပြိုင်တည်း (၁၂၈၃-ခုနှစ်)၊၁၅-၁၆-နှစ်သမီးမျှသာ ရှိသေးသော မသိန်းတင်သည် မြန်မာနိုင်ငံ၊ ဗုဒ္ဓဘာသာအမျိုးသမီးအဖွဲ့တွင် အသင်းသူ အဖြစ်နှင့် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ စတင်ဝင်ရောက်လုပ်လာခဲ့ပါသည်။
၁၂၈၄-ခုနှစ်တွင် ၀ံသာနုအမျိုးသမီးအဖွဲ့၊ န၀င်နယ်လုံးဆိုင်ရာ သစ္စဝါဒီအဖွဲ့- အသင်းသူ (၅၀၀)ကျော်တွင် မသိန်းတင်သည် အတွင်းရေးမှုးအဖြစ် နိုးနိုးကြားကြား ထထကြွကြွ ရဲရင့်တည်တံ့စွာ နိုင်ငံရေးများကို ဦးဆောင်လုပ်ကိုင်ခဲ့သည်။ မိဘအမွေအနှစ်များ ကုန်ဆုံးသည့်အပြင် အ၀တ်အထည်များကို ပင် ပေါင်နှံရောင်းချလျက် ရဲဘော်ရဲဘက်များအား ထောက်ပံ့ပြုစုပြီး နိုင်ငံရေးကို အထူးဦး စားပေး ပြုလုပ်ခဲ့သည်။
ပြည်နယ်ပြည်မ မခွဲကြရန်။ ။
မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုကွန်ဖရင့်ကို သရက်မြို့တွင် ကျင်းပပြုလုပ်စဉ် “ ရှမ်းပြည်နှင့်မြန်မာပြည်မ မခွဲကြရန်” အဆိုတရပ်ကို သခင်မ-မသိန်းတင်က အဆိုတင်သွင်းခဲ့သည်။ ယင်းအဆိုတင်သွင်းချက်ကို အားလုံးထောက်ခံအတည်ပြုပြီး ညောင်ရွှေစော်ဘွားကြီးနှင့်မဟာဒေ၀ီတို့ထံ သံကြိုးရိုက်၍ ဆုံးဖြတ် ချက်ကို ပေးလိုက်သည်။

လိပ်ခွံဘီးနှင့်ဗိုလ်ဆံတောက် အကုန်ဖျောက်။ ။
နောက်တစ်ကြိမ် ၀ံသာနုကွန်ဖရင့်ကို ပေါင်းတည်မြို့တွင် ကျင်းပပြုလုပ်ရာ” အမျိုးသမီးများ ဦးခေါင်း တွင် ခေတ်စားပြီး အသုံးများနေသော ကုန်းကလိပ်, အင်းကလိပ်မှ ပြုလုပ်ရောင်းချသည် လိပ်ခွံဘီးများကို မင်္ဂလာမရှိသဖြင့် ဦးခေါင်းထက်တွင် မထားရန်” အဆိုတစ်ရပ်ကို မဂျမ်းက အဆိုတင်သွင်းရာ သခင်မ-မသိန်းတင်က အပြည့်အ၀ထောက်ခံအတည်ပြုပြီး ၀တ်ဆင်ထားသော လိပ်ခွံဘီးများကို ချိုးဖဲဖျက်ဆီး ၍ ရေလယ်တွင် မျှောပစ်ကြသည်။ အမျိုးသားဝံသာနုများကလည်း ဗိုလ်ဆံတောက်၊ အင်္ဂလိပ်ဆံတောက်များ ဦးထိပ်တွင် မထားကြဘဲ ရိတ်ဖြတ်ပြီး ဆံပင်များကို ရေလယ်မျော၍ နယ်ချဲ့အင်္ဂလိပ် မုန်းတီးရေးနှင့် နိုင်ငံရေးထကြွလှုံ့ဆော်မှုများ ပြင်းပြင်းထန်ထန် ထက်ထက်သန်သန် စည်းရုံးလှုံ့ဆော်ခဲ့ ကြသည်။
အခွန်မဆောင်ရေး တင်သွင်းပေး။ ။
ဘေးမဲ့ဆရာတော်ကြီး ကြီးမှုးသော “သံဃာ့သာမဂ္ဂီအဖွဲ့ကြီးနှင့် လှိုင်, ပု , ကျော် , ဂျီစီဘီအေ (GCBA) အဖွဲ့ကြီး” များ ပူးတွဲသော ၄င်းကွန်ဖရင့်တွင် “လူခွန်တော် မပေးဆောင်ရန် ” သစ္စ၀ါဒီ အမျိုးသမီးအဖွဲ့ အတွင်းရေးမှုး မသိန်းတင်က အဆိုတင်သွင်းရာ မြင်းခြံ-ဒေါ်ဂျမ်းနှင့် တောင်တွင်းကြီး အမျိုးသားတစ်ယောက် က အကြွင်းမဲ့ထောက်ခံ့ခဲ့သည်။
ထိုစဉ်တွင် သာယာဝတီ ဉီးပုက ၄င်းအဆိုကို စေားပါသေးသည်။ သို့ဖြစ်၍ ဤကွန်ဖရင့်မှ လက်မခံဘို့ ကန့်ကွက်တင်ပြခဲ့သည်။ ထိုအခါ ဦးဥတ္တမကိုယ်တော်က စင်မြင်ပေါ်ကြွလာ၍ “ ဟေ့ မောင်ပု- ပင်လယ် သမုဒ္ဒရာ၏ ဒီရေတက်လာချိန်၌ ဒီရေကို မတက်ပါနှင့်ဟု တားထားလျင်လည်း မင်းအရူးပဲ ဖြစ်လိမ့်မယ်။ သူ့ခေတ်နှင့်သူ့အချိန် နိုင်ငံရေး သွေးတက်ပြီး နိုးနိုးကြားကြား ကြိုးကြိုးစားစား ပြုလုပ်နေသည်ကို တားဆီးကန့်ကွက်ရန်မလို ” ဟု အမိန့်ရှိကာ စင်မြင့်ပေါ်မှ ဆင်းသွားခဲ့ပါသည်။ သာယာဝတီ ဦးပုမှာလည်း စိတ်မကောင်းစွာဖြင့် ငေးငိုင်ကျန်ခဲ့ရပါသည်။ အချိန်ကား ၁၂----ခုနှစ်၊ ၂၁-ဦးအဖွဲ့နှင့် ကွဲကြသည့် အချိန် ဖြစ်သည်။
ဝံသာနုအင်အား လွန်ကြီးမား။ ။
ဖော်ပြပါ ကွန်ဖရင့်ကြီး ပြီးသည်မှစ၍ နိုင်ငံကျော်ဓမ္မကထိက သာယာဝတီဦးညေယျ၊ ဦးရန်ကုန်၊န၀င်း-ဦးကေလာသ၊ ပြည်ခရိုင် ဂဲ့ကုန်း-ဦးကေတု၊ မြင်းခြံ-ဒေါ်ဂျမ်း၊ ပြည်-န၀င်း-မသိန်းတင်၊ ပြည်- လမ်းရှည် ဒေါ်ဖွားရင်၊ ဒေါ်မြရင်၊ အမျိုးသားဘက်က မသိန်းတင်အကိုရင်း ရွှေတုံး၊ ဆံတော်ရပ် ဦးမြတ်စံ၊ လမ်းရှည် -ဦးဘခင်၊ န၀င်း-ဦးအောင်စော၊ ဦးထွန်းကျော်တို့သည် ပြည်-သရက်-သာယာဝတီခရိုင်များသို့ နယ်လှည့် စည်းရုံးရေးတရားများကို ဟောပြောကြသည်။ ထိုအချိန်ကား ၀ံသာနုအင်အား ကြီးထွားပြီး မိမိတို့ဆုံးဖြတ်ချက်အရ လူခွန်တော်များကိုပင် မပေးကြသဖြင့် အင်္ဂလိပ်အစိုးရသည် အစွမ်းကုန် ဖိနှိပ် ချုပ်ချယ် နှိပ်ကွပ်လေတော့သည်။
ဤကဲ့သို့ ဖိနှိပ်ချုပ်ချယ်မှုကို မခံရပ်နိုင်သဖြင့် ဂဠုန်-ဆရာစံ ခေါင်းဆောင်၍ အင်္ဂလိပ်အစိုးရ ကို တော်လှန်ပုန်ကန် ထကြွကြလေသည်။ဂဠုန်-ဆရာစံအဖွဲ့က ပုန်ကန်ရခြင်းမှာ န၀င်း-မသိန်းတင် အဆိုတင်သွင်းချက်ကြောင့် ဆရာစံသူပုန်ထခြင်းဖြစ်သည် -ဟု အများလူထုက ယူဆပြောဆိုကြသည်။ ဂဠုန်ဆရာစံ သူပုန်ထစဉ်အတွင်း စောစောပိုင်းက တရားဝင် ဖွဲ့စည်းထားသော ၀ံသာနုအသင်းကို -မတရာအသင်း-ဟု အင်္ဂလိပ်အစိုးရက ကြေငြာပြီး ခေါင်းဆောင်များကို ထိုဝံသာနုအသင်းမှ ထွက်ကြရန် ခြိမ်းခြောက်လေသည်။ အချို့အမျိုးသမီးခေါင်းဆောင်များက လက်မှတ်ရေးထိုး နှုတ်ထွက် ၍ နိုင်ငံရေးကျောပေး စွန့်လွှတ်သွားကြသည်။
၁၇-ပုဒ်မ၊ တစ်အရ၊ ထောင်ကျတစ်နှစ်စီ။ ။
နိုင်ငံရေးမှထွက်ကြောင်း မကြေငြာသော ၀ံသာနုအသင်းခေါင်းဆောင်ဦးစီးအချို့ကို ပုဒ်မ-၁၇/၁-အရ သံဃာ များနှင့် အမျိုးသားများကို ထောင်ဒဏ်တစ်နှင်စီ၊ အတွင်းရေးမှုးသခင်မ-မသိန်းတင်မှာ အလုပ် ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ (၁-နှစ်၊ ၆-လ) အပြစ်ပေးခံခဲ့ရသည်။
ကိုဘနှင့်မဖွါးရင်တို့အား နိုင်ငံရေးတရားစွဲနေခိုက် ပြည်ခရိုင်၊ ၀က်ထီးကန်နယ်၊ တရားသူကြီး ဦးစီက စပါးလာရောင်းယင်း စပါးဒိုင်တွင် နိုင်ငံရေး-ဘုန်းကြီးများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ပတ်သက်၍ ကြိမ်းမောင်းပြောဆိုသဖြင့် တရားသူကြီးပြောဆိုသည့်စကားကို ကြားသိကြသော-ဒေါ်စော ရင်၊ ဒေါ်ယုခင်၊ ဒေါ်စောခင်တို့က သူကြီးဦးစီအား” ရှင်ဗမာ ဟုတ်ရဲ့လား”ဟု ပြောဆိုပြီး ၀ိုင်းဝန်းရိုက်နှက် ကြသည်။ ၀ိုင်းဝန်းရိုက်နှက်သည့် အမျိုးသမီး သုံးယောက်လည်း ဆူပူစေမှုဖြင့် ထောင်ဒဏ် တစ်နှစ်နှင့်လေးလစီ (၁-နှစ်၊၄-လစီ) အပြစ်ပေးခံရသည်။
ထောင်သုံးထောင်သို့ ပြောင်း၍ပို့။ ။
သခင်မ မသိန်းတင်နှင့် ဒေါ်စောရင်၊ ဒေါ်ယုခင်၊ ဒေါ်စောခင် အမျိုးသမီးတို့ အား ပြည်ထောင်၊ တောင်ငူထောင်နှင့် မြင်းခြံထောင်များသို့ ပို့ထားပါသည်။ မြင်းခြံထောင်မှ လွတ်လာပြီးနောက် လှိုင်မြစ်ပေါ် ဂျီ-စီ-ဘီး-အေ ပေါ်ထွက်လာပါသည်။ ထိုအချိန်က ခွဲရေး၊ တွဲရေးတွင် သခင်မမသိန်းတင်က တွဲရေးအတွက် ကြိုးစားလှုံဆော်ပါသည်။ မြန်မာပြည်တွင် တွဲရေးဘက်က အင်အားများသော်လည်း ခွဲရေးကိုသာ အနိုင်ပေးခဲ့သည်။ ထိုကိစ္စ များ ဖြစ်ပွါးပြီးနောက် မောင်နှင့်အစ်မဖြစ်သူများက သခင်မ မသိန်းတင်အား အနားယူရန် ပြင်ဦး လွင်(မေမြို့)သို့ ပို့ခဲ့ကြပါသည်။
လွန်ခဲ့သော (၂၁)နှစ် ၁၃၂၅-ခုနှစ်၊ နတ်တော်လဆန်း(၃-၄-၅)ရက်၊ သုံးရက်တိုင်တိုင် ကျင်းပသော ဒသမအကြိမ်-ရွှေကျင်နိကာယဂိုဏ်းလုံးကျွတ်အစည်းအဝေးပွဲကြီးတွင် ကြွရောက်လာသော သံဃာတော်များ အား ဆွမ်းကပ်လှုဒါန်းရန် ယူထားသောရက်အမီ မန္တလေးမြို့သို့ သွားခဲ့ကြပါသည်။ အလှုရှင် ပြည်မြို့ ၊ ၀ိ-ဗာ တိုက်အမကြီး ဒေါ်သိန်းတင်နှင့်နောက်ပါ ဒေါ်စိန်ပု၊ မထွေးကြည်၊ တူဖြစ်သူ ဦးဘရီ(ယခု-အိုင်ယာလန်)၊ ဦးအောင်သိန်၊ ဦးစိန်ရွှေ၊ ကိုစိန်ကြီး၊ ကိုစောမောင်၊ ကိုမောင်ကြည်၊ ကိုသန်းလွင်၊ ကိုထွန်းမြင့် ၊ တောင်ကြီးဆရာခွေး၊ မြင်းခြံဒေါ်သိန်း၊ ပြည်-ကိုထွန်းရွှေ၊ ကိုအုန်းမောင်၊ ကိုကြင်မောင်၊ ကိုညီလေးတို့ အဖွဲ့၊ အောင်လံမြို့၊ ရွှေကြိုးကြာတောရ ဆရာတော်ကြီးနှင့် ၀ိ-ဗာ ဦးဝိစိတ္တစာရ (စာရေးသူ)တို့လည်း ပါဝင်လျက် ၁၃၂၅-ခုနှစ်၊ တန်ဆောင်မုန်းလကွယ်၊ သောကြာနေ့ ၊ နံနက် (၆)နာရီ ပြည်မှ ကားနှစ်စီးဖြင့် ခရီးထွက်ခဲ့ကြရာ ၄င်းည (၈)နာရီတွင် မြင်းခြံသို့ ရောက်ကြသည်။
တိုက်အမကြီးနှင့်ဒေါ်စိန်ပုတို့အဖွဲ့က ဦးတင်မောင်+ဒေါ်သိန်းတို့၏တိုက်၊ ကျန်ဒကာများအဖွဲ့က ကိုမောင်လေး တို့တိုက်၊ အောင်လံ-ရွှေကြိုးကြာတောရဆရာတော်နှင့် ၀ိ-ဗာ ဦးဝိစိတ္တစာရတို့က မြင်းခြံမြို့၊ ရန်အောင်မြေ ဘုရားဝင်းအတွင်း ပိဋကတ်တိုက်ကျောင်း၊ ဗလုံဆရာတော်ဦးစန္ဒ၀ရထံ တည်းခိုကျိန်းစက်ကြပါသည်။
နောက်တစ်နေ့ နတ်တော်လဆန်း (၁)ရက်နေ့ နံနက်အာရုဏ်ဆွမ်းအပြီး တိုက်အမကြီးနှင့်တကါ အားလုံး သည် ရဟန္တာဟု ကျော်ကြားသော စွန်းလွန်းဂူဆရာတော် ဦးက၀ိ၏ မပုပ်မသိုးသော အလောင်းကို ကြည့်ရှု့လေ့လာကြအပြီး ထိုမှ (၉)နာရီအချိန် မြင်းခြံအရှေ့ (၄)မိုင်းခန့်အကွာ သင်္ဂဇာဆရာတော်၏ တပည့် ဦးပညာ၏မပုပ်မသိုးသော ရွှေချထားသည့် အလောင်းကို လေ့လာကြပါသည်။
အပြန်တွင် မြင်းခြံ-ထောင်ကြီး၏ထောင်ဗူးဝ၌ ကားရပ်ကာ တိုက်အမကြီးက -၄င်း (၁၆)နှစ်သမီး အရွယ် နိုင်ငံရေးလုပ်၍ ဒီထောင်မှာ သုံးနှစ်တိတိ ကျခံခဲ့ရကြောင်း၊ ထောင်ပိုင်ကြီးက သမီးအရွယ် ကလေးဖြစ်သဖြင့် ထောင်မှ လွှတ်လို၍ -နိုင်ငံရေး မလုပ်ပါ-ဟု လက်မှတ်ရေးထိုးခိုင်းကြောင်း၊ သုံးကြိမ်သုံးခါတိုင်တိုင် လက်မှတ်မထိုးသဖြင့် ဆန်နှင့်ဗူးရွက်၊ ချဉ်ပေါင်ရွက် စသည်တို့ဖြင့် ရောကျိုပြီး ၀ါးဘိုးဆစ်ပိုင်းထဲထည့်၍ ကျွေးခဲ့ကြောင်း၊ မြင်တာနှင့်အောအန်ပြီး မစားဘဲနေခဲ့ရာ (၁၀)ရက်လောက်အကြာ မနေနိုင်တော့ဘဲ ယင်းဝါးပိုးဆစ်ထဲမှ ဆန်-ဗူးရွက်ကျိုကို စားလာခဲ့ရကြောင်း--တို့ကို ဖြစ်ကြောင်း ကုန်စင် နောက်ကြောင်းရာဇ၀င်များ ပြောကြားလျှောက်ထားခဲ့ရာ ယခုတိုင် ကြားယောင်မိသေးသည်။ ၁၃၄၆-ခုနှစ် ယခုအခါ ဖော်ပြပါအဖွဲ့ထဲမှ အချို့ပုဂ္ဂိုလ်တို့နှင့် ၀ိ-ဗာတိုက်အမကြီးတို့မှာ နာမည်မျှသာ ကျန်ရှိပါတော့သည်။
သခင်မအမည်ခံ နိုင်ငံရေးအားထုန်ပြန်။ ။
၁၂၉၀-ခုနှစ်တွင် ဒို့ဗမာအစည်းအရုံး စတင်ဖွဲ့စည်းလျင် ဖွဲ့စည်းချင်း သခင်မအမည်ခံကာ နိုင်ငံရေးကို တဖန် အားသွန်းခွန်စိုက်လုပ်ကြရာ သခင်မ န၀င်း-မသိန်းတင်၊ သခင်ညီ(ပြည်)၊ သခင်ထွန်းအုပ် (ပုတီးကုန်း)၊ သခင်ဗတင်(ဆင်မြီးဆွဲ)၊ သခင်ထွန်းခင်(ခေါ်)ဗိုလ်မှုးမြင့်ဆွေ(ဆင်မြီးဆွဲ)တို့အား ပုဒ်မ (၁၂၄)အရ အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ်ချထားစဉ် ရေနံမြေသပိတ်ကြီး ပေါ်ပေါက်လာပါတော့သည်။
ရေနံမြေသပိတ် ကြိုဆိုဧည့်ခံ။ ။
ဒို့ဗမာအစည်းအရုံးဝင် သခင်၊ သခင်မများနှင့်အတူ (၁၃၀၀)ပြည့်နှစ် ရေနံမြေသပိတ်များကို ကြိုဆို ဧည့်ခံ ကျွေးမွေးခြင်းများပြုလုပ်လျက် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ဘုရားကြီး ခြေတော်ရင်း အရောက် တာဝန်ယူရှေ့ဆောင်ပြု၍ တပ်ဦးမှလိုက်ပါလာခဲ့သည်။
ဂန္ဓီကြီးက၊ ချီးကျူးရ၊ မှတ်ကြဒေါ်သိန်းတင်။ ။
အိန္ဒိယနိုင်ငံ၏နိုင်ငံရေးခေါင်းဆောင် မဟတ္တမဂန္ဓီကြီးသည် မြန်မာပြည်လာရောက်ရာတွင် သခင်မ မသိန်းတင်သည် ဧည့်ခံကော်မတီ၏အမှုဆောင်အဖြစ်ဖြင့် လက်ပံတန်းမှ ပြည်မြို့အရောက် ဧည့်ခံပြုစု ကြိုဆိုလာခဲ့သည်။ ထိုသို့ကြိုဆိုရာ၌ သြဘာစာတမ်းများကိုလည်း သခင်မမသိန်းတင်ကပင် ဖတ်ကြားဟောပြောခဲ့သည်။
သခင်မမသိန်းတင်၏အကြောင်းခြင်းရာတို့ကို သိမြင်သွားသော ဂန္ဓီကြီးက-”အကျွနုပ်တို့ အိန္ဒိယပြည်တွင် ယခုလို အသက်အရွယ် နုနုနယ်နယ် မိန်းမပျိုကလေးမျိုး နိုင်ငံရေးဆောင်ရွက်ခြင်းနှင့် ထောင်ကျခံရခြင်းမျိုး မရှိ” ဟု ပြောဆိုပြီး မြန်မာအမျိုးသမီးများ၏ စွမ်းစွမ်းတမံ ရဲရဲတောက်စိတ်ဓာတ်ကို အလွန်သဘောကျ ချီးကျူးစကား ပြောကြားခဲ့သည်။ ထို့နောက် သခင်မမသိန်းတင် တစ်ဦးတည်းကို မဟတ္တမဂန္ဓီကြီးကိုယ်တိုင် ဂုဏ်ပြုပန်းကုံးကြီးစွပ်၍ ချီးမြင့်ခဲ့လေသည်။
နေရှုအင်ဒီ၊ မြန်မာပြည်၊ လာသည်ဂုဏ်ပြုခဲ့။ ။
အိန္ဒိယနိုင်ငံ၏လွတ်လပ်ရေးအတွက် ခေါင်းဆောင်ပါဝင်ခဲ့သူ ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီးဖြစ်သူ အင်ဒီယာဂန္ဓီတို့သည် မြန်မာပြည်သို့ အလည်လာရောက်ရာတွင် အဖွဲ့ပေါင်းစုံဧည့်ခံပွဲ ၌ နေရှင်နယ်ကျောင်း အုပ်ကြီး ဦးဘဦးက ဥက္ကဌ၊ ဒို့ဗမာအစည်းအရုံး ကိုယ်စားလှယ် သခင်မမသိန်းတင်က ဧည့်ခံကော်မတီ အတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သည်။
၎င်းတို့ လေယာဉ်ပေါ်မှ ဆင်းလျင်ဆင်းချင်း သခင်မ မသိန်းတင်၏အတ္ထုပတ္တိဖြစ်စဉ်ကို ၀တ်လုံတော်ရ ဦးကျော်မြင့်က ထုတ်ဖော်ပြောပြသဖြင့် အိန္ဒိယ ၀န်ကြီးချုပ်နေရူးနှင့်၎င်း၏သမီး အင်ဒီယာဂန္ဓီတို့က “ မြန်မာပြည်၏လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ဇွဲသန်သန်ဖြင့် အာဇာနည်းသမီးကောင်း တစ်ယောက် အဖြစ် ရှေ့သို့ ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ” ဟု ဆုတောင်းမေတ္တာ ပတ္ထနာပြုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သားအဖနှစ်ဦးလုံးက ကရာချီဖဲပွင့်ပန်းရောင် ပန်းကုံး တစ်ကုံးကျစီ စွပ်၍ သခင်မမသိန်းတင်အား ဂုဏ်ပြုချီးမြင့်ခဲ့သည်။
ပြည်ညီလာခံ၊ အောင်မြင်ရန်။ ။
ပြည်ညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် အစစအရာရာ တွင် ပြည်-သခင်ညီတို့နှင့်လက်ရေတပြင်တည်း ရင်ဘောင်တန်းတာဝန်ယူကာ ဆောင်ရွက်ခဲ့သည့်အတွက် ကြီးကျယ်ခမ်းနား သိုက်မြိုက်စွာ နိုင်ငံရေးသွေးစည်းမှုကို မျော်မှန်းသည်ထက် ပို၍ရယူနိုင်ခဲ့ကြပါသည်။ ထိုညီလာခံတွင် သခင်မမသိန်းတင်က သခင်သစ်အင်္ဂလိပ်ကပေးသော ရာထူးများကို လက်မခံရန်အဆိုကို တင်သွင်းလိုက်ရာ အမတ်လောင်းများအဖြစ် ဒို့ဗမာ အစည်းအရုံးမှ ရွေးကောက်တင်မြောက်ခံရသော သခင်အံ့ကြီး (ပခုက္ကူ)၊ သခင်မြ(သာယာဝတီ)၊ သခင်လှတင်(ဇလွန်)တို့က ထောက်ခံကာ အင်္ဂလိပ်အစိုးရ ခန့်အပ်သော ရာထူးများနှင့်လခများကို လက်မခံခဲ့ကြပါ။ ညီလာခံ၌ ပြင်းပြင်းထန်ထန် အငြင်းပွား မှုများရှိခဲ့သော်လည်း နောက်ဆုံးတွင် သခင်မ မသိန်းတင် တင်သွင်းသော အဆိုကိုပင် လက်ခံအတည်ပြုခဲ့ကြပါသည်။
ဒု-ကမ္ဘာစစ်၊ ရိပ်ရောင်ဖြစ်၊ ဖမ်းပစ်နိုင်ငံရေးသမားများ။ ။
ပြည်-ညီလာခံအပြီး ဒုတိယကမ္ဘာစ်ကြီး ဖြစ်ပွားလာရန် စစ်မီးစစ်လျံ အခိုးအငွေ့ အရိပ် အရောင်များ ဖြစ်ပေါ်လာချိန်တွင် နိုင်ငံရေးသမားများအား ဒရကြမ်းပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီး သဖြင့် ပြည်ခရိုင်မှ သခင်ခေါင်းဆောင်အားလုံးနီးပါးပင် အဖမ်းခံကြရသည်။ သို့သော် သခင်မ မသိန်းတင်မှာ မူ စုံထောက်အရာရှိ ဦးသန်းဖေ၏ ကူညီသတင်းပေးချက်နှင့် တိုက်တွန်းချက်အရ ပြည်မြို့မြောက်ဘက် (၃)မိုင် အကွာ မြရွာတွင် လျှို့ဝှက်တိမ်းရှောင်နိုင်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့ရသည်။
ကတိပေးထား၊ ချစ်သူအား၊ ထိမ်းမြားလက်ထပ်သည်။ ။
ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက်နိုင်ခဲ့ပြီး (၂)လကျော်ခန့်တွင် ဖမ်းဆီးခံထားရသော သခင်ခေါင်းဆောင်များ ပြည်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုအခါ ပထမမူလကနဦးက ချစ်မေတ္တာ ပင်လယ်ကြောမှာ ကရုဏာသင်္ဘောကြီးစီးပြီး ချစ်ခင်ကြင်နာခါစက ထားရှိခဲ့သည့်ကတိအတိုင်း ‘’’’” မြန်မာပြည်လွတ်လပ်ရေးရလျင် လက်ထပ်မည်” ဟု ကတိပေးထားသောသခင်သင်ကို (ဂျပန်က လွတ်လပ်ရေးပေးသဖြင့် ) ကတိအတိုင်း ပြည်မြို့အနီး မြရွာတွင် ထိမ်းမြားမင်္ဂလာကို ဆင်နွှဲ လက်ထပ်ခဲ့ကြသည်။
ရှိပစ္စည်းများ၊ ရောင်းချစား၊ ကုန်သွားမကြာခင်။ ။
သခင်သင်နှင့်သခင်မ မသိန်းတင်တို့ လက်ထပ်ပြီးသောအခါ မဟာဗမာ့အစည်းအရုံးတွင် စီးပွားရေးမှုးအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုစဉ်အခါ ပါလာသောပစ္စည်းများကို သခင်သင်နှင့်အတူတကွ ထုခွဲရောင်းချ စားသောက်ကြရာ ကုန်ခမ်းပြတ်လပ်သွားသဖြင့် ရန်ကုန်တွင် ဆက်လက်မနေနိုင်တော့ဘဲ သခင်မ မသိန်းတင်သည် ပြည်မြို့သို့ ပြန်လာခဲ့ရသည်။ ငွေများရှာဖွေစုဆောင်းရန်နှင့် စိတ်မချ၍ လိုက်လာသော သခင်သင်အား သခင်မမသိန်းတင်က “မြရွာတွင် စီးပွါးရေး လုပ်ကိုင်၍ ထောက်ပံ့မည်။” ဟု ပြောကာ ရန်ကုန်သို့ ပြန်လွှတ်လိုက်လေသည်။ဤ တွင် ဆေးလိပ်လုပ်ငန်းကို စတင်လုပ်ကိုင်ရန် စီစဉ်ပါသည်။
ဆေးလိပ်လုပ်ငန်း၊ စတင်းခန်း၊ ရည်မှန်းစီစဉ် ၊ ဒေါ်သိန်းတင်။ ။
သခင်မ မသိန်းတင်သည် ဂျပန်ငွေ (၈၀)သာ ရှိ၍ ဆေးလိပ်လုပ်ငန်း စတင်ပြုလုပ်ရန် မ-တည်ငွေ မလုံလောက်ဘဲ ဖြစ်နေရာ သူငယ်ချင်းအမျိုးသမီးတစ်ယောက်က ဂျပန်ငွေ(၅၀၀၀)နှင့် ဆေးပို့(၂)ပို့ အကြွေးဝယ်ပေး ကူညီပါသည်။ ရှမ်းဖက်လိပ် မတတ်နိုင်၍ မြရွာအရှေ့၊ ဇရပ်ချောင်းမှ ဘန်းပွေးဖက်နှင့် သစ်သားဆေးရိုးဝယ်ပြီး ဆေးလိပ်သမ(၅)ယောက်မျှဖြင့် စတင်လုပ်ကိုင်ခဲ့သည်။
တည်ထောင်အပြီး (၇)ရက်မြောက်တွင် သခင်သင် ရန်ကုန်သို့ ပြန်သွားသဖြင့် သခင်မမသိန်းတင်ကိုယ် တိုင် ဆေးရိုးလှမ်း၊ ဆေးရိုးလှော်၊ ဆေးချေခြင်းစသည်များ ပင်ပန်းကြီးစွာဖြင့် လုပ်ကိုင်ခဲ့ရသည်။ ရရှိလာသော ဆေးပေါ့လိပ်များကိုလည်း ကိုယ်တိုင်ခေါင်ရွက်ပြီး မိတ်ဆွေများနှင့် ၀ယ်လိုသူများထံ လိုက်လံရောင်းချခဲ့ရသည်။
တော်လှန်းရေးကြီး၊ စတင်ပြီး၊ တနည်းဆောင်ရွက်ရန်။ ။
နိုင်ငံရေုးလုပ်သည့်သတင်းကို ရရှိကြသော ဂျပန်စစ်သားများသည်မကြာခဏ သခင်မ မသိန်းတင်နေအိမ်သို့ လာရောက်စစ်ဆေးမှုများပြုလုပ်ကြသည်။ ထိုစဉ်အတောအတွင်း တော်လှန်ရေးကြီး စတင်ရန် သခင်သင် သည် ရန်ကုန်မှပြည်သို့ ရောက်လာပြီး မသိန်းတင်အား တော်လှန်ရေးလုပ်ငန်းစဉ်များကို အသေးစိတ် လျှို့ဝှက်ရှင်းလင်းပြောပြခဲ့သည်။ နောက်မကြာမီ သခင်ညီက သခင်သင်အား မင်းတုန်းမြို့ ရှိ တော်လှန်ရေးဌာနချုပ်သို့ သွားရောက်ဆောင်ရွက်ရန် လူလွှတ်၍ အကြောင်းကြားသဖြင့် သခင်သင်သည် မင်းတုန်းသို့ သွားရောက်ခဲ့ရသည်။
သို့သော် ထိုသို့သွားစဉ် လမ်းခုလတ် စစ်တုန်ရွာတွင် ဂျပန်များနှင့်တွေ့နေသဖြင့် ပြန်ဆုတ်လာကာ ဖိုးဦးတောင်ပေါ်၌ ပုန်းအောင်းနေခဲ့ရသည်။ မကြာမီ ပြည်မြို့သို့ မဟာမိတ် အင်္ဂလိပ်စစ်တပ်များ ၀င်ရောက် လာသည်ကို သိရှိရသဖြင့် သခင်သင်အား ဖိုးဦးတောင်ပေါ်သို့ သွားရောက်ခေါ်ခဲ့ရလေသည်။ မသိန်းတင်မှာ လည်း မြရွာတွင် ဂျပန်များ စုစုရုံးရုံးဖြစ်၍နေသဖြင့် ရွာကို မီးမရှိုရန်အတွက် အဖက်ဖက် မှ ဆောင်ရွက်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့်ပင် ကံဆိုးမိုးမှောင် ဘေးဒုက္ခဘောင်မှ လွတ်မြောက်ခဲ့ ရသည်။
စစ်မင်းကြီးက၊ ချုပ်ထောင်ချ၊ ပို့ကြမကွေးထောင်။ ။
သခင်သင် အိမ်ပြန်ရောက်၍ နောက်တစ်နေ့တွင် သခင်မ မသိန်းတင်အား အင်္ဂလိပ်မဟာမိတ်စစ်တပ်မှ စစ်မင်းကြီးက တွေ့ လိုသည်ဟုဆိုကာ လာခေါ်ကြသည်။ စစ်အရှာရှိများက စစ်ဆေးမေးမြန်းလုပ်လိုသည်ကို ရိပ်စားမိသော မသိန်းတင်က ရဲရဲတင်းတင်း ပြင်းပြင်းထန်ထန်ပင် “ မိမိတို့ - ကျွန်ဘ၀တွင် မနေလို့။ မည်သည့်လူမျို့းပဲဖြစ်ဖြစ် လက်မခံနိုင်။ ဂျပန်ကို တော်လှန်သလို အင်္ဂလိပ်ကိုလည်း တော်လှန်ပုန်ကန်ရမည်။” ဟု ရှင်းရှင်းလင်းလင်း တိုတိုတုတ်တုတ် နှစ်ချုပ်စကားပြောပြခဲ့သည်။
ထိုအခါ စစ်မင်းကြီးနှင့်တကွ စစ်အရာရှိများက “ သခင်မကြီးပြောတာ သဘာဝကျပါသည် ခင်ဗျား၊ ခဏနေရစ်ပါ ” ဟု ပြောကာ ပြည်မြို့တွင် တစ်ရက်ဖမ်းချုပ်ထားပါသည်။ နောက်တစ်နေ့တွင် သခင်သင် ကိုပါ ခေါ်ယူစစ်ဆေး၍ (၅)ရက်ကြာမျှ ပြည်မြို့တွင် ချုပ်နှောင်ထားပြီးနောက် မကွေးထောင်သို့ အပို့ ခံခဲ့ရလေသည်။
မကွေးထောင်တွင် (၂)လကျော် အကျဉ်းချထားပြီးနောက် ပြည်မြို့သို့ ပြန်ခေါ်ပြီး ပြည်ထောင်တွင် ခဏတာ ထားကာ သခင်မမသိန်းတင်ကို ရှေးဦးပထမလွှတ်၍ နောက်မကြာမီ သခင်သင်ကိုပါ လွှတ်လိုက်လေသည်။ သို့သော် မသိန်းတင်ကို မြရွာတွင် ကိုယ်တိုင်ခြေချုပ်နှင့်ထားပြီး သခင်သင်သည်လည်း (၆)လ အပတ်စဉ် ရဲဌာန၌ လက်မှတ်ရေးထိုးခဲ့ရပါသည်။ ဤကဲ့သို့ ဖမ်းသည့်နေမှစ၍ (၄)လ(၅)လအကြာ ဆေးလိပ်လုပ်ငန်းများ မလုပ်ရဘဲ ဆိုင်းငံ့ထားရသည်။ ထို့နောက် သက်ဆိုင်ရာများအား ပြောကြားကာ ပြည်မြို့၊ န၀င်းချောင်းဘေးရှိ ဖိုးခေါင်ရွာတွင် ရွှေ့ ပြောင်းနေထိုင်လျက် ဆေးပေါ့လိပ်လုပ်ငန်းကို ထပ်မံ၍ စတင်ထူထောင်ရပြန်ပါသည်။
ထိုအချိန်တွင် မတည်ငွေမရှိသဖြင့် ပြည်မြို့ပေါ်ရှိ ပွဲစားများထံမှ အကြွေးယူ၍ စတင်လုပ်ကိုင်ကြရာ သခင်သင်က ဆေးရိုးလှော်၊အစီခံဖြတ်၊ သခင်မ မသိန်းတင်က ဆေးချေ ၊ ဆေးစပ်၊ ဖက်ရွေး စသည်ဖြင့် ကိုယ့်လုပ်အားနှင့်ကိုယ် စတင်၍ လုပ်ကိုင်စားသောက်ခဲ့ရသည်။
ရွှေ့ ပြောင်းန၀င်း၊ လုပ်ကိုင်ရင်း၊ ခိုးခြင်းခံရ အကုန်ပ။ ။
ဖိုးခေါင်ရွာမှ တစ်ဖန်ပြည်-န၀င်းရပ်သို့ ပြောင်းရွှေ့ နေထိုင် လုပ်ကိုင်နေစဉ် တစ်နေ့တွင် သူခိုးအခိုးခံရ၍ ခါးဝတ်မှအပ ကျန်ပစ္စည်းအားလုံး ပါသွားသဖြင့် နံနက်တွင် ဈေးဝယ်ဈေးဖိုးပင် မရှိတော့ပေ။ မိတ်ဆွေများ ထံ ချေးငှါးစားသောက်ရသည့် ဘ၀ဆိုးအထိ ဖြစ်ခဲ့ရသည်ကို ထိုစဉ်က အမှုလိုက်ရဲအုပ် ဦးကျော် အသိပင် ဖြစ်ပါသည်။
အခိုးခံရပြီးမှ၊ ခြောက်လကျ၊ မီးကလောင်လိုက်ပြန်။ ။
ပစ္စည်းများအခိုးခံရအပြီး (၆)လမျှအကြာ ပြည်မြို့မှာ မီးကြီး အကြီးအကျယ်လောင် သဖြင့် ဆေးလိပ်ရုံနှင့် ကိုယ်ပိုင်ပစ္စည်းအားလုံး မီးဘေးတွင် ပါဝင်ဆုံးရှုံးသွားရပြန်ပါသည်။ မီးလောင်ခံရ၍ ပစ္စည်းပစ္စယ ဗလာနတ္ထိ မ-တည်ငွေမရှိ ဖြစ်ပြန်သဖြင့် အငြိမ်းစားငွေတိုက် စာရင်းကိုင်ချုပ် ဦးထွန်းအောင် ထံမှ မ-တည်ငွေ (၇၀၀၀) ထုတ်ချေးခဲ့ရသည်။ ယင်းချေးငွေဖြင့် အိမ်ပြန်ဆောက်၍ ဆေးလိပ်ခုံအတွက် ပစ္စည်းကိရိယာ တန်ဆာပလာများ ၀ယ်ယူစုဆောင်ကား ပွဲရုံမှ အကြွေးစနစ်နှင့် ဆေး၊ ဆေးရိုး၊ မန်းကျည်းသီး၊ ဖက် စသည် ၀ယ်၍ တဖန်ဆေးလိပ်ခုံကို ပြန်လည် ထူထောင်ရပြန်သည်။ ထိုစဉ်က ဆေးလိပ်လုပ်သား (၂၀) ခန့် ရှိခဲ့ပါသည်။
ဒုတိယတဖန်၊ မီးလောင်ပြန်၊ အမှန်တက်တက်ပြောင်။ ။
ထိုကဲ့သို့ ငြိုငြင်ပင်ပန်းစွာ အလူးအလဲ ဆင်းရဲခံပြီး ထူထောင်၍ အနည်းငယ်တိုးတက်လာချိန်တွင် ဒုတိယတဖန် ထပ်မံပြီး မီးကြီးအလောင်ခံရသဖြင့် ဆေးလိပ်လုပ်ငန်း ပစ္စည်းများနှင့်တကွ အိမ်ပါ မီးထဲပြာ ကျ ဖြစ်ရပြန်ပါသည်။ အိမ်ကို ပြန်လည်မဆောက်နိုင်သေး၍ မီးဘေးဒုက္ခသည်ဘ၀အနေဖြင့် ယခင် ငါးမျက်နှာဘုန်းတော်ကြီးကျောင်း (ယခု- ၀ိသုဒ္ဓါရုံ ဗာရာဏသီကျောင်းတိုက်)တွင် နေထိုင်ရင်း မိတ်ဆွေ ဦးသီလ-ထံမှ ငွေ (၅၀၀၀)ခန့် ချေးယူကာ ယင်းငွေဖြင့် မ-တည်၍ ဆေးလိပ်ခုံကို အသစ်ပြန်လည် ထူထောင်ရပြန်သည်။
အကြွေးယူထားသော ပစ္စည်းများပါ မီးလောင်ခံရသဖြင့် ဆက်လက်အကြွေးတင်ရှိနေသောကြောင့် အိမ်ပြန် မဆောက်နိုင်ဘဲ ဘုန်းတော်ကြီးကျောင်း၏အောက်ရှိ မြေပေါ်တွင် ဖျာခင်း ၍ ဆေးလိပ်လုပ်ငန်းလုပ်ကြရ သည်။ ၄င်းနောက် မကြာမီပင် အိမ်ပြန်ဆောက်၍ ညပိုင်းတွင် အိမ်သို့ပြန်၍အိပ်ကာ နေ့ပိုင်း တွင် ကျောင်းဝင်းအတွင်း သွားရောက်အလုပ်လုပ်ရပါသည်။

သမီးနှင့်သား၊ ခင်ပွန်းကား၊ ဆုံးသွားထိုခါ မယ်ပဋာ။ ။
ဤသို့ ဆေးလိပ်လုပ်ငန်း နေသားတကျလုပ်ကိုင်နေစဉ် သမီးကြီး-ဂျမ်းကလေး သေးဆုံးပျက်ဆီး၍ (၃)လအကြာ ၁၃၁၁-ခု၊ ကဆုန်လဆန်း(၁၀)ရက်နေ့တွင် ပြည်မြို့ပေါ်၌ ရဲဘော်ဖြူနှင့် အစိုးရတပ်များ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ကြသည့် လက်နက်ဖြင့် ခင်ပွန်းဖြစ်သူ သခင်သင် ကျဆုံးခဲ့ရပြန်သည်။
သခင်သင် ကျဆုံးအပြီး (၆)လအကြာတွင်
တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သော သားဖြစ်သူ-ဖိုးထောင်ခေါ်
မောင်အောင်သိန်းဌေးမှာလည်း ၁၃၁၁-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၇)ရက်နေ့တွင်
အနိစ္စရောက်သွားပြန်သည်။ မယ်ပဋာမြေလူး အရူးပမာ မသိန်းတင်တစ်ဦးတည်းသာ
ကျန်ရစ်၍ မုဆိုးမတကောင်ကြွက်ဘ၀နှင့် လုပ်ကိုင်စားသောက်ခဲ့ရသည်။ ထိုသို့
လုပ်ကိုင်နေစဉ်မှာပင် တတိယအကြိမ် မီးလောင်ခံရပြန်သည်။
သို့သော် ယခုတစ်ကြိမ် မီးလောင်ရာတွင် မကြာခဏမီးဘေးနှင့်ကြုံတွေ့ဖူးနေသဖြင့် ကြိုတင်ကာကွယ်ထားခြင်းကြောင့် ရှိသမျှကုန်ဆုံးခြင်း၊ မီထဲပါခြင်းမရှိဘဲ တစ်ချို့တစ်ဝက်သာ ဆုံးရှုံး၍ သက်သာခွင့် ရခဲ့ပါသည်။ ဈေးဆိုကလေးများတွင် ကြွေးစနစ်ဖြင့် ရောင်းထားသော ပစ္စည်းအားလုံးဆုံးရှုံးရပါသည်။ ထိုစဉ်က မီးလောင်မှုကို အကြောင်းပြုလျက် ရုံးတော်မှ ကြွေးဟောင်းများကို တစ်ဝက်ကြေးဖြင့် ကျေနပ်ရန် ဖြန့်ဖြေပေးသဖြင့် ပွဲစားကြီး ဦးသစ်စသော- မိတ်ဆွေပွဲစားများအား ကျန်ရှိနေသေးသော ကြွေးမြီးများကို အရစ်ကျဖြင့် ပေးဆပ်ရပါသည်။
ဤသို့ မီးခဏခဏလောင်သည်ကတစ်ကြောင်း ၊ ဘုန်းတော်ကြီးကျောင်းကို မှီခိုနေရသည်ကတစ်ဖုံ ဤသည်တို့ကြောင့် ရှမ်းဖက်ကုန်သည်တစ်ဦး၏တိုက်တွန်းချက်ဖြင့် ရှမ်းဖက်ကြွေးတို့ကို ရက်ရှည်လများဆပ်၍ ပေါ်လာသောငွေများနှင့် မီးခံတိုက်ဆောက်လုပ်ပါသည်။
နောင်တွင် တိုက်ဖိုးငွေ ပြေလည်သည်နှင့်တပြိုင်နက် ဆေးကုန်သည်၊ ဖက်ကုန်သည်များ၏အားပေးကူညီမှုကြောင့် ဆေးလိပ်လိပ်ရန်အတွက် မူလတိုက်၏ဘေးတွင် တစ်ထပ်တိုက်တစ်လုံးကို ၄င်းကုန်ဖိုးများမှပင် ထပ်မံတိုးချဲ့ ဆောက်လုပ်ခဲ့ပါသည်။ တိုက်ဆောက်ပြီး၍ ဆေးလိပ်လုပ်သား (၆၀)ခန့်ရှိသည်ကို မလိုလားသူဖျက်ဆီးသမားတို့က ဆေးရိုးသိုလှောင်အိုးထဲသို့ ယမ်းတောင့်များ၊ အမြောက်ဆံများမသိအောင် လာရောက်ထည့်ထားကြသည်။ ရဲဌာနသို့ တိုင်ကြားသော်လည်း အရေးယူမှု တစ်စုံတစ်ခုမပြုကြပါ။ တတိတအကြိမ်မီးဖို၌ ကျည်ဆံများလာရောက်ထည့်သူကို လက်ပူလက်ကြပ်တွေ့ မိသောအခါတွင် သခင်ညီက ကမကထပြုပြီး ရဲဌာနသို့ တိုင်ကြားမှ ရဲအဖွဲ့ က စုံးစမ်းစစ်ဆေး အရေးယူကြပါသည်။
ဆေးလိပ်ခုံကို၊ မနာလို၊ နည်းမျိုးစုံဖြင့်ဖြို။ ။
သခင်မ န၀င်း-မသိန်းတင်ဆေးလိပ်ခုံကို ပြည်မြို့ရှိ မသမာသည့်ပုဂ္ဂိုလ်အချို့က နည်းမျိုးစုံဖြင့် အစဉ်တစ်စိုက် တိုက်ခိုက်ဖျက်ဆီးဖြိုခွင်းရန် အားထုတ်ကြသည်မှာ ထင်ခြားသောသာဓကပေါင်းများစွာရှိပါသည်။ အိမ်စောင့်အစိုးရခေတ်တွင် ဧည့်သည်မတိုင်ကြားမှုဖြင့် ရုံးတော်မှတရားစွဲ၍ ဒဏ်ငွေ(၁၅)ကျပ် ဒဏ်ရိုက်ခံရပါသည်။
မြန်မာ့ရာဇ၀င်သမိုင်းတွင် မြန်မာလွတ်လပ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ ဖြူစင်သောစိတ်ထားဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့စဉ် မသိန်းတင်၏ လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းများသည် အာဏာများ ရရှိနေကြပါသည်။ သို့သော် လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းများ၌ ထိုသို့အာဏာများရှိနေသော်လည်း မည်သည့်အကူအညီအခွင့်အရေးကိုမျှ တောင်းခံခြင်း၊ အခွင့်အရေးယူခြင်း မရှိ။ ဤကဲ့သို့ ကင်းခဲ့သော သခင်မမသိန်းတင်ဖြစ်သည်။
နိုင်ငံရေး၊ လူမျိုးရေးစိတ်ဓာတ်ရှိသဖြင့် အရာရှိအရာခံများနှင့် ပေါင်းသင်းဆက်ဆံရေးတွင် စီးပွားရေးသမားများပေါင်းသင်းဆက်ဆံသကဲ့သို့ မပေါင်းသင်းမဆက်ဆံတတ်ပါ။ နောက်တစ်ကြိမ်(ပြည်ထောင်စု)အစိုးရ ပထမခေတ်တွင်လည်း ဗိုလ်မှူးဂေါ့ဝေလာထံသို့ မသိန်းတင်သည် မတရားစီးပွါးရှာနေကြောင်းဖြင့် မဟုတ်မမှန် လုတ်ဇာတ်ခင်း၍ စွပ်စွဲသောပစ်စာများပေးပို့ခဲ့ပါသည်။
ယခု တော်လှန်ရေးအစိုးရလက်ထပ်တွင်လည်း အရာရှိဗိုလ်ချုပ်များကို တံစို့လက်ဆောင်(၅၀၀၀)ကျပ်စီး ပေးသည်ဟူ၍လည်းကောင်း၊ ရွှေမန်း-ဦးကေသရကို ရန်ပုံငွေ(၃၀၀၀)ကျပ် ပေးသည်ဟူ၍လည်းကောင်း ပစ်စာများပစ်ခြင်း၊ သတင်းလွှင့်ခြင်းများ ပြုလုပ်သဖြင့် သက်ဆိုင်ရာတို့မှ လာရောက်၍စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပါသည်။
ခေတ္တခဏ၊ နေထိုင်ရ၊ များလှကျေးဇူး မမေ့ဘူး။ ။
မသိန်းတင်သည် မီးဒုက္ခသည်ဘ၀၌ ယခင်ငါးမျက်နှာကျောင်းတွင် ခေတ္တခဏ မှီခိုနေထိုင် လုပ်ကိုင်စားသောက်ရသောကျေးဇူးကို တုံ့ပြန်ကျေးဇူးဆပ်သောအားဖြင့်လည်းကောင်း၊ ရတနာသုံးရပ် သာသနာတော်မြတ်ကြီးကို မလှုပ်မတုန် သဒ္ဓါဟုန်ဖြင့် ယုံကြည်အားကိုး မြတ်နိုးစိတ်စွဲ မှီဝဲဆည်းကပ်နေလိုသော ဆန္ဒ ပြင်းပြသောအားဖြင့်လည်းကောင်း ခြိုးခြံချွေတာ စားသောက်ကာဖြင့် ယင်းကျောင်းတိုက်ကို သခင်မ-မသိန်းတင်နှင့်တကွ ကုန်သည်၊ ဖက်ကုန်သည်၊ ဆေးလိပ်သမား၊ ကာယ ညဏလုပ်သားများစုပေါင်း၍ တဖြည်းဖြည်းပြုပြင်ဆောက်လုပ်ခဲ့သည်။
ယခုအခါ မန္တလေးမြို့၊ ရွှေကျင်နိကာယ ဗဟိုဌာနချုပ်ကြီးမှ အတန်တန်ပင့်ဆောင်၍ ကြွလာတော်မူကာ သာသနာပြုလျှက်ရှိသော ဗာရာဏသီမဟာထေရ်ဆရာတော်ဘုရားကြီး ဦးစီးအုပ်ချုပ်၍ စာချစာသင် သံဃာတော်များနှင့်တကွ သာသနာ့အညွှန့်အညောင့် ကျောင်းသားကလေးများပါ ပရိယတ္တိသာသနာ့အလုပ်နှင့် ပဋိပတ်ကျင့်စဉ်များကို ကြိုးစားအားထုတ်လျက်ရှိပေသည်။ ယခင်ငါးမျက်နှာကျောင်းအမည်ပျောက်၍ ယခုအခါ -၀ိသုဒ္ဓါရုံ ဗာရာဏသီတိုက်- ဟု နာမည်သစ်တွင် ပေါ်လွင်လျက်ရှိနေပေသည်။
ဒေါ်သိန်းတင်ဘ၀၊ သုညမှ၊ စ၍ဤဖြစ်ပုံ။ ။
ဖော်ပြခဲ့ပြီး ဒေါ်သိန်းတင်၏ဘ၀တစ်ကွေ့အတွေ့အကြုံများအရ ဒိဋ္ဌမျက်မြင် ယခုအခါတွင် “ -သုညဘ၀မှ ကြိုးစား၍ ဆေးပေါ့လိပ်လုပ်ငန်းကို စတင်တည်ထောင်ခဲ့သည်မှာ အလုပ်သမားများ အလုပ်လက်မဲ့အမျိုးသမီးများ၏ စားဝတ်နေရေးကို တည်ငြိမ်မှုရစေခဲ့ပြီး ” ဖြစ်သည်။ ဆည်းကပ်ကိုးကွယ်ရာ ဆရာတော်သံဃာတော်များနှင့် သာသနာ့အညွန့်အညောင့်ဖြစ်လတံ့သော လောကုတ္တရာပညာသင်ကျောင်းသားကလေးများကို ထောက်ပံ့ချီးမြှောက်နိုင်ရေး မျော်မြင်တွေး၍ ဆက်လက်တည့်တံ့အရှည်ခံ့ဖို့ရန် သဘာဝတွေ့သမျှကို ကြံ့ကြံ့ခံနိုင်ရည်ရှိ၍ ပြည့်ဝပြီး ဖြစ်နေပေပြီ။
အခွန်ဘဏ္ဏာ၊ စည်းကြပ်ရန်၊ လက်ခံကြိုဆိုသည်။ ။
သို့ပါ၍ လက်ရှိပစ္စည်း အသီးသီးပမာဏကိုလည်း မမက်မောပါ။ အခွန်ဘဏ္ဏာ ကောက်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ အမှုထမ်းအရာထမ်းများသာလျင် တာဝန်သိသိ ၀တ္တရားရှိရှိ တရားသဖြင့် ဆောက်ရွက်ပါက -အ၀တ်တစ်ထည် ကိုယ်တစ်ခုသာ ကျန်ပါစေ- ဒေါ်သိန်းတင်အတွက် စည်းကြပ်ကောက်ခံယူလိုသမျှကို စည်းကြပ်ကောက်ယူပါရန် မေတ္တာရပ်ခံလက်ယပ်ခေါ်လျှက် ရှိပါသည်။ လက်ရှိပစ္စည်း(၅၀၀၀၀၀)ငါးသိန်းနီးပါးမျှ ရှိပါသည်။
အခွန်းစည်းကြပ်ခြင်းသည်တိုင်းပြည်အတွက်။ ။
အခွန်စည်းကြပ်ခြင်းသည် လူတစ်စု စားသုံးရန်မဟုတ်။ ယိုယွင်းနေသော တိုင်းပြည်နှင့်လုပ်သားပြည်သူများ၏ တိုးတက်မှုကို ပြုလုပ်ဆောင်ရွက်ရန် ဖြစ်ပါ၍ စည်းကြပ်မည့်အမိန့်ကို လှိုက်လှဲစွာကြိုဆို၍ နာခံရန် အသင့်ဖြစ်နေပါသည်။
ဂျပန်ပြည်သို့၊ ရဲဘော်တို့၊ လွှတ်ဖို့ကိစ္စဆောင်ရွက်ရ။ ။
ဂျပန်ပြည်သို့ လျှို့ဝှက်စစ်ပညာသင် ရဲဘော်များလွှတ်ခြင်းကိစ္စ၌ ပြည်ခရိုင်၊ ပုတီးကုန်းမြို့နယ်၊ တိုက်ကောရွာမှ သခင်ထွန်းအုပ်နှင့်ဆင်မြီးဆွဲမြို့မှ သခင်ထွန်းခင်တို့အား ဂျပန်ပြည်သွားရေးကိစ္စတွင် ငွေရေးကြေးရေးနှင့်တကွ ၄င်းတို့ လွတ်မြောက်စွာ သွားရောက်နိုင်ရေးအတွက် အဖက်ဖက်မှ လိုအပ်သောအကူအညီများကို ပြည်ခရိုင်-ခေါင်းဆောင်သခင်များနှင့်အတူ သခင်မ မသိန်းတင်သည် ဆောင်ရွက်ခဲ့ပါသည်။
သုံးကျိပ်ရဲဘော်၊ ပြန်ရောက်သော်၊ ခန့်သော်ရာထူး၊ လက်မခံဘူး။ ။
ရဲဘော်သုံးကျိပ်တို့ မြန်မာပြည်သို့ ပြန်ရောက်၍ မြန်မာပြည်၌ အကြီးအကဲတစ်ဦးဖြစ်လာသော သခင်ထွန်းအုပ်(ပုတီးကုန်း)ထံမှ စေလွှတ်သော အထူးအရာရှိက ပြည်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၌ သခင်မမသိန်းတင်ကို ရာထူးခန့်အပ်ခဲ့သည်။ သို့ပါသော်လည်း သခင်မမသိန်းတင်သည် ကိုယ်ကိုယ်တိုင်မှာ ရာထူးလက်မခံဘဲ ပြည်မြို့မှ မြို့မိမြို့ဖများကို အုပ်ချုပ်ပေးပါရန် လွှဲအပ်လိုက်ပါသည်။ မိမိ(မသိန်းတင်)ကိုယ်ကိုတိုင်ကမူ စည်းရုံးရေးကိုသာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါသည်။

“ ထုံးရာဇ၀င်တွေ ဆုံးစရာ မမြင်အောင် များလှသော်လည်း မတတ်သာ ရပ်ခါ နားတော့မကွယ့်” ဆိုသည့်အတိုင်း ဤသို့ဖော်ပြခဲ့ပြီး ၁၆-၁၇-နှစ်သမီးအရွယ်မှစ၍ ဗုဒ္ဓဘာသာအမျိုးသမီးအဖွဲ့၊ ၀ံသာနုအမျိုးသမီးအဖွဲ့၊ သစ္စာဝါဒီအမျိုးသမီးအဖွဲ့သူ (၅၀၀) ကျော်တွင် အမျိုးသမီးအတွင်းရေးမှုးအဖြစ် တာဝန်ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားဖြင့် “ သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်လျက် ကျွန်အဖြစ်မှ မြန်မာပြည်လွတ်လပ်ရေးရရှိရန် လုပ်ကိုင်ဆောင်ရွက်ရင်း နိုင်ငံရေးလုပ်သက် ၂၇-၂၈-နှစ်တွင် မျော်မှန်းချက်အတိုင်း လွတ်လပ်ရေးကြီးရခဲ့သည်။
လွတ်လပ်ရေးရပြီးသည့်အခါ သခင်မ ဒေါ်သိန်းတင်မှာ သမီးနှင့်သား ခင်ပွန်းများပါ ဆုံးပါးပျက်စီးလျက် သတိစွက်သံဝေဂဖက်ကာ အသက်(၄၂)နှစ်လောက်မှ စ၍ အတ္တမာန စွယ်မြမြကို ပယ်ချစွန့်ခွါကာ ရတနာသုံးရပ် သာသနာဘက်သို့ မျက်နှာမူဦးတည်လာခဲ့သည်။
ဝိသုဒ္ဓါရုံဗာရာဏသီတိုက်တာကြီးကို စွမ်းစွမ်းတမံ ဇွဲသန်သန်ဖြင့် ပရိယတ္တိသာသနာအတွက် နေ့စဉ်မပျက် လှူဒါန်းပေးကမ်း စွန့်ကြဲလျက် အခြားတစ်ဖက်တွင်လည်း “ရုပ်နာမ်ဓမ္မ၊ အနတ္တ၊ ဘာတစ်ခုမျှ၊ စိုးမရ။ ချမ်းသာသုခ၊ နုမြူမျှ၊ သုံးဘုံဘ၀၊ ရှာမရ။ မြင်မြင်သမျှ သင်္ခါရ၊ စိတ်တူနှလုံးသွင်း” ဟူသော တရားဘာဝနာကို လက်ကိုင်ပြုယင်း -အောင်ခြင်း ဓမ္မစကြာအဖွဲ့-ကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဤကဲ့သို့ သာသနာအတွက် အထူးပြုစု လုပ်ကျွေးနေစဉ်--
၁၃၂---ခုနှစ်၊ တော်လှန်ရေးအစိုးရခေတ်တွင်- ၀ဏ္ဏကျော်ထင် ဒေါ်သိန်းတင်-ဟူသော ရွှေတံဆိပ်ဘွဲ့နှင့်စလွယ်ကိုလည်းကောင်း၊ ၁၃၂၆-ခုနှစ်၊ နယုန်လ(၁၉၆၄-ခု၊ ဧပြီလ (၂၈)မှ မေလအထိ (ရ)ရက်ကြာ ချောက်မြို့တွင် ကျင်းပသော “အလုပ်သမားနေ့ အရေးတော်ပုံသမိုင်းဝင်နေ့”၌ ဂုဏ်ပြုဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး သခင်+သခင်မ(၁၁၂)ဦးတွင် တစ်ဦးလျင် ရရှိသောဆု(၅၀၀)ကျပ်ကိုလည်းကောင်း လက်ခံရယူခဲ့သည်။
၁၃----ခုနှစ်တွင် ပြည်မြို့၊ အမှတ်(-----)နယ်မြေ၊ ပြည်သူလွှတ်တော်အမတ်အဖြစ် အရွေးခံကာ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရက” နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့်” ဘွဲ့နှင့်ချီးမြင့်ငွေကျပ်(၁၅၀၀၀)ကို ၁၃၄---ခုနှစ်၊ ----ရက်(၁၉၈၀-ခုနှစ်၊ ဇွန်လ ၁၆-ရက်)တွင် ပြည်မြို့နယ် ပြည်သူ့ကောင်စီရုံးခန်းမ၌ နိုင်ငံတော်အစိုးရကိုယ်စား ပြည်မြို့နယ်၊ ပြည်သူ့ကောင်စီဥက္ကဌ -ဦးဘလှက သခင်မကြီး-န၀င်း ဒေါ်သိန်းတင်အားပေးအပ်သည်။
သို့သော် သခင်မကြီး ဒေါ်သိန်းတင်သည်-
(၁) ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းပေါ်တွင် တည်ဆောက်ဆဲ မဟာဝိဇယစေတီတော်မြတ်ကြီးအတွက် ယင်း (၁၅၀၀၀)ကျပ်လုံးကို သခင်မကြီး ဒေါ်သိန်းတင်ကိုယ်စား လှူပေးပါ၇န် ပြည်မြို့နယ်၊ ပြည်သူ့ကောင်စီဥက္ကဌ-ဦးဘလှလက်သို့ ၄င်းအခန်းအနားမှာပင် ပြည်လည်ပေးအပ်ခဲ့ပါသည်။
(၂) လစဉ်ရဆုငွေ ၃၀၀-ကျပ်တွင် ၁၅၀-ကျပ်ကို ရွှေတောင်မြို့နေ ရှေးသခင်မကြီး ဒေါ်ခင်ခင်သို့လည်းကောင်း၊ ကျန် ၁၅၀-ကျပ်ကို ပြည်မြို့၊ ရွာဘဲနယ်မြေ၊ စံနန်းဦးလမ်း၊ ရှေးသခင်မကြီး ဒေါ်စောရင်သို့လည်းကောင်း မြို့နယ် ပြည်သူ့ကောင်စီရုံးခန်းမ၌ပင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ဘ၀တစ်သက်လုံး၊ မြန်မာ့ဆံထုံး၊ ဖွဲ့ထုံးထိပ်ပေါ်တင်။ ။
ယခုမျက်မှောက်ခေတ် မြန်မာတစ်ပြည်လုံး မိန်းမသားများတွင် သခင်မကြီး ဒေါ်သိန်းတင်သည် မြန်မာ့ဆံထုံးကို ထိပ်ပေါ်ထုံးကာဖြင့် ဆင်ယင်မှုတစ်သက်လုံးပြုသွားသည်မှာ ထူးခြားနေသော ၀ိသေသမြင်ကွင်းတစ်ရပ်ဟု သတိမူ စဉ်းစားမိသူတိုင်း သိမြင်နိုင်ပေလိမ့်မည်။
ဝိသာခါပမာ၊ ဒုတိယာ၊ မည်ရဒါယိကာ။ ။
သခင်မ ၀ိ-ဗာ တိုက်အမကြီး ဒေါ်သိန်းတင်ကား ရာဇ- လောက- ဓမ္မ - သုံးဝသောအကြောင်း တော်သည့်နေရာတွင် မော်ကွန်းတင်လောက်သည့်အပြင် ရတနာသုံးရပ် ဆည်းကပ်သည့်နေရာ၌ တစ်သိန်းမှာ တစ်ယောက် ဆိုရလောက်အောင် ရှားပါးလှပေလိမ့်မည်။ သာသနာပြုရာမှာလည်း စိတ်ပါလက်ပါစွာဖြင့် ဆွမ်းကိုယ်တိုင်ချက်ပြီး နံနက်ဆွမ်း၊ နေ့ဆွမ်း၊ ညနေအဖျော်ယမကာတို့အတွက် ရံခါ တစ်နေ့ (၃)ခါ လာရုံမျှမက ပစ္စည်းလေးဝ လိုသမျှကို ဖြည့်စွက်လျက် - သမဏာနဉ္စ ဒဿန မင်္ဂလာ- ကို ဖြည့်ဆည်းခဲ့သည်။ အလှူရေစက် လက်နှင့်မကွာ နွေ၊ မိုး၊ ဆောင်း ရာသီတွေ ဘယ်လိုပြောင်းပြောင်း ကောင်းမှုမှန်သမျှ မြဲစွာကျင့်သုံးရင်း သာသနာတော်၏ ဒုတိယ၀ိသာခါအဖြစ် ခံယူလျက်ရှိစဉ်------
၁၃၄၅-ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၆) ရက်လောက်မှ စတင်၍ ယခင်ကစွဲကပ်ဖူး၍ ကုသပျောက်ကင်းနေသော ရင်ကြပ်ပန်းနာ၊ နှလုံးရောဂါသည် ပြည်လည်ပေါ်လာသဖြင့် မြို့နယ်ဆရာဝန်ကြီးများနှင့် အိမ်တွင်ကုသနေရင်း အစားအစာဖြတ်လာလေတော့သည်။
သံဃာငါးပါး၊ ပရိတ်များ၊ ကြွသွားရွတ်ရာ၊ ငါးရက်ကြာ။ ။
ထိုအချိန်က ကျေးဇူးရှင်ဗာရာဏသီဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ ကမ္ဘာအေး၊ ဇမ္ဗူဒီပကျောင်းဆောင်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယဥက္ကဌ)တာဝန်ဖြင့် သံဃာ့ရေးရာကိစ္စများ ဆောင်ရွက်နေစဉ်ဖြစ်သည်။ ပြည်၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်ရှိ တိုက်အုပ်၊ တိုက်ကြပ်၊ ဥပတိုက်ကြပ်၊ စာချ၊ ဆွမ်းဘုန်းကြီး (၅)ပါး ပင့်ပြီး တန်ဆောင်မုန်းလဆုတ် (၁၃-၁၄-၁၅)ရက်များနှင့် နတ်တော်လဆန်း(၁-၂)ရက်အထိ (၅)ရက်တိုင် ညနေတိုင်း ပရိတ်တရားနာကြား ဓမ္မသ၀နကုသိုလ်မင်္ဂလာ ပွါးများခဲ့သည်။
ဆေးရုံပေါ်မှာ၊ ရောက်သောခါ၊ တွေ့ရာခြေနေများ။ ။
သခင်မကြီးဒေါ်သိန်းတင်အား အိမ်၌ ပါရဂူသမားတော်ကြီးများဖြင့် အစွမ်းကုန်ကုသပါသော်လည်း ရောဂါသည် တဖြည်းဖြည်းတိုးလာသဖြင့် ဆရာဝန်များ၏ ညွန်ကြားစီစဉ်ပေးချက်အရ နတ်တော်လဆန်း(၇)ရက်နေ့၌ ပြည်ဆေးရုံသစ်ကြီးသို့ တင်ပို့ကုသကြသည်။ သို့သော် တစ်ပတ်လောက်ကြာသောအခါ သက်သာခွင့်မရဖြစ်နေပြန်သဖြင့် ၄င်းနတ်တော်လဆန်း(၁၃)ရက် နံနက်တွင် တောင်ကြီးမြို့-ဆရာခွေး၊ မြင်းခြံမြို့-ဒေါ်ဒေါ်သိန်းတို့က ကားနှင့်သယ်ယူကာ ရန်ကုန်၊ ဆေးရုံကြီး၊ နှလုံးရောဂါ အထူးကုခန်းသို့ ပို့၍ ကုသကြသည်။ သို့သော် ရောဂါသည် တိုးလိုက်လျော့လိုက် ဖြစ်နေသည်။
(မှတ်ချက်။ ။ ထိုစဉ်က ၀ိ-ဗာတိုက်အမကြီးအား ပြည်ဆေးရုံသို့ တင်ပို့ကုသနေရကြောင်းကြားသိသဖြင့် ရန်ကုန်၊ ကမ္ဘာအေး၊ ဇမ္ဗူဒီပမှ ကျေးဇူးရှင် ဗာရာဏသီမဟာထေရ်သည်လည်း ပြည်သို့ ခေတ္တပြည်ကြွလာသည်။ တိုက်အမကြီးကို ရန်ကုန်ဆေးရုံသို့ ပို့သောနေ့မှာပင် ဗာရာဏသီမဟာထေရ်က ရထားဖြင့် ရန်ကုန်သို့ ကြွလိုက်ဖို့ရာဖြစ်သည်။ သို့သော်လည်း ဆရာတော်ဘုရားကြီး၏တူတော် ကိုကျော်ဝင်းက အတန်တန်ပင့်ကာ ၄င်းပိုင်ကားဖြင့် အောင်လံမြို့၊ ဇာတိဇိန့်ရွာသို့ ပင့်ဆောင်သွားသဖြင့် နတ်တော်လဆန်း(၁၃)ရက် ညဥ့်တွင် ဇိန့်ရွာ၌ ကျိန်းစက်၍ (၁၄)ရက်နေ့မှ ပြန်ကြွလာခဲ့သည်။ ပြည် ၀ိ-ဗာသို့ ပြန်ရောက်၍ နောက်တစ်နေ့(၁၅)ရက် (နတ်တော်လပြည့် )နံနက်တွင် အမြန်ရထားဖြင့် ရန်ကုန်သို့ကြွခဲ့သည်။ ဘူတာကြီးမှ ဆင်းသက်၍ ဆေးရုံကြီးသို့ ချက်ချင်းကြွကာ တိုက်အမကြီး၏ကျန်းမာရေးအခြေအနေကို ကြည့်ရှု့ရာ အောင်ဆီဂျင်ဖြင့် အသက်ရှု၍ ဂလူးကိုးစ် ပုလင်းကြီးဖြင့် ဆေးသွင်းထားလေသည်။ ပရိတ်တရားရွတ်ဖတ်ချီးမြင့်၍ သီတင်းသုံးရာ ကမ္ဘာအေး၊ ဇမ္ဗူဒီပကျောင်းဆောင်သို့ ကြွခဲ့လေသည်။)
ကိုးကားချက်။ ။ ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ရွှေရတုမဂ္ဂဇင်းစာအုပ်မှ ကူးယူဖော်ပြသည်။
source: http://pyaybaranasi.blogspot.com/
No comments:
Post a Comment